အခုတလော ကိုယ်အလေးချိန် သိသိသာသာ တိုးတက်လာတဲ့အတွက် အညောင်းထိုင်ရတဲ့ အလုပ်တွေ လျှော့မယ်ဆိုမှ စာအုပ်ကောင်းတွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်ဖြစ်နေတယ်။ ရန်ကုန်ဘဆွေရဲ့ မင်းလိုလူစားအများကြီးဟေ့၊ ပါရဂူရဲ့ ကလေးပြဿနာ၊ သစ္စာနီ ၀တ္ထုတိုတွေ ဆက်တိုက်ဖတ်ဖြစ်ပါတယ်။ Kafka on the shore(Umibe no Kafuka) လည်း စာမျက်နှာ ၂၀၀ လောက်ဖတ်ပြီး ပြန်မလှည့်နိုင်သေးဘူးဖြစ်နေတယ်။ မြသန်းတင့်ဘာသာပြန်တဲ့ ခေတ်သစ်သမိုင်းဋီကာလည်း ကျော်ဖတ်ရင်း တစ်ချို့အခန်းတွေသဘောကျနေတယ်။
Kafka on the shore ထဲက အခန်းတစ်ခန်းကို သဘောကျပြီး ဘာသာပြန်လိုက်ပါတယ်။ Kafka ရဲ့ပရိတ်သတ်တွေ အနီးအနားမှာ အတော်လေးများပါတယ်။ သူတို့လည်း စိတ်ချမ်းသာသွားအောင်ရည်ရွယ်ပါတယ်။
စာနည်းနည်းဖတ်ပြီး များများတွေးလို့ ငယ်တုန်းက ဘယ်သူက ပေါက်ကရပြောသွားလဲတော့မမှတ်မိဘူး။ အဲဒါကို စွဲပြီး စာဖတ်ရင် ခဏခဏ နားတယ်။ နည်းနည်းပြန်စဉ်းစားတယ်။ အစာချေသလိုမျိုး နည်းနည်းတွေးကြည့်တယ်။ အဲဒါကြောင့်လည်း စာဖတ်တာ ပိုနှေးလာပုံရတယ်။ Lame excuse :)!!
အခု ပို့စ်ကို ဖတ်ရတာ အဆင်ပြေရင် ဘာသာပြန်တဲ့သူ တော်တာဖြစ်ပြီး အဆင်မပြေရင်မူရင်းစာရေးဆရာညံ့တာဖြစ်တယ်လို့ပြောရင် မင်းသားလေး စာအုပ်ကို ဘာသာပြန်တဲ့ ဒေါ်ခင်လေးမြင့်ရဲ့စကားနဲ့ပြောင်းပြန်ဖြစ်နေမလားမသိဘူး။
ဖတ်ကြည့်ပါဦး။ ကျွန်တော်ကိုယ်တိုင်က အင်မတန်မှ ရွံတတ်တဲ့ အတွက် စာဖတ်ရင်းတောင် အတော် စိတ်ဒုက္ခရောက်ခဲ့တယ်။ ဒီပို့စ်ဖတ်ရလို့ နေ့လည်စာစားမ၀င်တာတို့ အော့အန်တာတို့ဖြစ်ခဲ့ရင်လည်း မူရင်းစာရေးသူကိုသာ အပြစ်တင်စေချင်တယ်။ သူ့ကို ရှာချင်ရင် Social networks တွေကနေတစ်ဆင့် ရှာလို့ရနိုင်တယ်။ (ကွန်ချက်ပြတာ။)
(ဇာတ်ကြောင်းအကြမ်းဖျင်းနည်းနည်းပြောပြထားမယ်ဗျာ။ ပိုပြီး ခံစားလို့ရအောင်။ နာကာတာဆိုတဲ့လူက ငယ်တုန်းက လူတော်လေး၊ ဒါပေမယ့် Accident တစ်ခုဖြစ်ပြီး ကြောင်တောင်တောင်ဖြစ်သွားတယ်။ အဲဒီ Accident မဖြစ်ခင်က တော်ခဲ့သလောက် Accident နောက်ပိုင်းမှာ လူစဉ်မမီသလိုဖြစ်သွားတယ်။ စာသင်လို့မရတော့ဘူး။ မိဘတွေကိုလည်းမမှတ်မိတော့ဘူး။ ကြောင်ဘာသာစကားကိုတော့ နားလည်လာတယ်။ ကြီးလာတော့ အစိုးရက ထောက်ပံ့ကြေးပေးထားတာလေးနဲ့ စားသောက်နေထိုင်ရတယ်။ အိမ်နီးနားချင်းတွေ ကြောင်ပျောက်ရင် လိုက်ကူရှာပေးတယ်။ ရှာတဲ့နည်းကမိုက်တယ်။ တွေ့တဲ့ကြောင်တွေကို လိုက်မေးတာ။ အဲဒီအတွက် သူပိုက်ဆံလေးဘာလေးရတယ်။ အခုလည်း ဂိုမာ ဆိုတဲ့ကြောင်ပျောက်လိုက်ရှာရင်း ဂျော်နီဝါကား ဆိုတဲ့သူဆီရောက်လာတာ။ ဂျော်နီဝါကားက ဂိုမာကို ဖမ်းထားပုံရတယ်။)
ခွေးနက်ကြီး( ဂျော်နီဝါကားရဲ့ခွေး) ဟာ မတ်တပ်ရပ်ပြီး နာကာတာကို စာကြည့်ခန်းထဲကနေ အောက်ဘက်ကို ဆင်းဖို့ ဦးဆောင်ခေါ်ငင်သွားတယ်။ နက်မှောင်နေတဲ့ လူသွားလမ်းကနေလျှောက်သွားပြီး မီးဖိုချောင်ကို ရောက်သွားတယ်။ မီးဖိုချောင်ကလည်း ပြတင်းပေါက် တစ်ပေါက်စ နှစ်ပေါက်စလောက်ပဲရှိပြီး မှောင်မည်းနေတယ်။ အခန်းက ကျောင်းတွေက သိပ္ပံခန်းမတွေလို ငြိမ်သက်တိတ်ဆိတ်နေတဲ့ ခံစားချက်မျိုးရှိနေတယ်။ ခွေးက တံခါးပေါက်တွေ အများကြီးပါတဲ့ ရေခဲသေတ္တာကြီးရှေ့မှာရပ်နေတယ်။ နာကာတာဘက်ကိုလှည့်ပြီး အေးစက်စက်အကြည့်နဲ့ဖောက်ထွက်သွားတော့မတတ်စူးစူးဝါးဝါးကြည့်တယ်။
ဘယ်ဘက် တံခါးကိုဖွင့်လိုက် ဆိုတဲ့အသံကို တိုးတိုးဖွဖွကြားရတယ်။ နာကာတာက ဒါကခွေးပြောတာမဟုတ်ဘူး၊ ဂျော်နီဝါကားပြောနေတာဆိုတာကိုသိတယ်။(နာကာတာက ခွေးစကားလည်းနားလည်တယ်။) ခွေးကနေတစ်ဆင့် သူ့ကိုလှမ်ပြောလိုက်တဲ့အသံဖြစ်တယ်။ ခွေးမျက်လုံးကနေတစ်ဆင့်သူ့ကို ဂျော်နီဝါကားကကြည့်နေတယ်။
နာကာတာက သူပြောတဲ့အတိုင်းလုပ်လိုက်တယ်။ ထောပတ်သီးစိမ်းရောင်ရှိတဲ့ ရေခဲသေတ္တာ အကြီးကြီးက သူ့ထက်မြင့်တယ်။ တံခါးကိုဖွင့်လိုက်တော့ သာမိုစတက်က အသံမြည်သွားပြီး မော်တာက ဆူညံလည်ပတ်တယ်။ မြူလို အငွေ့ဖြူတွေ တမျဉ်းမျဉ်းထွက်လာတယ်။ အဲဒီဘက်အခြမ်းဟာ ရေခဲသေတ္တာရဲ့ ရေခဲခန်းပဲ။ အရမ်းအေးအောင် အပူချိန် နိမ့်နိမ့်လေး ပေးထားတယ်။
အထဲမှာ အတန်းလိုက်စီနေတဲ့ လုံးဝိုင်းတဲ့သစ်သီးလိုအရာ အခုနှစ်ဆယ်လောက်ကို သပ်သပ်ရပ်ရပ် စီထားတာတွေ့တယ်။ နာကာတာက ငုံ့ကိုင်းပြီး သေချာကြည့်လိုက်တယ်။ ရေငွေ့တွေ ရှင်းလင်းသွားတော့မှ အဲဒါတွေဟာ သစ်သီးမဟုတ်ဘဲ တုံးတိဖြတ်ထားတဲ့ ကြောင်ခေါင်းတွေဆိုတာ သူတွေ့တယ်။ အရောင်စုံ အရွယ်စုံဖြတ်ထားတဲ့ ကြောင်ခေါင်းတွေ စင်သုံးဆင့်မှာ လိမ္မော်သီးတွေစီထားသလို တန်းစီထားတာ။ ကြောင်တွေရဲ့ မျက်နှာဟာ အေးခဲနေတယ်။ ရှေ့ကိုမျက်နှာမူရက်သား။ နာကာတာ စိတ်လှုပ်ရှားပြီး ဟိုက်ခနဲဖြစ်သွားတယ်။
သေချာကြည့်ဆိုပြီးခွေးက အမိန့်ပေးတယ်။ အဲဒီမှာ ဂိုမာပါ၊မပါ မင်းမျက်လုံးနဲ့တပ်အပ်မြင်အောင်ကြည့်။
နာကာတာကလည်း ခိုင်းတဲ့အတိုင်းသေချာကြည့်တယ်။ ကြောင်ခေါင်းတွေကို တစ်ခေါင်းချင်းကြည့်တယ်။ သူ ကြောက်လန့်မနေဘူး။ သူ့စိတ်က ပျောက်ဆုံးနေတဲ့ ကြောင်ကလေးရှာဖို့မှာပဲ အာရုံထားတယ်။ တစ်ခေါင်းချင်းစီကို သေချာစစ်ဆေးပြီး ဒီကြောင်တွေထဲမှာ ဂိုမာ မပါဘူးလို့ ပြောဆိုလိုက်တယ်။ဒီမှာ လိပ်ခွံကွက်နဲ့ကြောင်တစ်ကောင်မှမပါဘူး။ ဂိုမာက လိပ်ခွံကွက်နဲ့ဆိုတော့ ဘာမှ သံသယဖြစ်စရာမလိုအောင်သေချာတယ်။ ကိုယ်ပိုင်းမပါတဲ့ ကြောင်တွေရဲ့မျက်နှာဟာ ဘာကိုမှခန့်မှန်းလို့မရတဲ့မျက်နှာသေတွေနဲ့ဖြစ်နေတာထူးဆန်းတယ်။ ဘယ်အကောင်ကမှ နာနာကျင်ကျင် ဒုက္ခခံပြီး သေခဲ့ပုံ မပေါက်ဘူး။ အဲဒါဟာ နာကာတာ အတွက်တော့ စိတ်သက်သာရာရစေတဲ့ အချက်ပဲ။ ကြောင်ခေါင်းတော်တော်များများမှာ မျက်လုံးတွေက ပိတ်နေတယ်။ ဒါပေမယ့် တစ်ချို့ကောင်တွေကတော့ လင်းဟင်းပြင်ထဲမှာ တစ်ခုခုကို အကြောင်းမဲ့ ငေးကြောင်ကြည့်နေသလို ကြည့်လျက်သား ၊မျက်လုံးဖွင့်လျက်သားနဲ့။
ငါဒီမှာ ဂိုမာကိုမတွေ့ဘူး လို့ နာကာတာက လေးတွဲတွဲပြောတယ်။
မင်းလုံးဝသေချာရဲ့လား လို့ခွေးကမေးတယ်။
သေချာပါတယ်။
ခွေးက နာကာတာကို စာကြည့်ခန်းထဲပြန်ခေါ်သွားတယ်။ ဂျော်နီဝါကားက ဆုံလည်ကုလားထိုင်မှာထိုင်နေမြဲပဲ။ နာကာတာကိုစောင့်နေတာ။ နာကာတာဝင်လာတာနဲ့ သူက သူ့ငွေရောင်ဦးထုပ်ရဲ့ အစွန်းကိုလက်နဲ့ထိပြီး နှုတ်ဆက်တယ်။ မျက်နှာကလည်း နှစ်လိုဖွယ်ပြုံးချိုလို့။ ပြီးတော့ လက်ခုပ်အကျယ်ကြီးနှစ်ချက်တီးလိုက်တာနဲ့ သူ့ခွေးကြီးဟာ အခန်းပြင် ထွက်သွားတယ်။
ငါကတော့ အဲဒီကြောင်တွေခေါင်းဖြတ်ပစ်တဲ့ကောင်ပဲ လို့ ဂျော်နီဝါကားကပြောတယ်။ သူ့ရဲ့ ၀ီစကီခွက်ကိုမြှောက်ပြီးသောက်လိုက်တယ်။ ငါ အဲဒီခေါင်းတွေကို စုဆောင်းထားတာ။
သြော်၊ ဒါဆိုမင်းက ဒီ ကွင်းပြင်နားမှာ ကြောင်တွေဖမ်းပြီးသတ်နေတဲ့သူပဲကိုး။
အေး၊ အဲဒါမှန်တယ်။ ဖိန့်ဖိန့်တုန်ကျော်ကြားတဲ့ ကြောင်သတ်သမား ဂျော်နီဝါကား အသုံးတော်ခံဖို့အသင့်။
နာကာတက ဂျော်နီဝါကားဘာပြောချင်မှန်းသေချာမသိဘူး။ ခင်ဗျားစိတ်မရှိရင် မေးခွန်းနည်းနည်းမေးချင်တယ်ဗျာ လို့ပြောလိုက်တယ်။
မေးပါဗျာ လို့ ဂျော်နီဝါကားက သူ့ခွက်မြှောက်ရင်းပြောတယ်။
မေးစရာရှိတာ စိတ်အေးအေးထားပြီး မေးချင်တာသာမေး။
မင်းစိတ်မရှိဘူးဆိုရင် အချိန်ကုန်သက်သာအောင် ပထမဆုံး ဘာမေးမယ်ဆိုတာကို ငါခန့်မှန်းပေးလိုက်မယ်။ မင်းက ငါဒီကြောင်တွေကို ဘာလို့သတ်တာလဲဆိုတာမေးမလို့မဟုတ်လား။ ငါ ကြောင်ခေါင်းတွေ ဘာကြောင့် စုထားသလဲဆိုတာလေ။ ငါခန့်မှန်းတာမှန်တယ်မလား။
အင်းဟုတ်တယ်ဗျ။ အဲဒါ နာကာတာသိချင်တာပဲ။ (နာကာတာက သူ့ကိုသူ နာကာတာလို့ညွှန်းပြီးပြောတယ်။ ရဲရဲနီက သူ့ကိုယ်သူ ရဲ လို့ပြောသလိုမျိုး၊)
ဂျော်နီဝါကားက သူ့မျက်မှန်ကို စားပွဲပေါ်တင်ထားလိုက်ပြီး နာကာတာကို တည့်တည့်ကြည့်လိုက်တယ်။အဲဒါဟာ ငါဘယ်သူ့ကိုမှ မပြောပြရသေးတဲ့လျို့ဝှက်ချက်ပဲ။ မစ္စတာနာကာတာဆိုတဲ့ မင်းကိုတော့ ငါခြွင်းချက်ထားပြီးပြောပြလိုက်မယ်။ ဒါပေမယ့် တခြားသူတွေကိုတော့မပြောပြနဲ့။ မင်း ဒါကိုယုံရင်တောင် တခြားဘယ်သူမှ မင်းပြန်ပြောတာ ယုံမှာမဟုတ်ဘူး။ ဂျော်နီဝါကားက တိုးတိုးလေးကြိတ်ရယ်လိုက်တယ်။
ကဲနားထောင်။ ငါ ကြောင်တွေကို အပျော်သတ်နေတာမဟုတ်ဘူး။ အဲဒီကိစ္စကို ပျော်ရလောက်အောင် စိတ်မူမမှန်တဲ့ ရူးကြောင်ကြောင်ကောင်လည်း မဟုတ်ဘူး။ လုပ်စရာမရှိလို့ လုပ်မိလုပ်ရာ အပျော်တမ်း လျှောက်လုပ်နေတဲ့ ကောင်စားမျိုးလည်း မဟုတ်ဘူး။ ကြောင်တွေကို အများကြီး စုပြီး သတ်ဖို့ဆိုတာ အချိန်ရော၊ လုပ်အားပါ အတော်ကုန်တဲ့အလုပ်ကွ။ ငါသူတို့ကိုသတ်တာက သူတို့ရဲ့ ၀ိညာဉ်တွေကို စုဆောင်းချင်လို့။ အဲဒီ ၀ိညာဉ်တွေနဲ့ သိပ်ကို ထူးဆန်းတဲ့ ပုလွေတစ်လက် လုပ်မယ်။ ငါ အဲဒီပုလွေကို မှုတ်လိုက်ရင် ပိုကြီးတဲ့ ၀ိညာဉ်တွေကို စုဆောင်း ဖမ်းဆီးနိုင်မယ်။ အဲဒီအခါမှာ ပိုကြီးတဲ့ပုလွေကို ပိုကြီးတဲ့ဝိညာဉ်တွေနဲ့လုပ်နိုင်မယ်ကွာ။ နောက်ဆုံးကွာ စကြ၀ဠာကြီးနဲ့ယှဉ်နိုင်တဲ့ သိပ်ကြီးတဲ့ ပုလွေကြီး ငါရလာတဲ့အထိဖြစ်သွားတဲ့အထိပေါ့ကွာ။ ပထမဆုံးကတော့ကြောင်တွေနဲ့စရတာပေါ့ကွာ။ ငါ့ပရောဂျတ်ရဲ့ ပထမဆုံးအပိုင်းက ကြောင်ဝိညာဉ်တွေစုတာပဲ။ အဲဒီလိုလုပ်တဲ့နေရာမှာ မလိုက်နာရင်မဖြစ်တဲ့ စည်းကမ်း၊နည်းလမ်းမူဘောင်တွေရှိတယ်။ ဒါဟာလည်း နည်းလမ်းကိုလေးစားမြတ်နိုးခြင်းတစ်မျိုးပဲ။ နည်းလမ်းမူဘောင်တွေကို လုံးဝ တသွေမတိမ်းလိုက်နာရမယ်။ ဒါဟာ မင်း တခြားဝိညာဉ်တွေနဲ့ ဆက်သွယ်တဲ့အခါမှာ လုပ်ရမယ့်အချက်တွေပဲ။ ငါဒီမှာ လုပ်နေတာတွေဟာ နာနတ်သီးတွေ၊ ဖရဲသီးတွေနဲ့မဟုတ်ဘူး။ မင်း ဒါကို သဘောတူရဲ့မဟုတ်လား။
ဟုတ်ကဲ့။ လို့ နာကာတကာပြန်ဖြေလိုက်တယ်။ တကယ်တော့ သူနားမလည်ဘူး။
(ဒုတိယပိုင်းမျှော်)
Remarks:
၁။Gulped ကို စိတ်လှုပ်ရှားပြီး ဟိုက်ခနဲဖြစ်တယ်လို့သုံးလိုက်ပေမယ့် တကယ်က စိတ်လှုပ်ရှားတဲ့အခါ ပါးစပ်ထဲ လေတွေ ဟူးကနဲမျိုလိုက်တာမျိုးပါ။ အဲဒီလိုရေးရင် ဝေ့နေလို့။ ဟိုက်ခနဲကပှိုရှင်းမယ်ဆိုပြီးကစ်လိုက်တာ။
၂။flat tone ကို အသံပြားလုပ်လိုက်မလို့ပဲ။ ဟီးဟီး။ အသံမှာ sharp တွေ flat တွေကိုသိရင် flat သံကိုလည်းသိမှာပါ။ ရသတွေကို ဘာသာမပြန်တာကြာပြီဆိုတော့ စာလုံးတွေကမြန်မာလိုမသိတာတွေများနေတယ်။ ထိုင်းမှိုင်းတဲ့အသံမျိုး၊လေးတွဲတွဲအသံမျိုးနဲ့ပိုနီးစပ်ပါတယ်။
၃။ infamous ကို မကျော်ကြားဆိုပြီး လုပ်ထားမိတယ်လို့ အကြောင်းကြားလာပါတယ်။ မှားသွားတာပါ။ infamous ဆိုတာ နာမည်ပျက်နဲ့ ကျော်ကြားတာ။ Notorious နဲ့ တူပါတယ်။ Notorious ထက် ပိုပြီး ထိရောက်အောင် သုံးချင်တဲ့အခါ သုံးလေ့ရှိပါတယ်။ Notorius ဆိုတာက အဲဒီလူက မကောင်းပေမယ့်၊ ကိုယ်က သူမကောင်းတာကို အပြစ်တင်လိုတဲ့စေတနာနဲ့မပြောချင်တဲ့အခါမှာသုံးပါတယ်။ ဥပမာ။ ဒီဟစ်တလာကတော့ နာမည်ဆိုးနဲ့ကျော်တာပဲ လို့ပြောရင် ဟစ်တလာ မကောင်းဘူးလို့ လူများပြောကြတယ်။ ကိုယ်တိုင်က မကောင်းဘူး၊ ယုတ်မာတယ်။ လို့ လက်မခံပါဘူး။ ဝေဖန်တဲ့ လေသံနည်းပါတယ်။ ကြားရတာ ပြန်ပြောသလောက်ပဲပြောတယ်။ တကယ်လို့ infamous လို့သုံးရင်တော့ အဲဒီလူ မကောင်းတာ လူတိုင်းသိသလို၊ ကိုယ်တိုင်ကလည်း မကောင်းဘူးလို့ ကျကျနနကြီးလက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတယ်ဆိုတာက မြန်မာမဆန်လို့ ဖိန့်ဖိန့်တုန် ကျော်ကြားတယ်လုပ်လိုက်ပါတယ်။ ဂျော်နီဝါကားရဲ့ ဇာတ်ကောင်စရိုက်နဲ့ပိုလိုက်သွားမယ်ထင်ပါတယ်။ Thanks my buddy and his friend for thorough reading to my translation.
Notes:
Mom and ym, I hope you two will like my translation.
This post is for those who love haruki murakami's writings.
Literally, I am his fan also.
Peace B with U.