Sunday, June 20, 2021

How to train a monkey

တော်လှန်ရေးနဲ့တော့မဆိုင်ပါဘူး။ ကလေးထိန်းတစ်ယောက်က တခြားမိဘတွေကို ဝေငှတာပါ။ အခု သားကို မြန်မာလို စာစသင်တယ်။ ပျော်စရာ ကစားနည်းအသွင်ပါပဲ။ စာလုံးတွေကို သူ့အမေက ရေးတယ်။ သူက ဒီစာလုံ၊ အက္ခရာ တစ်လုံးစီကို သူသိတဲ့ နာမ်တွေ၊ကြိယာတွေနဲ့ ဆက်စပ်ကြည့်တယ်။ မထင်မှတ်ထားပေမယ့် သူ့ရဲ့ ဘာသာစကားစွမ်းရည်ကို သိရတယ်။ သူနားထောင်တဲ့မြန်မာသီချင်းတွေကနေ သူဟာ sense ရတယ်။ ဒါကို language လေ့လာတဲ့နေရာမှာတော့ မသင်ဘဲ တတ်ရမယ့် အရာလို့ခေါ်တယ်။ ဒ ဆိုပါတော့သား ဒ ဒွေးနဲ့ပတ်သက်ပြီး ဘာသိလဲဆိုတော့ လေးဖြူသီချင်း ဒါ အချစ်လားက ဒါ က ဒ လို့ပြောတယ်။ ဒီလိုပဲ တဝမ်းပူနဲ့ဆိုရင် တံတား၊ ဂုံးကျော်က ဂငယ်နဲ့ပေါင်းတာ စသဖြင့်တွေကို သူရိပ်မိပြီး နားလည်နေတာတွေ့ရတယ်။ ဝ ဆို ဝင်ကစွပ် barnacle ကို သူသိတယ်။ စကားလုံးတွေဟာ အသံနဲ့တည်ဆောက်တာကို သူရိပ်မိတယ်။ စ နဲ့ ဆ၊ တ နဲ့ ထမှာတော့ တစ်ချို့အသံတွေ သူနည်းနည်းရောနေတာလည်း သိလိုက်ရတယ်။ နောက်တော့သူ့ကို မြန်မာ ကာတွန်းလည်း ဖတ်ပြတယ်။ နိုးနိုးနဲ့ရုက္ခစိုး။ ဒါပေမယ့် ဒီကာတွန်းကတော့ ကလေးပေါက်စလေးတွေအတွက်မဟုတ်သေးဘူး။ သူ့ကို ပုံတွေကြည့်ပြီးခန့်မှန်းခိုင်းရတယ်။ ဥပမာ၊ အံ့သြ၊ ဒေါသထွက်နေရင် ဘယ်လိုပုံမျိုးလဲဆိုတာမျိုး သူမှန်းဆနိုင်လာတာတွေ့တယ်။ အင်္ဂလိပ်စာအုပ်တွေတော့ series တွေရှိတယ်။ တစ်ချို့စာအုပ်တွေက ရည်ရွယ်ချက်သေးသေးလေးတွေပါတယ်။ ဥပမာ သားနဲ့ ညတိုင်းဖတ်တဲ့ ထင်မီနဲ့ သွားစောင့်နတ်သမီး ဆိုရင် သွားတိုက်တဲ့အကြောင်းပဲ။ ဒါပေမယ့် သူနဲ့ ဘာတွေလုပ်လဲဆိုရင် စာအုပ်ထဲမှာပါတဲ့ ပုံတွေကိုကြည့်တယ်။ အရောင်တွေလေ့လာတယ်။ ပုံလေးတွေကြည့်ပြီး ခံစားချက်တွေလေ့လာတယ်။ နောက်တော့ ဒီစာအုပ်ထဲမှာပါတဲ့ သွားထဲက ပိုးမွှားလေးတွေ count ကြတယ်။ နောက် ဒီထက် အဆင့်မြင့်လာတော့ ဒီစာအုပ်ထဲမှာပါတဲ့ပုံနဲ့ နောက်အလားတူ စာအုပ်မှာပါတဲ့ တူတဲ့မြင်ကွင်းတွေ ကာတွန်းဆရာက ပုံအတူတူပဲသုံးတာမျိုးတွေ လိုက်ရှာတယ်။ အခုနပြောတဲ့ သွားစောင့်နတ်သမီးဆိုရင် ရှေ့ပုံမှာက သွားတိုက်ဆေးကုန်နေပြီး နောက်ပုံမှာ သွားတိုက်ဆေးပါနေတာမျိုးဆိုရင် ယုတ္တိမကျတာမျိုးလေးတွေ သင်ပေးတယ်။ ပြီးတော့ သွားတိုက်ရင် သီချင်းဆိုတဲ့အကြောင်းကနေ ဆက်စပ်ပြီး ဒက်ဒီတို့သွားတိုက်ရင် ဘာသီချင်းဆိုမလဲဆိုတာ ရွေးကြတယ်။ နောက်ဆုံး musical chairs ဆော့တဲ့ ဒူတူတူ့ ဆိုတဲ့သီချင်းနဲ့ big bag ရဲ့ နွေဦး ဆိုရင်း တိုက်မယ်ဖြစ်သွားတယ်။ နောက်တော့ ညတိုင်း သွားတိုက်ဖြစ်သွားတယ်။ စာဖတ်ရင်း bonding ရသလို၊ ဆက်ပြီး သင်ပေးလို့ရတယ်။ ကောင်းတာတွေ အများကြီးသင်ပေးလို့ရတယ်။ နောက်တစ်ခုက behaviour matters ဆိုတဲ့ စာစဉ်လေးတွေ။ ဥပမာ ရှက်တတ်တဲ့လိပ်မလေးအကြောင်း၊ သူ့ကို ဘယ်လိုအားပေးလဲ၊ သူ့မှာ ဘာကောင်းတာတွေရှိလဲ။ သူငယ်ချင်းတွေကို နှစ်သိမ့်တတ်တာကောင်းတယ်။ ဒါဆိုရင် သားရော ကျောင်းမှာ သူငယ်ချင်းတွေ ချော်လဲရင် It's OK, don't cry, you are strong ဘာညာသာရကာတွေတွေပြောပြီး feel better ဖြစ်အောင် ပြောလားဆိုတော့ သူပြောတယ်လို့ပြောတယ်။ ဘယ်သူငိုတုန်းက ပြောတာလဲမေးကြည့်တယ်။ ဒီလိုအားပေးတာ ကောင်းတယ်ဆိုတာ သင်ပေးလို့ရတယ်။ positive reinforcement သဘောမျိုး။ သူ့ဟာသူကောင်းတဲ့စိတ်လေးပါလာရင် အဲဒါကို အားပေးရတယ်။ kind ဖြစ်တာ ဘယ်လိုလဲ။ မေးကြည့်ရတယ်။ ဘာလို့မေးတာလဲဆိုတော့ လူတွေက အမျိုးမျိုးရှိတယ်။ တစ်ချိုက ကိုယ့်ရှိတာ မမျှချင်ဘူး။ သူငယ်ချင်းကို မုန့်ခွဲပေးချင်လားမေးကြည့်ရတယ်။ သူ့ခဲတံကျိုးရင် သားခဲတံအပိုရှိရင် မျှမလားမေးရတယ်။ ဒီလိုပြောဆိုဆွေးနွေးတာကနေ သူတို့ဟာ အကျင့်ကောင်း၊ စရိုက်ကောင်းလေးတွေ စတင်ရိပ်မိလာတယ်။ သေးသေးဖွဲဖွဲတွေပဲ တကယ်က အရေးကြီးတာ။ ငယ်ကတည်းက စသင်ပေးရင် ကောင်းတယ်။ အိမ်မှာတော့ ကိုးဗစ်ကြောင့် တစ်လလုံးအိမ်ကပဲ အလုပ်လုပ်နေတာဆိုတော့ မနက်ကတည်းက အတူတူရှိနေတော့ နေ့လည် ခဏနားချိန်မှာသင်ပေးတယ်။ ညပိုင်းစာဖတ်တယ်။ မိဘနှစ်ပါးလုံး အလှည့်ကျသင်ပေးတာ ကောင်းတယ်။ မိမိ ငယ်တုန်းကလည်း မိမိ အမေက စာအုပ်တွေဖတ်ပြခဲ့တယ်။ အခုအထိလည်း မှတ်မိတယ်။ The selfish giant ဆိုတာ။ တော်တော်ကောင်းတဲ့ ကလေးစာအုပ်တွေ။ နောက်ထပ် စာအုပ်အမျိုးအစားကတော့ အသံတွေကိုလေ့လာတာ၊ Meat တွေ၊ Eat တွေ၊ Rhymes တွေ fly နေ၊ ဒေါ်ကြည်ကျုပ်အဒေါ်က ဘော်လီထုတ်လျှော်တာလို အသံရဲ့အသွားအလာတွေကို သင်ပေးတာပေါ့။ တစ်နည်းအားဖြင့် အသံထွက်ပုံစံနစ်ကို အခြေပြုပြီး ရေးထားတဲ့ ပုံပြင်လေးတွေ၊Reading with Phonics စာစဉ်မျိုးတွေပေါ့လေ။ ဆိတ်လေးသုံးကောင် စာအုပ်မှာဆို Sid က ကဗျာရွတ်တာပေါ့၊ Beef or Pork or Lamb to roast, Goat is what I love the most ဆိုတာလေးတွေ၊ ဆိတ်လေးခွာသံ Trip trap Trip ဆိုတာလေးတွေ၊ ရထားစာအုပ်မှာဆို twisty track နဲ့ clickety-clack ဆိုတာလေးတွေပေါ့။ ဒီအသံတွေကို ကျကျနနဖတ်ပြမယ်ဆိုရင် ကလေးတွေဟာ Phonics ကို ပိုနားလည်လာတယ်။ တခါတလေတွေ့မှာပေါ့၊ အင်တာဗျူးတွေ၊ ဆွေးနွေးစကားဝိုင်းတွေမှာ နိုင်ငံခေါင်းဆောင်တွေ ဘယ်တိုင်းပြည်က လူဖြစ်ဖြစ် မေးလိုက်ရင် အသံတွေ ဘယ်လောက်ဝဲဝဲ ဘာမှ အခက်အခဲမရှိဘဲ သေချာနားလည်တာ phonics ပိုင်လို့ပဲ။ စာဖတ်တာ စာဖတ်ပါးဝနေတဲ့သူဟာ စာတစ်ပုဒ်ကို ဖတ်ရင် scan လုပ်လိုက်တာ။ အကုန်ဖတ်တာမဟုတ်ဘူး။ စာဖတ်တာ အရမ်းမြန်တယ်။ လိုရင်းတွေအားလုံးလည်း ခြုံပြီးနားလည်တယ်။ ဒီလိုပဲ phonics ပိုင်နိုင်တဲ့သူကြတော့ကြားလိုက်တာတွေအားလုံးကို သေချာ နားလည်တယ်။ အကုန်နားထောင်စရာမလိုဘူး။ စကားလုံးတွေကို ချုံ့ပြီး ပြောတဲ့ မြန်မြန်ပြောတဲ့ သူတွေနဲ့တွေ့တွေ့၊ အသံရှည်ဆွဲဆွဲ၊ ဒေသ အက်ဆန့်ထည့်ထည့်သူ့နားမှာ သေချာကြားတယ်။ အခုန စာဖတ်ပါးဝတဲ့သူ စာဖတ်သလိုမျိုးပေါ့လေ။ ဒါတွေကို သေချာမသင်ရရင် စာသားတွေကို စကားပြောထဲ ထည့်ပြောတာတို့၊ စကားပြောနေတဲ့ရမ်သမ်မရှိဘဲ ပြတ်တောင်းတောင်းပြောတာတို့ဖြစ်လာတယ်။ ကလေးစာပေတွေထဲမှာ ဒါလေးတွေလိုတယ်လို့ မြန်မာပြည်က အမျိုးသားစာပေဆုရ ကဗျာဆရာမကြီးနဲ့လည်း လက်ဖက်ရည်သောက်ရင်း ခဏတော့ပြောဖြစ်သေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကထင်တယ်။ သားကိုဒါတွေဖတ်ပြတော့ သူဟာ စာကို ပိုစိတ်ဝင်စားလာတာတွေ့ရတယ်။ စာကြောင်းတွေကို ဖတ်ရင် လက်ထောက်ပြီး ဖြည်းဖြည်ဖတ်ပြတာ ကလေးတွေကို သူ့အလိုလို စာဖတ်ခိုင်းသလိုဖြစ်တယ်။ သူ့ကိုလက်ထောက်ခိုင်းပြီး ဖတ်ပြတာလည်း ကောင်းတယ်။ အခုတော့ အဲဒီလိုဖတ်တယ်။ သူ့ကိုသင်ပေးရင်း သူဘာသာစကားကို ဘယ်လိုချဉ်းကပ်သလဲဆိုတာလည်း ပြန်လေ့လာတယ်။ Tone ဘာသာစကားမှာတော့ တရုတ်စာသင်ရတဲ့ကလေးတွေက ကိုယ့်ထက် tone ပိုနားလည်တာအမှန်ပဲ။ အိမ်မှာနေရင်း ကလေးတွေအတွက် အတန်းကျောင်းကိစ္စတွေ ပူပန်နေရတဲ့ မိဘတွေကိုလည်း အိမ်မှာလည်း သင်လို့ရပါတယ်။ ကြွားပြောတာမဟုတ်ပါဘူး။ သူတို့ကိုသင်တဲ့ ဆရာ၊ဆရာမတွေလောက် သင်နိုင်တဲ့ မိဘတွေ အများကြီးရှိမှာပါ။ စိတ်ရှည်ရှည်နဲ့ ကစားရင်း သင်ပေးတဲ့ ပျော်စရာ စာသင်ခန်းလေးတွေလုပ်ကြပါ။ အတန်းပညာထက်အရေးကြီးတာက ဘာသာရပ်တစ်ခုခုမှာ သူတို့ ဘယ်လောက် အခြေခံကျေညက်ခဲ့လဲဆိုတာပဲ။ စာတင်မကပါဘူး။ အခုနပြောခဲ့တဲ့ လူတစ်ယောက်လို ဘယ်လိုယဉ်ကျေးရလဲဆိုတာတွေ အသေးစိတ်သင်ပေးလို့ရတယ်။ အခုခေတ်မှာ ပညာတတ်ဖို့ ဒီလောက်မခက်ဘူး။ လူလိုသိဖို့ ကိုယ်ချင်းစာတရားရှိဖို့ခက်တာ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စာနာတတ်တဲ့ လူကောင်းလေးတစ်ယောက်ဖြစ်လာဖို့ မိဘတိုင်း မျှော်လင့်ကြတာပဲလေ။ ပျိုးထောင်ကြပါ။ ကလေးတွေက ကိုယ်ထင်ထားတာထက် အများကြီး ပိုသိပါတယ်။ ပိုနားလည်ပါတယ်။ တခါတလေ တကယ်ပြင်ဖို့လိုနေတာ ကိုယ်တိုင်ပါ။ မိဘက ပုံသက်သေကောင်းဖြစ်ဖို့လိုတယ်။ စကားလုံးတွေကို သူတို့ကြားပဲကြားပါတယ်။ မိဘရဲ့ စိတ်နေစိတ်ထားကိုတော့ သူတို့က copy ကူးတာပဲ။ ကလေးက ဘယ်လိုကလေးလဲဆိုတာ မိဘက ဘယ်လိုမိဘလဲဆိုတာနဲ့ သိပ်မကွာတဲ့အဖြေပဲ။ အခုတော့ အိပ်နေတယ်။ ညနေစက်ဘီးထွက်စီးမယ်ထင်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အထိ ကလေးထိန်းရင်း ဘဝကိုဖြတ်သန်းရလိမ့်မယ်လို့မထင်ထားမိဘူး။ မကျွမ်းကျင်တဲ့ဘာသာရပ်ဖြစ်တဲ့အတွက် ကြိုးစားရပါတယ်။ ပုံသေနည်းမရှိတဲ့ပုစ္ဆာဖြစ်နေလို့ အားထုတ်ရတဲ့သဘောပါပဲ။ မအလမသေသေးလို့ ပျော်စရာမကောင်းတဲ့ နေ့ရက်တွေမှန်းတော့ ရိပ်မိပါတယ်။ ကလေးရှိရင်တော့ ဒီအချိန်တွေကို မိသားစုအတူနေရချိန်ဆိုပြီး တန်ဖိုးထားပြီး ကောင်းမွန်တဲ့အကျင့်တွေ သင်ပေးပါ။ စာက ဘယ်အချိန်သင်သင်တတ်ပါတယ်။ အကျင့်ကောင်းက မိဘဆီက အဓိကရတာ။ ကလေးတွေက တခါတခါ တမင်လုပ်နေတာ။ ဘာလို့လဲဆိုတော့ ဒီလိုအတွေ့အကြုံမျိုးကို မိဘက ဘယ်လိုတုန့်ပြန်သလဲ လေ့လာနေတာ။ ဒေါသထွက်ပြီး ရိုက်တယ်ဆိုရင် သူလည်း ဒီလိုပဲလုပ်မှာပဲ။ ဒါက သူ့သင်ယူမှုကနေရလာတဲ့အဖြေပဲ။ မိဘမကောင်းရင် ဘယ်လိုကလေးတွေ မွေးလာလဲဆိုတာ မအလ တစ်ယောက်တည်းနဲ့တင် ကျနော်တို့လုံလောက်ပါပြီ။ မိဘတစ်ယောက်ရဲ့တာဝန်ပျက်ကွက်မှုဟာ တစ်တိုင်းပြည်လုံး ဒုက္ခပေးနိုင်ရုံမက အိမ်နီးနားချင်း နိုင်ငံတွေပါ အာရုံနောက်ကုန်တယ်။ ကျနော်တို့ သားသမီးတွေကိုတော့ ကိုယ်ချင်းစာတတ်တဲ့ ကလေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့လိုတယ်။ လူသားတွေအပေါ်မှာ တန်းတူ သဘောထားတတ်တဲ့လူကြီးလူကောင်း ပေါက်စလေးတွေဖြစ်အောင် ကြိုးစားရမှာပေါ့ဗျာ။



Peace B with U.