Sunday, June 13, 2021

Family Bonding : Reading 2

ဒီလိုနဲ့ ပြီးသွားမှာလား။ တစ်ဖက်က အင်အား၊ တစ်ဖက်က ဥာဏ်ပညာနဲ့ဆိုတော့ ဥာဏ်ပညာ အင်အားကောင်းလာရင် ပြီးသွားမှာပဲ။ အင်အားကနေ ဥာဏ်ပညာကောင်းလာစရာက သိပ်မဖြစ်နိုင်ဘူး။ ဒီကြားကာလမှာ လုပ်နိုင်တာ တစ်ခု ဖြစ်တဲ့ ကျောင်းမထားရသေးတဲ့ အရွယ်တွေ၊ ငါးနှစ်အောက်တွေအတွက် ဘာတွေ သင်လို့ရလဲ၊ ဘယ်လိုစာအုပ်ဖတ်မလဲ ဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရေးမယ်။ 


ပထမဆုံး လုပ်ရမှာက စာအုပ်ဝယ်မှာလား၊ စာအုပ်ငှားမှာလား စစဉ်းစားရမယ်။ စာအုပ်ဝယ်တာက ကောင်းတာတော့ခဏခဏ ပြန်ဖတ်လို့ရတယ်။ စာအုပ်ငှားတာကတော့ နေရာမရှုပ်ဘူး။ တစ်မျိုးစီကောင်းတယ်။ မီနီမယ်လ်လစ် ဖြစ်ရင်တော့ အနည်းဆုံး လိုအပ်ချက်ပဲ ထားတာဆိုတော့ကလေးရှိလာရင် တချို့ဟာတွေ ပြန်ချိန်ရမယ်။ 

ကျနော်တော့ ဝယ်တယ်။ တစ်ခါဝယ်ရင် ဒေါ်လာ တစ်ရာဖိုးလောက် စုဝယ်တယ်။ ကြိုက်တဲ့စာအုပ်ဆို သုံးလေးအုပ်ဝယ်တယ်။ လက်ဆောင်ပေးတယ်။ အထူးသဖြင့် စာအုပ်ပွဲတော်တွေကနေ ဝယ်တယ်။ စျေးသက်သာတယ်။ အဆစ်ရတယ်။ 

စာအုပ်ဝယ်ဖို့ငှားဖို့ပြီးရင် စာအုပ် စာရင်းမှတ်တာလေးတစ်အုပ်ထားရတယ်။ ဘယ်စာအုပ်ဖတ်တယ်။ အမေနဲ့ဖတ်တာလား၊ အဖေနဲ့ဖတ်တာလား။ စာအုပ်က ဘာအကြောင်းလဲ။ အကျဉ်းရေးဖို့၊ စာအုပ်ထဲက ပုံတစ်ပုံလောက် ကူးဆွဲဖို့ စတာတွေအတွက် စာအုပ်လေးတစ်အုပ်ထားရမယ်။ ကလေးတွေအတွက်ဆိုတော့ စိတ်ဝင်စားအောင်လုပ်ရမယ်။ ဥပမာ စတစ်ကာတွေ ကူပွန်လေးတွေ ကပ်ပေးရတယ်။ အဲဒါဆိုရင် စာဖတ်ခြင်းဟာ သူ့အတွက် ကစားနည်းတစ်ခု ဖြစ်လာလိမ့်မယ်။ ကစားရရင် ကလေးတွေဟာ မပျင်းပါဘူး။ စာကို ပျင်းအောင် သင်တဲ့ ဆရာ၊ဆရာမတွေဟာ ဆရာမဖြစ်သင့်တဲ့သူတွေပဲ။ 

ကျနော်တို့ မိသားစု စာဖတ်ဝိုင်းကတော့ ပျော်စရာသက်သက်ပါပဲ။ စာအုပ်တွေမှာ များသောအားဖြင့် အသက်အရွယ်အလိုက် ဖတ်ဖို့ စာအုပ်တွေ ခွဲထားပေးတယ်။ စာလုံးရေ၊ စာကြောင်းတည်ဆောက်ပုံတွေကအစ ကလေးတွေအတွက်ဆို ကလေးတွေနားလည်မယ့် အနေအထားနဲ့ပဲ ရေးကြတယ်။ မြန်မာပြည်မှာ ရွှေသွေးမှာ လူကြီးတွေကလေးလိုရေးတဲ့ကလေးကဗျာတွေဆိုရင် တကယ်က ကလေးမဆန်ဘူး။ မင်းသုဝဏ်တို့ တင်မိုးတို့ကဗျာတွေကမှ ကလေးတွေချစ်စရာ ကဗျာမျိုး ဖြစ်တယ်။ အသံသာယာမှုတွေ ကြည်ရွှင်မှုတွေပါတယ်။ အင်္ဂလိပ်မှာတော့ ဒေါက်တာ SEUSS ဒေါက်တာ စူး စာအုပ်တွေ မှာ ဒီ အသံသာမှုတွ တွေ့နိုင်တယ်။ ကဗျာလေးတစ်ပုဒ်လိုပဲ။ ကဗျာလိုပဲဆိုတာ စာရေးသူဟာ ကဗျာဆရာ ဖြစ်နေတာကိုး။ ကာတွန်းလည်းဆွဲ၊ ကဗျာလည်းရေး၊ စာလည်းရေးတဲ့ ဆရာကြီးတွေ။ 

လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ ပြင်သစ်ကျောင်းမှာ စနေနေ့ဆိုရင် စာကြည့်တိုက်သေးသေးလေးမှာ ကလေးတွေအတွက် ဆရာမတစ်ယောက်က ပြင်သစ်ပုံပြင်လေးတွေ ပြောပြတယ်။ ကလေးတွေက ဝိုင်းထိုင်ပြီး နားထောင်ရတယ်။ ပျော်စရာလေး။ ဆရာမကလည်း သံနေသံထားကအစ စိတ်ဝင်စားအောင် ပုံပြောတာဆိုတော့ ကောင်းတယ်။ ဒီလို ပုံပြင်ဖတ်ပြတဲ့ အလေ့အထဟာ အင်မတန်ကောင်းတဲ့ပညာရေးပဲ။ 

စာဖတ်တဲ့အခါမှာ စာသင်ချင်စိတ်ကြီးရှိနေရင် အရင်ဖျောက်လိုက်ပါ။ မြန်မာပြည်မှာက စာသင်ချင်စိတ်တော်တော်များနေတယ်။ ကလေးတွေကို ဝါသနာပျိုးထောင်ပေးတဲ့အနေနဲ့ပဲ စာဖတ်ခိုင်းပါ။ စာဖတ်တာ ဝါသနာပါသွားရင် သူ့ဘာသူ ဖတ်ပါလိမ့်မယ်။ အထူးသဖြင့် ဘာသာစကားတွေကို စာများများမဖတ်ဘဲ မတတ်ဘူး။ ပြောတတ်ပေမယ့် မရေးတတ်ဘူးဆိုတာ စာဖတ်တာနည်းသွားလို့။ အင်္ဂလိပ်စာလည်း ဒီလိုပဲ။ အင်္ဂလိပ်လို ကျကျနနတတ်ရင် အင်္ဂလိပ်လိုသင်တဲ့ဘာသာရပ်တွေမှာ ဘာသာရပ်ကိုပဲ အာရုံစိုက်ရတယ်။ အင်္ဂလိပ်စာအတွက် အားထုတ်နေစရာမလိုတော့ဘူး။

ကလေးပေါက်စလေးတွေကို စာဖတ်ပြရင် သူဖတ်ခိုင်းသလောက်ပဲ ဖတ်ပါ။ သူတို့ စာအုပ်အများကြီးဖတ်ချင်တာမဟုတ်ဘူး။ သူတို့ကြိုက်တဲ့ စာအုပ်တစ်အုပ်အုပ်ကို အခါ တစ်သောင်းလောက် ဖတ်ချင်တာ။ ဖတ်ရင်းနဲ့ စကားပြောပါ။ တချို့စာအုပ်လေးတွေက ချစ်စရာကောင်းအောင်သေချာလုပ်ထားတာ။ ဥပမာ ခွေးစာအုပ်ဆိုရင် ခွေးနားရွက်နေရာမှာ ကတ္တီပါစလို အစလေးကပ်ထားတော့ texture မတူတာကို ကိုင်ကြည့်ပြီး ဒီစာအုပ်ကို သဘောကျတယ်။ အိပ်ရာဝင်ပုံပြင်ဆိုတော့ ခွေးသားအဖ စွန်လွှတ်တယ်။ အိမ်အပြန်မှာ တူတူပုန်းတမ်းကစားတယ်။ ပင့်ကူကို မှန်ဘီလူးနဲ့ကြည့်တယ်။ ကမ္ဘာလုံးပုံကို ပြပြီး ကြီးလာရင် သွားရမယ်လို့ပြောတယ်။ အိပ်တော့ သားလေးရေလို့ပြောတယ်။ စာအုပ်လေးက ပါးပါးလေး။ ဒါပေမယ့် ဒီနေရာမှာ သုံးချက်ပါတယ်။ ညနေစောင်းရင် အိပ်ရမယ်။ သဘာဝမှာ အကောင်လေးတွေရှိတယ်။ ကြည့်ရမယ်။ စူးစမ်းရမယ်။ ကမ္ဘာကြီးမှာ နိုင်ငံတွေရှိတယ်။ ခရီးသွားရမယ်။ အိပ်ရာဝင်ရင် နှုတ်ဆက်ရမယ်။ ချစ်ခင်ကြရမယ်။ ဒါလေးကိုပဲ ပုံလှလှလေးတွေ ဆွဲပြီး သင်ပေးလိုက်တာပဲ။ 

ညအိပ်ခါနီးစာဖတ်တယ်ဆိုတာ wind downလုပ်တာပဲ။ စိတ်ကို ဖြေလျှော့ပြီး အိပ်ဖို့ပြင်တာပဲ။ ဒီလိုအိပ်ခါနီး မိဘက စာဖတ်ပြတယ်ဆိုရင် ကလေးတွေက ဒါ မိဘရဲ့ချစ်ခြင်းမေတ္တာဆိုတာကို နားလည်တယ်။ စာအုပ်ထဲမှာ ပါတဲ့ ပင့်ကူကို အပြင်မှာ ပြလို့ရတယ်။ အိမ်မှာတော့ အပင်တွေစိုက်ထားတော့ ပင့်ကူတွေရှိတယ်။ တရုတ်ဆရာမရဲ့တပည့်ဆိုတော့ သူက ပင့်ကူကို ကျိကျူး 蜘蛛 လို့ခေါ်တာလည်း သိတယ်။ ဒါက မိဘတွေမသိဘူး။ သူ့ကိုမေးရတယ်။ သူက သူသိတာ ပြောပြရရင် ပိုကျေနပ်တယ်။ ဒက်ဒီ အသံမထွက်တတ်ဘူးဆိုရင် ဒီမှာ သေချာနားထောင်ဆိုပြီး ရှင်းပြပါလေရော။ ပင့်ကူကိုကြည့်တဲ့ မှန်ဘီလူးဆိုရင် သူသိတယ်။ magnifier ဝယ်ထားပေးလို့ရတယ်။ သူ့ဟာသူ လျှောက်စူးစမ်းနေလိမ့်မယ်။ အိမ်မှာ ကမ္ဘာလုံးဝယ်ထားပေးတယ်။ မြန်မာပြည် ဘယ်နားမှာလဲသူရှာတတ်လာတယ်။ ကမ္ဘာပေါ်မှာ တိုက်ကြီးတွေရှိတာ၊ ပင်လယ်တွေရှိတာတွေ သူသိလာတယ်။ ရေကို အပြာနဲ့ပြတာ၊ကုန်းမြေကို အညိုနဲ့ပြတာတွေလည်း သူပုံဆွဲရင် ထည့်ဆွဲတယ်။ ငယ်ကတည်းက ဒက်ဒီစာအုပ်စင်က စာအုပ်တွေ ဆွဲပြီးကြီးလာတာဆိုတော့ စာအုပ်တွေကို မဖြဲဘူး။ ဟိုးငယ်ငယ်လေးကတည်းက စာအုပ်တွေ ပေးကိုင်တယ်။ တခါမှ မဖြဲဘူး။ လက်တွေသန်အောင် ရွှေဥဒေါင်းစာအုပ်တွေအထူကြီးဆိုတော့ စာရွက်လှန်ခိုင်းထားတာကနေ လက်တွေ သန်လာတာ။ 

စာအုပ်မှာက စာသားပဲပါတယ်။ ဒီစာသားကို visualise လုပ်ရတယ်။ စာအုပ်ထဲမှာ စွန်လွှတ်တာပါတယ်။ ဒက်ဒီဝုတ်ဝုတ်နဲ့ ပါပီလေးက စွန်လွှတ်တယ်။ ဒက်ဒီတို့အတွက် မေမေက စွန်ဝယ်ပေးတယ်။ ကမ်းခြေမှာ သွားလွှတ်ကြတယ်။ သူ့အတွက် စွန်ဟာ စာအုပ်ထဲမှာမဟုတ်တော့ဘူး။ အပြင်မှာရှိတယ်။ စာအုပ်ဟာ စာသားမဟုတ်ဘူး။ တကယ့်အပြင်ကဟာတွေကို ထည့်ရေးထားတာလို့ သူနားလည်လာတယ်။ ကာတွန်းထဲက ဒက်ဒီဝုတ်ဝုတ်ဟာ တူတူပုန်းတမ်းကစားတယ်။ အိမ်မှာလည်း ကစားတယ်။ တစ်လှည့်စီ ပုန်း၊ ပြန်ရှာ။ ပိုက်ဆံမကုန်ဘူး။ မိသားစု bonding လည်းရတယ်။ အထူးသဖြင့် emotional intelligence ရှိလာဖို့ ထွေထွေထူးထူးမလိုဘူး။ အချိန်ပေးပြီး ဂရုတစ်စိုက်ထားဖို့ပဲလိုတယ်။ 

စာအုပ်ထဲမှာ ဒက်ဒီဝုတ်ဝုတ်က ပါပီလေးကို good night sleepyhead လို့နှုတ်ဆက်တယ်။ ပြီးတော့ နဖူးကိုနမ်းတယ်။ ဒါတွေကလည်း ချစ်လို့ဆိုတာ ကလေးတွေသိတယ်။ ချစ်တဲ့မိသားစုမှာ နေရတဲ့ ကလေးတွေဟာ အင်မတန် ယုံကြည်မှုရှိတယ်။ သိမ်ငယ်စိတ်ရှိကို ရှိမနေဘူး။ ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ မေတ္တာလုံလုံလောက်လောက်ရနေရင် ကလေးတွေက လုံခြုံတဲ့စိတ်နဲ့ကြီးပြင်းလာတာ ဖြစ်တဲ့အတွက် အင်မတန် ပြည့်ဝတဲ့ကလေးတွေပဲ။ ဒီလိုကလေးတွေကြီးလာရင် ပိုကောင်းတဲ့ ကမ္ဖာ္ဘဖြစ်အောင် လုပ်ကြမှာပဲ။ စိတ်အကျိုးအပဲ့တွေနဲ့ မဟုတ်ဘူး။ တစ်ယောက်နိုင်ဖို့ တစ်ယောက်ရှုံးရမယ်ဆိုတဲ့ အယူအဆနဲ့ကြီးပြင်းလာတာမဟုတ်ဘူး။ အပြင်လောကမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အိမ်မှာ နှစ်သိမ့်ပေးမယ့်၊ မေတ္တာတရားရှိတဲ့မိဘတွေရှိနေမှာဆိုတဲ့ သေချာတဲ့ ခံစားချက်မျိုးရှိနေတဲ့ ကလေးတွေ။ ဒီလိုဖြစ်လာအောင် ကျနော်တို့ စာဖတ်ပြကြတာ။ စာလုံးတွေကို ဖတ်ပြတာမဟုတ်ဘူး စာလုံးတွေကနေ အပြင်လောကနဲ့ဆက်စပ်မယ်။ အပြင်လောကမှာရှိတဲ့ ခံစားချက်တွေနဲ့ဆက်စပ်မယ်။ လူကြီးလူကောင်းတစ်ယောက် ဘယ်လိုနေရမယ်ဆိုတာကို သင်ပေးမယ်။ အခွင့်သင့်ရင် သင့်သလို။ စာဖတ်တယ်ဆိုတာဟာ စာဖတ်တာသက်သက်မဟုတ်တော့ဘူး။ မိသားစုရဲ့ ချစ်စရာ ကစားနည်းတစ်ခုဖြစ်လာတယ်။ activity တွေလိုက်လုပ်လို့ရတယ်။ passive reading မဟုတ်ဘူး။ စာအုပ်ကနေတစ်ဆင့် လောကကြီးအကြောင်းကို ပြောပြကြတာပါပဲ။ ကလေးပေါက်စလေးကို စာဖတ်ရင်း ငယ်တုန်းက ကိုယ့်မိဘတွေ၊ ညီအကိုဝမ်းကွဲတွေ စာဖတ်ပြတာကို သူ့ကို ပြန်ပြောပြလို့ရတယ်။ 

စာအုပ်တွေဖတ်ပြီးရင် အခုန ပြောတဲ့ စာအုပ်မှတ်တဲ့စာအုပ်မှာ ဒီစာအုပ်မှာပါတဲ့ စကားလုံးလေးတွေ ချရေးပေးထားလိုက်တယ်။ သူ့ကိုလည်း ပြန်ဖတ်ပြတယ်။ ရက်စွဲနဲ့မှတ်ထားလိုက်တယ်။ တစ်လမှာ စာအုပ် ၁၀ အုပ်ဖတ်မယ်ဆိုရင် ဘယ်နှစ်အုပ်ဖတ်ပြီးပြီ။ ဘယ်နှစ်အုပ်ကျန်သေးလဲဆိုတာပါ ပြောပြလို့ရတယ်။ ကျောင်းက ငှားလာတဲ့စာအုပ်ဆိုရင် ပျောက်ရင်၊ပြဲရင် ဒေါ်လာ ၂၀ လျော်ရတယ်။ ဒါဆိုရင် သူစားနေကြ ၂ ကျပ်တန် ဝါဖှယ်နဲ့ဆိုရင် ၁၀ ခုမစားရဘူးလို့ပြောပြရတယ်။ ဒါဆိုရင် သူက ငွေတန်ဖိုးကို စားစရာနဲ့ တွဲမှတ်မိသွားတယ်။ စာအုပ်ပျောက်ရင် ဒေါ်လာ ၂၀ ဆိုတာ သူနားမလည်ဘူး။ ဒါပေမယ့် စာအုပ်ပျောက်လို့ ဒေါ်လာ ၂၀ လျော်ရရင် ဝါဖှယ် ၁၀ ခု၊ ၁၀ ရက်စာ မစားရဘူးဆိုတာတော့ ရိပ်မိသွားတယ်။ ဒါကတော့ စည်းကမ်းရှိဖို့ သင်ပေးတာပါ။ ဒေါ်လာ ၂၀ နဲ့တော့ သူစားနေကြဟာ မကျွေးဘဲ မထားပါဘူး။ ဒါပေမယ့် ဒီလိုပဲ သင်ပေးရတယ်။ ကလေးတွေဟာ ငယ်တုန်းမှာ နူရွန်တွေက မဆက်သေးဘူး။ ပက်တမ်တစ်ခုမဖြစ်သေးဘူး။ အဲဒီပက်တမ်ဟာ အနာဂတ်လူကြီးရဲ့ personality ပဲ။ အဲဒါတွေကို ဆက်စပ်ယူဖို့က အချိန်လိုတယ်။ အဲဒါကြောင့် ကလေးတွေကြည့်ရင် အမြဲတမ်း စိတ်က ပြောင်းနေတာ။ သူတို့က personality တည်ဆောက်တုန်း၊ logic တည်ဆောက်တုန်းဆိုတော့ တစ်ချို့ဟာတွေက လူကြီးအမြင်နဲ့ဆိုရင် ဂျီကျတယ်၊ ဆိုးတယ်၊ ရိုင်းတယ်၊ မလိမ္မာဘူးတွေ ဖြစ်နေနိုင်တယ်။ ဖြစ်နိုင်ရင် အဲဒီလို တံဆိပ်ကပ်တဲ့ အကျင့်ကိုရှောင်ပါ။ ကောင်းတာတွေ အားပေးပါ။ မသင့်လျော်တာတွေ တစ်ဖြည်းဖြည်းချင်း ပြုပြင်ယူပါ။ ခဏခဏ ပြောပြီးသားပေမယ့် တကယ်လိုတာ သုံးခုထဲပါ။စိတ်ရှည်ပါ။ အချိန်ပေးပါ။ မေတ္တာနဲ့ ဆက်ဆံပါ။ တကယ်တော့ စိတ်ရှည်တယ်ဆိုတာလည်း မေတ္တာရှိလို့သာ စိတ်ရှည်တာ။ ဒီသုံးခုနဲ့ပဲသွားရမယ်။ မွေးထားပြီးပြီဆိုတော့ အမှိုက်ပုံလည်း သွားပစ်လို့မရတော့ဘူးလေ။ ကိုယ့်သားသမီး ကိုယ့်ဟာကိုယ်ပဲသွန်သင်ရမှာပေါ့။ စာသင်ချင်စိတ်ကို လျော့ပြီး ကလေးတွေ စာဖတ်ရတာကို ပျော်အောင် လေ့ကျင့်ပေးတာက အဓိက အချက်ပဲ။ 

စာရှည်သွားပြီဆိုတော့ ဒီလောက်နဲ့ရပ်လိုက်တယ်။ ကလေးတွေရဲ့အသက်အရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိတာတွေကိုလည်း နားလည်ဖို့လိုတယ်။ သူတို့ဟာ ကျနော်တို့နဲ့တူပေမယ့် သူတို့ရဲ့သီးခြားဝိသေသတွေလည်းရှိတယ်။ မတူညီမှုတွေကိုလည်း လေးစားဖို့လိုတယ်။ သူတို့မေးလာရင် တလေးတစား ဖြေဖို့လိုတယ်။ သိရင်သိတယ်။ မသိရင် အတူရှာကြည့်ကြမယ်ဆိုတာမျိုးဟာ သူတို့ရဲ့ ပညာရေးအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်။ အခုခေတ်ကလေးတွေ သိပ်တော်ကြတယ်။ ရွယ်တူ မိတ်ဆွေတွေ မွေးထားတဲ့ ကလေးတွေလည်း အင်မတန်ထက်မြက်တာတွေ့တယ်။ အနာဂတ်မှာ ပိုထက်မြက်တဲ့ မျိုးဆက်သစ်တွေက ဦးဆောင်မှာပဲ။ သူတို့တွေရဲ့ ထက်မြက်မှုဟာ တခြား သူတို့လောက်မထက်မြက်တဲ့သူတွေကို လူလည်ကျဖို့၊ နင်းတက်ဖို့မဟုတ်ဘူးဆိုတာကိုတော့ သေချာသင်ပေးလိုက်ရမယ်။ မိဘတစ်ယောက်အနေနဲ့ အကောင်းဆုံးတွေပဲ ကိုယ့်သားသမီးကို ပေးချင်တယ်။ ဒီလိုပဲ ကိုယ့်သားသမီးဟာ ကိုယ်ချင်းစာတတ်တဲ့လူကြီးလူကောင်းပဲ ဖြစ်လာဖို့ ငယ်ကတည်းက သူတို့ သေချာပေါက်ဖတ်နေတဲ့စာအုပ်က မိဘနှစ်ပါးပဲ။ ဒီမိဘတွေဆီကပဲ သူတို့ရဲ့ personality ကို အဓိက တည်ဆောက်တာ။ စာအုပ်တွေဖတ်ပြရင်း ကိုယ့်ဟာကိုယ်လည်း ပြင်စရာရှိတာ ပြင်ကြဖို့လိုမယ်ထင်တယ်။ 

ကလေးတွေအတွက် ပျော်စရာ ကမ္ဘာဖြစ်ဖို့ လူကြီးတွေရဲ့ဥာဏ်ပညာဟာ အရေးကြီးတယ်။ ကိုငှက်ပြောတဲ့ဥာဏ်ပညာနဲ့ ချစ်ခြင်းတရား ဟာ ကလေးပညာရေးမှာတော့ အလွန်ဆီလျော်တယ်။ မိဘတွေ စိတ်တင်းကြပ်နေရင် စိတ်မရှည်နိုင်ဘူး။ စိတ်မရှည်ရင် လေသံချိုသာဖို့မလွယ်ဘူး။ ကလေးတွေကို အချိန်ပေးဖို့မလွယ်ဘူး။ အဲဒီတော့ မိဘတွေမှာလည်း ကိုယ့်စိတ်ကိုယ်သတိထားဖို့လိုတယ်။ ကလေးတွေကိုသင်ပေးမယ့်အရာဟာ ကိုယ်တတ်ပြီးသား အရာဖြစ်နေဖို့လိုတယ်။ ကလေးတွေက စာအုပ်ဖတ်လိုက်၊ မိဘတွေရဲ့ အမူအကျင့်တွေဖတ်လိုက်လုပ်နေတယ်ဆိုတာ အမြဲသတိပြုပါ။ 
 Z



Peace B with U.