Friday, October 23, 2009

၂၀၁၂ ... ဟုတ်သော်ရှိမဟုတ်သော်ရှိ

၂၀၁၂ ကမ္ဘာပျက်မလား မပျက်ဘူးလားဆိုတာကို အခုအချိန်မှာ ၁ လေး ၁လေး လောင်းလို့ရပြီလို့ကြားရပါတယ်။

မလေးရှား ဘောလုံးပွဲဒိုင်တွေက ထောင့်ကန်ဘော ဘယ်အသင်းစကန်မလဲအထိလောင်းလို့ရတယ်လို့ သိရပြီးတဲ့နောက်မှာ ဒါဟာမထူးဆန်းတော့ပါဘူး။ ဘဒ္ဒကမ္ဘာကိုယ်တိုင် စတုတ္ဘမြောက် ဘုရားပွင့်ပြီးချိန်အပြီးမှာတင် ကံတော်ကုန်မလိုဖြစ်နေတာနည်းနည်းတော့ပျော်စရာကောင်းပါတယ်။ တချို့ဇာတ်သိမ်းတွေက ထင်သလိုတော့ မလှဘူးပေါ့။ ဟုတ်မလိုလိုနဲ့ မျက်နှာပြင်ကြီးခဲလာပြီးမှ အခုတော့ သူ့ထက်ကြီးတဲ့ တောင်ကြိးကို ကြက်ဥလို တိုက်ခွဲရဦးမယ်ဆိုတော့လည်း ခါးချဉ်ကောင်လောက်တောင် မာန်မကြီးနိုင်တော့ဘူးပေါ့လေ။

ဒီအကြောင်းကို ဖတ်ဖူးတဲ့သူတွေဆီက လိုက်လံမေးမြန်းပြီးသကာလမှာ ... မပြေးသော်လည်းကန်ရာရှိတယ် ဆိုသလို၊ ဖြစ်တန်ရာရှိတာတွေလည်းတွေ့ရတယ်။ တိုက်ဆိုင်မှုတွေများလွန်းတဲ့အခါ မဖြစ်နိုင်ဘူးဆိုတာကိုက
မရှိသလောက်ရှားလာပြီ။

နောက်ဆုံးတော့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ၂၀၁၂ ကတော့ ရောက်လာမှာပါ။ ၂၀၁၁ မှာ အဲဒီ ၀င်တိုက်မယ့် ဂြိုဟ်ကို တွေ့ရမယ်လို့ပြောတယ်လို့လည်းသိရပါတယ်။ တကယ်လို့သာ သိသာတဲ့ အကြောင်းအရင်းကို တွေ့ရမယ်ဆိုရင် … လူတွေဘာတွေဆက်လုပ်ကြမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။ တချို့လည်းတောထွက်ဖို့ နေ့ရွေ့ညရွေ့လုပ်နေတာ ၂၀၁၂ မတိုင်မီထွက်မှဆိုတာကောင်းကောင်းကြီးနားလည်သွားတယ်။

တချို့လည်း အခုအချိန်ကစပြီး သုံှးနှစ်အတွင်း မသောက်တော့ရင် နောက် ဘီယာရှိတဲ့ ကမ္ဘာကို ဘယ်လောက်စောင့်ရမယ်မပြောတတ်ဘူးလို့ကြုံးဝါးပြီးတစ်နေ့တစ်နေ့ပိုပိုသောက်လာကြပါပြီ။ ၂၀၁၂ မှာ belly ချပ်ချပ်ရပ်ရပ်လေးဖြစ်အောင် လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေလည်း ဗိုက်ချပ်ပြီးသေတော့ရောဘာထူးလဲဆိုပြီး အဆီလျှော့မထားတဲ့နွားနို့တွေ တစ်ပတ်နှစ်ဗူး သုံးဗူးပြန်သောက်နေပါပြီ။

တစ်ချို့လည်း ဖုံတက်နေတဲ့ ချိတ်ပုတီးတွေကို အခု ပုံမှန်ပြန်စိပ်နေပါပြီ။ လခတိုးပြီးရဖို့ကြိုးစားတော့လဲ အလကားပဲလို့ပြောစပြုလာကြပါပြီ။ သေရင်ပြီးပြီဆိုသူတွေလည်း ပိုပြုံးလာတာကိုတွေ့ရပါတယ်။ တစ်ချို့တွေကတော့ နေရတာတန်လားမတန်လား အငြင်းပွားလာပါပြီ။ တစ်ချို့ကလည်း ကြောက်တာကိုမသိမသာဖြစ်အောင် အလကား မဟုတ်တမ်းတရားတွေပါလို့ မယုံမရဲပြောရင်း မျက်နှာတွေဖရိုဖရဲဖြစ်နေပါပြီ။(မျက်နှာပျက်သည်ဟုပြင်ဆင်ဖတ်ရှုပါရန်)။

မသေရင် ကိစ္စမရှိပါဘူး ..။ သေရင်တော့ ကိစ္စရှိပါတယ်။

အားလုံးတပြိုင်နက်သေမယ့်အရေးထက်ပျော်စရာကောင်းတာမရှိပါဘူး။ သေရတာက ကြောက်စရာကောင်းတာမဟုတ်ပါဘူး။ ငရဲကို တပြုံကြီးရောက်သွားတယ်ဆိုပါစို့။ နည်းနည်းစိုးရိမ်စရာရှိတာက ငရဲမှာ ၀န်ထမ်းမလုံလောက်တော့ ဆီနဲ့မကြော်ဘဲ ဘာဘီကျူးပဲလုပ်လိုက်ရင်မချောင်ဘူး။ ငရဲသားက သေချာမနှိပ်စက်ဘဲ ဖြစ်သလိုကြော်လိုက်ရင်လည်း နီကြွပ်ကြွပ်လေးမဖြစ်ဘဲ တခြမ်းတူးသွားတာမျိုး၊ ပဲခွပ်နဲ့ရွေခုတ်တာ ချော်ပြီး အသားတွေက အမြောင်းလိုက်လေးပါမသွားဘဲ ဆံပင်မညှပ်တတ်ညှပ်တတ်နဲ့ ဆံသသမားညှပ်ထားတဲ့ဆံပင်လို ကျိုးတိုးကျဲတဲတွေဖြစ်ကုန်မယ်။ ဒါကလည်းခဏပါ။

ငရဲခွေးတွေကလည်း လူတွေအများကြီးရောက်လာတော့ ကိုက်ရတာမောပြီးသေကုန်တယ်။လူတွေတင်ကိုက်ရတာမဟုတ်ဘူးလေ။ အင်းဆက်ဘ၀ရောက်နေကုန်သော ဝေနေယျတွေပါသေးတယ်။ ပုရွက်ဆိတ်တစ်ကောင်ကိုဆို မိမိရရကိုက်ဖို့ သုံးရက်လောက် အားထုတ်ရတယ်။ ကြည့်လေအခုဆို တကမ္ဘာလုံးက ပုရွတ်ဆိတ်တွေကို ကိုက်ရမယ့် ငရဲခွေးဆို သူ့ခေါင်းကိုသူထုထုပြီးကို အူနေတော့တာ။ ပိုဆိုးတာက ငရဲကိုထပ်ချဲ့ဖို့ ဘတ်ဂျတ်မရှိဘူး။ တရုတ်ပြည်ကရောက်လာတဲ့သူတွေကိုကြတော့ တရုတ်ငရဲထိန်းတွေက စက်နဲ့ရိုက်ရတယ်။ ဒါတောင် စက်က မရိုက်နိုင်တော့ဘူး။ ပင်နီယံတွေကြွေကုန်တာ။ ငရဲမင်းကြီးလည်းခြေမကိုင်မိ လက်မကိုင်မိ၊ တခါတခါယောင်ယမ်းပြီး ခြေမ ကိုက်မိ၊ လက်မ ကိုက်မိတွေပါ ဖြစ်လာသေးတယ်။ အရင်က ကျယ်လှပါပြီဆိုတဲ့ ကြေးအိုးကြီးငရဲဆိုပါတော့။ အခုလူတွေရော ကြံ့တွေရောဆင်တွေရော၊မျောက်တွေရောငါးတွေရော …. ပိုးလောက်လမ်းတွေရော ဖြုတ်တွေရော၊ သမင်၊ဒရယ်။ချေ၊ငယ်၊ဆိုင်၊ဆတ်၊ဖွတ်၊ပဒတ်တွေရော၊ ကြည်းရေလေသက်ရှိတွေ (၀က်၊ လိပ်နဲ့ ငှက်တွေ) ရော ၊ မိချောင်းမင်းတွေရော ၊ ဖွတ်မိချောင်းဖြစ်တွေရော၊ ကံဆိုးမရော၊ လှံပစ်သမားပါ အစုံအလင် တစုတဝေးထဲ တစ်အိုးတည်းဝင်ထိုင်တော့ ခမ်းသွားတယ်။ အရင်က ကုလားဖြူစကားနဲ့ sinners လို့ခေါ်တဲ့သူတွေက အခုတော့ ငရဲမှာ ဆင်းနားနေရသလိုဖြစ်လာတယ်။ ဆီတွေလည်းခမ်းပြီး။ ငရဲခွေးတွေလည်းသွားကျိုးကုန်ပြီ။ ငရဲထိန်းတွေလည်း လှံတွေကောက် စိတ်တွေကောက်ဖြစ်ကုန်ပြီ။ ဆူးပင်တွေလည်း တက်တဲ့သူများလွန်းတော့ ဆူးတွေကျွတ်ပြီး နောက်ဆုံးချောတိုင်လိုလိုကိုဖြစ်သွားတယ်။

အ၀ီစိမှာ ဂျိုးကပ်ဖို့နေနေသာသာ အ၀ီစိကိုက ငါးပိအိုးလိုဖြစ်နေတယ်။ သစ်ပင်တွေ နာဂစ်မှာပါသွားတော့ ရုက္ခစိုးတွေ ခြေသလုံးအိမ်တိုင်လျှောက်သွားရင်း ညဉ့်နက်လမ်းသွား ဖြစ်ကုန်တာနဲ့ ကမ္ဘာပျက်တော့ အ၀ီစိရောက်လာတာတင်မနည်းဘူး။ ငါးသလောက်ဥစားမိတဲ့သူတွေနဲ့ ဥနဲ့ပုစွန်စားတဲ့သူတွေလည်းအဲဒီမှာပဲ။ အားလုံးညပ်နေတာနဲ့ အ၀ီစိလည်း ဂျမ်းဖြစ်သွားတယ်။ ငရဲကတာဝန်ကျသူတွေကလည်း တော်ပါပြီဗျာ နှိပ်စက်နေတော့လည်း ကျုပ်တို့က ငရဲပြန်ကြီးတာပဲအဖတ်တင်တယ်။ နေသာသလိုနေပါတော့။ နောက်ကမ္ဘာပြန်ဖြစ်မှ အေးအေးပြန်ပါတွေဘာတွေဖြစ်ကုန်တယ်။

နတ်ပြည်ကပိုဆိုးသေးတယ်။ အားလုံးက နတ်သားတွေချည်းဖြစ်တယ်။ နတ်သမီးရမလားလို့လိုက်ရှာတော့ All male Nats ဖြစ်နေတယ်။ (မယ်တော်မိနတ်သားဖြစ်သည်ကို သတိပြုပါ။ မယ်တော်မိနတ်သမီးမဖြစ်ပါ။) နည်းနည်းကြာတော့ အားလုံးက ရုပ်ပျက်လာတယ်။ နတ်ပြည်နတ်ပြည်နဲ့ အဲကွန်းမရှိ၊ရေခဲမုန့်မရှိ၊ ကိုးရီးယားကားမရှိ၊ shopping mall မရှိ၊ ဘောလုံးပွဲမရှိ၊ Golf Club မရှိ၊ ဘာရှိလဲတောင်ပြန်မေးယူရတယ်။ ဘာမှကိုမရှိတာ။ လမ်းမှာက ရွှေတွေနဲ့ ရွှေမှသုံးလို့မရတာ ဘာလုပ်မလဲ။ တစ်ယောက်တစ်လှည့် သိကြားမင်း အလှည့်ကျဖြစ်နေရတာ ကြာတော့ သေချင်စော်နံလာတယ်။ နတ်သားတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ချုံးပွဲချငိုနေကြတယ်။ မြောက်ကျွန်းကိုသွားဖို့ အားလုံးကတိုင်ပင်တယ်။ နတ်ဖြစ်ပြီး နတ်သမီးမရှိတဲ့ဘ၀ဟာ ဖောင်အကြီးကြီးစီးမိပြီး ရေအကြီးကြီးငတ်နေတဲ့ သူဆင်းရဲနဲ့တူတယ်လို့ပြောလာကြတယ်။ မြောက်ကျွန်းကိုနတ်တွေအားလုံးသွားကြတယ်။ စာတွေအရတော့ မိန်းမချောတွေအပြည့်ဆိုတာကိုး။

မြောက်ကျွန်းရောက်တော့ နတ်တွေအားလုံးခွေခနဲလဲကျသွာတယ်။ … မြောက်ကျွန်းဆိုတဲ့ ဆိုင်းဘုတ်တောင်ပြင်ထားပြီးသားဖြစ်နေတယ်။ အခြောက်ကျွန်းဖြစ်နေပြီ။ အလှတွေ အလွန်ပြင်ရင်း တစတစ အခြောက်တွေ မြောက်ကျွန်းရောက်လာတာကနေစပြီး ဒီလိုဖြစ်ကုန်တာလို့ ပြောတယ်။ ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီကို နတ်တွေအားလုံး မချိတင်ကဲလက်ခံလိုက်ရတယ်။ အားလုံးက နတ်ဖြစ်ရတဲ့ ဒုက္ခဆိုတဲ့ သီချင်းကို ခပ်ယဲ့ယဲ့လေးညည်းပြီး နတ်ပြည်ပြန်ကြတယ်။

ဗြဟ္မာတွေလည်း ထပ်ခိုးအထိပြည့်နေတယ်။ ရူပဗြဟ္မာတွေက စိတ်မရှိဘဲရုပ်ပဲရှိတယ်ဆိုတော့ ထပ်ခိုးထပ်လုပ်ဖို့သစ်သားမရှိတဲ့အခါ ရူပဗြဟ္မာတွေကို ခဏသုံးလိုက်ရတယ်။ သူတို့ကစိတ်မဆိုးပါဘူး။ စိတ်မှမရှိဘဲ။ ဗြဟ္မာတွေက လူကောင်ထွားတော့ ရောက်လာသမျှချုပ်ပေးနေရတဲ့ ဗြဟ္မာကြီးတ၀င်းဝင်းဖက်ရှင်ဆိုင်က အပ်ထည်တွေမနိုင်တော့ဘူး။ ဈေးကွက်စီးပွားရေးအရနောက်ရောက်တဲ့ဗြဟ္မာဆို စွပ်ကျယ်ချိုင်းပြတ်ပဲရတယ်။ ဗြဟ္မာကြီးတ၀င်းဝင်းရဲ့ brand တ၀င်းဝင်းကိုတော့ ထုံးစံအတိုင်း ရွှေစာလုံးနဲ့ထိုးပေးပါတယ်။ ဒါကလည်း သူတို့က ပရိတ်သတ်ကြီးကို စေတနာတုံ့ပြန်နေတာပါလို့ ပြောပါတယ်။

၃၁ ဘုံမှာ ဘုံပျောက်သွားတဲ့လူတွေဖြစ်ရတာ နည်းနည်းတော့ ကသိကအောင့်နိုင်တာပေါ့။ ဘယ်ဘုံက ဘယ်ဘုံထက်သာသေးလို့လဲ …။ အားလုံးအတူတူသေပြီဆိုမှဖြင့် ငိုမယ့်သူက ကိုယ်နဲ့ပါလာတော့သေရတာ နည်းနည်းအရသာပျက်တာမျိုးတော့ရှိကောင်းရှိမယ်။ နတ်ပြည်ရောက်တော့ အကုန် အထီးတွေဖြစ်နေတဲ့အခါ နည်းနည်းတော့ ခေါ်ရတာ ထောက်သွားတယ်။ အရင်က ၂ပေတစ်လက်မက အခု ငါးလုံးခုနစ်ဖက် ခြောက်ဂါဝုတ် ဖြစ်လာတော့ ရယ်မိကောင်းရယ်မိနိုင်တယ်။ နည်းနည်းပြင်ဆင်ထားရတာပေါ့။ စကားမပီတဲ့သူကတော့ခက်တယ်။ နတ်တွေက ပါဠိလိုပြောရမယ်ဆိုတာနဲ့ ဘာသာစကားသင်ရခက်တယ်။ သိပ်တော့လည်းကိစ္စမရှိပါဘူး.. လက်ဟန်ခြေဟန်နဲ့ကြိုးစားပြောကြည့်ရတာပေါ့။

ဘယ်ဘုံမှာပဲပြန်တွေ့တွေ့ … လူတွေများများရှိလာတဲ့နေရာဟာ …. ကမ္ဘာဆန်နေဦးမှာပါ


ခင်မင်စွာဖြင့်

Zephyr

Notes:

စာဖတ်ပြီးအိပ်ခါနီးမှာ နည်းနည်းတွေးမိတာနဲ့ ရေးဖြစ်သွားတာပါ။ အချက်အလက်တွေကိုပြောပြပေးတဲ့ ရုံးက ညီငယ်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်မဖတ်ဖြစ်တာတွေကို အများကြီးဖတ်ထားပြီး ပြန်ပြောတာ နားထောင်လိုက်ရတာ တော်တော်အရသာရှိပါတယ်။ တစ်ချို့သူတွေက ဘာပဲဖတ်ဖတ် စနစ်တကျမှတ်မိနေတတ်ပါတယ်။ ကိုယ်တိုင်တော့ အဲဒီလို မှတ်မိလေ့မရှိတဲ့အတွက် ဘုရားသခင်ကိုဖြစ်ဖြစ် ၊ တအားကန်လိုက်သင့်တဲ့ ကံတရားကိုဖြစ်ဖြစ်အပြစ်မတင်တော့ပါဘူး။ ၂၀၁၂ ကလည်းနီးပြီမဟုတ်လား။

This post is solemnly dedicated to my alpha and omega, my Mom.

Though this post is crude, I hope some people will get the message I wanna leave for them.



Peace B with U.