Wednesday, September 7, 2011

အတွေးများ

အတွေးများ


ကဗျာတစ်ပုဒ်ကို သတိရတယ်။ လူဖြစ်ရတာကောင်းတယ်။ နေမျိုးရေးတာပါ။ ပထမပိုဒ်လေးကိုပဲရွတ်ကြည့်မိတယ်။

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်


မနေ့က ရုံးမှာ Toilet ၀င်ရင်း သန့်ရှင်းရေး အလုပ်သမားတစ်ယောက် အိမ်သာကြွေခွက်ကို ပယ်ပယ်နယ်နယ်တိုက်ချွတ်နေတာတွေ့တယ်။ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ကြမ်းပြင်ပေါ်မှာထိုင်ချရင်း အိမ်သာဆေးနေတာ။ သူ့ကို ကြည့်လိုက်တော့ သာမန်ဉာဏ်ရည် ပြည့်မီသူမျိုးမဟုတ်ဘူး။

အဲဒီတော့ တွေးမိတယ်။ သူ့ကို ဒီလိုအလုပ်တွေ ခိုင်းတာဟာသင့်တော်ရဲ့လားဆိုတာကိုတွေးဖြစ်တယ်။ အရင်တုန်းက နေခဲ့ဖူးတဲ့ အိမ်တစ်အိမ်က အိမ်ရှင် အန်တီက အဲဒီလှိုSpecial needs လိုနေတဲ့ကလေးတွေကို လေ့ကျင့်ပေးတဲ့ကျောင်းမှာ လုပ်တဲ့အတွက် ဒါကိုလည်း နည်းနည်းမေးကြည့်ဖူးတယ်။ စင်ကာပူဟာ နိုင်ငံသေးပေမယ့် Special Needs လိုတဲ့ကလေးတွေကြတော့မနည်းလှဘူး။ အဲဒီလို လေ့ကျင့်တဲ့ကျောင်းတွေမှာ ဘာကို လေ့ကျင့်ပေးလဲဆိုတော့ သူ့ဘာသာသူ ရပ်တည်တတ်အောင်၊ သူလုပ်နိုင်တာတစ်ခုခုသင်ပေးတာမျိုးတွေလေ့ကျင့်သင်ကြားပေးရတယ်။ တစ်ချို့လည်းလုံးဝမတတ်ဘူး။ တစ်ချို့လည်း တတ်မြောက်လာတယ်။ အဲဒိလိုလူတွေကို ဟော့ကာစင်န်တာတွေနဲ့ သန့်ရှင်းရေး လုပ်သားတွေမှာတွေ့ရတတ်တယ်။ အဲဒီလောက်လုပ်နိုင်ပြီဆိုရင်ကို သူတို့ဟာ လေ့ကျင့်ရေးကျောင်းတွေရဲ့ အောင်မြင်မှုဖြစ်နေပြီ။ သူတို့ဟာ ၀န်ထုပ်ဝန်ပိုးမဟုတ်တော့ဘူး။ သိပ်အများကြီးမသိပေမယ့်၊ သူ့ဘာသာသူ ရပ်တည် အသက်မွေးနိုင်ပြီလို့ဆိုနိုင်တယ်။

အိမ်သာဆေးတဲ့အလုပ်ကိုပဲကြည့်။ သာမန်လူတစ်ယောက်သာဆို သူ့ထက် ပိုပြီး smart ကျတဲ့နည်းနဲ့ သက်သက်သာသာဆေးနိုင်မယ်။ သူ့အတွက်တော့ မခက်ခဲပေမယ့် မသက်သာလှဘူး။ လူ့အဖွဲ့အစည်းဟာ Special Needs လိုနေတဲ့သူတွေကို အိမ်သာဆေးခိုင်းနေတာကို မတရားဘူးလို့ခံစားရတယ်။ သူလုပ်နိုင်သလောက် သာမန် ကိစ္စတွေပဲခိုင်းသင့်တယ်လို့ထင်တယ်။ သန့်ရှင်းရေးဆိုလည်း သူလုပ်နိုင်လောက်တဲ့ mop တိုက်တာ အမှိုက်သိမ်းတာလောက်ဆို တော်ရောပေါ့။ ကျန်တာတွေကို ပိုပြီးလုပ်နိုင်တဲ့သူတွေနဲ့တွဲလုပ်ခိုင်းလည်းရလောက်ပါတယ်။ အခုဟာက ဘာနဲ့တူသလဲဆိုရင် သိပ်မသိတဲ့ ကလေးတွေကို လူကြီးတွေက ညာခိုင်းနေသလိုဖြစ်နေတယ်လို့ပဲခံစားရတယ်။

စင်ကာပူဟာ နိုင်ငံဟာ စီးပွားရေးအရ အောင်မြင်ပေမယ့် လူတွေ စိတ်ချမ်းသာဖို့နဲ့ လိုအပ်ချက်ရှိနေတဲ့လူတွေကို ဖေးမကူညီဖို့တွေမှာ တော်တော်လေးအားနည်းပါသေးတယ်။

မြန်မာမျက်လုံးနဲ့ကြည့်ရင်တော့ လူကြီးတွေဘ၀ဟာလည်း အထီးကျန်လွန်းတယ်။ ဘေးအိမ်ကလူ ဘယ်သူမှန်းမသိကြတဲ့ နေရာမျိုးမှာ ကြီးပြင်းလာမယ့် ကလေးတွေရဲ့အတွေးအခေါ်နဲ့ အပြုအမူတွေကလည်း ကျွန်တော်တို့ငယ်တုန်းကလို တစ်ရပ်ကွက်လုံးနဲ့သိတဲ့ လူနေမှုပုံစံမှာ ကြီးပြင်းလာတဲ့သူနဲ့ကွာခြားမှာအမှန်ပဲ။

အခုကိစ္စဟာ အိမ်သာဆေးတဲ့ လူတစ်ယောက်အကြောင်းလည်း ဖြစ်သလို နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်အပေါ် တာဝန်ယူမှု အကြောင်းလည်းဖြစ်တယ်။ အသေးအဖွဲကိစ္စလို့သတ်မှတ်လို့ရသလို၊ နိုင်ငံရဲ့ မပြည့်ဝမှုသာဓကလည်းဖြစ်တယ်။ စင်ကာပူဟာ ငွေရေးကြေးရေးအရ အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှုကို ရောထွေးနေသေးတဲ့ နိုင်ငံငယ်လေးတစ်ခုပဲဆိုတာ ကြာလေ သဘောပေါက်လေ ဖြစ်နေမိတယ်။

နိုင်ငံသားတွေ အေးအေးချမ်းချမ်းနေနိုင်ပြီး စိတ်ချမ်းချမ်းသာသာ အလုပ်လုပ်ရင်း ပျော်ပျော်ရွှင်ရွှင် အသက်အရွယ်ကြီးရင့်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက်တော့ စင်ကာပူဟာ အများကြီးသင်ယူစရာရှိပါသေးတယ်။ ငွေကြေးနဲ့ဝယ်လို့မရတဲ့ စိတ်ချမ်းသာမှု ဆိုတာကို သူတို့သဘောပေါက်လာတဲ့တစ်နေ့မှာ ပရဟိတ လုပ်ငန်းတွေ ဒီထက် အားကောင်းလာပြီး ပိုပြီးနေပျော်တဲ့ နိုင်ငံဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်။

ကဗျာလေးရဲ့ နောက်ဆုံးပိုင်းကိုရွက်ရရင်

လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ၀ံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

လူဖြစ်ရတာကောင်းပါတယ်။ ၀ံပုလွေသံဝေဂနဲ့ လူဖြစ်ရတာ ကောင်းနေတာမျိုးကြတော့မကောင်းဘူး။ လူသားအစစ်ဟာ လူ့တန်ဖိုးအစစ်ကို အသိအမှတ်ပြုပြီး လူကိုလူလို့မြင်ဖို့လိုပါတယ်။ လူဆိုတာ company အတွက်ထွင်ထားတဲ့ စက်ရုပ်မဟုတ်သလို၊ အခွန်ထမ်း အစေခံတွေလည်းမဟုတ်ပါဘူး။ လူအချင်းချင်း ဖျံကျတဲ့ ကိုယ်ချင်းမစာနာတတ်သူတွေလည်းမဖြစ်ရပါဘူး။ လူသားအစစ်ဟာ လူသားဆန်ပါတယ်။ နေရောင်ခြည်ကို လိုလားပါတယ်။ နေမ၀င်ခင် အိမ်ပြန်ချင်ပါတယ်။ မိသားစုဘ၀ကို ပျော်ရွှင်ပါတယ်။ ကိုယ်ပိုင်ဘ၀မှာနေထိုင်လိုပါတယ်။ လူသားအစစ်ဟာ အပြုံးအစစ်ကိုပြုံးပါတယ်။ တစ်ယောက်ယောက်ကို ကြည့်ရင် လှေကားထစ်လို့မမြင်ပါဘူး။ လူသား မိတ်ဆွေတစ်ယောက်လို့ပဲမြင်တယ်။ လူသားအစစ်ဟာ ပရဟိတကို တန်ဖိုးထားပါတယ်။ လူသားအစစ်ဟာ ကလေးတွေရဲ့ ငိုကြွေးသံတွေနဲ့ လူကြီးတွေရဲ့ ရှိုက်သံကိုကြားပါတယ်။ လူသားအစစ်ဟာ ငွေကြေးအကြောင်းကို မေ့ထားလိုက်နိုင်တယ်။ (စကားပြောတိုင်း ငွေအကြောင်းမပါဘူး) လူသားအစစ်ဟာ ဘ၀ကို နေသွားပါတယ်။ (ဘ၀ကို မေ့လျော့ပြီး မျောပါမသွားဘူး။) လူသားအစစ်မှာ ကိုယ်ပိုင်အချိန် လိုအပ်ပါတယ်။ ဘ၀မှာအောင်မြင်မှုကို စိတ်ချမ်းသာမှုနဲ့ တိုင်းတာတဲ့ခေတ်တစ်ခေတ်ရောက်တဲ့အခါ လူသားအစစ်တွေဟာ ဘ၀မှာ အောင်မြင်သူတွေ ဖြစ်လာကြလိမ့်မယ်။ ။


Regards,
The Gardener

Notes
လောလောဆယ်တော့ စင်ကာပူမှာ သစ်ပင်ခုတ်ပြိုင်ပွဲလုပ်နေသလားထင်ရလောက်အောင် ခုတ်တယ်ခင်ဗျ၊ ခုတ်တယ်ခင်ဗျ ... ခုတ်နေပါတယ်ခင်ဗျာ။



Peace B with U.