ဥသြငှက်ပေါင်း သောင်းနှစ်ထောင်။
လူ့သက်တမ်းသည် x ဖြစ်လျှင် ထို x သည် belongs to Death ဖြစ်သည်။ သေခြင်းတရား၏ အစုတွင် သက်တမ်းသည် အဖွဲ့ဝင်ဖြစ်ရသည်။ x ၏ limit သည် ယခုခေတ်တွင်တော့နှစ်အားဖြင့်<=168 ဖြစ်သည်။ ထို့ကြောင့် ရှင်သန်နေထိုင်မှုကို မျဉ်းတစ်ကြောင်းဆွဲကြည့်လျှင် ထိုမျဉ်းအတွင်း ရှင်ကွဲနှင့်သေကွဲသည် အစက်အပြောက်လေးများအဖြင့် ထာဝရပါဝင်နေလိမ့်မည်။ အလွန်အင်မတန်အကောင်းမြင်တတ်လျှင်တော့ သင်တစ်ယောက်တည်း ထိုသို့ဖြစ်နေခြင်းမဟုတ်လို့ ခံစားနားလည်ကောင်းနားလည်မိနေနိုင်သည်။ သို့သော် တစ်သီးပုဂ္ဂလ ဒဏ်ရာကိုယ်စီသည် စုပေါင်း ခံစား၍ သက်သာသွားသည်မျိုးတော့မဟုတ်ပါ။ သမဝါယမစနစ်မှ ဆန်တစ်အိတ်ကို အိမ်ထောင်စု ငါးရာခွဲဝေပေးလျှင် တစ်အိမ်ထောင် ဆန်အနည်းငယ်ရသွားသည့်ဥပမာသည် ချစ်ခင်သူများနှင့် ကွေကွင်းရသူများနှင့် မည်သို့မျှ မသက်ဆိုင်လှပါ။ အိုဘတ်အိုဝင်ကို ခင်မင်သည့်တိုင်အောင် ပြဿနာများသည်လွယ်လွယ်နှင့်အေးမသွား။
သေသောသူကြာလျှင်မေ့ဆိုသည်မှာ၊ မှတ်မိနေသောသူကိုယ်တိုင် သေသွားခြင်းကြောင့်ဖြစ်ပါသည်။ တစ်ခါတစ်ရံ စကားပုံများကို အဆုံးအထိတွေးစေချင်ပါသည်။ လူ့သက်တမ်း၏တိုတောင်းမှုသည် ချစ်ခင်သောသူတစ်ဦးတစ်ယောက်သေဆုံးသွားသည်ကို မေ့လောက်အောင်ရှည်ကြာသော ကာလမဟုတ်ပါ။ ဒါကို သင်လည်းသိပါလိမ့်မည်။
နေရောင်ခြည်နှင့်တူသော မေတ္တာတရားတို့သည် လောကတွင် ဧကန်ရှိခဲ့ကြပါသည်။ ဧကန်သည် အမှန်ဖြစ်သည့်အတွက် ဧကန်အမှန်ရှိခဲ့ကြပါသည်ဟု ခမ်းခမ်းနားနားသုံးစွဲချင်ပါသည်။ နေရောင်ခြည်၏တန်ဖိုးသည် နေရောင်မဲ့သော နေ့များတွင် ပိုမိုသိသာထင်ရှားလာပါသည်။ မလိမ္မာသည့်တိုင်အောင် သိပ်လည်း မိုက်မဲပုံမရခဲ့သည့်အတွက် အတန်အသင့်ဖြေသာသည်ကလွဲလျှင် မိခင်သေဆုံးသွားခြင်းသည် ပေါ့သေးသေးဒဏ်ရာမဟုတ်ခဲ့ပါ။
ကျွန်တော်တို့သိသိမသိသိ ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးတွင် မမြင်ရသော အင်နာဂျီများရှိနေပါသည်။ ထိုစွမ်းအင်များသည် ကွန်ယက်ဖွဲ့နေကြသည်။ မေတ္တာတရားဖြင့်ဖြစ်စေ၊ ကရုဏာတရားဖြင့်ဖြစ်စေ၊ အကျနာမည့်နေရာများတွင် ထိုစွမ်းအင်များသည် ခွန်အားဖြစ်စေခဲ့သည်။ အကျသက်သာစေခဲ့သည်။ အောင်မြင်သည့်အခါ မပလွှားရန်၊ ရှုံးနိမ့်သည့်အခါ လိုအပ်သည်ထက် ပိုမခံစားရန် ထိုစွမ်းအင်များက များစွာကူညီခဲ့သည်။ စွမ်းအင်များသည် အချင်းချင်းစုစည်းနေထိုင်ကြသည်။ စုစည်းလွှမ်းခြုံကြသည်။ ချစ်ခင်ရသောလူများ၊ ချစ်ခင်ရသော အိမ်ကခွေးကလေးများ၊ ငါးကလေးများ၊ ပန်းပွင့်လေးတစ်ပွင့်မှအစ အရာအားလုံး စွမ်းအင်စုထဲတွင် အပိုင်းအစတစ်ခု၊ ချည်မျှင်လေးတစ်ခုလိုပါဝင်ကြသည်။ ထိုစွမ်းအင်များသည် ဂယောက်ဂယက်ဖြစ်နေသော သင်၏စိတ်တို့ကို တည်ငြိမ်အောင်ထိန်းသိမ်းထားကြသည်။ အစွန်းရောက်မသွားစေရန် ဘေးမှ ကာရံဖေးမထားသည်။ ထိုမမြင်ရသောစွမ်းအားများကို သင်နားလည်လာချိန်သည် ထိုစွမ်းအားများလစ်ဟာသွားသည့်အခါတွင်သာဖြစ်သည်။ ကျွန်တော့်အတွက်တော့ အိမ်က ခွေးကလေး သေဆုံးသွားချိန်တွင် စွမ်းအင်ယုတ်လျော့သွားမှုကို သိသိသာသာခံစားခဲ့ရသည်။ depression သည်ထောက်ပံ့ညီညွတ်မှုစွမ်းအင် ရုတ်ချည်းပျောက်ဆုံးသွားချိန်တွင် ခေါင်းထောင်ထလာသော သိသာထင်ရှားသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ကျွန်တော်ပျော်ချိန်တွင် အတူပျော်ခဲ့၊ ကျွန်တော်မှိုင်ချိန်တွင် အတူမှိုင်ခဲ့သော ခွေးကလေးသည် ကျွန်တော့်ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်မှန်းသေချာနားလည်ခဲ့ရသည်။ ကျွန်တော်ပြန်လာချိန်အထိ စောင့်ဆိုင်းရင်း၊ ကျွန်တော့်လက်ပေါ်တွင် သေဆုံးသွားသော ခွေးကလေးတစ်ကောင်သည် ကျွန်တော့်ဘဝကို မည်မျှအဓိပ္ပာယ်ရှိစေခဲ့ကြောင်း သူသေဆုံးသွားမှ ပြန်ဆင်ခြင်ကြည့်မိခဲ့သည်။ သူ့ဘဝတစ်သက်တာလုံးသည်သည် ကျွန်တော့်အနီးတွင်သာဖြစ်တည်ခဲ့သည်။ နွေရာသီနေ့လည်ခင်း ကျွန်တော်စာဖတ်နေလျှင် ခြေရင်းတွင် ဝပ်အိပ်နေသော ခွေးကလေးတစ်ကောင်၏ တန်ဖိုးသည် သူမရှိချိန်တွင်မှ ပိုသိသာထင်ရှားလာခဲ့သည်။
ထိုစွမ်းအင်များတွင် အစားထိုး၍ရသော စွမ်းအင်ငယ်လေးများတော့ရှိသည်။ ဥပမာ အနီရောင်အမောက်နှင့် အိုရင်ဒါရွှေငါးတစ်ကောင်သေသွားလျှင် နောက်တစ်ကောင်အစားထိုးလိုက်၍ရသည်။ သူနှင့် ကျွန်တော့်အကြားဆက်သွယ်ထားသော စွမ်းအင်မှာအင်မတန်ပါးလျသောကြောင့်ဖြစ်သည်။ သို့သော် အဖြူရောင် အော်စကာတစ်ကောင်ဖြစ်စေ၊ ဖလားဝါးဟော်န်းတစ်ကောင်ဖြစ်စေ သေဆုံးသွားလျှင်တော့ လွယ်လွယ်နှင့် အစားထိုး၍မရပါ။ သူတို့၏အသိဉာဏ်နှင့် ဆက်သွယ်မှုသည် ပိုခိုင်မာသောကြောင့်ဖြစ်မည်။
အမေဆုံးသွားသည့်အခါ စွမ်းအင်တစ်ချို့ယုတ်လျော့သွားရုံမျှမကဘဲ စွမ်းအင်စနစ်တစ်ခုလုံး ပျက်သုဉ်းသွားသည့်ခံစားမှုကို ကျွန်တော်နားလည်ခဲ့ရပါသည်။ ထိုခံစားချက်သည် အင်မတန်ပြင်းထန်သော လောကဒဏ်၏ အရှိုက်အတိအကျပစ်သွင်းလိုက်သော သံမဏိလက်သီးချက်ဟု ကျွန်တော်ထင်ပါသည်။ အဖွားဆုံးသွားသောအခါ ထိုနေရာသို့ပင် နောက်ထပ်လက်သီးတစ်လုံး ထပ်ဝင်လာသည်နှင့်တူသည်။ သို့သော် ခံနိုင်ရည်တော့ ပိုရှိသွားခဲ့ပြီဖြစ်သည်။
ကြယ်များတွင် ထူးဆန်းသောစနစ်တစ်ခုရှိပါသည်။ ဖြစ်ထွန်းခြင်းနှင့်အတူ ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်စီးနိုင်သော စနစ်ဖြစ်ပါသည်။ လူ့စိတ်တွင်လည်း ထိုစနစ်ပါဝင်ပါသည်။ သည်းမခံနိုင်သည့်အခါ လူသည် ကိုယ့်စိတ်ကိုယ် ဖောက်ခွဲ၍လွတ်လမ်းရှာကြပါသည်။ ရူးသွပ်ခြင်းသည် ဥပါယာသ အစွန်အဖျားလေးတွင်ရှိသော လွတ်လမ်းတစ်ခုဖြစ်ပါသည်။ မိမိကိုယ်ကိုယ်သတ်သေခြင်းသည်လည်း လူသား၏ self-destruction button တစ်ခုဖြစ်ပါသည်။ နေထိုင်ခြင်းကို ရွေးချယ်လိုက်လျှင် ဒဏ်ရာများကို ခံနိုင်ရည်ရှိရှိ၊မရှိရှိ သည်းခံရတော့မည်ဖြစ်ပါသည်။ ထို့အတွက် ဒဏ်ရာများကို အသေးစိတ်အထိခွဲနိုင်သော စိတ္တာနုပဿနာကို ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ နှစ်အတန်ငယ်ကျွန်တော် ဒဏ်ရာများကို အရိပ်တကြည့်ကြည့်လုပ်နေခဲ့ပါသည်။ အစိုင်အခဲအကြီးကြီးမှ အမှုန်အမွှားများဖြစ်သွားသည်အထိ တစ်စစီထိုင်ခွဲနေမိသည်။ radioactive material များ၏ ရှည်ကြာသော half-life ကို မိဘများဆုံးသွားခြင်းကြောင့်ဖြစ်သော စိတ်ဒဏ်ရာက အမီလိုက်နိုင်ပါသည်။ အစိုင်အခဲကြီးများသည် အစိုင်အခဲငယ်များဖြစ်သွားရန် ကြာမြင့်ခဲ့ပါသည်။
အမတ်တစ်ယောက်သည် ပြည်နယ်တစ်ခုကို ကိုယ်စားပြုလျှင် သား၊သမီးတစ်ယောက်သည် မိဘနှစ်ပါးကို ကိုယ်စားပြုသည်ဟု ကျွန်တော်ယူဆပါသည်။ အထီးကျန်မှုနှင့်အတူပါလာတတ်သော Mood Swings များသည် ကျွန်တော်တို့ကို အသေမသတ်နိုင်ပါ။ ကိုယ့်ကိုအသေမသတ်နိုင်သောအရာများသည် ကိုယ့်ကို ကြံ့ခိုင်စေသောအရာများဖြစ်စေသည်ဟုပြောခဲ့သော နစ်ရှေး၏စကားသည် ထိုနေရာတွင် မှန်ကန်ဖွယ်ရှိပါသည်။ ရှင်သန်နေထိုင်စဉ် မိဘများ၏ ဆန္ဒကောင်းများကို အကောင်အထည်ဖော်ခြင်းသည် အဓိပ္ပာယ်ရှိသည်ဟု ကျွန်တော်မှတ်ယူပါသည်။ ဒဏ်ရာများမပျောက်ကွယ်သွားသည့်တိုင်အောင် ဒဏ်ရာများနှင့် အဆင်ပြေပြေနေထိုင်တတ်လာလျှင် ဘဝသည် အတော်ကြီးနေသားကျသည်ဟုထင်မိသည်။
“Pain is inevitable. Suffering is optional.” ဟရုကိမူရာခမိကပြောသည်။ ဘုရားဟောရှိသည့် ကိုယ်ပင်နာသော်လည်း စိတ်မနာအောင်နေဟူသော အဆုံးအမ၏ ဂျပန်ဗားရှင်းဖြစ်မည်ထင်သည်။ ဒဏ်ရာများနှင့်အတူနေနိုင်လာလျှင် ထိုဒဏ်ရာများအတွက် စိတ်သောကရောက်နေစရာမလိုအပ်တော့ခြင်းသည် ထိုဒဿန၏ အောင်မြင်မှုတစ်ရပ်ဖြစ်မည်ထင်သည်။ မိဘဆုံးခြင်းထက် ပိုသော လစ်ဟာမှုသည် လောကတွင်မရှိသလောက်ပင်ဖြစ်သည်။ ထို့အတွက် စိတ်၏သဘာဝအရ အကျယ်ချဲ့လိမ့်မည်။ ထိုအကျယ်ချဲ့မှုနောက်ကိုမလိုက်ဘဲ အသင့်အတင့်နှလုံးသွင်းထားလျှင် သက်သာလိမ့်မည်။ လောကတွင် တန်ဖိုးရှိသော အရာများစွာ လုပ်စရာရှိသေးသည်။ မည်မျှ ဝမ်းနည်းသည်ဖြစ်စေ အုတ်ဂူရှေ့တွင် မိနစ်သုံးဆယ်ထက်ပိုပြီး ထိုင်နေရန်အချိန်မရှိပါ။ ကမ္ဘာကြီးသည် လူသားတစ်ယောက်ကို လူသားတာဝန်များပေးထားပါသေးသည်။
မသိခြင်းသည် ဒဏ်ရာများကို ပိုမိုနက်ရှိုင်းစေသည်ဟုထင်ပါသည်။ သေတတ်သောသဘောရှိသည့် သတ္တဝါမှန်သမျှကို မသေသောသဘောရှိသည်ဟု မှတ်ထင်နေသော စိတ်ကြောင့်၊ မိမိတို့ချစ်ခင်သူ ကွယ်လွန်သွားလျှင် စိတ်၏ ပြင်းထန်သော အင်နားရှားဖြစ်ရသည်။ မရဏာနုဿတိ တွင် မေ့လျော့ခြင်းသည် သေကွဲများ၏ ခံစားရမှုကို ပိုမိုနက်ရှိုင်းပြင်းထန်စေပုံရသည်။ ရှေ့လူ၏သေဆုံးခြင်းကိုသာ အာရုံစိုက်၏ မိမိ၏သေချိန်နည်းကပ်လာမှုကို ဂရုမပြုသူသည် မိုက်မဲသူဖြစ်လိမ့်မည်ထင်သည်။ မိုက်မဲသူတို့သည် အဝိဇ္ဖာတရားဖြင့်နေထိုင်ခြင်းကြောင့် သင်္ခါရတရားတို့ သဘောသဘာဝကို ပြောင်းပြန်မြင်လေသည်။
ငယ်စဉ်ကဆိုခဲ့ဖူးသော ဆာလံကျမ်းမှ အလွန်လှသော အဖွဲ့လေးကို အမေနှင့် အဖွား၏ ယပ်တောင်တွင် ရေးထွင်းထားသည်ကိုတွေ့ရသည်။ သေခြင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။
Even though I walk
through the darkest valley
I will fear no evil,
လူတိုင်းတွင် သူယုံကြည်ရာနှင့်သူ သွားကြလာကြရမည်ထင်ပါသည်။ ရှင်သူသည် သေသူများကို ဆက်လက်ကိုယ်စားပြုနေသေးသ၍ သေသူသည် တကယ်သေသူမဟုတ်တော့ပါ။ မိမိ၏စိတ်တွင် မိဘများ၏အဆုံးအမတည်နေသေးလျှင် မိမိအတွက်တော့ သူတို့သည် မသေကြသေးပါ။ စိတ်ထဲတွင် ရှင်သန်နေမြဲ၊ မိမိကို ချစ်ခင်နေမြဲဖြစ်ပါသည်။ Robert Frost ၏ miles to go before I sleep ဆိုသည့် ကဗျာစာသားလေးအတိုင်း မသေခင် လုပ်ရမည့်ကိစ္စများကို အကောင်းဆုံးလုပ်ဆောင်သွားခြင်းသည်သာ သေသူများကို အကောင်းဆုံးတုံ့ပြန်ကျေးဇူးဆပ်ခြင်းမည်လိမ့်မည်ထင်ပါသည်။ R.I.P Mother. R.I.P Grandma.
With Peace,
Zephyr
Peace B with U.