မေ(အကျွန်ုပ်သည်)၊ ဖရိုင်းဒေး (သောကြာနေ့ကို) အာယုသ သမံကတွာ (အသက်နှင့်ရင်း၍ ချစ်လေသည်။)။
ကျောင်းများတွင် မာတိုင်မီဒီယာခေါ် ဘက်စုံပညာရေးဘက်ကို အားယူပြောင်းလဲနေပြီဟုသိရသည်။ ဝဲရောင်းဒတ်ပညာရေးခေါ် လုံးလုံးဝိုင်းဝိုင်းဖြစ်လာစေရင် ဘက်စုံမှ နှိပ်စက်ကလူပြူမူသော ဘက်စုံပညာရေးစနစ်၏ အသီးအပွင့်များအဖြစ် အားကစားထူးချွန်သောကျောင်းသားကို စာမသင်စေခြင်း၊ ဆီးဂိမ်းတွင်ရွှေရပါက အအောင်ပေးခြင်း၊ ဆုမရပါက အအောင်မပေးခြင်းကိစ္စများကို ထည့်သွင်းစဉ်းစားရန် ညီလာခံတွင်အဆိုပြုရန်သင့်သည်။ ပွေးပေါက်နေသူများ လူမြင်ကွင်းတွင် -င်မကုတ်ရေးကော်မတီအဖွဲ့မှ အပူတပြင်းအဖြေရှာနေခြင်းအပြီးတွင် ထည့်သွင်းစဉ်းစားသွားရန် ခေါင်းတလှုပ်လှုပ် မန်းတလေးရွှေကွပ်နာမည်နှင့်လူမှ (ခေတ္တသဘာပတိထင်သည်။) စဉ်းစားနေပုံပေါ်သည်။ လောကကြီးတွင် ဘာမှမသိသူများသည် အင်မတန်ပညာရှိဆန်သည်။ ရက်စ်အော်နိုးဆိုလျှင် အော် ဟုဖြေကြသည်။ or ကို ထည့်သွင်းစဉ်းစားသူများဖြစ်သည်။ အင်မတန်ပညာရှိဆန်သည်။
The Change-Up ကားကိုကြည့်ပြီးသကာလတွင် လေးတန်းအရွယ်ကျောင်းသားများကို ထိုဇာတ်ကားပြသ၍ လူမြင်ကွင်းတွင် အပေါ့မသွားရန်ပညာပေးသင့်ကြောင်း စင်ကာပူအရှေ့ပိုင်းတိုးတက်ရေးခရိုင်နေ ဦးZဘဂျမ်းမှ အဝေးရောက်အကြံပေးစကားအဖြစ် ရင်ဘတ်အမွှေးရှိသော အမျိုးသားများ လူမြင်ကွင်းတွင် ရင်ကြားစေ့ရေးကော်မတီသို့ တင်သွင်းဖော်ပြထားသည်။ ထိုကော်မတီသည် ထိုကိစ္စပြီးလျှင် နေခင်းကြောင်တောင် လူရှုပ်သောလမ်းမများတွင် ဝက်ခြံညှစ်ရင်းလှမ်းလျှောက်သော လူပျိုသိုးများထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စ၊ အမျိုးသမီးများဘော်လီချိတ်တွင် solex သော့ခလောက်တပ်ဆင်ရေးကိစ္စတို့ကိုဆက်လက်ဆွေးနွေးရန်လျာထားသည်ဟုသိရသည်။ ထိုကိစ္စများအပြီးတွင် ကလေးများကို ပညာပေးဇာတ်ကားများပြသရန်အတွက် အဝေးရောက်အကြံပေးများကို ကြိုတင်၍ အားအားယားယားစဉ်းစားခိုင်းထားခြင်းဖြစ်သည်။
Google က high-end ထုတ်ပြီး retail မယ်ဆိုတော့ မျက်ခုံးလှုပ်ကုန်၊ ပန်းသီးရဲ့ ခြေကုပ်မြဲကုန်းမြေကို လုယက်မှာလား၊ ဆိုနီလေးရဲ့ လက်လွှတ်ရတော့မယ့် ဈေးကွက်တစ်ချို့ကိုမျက်စပစ်တာလား၊ ဘာလား၊ညာလားတွေဖြစ်ကုန်တယ်။ ဆိုနီကလည်း ဟိတ်ဆိုပြီး ... ပီအက်စ်ဖိုးကို ဒီနှစ်မှာ ထထုတ်လိုက်မယ်၊ ဟောလီးဒေးတစ်ရက်ရက်ပေါ့လို့ မတင်မကျလေးပြော၊ အိတ်စ်ဗောက်စ်ကို ခေါင်းခေါက်လိုက်တာပဲ၊ မိုက်ကရိုဆော့ဖ်ထ်နည်းနည်းတင်းသွား၊ မလိုလည်းထုတ်တယ်ကွာ၊ ဝင်းဒိုး နံပါတ်ရှစ်၊ ကိုစတိဖ်ဂျော့ဘ်စ်သေပြီ၊ ငါ့ကိုမယှဉ်နဲ့လို့ဆိုလိုသလိုလို၊ တင်မ်ကလည်းဘယ်နေလိမ့်မလဲ၊ပန်းသီးဟာ ဂျော့ဘ်သည်ဖြစ်စေ၊ ဂျော့ဘ်လက်စ်(Jobs-less စတိဂျော့ဘ်စ်မရှိတော့)သည်ဖြစ်စေ၊ ကွာတာတူးမှာ အားလုံးကို သနားထားတာလို့ ခပ်တည်တည်ပြောတာပဲ။ ... အိုဘယ့် ဝိုင်းကြီးပတ်ပတ်ငဲ့ ... သထေးတစ်ယောက် ခရက်ဒစ်ကတ်ပျောက်တာဟာ သူတောင်းစားခွက်ပျောက်တာလို မဆိုးဘူးပဲ။ ......။ ဟုဖေ့စ်ဘွတ်ခ် ကျူးကျော်ထဲမှ အမြောက်သံကြားရသည်။ ထိုငနဲ၏အဆိုအရ ခွက်ပျောက်တာဟာဆိုးသလိုဖြစ်နေသည်။ ပျောက်နေသောခွက်တစ်ခွက်သည် မပျောက်သေးသောခွက်နှစ်ခွက်နှင့်တန်ဖိုးတူညီကြောင်းထိုသူ သိပါလေစ။
အရစ်ကျပေးချေမှုများမှာ ပထမအရစ် ၃၀ ရာခိုင်နှုန်းနှင့် ကျန်အရစ်များကို ၁၂ လအတွင်းပေးချေခြင်းဟုဆိုလိုသည်။ စိတ်မချရခြင်းသည် အရစ်ကျပေးချေမှုများအတွက် အင်မတန်မြင့်မားသော risk factor (ကိုယ်ကျိုးနည်းအညွှန်းကိန်း ဟုပြန်ဆိုလိုသည်။) ဖြစ်သည်။ မြန်မာပြည်တွင် ကြိုပွိုင့်ဝယ်ယူမှုများအတွက် ဝယ်သူဘက်မှ အကာအကွယ်ပေးမည့် ဥပဒေချို့ငဲ့ခြင်းသည် အရောင်းအဝယ်ကို လူလတ်တန်းစားများကို အင်မတန်ထိခိုက်နစ်နာစေသည်ဟုထင်သည်။ အခွန် ၃၀ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းကြေး ၇ ရာခိုင်နှုန်းဟုသိရသည်။ ဖြစ်နိုင်လျှင် ဈေးပေါသော တံဆိပ်ခေါင်းနှင့်သာ ဝယ်ယူလိုပါသည်။ အရည်အသွေးမပြည့်မီသော တိုက်ခန်းများကို နိုင်ငံတကာဈေးနှုန်းပေး၍စွန့်စားဝယ်ယူခြင်းသည် မြန်မာဆန်ခြင်းဖြစ်သကဲ့သို့၊၊ အမျိုးဂုဏ်ထိန်းသိမ်းခြင်းလည်းဖြစ်နိုင်ပါသည်။ နိုင်ငံခြားရောက် နင်းပြားများဘဝမှာ သမ္မတကြီးစီမံပေးသော တန်ဖိုးသင့် အိမ်ရာ ဝယ်ရန်ပင် အနိုင်နိုင်ဖြစ်နေသည်ဟုသိရပါသည်။ Mother ကို skip ၍ ဒွေး၏ Aunty ကို Miss သော မြန်မာလူမျိုးတို့၏ အနာဂတ်မှာ ရေနည်းသောအိုင်အိုမှ တင့်ကားကြိတ်ခံထားရသော ကြိုးကြာအိုနှင့်မခြားဟုထင်မြင်မိသည်။ သောက်ရေသန့်ဖြင့် ရေအိမ်တက်နိုင်ပြုနိုင်သော မြန်မာပြည်မှ သူကြွယ်ကြီးများကို အားကျအတုယူ၍ ပြန်၍ကြိုးစားမည်ပြုသော် မီးပြတ်နေသည်နှင့်ကြုံနိုင်သည်ဟု ကကြည်စိုး၏ စတေးတပ်စ်များအရသိရသည်။ အသိတစ်ယောက်အား လွှတ်တော်အမတ်ဖြစ်သော် ဆယ်အိမ်ခေါင်းရာထူးရနိုင်မည်လားဟု မေးသော်လည်း တုံ့ပြန်သံမကြားရချေ။ ကဿပမြတ်စွာဘုရားလက်ထက်က ထိုင်ခုံလှူခဲ့သောလူများသာ ညီလာခံတက်ခွင့်ရနိုင်သည်ဟု နောက်ဆုံးကြားသိလိုက်ရသည်။ ထိုအချိန်က ကျွန်ုပ်တို့သည်ကိုယ့်ရွာတွင်မပျော်၍ တခြားရွာတွင် ပွဲသွားကြည့်နေသောကြောင့် အလှူစာရင်းတွင် မပါခဲ့ကြောင်း နောင်ပွင့်လတ္တံသော ဘုရားတစ်ဆူဆူမှ ဟောလိမ့်ဦးမည်ထင်ပါသည်။ ကိုယ့်နိုင်ငံတွင် အလုပ်ကောင်းအကိုင်ကောင်းမရှာတတ်သောကြောင့် ဟု ဝန်မခံလိုကြသည်ကို အတင်းအကြပ် အစ်အောက်မေးမြန်းလိမ့်မည်မဟုတ်ပါ။ ပျော်ရာနေ၊တော်ရာသွား၍ ဒေါ်လာစားသော်လည်း အရင်ခေတ်များမှာလို မြန်မာပြည်သို့ အထုပ်ပိုက်၍ ပြန်နိုင်သော နေ့ရက်တို့သည် ရွှေပြည်တော် မျှော်တိုင်းဝေးချေသည်။ stream ကိုပစ်၍ River ကို Tongue သော တောင်မရောက် မြောက်မရောက်တို့ဘဝမှာ သနားဖွယ်အတိပြီးသည်။ အတိပင်မဟုတ် GST 7% ပါပါသည်။ လယ်သမားများ အမတော်ငွေရသကဲ့သို့ အိုင်တီသမားများ binary တော်ကြေးလေး မစလျှင်ကောင်းမည်ဟုထင်သည်။ အဆင်ပြေလျှင် လူကြားထဲထမီပြင်ဝတ်တတ်သော အဒေါ်ကြီးများ ဖမ်းဆီးသုတ်သင်ရေးကော်မတီတွင် ဘိုင်နရီတော်ကြေးကိုပါ ထည့်သွင်းစဉ်းစားစေလိုသည်။ ပြန်လာပါတော့ဟု လေးဖြူဆိုပြီး နောက်ဆုံး ဟာမိုနီလိုက်ခဲ့သော အဘစိန်မှလည်း ထပ်မခေါ်တော့ချေ။ သို့သော်ပြည်တော်ပြန်စနေမောင်မောင်ကဲ့သို့ သိုက်ဆရာမဟုတ်ဘဲပြန်သော် ကြေးနီစီမံကိန်းတွင်ပင် မြေကြီးဒယ်အိုးပြားသယ်ခွင့်ရမည်မဟုတ်ဟုထင်သည်။ မြို့ပြများတွင် မြို့သားယောင်ဆောင်နေသော တောသားတစ်ပတ်နွမ်းများ၏ အကိုကြီး ရန်ကုန်မှာဒီလိုပဲဗျာဆိုတဲ့ အူကြောင်ကြောင်တော်ကီများကို မျက်စိကလည်ကလည်နဲ့ခေါင်းညိတ်ရသူတော့မဖြစ်ချင်။ အိမ်ပြန်ချိန်နီးလာသော် စိတ်သည် လူးလားခေါက်တုံဖြစ်ချေသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သည် အကျွန်ုပ်တို့၏ အိမ်ဖြစ်သည်။ ကျွန်တော်သည် အိမ်ပြန်ရန်ကြောက်သူတစ်ယောက် လားလားမျှမဟုတ်ပါ။ ...
ဖေ့စ်ဘွတ်ခ်တွင်အလွန်ဟောင်ဖွာစွာပြောထားသောစကားဖြစ်သည်ဟု အကျွန်ုပ်ယူဆလေသည်။ ထိုသူသည် သူ့ဇနီးသည်ကိုကြောက်သည်ဟုတိုက်ရိုက်မပြောဘဲ အိမ်ပြန်ရန်ကြောက်သူတစ်ယောက်မဟုတ်ဟု ဝင်္ကဝုတ္တိဖြစ်ပြောခြင်းဖြစ်ဟန်တူသည်။ တိုင်းပြည်မင်းလုပ်သော အစိုးရမင်းများကို မထီလေးစားဟန်ပေါ်သည်။
Every search for a hero must begin with something that every hero requires, a villain
မဖြစ်နိုင်လောက်အောင်ခက်ခဲသော ဒုတိယံပိ စီမံကိန်း (Mission Impossible 2) က သိပ္ပံပညာရှင်ပြောတာပဲ။ လွန့်လူးတိုးထွက်တစ်ကျော့ပြန်လာတဲ့ အမှောင်ထဲကသူရဲကောင်း (Dark Knight Rises)မှာတော့ သွားကျိုး Bane ကသူဟာ necessary evil ဖြစ်တယ်လို့ပြောတယ်။ ပတ်မကြီးထိုးဖောက်တဲ့ မကလိုက်ရတဲ့သူတွေဟာ ဗီလိန်မဟုတ်ဘူး။ အဲဒါတွေက အဖျင်းသက်သက်ပဲ။ ဗီလိန်ဆိုတာ Hero ကို သတ်နိုင်ရင်တောင် ပြိုင်ဘက်မရှိမှာပျင်းလို့ မသတ်ဘဲထားတဲ့ Joker (အမှောင်ထဲကသူရဲကောင်းမှ) လို မတ်ထရိုမြို့သား(Metro man) ကို မသေစေချင်တဲ့ Megamind လို (မတ်ထရိုမန်းက ဘရတ်ပစ်ဖြစ်တဲ့အတွက် ဂျိုလီတို့ ကလေးအများကြီးနဲ့ကျန်ခဲ့မှာစိုးလို့မသတ်ချင်တာလည်းဖြစ်မယ်။) လူတော်တွေမှပဲ ဗီလိန်ကောင်းကောင်းဖြစ်နိုင်တယ်။ သိပ်ဖျင်းတဲ့သူဟာ ဗီလိန်မဖြစ်အပ်ဘူး။ သိပ်နုံတဲ့သူဟာ ဗီလိန်မဖြစ်အပ်ဘူး။ အရှင်ဒေဝဒတ်လို ပစ္စေကဗုဒ္ဓါလောင်းလျာမှသာ ဗီလိန်ကောင်းကောင်းဖြစ်နိုင်တယ်လို့ ထင်မိပါတယ်။ အိမ်ထဲမှာ ဟီးရိုးအမျိုးသမီးကိုဖမ်းထည့်ထားနိုင်ပေမယ့် လွှတ်ပေးပြီး အေးရာအေးကြောင်းစာဖတ်နေတဲ့ ဗီလိန်ကြီးရော နေမှကောင်းရဲ့လားမသိဘူး။
ဖေ့စ်ဘွတ်ခ်မှ အသံများဖြစ်သည်။ နောက်ဆုံးတွင် ပြည်ချစ်သားကြီးနှင့်အဆုံးသတ်ထားသည်။ စေတနာမှန်ပုံသိပ်မပေါ်လှချေ။
စစ်အုပ်ချုပ်ရေးအောက်မှာ နေတာကြာလာတဲ့လူအများစုမှာ "မမုန်းရရင်မနေနိုင်တာကလွဲလို့ဓ ရောဂါရကုန်ကြတယ်ထင်တယ်။ ပညာကောင်းကောင်းမတတ်ကြတဲ့ လူတန်းစားတစ်ရပ်၊ အယုံလွယ်၊ ဘာသာရေးအစွန်းရောက်၊ ယုတ္တိမကျတဲ့လူတန်းစားတစ်ရပ်၊ ရသစာပေတင်နားမလည်တာမဟုတ် သုတစာပေလည်း ဖျစ်ဖျစ်မည်အောင်တစ်ခုမှမဖတ်ဖူးတဲ့လူတန်းစားတစ်ရပ်၊ အရိပ်သုံးပါးနားမလည်တဲ့လူတန်းစားတစ်ရပ်၊ Dignity နဲ့မနေနိုင်တဲ့လူတန်းစားတစ်ရပ်၊ ဒီလိုလူတန်းစားတွေများလာတာဟာ အင်မတန်ရှုပ်ထွေးစေတာပဲ။ လူများရင် အလုပ်ရှုပ်တယ်လို့ထင်တဲ့အတွက် ဖေ့စ်ဘွတ်ခ်မှာ ဂိမ်းဆော့ဖို့နဲ့ Uncle Nyein Aye Eain ဓာတ်ပုံကြည့်ဖို့ကလွဲရင် တခြားဘာမှတက်တက်ကြွကြွမရှိတာကြာပြီ။ မျက်စိနောက်တဲ့ ရူးကြောင်ကြောင်တွေကိုလည်း unsubscribe လုပ်ရတာ လက်ညောင်းတယ်။ စိုင်းစိုင်းခမ်းလှိုင်ကို သေမတတ်မုန်းတာကို နေ့တိုင်း အပ်ဒိတ်တင်တင်ပြီးပြောပြတဲ့ အူကြောင်ကြောင်ငနဲကိုလည်း unsubscribe လုပ်လိုက်တယ်။(ဒီလောက်မုန်းနေရင် သူ့အိမ်ရှေ့သွားပြောသင့်တယ်။ )သမ္မတရူးရူးနေတဲ့ ငပေါတစ်ကောင်ကိုကြတော့ မသိမသာ unfriend လုပ်လိုက်ရတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်လာမှ လူတကာကို လိုက်အက်ပြီး ဒိုင်ကြောင်တွေ တရားဝင်လွှတ်ခွင့်ရကုန်တယ်ထင်တယ်။ အရက်မူးလာရင် ဆဲဆဲနေတတ်တဲ့တစ်ယောက်ကိုလည်း မသိမသာ unfriend လုပ်လိုက်တယ်။ ကိုယ့်ဟာကိုယ် ပျော်ပျော်လေးနေကြတာမကောင်းဘူးလား။ မိတ်ဆွေသစ်လည်းမအက်ရဲဘူးခဗျ။ မသိတဲ့သူ မအက်တာ ၁ နှစ်လောက်ကြာပြီထင်တယ်။ လက်ကျိုးတာကိုဖေ့စ်ဘွတ်ခ်မှာ ကြိုးစားတင်တဲ့ အရူးမတစ်ယောက်ကိုမြင်ပြီးသကာလမှာ တော်တော်လေး သံဝေဂရသွားတယ်။ အေးဆေး လက်ကျိုးနေစမ်းပါဟာလို့ ပြောလိုက်ချင်တယ်။ အစိုးရကို ချက်ချင်း သိပ်ကောင်းသွားစေချင်တဲ့ စေတနာရှင်တွေကိုတော့ ကျနော်အခုအထိ စိတ်ရှည်နေမိတုန်းပါပဲ။ ယုံကြည်တာကောင်းပါတယ်။ မျက်စိမရှုပ်မချင်းတော့ ကြိုးစားပြီး hide လုပ်ပါတယ်။ သိပ်ကို သည်းမခံနိုင်ရင်တော့ deactivate လုပ်ခြင်းဖြင့် စိတ်ချမ်းသာစွာနေပါတယ်။ ကျနော့်မိတ်ဆွေတစ်ချို့နဲ့ အဆက်အသွယ်မပြတ်ဖို့လောက်ပဲ ဖေ့စ်ဘွတ်ခ်ကိုသုံးချင်ပါတော့တယ်။ တစ်နေ့တစ်နေ့ စတေးတပ်စ်အသစ်လေးတွေ ကောင်းကောင်းမွန်မွန်မြင်ရရင် စိတ်ချမ်းသာပါတယ်။ ပျော်နေတဲ့သူတွေပျော်ဖို့၊ စိတ်ညစ်နေတဲ့သူတွေသက်သာဖို့ ကောင်းတဲ့စကားတွေ များများပြောကြရင်ကောင်းမယ်ထင်တယ်။ သတင်းအတုတွေကို ရှဲတာ၊ဉာဏ်မရှိဘဲ လူတတ်လုပ်ချင်တာတွေကိုတော့ unfriend လုပ်ဖို့ မီးစိမ်းပြတာပဲလို့မြင်ပါတယ်။ ကျဉ်းချင်ကျဉ်းပါစေ၊ ကိုယ်နေထိုင်တဲ့နေရာလေးဟာ တန်ဖိုးရှိတဲ့ အရာနည်းနည်းလေးရှိရင်တော်ပြီ၊
ဖေ့စ်ဘွတ်ခ်ဒဿနများသည်ရှုပ်ထွေးလေသည်။ အမှန်တော့ သမ္မတရူးသည်လည်း သူ့friend list ထဲတွင်ရှိသေးသည်။ New Feed တက်မလာရင်ကို အကုသိုလ်နည်းလှပါပြီဟုထင်သည်။ သမ္မတရူးသည် လူတကာလိုက်အက်ထားပြီး လူအများကြီးရှိမှ သူ့ကိုတခြားသူတွေက အက်ထားသယောင်ယောင်ခပ်ကြောင်ကြောင်ပြောဖူးသည်ကိုသတိရသည်။ ဒွတ်ခသည် ထင်ရှားဖြစ်ပေါ်၍လာချေသည်။ အရူးများကို ဖေ့စ်ဘွတ်ခ်များများသုံးကြရင် အညွှန်းပေးလိုက်သော ဆရာဝန်၏ စတေးတပ်စ်သည် "ကျနော့်ကို ခွင့်လွှတ်ကြပါခညာ" များဖြစ်နေမလားမသိ။
ဘာပဲဖြစ်ဖြစ်သောကြာနေ့သည်ပျော်ရွှင်ဖွယ်အတိပြီးလေသည်။ GST-free ဖြစ်လေသည်။ ပျော်နိုင်တုန်းပျော်ထားပါ၊မကြာခင်သေကြတော့မှာဟု ပြောပြီး ပြေးသွားသူတစ်ယောက်မှာ သံသရာစက်ဝန်းကို တစ်ပတ်သုံးကြိမ်ပတ်နေသူသာဖြစ်သည်။ မောပန်းဖွယ်ကောင်းသော ဘဝတွင် နေထိုင်နေသူများလည်းပျော်နိုင်ကြပါစေ။ သန်ဘက်ခါသည် ကွယ်လွန်သူမိခင်ကြီး၏ မွေးနေ့ဖြစ်သောကြောင့်တစ်ကြောင်း၊ မိခင်များနေ့ဖြစ်သောကြောင့်တစ်သွယ် ကြံဖန်ပျော်နေသည်။
အချင်းတရားနာပရိသတ်တို့သည်လည်း မိမိတို့၏မိခင်များကိုပျော်ရွှင်အောင်ထားနိုင်သူများဖြစ်ကြစေကုန်သတည်း။
အရေးအကြီးဆုံးစကားလေးတစ်ခွန်းနဲ့တရားသိမ်းပါမယ်။ အားလုံးလက်အုပ်ချီထားကြပါ။
ဝယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ
သင်္ခါရ (အဘိသင်္ခါရတရားတို့သည်) ဝယဓမ္မာ (ပျက်တတ်စီးတတ်၊Like/Unlike ဖြစ်တတ်၊ Friend/Unfriend, Activate/Deactivate ဖြစ်တတ်သော သဘောသဘာဝရှိတတ်သည်ဖြစ်၍)၊ အပ္ပာမာဒေန (မမေ့မလျော့၊မပေါ့မဆ၊ အွန်လိုင်းမှာအမြဲစိမ်းခြင်းသဘောကဲ့သို့ တက်ကြွထက်သန် ပြင်းထန်လေးနက် မှန်ကန်သောစိတ်ဓာတ်ဖြင့် (တစ်နည်း) ကန်ဒီခရပ်ခ်ျစိတ်ဓာတ်ဖြင့်ဇွဲကောင်း အားပြည့် စိုက်လိုက်မတ်တပ်ကြိုးစားခြင်းဖြင့်) သမ္ပာဒေထ (သီလ၊သမာဓိ၊ပညာတည်းဟူသော ရတနာသုံးပါးကို ကိုယ်စီကိုယ်ငပြည့်ဝအောင်ကြိုးစား၍ အသီးသီးကိုယ်စီကိုယ်င ပြည့်စုံအောင်အားထုတ်နိုင်ကြပါစေ)။
Regards,
Z

Peace B with U.