Monday, April 4, 2011

အာရှတိုက်ရဲ့ တစ်နေရာ၊ ကုတင်ပေါ်မှာကြာကြာမနေတဲ့စူပါမင်းလို။

အာရှတိုက်ရဲ့ တစ်နေရာ၊ ကုတင်ပေါ်မှာကြာကြာမနေတဲ့စူပါမင်းလို။


(Pls: ဤ ပို့စ်သည် ကဗျာဖတ်သူအနည်းငယ်အတွက်သာရည်ရွယ်ပါသည်။ ကျန်သူများအတွက်တော့ ကပေါက်တိကပေါက်ချာဖြစ်နေသော နားမလည်ခြင်းများကိုလုံးထွေး၍ ဖြစ်သလိုပျက်လိုက်ရသော စာသားများခြေရာလက်ရာမပျက် အရှိအတိုင်းသုံးစွဲထားခြင်းဖြစ်ကြောင်း။)

မမြင်ဖူးပေမယ့် ထောင့်မကျိုးတဲ့ကဗျာတွေနဲ့ ခေတ်ကိုခေါင်းနဲ့ဆောင့်၊တံတောင်နဲ့တွတ်လာတဲ့ငနဲကြီး၊ အသက်လေးဆယ့်နှစ်နှစ်မှာ လေးဆယ့်နှစ်လမ်းသွားပြီးအရက်မသာက်တော့ဘူးလို့ပြောလို့ပြော၊ကဗျာရေးတယ်ဆိုတာ ရှုံးမယ့်မြင်းလောင်းမိသလိုပါပဲလို့ဘုတောလို့တော၊ သူ့ဖိနပ်ခံတပ်လေးထဲကနေ နေရောင်အသစ်တွေထုတ်လွှတ်ပြီး ၂၀၁၀ ရဲ့ကဗျာချန်ပီယံဖြစ်လိုဖြစ်၊ဆေးရုံရောက်လိုရောက်၊ ယူလီဆီးစ်မဖတ်ဖူးဘဲကဗျာရေးတယ်လို့ဝန်ခံလိုဝန်ခံ၊ အသံတွေအားလုံးကိုဖန်ခွက်ထဲထည့်ဖျော်တာလဲသူ၊ နေရောင်လရောင်တွေအထပ်လိုက်သုံးစွဲမယ်ဆိုတဲ့ကဗျာဆရာ သူ့ကိုရွှေတိဂုံဘုရား ခြေရင်းက အခြေစိုက် စစ်ဆေးရုံတစ်ရုံမှာမွေးခဲ့တယ်လို့ကြားရတယ်။ သူက ခံတွင်းပျက်နေတဲ့ကြောင် ၄၂ ကောင်ကိုလမ်းပေါ်မှာတွေ့ခဲ့တယ်။

တရားနဲ့လည်းမဖြေနိုင်၊ အမှားနဲ့လည်းမသေနိုင်ဆိုတဲ့ လူပေကြီး၊ မြစ်ထဲက ငါးတွေလို ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲလို့ ခပ်ဆတ်ဆတ်ပြောတဲ့သူ။ ငွေနဲ့ အညျို့ခံထားရတဲ့ဘ၀၊ ငွေနဲ့အညှို့ခံထားရတဲ့အချိန်ကာလ၊ တစ်ဆို့နေတဲ့ လည်ပင်းထဲကို ရှောရှောရှူရှူ သီချင်းတစ်ပုဒ်လောက် ဘယ်တော့များမှ စီးဆင့်ပါ့မလဲ ဆိုတဲ့ အမှန်ပြောတတ်လွန်းသူလည်းဖြစ်တယ်။ ကမ္ဘာကြီးဟာ လူရိုင်းရွာလို့ပြောလို့ သူ့ကိုရွာပြင်မှာထားလိုက်ကြတယ်။ ဒါပေမယ့် ဒီလူက လူပါး ... ဂျနီဖာလိုပက်ဇ်ရေ .... ငါ့ကို လေယာဉ်လက်မှတ်မြန်မြန်ဝယ်ပို့လိုက်ပါတော့ ဆိုလား လှမ်းမှာလိုက်လေရဲ့။


သမိုင်းရဲ့ကန်ချက်မှာ တိုင်ထိပြီး ပြန်ထွက်လာတာ ဘယ်တော့မှမရှိဘူးဆိုလို့ သမိုင်းဆရာက သူ့ကို အနီကဒ်နဲ့ထုတ်ပယ်လိုက်တယ်။ ဒါတောင်မှ သူက ကမ္ဘာ့ဖလားနဲ့လွဲခဲ့တာပါ။ ကမ္ဘာကြီးနဲ့ လွဲခဲ့တာမဟုတ်ဘူးဆိုပြီး ကွင်းပြင်ထွက်ရင်း ဆဲသွားလိုက်သေးတယ်။

ဒိုင်လူကြီးမရှိတဲ့ကွင်းမှာ
ပင်ပန်းဆင်းရဲစွာ ကစားခဲ့တာ
မိုက်မဲမှုပဲလား ..................................... အဲဒါက သူကွင်းထဲကထွက်သွားတုန်း သူ့ပရိတ်သတ်က အားပေးဟစ်ကြော်တဲ့ သူ့အသင်းရဲ့ သီချင်းဆိုပဲ။

သူ့အဖေက သူ့တို့ကို အလိုလိုက်တယ်လို့ပြောတယ်။ သူပြောပုံက

ဖေဖေက
တစ်ခါမှ သားသမီးတွေကို
လက်ဖျားနဲ့တောင်မတို့ခဲ့ဘူး
သားသမီးတွေကို အမြဲ အလိုလိုက်ခဲ့တယ်
ပန်းချီဆရာဖြစ်သည်အထိ( ဒါက သူ့အကို ပန်းချီဆရာ မောင်နိုးဖြစ်မယ်။ထင်တယ်။)
ကဗျာဆရာဖြစ်သည်အထိ
အရက်သမားဖြစ်သည်အထိ

သူ့ရဲ့ပတ်ဝန်းကျင်ပေါ်သဘောထားက တစ်ကြောင်းတည်းပဲ။
ပတ်ဝန်းကျင်ဆိုတာ ငါတို့ကျော်ဖတ်တဲ့ စာမျက်နှာတွေ ... တဲ့ ရှင်းရော။

အ၀ိဇ္ဖာအရောင်းပြခန်းရှေ့မှာရပ်ပြီး ယခုအချိန်မှစ၍ ကျွန်တော့်ကို မြည်းကြည့်နိုင်ပါပြီ ဆိုတဲ့ငနဲကြီး၊ စာအိတ်ပေါ်က တံဆိပ်ခေါင်းကိုကြည့်ရုံနဲ့ အဲဒီဒေသ အခြေအနေကို ရိပ်မိပါတယ်လို့ ခပ်တည်တည်လျှောက်ပြောနေတယ်။

ဘယ်တော့မှ လက်နက်မချနိုင်တဲ့
ငါတို့ရဲ့ရင်ထဲက အမှန်တရား
အခုအထိ မင်းလဲဆံပင်အရှည်နဲ့
ငါလဲဆံင်အရှည်နဲ့
ငါတို့ရဲ့ အဆင်မပြေမှုဟာ
ငါတို့ရဲ့ တရားသဖြင့်နေထိုင်ခြင်းပါပဲကွာ .....။

စာရွက်ပေါ်မှာမိုက်မဲမိသမျှ
ရင်ထဲမှာ ယာဉ်တိုက်မှုတွေရှိခဲ့တယ်။ ဒါက သူ့ရဲ့ဝန်ခံကတိပေးတုန်းက ရေးခဲ့တဲ့စာသားပဲ။ အ၀ိဇ္ဖာပိတ်ကာဆို့မိစ္ဆာမြို့ပြင်ပြင် ... တဲ့ ကျွန်တော့်ကိုယ်ကို နှင်ထုတ်ဖို့ အစီအစဉ်မလုပ်ရသေးဘူးလို့ ခပ်လေးလေးပြောသွားခဲ့တယ်။

လက်မရွံကဗျာကို ဓားတစ်လက်လိုဝင့်ရင်း ခေါနေတဲ့ရှေ့သွားတွေနဲ့ ငါအလောတကြီး ရောက်လာခဲ့ပြီဆိုတဲ့သူ၊ အငွေ့တထောင်းထောင်းနဲ့အတောမသပ်ခုတ်မောင်း အားကောင်းမောင်းသန် ငါ့အသက်ရှူသံကိုရော တွေ့ကြလားဆိုတဲ့ ညရထားတစ်စီး၊ အခုအထိ သိမ်းပိုက်ထားနိုင်တာကလည်း ယင်ကောင်တွေဝဲနေတဲ့ လက်ဖက်ရည်ဆိုင်စားပွဲတစ်လုံးသာ ဆိုတဲ့စစ်သူကြီး၊ မဝေးတော့တဲ့နွေဦးအတွက် စုဗူးကို ဖောက်လိုက်ပါတော့ဆိုပြီးနှိုးဆော်ခဲ့တဲ့သူ၊ ဒီဘ၀အတွက် နောက်ကျနေတဲ့လူပါ၊မယူပါရစေနဲ့၊နောက်ဘ၀အတွက် စောပါသေးတယ် မယူပါရစေနဲ့ဆိုတဲ့ လက်ခံလိုက်ရမှာဝန်လေးတဲ့သူ .... အဲဒီလူက ကိုယ့်အကြောင်းကိုယ်မေ့ထားချင်လို့ သူများအကြောင်း လျှောက်ပြောနေတာ။

၃၈ လမ်းဈေးက
ပဲပင်ပေါက်ရောင်းတဲ့ကောင်မလေးရေ
တို့နှစ်ယောက်ရဲ့ကြားမှာ
ပြဒါးတိုင်တွေ မလိုပါဘူးကွယ်
တကယ်လိုအပ်နေတာက တစ်နိုင်မွေးမြူရေးပါ ဆိုတဲ့မိန့်ခွန်းကို သူခပ်တည်တည်ပြောကြားသွားခဲ့ဖူးတယ်။

အသည်းကွဲပြီးနောက်သတင်းစကားဆိုပြီး

ခင်ဗျားတို့ဟာ
သကြားလုံးတစ်လုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ ...လို့ ဘုဂလန့်တွေပြောလို့ အသည်းကွဲနေတဲ့သူတွေ ဆက်ကွဲရမလိုလို ပြုတ်ကျသွားတဲ့သကြားလုံးကို ရွှေစည်းခုံလှူရမလိုဖြစ်ကုန်ကြဖူးတယ်။

သူ့ကဗျာထဲကလို
ဟောဒီခန္ဓာကိုယ်ကြီးဟာ
ဘာမှမဟုတ်ပါဘူး
ဘ၀ရဲ့အနုတ်လက္ခဏာတစ်ခုမျှသာဖြစ်နေရဲ့ ဆိုပြီး ဆေးရုံကိုရောက်သွားတယ်လို့ကြားလိုက်ရတယ်။ ကဗျာဆရာပီပီ ကမ္ဘာ့ကဗျာနေ့မှာမှ ဆေးရုံတက်လိုက်သလိုဖြစ်နေတယ်။

နောက်တော့ ဆေးကုသခံနေရတဲ့သတင်းတွေကြားတယ်။
နောက်တော့ ဆေးရုံမှာ ကြာရှည်မနေတဲ့ စူပါမင်းလိုပြန်လာပြီလို့လည်းကြားတယ်။
သူ့အတွက်လည်းဝမ်းသာမိတယ်။

ကဗျာအားဖြင့်သာသိကျွမ်းကြပေမယ့် ဒီခင်မင်မှုဟာလည်း ခိုင်မြဲတဲ့ကြိုးတစ်ချောင်းနဲ့တူပါတယ်။ သူ့ရဲ့ အာရှတိုက်ရဲ့တစ်နေရာကို ၀မ်းမြောက်ဝမ်းသာခြင်းအထိမ်းအမှတ်နဲ့ရွတ်ဆိုလိုက်ပါတယ်။

ကဗျာဆရာလှသန်း (ခ) ကြည်မောင်သန်း (ခ) နိမိတ်ထွန်း (ခ) မောင်သီးသန့် ကျန်းမာပါစေဗျား။

အာရှတိုက်ရဲ့တစ်နေရာ

(၁)
အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ ပခုံးပေါ်မှာ
လေးထပ်တိုက် ၈လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့ တစ်နေရာလို့ ဆိုပါစို့
အဲဒီရွာရဲ့ အဌမမြောက်တိုက် အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ် ၄ ယောက်
(၂ယောက်က ညီအကို)
ဘင်္ဂလားဒေ့ရှ်လူရွယ်တစ်ယောက်
ပြီးတော့ငါတို့၂ ယောက်
ဓါရဏ ပရိတ်၊ ကိုရ်အမ်ကျမ်း၊ ရော့ခ်သီချင်း
ဂျင်းဘောင်ဘီ၊ ၀ိုင်ယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက် ၂ ကောင်
တစ်အိုးတစ်အိမ် ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ
အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့

(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိမ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေ အတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေ မချိမဆန့်အလုပ်လုပ်ကြ
အဲဒီအလုပ်ဟာ အသက်အန္တရာယ်နဲ့နီးပေမဲ့
"ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ"လို့
ဘင်္ဂလားဒေ့ရှ်လူငယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ် အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာ နိစ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေညင်းနံ့သင်းတဲ့ စီးကရက်ကိုဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့ နောက်ကိုပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်က အပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုံးဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူနဲ့ တရုတ်မလေးကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေသေသွားကြ
နက်ရှိုင်းလှတဲ့ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
မေးခွန်းတွေထုတ်ရင်း ကြေကွဲရပြန်
"တရားမ၀င် အလုပ်သမား" တဲ့
အာရှကျားတွေထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့ အမေရိကကို
မျက်စပစ်နေလေရဲ့

(၄)
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာကုမ္ပဏီတစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့ တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ ဘ၀ဟာ ဘာမှမသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါ တာဝန်ပဲမဟုတ်လား
(၀ဋ်ကြွေးလည်းဖြစ်နိုင်ရဲ့)
အခုမှ ငါ့ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲရှိပါသေးတယ်
တစ်ခါတစ်လေ
နံရံပေါ်က ကမ္ဘာ့မြေပုံကိုကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကိုမဟုတ်ဘူး
ဟာဒ်ရော့ခ်ကဖေးကိုမဟုတ်ဘူး
"နိုင်ငံကူးလက်မှတ်"လို့အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကိုမဟုတ်ဘူး
မီရှယ်ယိုးဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည် အိမ်လေးကိုပါ။

(၅)
"အမျိုးသားက နိုင်ငံခြားမှာလေ ..." ဆိုပြီး
ရပ်ကွက်ထဲမှာ
တချို့ ဇနီးမယားတွေပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်းရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွပ်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကိုခွဲခွာခဲ့
သူငယ်ချင်းများနဲ့ တိုင်းပြည်ကိုခွဲခွာခဲ့
အဲဒီအတွက် ရမယ့်ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကိုရေတွက်ရင်း
"လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်လို့" ညည်းမိ
ဒါပေမဲ့ သုဝဏ္ဏသျှံမဟုတ်တော့ ....


(၆)
ခုတော့
အာရှကျားတွေရဲ့ ပါးစပ်ထဲက
အမဲသားတစ်ဖတ်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့ အနာတွေပါ
ရင်းနေတဲ့အနာတွေပါ။ ။

ကြည်မောင်သန်း
အောက်တိုဘာ ၂၀၀၅။ နှလုံးအိမ် Magazine

With Regards,
Zephyr



Peace B with U.