Merchant Cloud Part III, ဇာတ်သိမ်းပိုင်း
စောစောစီးစီးဇာတ်သိမ်းထားလိုက်တာကောင်းတယ်။
ခဏလေးကြာတာနဲ့ပျင်းပြီး မရေးချင်တော့ဘူး။
ရှေ့လ မြန်မာပြည်ပြန်တဲ့အခါကြရင်လည်း သီတာ၊ကြည်လဲ့၊ငှက်သံနွဲ့နဲ့ လွမ်းဖွယ့်မြိုင်ခြေမြူခိုးဝေတဲ့အကြောင်းတွေရေးဖြစ်ဦးမလားမသိပါဘူး။
.......Cameron Highlands ကိုတွေ့တာက မျက်နှာဖြူကုလားတွေပဲ။ တစ်နည်းအားဖြင့် ကုလားဖြူဆိုတဲ့ နယ်ချဲ့တွေပါပဲ။ သမိုင်းစာအုပ်တွေထဲမှာ အဲဒီလိုခဏခဏရေးတာတွေ့တယ်နော်။ ကိုယ့်ဘာသာကိုယ် အသုံးမကျလို့ သူ့ကျွန်ဖြစ်ရတယ်လို့ ဘယ်တော့မှ မရေးဘူး။ နယ်ချဲ့တွေဟာ တို့မြေကို ကျူးကျော်တယ်။ စသည်ဖြင့်။ ဒူးမထောက် လက်မမြှောက်ဆိုပြီး အလိုတော်ရိ လုပ်နေလိုက်ရတယ်။ စသဖြင့်။ ရေးကြတယ်။ အဲဒီ နယ်ချဲ့ဆိုတဲ့ တိုင်းတပါးလက်ထက်မှာ တိုးတက်လာတာတွေ၊ ဖွံ့ဖြိုးလာတာတွေကိုကြတော့ စာရင်းဖျောက်ထားလိုက်တယ်။ မြန်မာပြည်မှာဆို အင်္ဂလိပ်လက်ထက်က လန်ဒန်မှာ ဘယ်နှယောက်ပညာသင်နိုင်လဲ။ အမေရိကားကို သွားရဘယ်လောက်လွယ်လဲဆိုတာတွေ စာရင်းပြန်ကောက်ကြည့်ဖို့တောင်ကောင်းပါတယ်။ လွတ်လပ်ရေးမရမီက လမ်းတွေနဲ့ လွတ်လပ်ရေးရပြီး နှစ်တစ်ရာကျော်ကလမ်းတွေ ယှဉ်ကြည့်ဖို့လည်းကောင်းပါတယ်။ (အဲဒါတွေမရေးချင်ပါဘူး။ ခရီးသွားနေတဲ့ mood ပျက်ပါတယ်။)
မနေ့က လက်ဖက်ခြံထဲမှာ မြန်မာပြည်မှာလည်း ဒီလိုနေရာတွေအများကြီးရှိနေတာ Tourist Attraction ဖြစ်အောင်လုပ်နိုင်ရင် သိပ်ကောင်းမှာလို့တွေးမိတယ်။ အဲဒါကို ပညာတတ်ရောဂါလို့ခေါ်ကြတယ်။ ပညာတတ်တွေဟာ အလှအပကို ခံစားပြီးရင်တောင်တွေးမြောက်တွေးလုပ်လေ့ရှိတယ်။ ရသခံစားမှုမှာ မရပ်နိုင်တဲ့အတွက် သောကဖြစ်ရတယ်။ ပညာတတ်ဖြစ်လာကြပြီဆိုရင်ကို နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဆိုတာကြီးက သမီးယူလိုက်လို့ ယောက္ခထီးပါလာသလိုကြီး ... ငြင်းမရအောင်ပါလာတတ်တယ်။ နိုင်ငံဆင်းရဲနေတာကို စိတ်မကောင်းပါဘူးလို့ လူရှေ့ရောက်တိုင်း နည်းနည်းပြောလေ့ရှိလာတတ်တယ်။ အဲဒါဆိုလည်း ပြန်ပြီး လက်ဖက် စိုက်ခင်းတွေကို tourist attraction ဖြစ်အောင် ပြန်လုပ်ပါလားဆိုတော့လည်း ဒီအစိုးရနဲ့ မဖြစ်သေးပါဘူးကွာဆိုပြီး မကောင်း ကျောင်းပို့လုပ်လိုက်လေ့ရှိတယ်။ ဒီနေ့မှာတော့ မနက်ကို အလကားကျွေးတဲ့မနက်စာ သွားစားတယ်။ ၁၀ နာရီအထိပဲဝင်လို့ရလို့ ၉ နာရီခွဲလောက်မှာမှ သွားစားတယ်။ အစားအသောက်တွေကများတယ်။ စားလို့ကောင်းတာပဲနည်းတာ။ ဘူဖေး ဖြစ်တဲ့အတွက် ကြာကြာစားမှ ဗိုက်ပြည့်လာမှန်းသိတယ်။
တောင်တန်းအလှအပလေးတွေခံစားရင်း စားရသောက်ရတာ အင်မတန်မှ ကျက်သရေရှိတယ်။ မနက်ခင်းကလည်း အသက် ၃၅ နှစ်ကျော်၊ မိန်းမမရသေးတဲ့သူတွေ အဆိပ်သောက်သေသွားတဲ့ မနက်ခင်းမျိုး (... အေးမြလတ်ဆတ်လှပနေတယ်လို့ဆိုလိုတယ်။ ) မနက်စာစားတာကို စင်ကာပူမှာ အတော်လေး စိတ်တိုင်းမကျဖြစ်ရပါတယ်။ မနက်ဆို အိမ်က ရှစ်နာရီလောက်မှာထလာပြီး ၉ နာရီ ၆ မိနစ်လောက်မှာ ကော်ပီတီယမ်က ပေါက်စီ/ကော်ပြန့်+ ကော်ဖီ ....။ ၉:၃၀ အထိ စားရတယ်။ တစ်နေ့ကို မနက်စာ ၂၄ မိနစ်နဲ့စားရတာ အင်မတန်မှ စိတ်ဖိစီးစရာကောင်းတယ်။ အဲဒီမှာတော့ မနက်စာကို ၁ နာရီလောက်စားတယ်။ ဘ၀မှာ အချိန်လည်းနည်းနည်းဖြုန်းဖို့လိုတယ်။ လူတွေဟာ ကိုယ့်ခန္ဓာကိုယ်ကြီးကို အလုပ်လုပ်ဖို့တည်ဆောက်ထားတယ်လို့ထင်နေကြတာများပါတယ်။ စိတ်ဟာ အချိန်လုံလုံလောက်လောက်ရမှ အေးအေးချမ်းချမ်းပိုဖြစ်လာတယ်။ လောနေရင် အလိုလိုနေရင်း စိတ်ပူနေတတ်တယ်။စင်ကာပူမှာက လူတွေက အယူမှားနေကြတယ်။ အလုပ်ချိန်များများလုပ်မှ အလုပ်များများပြီးမယ်လို့ယူဆတယ်။ (အဲဒီလိုသာမှန်ရင် ၂၄ နာရီမှာ ၃ နာရီလောက်အိပ်ပြီး ၂၁ နာရီလောက် အလုပ်လုပ်ကြည့်ဖို့ကောင်းတယ်။) လူတွေ သိပ်မပျော်ကြတော့ဘူး။ ရုပ်ကိုက အလုပ်အထုအထောင်းခံထားရတဲ့ရုပ်ဖြစ်လာတယ်။ ကြည်ကြည်လင်လင်မရှိတော့ဘူး။ ဘ၀ဆိုတာ ရုံးဖြစ်လာတယ်။ ရေရှည် အလုပ်လုပ်မယ့်လူတွေ ဒါကို သေချာစဉ်းစားသင့်ပါတယ်။ သာသာယာယာ အလုပ်လုပ်သွားလို့ရောမရဘူးလား။ ပိုက်ဆံသိပ်မရရင်တောင် စိတ်ချမ်းသာတဲ့အလုပ်မျိုးလုပ်ဖို့မစဉ်းစားသင့်ဘူးလား။ တစ်နှစ်မှာ တစ်လလောက် အလုပ်ထွက်ပြီး နားနေဖို့မကောင်းဘူးလား။ ရှာသမျှဟာ စိတ်ပင်ပန်းတာနဲ့ရင်းထားရင် ရလာတဲ့ရောဂါတွေအတွက် ရှာသမျှကုန်မယ်ဆိုတာကို ကျွန်တော်တို့မေ့ထားကြတယ်။ စိတ်ချမ်းသာမှုကို ငွေကြေးနဲ့လဲပစ်လိုက်တာတွေအထိ လုပ်မိလာကြတယ်။ အဲဒါတွေကို မနက်စာစားရင်း တွေးနေခဲ့ပါတယ်။ ဘ၀မှာ ခဏလေး ရပ်ပြီး စဉ်းစားဖို့တောင် အချိန်မရတဲ့အခါ ကျွန်တော်တို့ဟာ စက်ရုပ်သာသာပါပဲ။
မနက်စာစားပြီးတော့ ဓာတ်ပုံလေးဘာလေးလျှောက်ရိုက်ကြတယ်။ အနှီးအနားမှာပဲ။ တော်တော်လေးလှတယ်။ မြို့ကလေးဟာ အေးမြလှပနေတယ်။ အဲဒီလမ်းလေးတွေလျှောက်ရင်း ကျွန်တော်ကဗျာတိုလေးတစ်ပုဒ်ရလာတယ်။
တိမ်...
တိမ်...
တိမ်ဟာ ဒီမှာတော့
ကျွန်တော်နဲ့အနီးမှာ
ဖြတ်သွားဖြတ်လာမိတ်ဆွေ၊
ရင်ဘတ်ချင်း၊စိတ်ချင်း
ဖိကပ်ဖက်ထားရတဲ့ မိတ်ဆွေ ....။
သူ့မှာ အေးမြမှုကလွဲရင် ဘာမှ မရှိဘူး။
ကျွန်တော့်မှာလည်း ပူလောင်မှုကလွဲရင် ဘာမှမရှိဘူး။
တိမ်နဲ့ကျွန်တော် ... မြေပြင်မှာဆုံခဲ့ပြီ။
(ZEPHYR)
အင်္ဂလိပ်၊နယ်ချဲ့၊မျက်နှာဖြူ၊ဗြိတိသျှ၊ကျူးကျော်သူ၊ ဂုတ်သွေးစုတ်သူ၊ အရင်းရှင်တွေကို သဘောကျတာတစ်ခုက သူတို့က ဘယ်နေရာရောက်ရောက် အင်္ဂလန်နဲ့ နည်းနည်းဆင်တဲ့နေရာ မရမကကုတ်ကပ်ရှာတာပဲ။ ဒီလိုတောင်ပေါ်မှာ ဒီလိုလေး အေးနေမယ်ဆိုတာကို သူတို့စဉ်းစားမိတယ်။ တောင်ပေါ်မြို့လေးတစ်ခုကို တည်ဆောက်တယ်။ အဲဒီမှာ နေထိုင်အခြေချနိုင်အောင် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုခုကို စဉ်းစားကြည့်တယ်။ မေမြို့မှာလည်း ဒီလိုပဲ။ အဲဒါတွေကို စဉ်းစားကြည့်ရင် လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က အင်္ဂလိပ် အဘိုးကြီးတွေဟာ အခုခေတ် အရှေ့တိုင်းက လူကြီးတွေထက် ပိုပြီး အမြော်အမြင်ကြီးခဲ့သလားလို့တွေးမိတယ်။
ဒီနေ့မှာတော့ အနီးအနားကိုလှည့်ပတ်ပြသတယ်။ ပထမဆုံးသွားတာက ကန္တာရပင်တွေရှိတဲ့ ပန်းဆိုင်ပါ။ ဈေးပေါတဲ့ အပင်လေးတွေ ၀ယ်လာခဲ့ပါတယ်။ ကန္တာရပင်လေးတွေဟာ လိုအပ်ချက်နည်းနည်းနဲ့ရှင်သန်နိုင်ခြင်းဆိုတာကို ဖော်ညွှန်းပါတယ်။ သူတို့ဟာ ပန်းပွင့်တဲ့အခါမှာလည်း ထင်မှတ်မထားလောက်အောင် လှပပါတယ်။ ပန်းဆိုင်မှာ ကန္တာရပင်အကြီးတွေလည်းရှိတဲ့အတွက် ဓာတ်ပုံရိုက်လို့လည်းကောင်းပါတယ်။
(တစ်ပင်ကိုမှ မလေးရှားငွေ ၂ ကျပ်လောက်ပဲပေးရပါတယ်။)
အဲဒီမှာ အရင်ကတည်းက ရွာချင်ချင်ဖြစ်နေတဲ့မိုးရွာတာနဲ့ အတော်လေးကို သွားရခက်ကုန်တယ်။ လမ်းကနည်းနည်းကြမ်းပါတယ်။ ပန်းစိုက်ခင်းရှိတဲ့ဘက်သွားပါတယ်။ အတော်လေးမောင်းရပါတယ်။ ကားမောင်းတဲ့ တရုတ်က စိတ်မရှည်ပုံရပါတယ်။ ရယ်လီ ပြိုင်ပွဲဝင်သလိုမောင်းပါတယ်။ ရှေ့ကထွက်သွားတဲ့ကားတွေကိုတောင် ပန်းစိုက်ခင်းမှာပြန်မီသွားပါတယ်။ ကားရှင်းတဲ့အတွက် အန္တရာယ်တော့မရှိပါဘူး။ မိုးနည်းနည်းရွာတာ၊တစ်ချို့နေရာတွေမှာ လမ်းနည်းနည်းကြမ်းတာကလွဲရင် အိုကေပါတယ်။
(ပန်းတွေကို ရိုက်ခဲ့ပါတယ်။ ပန်းရောင်းတဲ့ မလေးကုလားမလေးကိုလည်း ရိုက်ခဲ့ပါတယ်။)
ပန်းစိုက်ခင်းက အပြန်မှာ သစ်သီးတပိုင်တနိုင်စိုက်တဲ့နေရာလေးကို ခေါ်သွားပါတယ်။ အဲဒီဒေသမှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပါတယ်။ မွေးသဖရဲ့ အပြောအရတော့ မလေးရှားမှာ စီးပွားရေးအခြေအနေမကောင်းလို့ ပို့ကုန်ပြဿနာကြုံတဲ့အခါတုန်းက တောင်သူတွေပန်းဂေါ်ဖီတွေမရောင်းရလို့ ဆန္ဒပြတယ်လို့ဆိုပါတယ်။ ဆန္ဒပြပုံကလည်းထူးဆန်းပါတယ်။ မြို့တော်ဝန်ရုံးရှေ့မှာ ပန်းဂေါ်ဖီတွေ သွားပုံထားတယ်လို့ဆိုပါတယ်။ အင်မတန်မှ eco friendly ဖြစ်တဲ့ ဆန္ဒပြပွဲလို့တွေးမိပါတယ်။
အခုရောက်သွားတဲ့အိမ်ဆိုင်လေးမှာတော့ စတော်ဘယ်ရီနည်းနည်းစိုက်ထားပါတယ်။ ပန်းဂေါ်ဖီ၊ အဖြူ၊အစိမ်း၊ မုန်လာဥ၊ ဆလတ်ရွက်တွေ စိုက်ထားတာတွေ့ရပါတယ်။ သပ်သပ်ရပ်ရပ် လှလှပပလေးပါပဲ။ အဲဒီအိမ်ဆိုင်လေးမှာ ရောင်းတဲ့ပြောင်းဖူးတစ်မျိုးက တော်တော်ထူးဆန်းပါတယ်။ သူတို့က sweet corn လို့ခေါ်ပါတယ်။ အစိမ်းစားလို့ရပါတယ်။ ချိုလည်းချိုပါတယ်။ အလကားမြည်းလို့ရတာပဲမြည်းကြည့်ခဲ့ပါတယ်။ နောက်တော့ အဲဒီမှာ pitcher plant တွေ့ပါတယ်။ ဆယ်တန်းတုန်းက insectivorous plant သင်ခဲ့ရတဲ့သူတွေမှတ်မိမယ်ထင်ပါတယ်။ ၁၉၉၉ မှာ ဆယ်တန်းဖြေတာဆိုတော့ အခုဆို ၁၂ နှစ်လောက်ရှိပါပြီ။ အဲဒီအပင်ကို အခုမှ ပဲ အပြင်မှာမြင်ဖူးပါတယ်။ တော်တော်လေးလှပါတယ်။ ဓာတ်ပုံရိုက်လာခဲ့ပါတယ်။ ဟောသလိုလေး။
ဓာတ်ပုံတွေကတော့ ပုံ ၅၀၀ လောက်ရိုက်ခဲ့ပါတယ်။ ထင်ထင်ရှားရှားမြင်ရတာက ၃၀ လောက်ပါပါတယ်။ အားမလျှော့သေးပါဘူး။ ပုံ ၅၀၀ ထပ်ရိုက်လို့ ပုံ ၄၀ လောက်သာ ကောင်းကောင်းမြင်ရရင် DSLR ၀ယ်ပြီးထပ်ရိုက်ကြည့်ပါဦးမယ်။ :P
နောက်တော့ နှင်းဆီပန်းခြံကို ခေါ်မသွားဘူးဗျာ။ အဲဒါကိုတော့ အတော်လေး မကျေနပ်ပါဘူး။ မိုးရွာနေလို့ ချန်ခဲ့တာဖြစ်နိုင်ပါတယ်။ စတော်ဘယ်ရီခြံကိုသွားကြပါတယ်။
လမ်းမှာ ရေကညွတ်ပင်တွေကို ပြပါတယ်။ မြန်မာပြည်သားတွေကို ကညွတ်တွေပြတော့ အံ့သြသလိုတောင် ဟန်မဆောင်လိုက်နိုင်ဘူး။
စတော်ဘယ်ရီခြံကိုရောက်ပါပြီ။ အရင်တုန်းက မြန်မာပြည်မှာ စာရေးတဲ့သူတစ်ယောက်က စတော်ဘယ်ရီပင်အောက်မှာထိုင်ပြီး၊ ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်က စမ်းချောင်းလေးတစ်လျှောက် စီးဆင်းလာတဲ့ ရေကျသံလေးနားထောင်တယ်ဆိုပြီးရေးတာကို သတိရပါတယ်။ စတော်ဘယ်ရီပင်ကို ရုက္ခဗေဒမှာ runner group အောက်မှာထည့်ပါတယ်။ ဒါလည်း ဆယ်တန်းမှာပါတာပဲ။ ဘ၀မှာ ဆယ်တန်းတုန်းကပဲစာသင်ဖူးသလို ဖြစ်နေတာအတော်လေးကြာပြီ။ တက္ကသိုလ်မှာသင်လိုက်တာတွေတော့ မသုံးသေးဘူး အသက်ငါးဆယ်လောက်ကြမှာ သုံးရမယ်ထင်တယ်။ runner တွေဟာ အရွက်ကနေ အပင်ပြန်ပေါက်နိုင်ပါတယ်။ ဥပမာ မြင်းခွာရွက်ပေါ့။ မြန်မာပြည်မှာတုန်းက အိမ်မှာ မြင်းခွာရွက်တွေ၊ ဗူးသီးတွေစိုက်ပါတယ်။ ခဏလေးနဲ့ပွားလာတာသဘောကျပါတယ်။(အဲဒါကြောင့် အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်တာတော့မဟုတ်ပါဘူး။:P)
စတော်ဘယ်ရီကို နွေဦးမှာ သီးတဲ့ June-bearing နဲ့ ever-bearing ရှိတာတော့ကြားဖူးပါတယ်။ အဲဒီကစတော်ဘယ်ရီတွေကတော့ January လမှာသီးနေတဲ့အတွက် ever-bearing ဖြစ်မယ်ထင်ပါတယ်။ အဲဒီ စိုက်ခင်းဘေးမှာ တောနစ် စိုက်တာတွေလည်းရှိပါတယ်။ အားဆေးတွေပေါ့။ မလိုအပ်သေးလို့ မ၀ယ်ခဲ့လိုက်ပါဘူး။ လိုအပ်တဲ့သူများရှိရင်သွားဝယ်လို့ရအောင်ပါ။
စတော်ဘယ်ရီကို ကိုယ်တိုင်ခူးချင်ရင်လည်းရပါတယ်။ အလေးချိန်နဲ့ပြန်ချိန်ပြီးပိုက်ဆံပေးရုံပါပဲ။ ပလတ်စတစ်ခြင်းကလေးတွေနဲ့ခူးရပါတယ်။ ရောက်ရင်တော့ ခူးဖြစ်အောင်ခူးပါ။ သိပ်ပျော်စရာကောင်းပါတယ်။ မလေးရှားကုလားမလေး စတော်ဘယ်ရီသီးခူးနေတာတွေ့ခဲ့ပါတယ်။
စတော်ဘယ်ရီတွေကို ဓာတ်ပုံလိုက်ရိုက်ပါတယ်။ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ စတော်ဘယ်ရီတွေဟာအတော်လေးလှမှန်း အဲဒိကြမှ သိလိုက်ပါတယ်။ အရင်ကတော့ စားပဲစားနေတာ အသီးကိုတောင် စေ့စေ့မကြည့်ဘူး။ ပိုဆိုးတာက စင်ကာပူမှာ အသုံးမကျတဲ့ အစိုးရက NTUC က တစ်ဆင့် ဘယ်က အသုံးမကျတဲ့ စတော်ဘယ်ရီတွေသွင်းနေမှန်းမသိတဲ့အတွက် မချိုတဲ့ စတော်ဘယ်ရီတွေ မကြာမကြာစားရတတ်ပါတယ်။ Cameron မှာတော့ မချိုတဲ့အသီးမရှိသလောက်ပါပဲ။ နောက်တစ်ခုဖြစ်နိုင်တာက စင်ကာပူကို သွင်းတဲ့အခါ ကြာကြာ အထားခံအောင် သိပ်မမှည့်တာတွေ သွင်းလာလို့လည်းဖြစ်နိုင်ပါတယ်။ စတော်ဘယ်ရီသီးတွေကို ရှုစားနိုင်ပါပြီ။
စတော်ဘယ်ရီပန်းကလည်းလှပါတယ်။ ပန်းပွင့်ကနေမှ အသီးဖြစ်လာတယ်ဆိုတဲ့ ရုက္ခဗေဒသင်ခန်းစာကိုမမေ့ပေမယ့် စတော်ဘယ်ရီပွင့်ရှိမှန်းမစဉ်းစားမိတာကတော့ အံ့သြစရာပါပဲ။
အဲဒီမှာ အသီးတွေကိုယ့်ဘာသာကိုယ်ခူးပြီး လက်ဆောင်ပေးဖို့လည်း အနည်းအကျဉ်းဝယ်ပါတယ်။ ၀ယ်တာက လေးရက်အထားခံတယ်ဆိုလို့ပါ။ အမှန်က သူတို့ပြောတာ cameron highlands မှာလေးရက်အထားခံတာဖြစ်ပါတယ်။( ကားနဲ့ပြန်သယ်လာတဲ့အခါ ခုနစ်ဗူးလောက်ကနေ သုံးဗူးစာလောက်ပဲ အကောင်းကျန်ပါတယ်။)
အင်မတန်မှ အရသာရှိတာက အဲဒီမှာသောက်ခဲ့တဲ့ စတော်ဘယ်ရီဖျော်ရည်ပါ။ ပြန်တွေးမိရင်တောင် ရသတဏှာဖြစ်နေမှာစိုးလို့ ရေသောက်ရင်း ရေးလိုက်ပါတယ်။ ရောက်ရင် သောက်ဖြစ်အောင်သောက်ပါ။ အဲဒီမှာရနိုင်တာတွေကိုလည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။
ဒါကတော့ ဆလတ်ရွက်စိုက်ခင်းပါ။
ညစာကိုတော့ အရွက်တွေပြုတ်စားရတဲ့ HOT POT ကျွေးပါတယ်။ အသားက နည်းနည်းပဲပါတယ်လို့မှတ်မိပါတယ်။ အရွက်ကတော့ စုံစိနေပါတယ်။ မမြင်ဘူးတဲ့အရွက်တွေဟာ စားကောင်းတာတော့မှတ်မိပါတယ်။
.... နောက်တစ်နေ့မှာတော့ သဘာဝအငွေ့အသက်ကင်းတဲ့ ခြောက်သွေ့တဲ့လောကကြီးထဲကို ပြန်သွားဖို့ အသင့်ဖြစ်နေပါပြီ။ အနားယူခဲ့တဲ့ သုံးလေးရက်ဟာ အလုပ်လုပ်ရမယ့် ခြောက်လစာလောက်ကို သက်သက်သာသာလုပ်နိုင်ဖို့ ခွန်အားအပြည့်ဖြစ်စေပါတယ်။ တစ်နှစ်မှာ နှစ်ခါလောက်တော့ ခရီးတိုလေးတွေသွားပေးသင့်ပါတယ်။ လူရောစိတ်ပါ ကျန်းမာလာပါလိမ့်မယ်။ မွန်းကြပ်တဲ့လူ့အဖွဲ့အစည်းနဲ့တတ်နိုင်သမျှဝေးဝေးနေတာဟာ စိတ်ချမ်းသာဖို့ကောင်းပါတယ်။ Virtual world မှာနေတဲ့သူတွေအနေနဲ့ real world မှာ ဘယ်လောက်သာယာလဲဆိုတာကိုခဏတဖြုတ်ထွက်ကြည့်မယ်ဆိုရင် အညောင်းအညာလည်းပြေသလို စိတ်လည်းချမ်းသာရမှာအမှန်ပါပဲ။
Peace B Upon U all ......
With Peace,
The Gardener.
Related Post:
Peace B with U.