Monday, March 22, 2010

ဟာသနှင့် ဆန့်ထွက် တွေးခြင်း (၃)

ရေတစ်ဝက်ထည့်ထားတဲ့ဖန်ခွက် နှင့် rationalist
..
ကျွန်တော်ဖန်ခွက်လေးအကြောင်းပြန်ပြောချင်ပါတယ်။
ရေထည့်ထားတဲ့ခွက်ကလေးပါ။ တစ်ချို့တွေကလည်း နွားနို့ထည့်ထားတယ်လို့ပြောပါတယ်။

ခွက်က တစ်ဝက်ပြည့်နေတယ် ...။
အဲဒါက အကောင်းမြင်ပြောတာပါ။
ခွက်က တစ်ဝက် လွတ်နေတယ် ...။
အဲဒါက အဆိုးမြင်ပြောတာပါ။

အဲဒီအထိတော့ အရင်ကလည်းကြားဖူးပါတယ်။ ဒီနေ့တော့ rationalist တစ်ယောက်ရဲ့ အမြင်ကိုပါ ဖတ်လိုက်ရပါတယ်။

"ခွက်က ကြီးသင့်တာထက် နှစ်ဆကြီးနေတယ်။" တဲ့ ...။

Rationalist ရဲ့ အဖြေကို ပိုသဘောကျတယ်။ ရယ်လည်းရယ်မိတယ်။
တစ်ဝက်လွတ်တာတွေ ပြည့်တာတွေကို သူမမြင်ဘဲ ခွက်က ကြီးနေတာကိုပဲပြောသွားတယ်။ ဒီလောက်ရေအတွက် ဒီလောက်ခွက်ပဲ လိုတယ်ဆိုတဲ့ အမြင်မျိုးပါ ....။ Rationalist တွေက reason ကို knowledge အနေနဲ့ ယူဆပါတယ်။ အဲဒါကြောင့် သူ့ရှုထောင့်က တစ်မျိုးဖြစ်သွားတာပါ။

ဘုရားသခင်နှင့်ကျောက်တုံး

နောက်တစ်ခုက ဘုရားသခင် အကြောင်းပါ။
ဘာသာပြန်ထားတဲ့ ၀တ္ထုတစ်ပုဒ်မှာ ဖတ်လိုက်ရတာပါ။ ဘုရားသခင်က အားလုံးကို တတ်နိုင်မယ်ဆိုရင် သူ မမ နိုင်တဲ့  ကျောက်တုံးကို ဖန်ဆင်းနိုင်မှာပဲ။ သူမမနိုင်တဲ့ကျောက်တုံးကို ဖန်ဆင်းပြီးပြီဆိုပါတော့ ... သူ မနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဘုရားသခင်ဟာ အားလုံးကို မတတ်နိုင်ဘူး။
အဲဒါက logic သမားတွေပြောလေ့ရှိတဲ့ ဥပမာတစ်ခုပါပဲ။ ပြုံးစရာကောင်းပါတယ်။

ဘုရားသခင်၏ အခန်းကဏ္ဍ

နောက်ထပ်ဟာသတစ်ခုလည်းရယ်စရာကောင်းပါတယ်။ အခြေခံအချက်လေးတွေပြောထားမှ ပိုရယ်ရမှာပါ။
ခရစ်ဝင်ကျမ်းတွေမှာ Jesus ဆေးကြောခြင်းခံတဲ့အချိန်မှာ ကောင်းကင်ကနေ ထာဝရဘုရားက ထောက်ခံစကားပြောကြားပါတယ်။ အခုဟာသက အဲဒါလေးကို ပြင်ထားတာပါ။

ရာဘိုင် လေးယောက် ဘာသာရေးနဲ့ပတ်သက်ပြီးငြင်းခုန်နေကြတယ်။
တစ်ယောက်ကတစ်ဖက် ကျန်တဲ့သုံးယောက်က တစ်ဖက် ငြင်းပါတယ်။
တစ်ယောက်တည်းသမား ရာဘိုင်က ဘုရားကိုတိုင်တည်ပါတယ်။
"ဘုရားသခင် တပည့်တော်မှန်ကန်ကြောင်းသက်သေပြပေးပါ"
မြေငလျင် တစ်ချက် လှုပ်သွားပါတယ်။
ကျန်တဲ့ သုံးယောက်က "ငလျင်လှုပ်သွားတာပါကွာ ... မှားတာက မှားတာပဲ" တဲ့။
တစ်ယောက်တည်းသမားက ထပ်ပြီး တိုင်တည်တယ်။
"ဘုရားသခင် သိသိသာသာလေး သက်သေပြပါ"
မုန်တိုင်းကျမလိုတွေဖြစ်လာတယ်။ လေပြင်းတွေတဟူးဟူး တိုက်ခတ်လာတယ်။
"ကျန်တဲ့သူတွေက မုန်တိုင်းပါကွာ ... မှားနေတာက မှားနေတာပဲ ..." လို့ငြင်းတယ်။
တစ်ယောက်တည်းသမားက ထပ်ပြီး တိုင်တယ်တယ်။
"ဘုရားသခင် တပည့်တော်မှန်ကန်ကြောင်း သက်သေပြပေးပါ"
ကောင်းကင်က အသံကြားရတယ် ..."HEEEEEEEEEEEE'S RIGHT"
ဘုရားကိုယ်တိုင်က သူမှန်ကြောင်းထောက်ခံတယ်ဆိုတော့ တစ်ယောက်တည်းသမားက ပြုံးသွားတယ်။ ကဲတွေ့ပြီမဟုတ်လားဆိုတဲ့ စတိုင်နဲ့ပေါ့။
ကျန်တဲ့သုံးယောက်ကပြောတယ်။
"ဘာပဲဖြစ်ဖြစ် အခုတော့ နှစ်မဲ သုံးမဲနဲ့ မင်းမှားနေသေးတာပါပဲ" တဲ့။

အဲဒီဟာသလေးကို သဘောကျတယ်။ ဘုရားက ၀င်ထောက်ခံရင်တောင် သုံးမဲနှစ်မဲပဲရှိသေးတယ်ဆိုတာ တော်တော်လေးကို ဟာသမြောက်တဲ့ ဒဿနပါပဲ။

....ဒီဟာသ သုံးခုကိုပြောပြရတာ သင်ခန်းစာသုံးခုအတွက်ပါ ...။
  • နှစ်ခုလောက်သိပြီး အကုန်သိတယ်မပြောဖို့ရယ်။
  • ဘုရားသခင်ရဲ့ မမနိုင်တဲ့ကျောက်တုံးကို သွားမကြည့်ဖို့ မကြိုးစားဖို့ရယ်။
  • အရာရာတိုင်း မဲခွဲဆုံးဖြတ်လို့မရဘူးဆိုတာရယ်ပါပဲ။

စိတ်ချမ်းသာအောင်နေချင်တဲ့သူတစ်ယောက်ဟာ ကိုယ်အားလုံးသိတယ်လို့ ယူဆပြီး မငြင်းရပါဘူး။ တစ်ချို့မပြုပြင်နိုင်တဲ့ (မပြုပြင်နိုင်သေးတဲ့) ကိစ္စတွေကို တနုံ့နုံ့ဖြစ်မနေရပါဘူး။ လုပ်သင့်တာကို လုပ်ရင်း ဖြစ်သင့်တာ ဖြစ်လာမယ်ဆိုတဲ့စိတ်နဲ့ပဲနေရပါမယ်။ တစ်ခုခုကို ကိုယ်တိုင်သိဖို့ကြိုးစားရင်း သိနားလည်သွားရင် အများရဲ့ ထောက်ခံချက်ရဖို့ မလိုအပ်ဘဲ ကြိုးစားမနေပါနဲ့။ ကောင်းတာဟာ လှည့်ပတ်ပြောတတ်တဲ့သူနဲ့တွေ့ရင် မကောင်းသလိုလိုဖြစ်သွားတတ်ပါတယ်။ အဲဒါကို လိုက်ပြီး ငြင်းခုန်နေရင် ဘယ်တော့မှ မပြီးပါဘူး။ စိတ်ချမ်းသာမှုကို ဘယ်လို အချိန်မှာဖြစ်ဖြစ် ... ဘယ်လို အနေအထားမှာဖြစ်ဖြစ် မစွန့်လွှတ်တဲ့သူဟာ စိတ်ချမ်းသာခြင်းနဲ့ထိုက်တန်တဲ့သူဖြစ်ပါတယ်။ နေရာတစ်နေရာကို မထိုက်တန်ဘဲယူထားတဲ့သူတွေဟာ တစ်သက်လုံး ကျီးလန့်စာစားဖြစ်ပါတယ်။ အလုပ်တစ်ခုခုကို လုပ်တိုင်း စိတ်ချမ်းသာမှုမပျက်စီးဖို့နဲ့ အချိန်တွေ အလဟဿကုန်မသွားဖို့ အရင်တွေးမိရင် ... ဒီဟာသ သုံးခုကို သင်တကယ်နားလည်သွားပြီလို့ယူဆလိုက်ပါ။


ခင်မင်စွာဖြင့်
Zephyr

Notes:

အခုတလောဖတ်ဖြစ်တာတွေနဲ့ ငယ်တုန်းက ဖတ်ထားတာတွေပေါင်းရေးလိုက်တာပါ။
ကျမ်းပြုနေတာမဟုတ်လို့ ဘယ်တုန်းက နှာ(စာမျက်နှာ) ဘယ်လောက်က ဘယ်အပိုဒ်ကို ရည်ညွှန်းတယ်လို့
မထည့်လိုက်တော့ပါဘူး။ ဟာသတွေမှာ အခြေခံ ဒဿနတွေကို သွေဖယ်ထားတာတွေကို လေ့လာဖြစ်ပါတယ်။ ဘယ်ဒဿနကို လှောင်ထားတာလဲဆိုတာနဲ့ အဲဒီ ဒဿနရဲ့ အားနည်းချက်တွေကိုပါဖတ်ရတဲ့အခါ ပျော်စရာကောင်းပါတယ်။

ဒီ post တွေရေးနေတဲ့အချိန်မှာ အကုသိုလ်ဖြစ်မနေဘဲ စိတ်ကလည်း ချမ်းသာနေတဲ့အတွက် ကုသိုလ်လို့ပဲ ယူဆပါတယ်။ စာရေးရင်းကုသိုလ်ရနေတာကို ကျေနပ်ပါတယ်။ မနက်မိုးလင်းလာတာနဲ့ လူတွေဟာ ပထမဆုံး စိတ်ဆင်းရဲစရာတွေခေါင်းထဲရောက်လာတတ်ပါတယ်။ အဲဒါကလည်း သဘာဝပါပဲ။ အဲဒီလို စိတ်ဆင်းရဲစရာကြီးကိုဝမ်းသာအားရ လက်ခံလိုက်ရင် အဲဒီ စိတ်ဆင်းရဲစရာကြီးက ကိုယ့်ကို သိပ်ချစ်ပြီး တွယ်ကပ်နေတာနဲ့ တစ်နေ့လုံးစိတ်ဆင်းရဲနေရတော့မှာပါပဲ။ အဲဒီတော့ စိတ်ချမ်းသာစရာတွေများများလုပ်ဖို့လိုပါတယ်။ ရယ်စရာပဲဖြစ်ဖြစ် ပျော်စရာပဲ ဖြစ်ဖြစ် တစ်ခုခု တွေးလိုက်၊ ဖတ်လိုက်ရင် လောလောဆယ် စိတ်က ပိတ်မိနေတဲ့ အတွေးတွေထဲက လွတ်သွားပါတယ်။ စိတ်ဖိစီးနေတာကနေ ခဏလွတ်သွားရင် စိတ်က ပြန်အေးသွားပြီး အားပိုရှိလာပါတယ်။

အားလုံးမှာ စိတ်ညစ်စရာအလုံအလောက်ရှိနေကြတဲ့ Age of Anxiety , Age of Depression, Age of Material Wealth, Age of Nonsense ကြီးထဲမှာ ခဏလောက်ဖြစ်ဖြစ် စိတ်ချမ်းသာကြစေချင်ပါတယ်။ ဒီစိတ်ကို ဂရုမစိုက်ရင် ပိုပြီး သောကများတဲ့သူတွေဖြစ်လာပါလိမ့်မယ်။ ပျော်စရာကောင်းတာတွေကိုပဲ အပြင်မှာရှာနေကြမယ်ဆိုရင် အပြင်မှာ ပျော်စရာမရှိတဲ့နေ့ဟာ စိတ်ညစ်စရာကောင်းတဲ့နေ့ဖြစ်နေမှာပါ။ အလိုလိုနေရင်း ပျော်နေတဲ့သူတွေရှိပါတယ်။ သူတို့တွေဟာ အပြင်မှာပျော်စရာမရှိပေမယ့် ပျော်နေကြတာပါပဲ။ စိတ်ချမ်းသာနေကြတာပါပဲ။ တစ်နေ့တစ်နေ့ စိတ်ချမ်းသာအောင် ဘယ်လိုနေသွားမလဲဆိုတာက အခုခေတ်ရဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ .... တစ်ကယ်စိတ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တဲ့သူတွေဖြစ်လာကြမယ်ဆိုရင် ... ပိုပြီး နေပျော်တဲ့ လူ့အသိုင်းအ၀န်းဖြစ်လာမှာပါ။

ဒီနေ့လည်း စိတ်ချမ်းသာအောင်နေပါ။
နောက်နေ့လည်းစိတ်ချမ်းသာအောင်နေပါ။
ကိုယ့်စိတ်ကိုကိုယ် ဒုက္ခမပေးပါနဲ့။

အခုတွေ့ကြုံနေကြသူတွေဟာ မကြာခင် ခွဲခွာသွားရမယ့်သူတွေလည်း ဖြစ်နိုင်သေးလို့ ... အတူတူရှိနေသေးတဲ့ အချိန်တွေကို တန်ဖိုးထားပါ။ ရရှိနေတာတွေကို တန်ဖိုးထားတဲ့သူတွေဟာ စိတ်ချမ်းသာခြင်းနဲ့ထိုက်တန်တဲ့သူတွေဖြစ်ပါတယ်။ ရဖို့ချည်းပဲမကြိုးစားနေပဲ ရဖို့ ထိုက်တန်တဲ့ အရည်အချင်းနဲ့ပြည့်စုံအောင် ဖြည့်ဆည်းတာဟာ ပိုပြီး သင့်တော်မှန်ကန်တဲ့ အားထုတ်မှုဖြစ်ပါလိမ့်မယ်။

........... May U B Happy, Joyous and Peaceful ...




Similar Posts:



Peace B with U.