Monday, February 8, 2010

Bottom Billion အပိုင်း (၄)

အခုတလော Blog မှာ စာသိပ်မရေးဖြစ်ပါဘူး။
Bottom Billion နဲ့ ၀ိမုတ္တိနှင်းကို ရေးဖြစ်ပေမယ့် မတင်ဖြစ်ပါဘူး။
Bottom Billion ဆိုရင် ရေးတိုင်းမောရလို့ သိပ်မရေးချင်သလိုတောင်ဖြစ်မိပါတယ်။ ဒါပေမယ့် စလုပ်မိတဲ့ အလုပ်ကို တတ်နိုင်သလောက် ဆက်လုပ်ဖြစ်အောင်ကြိုးစားတဲ့အနေနဲ့ရေးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စာဖတ်ရတာကို စာရေးရတာထက်ဝါသနာပါပါတယ်။ စာရေးတဲ့အတွက် စာဖတ်ချိန်တွေ အများကြီးထိခိုက်ပါတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် tone ကို ခဏခဏလျော့ပြီးရေးရတဲ့အခါမှာ ရေးတာထက် ဖျက်လိုက်ရတာက ပိုပိုများများလာပါတယ်။ အဲဒါနဲ့ပဲ ခေါင်းစဉ်တွေလျောက်ရွေးရင်း ... အခန်း (၈)ကို ကောက်နှုတ်လိုက်ပါတယ်။ ခေါင်းစဉ်လေးကြားရင်ကို ကျွန်တော့်စေတနာကိုနားလည်ကြမှာပါ။ ဟဲဟဲ ...
Military Intervention ပါ .....။ စစ်ရေးအရ စွက်ဖက်မှု ဆိုပဲ ...။ စိတ်ဝင်စားစရာကောင်းမှာပါနော် ....။

အခုတလော ... လူငယ်တစ်ချို့နဲ့စကားပြောဖြစ်ပါတယ်။
တချို့လည်း ကိုယ့်ထက် လေးငါးနှစ်လောက်ငယ်ပါတယ်။ ဒါပေမယ့် လေးနက်ကြပါတယ်။(ကတ္တရာပုံး ဆန်ဆန် လေးလေးနက်နက်လေးတွေဖြစ်နေကြပါတယ်။) သူတို့တွေရဲ့စိတ်ထဲမှာ ပညာကို တန်ဖိုးထားတာလေးတွေ ကျွန်တော်တွေ့ပါတယ်။ ညီမ၀မ်းကွဲတွေနဲ့လည်း online မှာတွေ့တိုင်းမေးဖြစ်ပါတယ်။ ဘာလုပ်ချင်လဲ၊ ဘာလုပ်ဖို့စဉ်းစားထားလဲ ဆိုတာမျိုးတွေပါ။ သူတို့စိတ်ထဲမှာ ပညာကောင်းကောင်းတတ်ပြီး Professional အလုပ်တစ်ခုအတွက် စနစ်တကျပြင်ဆင်ရမယ်ဆိုတဲ့ အသိစိတ်ရှိတာကိုတွေ့ရတယ်။ အခုခေတ်မှာ အဲဒီလိုလူငယ်တွေသိပ်များလာတာ ဘယ်လောက်ကောင်းတဲ့ အလားအလာလဲလို့ တွေးမိပါတယ်။ အရင်တုန်းက စကားတစ်ခွန်းရှိပါတယ်။ ချောင်းကိုပစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့တဲ့။ ဟုတ်ပါတယ်။ သိပ်မှန်တဲ့စကားပုံပါ။ အခုကျွန်တော်အပါအ၀င် နိုင်ငံခြားကို ထွက်လာတဲ့သူတွေဟာ ချောင်းကိုပစ်ပြီးမြစ်ကိုရှာကြတာပါ။ ကျွန်တော်တို့အတွက် ငါးမလိုပါဘူး။ လိုနေတာက ရေပါ။ ... ငါးမတွေ့ပေမယ့် ရေတွေ့ရတာကိုက လုပ်ငန်းရည်ရွယ်ချက်အောင်မြင်တယ်၊ လျာထားချက်ပြည့်မီတယ်လို့ဆိုရပါမယ်။ နောက်လည်း ရေများများတွေ့ချင်ပြီး ငါးမလိုချင်တဲ့ကလေးတွေ ချောင်းကိုပစ်ပြီး မြစ်ကို ရှာကြပါဦးမယ်။ တစ်ချိန်မှာ ရေတွေအများကြီးရှိတဲ့အခါ ငါးပေါတဲ့ ချောင်းကလေးဆီ တစ်ခါတစ်ခေါက်လာရောက်ဖြစ်ကြဦးမှာပါ ...။ ...


ကဲ အခန်းရှစ်ကို စကြရအောင်လားဗျာ ...။
စာရေးသူကြီးက ဒီအခန်းဟာ အခက်ဆုံးပဲလို့ ညည်းတာကို ကြည့်ပြီး လက်ပေါက်ကပ်တဲ့ကိစ္စလို့တော့ထင်မိသား။

အီရတ် (အဲဒီလိုအသံထွက်ရတာကို စိတ်မကောင်းဘူး။ IRAQ လို့ရေးရင်လည်း မြန်မာလိုမရေးတတ်ဘူးထင်မယ်။) နိုင်ငံကိစ္စနောက်ပိုင်းမှာ စစ်ရေးအရ စွက်ဖက်တာဟာ ပိုခက်ခဲလာတယ်။ ဥပမာ တိုင်းပြည်တစ်ခုမှာ အစိုးရ A နဲ့ အတိုက်အခံ B ရှိမယ်။ တစ်ယောက်ယောက်ကို ကြည့်မရရင် တစ်ခြားတစ်ဖက်ကို ထောက်ပံ့လိုက်ရုံရှိတာပေါ့။ အခန့်မသင့်ရင် ပြည်တွင်းစစ်ဖြစ်ရော။

ဒီနေရာမှာ ကြားဖြတ်ပြောစရာရှိတာက အခုခေတ်မှာ အားလုံးပြည့်စုံကောင်းမွန်တာ မရှိတော့ဘူးဆိုတာကို လက်ခံမှ စာကို ဆက်ဖတ်ပါ။ တော်ကြာ ဘုရားလောင်း အုပ်ချုပ်စဉ်အခါက အားလုံးကောင်းတာကလား ဆိုပြီး နှိုင်းယှဉ်ဖို့မကောင်းတာတွေနှိုင်းယှဉ်မိရင် စိတ်ကူးယဉ်သမားဖြစ်သွားလိမ့်မယ်။ စနစ်တိုင်း တစ်ခုမဟုတ်တစ်ခုမကောင်းဘူး။ တစ်ချို့ကမကောင်းရုံမကောင်းတာ၊ တစ်ချို့က သုံးမရအောင်ဆိုးတာ၊ အဲဒီလို ဒီဂရီလေးတွေပဲကွာတာ။ တစ်ခုက ချွင်းချက်မရှိကောင်းပြီး တစ်ခုက လုံးဝသုံးစားမရတာ ... အဲဒီလိုကြီးပြတ်ပြတ်သားသားမကွာဘူး။ အထူးသဖြင့် သိပ်မသိတာတွေကို အကောင်းဆုံးထင်နေတာမျိုးကို လူငယ်တွေမှာမဖြစ်စေချင်ပါဘူး။ ယှဉ်ပြီးနားလည်နိုင်တဲ့အခါကြမှ ရွေးချယ်ပါ။ ဒါမကောင်းဘူး။ အဲဒါကြောင့် နောက်တစ်ခုက သေချာပေါက်ကောင်းတယ်ဆိုတဲ့ do or die ဆန်ဆန်ရွေးချယ်မှု ... အကြွင်းသုညဂိမ်း တွေကို မကစားပါနဲ့။ နားလည်အောင်လုပ်ပြီး၊ သုံးသပ်ပြီးမှ ရွေးပါ။ ဆုံးဖြတ်ပါ။

ငယ်တုန်းက ကြားကြားနေကြ စာလုံးတစ်လုံးပါပါတယ်။ Cold War ပါ။ ကျွန်တော်ငယ်တုန်းက ရေခဲရေနဲ့ပက်တဲ့စစ်ပွဲလို့ထင်ပါတယ်။ ကြီးလာမှမဟုတ်မှန်းသိပါတယ်။ ငယ်တုန်းက သင့်ဘ၀လို စာအုပ်မျိုးတွေ၊ အတွေးအမြင်နဲ့ ကိုတာတို့ပြန်ထုတ်တဲ့ စံပယ်ဖြူလိုစာအုပ်မျိုးတွေကြိုက်ပါတယ်။ Cold War ဆိုတာ အဲဒီစာအုပ်တွေမှာ လတိုင်းပါတတ်တဲ့စာလုံးမျိုးပါ။ အနုမြူလက်နက်တွေပိုင်လာတဲ့အခါ ဘယ်သူကမှ ဘယ်သူ့ကို ရန်မစရဲတော့ပါဘူး။ ပါကစ္စတန်နဲ့ အိန္ဒိယကိုကြည့်ကြည့် ...၊ လူပေါကြီးတစ်ယောက်ရှိတဲ့ မြောက်ကိုးရီးယားကိုကြည့်ကြည့် ဒီသဘောကို အထင်းသားမြင်ရပါတယ်။ ကိုယ်တိုင်က စစ်မဖြစ်ရတော့ ဘာလုပ်ကြမယ်ထင်လဲ ...။ ထုံးစံအတိုင်း မြှောက်ပေးကြတာပေါ့။ အန်ဂိုလာဆိုတဲ့ နိုင်ငံကို သိကြမှာပါ။ ဘောလုံးပွဲကြည့်တဲ့သူတွေသိပါတယ်။ အဲဒီမှာရှိတဲ့ အစိုးရကို ရုရှက ကျူးဘားကနေတစ်ဆင့် လက်နက်တပ်ဆင်တယ်တဲ့။(ကြားရတာတောင်ဇာတ်ရှုပ်နော်။) တပ်ဆင်ချင်ရင် ခေါ်ပြီး တပ်ဆင်ပေးလိုက်ပေါ့။ ဒီလိုလည်း နာမည်အပျက်မခံချင်တော့ ကပ်စထရိုအားကိုး ပုဆိန်ရိုး အလုပ်ကို လုပ်တယ်။ အဲဒီတော့ " ရုရှ .. မင်းက ဒီလိုလား" ဆိုပြီး အမေရိကားကလည်း South Africa ကနေတစ်ဆင့် Angola က သူပုန်အဖွဲ့ကို လက်နက်တပ်ဆင်တယ်။ (... ဇာတ်ရှုပ်ကနေ သပွတ်အူထဲ အပ်ပျောက်ဝင်ရှာတဲ့အခန်းရောက်လာတယ်။) အဲဒီလို စစ်ရေးစွက်ဖက်တာ အန်ဂိုလာကြီး အကျိုးရှိရဲ့လား ဒဂါကြီးလို့ ရဟန်းတစ်ပါးကမေးရင် တင်ပါ့ မရှိပါဘူးလို့ခပ်သွက်သွက်ဖြေရလိမ့်မယ်။ တကယ်လည်းအလကားပဲလေ။ စစ်ဖြစ်တာ ရုပ်ရှင်တွေထဲမှာသာကြည့်ကောင်းတာ။ အပြင်မှာ သေရင် ကြည့်လို့မကောင်းဘူး။ အိမ်ကြက်ချင်းဖြစ်ဖြစ် ဘယ်ကကြက်ပဲဖြစ်ဖြစ် ၊ အိုးမည်းသုတ်ခွပ်ခွပ် ၊ punk တွေလို eye shadow သုတ်ခွပ်ခွပ် အထိနာကြတာပါပဲ။ နောက်ဆုံးတော့ အကြီးစား LOSE-LOSE ကြီးပဲဖြစ်တယ်။ စစ်ရေးအရ အပြင်ကစွက်ဖက်တာမကောင်းဘူး။ အန်ဂိုလာဥပမာလို့ အကြမ်းဖျင်းမှတ်ထားလိုက်ပါ။

ကူဝိတ်မှာတော့ အဲဒီ စစ်ရေးစွက်ဖက်မှုဟာ အိုခေ သွားခဲ့သေးတယ်။ OK သွားခဲ့သေးတယ်ပြောပါတယ်။
နောက် ဆိုမားလီးယားမှာကြမှ အမေရိကန်တွေတော်တော် ထိခိုက်သွားတယ်။ ၁၂ နှစ် ကြာတဲ့အထိ သုံးစားလို့ရတဲ့ အစိုးရဖြစ်မလာဘဲ သေတဲ့စာရင်းမှာလူဦးရေ ၃၀၀,၀၀၀ ဖြစ်သွားတယ်။ အဲဒီအတောအတွင်းတော့ ငရဲပြည်မှာ provision လာလုပ်တဲ့ ငရဲထိန်းအရေအတွက်ကိုပါ သုံးဆတိုးခန့်ရလိမ့်မယ်ထင်ပါရဲ့လေ။

ရ၀မ်ဒါမှာတော့ သန်းတစ်ဝက်လောက်သေသွားတယ်။ အဲဒီအချိန်တုန်းကတော့ ငရဲမှာဆီတောင်မလောက်လို့ ဘာဘီကျူး လုပ်ပစ်ရလိမ့်မယ်။ စစ်ရေးအရစွက်ဖက်တယ်ဆိုတာ စကားလုံးက နည်းနည်းလေးပေမယ့် သေတဲ့သူကတော့မနည်းဘူး။ စစ်စရိတ်လည်းမနည်းဘူး။ ဒါတွေကို အရင်သိရင် တစ်ချို့စကားတွေကို ပိုပြီးနားလည်လာလိမ့်မယ်။ စစ်ဆိုတဲ့ စကားလုံးဟာ ကမ္ဘာပေါ်မှာ အမိုက်မဲဆုံး လုပ်မိတဲ့အပြုအမူဆိုတာကို ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့သူတိုင်း နားလည်လိမ့်မယ်။ စစ်ပွဲတစ်ခုဖြစ်ရင် သေတဲ့သူ၊ ဒဏ်ရာရတဲ့သူ၊ မြို့တွေပျက်စီးလို့ ပြုပြင်ရတာ၊ စာသင်ကျောင်းတွေမရှိတော့တာ၊ သင်မယ့်ဆရာတွေ ကောင်းကင်ဘုံရောက်ကုန်တာ၊ သောက်သုံးရေမရှိတော့လို့ တန်းစီရတာ၊ အစားအသောက်မရှိလို့ quota ရအောင်တိုးဝှေ့ရတာ ... တစ်နိုင်ငံလုံးနောက်ကျသွားတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းတဲ့နိုင်ငံလေးမှာ ကလေးတစ်ယောက်ပျော်ရွှင်စွာပညာသင်နေတဲ့အချိန်မှာ အန်ဂိုလာက ကလေးစစ်သားလေးက လူသတ်နေလိမ့်မယ်။ Blood Diamond ကားကို အားတဲ့အခါပြန်ကြည့်ကြည့်ပါ။ အဲဒီက ကလေးစစ်သားလေးကို သေချာကြည့်ပါ။ ဒီလိုကလေးတစ်ယောက်ရဲ့ဘ၀မှာ အဖျင်းဆုံး လူသတ်တာ အကုသိုလ်ဆိုတာကို သူမသိနိုင်တော့ဘူး။ အဲဒါက ကြေကွဲစရာအကောင်းဆုံးပဲ။ စစ်ရဲ့ဘေးထွက်ဆိုးကျိုးဆိုတာ တွေးကြည့်ရုံနဲ့ကြောက်စရာကောင်းနေပြီ။

စာအုပ်ဖတ်နေရင်း အသံထွက်ရယ်မိခဲ့တဲ့နေရာလေးရောက်လာပြီ။
စာရေးသူက အရှေ့တီမောမှာ ဘာကြောင့် peace keepers တွေ သိပ်များနေလဲဆိုတာကိုရေးထားတာပါ။ ငြိမ်းချမ်းရေးတပ်ဖွဲ့ကိုပြောတာပါ။ နိုင်ငံတစ်ခုကို ၀င်သိမ်းပြီးရင် အစောင့်ချထားရပါတယ်။ ကျွန်တော်နဲ့ အသက်တူရွယ်တူ နဲ့ ပိုပြီးအသက်ကြီးတဲ့သူတွေ၊ ၂၈ ကနေ အဘပေါ့လေ (28 and above ကို သင့်တော်သလိုဘာသာပြန်သည်။) အဲဒီလူတွေဆို peace keepers တွေအကြောင်းကောင်းကောင်းသိပါတယ်။ တာလီဘန်တွေလာလာသတ်လို့ခဏခဏသေတာ အဲဒီ peace keepers တွေပေါ့။ ကလေးတွေလည်း မြန်မာပြည်မှာနေတာဆိုသိပါတယ်။ ရုပ်မြင်သံကြားကပြတဲ့ အီရတ်သတင်းတွေမှာ ပါပါတယ်။ peace keeper ဘယ်နှစ်ယောက် Head shot ထိပြီး ဘယ်နှစ်ယောက်က ဘယ်လိုကုလားမလေးကို ဘယ်လို ကြံစည် ...အစရှိတဲ့သတင်းတွေကြားရတတ်ပါတယ်။ ထားပါတော့ ..။ အခုအရှေ့တီမောမှာ ပြုံပြီးရောက်နေတာ မေးကြည့်တော့ တစ်ခွန်းတည်းအဖြေက "ဒီမှာမသေနိုင်ဘူးတဲ့"။ ရှင်းရဲ့လား တကာကြီး ဆိုရင် ရှင်းပါ့ဘုရားလို့ မဆိုင်းမတွ ပြန်ဖြေရမယ့်အခန်းနော်။ သူတို့တွေကို UN က တစ်လကို လစာ ဒေါ်လာ တစ်ထောင်ပေးထားပါတယ်။ မဆိုးဘူး။ ရပ်နေရုံနဲ့ တစ်ထောင်ရဖို့ဆိုတာမလွယ်ဘူး။ သေနိုင်တဲ့နေရာတွေကို ဘယ်သူမှမသွားချင်ဘူး။ ၁၂၀၀ ပေးမယ်ဆိုရင်လည်း ဘယ်သူမှမသွားဘူး။ နှစ်ဆပေးမယ် ၂၀၀၀ ဆိုလည်းမသွားဘူး။ ဒါ လူ့သဘာဝပဲ။ မသေနိုင်တဲ့နေရာမှာတော့ ငြိမ်းချမ်းရေးလုပ်ချင်တဲ့သူများပါတယ်။ ဥပမာ ကျွန်တော်တို့ရဲ့ Blogspot ... ။ အဲလေ ... အရှေ့တီမော။

တကယ်တော့ အဲဒီလို ပြင်ပက စွက်ဖက်တဲ့ စစ်တပ်တွေအနေနဲ့ စာအုပ်ခေါင်းစဉ်ဖြစ်နေရှာတဲ့ BB (Bottom Billion) ကို ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သူနဲ့မှမဆိုင်တာ။ အဲဒီလိုဖြစ်နေတော့ ဘယ်အချိန်မှာ အပြင်ကလိုလဲ၊ ဘယ်အချိန်မှာအပြင်က စွက်ဖက်မှုမလိုဘူးလဲဆိုတာ ဘယ်သူမှမဖြေနိုင်တဲ့ပြဿနာဖြစ်လာပါတယ်။ ဖြေနိုင်တယ်ဆိုတဲ့မောင်မင်းကြီးသားနဲ့မယ်မင်းကြီးမများရှိရင်လည်း တော်ပါပေ
တယ်လို့ချီးကျူးမှာမဟုတ်ပါဘူး။ နိုင်ငံတစ်ခုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုဖြစ်ဖြစ် သိသိသာသာမချိန်းခြောက်နိုင်ရင် ကျူးကျော်ဖို့မစဉ်းစားပါဘူး။ အဲ .. သိသိသာသာ ချိန်းခြောက်လာတဲ့အခါမှာလည်း နျူကလီးယားရှိရင် မကျူးကျော်မစွက်ဖက်တာကို တွေ့ရပါသေးတယ်။ နျူကလီးယားရှိတဲ့နိုင်ငံက စစ်ရေးအရ စွက်ဖက်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ထိန်းသိမ်းစရိတ်က ကြီးတဲ့အတွက် မူလမွဲပြီးသားနိုင်ငံဆို ပြာတောင်ပေါက်ပြီး စားစရာမရှိတော့တဲ့အခါ ထိန်းချုပ်နိုင်သွားတာပါပဲ။ အခုဆိုရင် မြောက်ကိုးရီးယားဟာ လျှပ်စစ်မီးပေးထားတဲ့ တရုတ်စကားတောင် တော်တော်နားလည်လာတာကိုတွေ့ရပါတယ်။"ငါနော် ပစ်ထည့်လိုက်ရ" ဆိုတာထက် မပိုတဲ့ ချိန်းခြောက်မှုဟာ ရန်ပုံငွေရှာဖွေရေး ဆောင်ပုဒ်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ဒါက ကြုံလို့ပြောတာပါ။ နိုင်ငံတစ်နိုင်ငံမှာ စစ်အင်အားကြီးထွားလာတဲ့အခါ ဖြစ်တတ်တဲ့ပြဿနာက ကွဲထွက်တတ်တာပါပဲ။ အဲဒီအချိန်မှာ Power ကို ခွဲဝေကြပါတယ်။ ညှိနှိုင်းလို့မရတဲ့နိုင်ငံတွေမှာ မီးခိုးမဆုံး၊မိုးမဆုံးပြည်တွင်းစစ်ဖြစ်ပါတယ်။ BB တွေကတော့ စစ်အတွင်းသေသွားတဲ့အခါ ဆင်းရဲသားဘ၀က လွတ်သွားတတ်ပါတယ်။

အဲဒီလို ပြည်တွင်းမှာ ပြဿနာရှိတဲ့နိုင်ငံတွေအတွက် နမူနာတစ်ခုရှိပါတယ်။
ပုံမှန်တွေးရင်တော့ နိုင်ငံရဲ့ အစိုးရဟာ သူပုန်တွေကို နှိမ်နင်းဖို့ ပိုပြီး အင်အားကောင်းအောင်လုပ်ရမယ်ဆိုတာ လူတိုင်းတွေးမိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း Red Alert game ဆော့လာလို့လားမသိဘူး၊ စစ်ရေးအမြင်ရှိပါတယ်။ဟဲဟဲ .. တကယ်က အဲဒီလိုမဟုတ်ဘူးတဲ့ဗျာ။ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ စစ်အသုံးစရိတ်တိုးစရာမလိုဘူး။ လျှော့ရမယ်တဲ့။ ငြိမ်းချမ်းနေတဲ့အခါ အစိုးရတပ်တွေဟာ ဆက်လက်ကြီးထွားလာနိုင်ပြီး Rebel တွေကတော့ ငြိမ်းချမ်းနေတဲ့အခါ လူနည်းလာတတ်ပါတယ်။ ဆန့်ကျင်တယ်ဆိုတာကလည်း တစ်ခုခု မရလို့ပေါ့။ ဒါကို ညှိလို့ရရင် အဲဒီလူကမဆန့်ကျင်တော့ဘူး။ မဆန့်ကျင်တဲ့အချိန်မှာ ကိုယ်က အင်အားကောင်းလာပြီး သူက အင်အားနည်းသွားတဲ့အခါ ... ညှိနှိုင်းမှုမှာ ကိုယ်က အထက်စီးပြန်ရောက်လာတယ်။ အဲဒါကို ပြောင်းပြန်လုပ်လိုက်ရင် လိုက်လေဝေးလေဖြစ်ကုန်တယ်။ နမူနာကတော့ အာဖရိမှာအများကြီးရှိပါတယ်။ Mozambique ဆိုတဲ့နိုင်ငံလေးက ဘဏ္ဍာရေးဝန်ကြီးမရဲ့ အိုင်ဒီယာကောင်းမှုလို့ပြောရမယ်ထင်ပါတယ်။

Military Intervention တွေရဲ့ အဓိကအချက်ကို ကျွန်တော်မြင်တာက လူတွေအတွက် တကယ်အလုပ်လုပ်မယ့် အစိုးရ Government For the People တွေဖြစ်အောင်ပါစွက်ဖက်ရတာပါ။ တစ်ချို့တိုင်းပြည်တွေမှာ People for the Government ဖြစ်နေတဲ့အတွက် တိုးတက်မှုနှောင့်နေးပါတယ်။ ဦးဆောင်ရမယ့်သူက နောက်ကလိုက်နေပြီး နောက်ကလိုက်တဲ့သူကြတော့ ဗိုက်ထဲမှာရေပဲရှိတယ်ဖြစ်နေတယ်။ အဲဒီတော့ အာဖရိကမှာ သူတောင်းစားတွေ များများလာတယ်ဆိုပြီးနှိမ်နင်းနေရင်လည်းအလကားပဲ။ အာဖရိကရဲ့စီးပွားရေးပြဿနာကိုရှင်းနိုင်မှ သူတောင်းစားပြဿနာက ရှင်းမှာမဟုတ်လား။ တုတ်ကွေးရောဂါလိုပေါ့။ ဆရာဝန်ထဲမှာ တုတ်ကွေးကုနိုင်တဲ့ဆရာဝန်ကို မရှိဘူး။ မယုံရင်မေးကြည့်ပါ။ တုတ်ကွေးက သူ့ဘာသာသူပျောက်မှပဲပျောက်ပါတယ်။ Cause ကို ကုလို့မရပါဘူး။ ဆရာဝန်ကုလိုက်တာက Symptons ပါ။ တုတ်ကွေးကြောင့် ခင်ဗျားနာကျင်မယ်၊ ချောင်းဆိုးမယ် အဲဒီလို ရောဂါလက္ခဏာတွေကို ကုပေးတာပါ။ တုတ်ကွေးကတော့ ကုလို့ကိုမရပါဘူး။ တစ်ချို့ကိစ္စတွေမှာ နိုင်ငံနဲ့ချီ မယောင်ရာဆီလူးနေတာမျိုးဟာ Cause ကို မကု Symptons လည်းမသက်သာတဲ့အပြင် နောက်ထပ်ပိုဆိုးတာတွေဖြစ်သွားစေနိုင်ပါတယ်။ ဆီပူလောင်နာကို ဆီသုတ်လိုက်သလိုမျိုး၊ ကင်ဆာဖြစ်တာကို စောင်ခြုံထားလိုက်ရုံနဲ့ ပျောက်သွားမှာပါ ထင်နေတာမျိုး၊ ကိုယ်ကမကုတတ်တဲ့အပြင် ကုတတ်တဲ့သူတွေကို ကုခွင့်မပေးတာမျိုး ... အဲဒါတွေဟာ BB တွေကို ကယ်တင်မယ်ဆိုတဲ့ Super Government တွေမလုပ်သင့်တဲ့ကိစ္စတွေပါ။

ကျွန်တော်စိတ်ဝင်စားသလောက်ကတော့ ဒီအခန်းမှာဒီလောက်ပါပဲ။

စဉ်းစားစရာနည်းနည်းလေးကျန်ခဲ့တယ်ဆိုရင်လည်းဝမ်းသာပါတယ်။ ကျွန်တော်တို့ဟာ BB တွေအတွက် စဉ်းစားနေတာဖြစ်တဲ့အတွက် ... ဘာတွေကြောင့်ဘယ်လိုဖြစ်နိုင်တယ်ဆိုတာသိထားသင့်ပါတယ်။

လေနဲ့ပဲ အလုပ်လုပ်တဲ့သူတွေလို့ပြောရင်လည်းပြောပါစေ။ တကယ်အလုပ်လုပ်မယ့်လူတစ်ယောက်ယောက်ဆီကိုပဲ အဲဒီလေတွေရောက်သွားရင် တန်ပြီလို့ပဲ တွေးထားပါတယ်။

ခင်မင်စွာဖြင့်
Zephyr




Peace B with U.