Saturday, March 2, 2013

၂၀၁၃ တောက်တိုမယ်ရ

Animal Farm နဲ့ပဲစလိုက်ရအောင်။

Now, commrades, what is the nature of this life of ours? Let us face it, our lives are miserable, laborious and short. We are born, we are given just so much food as will keep the breath in our bodies, and those of us who are capable of it are forced to work to the  last atom of our strength; and the very instant that our usefulness has come to an end we are slaughtered with hideous cruelty. No animal in England knows the meaning of happiness or leisure after he is a year old. No inimal in England is free. The life of an animal is misery and slavery: that is the plain truth.

ရဲဘော်တို့ ငါတို့ဘဝရဲ့ သဘာဝဓမ္မဟာ ဘာများပါလိမ့်။ ငါတို့(ရဲရဲတွေးပြီး) ရင်ဆိုင်ကြည့်လိုက်ကြရအောင်။ ငါတို့ဘဝတွေဟာ ဆိုးရွားစိတ်ပျက်စရာကြီးပဲ။ အလုပ်သိပ်ပင်ပန်းလွန်းပြီး သိပ်တိုတောင်းလွန်းတယ်။ ငါတို့တွေဟာ မွေးဖွားလာခဲ့ကြတယ်။ ခန္ဓာအိမ်ထဲကနေ အသက်မထွက်ရုံတမယ်လေး ရှင်သန်ဖို့ လိုအပ်တဲ့ မဝရေစာလေး ကျွေးတာ စားရတယ်။ ငါတို့တွေထဲမှာ အလုပ်လုပ်နိုင်တဲ့ကောင်က နောက်ဆုံး အင်အားလေး တစ်စက်လောက်ကျန်တဲ့အထိကို အတင်းအကြပ်အလုပ်ခိုင်းခံရတယ်။ ငါတို့ အသုံးမကျတော့တဲ့အခါမှာတော့ ငါတို့ဟာ မချိမဆန့် ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် အသတ်ဖြတ်ခံကြရတယ်။ တစ်နှစ်သားအရွယ်ရောက်ရင် အင်္ဂလန်မှာရှိတဲ့ ဘယ်တိရစ္ဆာန်မှ ပျော်ရွှင်မှုနဲ့ အားလပ်ခြင်းရဲ့ အနှစ်သာရအဓိပ္ပာယ်ကို နားမလည်ကြတော့ဘူး။ အင်္ဂလန်မှာ ဘယ်တိရစ္ဆာန်မှ မလွတ်လပ်ဘူး။ တိရစ္ဆာန်ဘဝဟာ စိတ်ပျက်စရာကောင်းလောက်အောင်ဆိုးရွားပြီး ကျွန်ဆန်လွန်းတယ်။ ဒါဟာ သိပ်ရှင်းတဲ့ အမှန်တရားပဲ။

George Orwell ပေးချင်တဲ့ message ကို ၁၉၄၅ ကနေ ၂၀၁၃အထိ ကြာသွားတော့ ကျွန်တော်တို့ နားလည်ပုံဟာတစ်မျိုးဖြစ်နေနိုင်တယ်။ မူရင်းရသကို မခံစားနိုင်တော့တာမျိုးနဲ့တူပါရဲ့။ သို့သော်လည်း ကျွန်တော်တို့ခေတ်မှာလည်း အခက်အခဲဆိုတာတော့ရှိသေးတာပဲ။ ခေတ်အဆက်ဆက်က ဆင်တူတာတွေ အများကြီးရှိပါတယ်။ လူတန်းစားပြဿနာ၊ ငွေကြေးကိစ္စ၊ ပညာအရည်အချင်းကွာဟမှုစသဖြင့်တွေ။ အဖိနှိပ်ခံနဲ့ အုပ်ချုပ်သူဟာ အမြဲရှိကိုရှိတယ်။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲနဲ့ အသက်ဆုံးရှုံးမှုဆိုတာ အစဉ်အဆက်ဖလှယ်ခဲ့ရတာမျိုးတွေပဲ။ သမိုင်းဟာ ချော်ထွက်မသွားဘူး။ အာဏာရှင်ဟာ အာဏာရှင်လို ပြုမူနေတုန်းပဲ။ လူ့သမိုင်းအတွက် လုံလောက်တဲ့သူပုန်မွေးထုတ်မပေးနိုင်တာကိုက အာဏာရှင်စနစ်ကြာရှည်တည်တံ့ဖို့ဖြစ်လာတာပါပဲ။ ကာကွယ်ရေးအင်အားစုဆိုတဲ့နေရာကနေ အုပ်ချုပ်ရေးအင်အားစုဖြစ်ချင်လာတာ အာဏာရဲ့သဘောသဘာဝပဲ။ လူများစုကို ထိန်းချုပ်နိုင်လာရင် လူဟာ သူ့ရဲ့ စွမ်းအားကို စမ်းသပ်ဖို့၊မြှင့်တင်ဖို့ သင့်တာတွေရော၊ မသင့်တာတွေပါ စလုပ်လာတာပါပဲ။

မြန်မာပြည်မှာ စာမတတ်ပေမတတ် စစ်အုပ်ချုပ်ရေးကဝိများရဲ့ မဟာ အမြော်အမြင်နဲ့၊ မဟာကရုဏာတော်ပေါင်းစပ်ပြီး ဖော်ထုတ်လမ်းညွှန်ပေးလိုက်တဲ့ ပညာရေးဆိုလည်း မြောင်းထဲက ပြန်မတက်နိုင်တော့ဘူး။ ရုံးတွေမှာလည်း ဘွဲ့ရကဝင်ရင် သူကောင်းပြုခံရဖို့ မသေချာတော့ဘူး။ မိုးကျရွှေကိုယ်က ရွှေဘီပိုးရှိလာရင် နတ်ပြည်ကနေ ရုံးတွေရဲ့ အမြင့်ဆုံးခုံပေါ် ခွေးကျမကျ၊ ကြောင်ကျလေးကျကျလာတာ အံ့မခန်းတွေ့နေရတာပဲ။ အခုလို (အဟမ်း အဟမ်း) ဒီမိုကရေစီခေတ်ဆိုတာကြီးရောက်လာသော်လည်း မိုးကျရွှေကိုယ်တော်ဘီပိုးတွေကို ရုံးတွေက ဖယ်ရှားတာမတွေ့သေးဘူး။

FBI ခေတ်ကောင်းစဉ်က နိုင်ငံရေးမှာ တရားဝင် ခလောက်ဆန်ခွင့်ရခဲ့တာကို ကြည့်ရင် အဖွဲ့အစည်းတွေ အင်အားကောင်းနေရင် လွယ်လွယ်နဲ့ထိန်းချုပ်လို့မရဘူးဆိုတာသိနိုင်တယ်။ သိုင်းလောကဥပမာလို၊ ကျန်လုဂိုဏ်းသားများဟာ ချို့တဲ့စုတ်ပြတ်ပုံပေါ်သော်လည်း သိုင်းလောကမှာတော့ လူအများဆုံးအဖွဲ့အစည်းမဟုတ်လား။ ဂိုဏ်းချုပ်တွေကလည်း ခွေးရိုက်တုတ်သိုင်းကို အစဉ်အဆက် လေ့ကျင့်ရည်ပြည်ဝတော့ ဂိုဏ်းချုပ်တစ်ယောက် ဇလုံထဲလက်ဆေးလိုက်တာနဲ့ နောက်တစ်ယောက်က ခွေးရိုက်တုတ်ကိုင်ပြီးသားဖြစ်ဖြစ်နေတာမျိုး။ ခွေးရိုက်တုတ်ကိုင်ပြီး သိုင်းလောကအကျိုးဆောင်သလား၊
ဘုန်းကြီးဗုံးခွဲသတ်သလားဆိုတာတော့မသိနိုင်ဘူး။ ကျန်လုဂိုဏ်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တယ်။

တပည့်တွေကတော့ ဆရာခိုင်းလိုက်ရင် ပိုပိုသာသာလေးလုပ်ပေးကြတယ်ထင်ပါရဲ့။ ဂျီးဇက် (အမှန်တော့ ယေရှုဆိုတာကမှ အသံထွက်မှန်နဲ့ပိုနီးစပ်တယ်။ သာမန်အင်္ဂလိပ်များဟာ ဘကြီးယု(ယုဒသန်)လောက်တော့ လက်တင်အခြေခံရှိပုံမရဘူး။ ယာဝေကိုတောင် ဂျဟောဝါဖြစ်အောင်ထွက်တာကိုကြည့်ရင် တော်တော်လွဲသွားကြတယ်ထင်မိတယ်။) အရိုက်အနှက်ခံရတဲ့ ဇာတ်လမ်းကို ပြန်ထောက်ရှုရင် ပီလာတူးမင်းက တပည့်တွေကို နည်းနည်းလောက် အနှိပ်စက်ပြပြီး ပြန်လွှတ်ဖို့ကြံပေမယ့်၊ ဆရာ့စေတနာကို မမြင်တဲ့ တပည့်က သူ့တပည့်တွေကို ဒီငနဲကို ကောင်းကောင်းဆုံးမလိုက်စမ်းလို့ ပြောလိုက်တယ်ထင်ပါရဲ့။ သေမတတ်ဖြစ်သွားတာပဲ။ ပြောချင်တဲ့ဥပမာကတော့ အထက်လူ၊အောက်လူရှိပြီး၊ အထက်လူကအောက်လူနားလည်အောင် မပြောတတ်ရင် အောက်လူရဲ့စေတနာပိုမှုကို ကံဆိုးသူများ ပိုခံရတတ်တယ်ဆိုတာပါပဲ။ သွေးဆူလွယ်၊ သွေးအေးလွယ်တဲ့နိုင်ငံမှာဆိုတော့ ဘုန်းကြီးမီးလောင်ဇာတ်ကားပြီးသွားရင် ကချင်စစ်ပွဲဆက်ကြည့်နေလိုက်တာပဲ။ မလေးရှားတို့၊ အင်ဒိုနီးရှားတို့မှာ ဗလီဆရာကို မီးရှို့လိုက်ရင်တော့ အစိုးရမလွယ်လောက်ဘူးထင်မိတယ်။

ဘိုသံပီသတဲ့ ကိုမြအေးသမီးလေးကိုကြည့်၊ ဒီမိုကရေစီခေါင်းဆောင်ပေါက်စလေး၊ ကြီးကြီးစုထက်တောင် ဘိုလိုပီသေး၊ မြန်မာ့အနာဂတ်အတွက် စိတ်အေးရပြီဆိုပြီးချီးကျူးခဲ့ကြပေမယ့် အခုကြတော့ ယောက်မကိုတစ်ကလုတ် လုပ်ပြီး အဖေကိုထောင်ချပေးတဲ့ ယူနီဖောင်းကိုတောင် မချစ်ဘူး၊ နိုင်ငံဖြတ်ကူး ဘင်္ဂါလီကိုအချစ်ပိုတယ်ဖြစ်ကုန်ပြီ။ ဒါမျိုးကို ပေါရာဏမှာတော့ ဖားခုန်ဖားဆင်း လို့ပြောလို့ရတယ်။ မညီမညွတ်ဖြစ်တယ်ပေါ့။ ရှေ့တုန်းကတော့ အဖေ့ကိုလွှတ်ပေးပြောတယ်။ လွှတ်ပြီးတော့ ကျန်တဲ့ အဖေတွေကို နိုင်ငံပေးပါဖြစ်လာတာပဲ။ ကိုမြအေး သူ့သမီးအကြောင်းစာအုပ်ထုတ်ရင်တော့ ဝယ်ဖတ်ဦးမယ်စိတ်ကူးတယ်။

အာရှမှာ ကိုလိုနီဖြစ်ဖူးတဲ့ နိုင်ငံများဟာ အနောက်တိုင်းသားတွေကို အလိုလိုကို လေးစားကြည်ညိုနေတော့တာပဲ။ ကိုယ့်မြန်မာလူမျိုး ဗျစ်တသျှလိုမပြောတတ်ရင်တောင် လေးစားစရာမဖြစ်ဘူးဖြစ်ကုန်တော့တာပဲ။ ဒါကိုနားလည်လို့ ပေါက်ဖော်ကြီးများဟာ ဘယ်တော့မှ ဘိုလိုမတော့ခ်ဘူး။ စကားပြန်နဲ့ပဲပြောကြတယ်။ ဒါဟာ ပိုသင့်တော်တာပဲ။ ပေါက်ဖော်ကြီးများဟာလည်း လွန်ခဲ့တဲ့ နှစ်တစ်ရာကလို ဘိန်းစွဲပြီး သာယာနေဖို့လောက်ကို မကျေနပ်နိုင်တော့ဘူး။ အန်ကယ်ဆမ်ရဲ့ စားတော်အုပ်ကို မျက်စောင်းထိုးနေပြီ၊ စူပါပါဝါတွေ အတွင်းအားပြိုင်ရင် တစ်ယောက်က ဒုက္ခိတဖြစ်ပြီး၊ တစ်ယောက်ကသေတာပဲ။ နှစ်တစ်ထောင်အတွင်းအားတိုးဆေးမြစ်တွေကို ဆေးဆိုင်တွေမပို့ဘဲဖင်ခုထိုင်ထားတော့ ငွေကြပ်တုန်း ဆေးမြစ်ရောင်းထားတဲ့ သိုင်းဥသျှောင်ကြီးက ဒုက္ခရောက်ရတယ်။ သေချာတာတော့ ၂၀၁၃ဟာ ဖင်ခုထိုင်ထားတဲ့ ဆေးမြစ်များရဲ့နှစ်ပါပဲ။

ဖေ့စ်ဘွတ်ခ်မသုံးရတဲ့တရုတ်ပြည်၊ ငိုစရာရှိရင် တစ်ပြိုင်နက်ငိုကြတဲ့ မြောက်ကိုးရီးယား၊ ၁၀ရှိရင် ၄ ကျပ်ဖိုးလက်နက်ဝယ်မယ့်စင်ကာပူ၊ ငလျင်ဇုံထဲ စိတ်ချလက်ချနေကြတဲ့ နေမင်းသားတော်တွေရဲ့ ဂျပန်ပြည်၊ မုန်တိုင်းတွေ အလည်အပတ်လာလွန်းတဲ့ဖိလစ်ပိုင်၊ ပိုက်ဆံပွတွေကို ပြန်ချုံ့တော့မယ့် အင်ဒိုနီးရှား၊ အလားအလာကောင်းသောင်းခြောက်ထောင်နဲ့ခုနစ်ခုကို ရင်မှာပိုက်ပြီး ဖောင်ဒေးရှင်းမချဘဲ မိုးထိတိုက်ဆောက်ဖို့စိုင်းပြင်းနေတဲ့မြန်မာပြည်၊ ဒီနှစ်လယ်အတွင်း အာရှကို လမ်းလျှောက်ထွက်လာနိုင်တဲ့ စီးပွားရေးနှေးကွေးမှု အဘိုးအို၊ အာရှအတွက် ပျော်စရာသိပ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်မယ်ထင်ပါတယ်။

၂၀၁၃ တောက်တိုမယ်ရလို့ ဒီပို့စ်ကို နာမည်ပေးရင် သင့်မယ်နဲ့တူပါရဲ့ဗျာ။                 ။

Regards,
The Gardener



Peace B with U.