Saturday, February 6, 2010

ဖေဖော်ဝါရီ တိမ်တိုက်များ

ဖေဖော်ဝါရီ တိမ်တိုက်များ။

တစ်ချိန်က သမ္မာကျမ်းစာကို သံကြိုးတွေနဲ့ခတ်တဲ့ခေတ်တစ်ခေတ်ရှိခဲ့ဖူးတယ်။
အယူအဆမတူသူတွေကို သဘောထားကြီးစွာ အဆိပ်တစ်ခွက် တိုက်တဲ့ခေတ် တစ်ခုလည်းရှိခဲ့ဖူးတယ်။
ဘယ်ဘက်နံရိုးကြားမှာ လှံသွားထိုးဖောက်မှုတွေရှိခဲ့တယ်။
အဖြူရောင်ဟမ်းလော့ခ် အမြစ်တွေနဲ့ ဖော်ရွေမှုတွေရှိခဲ့တယ်။

ကမ္ဘာကြီးရဲ့လက်တွေ နွေးထွေးနေပါသေးလား။
ခေတ်တွေ ပြောင်းလဲတာနဲ့အမျှ ကမ္ဘာကြီးရဲ့ကျောက်ရည်ပူတွေ ပိုမိုအေးခဲလာတယ်။
ကမ္ဘာကြီးက တတိယ သစ်တောတွေကို မုန်းတယ်လို့ရော စပြီးပြောနေပြီလား။
ကမ္ဘာကြီးကို ကျေးဇူးတင်ခွင့်နဲ့အတူ ကြေးစွပ်ခွင့်ပါ ကျွန်တော်တို့ရရှိခဲ့တယ်။
ကမ္ဘာကြီးဟာ ကပ်ဆိုးတွေအမျိုးမျိုးနဲ့ ခေါင်းပေါ်က လူတွေကို ခါချဖို့ကြိုးစားခဲ့တယ်။
ကမ္ဘာကြီးဟာ သဘာဝဘေးအန္တရယ်ဆိုတဲ့ "အကောင်ပြ အရိပ်ထင်လေမလား " မျှော်လင့်ချက်မျိုးနဲ့ ယိုင်ခွေပြိုလဲခဲ့ဖူးတယ်။
ကမ္ဘာကြီးဟာ ကျောင်စိမ်းတူးဖော်မှုကြောင့်ဖြစ်တဲ့ အနာတွေ၊ ရေနံထုတ်ယူမှုကြောင့်ဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အနုမြူစမ်းသပ်မှုကြောင့်ဖြစ်တဲ့ ... လှေဝမ်းဖောက်မှုတွေပါမကျန် ရေးမှတ်ထားတဲ့ ဒိုင်ယာရီကို မနေ့တနေ့ကပဲ မီးရှို့ဖျက်ဆီးခဲ့ပါပြီ။
ဒီနေ့တိုက်နေတဲ့ လေပူတွေဟာ မနေ့က ကျွန်တော်တို့ချလိုက်တဲ့ သက်ပြင်းတွေပါလို့ ကျွန်တော်ကပြောရင် မအံ့သြလိုက်ပါနဲ့။ ... စိမ်းလန်းသော ကျက်စားရာအရပ်မှာ ငြိမ်းချမ်းစွာ အိပ်စက်ခွင့်ရနေတဲ့ တိမ်တိုက်လေးတွေက အစ ... ကံအကျိုးပေးနည်းခဲ့လွန်းနေသေးသရွေ့ .... မနေ့က ကိစ္စတွေ ဒီနေ့ ဆက်ဖြစ်နေဦးမှာပါ။ ဒီနေ့ ရှူခွင့်ရနေသေးတဲ့လေအတွက် သဘာဝတရား၊ အတိတ်ဘ၀က ကံ၊ ဘုရားသခင် နဲ့ အလ္လာ၊ မဟာဗြဟ္မာနဲ့ ဆင့်ကဲဖြစ်စဉ် ... အစရှိတာတွေကို ကြံဖန် ကျေးဇူးတင်လို့ရပါတယ်။ ဒါပေမယ့် ဒီနေ့မွန်းကြပ်သွားတဲ့ ထွက်သက်တစ်ခု အတွက်တော့ ... ကိုယ့်တာဝန် ကိုယ်ယူလိုက်တာက ပိုသင့်တော်လိမ့်မယ်။ ကမ္ဘာကြီးက သူ့ ဦးခေါင်းပေါ်မှာ နင်းထားတဲ့ခြေသံတွေထဲမှာ ကျွန်တော်တို့ခြေသံတွေ ပိုပြီးတိုးဖွလာတာ သူသိမယ်ထင်ပါတယ်။

စိုထိုင်းတဲ့ ဘ၀တစ်ခုခြောက်သွေ့ရုံလောက် နေသာတဲ့နေ့လည်ခင်းတစ်ခုမှာ ... သစ်ရွက်ကြွေသံတွေကြားနေရတယ်။
သစ်ရွက်တွေဟာ ကြွေကျဖို့စိမ်းလန်းခဲ့တာလို့ပြောရင် သင်မယုံလိုက်ပါနဲ့။
ဇူပေရီ ... ကျေးဇူးပြု၍ သေတ္တာထဲမှာ လဲလျောင်းနေမယ့် သိုးကလေးဟာ ငါတို့ကို ခင်ရဲ့လား ဆိုတာ မင်းသားလေးကို မေးလိုက်စမ်းပါ။
ဆော့ခရေတ္တိက ပြောတယ် ငါ ဘာမှ မသိသေးဘူးဆိုတာပဲ သိတယ် တဲ့။
ကျွန်တော်တို့က သူ့ထက်သာပါတယ်။ ကိုယ်ဘာမှမသိသေးတာကိုလည်း သိသလို၊ ဆော့ခရေတ္တိ ဘာမှ မသိသေးဘူးဆိုတာကိုလည်းသိတယ်။ ဘ၀ဆိုတာ လောကဓံတရားနဲ့ ထုပ်ဆီးတိုးခါနီးမှာ ထမင်းရည်ပူစည်းနင်းမိလို့ ထွက်လိုက်ရတဲ့ဖြစ်စဉ်တစ်ခုပါပဲ။
ခံစားချက်တွေကို ဖယ်ထုတ်လိုက်ရင် ဘ၀မှာလူတွေရှင်နေတာနဲ့ သစ်ပင်ရှင်နေတာနဲ့က ဘယ်လောက်ကွာခြားမလဲ၊ နည်းနည်းလေးဆန့်တွေးရင် ရောက်သွားမယ့်ခရီးကို ကွေ့ပတ်သွားကြတာ ပိုပြီး စွန့်စားရာရောက်ပါတယ်။


ကျွန်တော်တို့ရဲ့ ရှင်သန်မှုဟာ တည်းတည်းလေး မတော်တဆဖြစ်မှုတစ်ခုထက်မပိုဘူးဆိုတာ သင်လည်းသိမှာပါ။
စကြ၀ဠာအဖွဲ့အစည်းမှာ ... ခပ်နှေးနှေးလေးလိမ့်နေတဲ့ ဂေါ်လီလုံးတစ်လုံးပေါ်မှာ သင်နှင့်အတူ မာနကြီးနေသော ကျွန်ုပ် ၊ သင်နှင့် ကျွန်ုပ်တို့လိုပင် မာနကြီးနေသော ဘာသာတရားမှာ ငါစွဲကပ်နေသူတစ်ချို့ သူတလူငါတမင်း မာနကြီးနေကြတယ်။ ကျွန်တော်တို့ ဆိုတဲ့စကားလုံးကို ဖြစ်နိုင်ရင်မသုံးချင်ဘူး။ ကျွန်တော်နဲ့ သင်ဟာ ကွဲပြားနေတဲ့အခါ အုပ်ချုပ်သူလူတန်းစားတစ်ရပ်ဟာ ခါတော်မီ ဖျာတစ်ချပ်ကို ဘယ်တော့မှဖြန့်ခင်းခွင့်ရမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိသလို၊ သင်လည်းသိတယ်။ ကျွန်တော်တို့တွေဟာ ကိုယ့်စည်းကမ်းနဲ့ကိုယ်နေတဲ့ အခါ ပြင်ပက စည်းကမ်းတွေကို လိုက်နာစရာမလိုတော့ဘူး။ ကျွန်တော်တို့ဟာ အတွင်းစိတ်က ရိုးသားတဲ့အခါ ဆိုင်းဘုတ်တွေဟာ အပိုအလုပ်တွေဖြစ်လာတယ်။ ကျွန်တော်တို့ဟာ စိတ်ရင်းအတိုင်းပြောတဲ့အခါ .... လုပ်ကြံဇာတ်လမ်းပြောမယ့်သူတွေ ငိုင်တွေသွားကြတယ်။ ကျွန်တော်တို့တွေ သွေးစည်းညီညွတ်တဲ့အခါ ... ပင်လုံစာချုပ်နောက်တစ်ခု သက်သာသွားတဲ့အတွက် သစ်ပင် သုံးလေးပင် ဆက်လက်ရှင်သန်ခွင့်ရသွားတယ်။ ကြွေကျလာတဲ့သစ်ရွက်ပေါ်မှာ ကံဆိုးပြီးပါလာတဲ့ ပုရွက်ဆိတ် နှစ်ကောင် တိုက်ခိုက်နေတာသင်မြင်ဖူးလား မသေချာပေမယ့်၊ စစ်ပွဲသတင်းတွေကိုတော့ သင်ဖတ်ဖူးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့တွေဟာ ပုရွက်ဆိတ်တွေလောက်တောင် မကြောက်လန့်တတ်တဲ့ အာဂလူသားတွေပဲဖြစ်တယ်။

နောက်ထပ် နာရီအနည်းငယ်လောက် ဆက်လက်ရှင်သန်ခွင့်ရမရ မသေချာပေမယ့် ... ဆက်လက်ပြုံးနေနိုင်တာ အကျိုးပေးကောင်းလွန်းတဲ့ ကျွန်တော့်ရဲ့ မောဟတွေကြောင့်ဖြစ်မယ်။ ပွဲပြီးမှ ဂိုးပေါက်ထဲ ၀င်သွားနိုင်တဲ့ ဘောလုံးတွေကို စဉ်းစားကြည့်ပါ။ ခံစားချက်၊အောင်မြင်မှု၊ ဂုဏ်ယူဖွယ်ကိစ္စတွေဟာ အချိန်အကန့်အသတ်အတွင်းမှာပဲ ဆိုတာ သင်သိပါလိမ့်မယ်။ အချိန်ဖြုန်းလိုက်မိတဲ့ ၂၈ နှစ်တာကို နာကျင်ချိန်ပို ၁၅မိနစ်လို့တွေးကြည့်လိုက်တဲ့အခါ ....ဒီဘောလုံးပွဲဟာ ပျင်းရိလေးကန်ထိုင်းမှိုင်းလာတယ်ဆိုတာခံစားလိုက်မိတယ်။ ကြည့်ခဲ့ဖူးတဲ့ ၀က် သတ်စခန်းကို သတိရလာတယ်။ ၀က်တွေဟာ ရှေ့မှာ လျှပ်စစ်နဲ့ သတ်ခံရမယ်ဆိုတာကို မသိဘူး။ တန်းစီပြီးတစ်ကောင်ချင်း တရွေ့ရွေ့သွားနေတယ်။ .... တရွေ့ရွေ့သွားနေရတာကို အသားကျလာတဲ့အခါ ... ကျွန်တော်လည်း ရှေ့မှာ သေခြင်းတရားရှိတယ်ဆိုတာကိုတောင် အရေးတယူမလုပ်ဖြစ်တော့ဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ အသိဥာဏ်ဟာ ကိုယ်လိုသလောက် အမှန်တရားတစ်ခုကိုပဲ တပ်ဆင်လေ့ရှိတယ်။ ရှေ့ကို တရွေ့ရွှေ့သွားတာဟာ တိုးတက်မှုလို့ဆိုကြတယ်။ တန်းစီနေတဲ့ ၀က်တန်းကြီး တိုးတက်နေတယ်။ ၀က်ကလေးတွေရဲ့မျက်လုံးကို ကြည့်မိတဲ့အခါ သူတို့တွေဟာ ရှေ့ကို တိုးသွားဖို့ ဘယ်လောက် စိတ်အားထက်သန်သလဲဆိုတာကိုတွေ့ရတယ်။ အောင်မြင်မှု အမျိုးမျိုးအတွက် တိုင်းတာတဲ့စနစ်အမျိုးမျိုးရှိတယ်။ ဒါပေမယ့် ရှုံးနိမ့်မှုကတော့ တစ်မျိုးပဲရှိတယ်။ တိုင်းတာတဲ့စနစ်ကလည်း တစ်မျိုးပဲရှိတယ်။ သေခြင်းတရားဟာလည်း လူတိုင်းအတွက် တစ်မျိုးပဲရှိတယ်။ အဲဒီ သေခြင်းတရားကို လူတွေကို တိုင်းတာတဲ့စနစ်တစ်ခုလို့ယူဆလိုက်ပါ။ ကျွန်တော်တို့ကို ... သေခြင်းတရားနဲ့တိုင်းတာကြည့်ရင် ဘယ်လောက် အချိန်စီးတဲ့ လူသားတွေဖြစ်နေမလဲ။ သင်ရော ဒီမေးခွန်းကို စိတ်ပါလက်ပါ ဖြေဆိုချင်ပါ့မလား။ ကျွန်တော်တွေးနေမိတယ်။

တစ်ချိန်က သမ္မာကျမ်းစာကို သံကြိုးတွေနဲ့ခတ်တဲ့ခေတ်တစ်ခေတ်ရှိခဲ့ဖူးတယ်။
အယူအဆမတူသူတွေကို သဘောထားကြီးစွာ အဆိပ်တစ်ခွက် တိုက်တဲ့ခေတ် တစ်ခုလည်းရှိခဲ့ဖူးတယ်။
ဘယ်ဘက်နံရိုးကြားမှာ လှံသွားထိုးဖောက်မှုတွေရှိခဲ့တယ်။
အဖြူရောင်ဟမ်းလော့ခ် အမြစ်တွေနဲ့ ဖော်ရွေမှုတွေရှိခဲ့တယ်။

အခုတော့ လူတွေကို ငွေကြေးနဲ့ ပြုလုပ်ထားတဲ့ သံခြေချင်းတစ်ခုစီ နှစ်လိုစွာဝတ်ဆင်တတ်စေတဲ့ခေတ်ကိုရောက်လာခဲ့ပြီ။
သဘာဝတရားအကြောင်း၊ သေခြင်းတရား နဲ့ ငြိမ်းချမ်းမှု(သန္တိတ) အကြောင်းမပါတဲ့စကားတွေကို ကွေ့ပတ်ပြီးပြောတတ်ရုံနဲ့ သင်ဟာ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့ခေတ်ကို ရောက်လာခဲ့ပါပြီ။

တကယ်လို့ သင်ဟာ သစ်ရွက်ကလေးတွေ လေတိုက်လို့ လှုပ်ယိမ်းနေတာကို ခဏလေးရပ်ကြည့်ဖို့ အချိန်ရှိတယ်ဆိုရင် ဒီစာဟာ သင့်အတွက်ရည်ရွယ်တဲ့စာဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ခင်မင်စွာဖြင့်
Zephyr



Notes:
မွေးနေ့နားနီးလာလို့ စိတ်ကပိုပိုချမ်းသာနေပါတယ်။
ဒီနေ့ ရှင်းစရာသိပ်မလိုတဲ့အခန်းကို သေချာထပ်ရှင်းရင်း စိတ်ကို ပါ သန့်ရှင်းရေးလုပ်ဖြစ်ပါတယ်။
ရှင်းနေတဲ့စိတ်ထဲက ၀င်ရောက်လာတဲ့ post လေးတစ်ခုကို ပြန်ရေးဖြစ်ပါတယ်။ ကိုယ့်ဘာသာကို ရသဆောင်းပါးလို့ ယူဆတဲ့အတွက် ရသဆောင်းပါးလို့ label တပ်လိုက်ပါတယ်။ Prose ရေးရင် စကားလုံးတွေချုံ့ရမှာ ပျင်းတဲ့အတွက် ဒီအတိုင်းပဲထားလိုက်ပါတယ်။ ဒီတစ်ပတ်အတွင်း ပိုက်ဆံရမယ့်စာတွေ ရေးဖို့ အတွက် Blog မှာ သိပ်မရေးဖြစ်သေးဘူးလို့ထင်ပါတယ်။ ဒီနှစ် Magazine မှာရေးသမျှစာမူခတွေကို တောင်ကြီးက မိဘမဲ့ကျောင်းကိုလှူဖြစ်ပါမယ်။ Magazine ၀ယ်ဖတ်ကြတဲ့ သူငယ်ချင်းတွေကို ကုသိုလ်အတူတူပြုရာရောက်တယ်ဆိုတာပြောချင်တာပါ။ မဂ္ဂဇင်းဝယ်ဖတ်ပါလို့ သွယ်ဝိုက်ပြောတာမဟုတ်ပါဘူး။ :)

ဒီတစ်ပတ်အတွက်လက်ဆောင်တစ်ခုပေးချင်ပါတယ်။ အခုလောလောဆယ် အကြိုက်ဆုံးအဆိုအမိန့်တစ်ခုပါ ..။
မဟာမြိုင်ဆရာတော်ရဲ့ "တွေးမိတိုင်းပျော်တယ်" ဆိုတဲ့စာအုပ်ထဲကပါ။

"သဘာဝမကျတာကို ယုံကြည်မှုဟာ အယူသည်းမှုပဲ။ ဘာသာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သဘာဝကျရဲ့လား ဆိုတာကိုမေးပါ။ သဘာဝကျတာကို လက်ခံပါ။ သဘာဝမကျတာကို ရဲရဲကြီးပယ်လိုက်ပါ။ အဲဒါ သတ္တိပဲ။"

နောက်တစ်ခုက ငယ်သူငယ်ချင်းတစ်ယောက်အတွက် လက်ဆောင်ပါ။ လိုအပ်ရင်ယူထားလိုက်ပါ။ အသုံးဝင်ပါလိမ့်မယ်။
"Everything that crosses the mind, wears and tears the mind"
စိတ်ထဲကို ဖြတ်သန်းသွားတဲ့ အရာမှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။




Peace B with U.