Tuesday, May 6, 2014

စိတ်အပိုင်းအစများဖြင့်ရက်လုပ်ခြင်း။


တိမ်တိုက်လေးသည် ခဏငယ်လေး ပိုင်ဆိုင်ရသည့် နေမင်းနှင့် သူ၏အလင်းကို ကြာမြင့်စွာ သိုဝှက်သိမ်းဆည်းထားနိုင်စွမ်းမရှိခဲ့ချေ။ လောကတွင် တန်ဖိုးထားရသည့်အရာများ၊လူများ၊စိတ်ခံစားချက်များကို ကြာရှည်ထိန်းသိမ်းထားရန်မဖြစ်နိုင်ခဲ့ခြင်းသည် လေးနက်စွာကျရှုံးမှုတစ်ခုလည်းဖြစ်သည်။ ဝမ်းနည်းမှုသည် မျက်ရည်အိတ်အတွင်းမှ မျက်ရည်နှင့်ပါးပြင်ပေါ်မှ မျက်ရည်နှစ်ခုကြားအကွာအဝေးပင်ဖြစ်သည်။ တိတ်ဆိတ်ခြင်းသည် ဒဏ်ရာများ အက်ကွဲသီးမှည့်စေသည့် အခြေခံအကြောင်းခြင်းရာတစ်ခုလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ရေတံခွန်များ၏ သွယ်တန်းစီးဆင်းမှု၊ တောင်တန်းများ၏ ဆင်ခြေလျှောဆန်မှု၊ ဝါးပင်များကို တိုးထွက်လာသော လေစီးကြောင်း၏ ရုန်းကန်ရှင်သန်မှု၊ စမ်းချောင်းခြေရင်းမှ ကူးခတ်ရန်ပျင်းရိနေသော ငွေရောင်ငါးလေးတစ်ကောင်၏ စိတ်ကူးစိတ်သန်းဆန်ဆန် ရောင်စဉ်တန်းများ၏ လဲ့ဖြာမှု။ တိတ်ဆိတ်သွားသည်နှင့် အမှောင်ရောင် ပျစ်ပျစ်ဆိုးထားသော စုတ်ချက်များ အဖြူရောင်အိမ်မက်များကို ကြက်ခြေခတ်ပစ်နေကြသည်။

ရစ်တာစကေးအတန်အသင့်ဖြင့် မရပ်မနားတုန်လှုပ်နေသော နှလုံးစည်းချက်၏ ပဲ့တင်သံသည် ခရမ်းရင့်ရောင်ဖျော့ဖျော့ရှိသည်။ ကမ်းခြေတစ်လျှောက်ဖြန့်ကျက်ထားသော ဆားငွေ့ပါဝင်သည့်လေထု၏ အိပဲ့ပဲ့ ရွေ့လျားမှုသည် ဆင်မယဉ်သာ။ Jazz ကဖေးဆိုင်မှ Nat King Cole ၏ Let there be Love ကိုနားဆင်ရင်း အုန်းလက်ကို မြင်းလုပ်၍ပြေးထွက်သွားသော ကလေးငယ်များ၏ ပေါ့ပါးမှုကို ခြေရာခံကြည့်နေမိသည်။ ပင်လယ်သည် ကမ်းခြေရွာသားများအတွက် အရေးလုပ်၍ ထိုင်ကြည့်စရာမဟုတ်မှန်း သဘောပေါက်လာသည်အထိ နေဝင်ချိန်သည် စိတ်ရှည်နေခဲ့သေးသည်။

အပြုံးသည် လှပသော ရောင်စဉ်တစ်မျိုးဖြစ်မှန်း သေချာခဲ့ချိန်တွင် သူသည် ဖျားနာနေသော ဆောင်းရာသီ၏ တောင်ပံအောက်တွင် ဆောင်းခိုနေခဲ့သေးသည်။ လမ်းတစ်လျှောက် ပန်းပွင့်ဝါများကို ရေတွက်သွားသော ကျေင်းကားသည် မှတ်ဉာဏ်ကို တစ်နာရီ ၇၆ မိုင်နှုန်းဖြင့် ဖြတ်သန်းနေမြဲပင်ဖြစ်သည်။ မရှိခြင်း၏ အသံများ၊ ထင်ယောင်မှားမှုနှင့် ကွဲထွက်နေသော စိတ်၏ အစိတ်စိတ်အမွှာမွှာဖြစ်မှု၊ ဒဏ်ရာများကျိုးကြေကွဲအက်၍ မှားယွင်းစွာ တွဲဆက်မိခြင်းသည်သာ ကံ၊ကံ၏အကျိုးနဲ့ သူ၏အကြောင်းဖြစ်သည်။

ကျောင်းအနီးမှ ဦးမောင်မောင်ညွန့်၏အုတ်ဂူသည် အရောင်မျိုးစုံပြောင်းလဲနေကြောင်းမှတ်မိသည်။ ဒဏ်ရာများသည် ကျက်လွယ်သလောက် အရှင်းပျောက်ကင်းရန်ခက်ခဲကြောင်းမှတ်မိသည်။ ကြယ်ကြွေညများပြည့်နှက်နေသော အိမ်ခေါင်မိုးပေါ်တွင် ပြေးလွှားနေသော ကြွက်များ၊ကြောင်များနှင့် လှပသော ဂြိုဟ်ရံလများ၊ လှပသော အလင်းစက်ဝန်းများ၊ လှပသော ကြယ်တာရာများ၊ လှပသော ပိုးစုန်းကြူးငယ်လေး၏ တိတ်တခိုးအသက်ရှူသံဖျော့ဖျော့များ။ ရပ်တန့်၍မရသော အတွေးများဖြင့် သတိရစိတ်၏ အစွန်အဖျားတွင် အခြေချနေထိုင်သော မျက်တောင်များ။ ချစ်ခြင်းတရားသည် စိတ်၏လုံခြုံနွေးထွေးမှုဆိုင်ရာ ဝိသေသယျတစ်ခုလည်းဖြစ်မည်။ ငါးရိုးဆူးနေသောကြောင်တစ်ကောင်၏ ခံစားချက်သည် အလွမ်း၏ ဒုတိယပုံသဏ္ဍာန်ဖြစ်ကောင်းဖြစ်နေလိမ့်မည်ဟုထင်သည်။

ပျံသန်းထွက်ခွာသွားသော လေယာဉ်များ၊ ခေါက်သိမ်းလိုက်သောဘီးနှင့် ပျပျဝေးဝေးသို့ ထွက်ခွာသွားသော ကွာဝေးမှုတစ်ဆင်စာ ဆင်ယဉ်ခြယ်သထားသော နွေဦးရာသီသည် အေးမြသော သောက်ရေအိုးများကို ပူနွေးသွားစေသည်။ စက်တင်ဘာသည် ထူးကဲဒီရေတက်လျှက်ရှိနေရာမှ ထူးကဲပူပြင်းလာသည်။ ရင်ဘတ်ပက်ကြားအက်နေသော လယ်ကွင်းအတွင်း ပိတ်မိနေသော ဝင်္ကဘာ ဘီလုံးငှက်နဲ့ ကံကြမ္မာစွန်ရဲတို့ စိန်ခေါ်မြဲစိန်ခေါ်လျှက်။ မောင်ပိုသည် ပိုနေမြဲကျားနေမြဲ အဘိဓမ္မာကိုသင်ယူရန် starbucks သို့ ပုံပြင်စာအုပ်တစ်အုပ်နှင့်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ပစ်လွှတ်လိုက်သော ဘူမာရင်းသည် မကောင်းသူထိပ် ကောင်းသူထိပ်သာဖြစ်သည်။

အမှောင်ထုတွင်းမှ ကွဲထွက်နေသော အရိပ်သည် သူ၏ ဒုတိယကိုယ်ပွားဖြစ်သည်။ တစ်ချို့လှေကားများသည် တက်သွားသည်ဟု ခံစားရသော်လည်း ဘယ်ကိုမှ မရောက်မှန်းသိလာရသောအခါ၊ သူလည်း ထိတ်လန့်လာခဲ့မိသည်။ တိုက်မြင့်မြင့်များ၏ ခေါင်းမိုးထက်တွင် ခြေဖျားထောက်နေသော အန်တနာတိုင်များကိုငေးမောကြည့်ရင်း ကျီးကန်းများနှင့်သူ သိကျွမ်းလာခဲ့သည်။ ကျီးကန်းသည် အမြော်အမြင်ရှိသည်။ လူကိုလည်း ခင်တတ်မင်တတ်ပုံရသည်။ အစာကျွေးလျှင်စားသည်။ အပင်ပေါ်မှာ သစ်ကိုင်းခြောက်ကလေးများကို ချိုးချ၍ နှုတ်ဆက်တတ်သည်။ မနက်ခင်းတွင် သူ့ကုလားထိုင်နားသို့ရောက်လာပြီး ညနေအိပ်တန်းတက်ချိန်မှပြန်သွားတတ်သည်။ ကျီးကန်းသည် သူ့ဘဝ၏ ၄၅ ဒီဂရီစောင်းနေမှုကို ကြိုးစား၍ တည့်မတ်ပေးသော မိတ်ဆွေကောင်းလည်းဖြစ်ခဲ့သည်။

ယောဂီနံပါတ် ၁၆ သည် ဝင်လေကို ငြိမ်သက်စွာရှူရှိုက်နေသည်။ တစ်စပ်တစ်ဆက်တည်း ဖြစ်လျှက်ရှိသော ဖြစ်ပျက်အစဉ်အတန်း၏ သဘာဝကို တည်ငြိမ်စွာရှုသည်။ ဒဏ်ရာသည်အမှောင်ထုအတွင်းမှ မိတ်ဆွေအဖြစ်ပြန်လည်ဆုံတွေ့သည်။ မိမိဘဝ၏ စွတ်ကြောင်းများတစ်လျှောက် အတွေးသည် ခြေရာကောက်၍လိုက်ကြည့်သည်။ ပြန်လည်ပြင်ဆင်ခွင့်မရှိသော ခရီးစဉ်၏ ဖြတ်သန်းမှုနှင့်အမျှ ရလာသော ဒဏ်ရာများ၏ သိပ်သည်းမှုသည် ရသမြောက်လာခဲ့သည်။ တိမ်များတွင် အိမ်မရှိချေ။ ပေါ့ပါးသောစိတ်နှလုံးဖြင့် လွတ်ငြိမ်းမှု၏ တိတ်ဆိတ်မှုထဲ တိုးဝင်သွားနေမိသည်။ ယာယီလောက၏ ယာယီ တဒင်္ဂဖြစ်တည်မှုများ၊ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်အောင်ပြောင်းလဲနေသော သင်္ခါရဓမ္မ၏ အနတ္တဆန်မှုတွင် အိမ်ဖွဲ့နေထိုင်နေသော ဟဒယဝတ္ထု၏ ဇာတ်လမ်းဇာတ်ကွက်များကို မည်သို့မျှလိုက်ပါခံစားမှုမရှိတော့။

အတ္တကင်းဆိတ်သောအရပ်တွင် အပြာရောင်ပန်းပွင့်များပွင့်နေသည်ကို ထိုင်ကြည့်နေရန်အတွက်သာ သူရှင်သန်နေတော့သည်။ ဒဏ်ရာများသည် ငယ်ဘဝမှ ဆေးမင်လို ခိုင်မြဲနွေးထွေးစွာ ထပ်ကြပ်မကွာ လိုက်ပါနေသည့်တိုင် ပေါ့ပါးစွာ အပူအပင်ကင်းနေသည်။ တိတ်ဆိတ်ခြင်းသည် အပြာရောင်ပန်းကလေးပွင့်လာမည့် နံနက်ခင်းကို နွေးထွေးစွာမျှော်လင့်နေကြောင်းသိရသည်။ ရှည်လျားသော သံသရာသည် သစ်မြစ်များအဖြစ် တွယ်ဆက်လျှက် မှတ်မိသောသူများကို မေ့ပျောက်သွားချိန်အထိ ကျယ်ပြန့်ထွေပြားသွားလိမ့်ဦးမည်။

တိတ်ဆိတ်သော တိမ်တိုက်ကလေးသည် ခေတ္တခဏပျော်ရွှင်ခဲ့သေးကြောင်း ကျွန်တော်နားလည်နေမိသည်။       ။

Regards,
Z







Peace B with U.