ခရီးသွားလုပ်ငန်းအကြောင်း နည်းနည်းရေးမယ်စိတ်ကူးတယ်။ ပြည်ပရောက်နေတဲ့ မြန်မာတွေအရေအတွက်က သန်းနဲ့ချီပြီးရှိနေပြီဆိုတော့၊ မြန်မာပြည်ကို သူတို့ပြန်လာလည်ရင်တောင် တိုင်းပြည်ရဲ့ အပိုဝင်ငွေ တစ်ယောက်ကို ၁၀၀၀ သုံးရင် ဒေါ်လာ သန်းတစ်ထောင် ပြန်ရနိုင်တယ်။ ၃၀၀၀ သုံးရင် ဒေါ်လာသန်း ၃၀၀၀ ရနိုင်တယ်။ တခြားဝင်လာတဲ့ နိုင်ငံခြားသားတွေကို ခဏဖယ်ထားဦး၊ ဒေါ်လာဘီလျံနဲ့ချီပြန်ရဖို့ ကိုယ့်လူမျိုးတွေ ပြန်လာရုံနဲ့ဖြစ်နိုင်တယ်ဆိုတာကို နည်းနည်းအသားပေးပြောချင်တယ်။ စင်ကာပူမှာတော့ ပိတ်ရက်တွေမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တွေကို ပိုသွားကြတယ်။ မြန်မာပြည်ကိုတော့ အဲဒီလိုမသွားကြဘူး။ ဘာလို့မသွားကြတာလည်းဆိုတော့ အချိန်အကန့်အသတ်နဲ့ မြန်မြန်ဆန်ဆန်မသွားနိုင်တာကြောင့်လို့ထင်တယ်။ ကိုယ့်နိုင်ငံမှာက ပြည်တွင်းလေကြောင်းလိုင်းက ပြဿနာရှိတယ်။ ပြည်ပလေယာဉ်က အလယ်ပိုင်းဒေသကို တိုက်ရိုက်မရောက်ဘူး။ အဲဒီတော့ အလယ်ပိုင်းတို့၊မြောက်ပိုင်းတို့ကို တစ်ဆင့်ဆက်သွားရတာအချိန်ကုန်တယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ပြည်တွင်းလေကြောင်းလိုင်းတွေက ပိုအဆင်ပြေတာကို တွေ့ရသလို၊ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေက နေရာအနှံ့ရောက်နေတာတွေ့တယ်။ ဥပမာ လန်ကာဝီကျွန်းကနေဆိုပါတော့ ၊ စင်ကာပူကို တိုက်ရိုက်လေကြောင်းလိုင်းရှိတယ်။ Budget လိုင်းလည်းရှိတယ်။ အဲဒီတော့ ၄၅ မိနစ်လောက်နဲ့ ကမ်းခြေကို ရောက်သွားနိုင်တယ်။ လူလည်းမပင်ပန်းတော့ဘူး။ Binton ဆိုရင်လည်း ရေလမ်းခရီးကနေ သင်္ဘော၊စက်လှေနဲ့ ၄၅ မိနစ်နဲ့ရောက်တယ်။ ဗီစာကြေးပေးစရာမလိုဘူး။ သူ့ဟာနဲ့သူ အဆင်ပြေတယ်။ ထိုင်းဆိုရင်လည်း မကြာမကြာ လေကြောင်းလိုင်းတွေ ဈေးချတဲ့အတွက် သွားရတာ သက်သာပြီး တန်တယ်လို့ခံစားရတယ်။ မြန်မာပြည်ကတော့ အဲဒါတွေချို့တဲ့နေတယ်။ သဘာဝအလှအပအနေနဲ့ ယှဉ်နိုင်သော်လည်း အလှအပဆီကို လာရမယ့် ခရီးက သုံးလေးရက်နဲ့မဖြစ်နိုင်သလိုဖြစ်နေတာတွေ့တယ်။ အဲဒါလေးတွေ ပြင်နိုင်ရင် ဘီလျံဒေါ်လာတွေ တဝေါဝေါ ဝင်လာနိုင်တယ်။ မြိတ်ကျွန်းစုမှာ သိပ်လှတဲ့ ကျွန်းတွေရှိတယ်ပြောတယ်။ ဒါပေမယ့် ဈေးမသက်သာတဲ့အတွက် လူတိုင်း လျှောက်လည်ဖို့ မလွယ်သေးဘူးလို့သိရတယ်။ အဆင်ပြေအောင် လုပ်ပေးထားရင် သစ်ပင်ခုတ်စရာမလို၊ မီးခိုးထွက်စရာမလိုတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစည်ပင်လာနိုင်တယ်။ ခရီးသွားလုပ်ငန်းစည်ပင်လာရင် ဒေသတွင်းက လုပ်ငန်းတွေ ဆက်စပ်ရှင်သန်လာနိုင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါလာနိုင်တယ်။ သဘာဝအမွေအနှစ်ကို လာကြည့်ရုံလေးကြည့်ပြီး ပိုက်ဆံရတာတွေက အင်မတန် အကျိုးများတဲ့လုပ်ငန်းလို့ထင်တယ်။ နောင်တက်မယ့်အစိုးရကိုတော့ အခွန်အထုပ်တွေဘက်ကို မြေစမ်းခရမ်းပျိုးမယ့်အစား၊ ပိုက်ဆံသဲ့ယူနိုင်တဲ့ ခရီးသွားလုပ်ငန်းဘက်ကို အာရုံပိုစိုက်စေချင်တယ်။ ဒါတွေက အခုပြုပြင်ရင် အခုဖြစ်တာမျိုးတွေ။ အခုမလုပ်ရင်တော့ ကိုယ့်နိုင်ငံက ပိုက်ဆံတွေ တစ်ခြားနိုင်ငံတွေထဲ ဆက်လက်စီးဝင်နေမှာပဲ။ အကြမ်းဖျင်းအနေနဲ့တော့ မြို့ကြီးတွေမှာ နိုင်ငံတကာလေဆိပ်ရှိရမယ်။ ပြည်တွင်းလေကြောင်းလိုင်းက ဒီထက် အဆင့်မြင့်ပြီး ဘတ်စ်ကားလို လူတိုင်းစီးနိုင်ရမယ်။ အဲဒီနှစ်ခုကို အရင်ပြင်ကြည့်ပြီးမှ ခရီးသွားလုပ်ငန်းတွေကို promote လုပ်သင့်တယ်။ အကြောင်းကိုမပြင်ဘဲ အကျိုးကို ပြင်လို့မရဘူး။ ခရီးသွားတယ်ဆိုတာ စိတ်အေးချမ်းချင်လို့သွားတာဆိုတော့၊ နေရာတကာစောင့်ဆိုင်းနေဖို့ အချိန်မရှိရင်၊ နေရာတကာစောင့်ရတဲ့ ခရီးသွားလုပ်ငန်းမျိုးကို စိတ်မဝင်စားကြတော့တာ သဘာဝပဲ။ နိုင်ငံရဲ့ အခြေခံအဆောက်အအုံမူဝါဒပေါ်မူတည်ပြီး အလုပ်လုပ်ရတဲ့အခါ အစိုးရတဲ့ မူဝါဒဟာ စီးပွားရေးအလှည့်အပြောင်းရဲ့သော့ချက်ဖြစ်တယ်။ နိုင်ငံချမ်းသာဖို့ဆိုတာမှာ ချမ်းသာအောင်လုပ်တတ်တဲ့ အစိုးရလိုတယ်။ အမြင်ကျဉ်းမြောင်းမှုဟာ တစ်နိုင်ငံလုံးကို ဒုက္ခပေးနိုင်တဲ့အတွက်၊ အမြင်ကျယ်တဲ့သူတွေ လုပ်နိုင်ခွင့်ရဖို့ ထောက်ခံရမယ်လို့ အကြမ်းဖျင်းနားလည်မိတယ်။ ဒီခရီးသွားလုပ်ငန်းသာဖွံ့ဖြိုးလာရင် အလုပ်လက်မဲ့လူငယ်တွေ အလုပ်အကိုင်အများကြီးရှိလာနိုင်တယ်။ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေလည်း နိုင်ငံခြားသား သိပ်မျှော်စရာမလိုတော့ဘူး။ ကိုယ့်နိုင်ငံသားတွေနဲ့တင် အဆင်တော်တော်ပြေနေနိုင်တယ်။ တစ်နှစ်တစ်နှစ်၊ ညီလာခံစရိတ်မကာမိတဲ့ ဆွေးနွေးမှုတွေကိုတော့ စက်ဆုပ်ရွံရှာနေပြီ။ တန်ဖိုးရှိတာတွေ ဆွေးနွေးပြီး လက်တွေ့ အကောင်အထည်ဖော်ကြမှသာ တိုင်းသူပြည်သားတွေလည်း ဝမ်းဝပြီး ခါးလှမှာဖြစ်ကြောင်း ဆွေးနွေးတင်ပြအပ်သည်။ [အယ်ဒီတာ့ အာဘော်]
Regards,
Z
[Facebook Status ကနေ ကူးလာတာ။]
Peace B with U.