Wednesday, December 29, 2010

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ၀ိဝါဒများ


လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ၀ိဝါဒများ
Fred Brooks ဆိုတဲ့သူက ပြောဖူးတယ်။ ပင်လယ်ခရီးသွားရင် ခရိုနိုမီတာ နှစ်ခုယူမသွားနဲ့။ ယူမယ့်ယူ တစ်ခု (သို့မဟုတ်) သုံးခုယူသွားတဲ့။


ခရိုနိုမီတာဆိုတာကတော့ ရေကြောင်းသုံးနာရီတစ်မျိုးပါ။ သိပ်ကိုတိကျတဲ့အတွက် သူ့ကို စံအဖြစ်သတ်မှတ်ပြီး၊ ကြယ်တွေသွားတာ၊လတ်တီတု(ဒ်) လောင်ဂျီတု(ဒ်) တွေတိုင်းတာဖို့တွေမှာ သုံးပါတယ်။ တစ်ခုတည်းယူသွားတော့ အေးတာပေါ့ဗျာ။ မှားနေလား၊မှန်နေလား တွေဝေစရာမရှိဘူး။ နှစ်ခုယူသွားရင် နှစ်ခုစလုံး မှန်နေရင်ဖြစ်ဖြစ်၊ နှစ်ခုစလုံးမှားနေရင်ဖြစ်ဖြစ် ကိစ္စမရှိဘူး။ တစ်ခုနဲ့တစ်ခု မတူဘူးဖြစ်နေရင် ခက်ပြီ။ ဘယ်ဟာကမှားလဲ .. ဘယ်ဟာကမှန်လဲ မခွဲတတ်တော့ဘူး။ အဲဒီတော့ ယူမယ့်ယူ ဒွိဟဖြစ်စရာမလိုအောင် တစ်ခုတည်းယူသွားတာကောင်းတယ်။ မဟုတ်ရင်လည်း ပထမတစ်ခုနဲ့ ဒုတိယတစ်ခု ဘယ်ဟာ မှားနေတာလဲသိအောင် တတိယတစ်ခုနဲ့တိုက်ကြည့်ချင်ရင် သုံးခုယူသွားတာကောင်းတယ်။ (တတိယတစ်ခုက နောက်ထပ်မတူတဲ့ ရလဒ်ထပ်ပြနေရင်တော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။ ) Fred Brroks ကတော့ သူ့ရဲ့ နာမည်ကျော် The Mythical Man-Month စာအုပ်မှာ ပြောတာပါ။ Software Engineering အကြောင်းရေးတာပါ။ အဲဒါကို ကျွန်တော်က လက်ထပ်ထိမ်းမြားခြင်း ၀ိဝါဒထဲကိုဆွဲသွင်းလာတာပါ။ .... ယူမယ့်ယူ တစ်ယောက်တည်းယူတာ စိတ်မအေးပေဘူးလား။ နှစ်ယောက်တော့မယူနဲ့ .. ယူမယ့်ယူ သုံးယောက်ယူ။


မိန်းမနှစ်ယောက်ယူတဲ့သူတွေကို ကပ္ပတိန် Jackစာကလေးလို့ခေါ်တယ်။ လေနံနှစ်ဖက်နင်းလို့ဆိုလား။ ငါးရံ့နှစ်ကောင်ဖမ်းတယ်ဆိုလားလည်းပြောတယ်။ ငါးရံ့အစား ငါးပူတင်းနှစ်ကောင်ဖမ်းမိလို့ အစားမှားပြီး အဆိပ်သင့်တဲ့သူတွေလည်းရှိတယ်ကြားတယ်။ ယောကျာ်းတွေကို ပြောင်ထားတဲ့ဟာသကလည်းရှိတယ်။ မိန်းမတွေဟာ ယောကျာ်းတစ်ယောက်တည်းဆီက အများကြီးလိုချင်တာ။ ယောကျာ်းတွေကြတော့ မိန်းမအများကြီးဆီက တစ်ခုပဲ လိုချင်တာတဲ့။ အဲဒီလိုပြောတော့ သူငယ်ချင်းတွေက ငြင်းတယ်။မဟုတ်သေးပါဘူးကွာ ... ဖြစ်နိုင်ရင် မိန်းမအများကြီးဆီက အများကြီးလိုချင်တာကို ရောင့်ရဲလိုက်တာကြတော့ ထည့်မပြောဘူး .. ကတောက် .... တဲ့လေ။။


ယောကျာ်းတွေဟာ ရာသီဥတုဖြစ်ဖို့ကောင်းတယ်ဗျ။ အင်မတန်သာယာတတ်တာ။ ဘာမဆိုသာယာနေသလားတောင်ထင်ရတယ်။ တစ်ယောက်ကို မီးထွန်းဖို့၊ တစ်ယောက်ကို ကိစိဖွင့်ဖို့ (ရွှေ Battery ကြော်ငြာကို မမီလိုက်တဲ့ကလေးတွေ လူကြီးတွေကို ပြန်မေးလိုက်ပါ။) ယူချင်ကြတယ်။ ဖြစ်နိုင်ရင် အလောင်းတော်ဘ၀ကလို မြိုင်မြိုင်ဆိုင်ဆိုင်လေးဆို မနိပ်ပေဘူးလား။ နွေ၊မိုး၊ဆောင်း ...အပျံစား ဇရပ်သုံးခုနဲ့ဆိုလား၊ ရွေသုံးရံဆိုတာ အဲဒီကတည်းကရှိတယ်။ အသက်အပိုင်းအခြား သုံးမျိုးက အမျိုးသမီးတွေနဲ့ ... အခုခေတ် မဆာ့ခ်ျကို သနားတာပေါ့။ ပြီးတော့ အေ့ဒ်တွေဘာတွေလည်းမရှိတဲ့ခေတ်။ ... အဲဒီလိုတွေးကြတယ်။ အဲဒီလိုခေတ်မျိုးသာဆိုရင် ယောကျာ်းတွေ တစ်နေ့တစ်နေ့ ဘုရင်ဖြစ်ဖို့ပဲ ကြိုးစားနေမယ်ထင်တယ်။( ဒီအကြောင်းတွေကို ကလင်တန်မဖတ်မိတာတော်သေးတယ်။ ဖတ်များဖတ်မိရင် ...သမ္မတဖြစ်တာ နောက်ကျသွားလို့သာ တရားစွဲခံလိုက်ရတာလို့ ယူကြုံးမရ အပူလုံးကြွပြီး .. လူလုံးမလှဖြစ်သွားမယ်။) ...


ယဉ်ကျေးမှုတော်တော်များများမှာ ယောကျာ်းကောင်းမောင်းမတစ်ထောင် ဆိုတာကို ထောက်ခံတဲ့အယူအတော်များများရှိတယ်။ (ဒါကလည်း ယောကျာ်းတွေရဲ့ထွင်လုံးပဲနေမှာ။ ယောကျာ်းတွေမှာက ဉာဏ်ရောင်စုံရှိတယ်။ အဆင်ပြေသလို ယုံကြည်မှုကိုတပ်ဆင်နိုင်တယ်။(ဥပမာ - နောက်ဆုံးတစ်ယောက်ကို အချစ်ဆုံးလို့ သူ့ဘာသာသူလည်းယုံတယ်။ တခြားသူကိုလည်းယုံအောင်ပြောနိုင်တယ်။ မွေးရာပါစွမ်းရည်တွေပါ။)) မိန်းမတစ်ယောက်က ယောကျာ်း ၈ ယောက်လောက်ပဲယူကြည့် နာမည်ကျော် အတင်းအဖျင်းစာစောင်တွေမှာ အတော်လေးကို ထိပ်တန်းသတင်းဖြစ်သွားမယ်။ တန်းတူညီမျှဆိုရင် တန်းတူညီမျှစစ်စစ်ပဲကောင်းတယ်။ မိန်းမကောင်း မောင်းထီးတစ်ထောင်ဆိုတာကမှ Biologically acceptable statement ပိုဖြစ်သေးတယ်။


ယောကျာ်းတွေက physically stronger beings ဖြစ်တယ်။ ဒါတောင်မှ အောက်ကလင့်ခ်ကိုကြည့်ရင် ရာနှုန်းပြည့် မဟုတ်ဘူးဆိုတာသိရတယ်။
Mental strength အရဆိုရင် အားနွဲ့သူပါရှင်လား၊ အားနွဲ့သူပါဗျာလားဆိုတာက အတော်လေးမေးခွန်းထုတ်စရာဖြစ်လာနိုင်သေးတယ်။ အခုလို နှိုင်းယှဉ်ပြောရတာက ဂျန်းဒါသည် nothing but nothing ဆိုတာကို အတည်ပြုတာပါ။ အဲဒီတော့ အိမ်ထောင်ပြုရင် အလိုလိုနေရင်း ပိုက်ဆံရှာသူ (ခ) ပေါင်မုန့်နိုင်သူ (breadwinner) သည် အီဖေကိုယ်ပဲ ဆိုတာမျိုးလည်းမရှိတော့ဘူး။ အိမ်ထောင်ဦးစီးဆိုတဲ့ရာထူးတွေဘာတွေလည်း ဒီခေတ်မှာမရှိတော့ဘူး။ မရှိတော့ဘူးဆိုတာက ၀မ်းနည်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ အတူတူ လက်တွဲညီညီ နေထိုင်သွားဖို့ အဆင်ပြေသွားတာကိုပြောချင်တာပါ။ One up ဖြစ်နေရင် နေရင်းထိုင်ရင်း တပည့်မ ကြီးဖြစ်နေရင် စိတ်ပျက်စရာ။ မယူခင်ကမှ တော်သေးတယ်။ ယူပြီးမှ မယားဝတ္တရား ၉၅ ပါးတွေဖြစ်နေမယ်။ သခင်နဲ့ကျွန်မှမဟုတ်တာ။ ဇနီးနဲ့ ခင်ပွန်းပဲမဟုတ်လား။ ကျွန်ပိုင်ရှင်စနစ်က 1860 လောက်မှာတော့ အတော်လေးနားထောင်လို့ကောင်းခဲ့တယ်။ အဲဒီအချိန်က အမေရိကန်မှာဆို ကျွန်ချည်းပဲ လေးသန်းလောက်ရှိတယ်။ သူတို့ဆီမှာလည်း ပြည်တွင်းစစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်ပိုင်ရှင်စနစ်တ ဖြည်းဖြည်းပျောက်သွားတယ်။ ကျွန်တွေကဘယ်ရောက်ကုန်သလဲဆိုရင် အာရှရဲ့မီးဖိုချောင်ထဲရောက်ကုန်တယ်။ အာရှမှာတော့ မိန်းမယူလိုက်ရင် တပည့်ကြီးတစ်ယောက်ရသလိုပဲ .... တစ်ချို့အိမ်တွေမှာဆို ယောက္ခမက သားမိန်းမယူပြီဆိုရင် အိမ်ဖော်တောင် ရွာပြန်ခိုင်းလိုက်တယ်။ ... ကောင်မလေးတွေ လုပ်တာကိုင်တာ အချိုးမပြေပါဘူး သမီးရယ် ..အဟင်းအဟင်း ဆိုပြီးလေ။


တစ်ယောက်နဲ့တစ်ယောက်ဘာလို့ယူခဲ့မှန်းမသိတာမျိုးက ယူပြီး ခုနှနစ်လောက်ကြာတဲ့အခါမှ စပြီးမေးခွန်းထုတ်မိကြတယ်လို့ ကျွမ်းကျင်သူတွေကပြောတယ်။ ကျွမ်းကျင်သူတွေဆိုလို့ သေချာကြည့်တော့လည်း လူပျိုကြီးတွေဖြစ်နေတယ်။ ... သိပ်ကို ကျွမ်းကျင်လို့ အခုအထိ လူပျိုကြီးဖြစ်နေတာကွလို့ မျက်စောင်းကြီးကို ထမိန်စွန်တောင်ဆွဲထိုးတယ်။ (ဘယ်လိုမျိုး ထမိန်စွန်တောင်ဆွဲမျက်စောင်းလဲဆိုတာကတော့ အသက်သုံးဆယ်ကျော်အမျိုးသားလူပျိုကြီးများထံမှ လေ့လာကြပါရန်။)


ယူတာကတော့ဟုတ်ပါပြီ။ ယူပြီးရင် ဘာတွေစွန့်လွှတ်ရမလဲဆိုတာကရှိသေးတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို Married but Still Available ဆိုတာမျိုး မရတော့ဘူး။ ရသေးတယ်ထင်ရင် စိတ်ကျန်းမာရေးဆေးရုံသွားဖို့လိုပြီ။ ဒါမှမဟုတ်လည်း အပြန်အလှန် သဘောတူညီဖို့လိုတယ်။ ယောကျာ်းက Available ဆိုရင် မိန်းမကိုလည်း Available လုပ်ခွင့်ပြုထားသင့်တယ်။ ...ဟဲဟဲ ... အဲဒါကလည်း သေချာစဉ်းစားကြည့်ရင် အဲဒီလို ငနဲတွေအတွက် Paradoxical situation ပဲ။


နောက်တစ်ခုက ကိုယ်တစ်ယောက်တည်းမဟုတ်တော့ဘူး။ သေရင် ငိုရမယ့်သူရှိလာပြီလို့သဘောပေါက်ရမယ်။ မဟုတ်ရင် သေနိုင်တဲ့ကိစ္စတွေကို သိပ်မလျှော့နိုင်ဘူးဖြစ်နေမယ်။ အလိုလိုနေရင်းကို သေနိုင်တဲ့ကြားထဲ ပိုပြီးမြန်မြန်သေနိုင်တာတွေကို လျှော့သင့်လျှော့ ..ဖြတ်သင့်ဖြတ်ရမယ်။ မိန်းမယူလိုက်လို့ ရေတစ်ခွက်ပိုရောပြီး ချမယ်ကွာ ဆိုတဲ့ ယမကာလုလင်တွေလိုတစ်ခုခု ဆုံးဖြတ်ရတော့မယ်။ ဒါမှမဟုတ် တစ်ယောက်တည်း အသည်းရောဂါရရင် မလွယ်ဘူး။ မိန်းမကလည်း ပြောနေမယ်။ အဲဒီတော့ မိန်းမနဲ့ အတူတူသောက်ရင်ကောင်းမယ်။ အဲဒါဆို အသည်းကျွမ်းဦးတော့ နှစ်ယောက်စလုံး အတူတူကုရတော့ ပျော်စရာကောင်းသေးတယ်။


နောက်တစ်ခုကတော့ ... မရှင်းမရှင်းဆက်ဆံရေးကို သဘောကျတဲ့သူတွေအနေနဲ့ ... Do or Die ဖြစ်လာပါပြီ။ နှမလက်လျော့နေလေတော့တွေဘာတွေရေးရမယ့်အချိန်ဖြစ်လာပြီ။ မရေးရင်လည်း မင်္ဂလာဆောင်မှာ မလိုလားအပ်တဲ့ ဖုန်းတွေလာနိုင်တယ်။ Gtalk ထဲက ၁၇၃၆ ယောက်က ဘယ်သူလဲဆိုတာတွေ ဖြေရှုင်းဖို့ အချိန်ရောက်လာတယ်လို့လည်းပြောနိုင်တယ်။ အတိတ်ကို အတိတ်မှာ၊ ပုလိပ်ကို ဂိတ်မှာ ထားခဲ့ဖို့အတွက် နည်းလမ်းတွေ၊မူပေါင်/မူဘောင် တွေချမှတ်ရတဲ့ကာလဖြစ်လာနိုင်ပါတယ်။ Document proofs တွေနဲ့ softcopy တွေကို ဘယ်နားမှာ host ရမလဲ ခေါင်းမီးတောက်ရတဲ့အချိန်လို့လဲပြောနိုင်တယ်။


အခုရှုပ်မှနောင်ရှင်း ဆိုတာက ယောကျာ်းတွေပျက်စီးရာ ပျက်စီးကြောင်းမြှောက်ပေးတဲ့ စကားပုံတစ်ခုပဲ။ နောက်ရှင်းအောင်ပဲ အခုရှုပ်ထားဖို့လိုသလိုကိုဖြစ်နေတယ်။ ဒါတွေကလည်း ရှိတယ်။ ယောကျာ်းမှန်ရင် တစ်ခုခုတော့ ဆိုးမှဆိုတာကလည်းရှိသေးတယ်။(ယောကျာ်းဖြစ်ရတာလွယ်တယ်မှတ်လို့ ... )မိန်းမတွေမကြိုက်လှတဲ့ အခါးရည်ကြီးတွေ ကြိတ်မှိတ်သောက်ရသေးတယ်။ Chatting တွေမှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ရသေးတယ်။ သတ္တ၀ါတွေအပေါ် မေတ္တာဖြန့်ကျက်ရသေးတယ်။ ဖြတ်သွားသမျှ သတ္တ၀ါတွေကို မေတ္တာဖြန့်ကျက်ရင်း မေတ္တာလွန်သွားလို့ တဏှာဖြစ်ဖြစ်သွားရရှာတာ။ ... အဲဒါတွေကို မိန်းမယူတာနဲ့ တိခနဲ ဖြတ်ဖို့ဆိုတာ အာဂယောက်ျားတွေမှပဲ လုပ်နိုင်တာမျိုးမဟုတ်လား။ အဲဒါတွေကိုလည်း စနစ်တကျ ပြင်ဆင်ရသေးတယ်။


မိန်းမယူတယ်ဆိုတာကို သိပ်လွယ်တယ်မမှတ်ပါနဲ့။ ဘုရားရှင်တိုင်းဟာ မိန်းမယူခဲ့သေးတယ်လို့ဆိုတယ်။ ဘာလို့လည်းဆိုရင် မိန်းမ မရတဲ့ဘုရားဆိုပြီး နာမည်ပျက်မှာစိုးလို့ပဲ။ ပါရမီတွေ အဆက်ဆက်ဖြည့်ပြီး မိန်းမလေးတောင်ရမသွားဘူးဆိုတာမျိုးရပ်ကွက်ထဲမှာပြောနေမှာစိုးလို့နဲ့ နောက်တစ်ချက်က မယူဘဲစွန့်တာနဲ့ယူပြီးစွန့်တာနဲ့မှာ ယူပြီးမှ စွန့်နိုင်တာဟာ ပြတ်သားတယ်လို့ သက်သေပြရာရောက်တယ်လို့ဆိုတယ်။ (အဲဒါကိုတော့ သိပ်လက်မခံပါဘူး)။ ဆိုလိုတာကတော့ဗျာ .. ဘုရားအလောင်းတော်တောင် တောမထွက်မခြင်း အိမ်ယာတည်ထောင်ပြီး နေတယ်ဆိုတာကိုပါ။ ဒီကိစ္စကို လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဝိ၀ါဒထဲ ထည့်လိုက်ရတာကတော့ စုံစုံလင်လင်ပါအောင်ပါပဲ။ ဘုရားဖြစ်ဖို့ဆိုတာ အခက်ဆုံး လုပ်ငန်းပဲ။ အဲဒီမှာတောင်မှ ဘုရားဖြစ်မယ့်ဘ၀မှာ မိန်းမယူဖို့လိုတယ်ဆိုတာကို ထောက်ပြတာပါ။ ပေါ့ပေါ့တန်တန်ထင်နေမှာစိုးလို့ထည့်လိုက်တဲ့သဘောပဲ။ (ဒါကိုလည်း အကျယ်ရေးထားတဲ့စာအုပ်တွေရှိပါတယ်။ အထူးသဖြင့် မိန်းမရှိရက်သားနဲ့ အပြီးအပိုင် ရဟန်းလာပြုတဲ့ လူတွေကို အရှင်ဆေကိန္ဒဟောတာလည်းရှိတယ်။ အရှင်ဆန္ဒာဓိကဟောတာလည်းရှိတယ်။ ဘုရားက ယသော်ဓရာ ကို စွန့်တယ်ဆိုတာ အမြော်အမြင်နဲ့ သူ့အတွက် အကောင်းဆုံးတရားနဲ့ပြန်ပြီးပေးနိုင်ဖြေနိုင်တဲ့အတွက်စွန့်တာဆိုတာကို နားလည်ဖို့လိုတယ်ဆိုတဲ့အကြောင်းပါ။ မိန်းမဆူလို့ ဘုန်းကြီးလာဝတ်တာနဲ့လုံးလုံးမတူပါဘူး။)


နောက်ဆုံးတစ်ချက်ကတော့ Mutual Respect ပါပဲ။ The last but not the least ပါပဲ။ ဒါကလည်း အရေးကြီးပါတယ် ကျန်တာတွေကိုလည်း ထပ်ပြီးဖြည့်စွက်စဉ်းစားလိုက်ကြပါဦး။ ။

===============================================
မေတ္တာရပ်ခံချက် ..........။ ။
===============================================
HIV ကူးစက်ခံရရှာတဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ မအိန္ဒြာ (http://eaindrar.blogspot.com/)တို့ အလှူခံနေပါတယ်။
တတ်အားသမျှ လှူနိုင်ကြပါတယ်။ ရွှေးချယ်ခွင့်နည်းတဲ့ ဘ၀ထဲမှာ အကူအညီလိုသူတွေကို ကိုယ်ကူညီနိုင်သလောက် ကူညီလိုက်ကြမယ်ဆိုရင် နေရတဲ့ အခိုက်အတန့်လေးတွေဟာ ပိုပြီး အဓိပ္ပာယ်ရှိလာမှာပါ။ ဘ၀မှာ ကိုယ်နဲ့မဆိုင်ဘူးလို့ ငြင်းခွင့်လည်းရှိတယ်။ ကူညီမယ်ဆိုပြီး ကူညီခွင့်လည်းရှိတယ်။ အဲဒါက ကျေနပ်စရာကောင်းပါတယ်။ အကောင်းအဆိုးဆိုတာက တခြားသူသတ်မှတ်တာထက် ကိုယ့်စိတ်က ရောင်ပြန်ဟပ်တာက ပိုပြီး အနှစ်သာရရှိပါတယ်။


ကောင်းတာတွေလုပ်နေရင်း စိတ်မချမ်းသာရဘူးဆိုရင် အဲဒီကောင်းတာတွေဟာ စိတ်ထဲမှာ လုံလုံလောက်လောက် ကောင်းတယ်လို့ စိတ်က လက်မခံနိုင်လို့ပါ။ ကုသိုလ်အလုပ်တွေဟာ သံသရာကောင်းကျိုးရဖို့သေချာသလို အခုလက်ငင်း ပျော်ရွှင်ကြည်နူးစေတာမျိုးပါ။


အားလုံး စုပေါင်းကုသိုလ်လုပ်ကြတာဖြစ်လို့ ... မလှူရသေးတဲ့လူတွေ အားလုံးကိုဖိတ်ခေါ်ပါတယ်။ Bonus ထုတ်ထားတဲ့သူတွေလည်း များများထပ်လှူကြပါလို့ တိုက်တွန်းပါတယ်။

>>>For Nga Ye,
Thanks bro, yeyene for your design ...



Peace B with U.