Monday, February 7, 2011

Merchant Cloud Part II

Merchant Cloud Part II

စာရေးဖို့တောင် အချိန်မရဘူးဖြစ်နေတယ်။ ယောက္ခမလောင်းကြီးရဲ့ အသက်ရှည်ကျန်းမာနေထိုင်ရေးအစီအစဉ်အရ သားမက်လောင်းများဟာ စောစောအိပ်၊ စောစောထ၊ လမ်းလျှောက်၊တရားနာ၊ အချိန်နဲ့အလုပ်လုပ်၊ မိသားစုကို ဂရုစိုက်၊ သမီးတွေကို သိပ်မခိုင်းနဲ့ ဆိုတာတွေကို လိုက်နာဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ စောစောအိပ်နေတာလည်းပါပါတယ်။ အရင်လို ၂ နာရီ ၃ နာရီ အထိ မနေတော့ပါဘူး။ ၁၀ နာရီ ဒေါင်ဆိုတာနဲ့အိပ်ရာဝင်ပါတယ်။ ပြန်နိုးလာတာတော့မတတ်နိုင်ဘူး။လူရောပါးရောဝလာပြီး၊ လူပါးဝလာတယ်လို့တောင် ချီးကျူးကြပါတယ်။

အခုရေးနေတာဘယ်ရောက်သွားပြီလဲဟင်။ မလေးရှားကိုသွားနေတာ လမ်းမှာရပ်ထားလို့ တစ်ချို့တွေက အပေါ့ပဲသွားရမလိုလို၊ ဘရိတ်ဖက်စ်ပဲစားရမလိုလိုဖြစ်နေတယ်လို့ကြားတယ်။ တစ်ချို့တွေကလည်း အိမ်ကနေဖတ်ပြီး သာယာလားမေးနေတယ်။ သွားကြည့်လိုက်ရင် စိတ်ရောလူပါ super relaxed ဖြစ်သွားပါမယ်လို့ပြောလိုက်ပါတယ်။

ကားသမားတွေက ဉာဏ်များတာပါ။ အမှန်က Hotel Equatorial နဲ့အခုရပ်နေတဲ့နေရာက ၁၅ မိနစ်မောင်းစာအကွာအဝေးလောက်ပဲရှိပါတယ်။ ဒါပေမယ့် ဟိုတယ်ရောက်လည်း check in မလုပ်နိုင်သေးဘူးဆိုပြီး အဲဒီမှာခပ်တည်တည်ကြီး ရပ်လိုက်တာပါ။ Hot Link ဆိုင်တွေဘာတွေရှိတဲ့အတွက် Sim Card တွေဘာတွေဆင်းဝယ်မလားဆိုပြီး ကြည့်တော့ ဆိုင်ကပိတ်ထားပါတယ်။ မနေ့ညကလည်း မလေးအ၀င်က ထမင်းဆိုင်မှတ်တိုင်မှာ ဖုန်းကဒ်ဆိုင်ကပိတ်ထားတဲ့အတွက် sim card မပါလာပါဘူး။ မြန်မာပြည်ကို ဖုန်းအလွယ်တကူ ဆက်မရရင် မနေနိုင်တဲ့ရောဂါရှိတဲ့အတွက် ဖုန်းကဒ်က မ၀ယ်မဖြစ်ဝယ်ရပါတယ်။ အခုလို ၀ယ်မရတဲ့အခါ အင်မတန်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ မလေးရှားကဆိုင်တွေက ဖွင့်ချင်တဲ့အချိန်ဖွင့်ပုံရပါတယ်။

ကူးမား ဆိုတဲ့ tour guide ရဲ့အဆိုအရ ... သူတို့ဆီမှာ package tour လေးခုရှိပါတယ်။ pamphlet လေးတစ်ခုစီပေးပါတယ်။ အဲဒီမှာတွေ့ရတာတော့

1. Leisure Tour
2. Nature Discovery Tour
3. Agro Delight Tour
4. Sunrise Spectacular

စာကိုဖတ်ကြည့်လိုက်တော့ နှစ်ခုပဲစိတ်ဝင်စားစရာကောင်းပါတယ်။ 2 and 3 ပါ။ 4 က မနက် ၆ နာရီလောက်သွားပြီး နေထွက်လာတာကို တောင်ကြားကနေ သွားချောင်းတာပါ။ ဓာတ်ပုံဆရာတွေသွားကြပုံရပါတယ်။ မနက်စောစော အိပ်ရေးပျက်ခံရလောက်အောင်တော့ ဘယ်သဘာဝပတ်ဝန်းကျင်ကိုမှမချစ်နိုင်ဘူးဖြစ်နေတာနဲ့ ထားလိုက်ပါတယ်။ Glorious Sunrise ကိုတော့အားနာပါတယ်။

နှစ်ညအိပ် သုံးရက်လာခဲ့ကြတာမို့လို့ အချိန်ကမရပါဘူး။ စောစောသွားဖို့စဉ်းစားလိုက်ပါတယ်။ နောက်တော့ ချက်ချင်းသွားချင်လည်းရတယ်ဆိုတာနဲ့ တစ်ခါတည်းပဲ နံပါတ် 2 ကိုသွားပါတယ်။ town ace အစုတ်လေးတစ်စီးနဲ့သွားရပါတယ်။ တရုတ်လိုနားမလည်တဲ့သူတွေအတွက် အင်္ဂလိပ်လိုပြောပါတယ်။ စစချင်း Cameron ရဲ့ အမြင့်ဆုံးတောင်ကိုတက်ပါတယ်။ အမြင့်ပေ ၆၆၆၆ ရှိပါတယ်။ တောင်တက်လမ်းမှာ လက်ဖက်ပင်တွေတွေ့ပါတယ်။ ထုံးစံအတိုင်း (သဘောထားကြီးစွာ) နိုင်ငံခြားသားပိုင်ဖြစ်ပါတယ်။

တောင်တက်လမ်းက သိပ်ဝေးဝေးမသွားရပါဘူး။ မိနစ် ၂၀၊ ၃၀ လောက်ဆို တောင်ထိပ်ရောက်ပါတယ်။ တက်နေတာကတော့ ခေါင်းနည်းနည်းမူးပါတယ်။ ကားက air-con မကောင်းလို့ မှန်တံခါးဖွင့်ထားမှ အတော်လေးသက်သာပါတယ်။ ရှေ့နားကြတော့ သဘာဝ ဓာတ်မြေသြဇာတွေတင်လာပုံရတဲ့ ညစ်ပတ်နံစော်တဲ့ကားတစ်စီးကြောင့် တောင်တက်နေတဲ့ ရစ်သမ် နည်းနည်းပျက်ပြီး အသက်ကိုမျဉ်းရှူရပါတယ်။ မကြာမီမှာ အဲဒီကားရပ်သွားမှပဲ အသက်၀၀ရှူရပါတယ်။ အလိုမတူဘဲ အောက်ဆီဂျင် လုယက်ယူငင်သွားတဲ့ကားကို မသတီသလိုတစ်ချက်ကြည့်ပြီးဆက်လက်တက်ရပါတယ်။ မြင်ကွင်းအနေနဲ့ပြောရရင်တော့ သိပ်ကို၊အင်မတန်ကို၊အလွန်အမင်းကို၊အရမ်းအရမ်းကို သာယာပါတယ်။ ဒါကလည်း သဘာဝပတ်ဝန်းကျင်ကို သဘောကျတဲ့သူတွေအတွက်ပါ။ တကယ့်တောအုပ်ကြီးတစ်ခုထဲရောက်သွားသလိုမျိုး၊ ဘာနဲ့တူသလဲဆိုရင် ရခိုင်ပြည်နယ်သွားရင် ရိုးမကို ပတ်ပြီးတက်တဲ့လမ်းလိုမျိုး၊တောတောင်ရဲ့အငွေ့အသက် အပြည့်ရစေပါတယ်။ တောင်ထိပ်ရောက်တော့ တာဝါတစ်ခုရှိပါတယ်။ radio towers တွေလည်းရှိပါတယ်။ လူတက်လို့ရတဲ့မျှော်စင်လေးတစ်ခုပေါ်ကို တက်ကြပါတယ်။ ပေ ၆၆၆၆ အမြင့်မှာ ထပ်ပြီးမြင့်အောင် တက်လိုက်ပါတယ်။ အပေါ်စီးကနေ တိမ်တွေကို ကြည့်ရတာ အရသာပါပဲ။ အဲဒီအရသာမျိုးကို ကြိုက်ရင် သွားလည်ဖို့ကောင်းပါတယ်။

အဲဒီမှာ ဓာတ်ပုံတွေဘာတွေရိုက်ဖို့ကောင်းပါတယ်။ မျှော်စင်ကနေကြည့်ရင် အရပ်မျက်နှာတိုင်းမှာ တောင်တန်းနဲ့တိမ်တိုက်တွေပဲမြင်ရပါတယ်။ ကောင်းကင်ပေါ်ရောက်နေသလို ခံစားရပါတယ်။ ငယ်တုန်းက သင်ခဲ့ရတဲ့ရူပဗေဒအရတော့ ပိုတန်ရှယ်အင်နာဂျီအမြင့်ကြီးဖြစ်နေမှာပဲလို့တွေးမိပါတယ်။ အဲဒီပိုတန်ရှယ်အင်နာဂျီကို အသုံးချဖို့ ခုန်ချမလားလို့တော့စိတ်မကူးမိပါဘူး။

အဲဒီကနေ နောက်ထပ်တစ်နေရာကိုခေါ်သွားပါတယ်။ sub-alpine forest ကိုသွားကြပါတယ်။ အပင်တွေမှာထူးခြားတာတစ်ခုရှိပါတယ်။ အမြင့်ပေများလာလို့ အောက်ဆီဂျင်နည်းလာတဲ့အခါ အပင်တွေက သိပ်မမြင့်တော့ပါဘူး။ အဲဒီမှာ မြင့်နိုင်သမျှ အမြင့်ဆုံးပေါက်နေတဲ့အပင်တွေကိုက အတော်လေး နိမ့်ပါတယ်။ အဲဒီသစ်တောထဲကို တံတားလေးခင်းထားပါတယ်။ အင်မတန်မှသာယာပါတယ်။ အေးစိမ့်နေပါတယ်။ စင်ကာပူက Henderson wave နားမှာ သစ်တောပေါ်က တံတားခင်းထားတာမျိုးနဲ့အိုင်ဒီယာအတော်လေးဆင်ပါတယ်။ စင်ကာပူမှာတော့ ပူတော့ အရသာမရှိပါဘူး။ နေပူလို့ အမြန်သွားရတာနဲ့ လမ်းလျှောက်ရတဲ့အရသာပျက်ပါတယ်။ cameron highlands မှာတော့ အတော်လေး အေးအေးလူလူရှိပါတယ်။

အဲဒီမှာ လေညှင်းပွင့် အပင်တွေ့ခဲ့ပါတယ်။ ၀ါးပင်လည်းရှိပါတယ်။ နောက်တော့ ရေညှိတွေတွေ့ခဲ့ပါတယ်။ အဲဒီသစ်တောမှာ ရေဓာတ်ကို ထိန်းသိမ်းဖို့ ရေညှိတွေ နေရာအနှံ့မှာပေါက်ပါတယ်။ ရေညှိတွေဟာ ရေဓာတ်ကို ၈၀ ရာခိုင်နှုန်း-၉၀ရာခိုင်နှုန်းထိန်းသိမ်းထားတဲ့အတွက် အေးမြနေပါတယ်။ သစ်ပင်တွေကလည်း လိုအပ်တဲ့ရေကို ရေညှိတွေဆီက ရပါတယ်။ အေးမြတဲ့ လေထုရှိတဲ့ သစ်သားတံတားလေးကို လျှောက်ရတာ အင်မတန်မှ အရသာရှိပါတယ်။ အနည်းဆုံး အလုပ်က သောကတွေ၊ စိတ်ဖိစီးတာတွေကိုတော့ ကောင်းကောင်းမေ့သွားဖို့လုံလောက်ပါတယ်။

နောက်တော့ လက်ဖက်စက်ရုံဆီကိုသွားပါတယ်။ BOH plantation ဖြစ်ပါတယ်။ စင်ကာပူမှာလည်း BOH တံဆိပ် လက်ဖက်ခြောက်တွေဝယ်လို့ရပါတယ်။ BOH company က မလေးရှားမှာ တော်တော်လေးကို ရှေ့တန်းရောက်တဲ့ company ဖြစ်ပါတတယ်။ သူ့ခေတ်သူ့အခါက ထုတ်ပိုးမှုနည်းစနစ်တွေမှာလည်း ရှေ့တန်းရောက်၊ ကြော်ငြာလုပ်ငန်းတွေမှာလည်းရှေ့တန်းရောက်ခဲ့ပါတယ်။ အဲဒီနားက တောင်တန်းတွေအပြည့်စိုက်ထားတဲ့ လက်ဖက်စိုက်ခင်းတစ်ခုလုံးကို တစ်ဦးတည်းပိုင်ခဲ့ပါတယ်။

လက်ဖက်ခြောက်စက်ရုံက ခပ်သေးသေးပါပဲ။ ထုတ်လုပ်မှုအဆင့်လေးဆင့်ပဲရှိပါတယ်။ နောက်ဆုံးအဆင့်ကိုပြောရင်း ရှင်းပြတဲ့လူစကားကြောင့်နည်းနည်းနင်သွားပါတယ်။ ရေနွေးကြမ်းကို အထုပ်လေးတွေနဲ့ဟာမသောက်နဲ့တဲ့။ အဲဒါ နောက်ဆုံးသုံးမရတဲ့အကျန်တွေနဲ့လုပ်တာဆိုပဲ။ တော်တော်လေးကိုစိတ်နာသွားလို့ အပြန်မှာသောက်ဖို့တောင်မ၀ယ်လာခဲ့ဘူး။


အဲဒီနားမှာ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ အင်မတန်မှ romantic ဆန်ပါတယ်။ တောင်တန်းပေါ်မေးတင် ဆောက်လုပ်ထားပါတယ်။ အင်မတန်မှ အိုင်ဒီယာကောင်းလွန်းပါတယ်။ အဲဒီလက်ဖက်ရည်ဆိုင်ကကြည့်ရင် လက်ဖက်စိုက်ခင်းတွေကို မြင်ရပါတယ်။ တောင်တန်းပေါ်က လက်ဖက်ရည်ဆိုင်လေးဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ ရှူခင်းတွေသိပ်ကောင်းပါတယ်။

လက်ဖက်ရည်ဆိုင်က အဆင်းမှာ လက်ဖက်ခြံထဲမှာ ဓာတ်ပုံရိုက်ဖို့ခဏရပ်ပေးပါတယ်။ လက်ဖက်ပင်တွေက ခါးသာသာလောက်ပဲမြင့်ပါတယ်။ သက်တမ်းကတော့ ကိုယ့်အဖွားတွေအရွယ် ၇၅ နှစ်လောက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လက်ဖက်ပင်တွေဟာ တော်တော်လေးမြင့်ပါတယ်။

ဝါသနာပါရင် အဲဒီမှာ ဘောလီးဝုဒ်ဒန့်စ်တွေဘာတွေကလို့ရပါတယ်။ ကားပေါ်မှာပါလာတဲ့ အိန္ဒိယတိုင်းရင်းသားစုံတွဲက အမျိုးသမီးကို အမျိုးသားက လက်ဖက်ပင်ပေါ် ချစ်စနိုးနဲ့ပစ်တင်ဖို့ကြိုးစားရင်း ခါးမျက်သွားတာတွေ့လိုက်ပါတယ်။ လက်ဖက်ပင်တွေက စေ့စေ့ကြည့်တော့မှ လက်ဖက်ပင်နဲ့မတူတာတွေ့ရပါတယ်။ လက်ဖက်ရွက်ကိုပွတ်ပြီးရှူကြည့် .. ဘာနံ့ရမယ်လို့ထင်လဲ။ ဘာနံ့မှမရပါဘူး။ လက်ဖက်ခြောက်နံ့က အခြောက်ခံပြီးတဲ့အချိန်မှ ထွက်လာတာလို့ပြောပါတယ်။ မြန်မာကားထဲမှာ ပြောတဲ့ ၀မ်းသာဝမ်းနည်းဖြစ်ရပါတယ်ဆိုတာမျိုးလည်းကြုံရပါတယ်။ အဲဒီလက်ဖက်တွေကို မြန်မာကနေ၊ အိန္ဒိယကိုရောက်ပြီးမှ ဒီကိုရောက်လာတာဆိုပဲ။ မြန်မာတွေက သိပ်စောတယ်။ ပရိုင်းမိတ်ဖြစ်တာလည်းစော၊ ချမ်းသာတာလည်းစော၊ ဟော ကြည့် .. နိုင်ငံလိုက်မွဲသွားတဲ့နေရာမှာတောင်စောတယ်။ :P

အဲဒီလက်ဖက်စိုက်ခင်းက အပြန်မှာ ဘာတွေးမိလဲဆိုတော့ ... အသက်ကြီးလာရင် စိုက်ခင်းလေးဘာလေး စိုက်ပြီး သားတစ်ရာ မြေးနှစ်ရာ မြစ်သုံးရာ နဲ့ Zephyr Plantation ထူထောင်ဖို့ ရှမ်းပြည်ဘက်မှာ မြေ၀ယ်ရင်ကောင်းမလားလို့ပါ။ နောက်တော့လည်း အဲဒီအကြံအစည်ကို ပယ်ဖျက်လိုက်တယ်။

လက်ဖက်ပင်တွေက အသက်ကိုးဆယ် တစ်ရာအထိ လူ့လောကကို အကျိုးပြုသွားတယ်။
လူတွေကရော ဘယ်နှနှစ်အထိ အကျိုးပြုနိုင်လဲ။
တွေးနေမိတယ်။

ဟိုတယ်ရောက်တော့ ကဗျာထိုင်ရေးနေတာနဲ့ အတော်လေးကြာသွားတယ်။
ဗိုက်ဆာတဲ့အခါ အပြင်နားမှာ အေးစက်စက် ကုလားစာစားတယ်။ အရသာက မဆိုးဘူး။ ဈေးလည်းမကြီးဘူး။ Hot Link ဆိုင်တွေ့တယ်။ ဒါပေမယ့်ပိတ်ထားတယ်။ ဟိုတယ်က ဖုန်းနဲ့ပဲ မြန်မာပြည်ကိုခေါ်တယ်။ မလေးရှားကို အလကားထင်ပြီးခေါ်တယ်။

ဟိုတယ်က အဆင်ပြေမလိုလိုနဲ့ မပြေဘူး။ တစ်ညလုံးအိပ်နေတာအကောင်း။ ည သုံးနာရီ၊လေးနာရီမှ အပေါ်ထပ်က ရေချိုးသံလိုကြားရတာ ၇ နာရီလောက်အထိကြားနေရပြီးမှရပ်သွားတယ်။ အဲဒါနဲ့ အိပ်လို့ရသမျှ ဆက်အိပ်နေလိုက်တယ်။

ဟိုတယ်ကနေ ကြည့်ရင် တောင်တန်းတွေနဲ့တိမ်တွေမြင်ရတယ်။ အဲဒီလို ရသမျိုးကိုကြိုက်ရင်တော့ တန်ပါတယ်။ မနက်မိုးလင်းတာနဲ့ အေးချမ်းတဲ့သဘာဝထဲမှာ ရှင်သန်နေရတာ သိပ်အရသာရှိပါတယ်။

နောက်နေ့မှ စတော်ဘယ်ရီခြံသွားမယ်။
C U.

Related Post:
Merchant Cloud



Peace B with U.