ညနေများ
ဝါးဟိုးရဲ့ ၁၅ မိနစ်တာ အောင်မြင်မှုများစွာနဲ့ကမ္ဘာမှာ ......... ကိုယ့်ခြေထောက်ကိုယ် မြဲမြဲရပ်ထားဖို့ ခက်တယ်။ ကြယ်ငေးသူဟာ ကြယ်ငေးဖို့ ရှင်သန်တယ်။ နေ့စွဲတွေထဲကို ရှင်သန်မှုဖြည့်တယ်။ မောပန်းမှုကို မေ့ထားလိုက်ရင် ပျော်စရာကစားပွဲဟာ အသက်ဝင်လာတယ်။ ကမ်းခြေမှာ အဆုပ်ပြည့် အသက်ရှူလိုက်ရသလို ချစ်ခင်သူများရဲ့ အပြုံးဟာ ကျန်းမာစေတာပါပဲ။
တာဝန်နဲ့ဝတ္တရားဟာ ကိုယ့်ကို ကိုယ့်စိတ်ကနေ ဝေးကွာသွားစေတာပဲ။ အင်မတန်လွတ်လပ်ပြီး အင်မတန်ရှင်သန်တဲ့အလင်းရောင်ကို တစ်ခုခုထဲ ထည့်သိမ်းထားလို့မရဘူး။ မနေ့က အရုဏ်ကြိုအလင်းနဲ့ ဆည်းဆာအလင်းဖျော့ကို ကျွန်တော်တို့ စွန့်လွှတ်ခဲ့ရပြီးပြီ။ လွတ်လပ်ခြင်းပါဝင်တဲ့ သက်ရှိတရားတွေဟာ ဖမ်းဆုပ်ထားလို့မရဘူး။ ဒီနေ့ရရှိနေတဲ့အလင်းရောင်ဟာ ဒီနေ့အတွက်ပဲ။ ဒီနေ့ငေးနေတဲ့ကြယ်အလင်းဟာ ဒီနေ့အတွက်ပဲ။ ဒီနေ့မှာတောင် ဒီတဒင်္ဂလေးအတွက်ပဲ။ နောက်ထပ် ထပ်ရောက်လာတဲ့ အလင်းအသစ်ဟာ အဟောင်းရဲ့တည်မြဲမှုကို အစားထိုးလိုက်တာပဲ။ ဒါပေမယ့် စိတ်ထဲမှာ ထင်ကျန်နေတဲ့ အလင်းရောင်ကတော့ ဟောင်းမသွားနိုင်ဘူး။ ငယ်ဘဝက တက်တူးဟာ အရောင်ဖျော့သွားပေမယ့် အဓိပ္ဗာယ်လျော့မသွားသလိုပဲ။
ရရှိတဲ့အမှန်တရားဟာ ရှင်သန်မှုကို အားပေးတာပဲ။ လွတ်လပ်မှုကို အားပေးတာပဲ။ အမှန်ကို သိနိုင်သလောက်ပဲ ခင်ဗျားလွတ်လပ်နိုင်မယ်။ ဒါကို ဂျီးဇက်လည်းပြောခဲ့တယ်။ အင်မတန်နာမည်ကြီးတဲ့ ယောဟန် 8:32 က the truth will make you free ဟာ နှစ်ပေါင်းများစွာ ပျံသန်းနေတုန်းပဲ။
ခေတ်တွေက ပြောင်းလဲသွားပြီနော်။ အရင်က သီချင်းကို ပါးစပ်နဲ့ဆိုကြရာက အခု သီချင်းကို တင်ပါးနဲ့ဆိုတဲ့ခေတ်ရောက်လာပြီ။ Niki Manaj ရဲ့ anaconda နဲ့ jennifer lopez ရဲ့ booty တို့ဟာ အကောင်းဆုံး သက်သေပြချက်ပဲ။ ပြောင်းလဲခြင်းတွေထဲ ပါမသွားနိုင်တာ ယုံကြည်ချက်တွေနဲ့ ဘဝအဘိမ္မာပဲ။ Philosophy of life ဟာ ပြောင်းမသွားဘူး။ လူတွေ အသက်ကြီးလာလည်း ဒီယုံကြည်မှု၊ ဒီခံယူချက်ကို စွန့်ကြတာမဟုတ်ဘူး။ အဲဒီတော့ အနာဂတ်မှာကြီးလာမယ့် ကလေးတွေအတွက် စပြီး ယုံကြည်ရမယ့် တန်ဖိုးတွေကို အကောင်းဆုံးတွေ ဖြစ်နေစေချင်လာတယ်။ တစ်ချိန်မှာ စွန့်မရတော့မှာတွေကို အသိဉာဏ်ရှိရှိနဲ့ ရွေးချယ်ထားစေချင်လာတယ်။
အခုခေတ်မှာ လူ့သက်တမ်းဟာ တစ်ဝက်ပဲကျန်တော့တယ်။ သက်တမ်းတစ်ဝက်ကို အပြင်မှာ ရှင်သန်ပြီး တစ်ဝက်ကို virtual world မှာ ရှင်သန်တယ်။ ၂၀၁၃ က Her ရုပ်ရှင်ဇာတ်ကားမှာ သံဝေဂရစရာကောင်းလောက်အောင် ခံစားမိနိုင်တယ်။ အောင်မြင်မှုအတုအတွက် အောင်မြင်မှုအစစ်ကို စွန့်လွှတ်လိုက်ကြတယ်။ ပျော်ရွှင်မှုအတုအတွက် ပျော်ရွှင်မှုအစစ်ကို စွန့်လွှတ်လိုက်ကြတယ်။ သိပ်လှတဲ့ကမ္ဘာကြီးဆီက အကြည့်ကိုလွှဲပြီး ဖန်သားပြင်က ပြုလုပ်ချက်ကို ငေးကြည့်နေလိုက်တော့တယ်။ သဘာဝတရားရဲ့ အလှဟာ grand scale တွေ။ စကြဝဠာကြီးလှနေတယ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်မှ အတုလုပ်လို့ရတာမျိုးမဟုတ်ဘူး။ အရှိအတိုင်း ခမ်းနားနေတာ။ မျက်လုံးနဲ့ အသိဉာဏ်ရဲ့ ကန့်သတ်ချက်ထဲမှာ ပိတ်မိသွားတဲ့အခါမှာ .... အလှတရားဟာ ကျဉ်းမြောင်းသွားတယ်။ ချစ်တဲ့မျက်စိနဲ့ကြည့်မှ လှတာပဲ။ မချစ်ရင်မလှဘူး။ ပြုပြင်မှုအလှတရားဟာ ပြုပြင်မှုတွေ ထပ်လိုနေတယ်။ ပျက်သွားရင်မလှဘူး။ စကြဝဠာထဲမှာ ကြယ်အဟောင်းတွေ လောင်သွားပေမယ့် လှနေတာပဲ။ ကြယ်အသစ်တွေထွက်လာလည်း လှတာပဲ။ အလင်းတရားဟာလည်း လှတယ်။ အမှောင်တိုက်ရဲ့ဖြည့်စွက်မှုကလည်း လှတယ်။ ယုတ်လျော့မသွားတဲ့အလှတရားတွေ။ လူတွေလည်း ကိုယ်ချစ်တဲ့သူတွေကိုကြည့် ထာဝရအလှတရားတွေနဲ့ပဲ။ ငယ်ရွယ်မှုမှာလှသလို၊ ကြီးပြင်းမှုမှာလှတယ်။ အသက်ကြီးမှုရဲ့ အလှတရားလည်းရှိတယ်။ တည်ငြိမ်တဲ့ အပြုံးဟာ ပိုလှလာတယ်။ တွန့်သွားတဲ့အရည်ပြားဟာလည်း လှတာပဲ။ ဖြူသွားတဲ့ ဆံပင်ဟာလည်း လှတာပဲ။ မျက်ဝန်းထောင့်စွန်းက ကျီးကန်းခြေထောက်တွေကလည်း အသက်အရွယ်ရဲ့ သင်္ကေတအလှတရားတွေပဲ။ ဒီအရွယ်တွေဟာ ဖြတ်သန်းသွားရမယ့် အခက်အခဲတွေ။ အောင်မြင်စွာ ဖြတ်သန်းနေတာဟာ လှတာပါပဲ။ အင်မတန် ကျက်သရေရှိတာပါပဲ။
၂၀၁၄ မှာ Interstellar ကြည့်မိတော့ ကမ္ဘာကြီးမှာ ပြောင်းဖူးတွေကုန်သွားတဲ့ တစ်နေ့ရောက်လာဦးမှာပါလားဆိုတာကို ခံစားနာကျင်နေမိတယ်။ ပြောင်းဖူးဟာ နောက်ဆုံး စိုက်လို့ရတဲ့စားစရာဖြစ်လာမယ်တဲ့။ ဒီပြောင်းဖူးတွေကုန်ရင် ကမ္ဘာလည်း နေလို့မရတော့ဘူး။ စိတ်နဲ့ အဲဒီအချိန်ကို ခဏလောက်သွားကြည့်ပြီး အခုနေထိုင်နေတဲ့ ၂၀၁၅ ကိုပြန်ကြည့်လိုက်ရင် အင်မတန် အစားအသောက်ပေါတဲ့ ရွှေခေတ်ပဲ။ ရရှိနေသေးတဲ့ စိမ်းလန်းမှုကို ကျွန်တော်တို့ ဘာလို့ တန်ဖိုးမထားကြတာလဲ။ သိပ်လှတဲ့ကောင်းကင်၊သိပ်လှတဲ့ကွင်းပြင်၊ သိပ်စိမ်းလန်းတဲ့ တောအုပ်တွေနဲ့ သိပ်ပြည့်စုံနေတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ အသက်ရှူလိုက်ရင် အောက်ဆီဂျင်ရှိနေသေးတယ်။ ဒါတွေကို အလကားရနေလို့ အလကားမထင်ကြဖို့လိုတယ်။ ကမ္ဘာမှာ အလကားရနေတဲ့အရာတွေရဲ့ တန်ဖိုးကို တကယ်နားလည်တဲ့သူတွေ လိုလာတယ်။ သိပ်တန်ဖိုးကြီးတာတွေပဲ အလကားရနိုင်တယ်။ မိခင်ရဲ့ မေတ္တာဟာ အလကားရတာပဲ။ ဒါ အဖိုးမတန်ဘူးလား။ သိပ်တန်တာပေါ့။ for granted ရတာတွေက တန်ဖိုးအကြီးဆုံးတွေ ဖြစ်နေတာကို ဆုံးရှုံးမှုတွေကပဲ တကယ်သင်ပေးနိုင်တာ။
ကြယ်ငေးသူဟာ ကြယ်ငေးဖို့ရှင်သန်နေတာ။
သူ့ဆီကထွက်သွားတဲ့ အမှန်တရားတစ်ခုခု ကြယ်တစ်စင်းစင်းမှာ ပြန်ရှာတွေ့မယ်ထင်နေတာ။
ကမ်းခြေမှာ ကြွေနေတဲ့ကြယ်အလင်းတွေရှာဖို့ ညနေတိုင်း လမ်းလျှောက်နေတာ။ လတ်ဆတ်တဲ့ပင်လယ်လေက ဆားငွေ့ဟာ ... အိမ်မက်ဆန်တဲ့ကိုယ်သင်းနံ့လေးတစ်ခုဆိုတာ သူ့ဟာသူတော့သေချာနေတာပါပဲ။ ဒီညနေ ရှာမတွေ့သေးရင် နောက်ထပ် ညနေများစွာပေါ့ .....။ ။
With Peace,
Zephyr
Peace B with U.