Wednesday, January 23, 2013

ပတ်စီးခြင်း အနုပညာ။

ပတ်စီးခြင်း အနုပညာ။

မြန်မာပြည်မှာတော့ ကားပတ်စီးတယ်ဆိုတာရှိပါတယ်။ ဆင်းရဲတဲ့သူတွေနဲ့ လူလတ်တန်းစားလို့ ထင်ရတဲ့ ဆင်းရဲတဲ့သူတွေထက် အနည်းငယ်ပိုက်ဆံပိုရှိတဲ့ တစ်ဆင့်မြင့်ဆင်းရဲသားတွေရဲ့ ဘဝမှာတော့ လိုင်းကားတိုးစီးရတာ မဆန်းပါဘူး။ ဘတ်စ်ကားဂိတ်နဲ့နီးတဲ့သူတွေကတော့ ဂိတ်စကနေ သွားစီးရင် ထိုင်ခုံနေရာလေး ဘာလေး ရတာပေါ့။ ကားဂိတ်နဲ့မလှမ်းမကမ်း လူတွေကြတော့ ကားကို ဂိတ်အထိ ပြန်စီးသွားရတယ်။ ပြီးမှ ဂိတ်ကနေ ပြန်ထွက်တာကို ဆက်စီးသွားရတာပေါ့။

ကားခကိုလည်း ပတ်စီးရင် နည်းနည်းပါးပါး လျှော့ပေးတယ်။ အဲဒီလို ပတ်စီးခြင်းအားဖြင့် ထိုင်ခုံနေရာ ရလာတယ်။ တကယ်သွားချင်တာရဲ့ဆန့်ကျင်ဘက်ကို ခဏလောက် သွားလိုက်တာဟာ ပတ်စီးခြင်းအနုပညာရဲ့ အနှစ်သာရပဲ။ ဒါကို ဘယ်သူ စတီထွင်ခဲ့တယ် မသိနိုင်ပေမယ့် တော်တော် ဉာဏ်ကောင်းတဲ့သူ စခဲ့တာဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် သိပ်ထုံတဲ့သူ ကားမှားစီးမိရာကနေ ဓလေ့ ဖြစ်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်ထင်တယ်။

ပတ်စီးခြင်း အနုပညာကို ဖော်ဆောင်ဖို့ဆိုရာမှာ ပန်းတိုင်အတု (ကားဂိတ်)က သိပ်မဝေးခြင်း ဆိုတာကို သဘောပေါက်ကြမယ်လို့ထင်ပါတယ်။ နောက်တစ်ခုက ပတ်စီးခ အပိုရှိခြင်း၊ အချိန်ပိုရှိခြင်းဆိုတဲ့ အပိုရှိခြင်း နှစ်သွယ်ဖြစ်မယ် ထင်ပါတယ်။ နောက်တစ်ခုက ကားအရေအတွက်နဲ့ အလားအလာကို သိခြင်းပါ။ ကိုယ်ပတ်စီးတဲ့ကားက ချက်ခြင်း ပြန်မထွက်ရင် ပတ်စီးခဆုံးတာပဲ အဖတ်တင်မယ်။ ကားဂိတ်မှာ စီးမယ့်သူ ပြည့်နေရင် ပိုဆိုးတာပေါ့။ မြန်မာပြည်မှာက တန်းစီတာမဟုတ်ဘူး။ တိုးတက်တာ။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှာ တိုးတက်တာတစ်ခုပဲအောင်မြင်ခဲ့တယ်။

ပတ်စီးခြင်းအားဖြင့် နေရာကောင်းရလာနိုင်တယ်။ ကားပတ်စီးခြင်းလို့ပဲ တရားသေ မယူဆပဲ နိုင်ငံရေး ပတ်စီးခြင်း၊ ဒီမိုကရေစီ ပတ်စီးခြင်းတွေကိုလည်း အလားတူ ယှဉ်ထိုးဆင်ခြင်နိုင်ပါတယ်။ နေရာယူတတ်ဖို့လည်း ပတ်စီးတတ်ရတယ်။ ရှေ့နားမှာ ထိုင်နေရင် ရဟန်းသံဃာ၊သီလရှင်၊မဗိုက်၊သက်ကြီးရွယ်အို၊ ခြေထောက်နာတဲ့သူတွေ ရှိလာရင် နေရာပြန်ဖယ်ပေးရမယ်ဆိုတော့ ပြန်မထပေးရတဲ့ နေရာမျိုး ယူထားရတယ်။ အမြော်အမြင် လိုအပ်တယ်လို့ပဲ ယေဘူယျအားဖြင့် ဆိုနိုင်မယ်ထင်တယ်။

အခုဆို စင်ကာပူမှာ မနက်မနက် ရထားကြပ်တော့ နောက်တစ်ဘူတာကို သွားပြီး စီးရတယ်။ လူအုပ်ကြီးတစ်ခုရဲ့ ရှေ့ကိုရောက်ဖို့ နောက်ကို တစ်လှမ်းဆုတ်ပေးလိုက်ရသလိုပေါ့။ သွားချင်တာက အနောက်ဘက်ကို ဆိုလို့ရှိရင် အရှေ့ဘက်ကို တစ်ဘူတာ ပိုသွားပြီး အဲဒီဘူတာက စီးတာပေါ့။ ပတ်စီးခြင်း အနုပညာကို လက်တွေ့ ဖော်ဆောင်နေတယ်လို့ ဆိုနိုင်မယ်ထင်တယ်။ အဆိုးအကောင်းတွေကိုတော့ ချင့်ချိန်ရတာပဲ။ ပတ်စီးပြီဆိုတာနဲ့ နေရာရဖို့ သေချာတာကို ဦးစားပေး ပထမနေရာမှာ ထားရမှာပဲ။ အချိန်ကုန်၊ ငွေကုန်ခံပြီး ဘာမှမထူးရင်(နေရာမရရင်) ပတ်စီးရတာ မတန်ဘူး။

ကားပတ်စီး၊ ရထားပတ်စီးတဲ့လူတွေ ပတ်စီးခြင်းမှာ မအောင်မြင်ရင်တော့ အလုပ်နောက်ကျ သဗျ။ သို့ပေမယ့် လူတော့ဖြစ်သေးတယ်။ အလုပ်နောက်ကျတဲ့သူပဲဖြစ်နိုင်တယ်။ နိုင်ငံရေးပတ်စီးသူတွေ မအောင်မြင်ရင်တော့ ဘာတွေဖြစ်ကုန်ကြမလဲ မသိပေါင်။

ဒါကတော့ ပတ်စီးခြင်းကို ဆင်ခြင်မိသမျှလေးပေါ့။

Regards,
Z



Peace B with U.