Language
ဘာသာစကားက မသိနားမလည်မှုတွေရဲ့ စွယ်စုံကျမ်းကြီးပဲပေါ့။ စာလုံးတစ်လုံးက ဘာသာစကားထဲကို ၀င်ရောက်လာရင် အသေဖြစ်သွားပြီ။ မသိတာ အတော်လေးကြာတဲ့အချိန်မှာမှ စကားလုံးတစ်လုံးက ဘာသာစကားထဲကို ၀င်ရောက်လာတတ်တယ်။ စကားလုံးတစ်လုံးရှိလာပြီဆိုရင် ကျွန်တော်တို့ရဲ့ သိမြင်မှုကို စကားလုံးက သက်ရောက်မှုရှိလာတယ်။ ကျွန်တော်တို့ဟာ လောကကြီးကို အဲဒီလိုကြီးမြင်ပါဆိုပြီး စကားလုံးက စေခိုင်းတယ်။
သိပ်ပြီး သစ်တဲ့ အကြောင်းအရာတစ်ခုကို ပိုင်းခြားသတ်မှတ်ဖို့လိုတဲ့အခါမှာ စကားလုံးအသစ်ကို ကျွန်တော်တို့တီထွင်တယ်။ ဥပမာ ကွန်ပြူတာ ဆိုပါတော့။ အသစ်ထွင်တာမျိုးမဟုတ်ဘဲ ရှိပြီးသားစကားလုံးကို ရည်ရွယ်ချက်ရှိရှိ အဓိပ္ပါယ်သစ်နဲ့ သုံးဖို့ဆိုတာကတော့ သိပ်ခက်ပါတယ်။
ကျွန်တော်ဟာ lateral thinking ဆိုတဲ့စာလုံးကို ကျွန်တော့်ရဲ့  ပထမဆုံးစာအုပ်မှာ သုံးခဲ့ပါတယ်။ (The Use of Lateral Thinking (1967 မှာထုတ်ပါတယ်။) အမေရိကမှာတော့ New Think ဆိုပြီး ပြောင်းပြီး နာမည်ပေးခံလိုက်ရတဲ့စာအုပ်ဖြစ်ပါတယ်။) ကျွန်တော် တွေးခေါ်ခြင်းမှာ စိတ်ဝင်စားလာတာ ရင်းမြစ် အကြောင်းခံ သုံးခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော်ဟာ ရုထ်ဒ် ပညာသင်ဆုရထားတဲ့ကျောင်းသားတစ်ယောက် (Rhodes Scholar) ဖြစ်တာနဲ့အညီ အောက့်စ်ဖားဒ် မှာ psychology သင်ရတဲ့အတွက် တွေးဖို့ကို စိတ်ဝင်စားလာပါတယ်။ ဆေးသုတေသနမှာကြတော့ ကျွန်တော် ကွန်ပြူတာ အတော်လေးသုံးရတယ်။ အဲဒီတော့ ကျွန်တော်က ကွန်ပြူတာတွေမတွေးနိုင်တဲ့ အတွေးမျိုးကို စိတ်ဝင်စားလာတယ်။ ကွန်ပြူတာတွေက တီထွင်ပြီးမတွေးတတ်ဘူး။ တစ်ယောက်စီလေ့လာတဲ့အပေါ်မှာ မူတည်ပြီးတွေးခေါ်တာမျိုး ...(ဆိုလိုတာကတော့ ကြောင်းကျိုးဆက်စပ်လေ့လာတာမျိုးပါပဲ) ကို မလုပ်နိုင်ရှာဘူး။ (creative and perceptual thinking မလုပ်နိုင်ပါဘူး)။ ကျွန်တော် ဟားဗက်ထ်မှာ သုတေသနဆက်လုပ်တဲ့အခါမှာ (ကျောင်းများတက်စားနေသလားတောင်ထင်လာတယ်။ ဖတ်ရင်းနဲ့) ကျွန်တော်ခန္ဒာကိုယ်ရဲ့ သွေးဖိအား (သွေးပေါင်) နဲ့ စနစ်တွေဖွဲ့စည်းမှု နဲ့ဆိုင်တဲ့ ရှုပ်ထွေးတဲ့ကိစ္စတွေကိုလုပ်ရတယ်။ အဲဒီမှာ ကျွန်တော် self organising စနစ်အကြောင်းစိတ်ဝင်စားသွားတယ်။
အဲဒီအကြောင်းသုံးခု (thinking, perceptual thinking and self-organising systems) တွေဟာ စုစည်းမိတဲ့အခါမှာ ကျွန်တော်ဟာ စာအုပ်ခေါင်းစဉ်ကို အခြားသောနည်းလမ်းတစ်မျိုးဖြင့် တွေးခေါ်ခြင်းလို့ ခေါ်ဖို့လုပ်ထားတယ်။ နောက်တော့ ဂျာနယ်လစ်ထ် တစ်ယောက်နဲ့ဗျူးတော့ ဒီစာအုပ်ဟာ အဖြောင့်အတိုင်း မဟုတ်ဘူး။ စီစဉ်တကျတွေးတာလည်းမဟုတ်ဘူး။ ယုတ္တိအစဉ်အတိုင်းတွေးတာလည်းမဟုတ်ဘူးကွာ။ တည့်တည့်ကြီးလျှောက်တွေးနေမယ့်အစား ဖြန့်ထွက်ရမယ် ... ပုံစံပြောင်းတွေးရမယ်ကွာ ဆိုပြီးပြောမိရာကနေ အဲဒီစကားလုံးရဲ့ တန်ဖိုးကို အတော်လေးသဘောကျသွားတယ်။ အဲဒါကြောင့်ပဲ စာအုပ်ကို ဖြန့်ထွက်တွေးခြင်းလို့ နာမည်ပေးလိုက်တာပဲ။
အမှန်က Lateral thinking ရဲ့ တက္ကဗေဒ အရ ပိုပြီးပြည့်စုံတဲ့ ဖွင့်ဆိုချက်ကတော့ အတွေးအခေါ်ပတ်တမ်တွေကို သူတို့အတိုင်း အဖြောင့်အတိုင်းမဟုတ်စွာ ရွေ့လျားခြင်း လို့ပြောရမယ်။ အခုတော့လည်း အဲဒီ lateral thinking ကို လူတိုင်းပြောဆိုနေကြပါပြီ။ အော့က်ဖားဒ် အဘိဓာန်မှာလည်း စာလုံးတစ်လုံးဖြစ်နေပါပြီ။
Lateral thinking ဆိုတဲ့ စကားလုံးကို တီထွင်ဖို့ လိုအပ်မှုနှစ်ခုရှိပါတယ်။ အိုင်ဒီယာ နဲ့ ထိုးထွင်းသိမြင်မှုကို ဖော်ပြဖို့ လိုအပ်တဲ့အခြေအနေရယ်၊ အဲဒါဟာ အနုပညာသမားတွေရဲ့ အနုပညာဆန်တဲ့ တီထွင်မှုဆန်းသစ်မှုတွေနဲ့လည်းမတူတဲ့ အနေအထားဖြစ်ဖို့ လိုအပ်မှုဆိုတဲ့နှစ်ချက်ပါ။ ဒီစကားလုံးဟာ တီထွင်တွေးဖို့ လိုအပ်တဲ့ လူ့ဦးနှောက်ရဲ့ ယုတ္တိ အခြေခံသဘောတရား ထပ်တူမညီတဲ့ ပက်တမ်တွေကို
ဖြတ်သန်းသွားပုံကို ဖော်ပြပါတယ်။ ယေဘူယျပြောရင်တော့ဗျာ ...ခင်ဗျားဟာ အပေါက်အသစ်ဖောက်ချင်ရင် အခုဖောက်နေတဲ့ အပေါက်ကို (တွင်းကို) ပိုနက်အောင် ဖောက်နေလို့မရဘူးဆိုတာကို ဒီစကားလုံးက နားလည်သွားစေတယ်။ အခုလက်ရှိ သိမှတ်မှုကို၊ အတွေးအခေါ်ချိတ်ဆက်တွေကို ၊ နည်းလမ်းကို ပိုပြီး ကြိုးစာပမ်းစားလုပ်နေတာကြီးအစား သိမှတ်မှုကို၊ အတွေးအခေါ်ချိတ်ဆက်တွေကို ၊ နည်းလမ်းကို ပြောင်းလဲလိုက်ရမယ်ဆိုတာကို ဒီစကားလုံးကပြောပြနေတယ်။
နောက်ထပ် တစ်ခုက po လို့ခေါ်တဲ့စကားလုံးသစ်ကို တီထွင်ဖို့လိုအပ်တာပါပဲ။ (အရင်စာအုပ်တွေဖတ်တဲ့သူတွေဆိုဆိုင် provocation ကို ပိုနားလည်မယ် lateral thinking tools အနေနဲ့ သုံးပါတယ်။ ဥပမာ အိမ်တွေဟာ အမိုးမပါသင့်ဘူး .....။ အဲဒါဟာ provocation တစ်ခုပါ။ တော်တော်မထော်မနမ်းနိုင်ချင်လည်းနိုင်ပါမယ်။ အဲဒီလို စပြီး အစည်းအဝေးမှာပြောလိုက်ရင် ....။ မသင့်တော်ဘူး။ ဘာလို့လည်းဆိုတော့ ဆိုတဲ့အဖြေတွေရလာပါမယ်။ သင့်တော်တယ်ဆိုရင်လည်း မှန်နဲ့ အမိုးဆိုရင်ရော ဘယ်လိုလဲ ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီစာအုပ်မှာလည်း နမူနာနည်းနည်းထပ်ပေးပါတယ်။
ကားတွေရဲ့ ဘီးဟာ လေးထောင့်ဖြစ်သင့်တယ်။
လေယာဉ်ပျံတွေဟာ ရပ်ရင် ဇောက်ထိုးရပ်ထားသင့်တယ်။ ............အဲဒီလိုဟာတွေကို နမူနာပေးပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါတွေက ကျွန်တော်တို့ရဲ့ ဦးနှောက်ကြီးကို ခြေမနဲ့လာတို့သလို အခံရခက်စေပါတယ်။ အဲဒီတော့ ပြန်တုံ့ပြန်ပါတယ်။ ဒီလိုတော့မဖြစ်ဘူးလေကွာ ... ဆိုပြီး စပြီးတွေးလို့ရသွားတယ်။ po တွေကို အတည်ယူဖို့ပြောတာမဟုတ်ပါဘူး။ တွေးဖို့ကို stupid statement တစ်ခုနဲ့ စက်နှိုးလိုက်တာပါ။ အဲဒါလေးကို သူက po လို့ထွင်လိုက်တာပါ) ဦးနှောက်ဟာ သူ့ရဲ့ မျှခြေအနေအထားကို ရောက်နေအောင်လုပ်ပါတယ်။ ဆိုလိုတာက ခင်ဗျားဟာ ကားဘီးလေးထောင့်ကြီးဆိုရင် ဦးနှောက်က ရုန်းကန်နေတုန်းဘဲ။မဟုတ်သေးဘူး ....ဒီလိုတော့မဖြစ်နိုင်ဘူးဆိုပြီးတော့ ဆက်တွေးနေမယ်။ သချာင်္သမားတွေက po ကိုပိုပြီးနားလည်တယ်။ အားလုံးလက်ခံတဲ့မျှခြေကို သွားဖို့ဆိုတာ အဲဒီ po လိုအပ်တယ်။ ဘယ်ကမှမစရင် ဘယ်ကိုမှမရောက်ဘူး။ ဘာသာစကားမှာ အဲဒီ po ဆိုတာကြီးချို့တဲ့နေခဲ့တယ်။ အဲဒါကြောင့်တီထွင်ဖို့လိုအပ်ခဲ့တယ်။
Judgement and boxes
(ဆုံးဖြတ်သတ်မှတ်မှုနှင့် သေတ္တာများ)
ဘာသာစကားဟာ ဆုံးဖြတ် သတ်မှတ်မှုစနစ်ပါပဲ။ ကျွန်တော်တို့သိတဲ့အရာတွေကို သေတ္တာတွေထဲမှာ ထည့်ပြီး တံဆိပ်ကပ်ထားတယ်။ ကားဆိုပါတော့ ကားလို့မြင်ရင် အဲဒီကားလို့သတ်မှတ်ထားတဲ့သေတ္တာကို အညွှန်းဖတ်ပြီးသိလိုက်သလို ဒါဟာ ကားပဲလို့သိသွားတယ်။ ကား လို့ပဲသတ်မှတ်လိုက်တယ်။ ကား လို့ပဲ ဆုံးဖြတ်လိုက်တယ်။ (ကား လို့ ပဲ ဆိုတာကိုတောင် ဘောလုံးဂျာနယ်ဖတ်တဲ့သူဆိုရင် ကားလို့စ်လို့ အသံကြားနေဦးမလားမသိပါဘူး။ စကားချပ်)
ကားဆိုတာနဲ့ကိုယ် ကျွန်တော်တို့ မှတ်သိစိတ်ထဲမှာ ရှိတဲ့ ဖိုင်တွဲကြီးပြန်လှန်လိုက်သလို ကားနဲ့ပတ်သက်တာတွေ တစ်ခုပြီးတစ်ခုပေါ်လာတော့တာပါပဲ။ ကားသည် ဘာဖြစ်သည်။ ညာဖြစ်သည်ဆိုတာမျိုးတွေပေါ့။ အခုန သေတ္တာပေါ်ကပ်ထားတဲ့ တံဆိပ်တွေက အမှန်တော့ ပြင်ပ အရာဝတ္ထုနဲ့ ကျွန်တော်တို့သိပြီးသား ကိစ္စနဲ့ကို ဆက်စပ်ပေးတာပါပဲ။ အဲဒီကားဆိုတဲ့ စကားလုံးမပါဘဲ ကားဆိုတာကြီးကို တခြားနည်းတွေနဲ့ပြောလို့ရချင်လည်းရမယ်။ ဒါပေမယ့်ကားကို ကားလို့ ပြောလိုက်တာလောက် မထိရောက်ဘူး။ (ဒီနေရာမှာ ကြုံလို့နမူနာပေးရရင် ကားဆိုတာကို ဒစ်ရှင်းနရီမှာ အဓိပ္ပာယ်ဖွင့်တာကိုပဲဖတ်ကြည့် ...ကားလို့ပြောလိုက်တာလောက်မရှင်းဘူး။ ဘာလို့လည်းဆိုတော့ကျွန်တော်တို့ဟာ ကားကို သိပြီးသား၊ နာမ်တစ်ခုအနေနဲ့သိပြီးသားကိစ္စကို အကျယ်ဖွင့်တာဟာ ဦးနှောက်အတွက် အင်မတန်မှ ဝေ့လည်ကြောင်ပတ်ကိစ္စဖြစ်ပြီး နားလည်ရခက်လို့ပါပဲ။ software ကို အပျော့ထည်လို့ဖတ်လိုက်ရတဲ့အခါမှာ ကျွန်တော် သက်ပြင်းချလိုက်မိတာလည်း အဲဒါကြောင့်နေမှာပါ။)
'is' ဆိုတဲ့စကားလုံးဟာ judgement လုပ်လိုက်တာပါပဲ။ သူက ဖြစ်တန်စွမ်း၊ ဖြစ်နိုင်ခြေရှိတာကိုပြောတာမဟုတ်တော့ဘူး။ ဒါက ဒါပဲလို့ သတ်မှတ် ပိုင်းဖြတ်လိုက်တာပါ။ ဖြစ်နိုင်တယ်ဆိုတာကို ပြောဖို့ကြတော့ စကားလုံးမရှိတော့ဘူး။ may be လို့ပဲသုံးကြတယ်။ (is လို မျိုးတစ်လုံးတည်းမရှိတာကို ပြောတာပါ။) စကားလုံးသေးသေးလေးတစ်လုံးဟာ ကျွန်တော်တို့ကို ပိုပြီး ရှုပ်ထွေးပြီး တိကျတဲ့နည်းလမ်းတွေနဲ့ပြင်ပလောကကြီးကို သိမြင်သွားစေပါတယ်။
ကျွန်တော်တို့မှာ မိတ်ဆွေ(friend)ဆိုတဲ့ စကားလုံးရှိတယ်။ ရန်သူ(enemy)ဆိုတဲ့စကားလုံးလည်းရှိတယ်။ အဲဒီစကားလုံးသေတ္တာထဲမှာ လူတော်တော်များများကို ခွဲထည့်ထားလို့ရတယ်ဗျာ။ ဒီလူတွေက မိတ်ဆွေတွေ မိတ်ဆွေဆိုတဲ့ တံဆိပ်ကပ်ထားတဲ့သေတ္တာထဲမှာထည့်ထားလိုက်ရုံပဲ။ ရန်သူတွေကိုလည်းထိုနည်းလည်းကောင်းသတ်မှတ်လိုက်လို့ရတယ်။ ဒါပေမယ့် မိတ်ဆွေလည်းမဟုတ်၊ ရန်သူလည်းမဟုတ်တဲ့သူတွေကိုကြတော့ ကျွန်တော်တို့မှာ မျှခြေအနေအထားမှာရှိတဲ့စကားလုံးမရှိဘူး။ မေးထူးခေါ်ပြောတွေ(aquaintance) ဆိုတဲ့စကားလုံးပဲရှိတယ်။ အခွန်လာကောက်တဲ့သူကို မေးထူးခေါ်ပြောကောင်လို့ ခင်ဗျားမပြောဘူး။ ကားပြင်ဆရာကိုလည်း မေးထူးခေါ်ပြောကောင်လို့ မရည်ညွှန်းဘူး။ မိတ်ဆွေတစ်ဝက် ရန်သူတစ်ဝက်ဆိုတာမျိုးကို ကျွန်တော်တို့ ဘာသာစကားမှာ ဘယ်လို ခေါ်ရမလဲမရှိဘူး။ ပြီးတော့ရှိသေးတယ်။ မိတ်ဆွေတော့မိတ်ဆွေ အခက်အခဲကြုံတော့ရန်သူဖြစ်သွားတာတွေကို လည်း ပိုင်းဖြတ်ဖို့ခက်တယ်။
Complex Situation
(ရှုပ်ထွေးသောအခြေအနေ)
သိပ်ခက်ခဲတဲ့အခြေအနေမှာဆိုရင် ဘာသာစကားက ပိုပြီးတော့တောင်မှမလုံလောက်ဘူး။ အဲဒီလို အခြေအနေတစ်ရပ်ကို စာကြောင်းတစ်ကြောင်း၊ ဒါမှမဟုတ် စာပိုဒ်တစ်ပိုဒ်နဲ့ဖော်ပြလို့ရနိုင်တယ်။ ဒါပေမယ့် အဲဒီ စာပိုဒ်လိုက်ကြီးရှင်းထားတာက ကျွန်တော်တို့စိတ်ထဲကို ရှင်းခနဲဝင်ရောက်မလာပါဘူး။ အဲဒီအခြေအနေကို စကားတစ်လုံးထဲနဲ့ဖော်ပြလို့မရနိုင်ဘူး။
နမူနာအားဖြင့် ဖော်ပြမယ့် ညှိနှိုင်းဆွေးနွေးမှုကိုကြည့်ပါ။
တကယ်လို့ အကျိုးအမြတ်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြမထားဘူးဆိုရင်၊ ခင်ဗျားဟာခင်ဗျားရဲ့ တောင်းဆိုမှုကို လျှော့ပေးဖို့ မပြင်ဆင်ထားဘူးဆိုရင်၊ ကျွန်တော်တို့ အခြေအနေပိုကောင်းအောင် သိပ်များများလုပ်ပေးနိုင်မှာမဟုတ်ဘူး။ ကျွန်တော့်ဘက်မှာ ဘာအကျိုးအမြတ်ရမလဲဆိုတာကို ခင်ဗျားတို့ဘက်က ရှင်းရှင်းလင်းလင်းဖော်ပြပေးစေချင်ပါတယ်။
အပေါ်မှာ ပြောထားတဲ့ ဖော်ပြချက်ဟာ အခြေအနေတစ်ခုကို ကောင်းကောင်းဖော်ပြနိုင်ပါတယ်။ သုံးရတာတော့ အဆင်မပြေလှပါဘူး။ အခြေအနေနဲ့ အံဝင်ဂွင်ကျဖြစ်အောင် သုံးဖို့ခက်ပါတယ်။
ကျွန်တော်တို့မှာ စူပါမားကတ်ဆိုတဲ့ စကားလုံးရှိပါတယ်။ အဲဒီစကားလုံးဟာ အတော်လေးကို ရှုပ်ထွေးတဲ့ အနေအထားကို ဖော်ပြနိုင်ပါတယ်။ ဈေးကြီးတစ်ခုရဲ့ သဘောသဘာဝကိုပြည့်ပြည့်၀၀ ဖော်ပြနိုင်တယ်လို့ဆိုပါတယ်။ အဲဒီဈေးကြီးတစ်ခုလုံးရဲ့ အကျဉ်းချုပ်ကို ဖော်ပြပေးနိုင်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့မှာ နိုင်ငံခေါင်းဆောင်နှစ်ယောက် မဖြေရှင်းချင်လို့ (ဖြေရှင်းဖို့ကြိုးစားလိုက်ရင် သူတို့ရဲ့အရေးပါမှု ဆုံးရှုံးသွားနိုင်လို့)ပစ်ထားတဲ့အတွက်ကြောင့် မဖြေရှင်းနိုင်တဲ့ ပဋိပက္ခ ဆိုတာအတွက်ကျွန်တော်တို့မှာ စကားလုံးတစ်လုံးမရှိသေးပါဘူး။
အဲဒါကြောင့်ရှုပ်ထွေးတဲ့ အခြေအနေ အဖြစ်အပျက်တွေကို တစ်လုံးတည်းနားလည်သွားနိုင်တဲ့ စကားလုံးမျိုးတွေ ဘာသာစကားမှာ များများရှိဖို့ လုံးဝလိုအပ်ပါတယ်။ အဲဒီစကားလုံးတွေနဲ့မှု ရှုပ်ထွေးမှုကို ပိုင်ပိုင်နိုင်နိုင် လျှင်လျှင်မြန်မြန် နားလည် သဘောပေါက်ပြီး ဆက်သွယ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုသာ နားလည်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမူအကျင့်နဲ့ အရေးတယူဆောင်ရွက်မှုတွေမှာ အကြီးအကျယ်တိုးတက်လာပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ရှေးကတည်းက သုံးလာတဲ့ ဘာသာစကားသေတ္တာတွေထဲမှာ ဆက်လက်ပြီး အကန့်သတ်ခံနေစရာလည်း မလိုတော့ပါဘူး။
Language and Perception (ဘာသာစကားနဲ့ သိမှတ်နားလည်မှု)
ဘာသာစကားဟာ တွေးတောမြော်မြင်မှုအတွက် သိပ်ကို တန်ဖိုးကြီးသလို သူ့မှာလည်း အားနည်းချက်၊ လစ်ဟာချက်တွေရှိပါတယ်။ ဘာသာစကားဟာ သိမြင်မှု၊ သဘောတရားနဲ့ စာလုံးတွေကို အေးခဲသွားစေတတ်ပါတယ်။ ဘာသာစကားထဲရောက်နေပြီးသားစားလုံးတွေဟာ နောက်အနာဂတ်မှာ ပြောဆိုပြုမူတာတွေ၊ တွေးတောတာတွေကိုပါ ဆုံးဖြတ်ချယ်လှယ်လာပါတယ်။ အစောပိုင်းက ပြခဲ့တဲ့ ဥပမာအရ၊ ရန်သူဆိုရင် ကျွန်တော်တို့လက်မခံနိုင်တဲ့သူလို့ အဓိပ္ပါယ်ပေါက်ပြီးသားဖြစ်နေပါပြီ။ တစ်ဝက်ဆိုး၊ တစ်ဝက်ကောင်းတဲ့သူမျိုးအတွက် ကျွန်တော်တို့မှာ စကားလုံးမရှိပါဘူး။ အဲဒီလို ဘာသာစကားရဲ့ အကြမ်းဆန်မှုဟာ သိမြင်မှုကို အကျိုးသက်ရောက်စေပါတယ်။ တွေးတောမှုကိုလည်း အကျိုးသက်ရောက်သွားပါတယ်။ (သူဆိုလိုချင်တာက တိတိကျကျပြောလို့တွေးလို့ မရတော့တာကိုပြောချင်တာပါ။ သူ က enemy လို့ သုံးတဲ့အခါ အဲဒီတစ်ဝက်ကောင်းတစ်ဝက်ဆိုးတွေကို မပေါ်လွင်တော့ဘူး။ အဲဒါကြောင့် သူတို့ကို ထည့်သွင်းဆုံးဖြတ်တဲ့အခါ ဘာသာစကားရဲ့ အားနည်းချက်ကြောင့် အတွေးမှာ လစ်ဟာလာတယ်။ ဒေါင့်မစေ့တော့ဘူးလို့ဆိုလိုချင်တာပါ။)
အဲဒါကြောင့် ကုတ်ဒင်း စနစ်တစ်မျိုးဟာ လူသားတွေ တိုးတက်လာဖို့မှာ လိုအပ်လာပါတယ်။ ဘာသာစကားရဲ့ အကြပ်အတည်းကိုဖြေရှင်းဖို့အတွက် ကျွန်တော် ကုတ်ဒင်းစနစ်တစ်ခုကို တီထွင်ထားပါတယ်။ ဒီစနစ်ဟာ ခက်ခဲတဲ့ အနေအထားတွေကို ရှင်းလင်းအောင်ကူညီဖော်ပြဖို့ပါ။ ဒါကို အင်တာနက်မှာလည်းတင်ထားခဲ့ပါတယ်။ ကုတ်စနစ်ဖြစ်တဲ့အတွက် ဘာသာစကားတစ်မျိုးတည်း သုံးဖို့မလိုပါဘူး။ မတူညီခြားနားတဲ့ ဘာသာစကားတွေမှာပါ အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီးတီထွင်ပါတယ်။
တစ်ချို့ကုတ်ထ်တွေကတွေက အသေသတ်မှတ်ထားပါတယ်။ ဥပမာ ကျွန်တော်က ဒီမှာ ကုတ်ထ် ၅၃ ကွာဆိုရင် အဲဒီ ကုတ်ထ် ၅၃ နဲ့ဆိုင်တဲ့ အဓိပ္ပါယ်ထွက်လာပါမယ်။ တခြားလူတွေကလည်း ဒါကိုနားလည်ဖို့ကီး ၉ခုနဲ့ သဘောတရားကို သုံးပြီး အမျိုးမျိုးတည်ဆောက်နိုင်ပါတယ်။ ဒီ ကုတ်ထ်တွေကိုတော့ www.debonocode.org မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။
Zephyr
(ဘာသာပြန်)
Edward De Bono
Think! Before It’s Too Late
Chapter 5, Language
Peace B with U.