သတင်းအတိုအထွာ
ဟိုတစ်ပတ်က အမေရိကန်ဒ်ါလာဈေးနည်းနည်းလှုပ်သွားတာနဲ့ စင်ကာပူဒေါ်လာ ဈေးတက်သွားပါတယ်။ အဲဒီအခြေအနေမျိုးကို မြန်မာပြည်မှာ မကြာမကြာဖြစ်တတ်တာကိုတွေ့ရပါတယ်။ ဝန်ထမ်းတွေ လစာတိုးမယ်ဆိုရင် ကုန်ဈေးနှုန်းတက်တယ်ဆိုတာမျိုး၊ ပိုက်ဆံတွေသိမ်းတော့မယ်ဆိုတဲ့အခါ ဈေးတက်လာတာမျိုးတွေ ခဏခဏဖြစ်နေတာတော့ မကောင်းပါဘူး။
မြန်မာလူမျိုးဟာ ယုံရမယ့်ဟာကို မယုံ၊ မယုံရမယ့်ဟာကို ယုံတာကို ဘောဂဗေဒအရတွေ့ရပါတယ်။ ဒုတိယအကြိမ်မြောက် ကမ္ဘောဇဘဏ်ကိစ္စမှာဆိုရင် ဗဟိုဘဏ်က တီဗီကနေ ကမ္ဘောဇဘဏ်ရဲ့ ခိုင်မာကြောင်းကို ထုတ်ပြောသည့်တိုင်အောင် ငွေထုတ်တာ ရပ်မသွားခဲ့ပါဘူး။ ဗဟိုဘဏ်ရဲ့ သြဇာကို ပြည်သူလူထုတွေ ပိုနားလည်ဖို့လိုတယ်ဆိုတာ တွေ့ရပါတယ်။ ဗဟိုဘဏ်ဆိုတာ တစ်ထောင်တန်မှာပါတဲ့ အဆောက်အအုံဆိုတာထက်ပိုမသိတဲ့ လူတန်းစားတွေကို ဗဟိုဘဏ်အနေနဲ့ အသိပညာ များများပေးဖို့လိုနေပါပြီ။ မဟုတ်ရင်တော့ ငွေကြေးနဲ့ပတ်သက်တဲ့ သံသယကို ဖြေဖျောက်နိုင်တဲ့ အဖွဲ့အစည်းမရှိသလိုဖြစ်နေမှာပါ။
ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ကြားမှာထားရှိအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အပ်နှံထားရတဲ့ ငွေစုစာချုပ်တွေအကြောင်းကို နည်းနည်းပိုနားလည်ကြဖို့လိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံခြားငွေ exchange counter ဖွင့်ဖို့အတွက်ဆိုရင် ဗဟိုဘဏ်မှာ USD ဘယ်လောက်အပ်ထားမှ ဘယ်လောက်ဖိုးအထိ လုပ်နိုင်တယ်ဆိုတာမျိုးတွေကို ဗဟိုဘဏ်ကနေ ထုတ်ပြန်ကြေငြာပေးရပါမယ်။ ဗဟိုဘဏ်ဟာ နိုင်ငံရဲ့ ငွေကြေးပြဿနာတွေနဲ့ပတ်သက်ရင် သြဇာအကြီးဆုံး အဖွဲ့အစည်းဖြစ်တာကို လူထုကြားမှာ ပျံ့နှံ့ဖို့ကြိုးစားရပါမယ်။
အခုအချိန်မှာ မြန်မာငွေကို ငွေလဲလှယ်တဲ့နေရာမှာ နှုန်းသေမဟုတ်တော့ဘဲ နှုန်းရှင်ထားတာကိုတွေ့ရပါလိမ့်မယ်။ နှုန်းသေဆိုတာကတော့ တစ်ဒေါ်လာ ၅ ကျပ်ဆိုတာမျိုးကိုပြောတာပါ။ ကျွန်တော်တို့ငယ်တည်းက ငါးကျပ်ဟာ ကျွန်တော်တို့ သေခါနီးအထိ ၅ ကျပ်ပဲ။ ၅ ကျပ်နဲ့လိုသလောက်ဝယ်လို့တော့မရဘူးပေါ့ဗျာ။ အဲဒါတော့ ရှင်းနေတာပဲ။ တန်ရာတန်ကြေးမဟုတ်တဲ့ဟာက လိုသလောက် ဝယ်လို့ကိုမရဘူး။ အဲဒီသဘောကို သမဝါယမ စနစ်မှာကတည်းက ရောဘတ်အိုဝင်တို့ကပြောပြီးသား။ နှုန်းသေမှာ ကောင်းတာကတော့ မှောင်ခိုဈေးကွက်သစ်ဖြစ်စေတာပဲထင်တယ်။ လူတွေ အလုပ်များများရတာပေါ့။ ဘားလမ်းနားမှာဆိုရင် နိုင်ငံခြားငွေကြေးဈေးကွက်သစ်ဖြစ်လာတာပဲ။ FEC ဆိုတာကလည်း အဲဒီနှုန်းသေရဲ့ကကြိုးမနိုင်တာကို ကူဆွဲပေးတဲ့ နောက်ထပ် ရုပ်သေးဆရာတစ်မျိုးဖြစ်မလားမသိဘူး။ ရယ်စရာဖြစ်သွားတာကတော့ အမေရိကန်ဒေါ်လာထက် FEC က ဈေးပိုကြီးကုန်တာ။ စံပယ်ပန်းမရှိတုန်း အစားထိုးရတဲ့ ဇွန်ပန်းကို လူကြိုက်ပိုများသွားတာနဲ့ခပ်ဆင်ဆင်။ အဲဒီနှုန်းသေကွန်ဆက်ကို မြန်မာပြည်မှာ နေရာအနှံ့သုံးတယ်။ ဓာတ်ဆီဆိုင်မှာလည်း ဒီသဘောတရားပဲ။ နှုန်းသေမှာ တန်ရာတန်ကြေးထက်နည်းရင် အစိုးရမွဲဖို့ဖြစ်လာတာပဲ။ ဓာတ်ဆီတစ်ဂါလံ ၁၀၀၀ ကျော်ချိန်မှာ အစိုးရအနေနဲ့ တစ်ဂါလံတိုင်းမှာ ၈၀၀ လောက်အရှုံးပေါ်တာမျိုးလည်းဖြစ်ဖူးတယ်။ အစိုးရဆိုတာမျိုးက ဘုန်းကြီးသတ်၊ကျောင်းသားသတ်ရင်သာ အပြောခံရတာ၊ ဒီလို subsidise လုပ်တာမျိုးကို ဘယ်သူမှ ကျေးဇူးတင်တာမဟုတ်ဘူး။ အဲဒီအရှုံးကလည်း တဖြည်းဖြည်းနဲ့ manage လုပ်ဖို့ခက်လာတာမျိုးဖြစ်လာတတ်တယ်။ ဒီကိစ္စကို ပြန်ကြားရေးဝံဂျီးဖြစ်ခဲ့ဖူးတဲ့ အပုလေးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နည်းနည်းလောက်ပြောဖူးတယ်။ သို့သော်လည်း ထုံးစံအတိုင်း ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ အဲဒါကြောင့်လည်း နောက်ပိုင်းမှာ ပုဂ္ဂလိကဆီဆိုင်တွေလိုသလောက်ဝယ်၊ကျသလောက်ရှင်းတွေဖြစ်လာတာ။ အဲဒီသဘောတရားကတော့ float ဆန်သွားပြီ။ ငွေကြေးမှတော့ managed float rate ခေါ်တယ်။ နှုန်းရှင်ပေါ့။ အတက်အကျလေးနဲ့။ ခုသာခံသာဖြစ်အောင်ညှိကြတာပဲ။ နှုန်းရှင်ငွေကြေးမှာတော့ တာဝန်အရှိဆုံးက ဗဟိုဘဏ်ပဲ။ နိုင်ငံတစ်ခု ငွေကြေးပြဿနာဖြစ်ပြီး ပြိုလဲဖို့ဆိုတာ လွယ်လွယ်လေးပဲ။ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံငွေကြးပြဿနာကြောင့် တော်တော်လေး စုတ်ပြတ်သတ်သွားခဲ့တာပဲ။ အင်ဒိုနီးရှားဆိုရင် အခုလို ပွယောင်းယောင်းပိုက်ဆံနဲ့ ၁၀ နှစ်ကျော်ပြန်ကြိုးစားခဲ့ရတယ်။ သူတို့ အဲဒီလိုဖြစ်သွားတဲ့အချိန်မှာ သူတို့နိုင်ငံတွေမှာ နှုန်းရှင်ငွေကြေးစနစ်ပဲ။ အခုတော့ အင်ဒိုနီးရှားဟာ စီးပွားရေးနည်းနည်းကောင်းလာတော့ ငွေဟောင်းကို ငွေသစ်နဲ့လဲပြီး သုညတွေပြန်ဖြုတ်မယ့် ငွေကြေးသစ်စီမံကိန်းပြန်စနေပါပြီ။
နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူများများမရှိရင် ဒုက္ခရောက်တတ်ပုံရပါတယ်။ အထူးသဖြင့် စတော့ခ်ဈေးကွက်တွေဖြစ်ထွန်းလာတဲ့အချိန်ကြရင် ဒါဟာ ပိုသိသာလာနိုင်ပါတယ်။ ငွေကြေးအကြောင်း များများသိဖို့လိုသလို ဘဏ်တွေအကြောင်းလည်း ကောင်းကောင်းသိဖို့လိုပါတယ်။ အခုခေတ်မြန်မာပြည်ရဲ့ လူရွယ်၊လူလတ်တွေဟာ ဘဏ်ကို ငွေစုဖို့လောက်ပဲ သတိထားမိကြတာများပါတယ်။ ဘဏ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ကိုယ့်အလုပ်မဟုတ်ဘူးဆိုပြီး ယူဆကြတဲ့သူများတာတွေ့ရပါတယ်။ အဲဒီလိုဖြစ်တာလည်းမဆန်းပါဘူး။ အေတီအမ်ဆိုတာမျိုးက မြန်မာပြည်မှာ လွန်ခဲ့တဲ့ လေးငါးနှစ်အထိကို မရှိသေးပါဘူး။ New York မှာတော့ ၁၉၃၉ ကတည်းက စတင်သုံးစွဲတယ်ဆိုပါတယ်။ သိပ်တော့လည်း နောက်မကျလှပါဘူး။ နှစ်ခြောက်ဆယ်ကျော်ကနေ ကပ်လိုက်နေတုန်းပါပဲ။
Retail Banking ရဲ့ အလုပ်တွေကိုတောင် မြန်မာပြည်ကဘဏ်တွေက အခုမှ စုံစေ့ဖို့ကြိုးစားလာကြတာတွေ့ရပါတယ်။ ငွေစုတယ်။ ငွေချေးတယ်။ ချက်လက်မှတ်ပေးတယ်။ အကြွေးဝယ်ကဒ်ထုတ်ပေးတယ်။ online payment တွေကတော့ ကပ်လျက်ဖြစ်ထွန်းလာမယ့်ကိစ္စတွေထင်ပါတယ်။ သိပ်တော့မကြာလောက်တော့ဘူး။ ဘဏ်တွေက လူတွေရဲ့ပိုက်ဆံကို သိမ်းထားတယ်။ အတိုးပေးတယ်။ ဇောတိကတွေထင်တယ်။ အဲဒီလိုတွေးကြတာများပါတယ်။ တစ်နှစ်ကို ၈ ရာနှုန်းအတိုးပေးတယ်ဆိုတာကို အလကားပေးကြတယ်ထင်တာများပါတယ်။ တစ်နှစ်ကို ၁၂ % အမြတ်ရမယ့် အလုပ်တစ်ခုရှိရင် တစ်နှစ်ကို ၈ ရာခိုင်နှုန်းနဲ့ပြန်ပေးရင်တောင် တစ်နှစ်ကို ၄ % မြတ်ပါတယ်။ တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းဆိုတာ တစ်လကို တစ် ရာခိုင်နှုန်းပဲ အတိုးပေးရတာပါ။ အပြင်မှာ တစ်ကျပ်တိုးနဲ့ တစ်လလောက်ချေးကြည့်ရင်ကို မြန်မာပြည်မှာ ချေးမယ့်သူမရှိသလောက်ပဲ။
ရင်းနှီးမြုပ်နှံမှု အတိုးနှုန်းတွေကလည်း ဒီလိုပါပဲ။ တစ်နှစ်ကို ရာခိုင်နှုန်း ၂၀ မြတ်မယ့် လုပ်ငန်းတစ်ခုမှာ ရှယ်ရာဝယ်ထားရင် တစ်နှစ်ကို ၈ ရာခိုင်နှုန်း အတိုးပေးပြီးသကာလမှာ ၁၂ ရာခိုင်နှုန်းအမြတ်ကျန်ပါသေးတယ်။ ငွေကြေးဖောင်းပွမှုနှုတ်လိုက်ရင် ဒီထက်တောင် သက်သာစရာရှိပါသေးတယ်။ ဘဏ်က ငွေပိုနေတဲ့သူတွေဆီကငွေနဲ့ ငွေလိုနေတဲ့ လုပ်ငန်းတွေဆီပြန်သွားတာလည်းရှိတယ်။ ဒါက ဘဏ်ရဲ့ရင်းနှီးမြုပ်နှံမှုများစွာထဲက အလွယ်ဆုံးတစ်ခုကိုပြောတာပါ။
အချိန်ဆိုင်းအပ်ငွေအတွက်ပေးတဲ့အတိုးက ဈေးကွက်မှာဖြစ်နိုင်တဲ့ပေါက်ဈေးရဲ့ သေးငယ်တဲ့ရာခိုင်နှုန်းတစ်ခုပါပဲ။ future value တွက်ကြည့်ရင် အတိုးနှုန်းပေါ်မူတည်ပြီး အမြတ်ဟာ ဘယ်လောက်အထိကွာသွားနိုင်လဲဆိုတာသိနိုင်ပါတယ်။ ငွေကြေးဟာ အချိန်အားဖြင့် ပြောင်းလဲပါတယ်။ ဒီနေ့တစ်ကျပ်တန်တဲ့ပစ္စည်းဟာ နောင်နှစ်တစ်ရာမှာ ၁ဘီလျံ တန်ချင်လည်းတန်နေမှာပါပဲ။ ဒါကို သတိထားမိဖို့လိုပါတယ်။ ဟာသတစ်ပုဒ်ထဲကလို လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီအိမ်က ၁၀ သိန်း၊ အဲဒီတုန်းကလည်းမဝယ်နိုင်ဘူး။ အခုဒီအိမ်က သိန်း ၃၀၀၊ အခုလည်းမဝယ်နိုင်ဘူး။ အတူတူပဲတဲ့။ ၁၀ နှစ်အတွင်း ၁၀ သိန်းကနေ သိန်း ၃၀၀ ဖြစ်သွားတာဟာ မျက်လှည့်မဟုတ်ဘူး။ ငွေကြေးရဲ့ future value ဟာ အချိန်ပေါ်မူတည်ပြီးပြောင်းတဲ့သဘောပဲ။ finance မှာတော့ တစ်နှစ်အတိုးနှုန်းဟာ ၄၁ ရာနှုန်းလောက်ပြောင်းလဲသွားရင် ၁၀ သိန်းတန်အိမ်ဟာ သိန်း ၃၁၀ ဖြစ်ကုန်တာပဲ။ ၁၀ သိန်းတန်အိမ်မဝယ်နိုင်ခင်က ကိုယ့်မှာ ၉ သိန်းရှိခဲ့ရင် အတိုးနှုန်း ၄၁ ရာခိုင်နှုန်းရနိုင်တဲ့ မြေ၊အိမ်၊အစရှိတဲ့မြုပ်နှံမှုတစ်ခုခုလုပ်လိုက်ရင် ကိုယ့်လက်ထဲမှာ သိန်း ၃၁၀ မရှိရင်တောင်၂၇၉ သိန်းလောက်ရှိမယ်။ ဘဏ်မှာသွားအပ်ထားရင်တော့ နှစ်တိုး ၁၂ ကျပ်ပေးတဲ့ဘဏ်မှာအပ်ထားရင် အရင်း ၉ သိန်းကနေ ဆယ်နှစ်ကြာသော် ၂၇ သိန်းတိတိ လက်ဝယ်ရှိနေပြီ။ အဲဒီတော့ ၂၇၉ သိန်း ရနိုင်တဲ့အခွင့်အလမ်းကို ငြင်းပယ်ပြီး သေချာတဲ့ဘဏ်မှာအပ်လိုက်တာ ၁၀ နှစ်မှာ သိန်း ၂၀၀ ကျော်နာသွားတာပါပဲ။ အဲဒါကို နားမလည်ရင် ဘဏ်တွေကိုတောင် တုံးတယ်ထင်ကြမယ်ထင်တယ်။
ဘဏ်ရဲ့ လုပ်ငန်းတွေကို retail banking ပဲကြည့်ရင် တစ်ခြမ်းပဲမြင်နိုင်မယ်။ commercial banking လည်းလုပ်ကြတာရှိတယ်။ စင်ကာပူမှာ retail banking မလုပ်ဘဲ commercial banking သီးသန့်လုပ်တဲ့ဘဏ်တွေအများကြီးရှိတယ်။ လူတစ်ယောက်ချင်းဆီကို ဘဏ်အကောင့်မလုပ်ပေးတာနဲ့ မွဲစတမ်းဆိုရင် အဲဒီဘဏ်တွေမွဲသွားဖို့ကောင်းပြီထင်ပါရဲ့။ သို့သော်လည်း ပလတ်စတစ် မဗေဒါက ဘဲအုပ် ၁၀၀ ကိုလည်း မမှုသလို၊ ဒီဘဏ်တွေအောင်မြင်နေတာပါပဲ။
Business Loan ချေးပြီး အလုပ်လုပ်ကြတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ အလုပ်အတွက် လိုတဲ့ငွေမမီရင် ဘဏ်မှာ အိမ်တွေ၊မြေတွေ၊ခြံတွေ၊ ပိုင်ဆိုင်မှုတွေပြပြီး ငွေချေးပြီး အလုပ်လုပ်တာမျိုးပါ။ ကိုယ့်စီမံကိန်းက အလုပ်ဖြစ်လောက်တယ်လို့ ဘဏ်ကယုံရင် ငွေချေးတာပါပဲ။ ဘဏ်တိုးဆိုတာ တခြားမှာချေးတာထက်တော့ သက်သာလေ့ရှိတာပါပဲ။ အဲဒီလိုချေးတဲ့လုပ်ငန်းရှင်တွေဟာ personal loan လို ဒေါ်လာတစ်သောင်း၊နှစ်သောင်းချေးကြတာမဟုတ်ပါဘူး။ ဒေါ်လာ သန်းရာချီချေးကြတာပါ။ အဲဒီအတွက် ဘဏ်ကယူတဲ့အတိုးနှုန်းက ငွေစုတဲ့သူတွေကို ပြန်ပေးတာရဲ့ အနည်းဆုံး ၂ ဆလောက်ပေါ့။
နောက်ထပ်ကြီးမားတဲ့ငွေကြေးပြဿနာကတော့ ငွေကြေးခဝါချမှုတွေပါပဲ။ ဘဏ်တွေရဲ့ သဘောသဘာဝက အဲဒါကို ကာကွယ်ဖို့လည်းပါပါတယ်။ သို့သော်လည်း အပ်သမျှလက်ခံတဲ့ဘဏ်တွေပေါ်လာတော့ မရိုးမသား၊လူလည်ကျ၊မှောင်ခိုလုပ်၊ ဝင်ငွေခွန်လိမ်ထားတဲ့ ငွေတွေဟာ ဘဏ်ထဲကိုရောက်ပြီးသွားရင် အဲဒီငွေရဲ့နောက်ကြောင်းဟာ အတော်လေးအေးသွားတတ်ပါတယ်။ ဘဏ်တွေမှာ အဲဒီပြဿနာကို လှည့်ပြီးဖြေရှင်းကြတာများပါတယ်။ အာရှမှာတော့ ပိုက်ဆံထားရခက်နေတဲ့သူတွေအတွက် စင်ကာပူဘဏ်တွေက စေတနာဗလပွနဲ့ အပ်နှံခံပါတယ်။ ကျွန်တော်တို့နိုင်ငံက အချစ်တော်ကြီးများရဲ့ ထုတ်ဖော်ကြေငြာခြင်းမပြုတဲ့ ဘဏ်ငွေစာရင်းတွေကိုလည်း ကော်မတီဖွဲ့ပြီး စစ်ကြည့်ရင် အစိုးရချင်းချစ်ကြည်ရေးအဖြစ်လက်ခံပေးထားတဲ့ အကောင့်တွေကို မြင်ကောင်းမြင်ရနိုင်တယ်။ ဖြစ်တန်စွမ်းကိုပြောတာပါ။ ကံသေကံမတော့ မပြောအပ်ဘူး။
ဘဏ်လုပ်ငန်းနဲ့ငွေကြေးအကြောင်းကို overview လောက်ရေးထားတဲ့စာအုပ်တစ်အုပ်လောက်ကို မြန်မာပြည်က ဘောဂဗေဒ ဆရာသမားတွေအနေနဲ့ မြန်မြန်လေးထုတ်ဝေဖို့ကောင်းနေပြီလို့ ကျွန်တော်ထင်တယ်။ နိုင်ငံရေးတွေ၊ဟောင်ဖွာရေးစာအုပ်တွေထုတ်ဝေပြီးသကာလမှာ စီးပွားရေးအကြောင်း၊ငွေကြေးအကြောင်းစာအုပ်လေးတွေ အလုပ်ဖြစ်ဖို့ အချိန်ကောင်းပဲ။ မဟုတ်ရင် တောင်တစ်လုံးကို ဘာကြောင့်ကာကွယ်မှန်းမသိ၊ သစ်ပင်တွေက ပြန်စိုက်လို့ရတယ်လို့ပြောတာကို ပါးစပ်အဟောင်းသားလေးနဲ့ကြည့်လိုကြည့်ဖြစ်နေရသလို၊ စီးပွားရေးအတက်အကျကိုလည်း မိုးနတ်မင်းကြောင့်လို့ဆက်ထင်နေဦးမယ်။
မြန်မာပြည်ရဲ့ အနာဂတ် ဘဏ်တွေဟာ အနာဂတ်ပြင်ဆင်မှုတွေအတွက်ပါ အလုပ်လုပ်ပေးလိမ့်မယ်ထင်တယ်။ ပင်စင်စုငွေမျိုး၊ လစဉ်မြုပ်နှံမှု စီမံကိန်းမျိုး၊ အရစ်ကျငွေချေးတာမျိုးတွေဖြစ်လာလိမ့်မယ်။ နောက်ပိုင်းမှာ ကျန်းမာရေးအာမခံစနစ်တွေနဲ့ ဘဏ်တွေနဲ့ပေါင်းပြီး လူတွေဘဝအဆင့်အတန်းမြင့်ဖို့ကူညီလာနိုင်မယ်ထင်တယ်။ ဘဏ်ကနေတစ်ဆင့် ပိုက်ဆံပေးချေနိုင်တဲ့အတွက် ကားဝယ်ဖို့ ဂုံနီအိတ်နဲ့ပိုက်ဆံသယ်ရတာတို့၊ အိမ်ဝယ်ဖို့ ဆာလာအိတ်နဲ့သယ်ရတာတို့ ကင်းဝေးသွားနိုင်တယ်။ ရွှေတွေဝယ်ထားပြီး ခိုးခံရတာတို့ဘာတို့မဖြစ်အောင် certificate နဲ့ပဲဝယ်သိမ်းလို့ရတာတွေဖြစ်လာမယ်။ လောလောဆယ် လုပ်လို့ရတဲ့အပိုင်းကို စလာကြတာကိုတွေ့ရတယ်။ အခြေခံကိစ္စတွေဖြစ်တဲ့ နိုင်ငံတကာက လက်ခံတဲ့ Visa, Master, Amex, Diner's Club, JCB စတာတွေနဲ့ သုံးနိုင်ဖို့ကိစ္စတွေကအစ၊ Malls တွေမှာ Nets နဲ့ပေးဖို့တွေလည်း လုပ်နေကြတာပဲ။ Nets ကိုတောင် နတ်ပိုက်ဆံလို့ ထူးထူးခြားခြား ဘာသာပြန်ပြီးသွားပြီလို့သိလိုက်ရပါတယ်။ မကြာမီ လာမည်တွေ အများကြီးကျန်သေးတယ်။ စောင့်ကြည့်ကြတာပေါ့ဗျာ။ ။
Regards,
Z
အကြမ်းဖျင်းနဲ့ နည်းနည်းမှန်၊ နည်းနည်းမှား၊ နည်းနည်းစီ။ မူလတန်းဖတ်စာဆန်ဆန်များ။

Peace B with U.