Wednesday, April 6, 2011

ဗိုလ်ချုပ်အောင်ဆန်း

(ရေးပြီးတော့မှ မဒါလည်း တင်ထားတယ်ဆိုတာသိရတယ်။ ဒီလိုမှန်းသိရင် စကင်န်မဖတ်ဘဲ ကူးလိုက်ပါတယ်။ အဲဒါကြောင့် ဒုတိယပိုင်းပို့စ်တစ်ခု ညကြမှထပ်ရေးလိုက်ပါမယ်။ ဒီပို့စ်မှာတော့ ပိတောက်ပွင့်သစ်ထဲပါခဲ့တဲ့ နိုင်မွန်အောင်သွင်ရဲ့ ကဗျာကို အဆစ်ထည့်ပေးလိုက်ပါတယ်။ ကဗျာကိုလည်း http://manorhary-poemsilove.blogspot.com/2009_05_01_archive.html ကနေကူးလာတာဖြစ်ပါတယ်။ T.S Elliot ကပြောဖူးတာတစ်ခုရှိတယ်။ မကွှမ်းကျင်သေးတဲ့သူတွေက တုပတယ်။ ကျွမ်းကျင်တဲ့သူ ရင့်ကျက်တဲ့သူကတော့ ခိုးတယ်တဲ့။ သူက ကဗျာဆရာတွေကို ပြောပုံရပါတယ်။ အခုတော့ ကဗျာကို ပြန်ရိုက်ရမှာပျင်းလို့ကူးလိုက်ပါတယ်။ အဲဒီကတည်းက အတော်လေးကြိုက်ပါတယ်။ အခုထပ်ဖတ်လိုက်ရတော့လည်းထပ်ကြိုက်ပါတယ်။)

ဗိုလ်ချုပ်အောင်ဆန်းဆိုရင်
ကြေးရုပ်လောက်တောင်မသိတော့ဘူး။ ဈေးနာမည်လောက်ပဲသိပြီး တစ်ချိန်က ဗိုလ်ချုပ်ဈေးမှာ အခွန်လိုက်ကောက်တဲ့လူကြီးလို့တောင် ကလေးတွေထင်နေလောက်ပြီ။ အိမ်ပြန်ရောက်တုန်းက ၇၅ ကျပ်တန်ထဲမှာ မိန့်မိန့်ကြီးလုပ်နေတာလည်းတွေ့ခဲ့သေးတယ်။ သူက ကျွန်တော့်ထက် သုံးရက်ငယ်တယ်။

စုစည်းထုတ်ဝေတဲ့ ဦးစိမ်းနီကြီးက ခေတ်ရဲ့တာဝန်ကို ကျွန်တော်တို့ထမ်တာပ လိုပြေတယ်(အမှန်က ထမ်းတာပါလို့ပြောတယ် ဖြစ်ရမှာ ပိတောက်ပွင့်သစ်လိုစာလုံးပေါင်းမှားတာ။:P)။ ဘာပဲဖြစ်ဖြစ် သူ့ကိုကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အလံမှာတောင် သူ့ရဲ့အခန်းကဏ္ဍက သုံးပုံနှစ်ပုံလောက်ပါတဲ့အတွက် သူ့ကိုလည်း လေးစားရတယ်။ က ဗျာကို အသက်ကြီးပေမယ့် မပျက်မစီး ထိန်းသိမ်းနေတဲ့အထဲမှာ ဆံပင်ကုန်သွားတောင် ကဗျာမကုန်ဘူးဆိုတဲ့ သစ္စာနီရယ်၊ ကဗျာကို အသားပေးထားတဲ့ ပိတောက်ပွင့်သစ်အယ်ဒီတာ ဦးစိမ်းနီရယ်ကို အတော်လေး လေးစားပါတယ်။

စာရေးဆရာ ကိုအောင်ဆန်းဆိုတဲ့စာအုပ်ကို အခါကြီးရက်ကြီးမှာ မကြောက်မလန့်ကြီးထုတ်တာကိုက သတ္တိပဲ။ (ချီးကျူးသလိုနဲ့ မြှောက်ပေးလိုက်တာပါ။ July 20 မှာလည်း စာရေးဆရာ ဒေါ် ဘယ်သူဆိုလား ထုတ်ဦးမယ်ထင်ပါတယ်။ (ဒါကတော့ သက်သက်ချောက်တွန်းတာပါ။))

စာအုပ်ကို ၀ယ်ဖတ်လို့မဖြစ်နိုင်လောက်အောင် အဆင်မပြေတဲ့သူတွေကို ကျွန်တော် တကယ် စေတနာထားပါတယ်။ အခုလည်း အဲဒါကြောင့် ဗိုလ်ချုပ်ကိုယ်တိုင်ရေးတဲ့ သူ့အကြောင်းကို Scan ဖတ်ပြီးတင်လိုက်ပါတယ်။ အနီးအနားမှာရှိပြီး မ၀ယ်တဲ့သူတွေ၊ ၀ယ်ဖတ်ရလောက်အောင်ကို စိတ်မ၀င်စားတဲ့သူတွေလည်း ရှိကောင်းရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအထိဖတ်လာပြီးမှ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆိုပြီး ပျင်းလို့ပြန်သွားတယ်မလုပ်စေချင်ပါဘူး။

သူဟာ ကျွန်တော်တို့လို လူငယ်အရွယ်မှာ အားလုံးကိုစွန့်ပြီး နိုင်ငံအတွက်ကို ပေးဆပ်လိုက်တဲ့ နိုင်ငံရဲ့သူရဲကောင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သဘောထားကွဲလွဲမှုတွေရှိနိုင်ပေမယ့် ဗိုလ်ချုပ်နဲ့ပတ်သက်ရင်တော့ သဘောထားကွဲလွဲတာနည်းပါတယ်။ သူ့ရဲ့စေတနာကို သူ့မိန့်ခွန်းတွေမှာတွေ့နိုင်ပါတယ်။ သူ့ရဲ့ဆန်းသစ်တဲ့အတွေးအခေါ်၊ မြင့်မားတဲ့ ဆင်ခြင်ဥာဏ်တွေကိုကြည့်ပြီး မြန်မာ့ပညာရေးစနစ် ကုန်းဆင်းသွားတာကိုပဲ မကြာမကြာတွေးမိပါတယ်။ အခုလည်း အလွမ်းပြေလေးဖတ်ကြည့်စေချင်ပါတယ်။ နည်းနည်းရှည်တယ်ရဲဘော်တို့။ အနီးကပ်ဆုံး ရန်သူကိုချေမှုန်းကြ။














စာတွေနည်းနည်းပျက်တာ ၀ါးတာတွေကို သည်းခံပြီးဖတ်ကြပါ။ အားတဲ့အခါ အစအဆုံးပြန်ရိုက်တင်လိုက်ပါမယ်။ ဒီပုံတွေကို ကြယ်နီကထုတ်တဲ့ စာရေးဆရာအောင်ဆန်းဆိုတဲ့ စာမျက်နှာ် ၄၆၀ပါတဲ့ စာအုပ်ထူကြီးထဲကနေ စကင်န်ဖတ်ရတဲ့အတွက် သိပ်အဆင်မပြေဖြစ်သွားပါတယ်။ ကျေးဇူးတင်တဲ့သူများ ဦးစိမ်းနီ၊ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို စီစဉ်ပေးတဲ့သူတွေ(ဟဲဟဲ သိနေတယ်နော်၊သိနေတယ်)၊ တက်ရောက်အားပေးချီးမြှင့်ကြတဲ့ စာပေလောကသားတွေ၊ အားလုံးကို ကျေးဇူးတင်လိုက်ပါ။ ပုံမှန်အားဖြင့် စာအုပ်ထဲက စာသားတွေကို ဒီလို စကင်န်ဖတ်တာ မကောင်းပါဘူး မူပိုင်ခွင့်အရလည်းမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပြီး ၊ အထူးသဖြင့် လူငယ်တွေဖတ်ကိုဖတ်ရမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်လေးနေသွားတဲ့လူငယ်တစ်ယောက်ရဲ့ အစွမ်းအစကို သိဖို့၊ ကိုယ်လုပ်နိုင်တာလေးလောက်နဲ့ ဘ၀င်မြင့်မနေဖို့၊ နိုင်ငံကို စေတနာထားဖို့တွေကို အကောင်းဆုံးအတုလေ့လာနိုင်ပါတယ်။

စာရေးဆရာ
မိုးတွေညို့နေပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာကြတယ်။

စာရေးဆရာဟာ
စာရွက်ပေါ်မှာတစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
မတ်လသစ်ရွက်ဝါဝါတွေမှာ
တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်
လောကဓံနေ့ရက်များမှာ တစ်ကြောင်းခြစ်..နှစ်ကြောင်းခြစ်။
ဒီလိုနဲ့
တက္ကသိုလ်ကျောင်းဆောင်မှာ
တော်လှန်ရေးမှာ
တစ်ကြောင်းခြစ်
နှစ်ကြောင်းခြစ်နဲ့
မျိုးချစ်စိတ်ကပဲ
စာရေးဆရာရဲ့ရင်ထဲ
တစ်ဘဝလုံးကို ရေးခြစ်လာခဲ့တယ်။
ဘာလုပ်ချင်လဲ
ဘာဖြစ်ချင်လဲ
လူငယ်နဲ့လူလတ်ကြား
စပ်ကူးမတ်ကူးစာရေးဆရာ
မမြင်တာတွေကိုယုံရမလား။
ရွှေစင်နန်းတော်ရာနဲ့သုခဘုံနန်း
တို့မြန်မာတွေ မြည်းစမ်းပေရော့
လူသူစိမ်းက ကမ်းလှမ်းလာတဲ့
တခမ်းတနား
မစားရဝခမန်းတွေ..။
မြင်နေရတာတွေကိုပဲ မယုံပဲနေလိုက်ရမလား
တန်းမတူ ရည်မတူ
အဖြူအမည်းမသဲကွဲတဲ့
ခေတ်စံနစ်ဟောင်းရဲ့ တောဥပဒေသများ ..လို
အင်အားကြီးသူသာ
အသက်ရှင်စတမ်းတဲ့လား
နေမဝင်အင်ပါယာတေးသွားများထဲမှာလေ။

စာရေးဆရာ
သူ့မှာလည်းမိသားစုနဲ့ပါ
မေတ္တာကို အခါခါ ငတ်မွတ်ခဲ့ပေါ့
ကလောင်ကိုပဲရွေးရမလား
လက်သီးကိုပဲသွေးရမလား
ရင်ထဲမြုံစာသားများက
ဦးနှောက်ဆီအလေ့မကျနိုင်တော့
တိုင်းပြည်မျက်နှာကိုဖတ်ရတယ်
လွတ်လပ်ရေးကိုချရေးရတယ်။

ကျောက်ခေတ်သားများ
ဂူနံရံပေါ်
ကျွဲရိုင်းတွေ လှံတွေ
ကြယ်တွေ လတွေ
အရုပ်များနဲ့ ဘဝကိုရေးသားကြ
နောက်နှောင်းရာစုများဆီထိ
ကျွန်တော် တင်သွင်းလိုက်ချင်ရဲ့
ခေတ်အဆက်ဆက်တုန်ခါမြည်ဟည်းနေတဲ့
သူရဲကောင်းစိတ်ဓါတ်တွေ
အနစ်နာခံခဲ့တဲ့ နှလုံးသားတွေ
သမိုင်းဝင်ခဲ့တဲ့ တည်ကြည်မှုတွေ
စကြဝဠာတံတိုင်းနံရံမှာ
ထွင်းထုရေးထိုးရေးခြယ်ပေးကြပါ
ပုံဖော်နိုင်စွမ်းက နတ်ဒေဝတာများပင်မသေချာ။

မိုးတွေညို့ပြန်ပေါ့
အနှစ်ခြောက်ဆယ်ကျော်စာ
အဝေးပြေးကားဂိတ်မှာ…။

အခု
စာရေးဆရာ
အသက်မရှင်တော့ဘူး
ဒါပေမယ့်
အသက်မသေ
အခု
စာရေးဆရာ
မပျံသန်းနိုင်တော့ဘူး
ဒါပေမယ့်
ကောင်းကင်ထဲမှာ။

တကယ်တော့
ကျွန်တော်တို့က ရေပေါ်ဆီပျံသန်းမှုတွေနဲ့သာ
စာရေးဆရာကိုမမြင်ခဲ့ဖူးဘူး
မကြုံဆုံခဲ့ဖူးဘူး
(ကောင်းကင်အစွန်းထိ မထိ မသေချာ)
သူ့ကျေးဇူးတွေနဲ့
အဖိုးတို့ အဖေတို့ ကျွန်တော်တို့ သားတို့
လွတ်လပ်သူများအဖြစ်
မြင့်မားခွင့်တွေရလာခဲ့။
ဒီလိုတုန်ခါမှုတွေနဲ့
ဟင်းလင်းပွင့်ကြားနာခြင်းတွေမှာ
မြင့်မိုရ်တောင်တက်ရမလား
နဂါးသိုက်ထဲ သက်ဆင်းရမလား
ကျွန်တော်တို့
သံခင်းတမန်ခင်း
ကောက်ကျစ်စဉ်းလဲခြင်းမဖြစ်လို..။
အရိုင်းဆန်ဆန်ရိုးရှင်း
တစ်ဘဝချင်း
တစ်ဘဝချင်း
လင်းလက်ကြည်လင်ခွင့်ပဲ မျှော်လင့်မိတယ်။

ကျွန်တော်တို့က
သာမညတွေပါ
အခါခါသေလည်းမထူး
သက်တမ်းစေ့သေဖူးတယ်ဆိုရုံသက်သက်မျှနဲ့
ဘဝဟာမက်မောစရာမရှိခဲ့ပါ
အဲဒီစာရေးဆရာမှာတော့
သက်တမ်းမစေ့ခဲ့လည်း
ဂုဏ်သရေအပေါင်းဟာ ပြည့်စုံကြွယ်ဝခဲ့
အို..မိတ်ဆွေတို့
သံမဏိလျှပ်ပန်းလျှပ်နွယ်များပမာ
မွန်းအတည့်ဆုံးမှာထွက်ပေါ်လာပြီး
လျို့ဝှက်ချက်များထဲပျောက်ကွယ်သွားခဲ့။
အို..ကျွန်တော်တို့
သူလိုကိုယ်လို မိတ်ဆွေများတို့
မိမိတို့ ကိုယ်ရေးကိုယ်တာ
ကောက်ရိုးများကိုသိမ်းဆည်းလိုက်ပါ
အခု
ကျွန်တော်တို့ အဝေးပြေးကားဂိတ်က မိုးတညို့မှာ
နေလှန်းထားတဲ့ကောက်ရိုးများကို သိမ်းဆည်းလိုက်ပါ။

အဲဒီ
စာရေးဆရာ
တစ်ခါတစ်ခါ
ငွေသော်တာရောင်ခြည်ချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
ပဲပြုတ်နဲ့နံပြားရရင်စားချင်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
တစ်ဝက်တစ်ပျက်အပြုံးနဲ့
လက်ဆောင်ရထားတဲ့ ကုတ်အကျီ င်္ထဲနေချင်ပြန်သတဲ့။
စာရေးဆရာဟာ
တစ်ခါတစ်ခါ
အယ်ဒီတာစားပွဲနောက် ရောက်လိုရောက်
စာရေးဆရာလည်းဖြစ်လိုဖြစ်ပေါ့
စာရေးဆရာဟာ
နယ်ချဲ့တော်လှန်ရေး
သမိုင်းပေးလွတ်လပ်ရေး
ငြိမ်းချမ်းစိမ်းလန်းရေးတို့မှာ
တ်စခါတစ်ခါ မကတွေနဲ့
ခြင်္သေ့နိုး နိုးနေခဲ့ပေါ့။

တကယ်ပါ။
သူဟာ
ကာဖ်ကာ မဟုတ်ဘူး
အဲလ်ဘတ်ကမူး မဟုတ်ဘူး
ဂျက်လန်ဒန် မဟုတ်ဘူး
သိပ္ပံမောင်ဝ မဟုတ်ဘူး
ရှိတ်စပီးယား မဟုတ်ဘူး
တော်ဖလာ မဟုတ်ဘူး
ဖူကူရာမ မဟုတ်ဘူး
တောမတ်အယ်လ်ဖရီးမင်း မဟုတ်ဘူး
ထင်သာမြင်သာရှိမှုနဲ့
စကားလုံးများထဲနစ်ဝင် တက်ကြွမှုတို့မှာ
သူဟာ
စာရေးဆရာစစ်စစ်တွေအားလုံးလည်း ဖြစ်နေပြန်ရဲ့။

စာရေးဆရာဟာ
အချိန်ကာလကို မြားတစ်စင်းလို ဖြတ်သန်းနေဆဲ
သူ့နောက်မှာ
သေခြင်းက တန်းလန်းပါသွားခဲ့
မိုးရေနွေးတဲ့တစ်နေ့မှာ…….။

မိုးတွေညို့ပြန်ပေါ့
နှလုံးသာထဲ သမိုင်းရဲ့လမ်းမများထဲ
ရွှေရောင်မြဲတဲ့ထွင်းစာလုံးများ
ရွှေရောင်မြဲတဲ့ ထွင်းစာလုံးများနဲ့
စာရေးဆရာ
ခရီးထွက်ခွာသွားနှင့်ခဲ့ပါပြီ။
အနှစ် ၆၀ ကျော်စာ
အဝေးပြေးကားဂိတ်မှာ
ကျွန်တော်တို့
ပျောက်ကွယ်ဆုံးရှုံးလိုက်ရတဲ့စာရေးဆရာကို ရှာနေကြဆဲ။ ။
နိုင်မွန်အောင်သွင်
ပိတောက်ပွင့်သစ် မေ ၂၀၀၉

Notes:
စာအုပ်လက်ဆောင်ပေးလိုက်သော မိခင်ကြီးကို အထူးကျေးဇူးတင်ရှိပါကြောင်း။ အစအဆုံးဖတ်ရှုပြီးစီးပြီဖြစ်ပါကြောင်းအကြောင်းကြားအပ်ပါတယ်။
သေဆုံးပြီး အနှစ်ခြောက်ဆယ်ကျော်အကြာ အသက် ၉၆ နှစ်ပြည့်သွားတဲ့အခါ လူတစ်ယောက်ကို ကျန်တဲ့သူတွေက ဆက်ပြီး လေးလေးစားစား သတိရနေသေးတယ်ဆိုရင် အဲဒီလူဟာ ဒီဘ၀မှာ ဆက်လက်အောင်မြင်တဲ့သူပါပဲ။ သေဖြင့်မသေသေးဘူး၊ ဟိုလူကြီးဆို မေ့တောင်နေပြီ။ :P



Peace B with U.