Sunday, April 17, 2011

ယောင် ဆစ်စတိ။

ယောင် ဆစ်စတိ။

လူရယ်လို့ဖြစ်လာတဲ့အခါ ယောင်ကြတာပဲ။

မယောင်ရာဆီလူးတာနဲ့ ယောင်ရာဆီးလူးတာနဲ့ဆို ယောင်ရာဆီလူးတာက အဓိပ္ပါယ်ရှိတယ်။ ကိုငြိမ်းအေးအိမ် (အသက်အရွယ်အရတော့ အန်ကယ်ငြိမ်းအေးအိမ်) ပြောသလို ပန်းချီကားတစ်ချပ်ကိုပိုင်ဆိုင်ဖို့ အုတ်နံရံကိုအရင်ပိုင်ဆိုင်ဖို့ကြိုးစားရမယ်ဆိုလား...၊ အဲဒီလိုသာဆိုရင် ဆီလူးနိုင်ဖို့ တစ်ခုခုတော့ယောင်ကိုယောင်မှဖြစ်မယ်။

ယောင်တောင်ပေါင်တောင် ဆိုတဲ့စကားလိုပဲ လူတွေကိုကြည့်လိုက်ရင် ယောင်တောင်ပေါင်တောင်ဖြစ်နေတာတွေ့ရတယ်။ လူတွေက မနက်ဖြန်သေမှာ မယုံတဲ့စိတ်တစ်ခုကို ဘယ်နားက ကောက်ရထားမှန်းမသိ ကောက်ရထားတယ်။ ဖုန်းဆက်တဲ့အခါ၊ အေးနောက်မှတွေ့မယ်ဆိုတာကလည်းပါသေး။ မသေရင်တွေ့တာပေါ့ကွာဆိုရင်လည်း ရွဲ့တယ်ထင်မယ်။ နည်းနည်းတော့ ယောင်ရမှာပဲ။

ယောင်တယ်ဆိုတာကိုလည်း ယောင်ချာချာလုပ်တာနဲ့ ယောင်ဆောင်တာတွေနဲ့ ရောထွေးနေတတ်တယ်။ ဒီကောင်က ငယောင်ဆိုရင် ဘာကိုယောင်တာမှန်းမသိဘူး။ မြန်မာစကားမှာ ယောင်သုံးဆယ်ဆိုတာနဲ့ ယောင်ခြောက်ဆယ်ဆိုတာရှိတယ်။ အဓိပ္ပါယ်က အတူတူပဲ။ အဲဒီတော့ မြန်မာတွေက သုံးဆယ်နဲ့ခြောက်ဆယ်ကို အတူတူသဘောထားတယ်လို့ ထင်စရာရှိတယ်။ မြန်မာစကားမှာ သေချာလေ့လာလေ ရယ်စရာကောင်းတာတွေတွေ့လေပါပဲ။ ဟိုတလောက ယှေလကျောက်ကိုတွေ့တော့ ငယ်ကတည်းက /ယေလကျောက်/ လို့ပဲအသံထွက်ခဲ့တယ်လို့သတိထားမိတယ်။ ဖတ်ကြည့်တော့ shale ဆိုတဲ့ အင်္ဂလိပ်စကားကို ရှေးလ် လို့ အသံထွက်အတိုင်းရေးချင်တာ နည်းနည်းစတန့်ထွင်ပြီး ရကောက်အစား ယပက်လက်သုံးလိုက်တဲ့အခါမှာ ယှေဖြစ်သွားပြီး၊ လ် ကနေ မြန်မာတွေ အသံထွက်ရလွယ်တဲ့ ဖြစ်လာပြီး၊ ကျောက်ခဲတစ်မျိုးမို့လို့ကျောက်ထည့်လိုက်တဲ့အခါမှာတော့ မူရင်းနဲ့အတော်ကြီးဝေးသွားတဲ့ ယှေလကျောက်ကြီးရလာပါတယ်။

ရမန်ဆိုတာကမှ ပိုရယ်ရတယ်။ remend ကို မြန်မာမှုပြုထားတာပါ။ အဲဒါတွေကတော့ရှေးကလူတွေ ယောင်ခဲ့တာပါ။ ယီးတီးယောင်တောင်ဆိုတာလည်းရှိပါတယ်။ ယီးတီးဆိုတာဘာလဲ ယောင်တောင်ဆိုတာဘာလဲမသိပေမယ့် ယီးတီးယောင်တောင်မလုပ်နဲ့ဆိုရင် ယီးတီးယားတားမလုပ်နဲ့လို့ကျွန်တော်တို့သဘောပေါက်ကြတယ်။ ဘာမှန်းမသိဘဲ သဘောပေါက်နေကြတာအများကြီးပါပဲ။ အင်း .. ဒါကလည်း ကျွန်တော်တို့ ယောင်ချာချာနားလည်လိုက်ရတဲ့ ကိစ္စတစ်မျိုးပေါ့။

ယောင်ကန်းကန်း၊ ယောင်ချာချာ၊ယောင်နန၊ယောင်ဝါးဝါး၊ ယောင်အအ၊ ယောင်လည်လည်တွေမှာကြည့်ရင်၊ ကန်းတာ၊ချာတာ၊နတာ၊၀ါးတာ၊အတာ၊လည်တာတွေဟာ အပိုထည့်ထားတာပဲဆိုတာသိရတယ်။ နိုင်ငံရေးအမြင်ကန်းနေတဲ့ချာတာတာအစိုးရတွေမှာ ၀ါးတာကို တွေ့ရတတ်ပြီး၊ အတာနည်းပြီးလည်တာများလေ့ရှိ၍ တညီတညာ ၀ါးကြပါတယ်။ အဲဒါကိုတော့ နိုင်ငံရေးယောင်တယ်လို့ပြောနိုင်မလားမသိပါ။

ယောင်ယမ်း ဆိုတာကတော့ တမ်းတတဲ့အခါသုံးပါတယ်။ ငယ်တုန်းကသင်ခဲ့ရတဲ့ အချုပ်တန်းဆရာဖေရဲ့တေးထပ်မှာ ယောင်ယမ်းကိုပြောင်းပြန်လှန်ပြီး၊ ယမ်းယောင်ခါ တလျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီးပျံ့ငယ်အုံ ဗျာဆုံတဲ့ရာသီပဲ ဆိုပြီး ကဗျာယောင်သွားတာတွေ့ရပါတယ်။ မြန်မာစာမှာ သန်းခေါင်ကို သန်း ခေါင် လို့ အသံမထွက်ပါဘူး။ ဒါပေမယ့်မတတ်နိုင်ပါဘူး။။ သူ့ရဲ့ ယမ်း ယောင်ကို ကာရံလိုက်အောင် သန်းခေါင်ကို သန်း ခေါင်လို့ အသံထွက်မှပဲရပါတယ်။ သစ္စာနီပြောသလို ကာရံမဲ့ကဗျာတွေမပေါ်မီမှာ ကာရံငဲ့ကဗျာတွေပေါ်ခဲ့ဖူးတယ်ဆိုတာကိုယောင်လိုက်တာပါ။

ဒီနေ့ Woodlands ကိုရောက်တော့ ကုတင်သွားရှာတာ နောက်ဆုံးကြတော့ အိတ်ဝယ်ပြီးပြန်လာရပါတယ်။ မိန်းကလေးတွေရဲ့ lateral thinking ကို shopping ထွက်တိုင်း အံ့အားသင့်ရပါတယ်။ spiral thinking ဖြစ်ပုံရပါတယ်။ ကုတင်ဝင်ဖို့သွားရင် ကုတင်ဆိုင်ကို တန်းတန်းမတ်မတ်သွားချင်တဲ့ ယောကျာ်းဘသားများအတွက်တော့ အံ့သြစရာကောင်းပါတယ်။ ကျွန်တော်တို့ယောကျာ်းတွေရဲ့ ဦးနှောက်က concurrent threads မ run နိုင်ဘူးလို့ သူငယ်ချင်းအထီးတွေက ၀န်ခံပါတယ်။ ကုတင်သွားဝယ်ရင်း အ၀တ်အစားဆိုင်ထဲရောက်သွား၊နောက်တော့ အိတ်တွေကြည့်၊ … ပထမတော့ အဲဒီဆိုင်တွေထဲမှာများ ကုတင်ကို ဖွက်ထားသလားထင်ပြီးလိုက်လိုက်ဝင်သွားမိတယ်။ နောက်ကြာလာတော့သဘောပေါက်လာတယ်။ ကိုယ့်ဘာသာကိုယ် မြေပုံမှာသွားကြည့်ပြီး ဒီအထပ်ကတော့ဖြင့် ကုတင်နှင့်တူသောအရာမရှိဆိုရင်ကျော်ချလိုက်တယ်။ shopping mall ပြင်လက်စမို့လို့ တစ်နာရီလောက်နဲ့ပြန်ထွက်လာနိုင်ခဲ့တယ်။ ဟူးးးးး ။ ဖုန်းမှားဆက်လို့ သုံးနာရီထဲပြောလိုက်ပါတယ်ဆိုတဲ့ဟာသကိုတောင်သတိရတယ်။

ဒီနေ့ Borders ကိုရောက်တော့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရတယ်။ ကမ္ဘာကျော် Borders အခြေအနေမကောင်းဘူး။ ဒေ၀ါလီခံတော့ဖို့ပြင်ဆင်နေပြီ။ ဆိုင်ခွဲ ၂၀၀ ပိတ်ဖို့လုပ်နေတယ်။ ဆိုင်ရောက်တော့ ရှာခိုင်းတဲ့စာအုပ် မတွေ့ဘူး။ Stock မှာတော့ ၂ အုပ်ကျန်နေသေးတယ်လို့ပြောတယ်။ သူတို့ရှာတော့မတွေ့ဘူး။ မတွေ့တော့ကုန်နေတယ်လို့ပြောတယ်။ System က ရှိတယ် အပြင်မှာမရှိဘူးဆိုရင် စာအုပ်တွေ ဘယ်သူခိုးသွားလို့လဲလို့ပဲမေးရတော့မလိုဖြစ်နေပြီ။ မတတ်နိုင်ဘူး။ ရှာခိုင်းတာလည်း သေချာမရှာသွားသလိုပဲခံစားရတယ်။ ဆိုင်တွေပိတ်တော့မယ့်ထဲမှာ စင်ကာပူက ဆိုင်ခွဲတွေပါမပါတော့မသိဘူး။ အလုပ်သမားတွေကတော့ အလုပ်ကောင်းကောင်းမလုပ်တော့ဘူး။

နောက်ထပ်ရယ်စရာတစ်ခုတွေ့တယ်။ စာအုပ်တွေကို ၅၀% ဆိုလို့ တစ်အုပ်ကိုကောက်ကြည့်လိုက်တယ်။ JUNOS ဆိုတဲ့စာအုပ်။ IT စာအုပ်ဆိုတော့ နည်းနည်းသိပါတယ်။ အဲဒီစာအုပ်ကိုဈေးကြည့်လိုက်တယ်။ ၁၂၉ SGD တဲ့။ Tell it to the marines!!!! လို့ပဲရေရွတ်မိတယ်။(မြန်မာလိုဆိုရင်တော့ တောမှာသွားပြော ဆိုတဲ့စကားပေါ့လေ။ ) အဲဒီစာအုပ်က အများဆုံးရှိရင် 70 ပါပဲ။ တစ်ဝက်လျှော့ပေးတယ်ဆိုတာ နှစ်ဆအရင်တင်ရပါလားလို့ အတော်ကြီးသဘောပေါက်သွားပါတယ်။

အဲဒီမှာဝယ်ခဲ့တဲ့စာအုပ်ခေါင်းစဉ်လေးတစ်ခုပြောပြချင်ပါတယ်။ Leave the Office Earlier ဖြစ်ပါတယ်။ Laura Stack ရေးတာပါ။ သူက အတည်ကြီးတွေရေးတာနေမှာပါ။ ခေါင်းစဉ်သဘောကျလို့ဝယ်လိုက်ပါတယ်။ အလကားဝယ်ပေးမယ့်သူရှိတုန်း စာအုပ်များများဝယ်ရတာတန်ပါတယ်။ နောက်တော့ Introducing Series ထဲက ရုပ်ပြပုံလေးတွေနဲ့စာအုပ်လေးနှစ်အုပ်ဝယ်ပါတယ်။ ငွေရှင်းတဲ့ကောင်တာရောက်တော့လည်း cashierက မပြုံးမရွှင်နဲ့ Serve လုပ်တာတွေ့ရပါတယ်။ Borders ကလူတွေ ဘာတွေဖြစ်သွားသလဲဆိုတာ အံ့သြမိပါတယ်။

ဒါကတော့ Borders မှာယောင်တာပါ။ ကုတင်ဝယ်ဖို့သွားတာ အိတ်တောင်မှဝယ်လို့ရသေးရင် စာအုပ်လည်းဝယ်လို့ရရမှာပေါ့ ။ ဟင်း။

နောက်တော့ Plaza Singapura မှာ ကုတင်တွေဈေးချတယ်လို့သွားကြည့်တယ်။ ဈေးတော့ချတယ်။ချထားတဲ့ဈေးက မကျဘူးထင်နေရတာ။ ၁၄၀၀ ကနေ ၁၉၀၀ ၀န်းကျင်ရှိတယ်။ ကုတင်တစ်လုံးကို ၁၅ နှစ် warranty ပေးတာကို အမြင်ကတ်လို့မ၀ယ်လာဘူး။ ဘာလုပ်မှာလဲ ၁၅ နှစ်။ အဲဒီအတွက် ပိုက်ဆံပိုပေးရတာကိုမတန်ဘူးလို့ထင်တယ်။ ကုတင်အောက်ထဲမှာ luggage သုံးလေးလုံးထည့်ထားလို့ရတဲ့ အံဝှက်ပါတာကြိုက်တယ်။ ကုတင်ချည်းပဲ ၆၀၀ ကျော်ဆိုလို့ promotion ဟုတ်ရဲ့လားလို့နောက်ခဲ့သေးတယ်။ အဲဒီ ကာဖူး(Carrefour) မှာ ပတ်ကြည့်တယ်။ ခြေထောက်ညောင်းတဲ့အထိဘာမှမ၀ယ်ဘဲပတ်ကြည့်တယ်။ အသိတစ်ယောက်ရဲ့ကလေး ဖိလစ်ပိုင်မှာမွေးနေ့လုပ်ဖို့ လေမှုတ်ပူဖောင်းတစ်ထုပ် ၂ ကျပ်တိတိနဲ့ဝယ်ဖြစ်လိုက်တယ်။

အတော်ညောင်းသွားတယ်။ တစ်ခုခုစားဖို့အပေါ်တက်ရင်း Kopitiam မရောက်ဘဲ အရှိန်လွန်ပြီး ဓားတွေရောင်းတဲ့အပေါ်ဆုံးထပ်ကဆိုင်ထဲရောက်သွားတယ်။ ဂျပန်ဓား၊တရုတ်ဓားတွေစုံနေအောင်ရောင်းတယ်။ ကိုင်ကြည့်လို့မရဘူးဆိုတာနဲ့ မသိချင်ယောင်ဆောင်ပြီးကိုင်ကြည့်လိုက်တယ်။ ချက်ချင်းပဲအပြေးရောက်လာပြီး သူ့ဓားကို အ၀တ်နဲ့ပြောင်နေအောင်ပွတ်တယ်။ နောက်ဆို ရောက်တဲ့အခါတိုင်း သွားကိုင်ကြည့်မယ်လို့ တိတ်တိတ်လေးသံန္နိဌာန်ချလာတယ်။

အောက်နှစ်ထပ်ကိုပြန်ဆင်းလိုက်တော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုရောက်တယ်။ The Society Café ထင်တယ်။ အဲဒီမှာ ကော်ဖီသောက်ပါတယ်။ အဲဒီကော်ဖီဆိုင်ရဲ့ရှေ့တည့်တည့်နားမှာ SERTA SLEEP CENTER ရှိပါတယ်။ မွေ့ရာတွေရောင်းပါတယ်။ ထိုင်ကြည့်၊ အိပ်ကြည့်ပြီးသဘောကျလို့ ဈေးကြည့်လိုက်တော့ သုံးထောင်ကျော်ပါတယ်။ သုံးထောင်ကျော်တန်ကြမှ သဘောကျသလိုဖြစ်တဲ့ ကိုယ့်ကျောကုန်းကို နည်းနည်းစိတ်နာသွားပါတယ်။ အောက်ထပ်က ပရိုမိုးရှင်းလုပ်နေတဲ့ King Koil ထက်သာတာတော့သေချာပါတယ်။ ဈေးကများတယ်။ ကိုယ်ဝယ်မယ့် price range က ၁၀၀၀-၁၂၀၀၀ ဆိုတော့ ချစ်ရက်နဲ့အောင့်မနမ်းတော့ဘဲ ပြန်ထွက်လာခဲ့ပါတယ်။

ဘေးနားကဆိုင်ကတော့ ဈေးပေါတယ်။ သံကုတင်တွေ။ မကြိုက်ဘူး။ ကြိမ်ကုတင်ကြတော့၊ သံကုတင်ကို ကြိမ်ကွပ်ထားတာ လက်ရာသိပ်ညံ့တယ်။ မကြိုက်ဘူး။

နောက်တော့ Sea Horse ဆီကိုရောက်သွားပါတယ်။ စက်လှေကားအတက်နားကဆိုင်ပါ။ 5th floor မှာပါပဲ။ ဘေးနားမှာ Daiso ရှိပါတယ်။ Sea Horse ဆိုင်မှာ ကုတင်တစ်ခုကို သဘောကျပါတယ်။ ကုတင်အောက်မှာ laguage ခြောက်လုံးလောက်ထည့်လို့ရတဲ့အကန့်တွေကို ပိုသဘောကျပါတယ်။ မွေ့ယာက ရှစ်လက်မထူပါတယ်။ တစ်ဖက်က နည်းနည်းမာပြီး၊ နောက်တစ်ဖက်က ပိုမာတဲ့အတွက် ပျင်းနေရင် မွေ့ယာကို တစ်ပတ်တစ်ခါ လှန်ပြီးအိပ်လို့ရနိုင်ပါတယ်။ ဈေးကလည်း ၁၀၀၀ ၀န်းကျင်ပါပဲ။ အရောင်ကိုအနက်မကြိုက်လို့ရွေးကြရင်း နောက်ဆုံး ကျန်တဲ့အရောင်တွေကပိုဆိုးတာနဲ့ အနက်နဲ့အတော်လေးဆင်တဲ့ အညိုပဲဝယ်ဖြစ်သွားပါတယ်။ ပို့ခတွေ၊တင်ဆင်ခတွေက အလကားဖြစ်ပါတယ်။ အဲဒီမှာပဲ ခေါင်းအုံးတွေနဲ့ လိုအပ်တာတွေ တစ်ခါတည်းဝယ်လိုက်ပါတယ်။

အဲဒီဆိုင်ကပစ္စည်းတွေကို ဟောင်ကောင်ကနေတင်သွင်းပါတယ်။ သုံးပတ်စောင့်ရပါတယ်။ warranty မရှိပါဘူး။ ကုတင်ကို ၁၅ နှစ်စာ warranty နှုတ်လိုက်ရင် ငါးရာလောက်သက်သာသွားပုံရပါတယ်။

ကံစမ်းမဲဖောက်ပေးနေတာသွားနှိုက်တော့ laptop ထည့်တဲ့အိတ်ပါးလေးလက်ဆောင်ရပါတယ်။ Plaza Singapura မှာယောင်လိုက်တဲ့အကြောင်းပါ။

ညစာစားခါနီး Bras Basah Complex က Popular HQ မှာ ၀ယ်ချင်တဲ့စာအုပ်ရမလားလို့သွားဝယ်ပါတယ်။ မရပါဘူး။ ဗီယမ်နမ်ဘုန်းကြီးသစ်ညပ်ခ်ဟန်းရေးတဲ့ Living Buddha, Living Christ စာအုပ်၊ Sean Covey ရဲ့ 7 habbits စာအုပ်ဝယ်ဖြစ်ပါတယ်။ သုံးအုပ်ဝယ်ရင် 20 % discount ဆိုလို့ သစ်သီးဖျော်ရည်တွေအကြောင်း၊ Soups အမျိုးမျိုးပြုလုပ်နည်း၊ ဟင်းချက်နည်း ၅၀၀ စတာတွေထပ်ဝယ်လာပါတယ်။

ညစာစားပြီး အိမ်ပြန်လာတော့ ၉ နာရီကျော်ပါပြီ။ မနက် ၉ နာရီကနေစထွက်လာတဲ့ခရီးကို ည ၉ နာရီကျော်မှာအဆုံးသတ်ပါတယ်။

နောက်တစ်ပါတ်မှာတော့ IKEA က စာအုပ်စင်သွားဝယ်တဲ့အကြောင်းဖြစ်ဖြစ်၊ အရပ်ငါးပေ၀န်းကျင်ကလေးမများအတွက် သတို့သမီးဝတ်စုံ ရှာဖွေရေး စီမံကိန်းဖြစ်ဖြစ်ဖတ်ရဖို့ရှိနိုင်ပါတယ်။ သတို့သမီးဝတ်စုံသွားဝယ်ရင်း ဆန်ပြုတ်သောက်ပြီးပြန်လာတာတို့၊ IKEA သွားရင်း COURTS က သောက်ရေခွက်လေးဝယ်ပြီးပြန်လာတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ယောင်တာတွေနဲ့ပတ်သက်ရင်တော့ /ယောင်နောက်ဆံထုံးပါ/ ဆိုတဲ့ အသံထွက်ကိုအကြိုက်ဆုံးပါပဲ။ ဘာမှလည်းမဆိုင်ပါလား။ ဟမ်။


Zephyr,

ဂယောင်၆ခြားရေးသည်။



Peace B with U.