Tuesday, August 4, 2009

အညိုရောင် အတွေးများ (၁)

...Could you keep your heart in wonder at the daily miracles of your life, your pain would not seem less wondrous than your joy.
သင်ဟာ သင့်စိတ်နှလုံးကို နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀ရဲ့ အံ့သြဖွယ်ရာတွေမှာ နှစ်မြုပ်ထားနိုင်ရင် သင့်ရဲ့နာကျင်မှုဟာ သင့်ရဲ့ပျော်ရွှင်မှုလောက် အံ့သြဖွယ်မကောင်းဘူးဆိုတာမဟုတ်မှန်း သင်သိလိမ့်မယ် ....။


ခါလီဂျီဘရမ်ပြောခဲ့တဲ့စကားလေးပါ...။ တစ်ခါတစ်လေ ဘ၀မှာစိတ်ဆင်းရဲစရာတွေကို မေ့ထားချင်တဲ့ လူသားအားလုံးအတွက် ရည်ရွယ်ပုံရပါတယ် ။

..... တစ်ခါတစ်လေ ကျွန်တော်တို့ဘ၀ထဲမှာ ဒဏ်ရာရာခဲ့တဲ့ ... နေ့စွဲတွေကို ခပ်တည်တည်မေ့ပစ်ချင်တယ် ... ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကိုပဲသတိရချင်တယ် .... ဖြစ်နိုင်ရင် စိတ်ညစ်စရာနေ့တွေကို ဖဲ့ထုတ်ပစ်လိုက်ချင်တယ် ...။ အဲဒီနေ့တွေမှာ ကိုယ်ပျော်ခဲ့ရတာတွေကို မပျော်ခဲ့ရတာတွေနဲ့ချေပစ်လိုက်တယ် ... ငါလုံးဝမပျော်ခဲ့တာ အသေအချာပဲလို့ ကိုယ့်ကိုယ်ကို ကျိန်းသေပစ်လိုက်တယ် ...။ တကယ်တော့ အကြောင်းမဲ့ဖြစ်တဲ့ အဖြစ်အပျက်တစ်ခုမှ မရှိတဲ့လောကထဲမှာ နာကျင်မှုတွေဟာလည်းပျော်ရွှင်မှုလိုပဲ အရေးပါတယ်ဆိုတာကို ကျွန်တော်တို့နည်းနည်းတွေးကြည့်ဖို့ကောင်းတာပေါ့ ....။ တကယ်ပဲ နာကျင်စရာတွေဟာ အကျိုးတစ်ခုမှမရှိစေခဲ့ဘူးလား ...။ ဒဏ်ရာတွေဟာ ကျွန်တော်တို့ကို ရင့်ကျက်စေခဲ့တယ် ...။ နားလည်မှုလွဲမှားမှုတွေဟာ ကျွန်တော်တို့ကို လူကြီးဆန်စေခဲ့တယ် ...။ ချစ်သူကို ဆုံးရှုံးခြင်းဟာ ဆက်ဆံရေးကို ပိုတန်ဖိုးထားတတ်စေခဲ့ပြီး ကိုယ့် အပေါ်အမြဲတမ်း နားလည်တတ်တဲ့သူတွေကို ပိုပြီးသိမြင်စေခဲ့တယ် ....။ ကျရှုံးခဲ့တာတွေဟာ အောင်ပွဲအတွက်လိုအပ်တာတွေကို သင်ပေးခဲ့တယ် ...။ လဲကျခဲ့တာတွေဟာ အမှန်အတိုင်းရင်ဆိုင်ဖို့ခွန်အားပေးခဲ့တယ် ....။ ရှုံးနိမ့်ခဲ့တဲ့ စစ်တုရင်ပွဲလေးဟာ အနိုင်ရခဲ့တဲ့စစ်တုရင်ပွဲလေးတစ်ပွဲလို ကျေနပ်စရာကောင်းပါတယ် ....။ တစ်နေ့တစ်နေ့ အသစ်အဆန်းလောကဓံတွေနဲ့ ရင်ဆိုင်နေရတာပျော်စရာကောင်းပါတယ် ...။

ဒီအခက်အခဲတွေကြောင့်ပဲ ဘ၀ဟာ အသက်ဝင်နေတယ် ...။ ဒီအခက်အခဲတွေမရှိရင် ကိုယ့်အရည်အချင်းလည်း မသုံးရတော့လို့ ကိုယ့်ကိုယ်ကို ကျေနပ်မှုလည်းရမှာမဟုတ်တော့ဘူး ....။ တကယ်လို့ ဘာမှမလုပ်ရဘဲ သက်သက်သာသာ နေနေရတဲ့ဘုံတစ်ခုခုများရှိရင် ကျွန်တော်တို့ ဘယ်နှရက်လောက်များနေနိုင်မလဲမသိဘူး ...။ အလွန်ဆုံးတစ်နှစ်ပေါ့ ....။ ဘာမှမလုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရှင်သန်နေမှုဟာ အဓိပ္ပာယ်မဲ့သလိုဖြစ်လာမှာပဲနော် ....။

တကယ်လို့ ဒီနေ့ရလိုက်တဲ့ဒဏ်ရာဟာ မနက်ဖြန်အတွက် တန်ဖိုးကြီးတဲ့ အရင်းအနှီးတစ်ခုဆိုတာကို ကျွန်တော်တို့ သိခွင့်ရမယ်ဆိုရင် ... အဲဒီနာကျင်မှုတွေကိုလည်း ကျေကျေနပ်နပ်လိုက်ခံလာနိုင်မှာပါ ....။ သစ်ရွက်လေးတစ်ရွက်တောင် အကြောင်းမဲ့ကြွေမကျတတ်တဲ့လောကမှာ ... တန်ဖိုးကြီးတဲ့ ဒဏ်ရာလေးတွေကို မစွန့်ပစ်ဘဲ နားလည်ဖို့ကြိုးစားခြင်းဟာ လူသားဆန်တဲ့လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်နေမှာပါ ....။


...Could you keep your heart in wonder at the daily miracles of your life, your pain would not seem less wondrous than your joy.

သင်ဟာ သင့်စိတ်နှလုံးကို နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀ရဲ့ အံ့သြဖွယ်ရာတွေမှာ နှစ်မြုပ်ထားနိုင်ရင် သင့်ရဲ့နာကျင်မှုဟာ သင့်ရဲ့ပျော်ရွှင်မှုလောက် အံ့သြဖွယ်မကောင်းဘူးဆိုတာမဟုတ်မှန်း သင်သိလိမ့်မယ် ....။



Peace B with U.