Monday, May 17, 2010

Elite တွေမွေးထုတ်ပေးနေသော Zephyr


ကျွန်တော့်ဘလော့ခ်က Elite တွေမွေးထုတ်ပေးနေတာလို့ Xanthos ကစပါတယ်။ သူပြောချင်တာက အကောင်းမဟုတ်ပါဘူး။ ဖတ်ပြီး ရှည်လို့ အီပြီးလစ်သွားတာလို့ ပြောတာပါ။ (အမှန်တော့ အေလိ၊အလိလို့ပဲအသံထွက်တယ်။).... ရယ်စရာတွေ များများရေးတာကမှ ကုသိုလ်ရဦးမယ်လို့ အမနာပပြောပြီးဖုန်းချသွားတဲ့အတွက်သူ့ကိုလည်း ဘာမှပြန်မပြောလိုက်နိုင်ပါဘူး။ ဒီမှာ comment ရေးလို့မရတာကိုလည်း မင်း Blog က နိုင်ငံတော်သတင်းစာလို ကိုယ်ပြောချင်တာပဲပြောနေတာလို့ အားမနာတမ်းဝေဖန်သွားပါတယ်။ အခုလည်း သူပြောသလို အီလစ်တွေမွေးထုတ်ပေးမယ့် ပို့စ်တစ်ခုထပ်တင်လိုက်ပါတယ်။ အခုတလော American Prose Poetry ဆိုတဲ့စာအုပ်တစ်အုပ်ဖတ်ဖြစ်ပါတယ်။ အဲဒီထဲက ကဗျာတစ်ပုဒ်မှာပါတာလေးတွေနဲ့ ဆက်စပ်ပြီးတွေးထားပါတယ်။


James Richardson ရေးခဲ့တဲ့ prose poem ထဲက စာကြောင်းလေးတွေကို ဆက်ပြီးတွေးရင်း ပို့စ်လေးတစ်ခုရေးဖြစ်ပါတယ်။

The road reaches every place, the short cut only one.

အဲဒါလေးဖတ်မိတော့ပြုံးချင်စရာလေးလို့ခံစားရတယ်။ လမ်းဆုံးရင် ရွာတွေ့မယ်ဆိုပြီး လမ်းတစ်လျှောက်မဆုံးနိုင်အောင်သွားရင်း နေရာတကာရောက်နေမယ့်အစားဖြတ်လမ်းကနေ တစ်နေရာတည်းသွားလိုက်ဖို့လိုတယ်လို့ခံစားရတယ်။ လူအများစုရဲ့ဘ၀မှာ ဘယ်ကို သွားချင်မှန်း၊ ဘာလုပ်ချင်မှန်းမသိကြတာများပါတယ်။ အဲဒီတော့ စိတ်ကလည်း နေရာတကာရောက်ပါတယ်။ ဟိုဟာလည်းလိုချင် ဒီဟာလည်းလိုချင်ဖြစ်ပြီး ရွေးရခက်နေတဲ့အတွက် တစ်ခုခုကို သေချာရွေးချယ်ဆုံးဖြတ်လိုက်တဲ့လူလို မပြတ်သားဘဲနှောင့်နေးကုန်ပါတယ်။ တစ်ချို့လူတွေရဲ့ ဘ၀မှာ အလုပ်များများမလုပ်ခဲ့ပေမယ့် လုပ်ခဲ့တဲ့အလုပ်အနည်းငယ်ကို အကောင်းဆုံးလုပ်သွားနိုင်တာကိုတွေ့ရပါတယ်။ လမ်းရိုးအတိုင်းပဲ နေရာတကာရောက်အောင်သွားနေမလား ...ဖြတ်လမ်းလေးကနေပဲ ကိုယ်သွားရမယ့်နေရာကို သွားကြမလားဆိုတာက တော်တော်လေးတွေးဖို့ လိုအပ်ပါတယ်။ သံသရာလည်နေတဲ့ကိစ္စအထိ ချဲ့ထွင်ပြီးတွေးလို့ရပါတယ်။ လူ့စည်းစိမ်၊နတ်စည်းစိမ်၊ တီကောင်စည်းစိမ်၊ပုရွက်ဆိတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ် ခံစားပြီး၍ အဆုံးစွန်သောနေ့၌ ဆိုတာက လမ်းတစ်လျှောက်လုံးပတ်သွားနေချင်သူတွေရဲ့ဆုတောင်းလို့ခံစားရပြီး နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုရလိုကြောင်းဒဲ့တိုး ဆုတောင်းတဲ့သူတွေက ဖြတ်လမ်းကို သုံးတယ်လို့ခံစားရပါတယ်။ အလျင်လို လမ်းအိုလိုက်ဆိုတာကြီးကိုလည်း တော်တော်လေးစဉ်းစားမိပါတယ်။ ဆင်သွားရင် လမ်းဖြစ်ဆိုတာလည်းရှိပါတယ်။ လမ်းအိုလိုက်တဲ့ဆင်ဖြစ်မနေဖို့ပဲလိုတယ်လို့ နောက်ဆုံးသဘောပေါက်လိုက်ပါတယ်။ လမ်းအိုလိုက်တဲ့သူတွေချည်းပဲရှိမယ်ဆိုရင် ဒီနေ့ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အတိုင်းပဲ ခေတ်မမီဖြစ်နေမှာပါ။ ဆင်ခြင်ဥာဏ်နဲ့ယှဉ်တဲ့ဖြတ်လမ်းတွေကို လိုက်ဖြစ်အောင်လိုက်တာဟာ လောကီလောကုတ်အတွက် နှစ်ဖြာ အကျိုးမယုတ်တဲ့ ဘ၀နေနည်းနဲ့ ဆုံးဖြတ်နည်းဖြစ်မယ်လို့တွေးမိပါတယ်။

Those who demand consideration for their sacrifices were making investments, not sacrifices.

ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရင် အနာကို ရှောက်ရည်ညှစ်တယ်လို့ တစ်ချို့ကခံစားရမှာစိုးလို့ အကျဉ်းပဲရေးပါမယ်။ လူတွေက အမြဲပြောတယ်။ စတေးခဲ့တယ်တဲ့။ တစ်ခုခုအတွက် အနစ်နာခံပြီးလုပ်လိုက်တယ် ...။ အဲဒီအထိကတော့ ဟုတ်ပါတယ်။ တကယ်ချီးကျူးဖို့လည်းကောင်းပါတယ်။ ကိုယ်မလုပ်နိုင်တာလုပ်တဲ့အတွက် အာဇာနည်ဆန်တဲ့သူတွေလို့တောင်ချီးကျူးသင့်ပါတယ်။ ဒါပေမယ့် အဲဒီလို စတေးလိုက်လို့ သူတို့အတွက် တစ်ခုခု ပြန်စဉ်းစားပေးပါ။ တစ်ခုခုပြန်လုပ်ပေးပါဆိုရင်တော့ အဲဒါဟာ မဟုတ်တော့ပါဘူး။ James Richardson ရဲ့အဆိုအရတော့ မင်းတို့က စတေးတာမဟုတ်ဘူး၊ ရင်းနှီးမြုပ်နှံတာချည်းပါလားကွာ လို့ပြောရမလိုဖြစ်နေပါပြီ။ မိဘသဖွယ် စောင့်ရှောက်ချင်ပါတယ်ဆိုရင်လည်းနေ့ကလေးထိန်းကျောင်းဖွင့်ပြီး သက်သေပြလို့ရပါတယ်။ အခုတော့ ဖွတ်မိချောင်းဖြစ်လိုဖြစ် ... အရောင်တွေပြောင်းလိုပြောင်း .... ခါတော်မီ စတေးပစ်လိုက်ဖို့ အားလုံးက အသင့်အနေအထားနဲ့နေရာယူပြီးနေကြပါပြီ။ တစ်ခါတစ်ခါ တွေးမိတယ် ....။ အဲဒီ စတေးခဲ့တာတစ်ခုနှစ်ခုအတွက် ဘယ်လောက်ကြာကြာကျေးဇူးတင်နေဖို့လိုသလဲဆိုတာကိုပါ။ ဘာတာစနစ်မှာ တစ်ခုကို တစ်ခုနဲ့လဲသလို စတေးနေကြတာများလားလို့တောင်ထင်မိပါတယ်။

Despair says, I cannot lift that weight, Happiness says, I do not have to.

စိတ်ပျက်အားငယ်မှုက ဒီလောက်အလေးကြီးကို ငါမမ နိုင်ဘူးလို့ပြောတယ်။ ပျော်ရွှင်မှုက အဲဒါကို ငါမဖို့မလိုဘူးလို့ပြောတယ်တဲ့။ အဲဒီအတွေးလေးက အတော်လေးချစ်စရာကောင်းပါတယ်။ စိတ်ပျက်နေတဲ့အခါ၊ စိတ်ဓာတ်ကျနေတဲ့အခါမှာ စိတ်ထဲမှာ အတွေးတွေကလေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ကိုယ့်ဘာသာကို တာဝန်မယူချင်တဲ့သူဆိုရင် ပိုတောင်လေးတတ်ပါတယ်။ ဘယ်သူ့ကို အလေးတွေနဲ့ထပ်ဖိရင်ကောင်းမလဲ လူရှာရတာကလည်း ပိုလေးနေတတ်ပါတယ်။ ပျော်ရွှင်နေတဲ့အခါ စိတ်ဟာ ပေါ့ပါးနေပါတယ်။ ပျော်ရွှင်တယ်ဆိုတာကိုလည်း တရားဘက်ကကြည့်တဲ့ သန္တိတလို ငြိမ်းချမ်းပျော်ရွှင်တာကို ဆိုလိုဟန်မပေါ်ပါဘူး။ ကျွန်တော်တို့ နေ့တိုင်း ပျော်နေတဲ့သာမန်အပျော်ကိုပဲပြောပုံရပါတယ်။ အမှန်က ပျော်နေတာကလည်း ပင်ပန်းပါတယ်။ ဒါပေမယ့် စိတ်ပျက်နေတာနဲ့ယှဉ်ရင်တော့ တော်တော်လေး သက်တောင့်သက်သာပင်ပန်းနေတယ်လို့ဆိုနိုင်ပါတယ်။ တကယ်စဉ်းစားရမှာက ကိုယ်ကြုံတွေ့နေရတဲ့အပူတွေကို ကိုယ်က ပူနေဖို့လိုလားမလိုလားဆိုတာကိုပါ။ တစ်ချို့အချိန်တွေမှာ အပူတွေကို သတိမထားမိလို့ အပူတွေက ကိုယ့်အပူလို့ထင်နေတတ်ပါတယ်။ သက္ကာယ+ သောက ဟာ 1+1=6
ဆိုတဲ့ Synergy သီအိုရီမျိုးဖြစ်နေပါတယ်။( Synergy ကို အကြမ်းဖျင်းပြောရင် လူတစ်ယောက်တည်းလုပ်ရင် အလုပ် ၅ ခုပြီးပါတယ်ဆိုပါတော့ နှစ်ယောက်လုပ်လိုက်ရင် အခု ၁၀၀ ပြီးရင်လည်းပြီးပါလိမ့်မယ်။ နမူနာပြောရရင် မြေညီထပ်က အုတ်ခဲကို ပထမထပ်ကို တင်တဲ့အလုပ်ဆိုပါတော့ ...။ တစ်ယောက်တည်းဆိုရင် လှေကားကနေတက်ရမယ် ပြန်ဆင်းရမယ်။ နှစ်ယောက်ဆိုရင် တစ်ယောက်က အောက်ကပစ်တင်ပြိးတစ်ယောက်က အပေါ်က ဖမ်းပြိးစီပစ်လိုက်နိုင်ပါတယ်။ တစ်ယောက်က တစ်ဆ၊ နှစ်ယောက်ကို နှစ်ဆဆိုတာဟာ အင်မတန် formal thinking ကျတဲ့ကိစ္စမျိုးမှာပဲဖြစ်ပါတယ်။)သက္ကာယကို သက္ကာယ+သောကထဲက နှုတ်ရင်လည်း သောကသက်သက်ပဲကျန်မယ်လို့ ပြောချင်ပြောမယ်ထင်ပါတယ်။ အကြွင်းသုညကျန်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။


Pessimists live in fear of their hope, optimists in fear of their fear.

ဒီတစ်ခုကိုတော့ အကြိုက်ဆုံးပါပဲ။
အဆိုးမြင်တဲ့သူဟာ သူမျှော်လင့်တာတွေကို မဖြစ်နိုင်ဘူးလို့ယူဆပြီး ကြောက်ရွံ့ပါတယ်။
အကောင်းမြင်တဲ့သူကတော့ ကြောက်ရွံ့စရာရှိတာကိုပဲကြောက်ရွံ့ရပါတယ်။ အဲဒီအတွက် အဆိုးမြင်ရတာဟာ တွက်ခြေမကိုက်ဘူးလို့ခံစားရပါတယ်။

I am saving good deeds to buy a great sin.

ကျွန်တော်ဟာ ကြီးကျယ်တဲ့အပြစ်တစ်ခုကို ၀ယ်ဖို့ ကောင်းမှုကုသိုလ်တွေ စုဆောင်းပါတယ်တဲ့။
တော်တော်ကန့်လန့်နိုင်တဲ့အတွေးလို့ထင်ရပါတယ်။ တကယ်တော့ လူအများစုမှာ ကြောက်လို့လုပ်နေတဲ့ကုသိုလ်တွေရှိပါတယ်။ အပါယ်လေးပါးကို ဘယ်သူမှ Discount ပေးတုန်းမသွားချင်ပါဘူး။ကောင်းတာတွေလုပ်နေတာဟာ ကိုယ်ပြုဖူးတဲ့အကုသိုလ်ကို ပြန်ချေပဖို့ ကြိုးစားနေသလိုဖြစ်နေတတ်ပါတယ်။

Each lock makes two prisons.

ဒီတစ်ခုလည်းကြိုက်ပါတယ်။ လမ်းကသာတစ်ခုတည်းခွဲကြပေမယ့် အသည်းကြတော့ နှစ်ခုကွဲရတတ်ပါတယ်။ မျဉ်းတစ်ကြောင်းဆွဲလိုက်ရင် နှစ်ဖက်ဖြစ်သွားသလိုမျိုးပါပဲ ....။ (အတွေ့အကြုံရှိသူများ ဆက်လက်စဉ်းစားပါရန်) ။

ခင်မင်စွာဖြင့်
Zephyr

Notes:
ဒီပို့စ်ကို ရေးရတာ အမြဲတမ်း ဂရုစိုက်တဲ့ အမေ့အတွက်ဖြစ်ပါတယ်။
ဖတ်ရင်း Elite ဖြစ်သွားတဲ့သူတွေကိုလည်း သာဓု ၂.၅ကြိမ်ခေါ်လိုက်ပါတယ် .....။

အခု Blog တွေကနေ သတင်းတွေ အလျင်အမြန် ဖြန့်နိုင်တဲ့ကိစ္စကို သဘောကျနေပါတယ်။
အားလုံးစုစုစည်းစည်းနဲ့ ကောင်းတာတွေအများကြီးလုပ်နိုင်တာ ကျေနပ်စရာကောင်းပါတယ်။

အခုလည်း ရေအတွက်နဲ့ ဆေးကျောင်းက ကလေးနှစ်ယောက် အတွက် ပရိုမိုးရှင်းလုပ်နေပါတယ်။
လှူနိုင်တဲ့နေရာမှာ လှူစေချင်ပါတယ်။ ဆေးကျောင်းတက်မယ့်ကလေးတွေကို ကူညီတာကတော့ သူတို့ကို Study Guides လုပ်စားပါလားလို့ စေတနာနဲ့အကြံပေးတဲ့သူတွေကို ရွဲ့ပြီးလှူလိုက်တာတော့မဟုတ်ပါဘူး .....။ တစ်ခါတစ်လေ ကလေးတွေက ဘယ်နယ်ကလဲဆိုတာနဲ့ ဆေးကျောင်းရဲ့ သဘောကို သိဖို့လိုပါတယ်။ ဆေးကျောင်းမှာ တက်နေတဲ့ကလေးတွေအများကြီးနဲ့ စကားပြောဖူးပါတယ်။ ဆယ်တန်းမှာ သူငယ်ချင်းခြောက်ယောက်မှာ ငါးယောက်က ဆရာဝန်လုပ်သွားတဲ့အတွက် ဘာတွေလွယ်ပြီးဘာတွေခက်တယ်ဆိုတာကို သိပါတယ်။ ဘာတွေ ဘယ်လောက်ကုန်သလဲဆိုတာကိုလည်းသိပါတယ်။ သူတို့တွေလည်း မတတ်သာလို့သာ အကူအညီတောင်းရတယ်လို့ခံစားရတဲ့အတွက် အကြွေတွေစုထားတဲ့စုဗူးတစ်ဗူးဖောက်ပြီးလှူလိုက်ပါတယ်။

တကယ်တမ်းပြောမယ်ဆိုရင် ကျောင်းတွေမှာ အစိုးရဆီက လျှောက်လို့ရတဲ့ ပညာသင်ထောက်ပံ့ရေးအစီအစဉ်တွေရှိပါတယ်။ ကလေးနှစ်ယောက်ဟာ ဒီ ထောက်ပံ့ကြေးမရတာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ထက် လိုအပ်တဲ့သူတွေရှိနေလို့လည်းဖြစ်နိုင်ပါတယ်။ ဒါတွေကို သိပ်လည်းစိတ်မ၀င်စားလို့မမေးကြည့်လိုက်ပါဘူး။ ၂၀၀၂ လောက်ကလည်း 7 days ကနေတစ်ဆင့် အဲဒီလို ပညာတော်သင်ထောက်ပံ့ဖို့ အကူအညီပေးကြတာလေးကို သဘောကျခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီတာကို မ agree ဘူးဆိုလည်းရပါတယ်။ တစ်ချို့စကားတွေက ဘေးကနေပြောလိုက်တာ သိပ်လွယ်ပါတယ်။ ကျွန်တော်တို့လိုနေတာ helping hands တွေပဲဖြစ်ပါတယ်။ Talkative Nonsense တွေမဟုတ်ပါဘူး ....။ နှုတ်၏စောင်မခြင်းဆိုတာ လေနဲ့ကူနေတာကိုခေါ်တယ်လို့ပဲယူဆမိပါတယ်။ ... လေနဲ့လုပ်လို့ရတာကသုံးခုက လေမှုတ်ရုပ်ရောင်းတာရယ်၊ နိုင်ငံရေးသမားရယ်၊ သတင်းဖတ်တဲ့သူရယ်ပါ ....။ ....စိတ်ပါဝင်စားရင် အဲဒီအလုပ်တွေမှာ ကိုယ်ရည်ကိုယ်သွေးပြစေချင်ပါတယ်။ ....။



Peace B with U.