Monday, March 22, 2010

လွန်လေပြီးသော နှစ်နှစ်တာ ... ဒန်ဒန့်ဒန်

ဒါကတော့ ... ပျင်းလို့ရေးတာပါ။
ကျွန်တော့်မှာ ညီအကိုလိုခင်တဲ့ မိတ်ဆွေတွေ တော်တော်များပါတယ်။
မြန်မာပြည်ကနေ အလုပ်လာရှာမယ့်သူတွေ၊ ကျောင်းလာတက်မယ့်သူတွေ ...အမြဲပဲတစ်ခုခုမေးပါတယ်။
ဘာသင်လာရမလဲ ဆိုတာပါ။ ဖြစ်နိုင်ရင်တော့အဠာရသ ၁၈ ရပ် အပြင် ဖုန်းရွှေနဲ့ chicken rice ချက်နည်းပါတတ်ရင်တော့ စင်ကာပူမှာ အမြန်ဆုံးကြီးပွားနိုင်ပါတယ်။ ...

အဲဒီလိုမှမဟုတ်ဘဲ သုံးလလေးလလောက်ပဲ အချိန်ယူပြီး တစ်ခုခု သင်လာလည်းရပါတယ်။
သေချာတတ်ရင်တော့ကောင်းပါတယ်။ အဆင်ပြေပါတယ်။ မဟုတ်ရင်တော့ Certificates က တစ်အုပ်ကြီး မဗေဒါ တစ်ပင်တည်းဖြစ်ပြီး ... ဘာအလုပ်လျှောက်ရမလဲကအစရွေးရတာရှုပ်ပါတယ်။ ကျွန်တော်ဆို မြန်မာပြည်မှာ ... အပျော်တမ်းစစ်တုရင်ထိုးတယ်၊ အားနေတဲ့အခါ ကြက်တောင်ရိုက်တယ်။ ဒီထက်အားနေရင် ခွေးတွေနဲ့ကစားတယ်။ ဒိ့ထက် ဒီ့ထက်မကအားနေရင် ဆယ်တန်းတွေကို စာသင်တယ်။ ဒီထက် ဒီ့ထက် ဒီ့ထက်အားနေရင် ကွန်ပြူတာနဲ့ book worm ဆိုတဲ့ game ဆော့တယ်။ အဲဒါမှ အချိန်ပိုသေးတယ်ဆိုရင်တော့ 24 in 1 ဆိုတဲ့ DVD တွေ တစ်ညလုံးထိုင်ကြည့်တယ်။ နည်းနည်းပျင်းလာရင် ဘောလုံးပွဲကြည့်တယ်။ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ ဘုရားစူး အင်ဂျင်နီယာလို့ပြောရအောင်ပဲ ဘာမှမလုပ်တတ်ဘူး။ ကွန်ပြူတာလည်း မြန်မာပြည်မှာ စာအုပ်ထဲမှာ program ရေးရတဲ့အတွက် မီးပြတ်နေပြီး Internet မရှိရင်တောင် အလွယ်လေးတွေရေးနိုင်ပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ developer ဖြစ်ဖို့တောင် ကွန်ပြူတာမလိုဘူး။ ... အဲဒီလို မိဘလုပ်စာကို တို့တာဝန်အရေးသုံးပါးအရ ထိုင်စားနေရာကနေ မိဘတွေ အသက်ကြီးလာပြီ .. ဒီထက်ကပ်စားနေရင် အဆင်မပြေတော့ဘူး ဆိုတာကို ဗီဒီယိုကြည့်ရင်း သိလိုက်ရပါတယ်။ အဲဒီတုန်းကတော့ မျက်ရည်တွေဘာတွေစို့ ...နှာရည်တွေဘာတွေ ယိုလို့ပေါ့ဗျာ ....။ အလုပ်လုပ်ရင် ပင်ပန်းတော့မှာကိုး ....။ မွေးထားတဲ့ငါးတွေကလည်းမနည်းဘူးဆိုတော့ ဒီအကောင်တွေ ဒီအတိုင်းထားခဲ့ရမှာက ရှိသေးတယ်။ မွေးကတည်းက အတူနေလာတဲ့ အဘွားနဲ့ကလည်း ခွဲရဦးမယ် ...။ မြေးအဘွားနှစ်ယောက်သား အိန္ဒိယကားထဲကလို ငိုငိုပြီး ကဖို့တောင် ကြံသေးတယ်။

နောက်တော့ တစ်ခုခုလုပ်မှဖြစ်မယ်ဆိုတာကိုတွေးမိတယ်။
ဘာမှမှ သေသေချာချာ မသိဘူးလေ။
နည်းနည်းစီတော့ အားလုံးသိသလိုလိုနဲ့ ကျောင်းတက်စားလာတာချည်း ၁၆ နှစ်ဆိုတော့ .... ကျောင်းမှာပျော်တယ်။ ဖြစ်နိုင်ရင် ကျောင်းတက်ချင်တယ်။ ကျောင်းလျှောက်တော့ NTU က မခေါ်ဘူး။ ၀မ်းနည်းပါတယ်။ သူတို့လူတော်တစ်ယောက် ဆုံးရှုံးသွားပြီဆိုတာကို စာအရှည်ကြီးရေးပို့လိုက်မလို့ ရေးပြီးကာမှ မီးပျက်သွားလို့ အင်တာနက်ဆိုင်ကပြန်ခဲ့ရတယ်။ ... ကျောင်းလျှောက်တာလည်းမပါဘူး။ ထိုင်စားလို့ကလည်း အဆင်မပြေဘူး။ စာလည်းမသင်ချင်တော့ဘူး။ စာသင်တာကို ၀ါသနာပါပေမယ့် သိပ်ကို ထုံထိုင်းထူပိန်းပြီး အခြေခံယိုယွင်းယိုင်နဲ့လွန်းတဲ့ ငပျင်းတွေကို သင်ရတဲ့အခါ ကိုယ့်ကိုယ်ကို သနားလာတယ်။ ငါဖြေပေးလို့ရရင် ဖြေပေးချင်ပါတယ်ဆိုတာကို တစ်နေ့ကို ၇၆ ခါပြောပြောနေရတာ စိတ်ကုန်ငြီးငွေ့လာတယ်။

နောက်တော့ J2EE ကို သုံးလတိတိသင်တယ်။
ဘာမှမခက်ပါဘူး။ လွယ်ပါတယ်။ ဆရာကလည်း တော်ပါတယ်။ လက်ဖက်ရည်ခဏခဏ၀ယ်တိုက်တဲ့အတွက် ဆရာက သိပ်တော်ပါတယ်။ သင်တန်းမပြီးခင် ဆရာက စင်ကာပူကိုပြေးပါတယ်။ သူက အခု blacklist ထင်ပါတယ်။ ပြန်တဲ့အခါမှ တို့လိုက်ရမယ်။

အဲဒါနဲ့ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ အသိတွေက စင်ကာပူမှာ အလုပ်လာရှာဖို့ခေါ်ပါတယ်။
အဲဒီတော့ ဒီအတိုင်းထိုင်စားလို့မတင့်တယ်ရင်လည်း အလုပ်ရှာမယ်...အလုပ်လုပ်ပြီး ရပ်တည်မယ်လို့ ရူးရူးမိုက်မိုက်တွေးမိပါတယ်။ ပုံမှန် အားဖြင့်တော့ ဒီလောက်မိုက်တဲ့အတွေးမျိုးတွေးလေ့မရှိဘူး။ အသည်းကွဲနေလို့သာ ဆုပ်လည်း ဗယာကြော် စားလည်း ဗယာကြော်ဆိုပြီး ထင်ရာစိုင်းလိုက်မိတယ်။

စင်ကာပူရောက်တော့ ကျွန်တော်တို့ အသိတစ်ယောက်အခန်းမှာနေပါတယ်။ အလကားခေါ်ထားတာပါ။ နေစရိတ်ငြိမ်း ..စားတာလည်း စုစားကြ။ ချက်စားကြပဲ။ ပျော်ပျော်ကြီးပေါ့လေ။ အဲဒီတုန်းကတော့ စိတ်ပင်ပန်းတာက အလုပ်မခေါ်သေးတာပါပဲ။ အလုပ်လျှောက်ပြီး အိပ် ...။ မနက်ဆို ကိုယ့်ဘုရားကိုယ်ရှိခိုးပြီး ဘုရားတွေကို ညှော်တာပေါ့ ..အရှင်ဘုရားတို့တော့ အလုပ်လျှောက်ဖူးတယ် ဘယ်ရှိမလဲ ...ဒါပေမယ့်ပေါ့နော် ... အလုပ်ရသင့်တဲ့ဝေနေယျထဲမှာ တပည့်တော်ကို ရှေ့နားမှာ ထားပေးပါနော်။ ကျေးဇူးမမေ့ပါဘူး ဘာညာ။ အဲဒိလိုတွေဆုတောင်းတာပေါ့နော်။ ပုတီးကိုလည်း တဂျောက်ဂျောက်ပေါ့ ...။ အရင်ဘ၀က ဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းဆိုတာသာရှိရင်ပေါ့ ...တစ်ယောက်ကို စင်ကာပူဒေါ်လာ နှစ်ကျပ်စီလာပေးစေချင်တယ်ပေါ့နော် ...။ ဒါဆိုရင် ၁ သိန်းခြောက်သောင်းလောက်ရရင် မြန်မာပြည်ပြန်မယ် ...အဲဒိလိုပေါ့ ...ပုတီးစိပ်ရင်း အဓိဌာန်တင်ပါတယ်။

ဒါနဲ့ပဲ နှစ်ပတ်မှာ အလုပ်ခေါ်ပါတယ်။
အင်တာဗျူးသွားတော့ ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့က Rocker တွေကို အားကျလို့ boot ပဲစီးပါတယ်။ shoes မ၀ယ်လာပါဘူး။ အင်တာဗျုးဖို့ တံခါးလာဖွင့်ပေးတဲ့သူက ဖိနပ်ချွတ်ထားပါတယ်။ အော် ဖိနပ်ချွတ်ထားတာကိုးဆိုပြီး ဖိနပ်ချွတ်ပြီးဝင်သွားပါတယ်။ အင်တာဗျူးဖြေပြီး နောက်နှစ်ရက်လောက်မှာ အလုပ်ခန့်ပါတယ်။ Sata ပြေးပြီး HIV နဲ့ TB စစ်ရပါတယ်။ ဗီဒီယိုထဲကလို သွေးသွင်းမိတာမျိုး .... လောလောလတ်လတ်ကြီးမုတ်ဆိတ်ရိတ်သွားတဲ့ အေ့ဒ့်စ်ရောဂါရှင် လူကြီးရဲ့ ဂျူတ်ကို ယူပြီး ခြေသလုံးမွှေးရိတ်တာတို့ .... အများသုံးနှုတ်ခမ်းပိုင်ရှင်တွေကို လူမှုရေးအရ Lip kiss နမ်းတာဘာညာမရှိခဲ့တဲ့အတွက် ... (အမယ်လေးလေး ...တော်တော်ရေးရတာပဲ ).... HIV မရှိပါဘူး။ TB ကတော့ရှင်းပါတယ်။ မရှိဘူး။ မကြာခင် မှာအလုပ်ဝင်ရတော့မယ်ဆိုတော့ပျော်တယ်။ ကိုယ်လျှောက်ပြောတာ အဟုတ်ထင်ရှာတဲ့သူတွေကိုလည်း သနားပါတယ်။ ....အင်တာဗျူးမှာ ဘာတွေဖြေခဲ့လည်းမသိဘူး။ ကြုံသလိုပဲ မသိတာကို သိပ်မမေးခင် သိတာတွေကို အကြာကြီးလှိမ့်ရွှီးနေတာပဲမှတ်မိတယ်။

အဲဒီနေ့တွေကစပြီး ဘုရားကို မှန်တမ်းပဲ ပူဆာတော့တယ်။
သိပ်အဖြစ်မသည်း အကဲမဆတ်တော့ဘူး။

နောက်တော့ အလုပ်ဝင်တယ်ပေါ့ဗျာ။
ဘာမှမသိဘူး။ တစ်လလုံး စာဖတ်နေရတယ်။ ဘာမှလည်းမခိုင်းဘူး။
ရုံးက အိုကေလှချည်လားလို့တွေးတော့မှပဲ နင်းကန်ခိုင်းတော့တယ်။
နောက်တော့လည်း အသားကျသွားပါတယ်။
သာသာယာယာ ရှိပြီး ပျော်ပျော်ပါးပါး လှေလှော်သွားကြတယ်။

အလုပ်လုပ်ခါမှ NTU ကခေါ်တယ်။ တက်မယ်လို့စိတ်ကူးတယ်။ ကျောင်းတက်ရမှာပျော်စရာကိုး။ နောက်တော့ part time ဆို loan မပေးဘူးတဲ့။ Full time ဆိုရင် Student Pass ပြန်လျှောက်တဲ့။ နောက်တစ်ခါ ဆုပ်လည်းဗယာကြော် စားလည်းဗယာကြော်ထပ်ဖြစ်တယ် ဆိုပါတော့။ တကယ်တက်ခွင့်ရတော့လည်း မတက်နိုင်ပြန်ဘူး။ လူမိုက်နဲ့အတူမနေတဲ့ ငွေကြောင့်ဖြစ်တယ်။ ပိုက်ဆံက လက်ထဲမှာ ၅၀၊ ၁၀၀ မရှိတတ်ဘူး။ ဘဏ်ထဲမှာလည်း မရှိတတ်ဘူး။ ထားစရာမရှိလောက်အောင်ပဲ ပိုက်ဆံတွေက။ ထားဖို့တောင်မရှိတာ။ ... ပညာရေးလမ်းကြောင်းက ရှည်ရမလို တိုရမလိုဖြစ်ပြီး ဖြတ်မျဉ်းတစ်ကြောင်းပေါ်လာတယ်။


အဲဒီလို ဘာမှမသိပေမယ့် အလုပ်ရတဲ့အတွက် ... အလုပ်ရဖို့ သိပ်မခက်ခဲ့ဘူးလို့ထင်ပါတယ်။ နောက်ပိုင်းပိုပိုခက်လာတာတွေ့ရပါတယ်။ အကြံတူနောက်လူသာစမြဲဆိုပေမယ့် .... အိမ်သာဝင် နောက်လူ နံစမြဲဆိုတာလည်းရှိပါသေးတယ်။ အဲဒီတော့ အကြံမပေးတတ်ပါဘူး။ လာပြီးကြိုးစားကြည့်စေချင်ပါတယ်။ ဘာမှမလုပ်လို့ ဘာမှမဖြစ်တာကိုက ပိုပြီးခံရခက်ပါတယ်။ ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်ဆိုလား ပြောကြပါတယ်။ ဒါကို ကြည့်ရင်မကြိုးစားတဲ့သူတွေများလို့ ဘုရားအပွင့်နည်းတာဆိုတာ သိသာပါတယ်။ အခုကိစ္စက ဘုရားဖြစ်ဖို့လုပ်နေတာမဟုတ်တဲ့အတွက် အလုပ်ရဖို့ကတော့ အဲဒီထက် အဆပေါင်း သိန်းသောင်းများစွာလွယ်မှာပါ ...။

စင်ကာပူမှာ လူတွေက အပူနည်းအောင်နေပါတယ်။ ကိုယ့်အပူနဲ့ကိုယ်သက်သာအောင်နေတတ်ကြပါတယ်။ သူများအပူလည်း မယူချင်ပါဘူး။ လူတိုင်းဟာ အလုပ်မှာ ကြိုးစားကြတဲ့အတွက် အိမ်ပြန်ရောက်ရင် သက်သက်သာသာလေးနေချင်ပါတယ်။ အလုပ်မှာ ပင်ပန်းလာတဲ့သူတစ်ယောက်အနေနဲ့ ဘာမှ အများကြီး မကူနိုင်တာများပါတယ်။ လိုအပ်တဲ့အကူအညီ ပေးနိုင်သလောက်ပေးပြီးရင် လှည့်မကြည့်နိုင်ဘူး။ မြန်မာကားတွေမကြည့်တာကြာတဲ့အတွက် မြန်မာပြည်က ကျန်ရစ်သူကြီးတွေကို အလွမ်းသယ်တာတွေကိုလည်း သိပ်ပြီး ရင်တွင်းဖြစ်ဆန်လို့ မခံစားပေးနိုင်ပြန်ဘူး။ အချင်းချင်း ရန်ဖြစ်ကြရင်လည်း ၀င်ပြီး ဆွဲရတားရမလုပ်ချင်ဘူး။ Network ကြိုး ဖြုတ်ပေးဆိုရင်တော့ ဖြုတ်ပေးလိုက်တယ်။ကျွန်တော့် chat list ထဲက A to Z ကလေးမလေးတွေဟာ အကို့သူငယ်ချင်းလို့ပြောပေးပါဆိုတာမျိုးတွေကိုလည်း မုသားမဖြစ်အောင် .... အဲဒါတွေက သံသရာမှာတော်စပ်ခဲ့တဲ့သူငယ်ချင်းတွေပဲလို့ မှတ်ပိုက်ပြီး ဗြောင်ကြီးညာရသေးတယ်။

မြန်မာပြည်က ကွမ်းယာနဲ့ ပင်နီဆူလာက ကွမ်းယာ ဘယ်ဟာ ပိုကောင်းသလဲ သိချင်လို့ အလုပ်လာရှာတဲ့ နောင်တော်ကြီးကြတော့ တစ်မျိုးပါ။ အေးဆေးပဲ။ အလုပ်လျှောက်တယ်။ ဂိမ်းဆော့တယ်။ ဘောလုံးပွဲကြည့်တယ်။ အားရင် သူငယ်ချင်းဆီသွားတယ်။ ဒါတောင်မှ ဆံပင်တစ်ချောင်းဖြူပြီးပြန်သွားတယ်။

အခုလည်း အလုပ်အကိုင်တွေ ပြန်ပြီးပေါများလာတဲ့အတွက် ၀င်လာမစဲ တသဲသဲ ပြန်ဖြစ်လာဦးမယ်ထင်ပါတယ်။ အတတ်နိုင်ဆုံး ကူညီနိုင်သလောက် ကူညီဖို့ ပြင်ဆင်ထားပါတယ်။ မတတ်နိုင်တာတွေလည်း အကူညီတောင်းရင် ပြေပြေလည်လည်ပြောတတ်အောင် ပြင်ဆင်ထားပါတယ်။ စိတ်ညစ်မယ့်ကိစ္စဘာမှ လုပ်မှာမဟုတ်တဲ့အတွက် စိတ်မညစ်ရမယ့် ကိစ္စတွေဆို ကူညီပေးနိုင်မယ်လို့မျော်လင့်ပါတယ်။ အလုပ်က software engineering ဖြစ်တဲ့အတွက် အဲဒါနဲ့ပတ်သက်တဲ့ အလုပ်တွေဆိုရင်တော့ နည်းနည်းပိုကူညီနိုင်ပါမယ်။ မသိတာတွေကိုတော့ သိပ်ပြီးမကူညီနိုင်ပါဘူး။

စင်ကာပူမှာ အလုပ်ရှာမယ်ဆိုရင် သေချာပေါက်လိုတာက ကွန်ပြူတာဖြစ်ပါတယ်။
နောက်တစ်ခုသေချာပေါက်လိုတာက ဘာသာစကားကျွမ်းကျင်မှုဖြစ်ပါတယ်။
နောက်ဆုံးမှာ နည်းနည်းလိုတာက တကယ်တတ်ဖို့ဖြစ်ပါတယ်။
နောက်ဆုံးမှာထပ်လိုသေးတာက ကံတရားက ကိုယ့်ဘက်ပါဖို့ဖြစ်ပါတယ်။
ဘုရား၊ ကွမ်ရင်မယ်တော်၊ ပုတီး ပူးပေါင်းပြီး အလုပ်သာကြိုးစားရှာလိုက်မယ်ဆိုရင် ရသွားမှာပါ။
အထူးသတိပြုရမှာက အေးဂျင့်တွေနဲ့ မလုပ်ဖို့ပါပဲ။ သေချာမသိဘဲ ဘာမှမလုပ်ပါနဲ့။ လိမ်တယ်ညာတယ်၊ အလုပ်မကောင်းတာတွေကို အေးဂျင့် fees များများတောင်းတယ်။ အလုပ်လျှောက်ပေးမယ်။ 25 ကျပ်ပေးထားဆိုတာမျိုးလည်းရှိတယ်။ Interview တစ်ခါပါ ၅၀၀ဆိုတာမျိုးတွေလည်း ရှိတယ်။ သိပ်ကောင်းတဲ့အလုပ် ၁၀၀၀ လောက်ရမယ်ဆိုတာမျိုးလည်း ဒုနဲ့ဒေး။ လစာ ၁၈၀၀ ရတဲ့အလုပ်ကို ၃၅၀၀ ပေးရမယ်ဆိုရင် ပေးလိုက်ပါမယ်။ ကျေကျေနပ်နပ်။ တစ်လကို ၁၀၀၀ လောက်ရမယ့်အလုပ်ကို Agent Fees အကုန်ခံပြီးမလျှောက်ပါနဲ့။ ၃၅၀၀ ရဲ့ တစ်ဝက်လောက်ကို ကျေကျေနပ်နပ်ကြီးသုံးပြီး မြန်မာပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းပြန်သွားပြီး၊ နောက်တစ်ခါပြန်လာတာကမှ ပိုပြီးကျေနပ်စရာကောင်းပါသေးတယ်။


ဒါတွေဟာ ပေါ့ပေါ့ပါးပါးပြောလိုက်တဲ့ နှစ်နှစ်တာ အပိုင်းအစတွေပါ။
အခုတော့လည်း တစ်လတစ်လ သိပ်မြန်နေလို့ ... ပြက္ခဒိန်တွေကိုပဲ နာရီလက်တံလုပ်ထားနေမိတယ်။

ခင်မင်စွာဖြင့်
Zephyr

Notes:
လာပြီးအလုပ်ရှာဖို့မြှောက်ပေးတဲ့ မမွန်။
အိမ်မှာ ရှစ်ကျပ်တောင်းတဲ့ဒဏ် ကြံ့ကြံ့ခံပြီးခေါ်တဲ့ ကိုအောင်ဒင်
ရှိတာတွေ ကြော်ချက်ကျွေးတဲ့မောင်ဖြိုး
ခေါက်ဆွဲထုပ်စားဖော်စားဖက် မောင်ဆက်
အလည်လာသွားသူကိုမျိုး၊
ကွမ်းအ၀ယ်ထွက်ဖို့ လာသူ Brother John
ပိုက်ဆံ ၇ သိန်း ပေးပြီးပြန်လာမတောင်းသေးတဲ့ ကိုဘုန်းကြီး
နေ့တိုင်းအားပေးတဲ့မွေးသဖ၊
ဗေဒင်ဆရာပြောတဲ့ အိုဇာတာကောင်းမယ်ဆိုတာကို သိပ်မအိုခင်ဆုံးသွားလို့မသိလိုက်တဲ့ အမေ။
အခုအထိ ကျန်းကျန်းမာမာနေထိုင်ရင်း အိန္ဒိယက က ဖို့စောင့်နေတဲ့အဘွား၊
ထိုသူများအားလုံးကိုကျေးဇူးတင်ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကစပြီး သားအရင်းလို စောင့်ရှောက်ထားတဲ့ မွေးသမိခင်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း။
အကြွေးလာဆပ်မယ်ဆိုပြီး စိတ်ချမ်းသာအောင်ပြောသွားရှာတဲ့ ညီလေးတစ်ယောက်ကိုလည်း အဲဒီစာလေးမကြာခဏဖတ်ပြီးပြုံးနေရလို့ ကျေးဇူးတင်ရှိပါကြောင်း။
သံသရာဆိုတဲ့ရေပွက်လေးထဲမှာ နှစ်နှစ်ဆိုတာ သိပ်မကြာလိုက်တဲ့တဒင်္ဂလေးပါပဲ ...။ အားလုံး စိတ်ချမ်းသာ ငြိမ်းချမ်းကြပါစေ .....။




Peace B with U.