Tuesday, July 27, 2010

Singapore is OK, but MRTs aren't.

Singapore is OK ဆိုလား .. Singapore is OK lah ဆိုလား နေရာတိုင်းမှာတွေ့ပါတယ်။...
နည်းနည်းဖြည့်ပြီးရေးပေးရရင်

Singapore is OK,
but MRTs aren't.

ဟိုတလောက တစ်ဘူတာထဲစီးတဲ့ ရထား တံခါးပေါက် သုံးပေါက်လွဲပြီးရပ်တာက စပြီးစိတ်နာလာပါတယ်။ ရထားကို တိုးကြိတ်ပြီးစီးရတာ မြန်မာပြည်ကို သတိပြန်ရစေပါတယ်။ ဖိနပ်ကို တခါနင်းတိုင်း ဂါးမင့်ကို တစ်ခါ မေတ္တာပိုပို့မိပါတယ်။

ရထားတွေကို ထိန်းချုပ်တဲ့စနစ်အရ အခု စင်ကာပူက ရထားထွက်နှုန်းဟာ နောက်ဆုံးပါပဲ။ ဒီထက်မြန်လိုက်ရင် Accident အတွက်လုပ်ထားတဲ့ Limit ကို စပြီးထိခိုက်တော့ပါမယ်။ Brake System ကလည်း အရင်လို ကျွိခနဲမဟုတ်တဲ့ ရထားတွေ ဆန့်ငင်ဆန့်ငင်ရပ်တတ်လာတဲ့ရထားတွေရှိလာပါပြီ။ တံခါးကို နှစ်ခါဖွင့်တဲ့ရထားတွေ တံခါးပြန်ပိတ်ပြီး ချက်ချင်းမထွက်နိုင်ဘဲ အမောဖြေတဲ့ရထားတွေလည်းရှိလာပါပြီ။

အရင်လို တံခါးက Sensor ကလည်းသိပ်မကောင်းတော့ပါဘူး
လက်ကိုထိနေတာတောင် ရပ်ဖို့စိတ်ကူးရှိမနေတော့တာကိုတွေ့ရပါတယ်။

မနေ့ကလည်း Joo Koon ကနေထွက်ခွာလာတဲ့ ရထားကြီးဟာ Chinese Garden မှာ ဗိုက်ထဲကလူတွေကို ခါချပြီး ဆပ်ကော့လတ်ကော့ထွက်သွားလို့ ကျန်ခဲ့တဲ့သူတွေခမျာ ဒူးနဲ့မျက်ရည်သုတ်ဖို့ကြိုးစားရင်း ချော်လဲကုန်တယ်တောင်ကြားပါတယ်။

ရထားတွေကို ဘာလုပ်ရင်ကောင်းမလဲလို့တွေးနေတာ အခုအတော်လေးကြာပြီလို့သိရပါတယ်။ ရထားလမ်းအကျယ်အရ ငယ်တုန်းက သင်ခဲ့တဲ့ ရူပဗေဒနဲ့တွက်ရင်တောင် ရထားတွေက ဒီထက်မြန်မြန်မောင်းလို့ရပါသေးတယ်။ အခုတောင်မှတ်တိုင်ကျော်ရပ်နေပြီဆိုတော့ ဒီထက် မြန်မြန်မောင်းရင် တစ်ဘူတာကျော်သွားတာပိုများလာမယ်ထင်ပါတယ်။ Upgrade လုပ်ဖို့ဆိုတာကလည်း ERP အတွက် အခွန်ကောက်ရတဲ့ကိစ္စလို လွယ်လွယ်ဆုံးဖြတ်လို့ရတာမျိုးမဟုတ်တော့ အစိုးရပိုင်းအနေနဲ့လည်း အခက်တွေ့နိုင်ပါတယ်။ သဘောထားကြီးကြီးထားပြီး စိတ်ရှည်သင့်ပါတယ်။

အရင်လို ရထားချိန်လေးတွက်ပြီးထွက်လာရင်တော့ တန်းစီစောင့်နေတဲ့လူအုပ်ကြီးရဲ့နောက်ကျောကိုကြည့်ရင်း ရုံးတက်ချိန်ရောက်သွားပါမယ်။ အစိုးရပြောတာတော့ ဂျပန်ကို မရောက်ဘူးတဲ့ နိုင်ငံသားတွေအတွက် အတွေ့အကြုံသစ်ရစေချင်တယ်လို့ပြောပါတယ်။

သိတဲ့အတိုင်း စင်ကာပူဟာ မထင်မှတ်တဲ့အကြံကောင်းတွေ တော်တော်ထွက်တဲ့ MP ရှိနေတဲ့အတွက် CPF ကိုနောက်တဖြည်းဖြည်းနဲ့သက်တမ်းတိုးပြီး အသက် ၁၀၀ ရောက်မှ ထုတ်ပေးမယ်လို့တောင်သတင်းကြားလာပါပြီ။ စီးပွားပျက်နေရင်းနဲ့တောင် တီမားဆက် အဖွဲ့ကြီးစည်ပင်လာတာကို တော်တော်လေး အံ့သြ၀မ်းသာရင်း ကိုယ့် စီပီအက်ဖ်အတွက် ကိုယ်သာဓုခေါ်ရတယ်လို့သိရပါတယ်။

တက်(က)စီတွေကလည်း ဈေးကြီး...။ ဘတ်စကားကလည်း အတော်ကြီးကြပ်လာပြီး လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုများနေတဲ့အချိန်မှာ MRT ဟာ လူလတ်တန်းစားတွေအတွက် အသုံးအများဆုံးဖြစ်လာပါတယ်။ ထိရောက်တဲ့အကြံပြုချက်ကတော့ နာမယ့်နာ အစိုးရက အနစ်နာခံပြီး။ အစိုးရနဲ့ အစိုးရ မပိုင့်တပိုင် ကုမ္ပဏီတွေကို ရုံးချိန် တစ်နာရီနောက်ဆုတ်ပေးပြီး နာရီဝက်စောလွှတ်လိုက်သင့်တယ်လို့ထင်ပါတယ်။ အစိုးရအလုပ်ဆိုတာတော့ စင်ကာပူမှာလည်း ထူးမခြားနားပါပဲ။ ရုံးမှာ လုပ်နေတဲ့သူတွေအားလုံးက ကိုယ့်အဖေ အလုပ်မှာ လုပ်နေတာမဟုတ်ဘူး ... ဆိုတဲ့မျက်နှာထားမျိုးနဲ့ချည်းပဲ။ ဘာမှမတတ်တာတွေကလည်း သက်တော်ရှည်ကြီးတွေဖြစ်လို့ ရာထူးတွေက အသိဥာဏ်နဲ့ပြောင်းပြန်ကြီးကြီးထွားလို့ပါပဲ။ CEO ဆို ရုံးခန်းထဲမှာ wine celler နဲ့ဘာနဲ့။ အစိုးရအလုပ်မှာ ရာထူးကြီးလေ ဇိမ်ကျလေပါပဲ။

ဒီမိုကရေစီနိုင်ငံတွေထဲမှာတော့ အာလားမား ဒီမိုကရေစီ နိုင်ငံလေးဟာ အတော့်ကိုထူးခြားပါတယ်။ ရထားမှာ ဆေးမှုတ်တဲ့သူကို ကြိမ်ဒဏ်ပေးတာကို နားမလည်နိုင်သလိုဖြစ်မိပါတယ်။

ဒီမိုကရေစီနိုင်ငံမှာ လွတ်လပ်စွာရေးသားခွင့်မရှိတာကိုတော့ အခုတော့ကြားဖူးသွားပါပြီ။ ဟိုတလောက စင်ကာပူအစိုးရရဲ့ သေဒဏ်အကြောင်းစာအုပ်ကိုလာရောင်းတော့လည်း မရောင်းရဘူးဆိုပြီး ပြန်သိမ်းတာခံရပါတယ်။ Performance ပြပွဲတစ်ခုမှာတော့ အစိုးရက မှားယွင်းပြီးသေဒဏ်ပေးတာကို ပြလိုက်တော့ နောက်မပြခိုင်းတော့ပါဘူး။ အဲဒီ case မှာဆို ဆေးရုံတက်ရင်း ရိုးရာဆေးတစ်မျိုးသုံးစွဲတာ ကိုကင်းပါလို့ဆိုလား လူမမာကို သေဒဏ်ပေးလိုက်ပါတယ်။ အာလာမား ဒီမိုကရေစီ .....။

အတိုက်အခံပါတီတွေခမျာ မြန်မာ သတင်းတွေမဖတ်တော့ MRT ကြပ်တာ PAP ကြောင့်ဆိုပြီး မလုပ်တတ်ရှာပါဘူး။ Cambridge နဲ့ ဟားဗက်မှာ မျက်နှာကြီးပြုံးထားဖို့ အချိန်အကြာကြီးသင်လာတဲ့လူကြီးကတော့ သူ့ဘ၀မှာ လိုနေတာတစ်ခုက ခေတ်ကြပ်ကြီးထဲမှာ ဖေကြီးလို မဖြတ်သန်းခဲ့ရတာလို့ပြောဖူးပါတယ်။ လာခဲ့ပါ ...မနက် ရှစ်နာရီခွဲမှာ Eunos ကနေ ရထားလာစီးလိုက်ပါ ... ခေတ်ကြပ်ကြီးထဲမှာ ဖေကြီးလိုဖြတ်သန်းရတဲ့အတွေ့အကြုံမျိုးလိုချင်တယ်လို့ ပြောမနေရတော့ဘူးဖြစ်သွားမယ်။

F T (Foreign Talents) တွေကြောင့်ရထားကြပ်တယ်ဆိုပြီးဖြစ်လာမှာစိုးလို့ အခုတောင် ဗိုက်မှာ အဆီတွေစုနေတာပြန်ချနေပါပြီ။ အခုလို အမျိုးသားနေ့နီးလာတဲ့အခါသမယမှာ .. ရထားတွေ ကြပ်နေတာဟာ စည်းလုံးညီညွတ်မှု ..နွေးထွေးချစ်ခင်မှုနဲ့အတူ ... မာလတီကားချားကို အပြည့်ဝဆုံးဖော်ဆောင်တာများလို့တွေးမိပါတယ်။ 1.952 million in 2009 ဆိုတဲ့ ဂဏန်းအရ တစ်နှစ်တစ်နှစ် စီးနေတဲ့ လူကလည်းမနည်းပါလားလို့တွေးမိပါတယ်။ ၁၉၈၇ ကနေ စပြီး MRT လုပ်ထားတဲ့အတွက် ကိုယ့်ထက် ၅ နှစ်လောက်ပဲငယ်တဲ့ လမ်းကိုကြည့်ပြီး တွေးနေမိပါတယ်။ တွေးနေတာတွေ သိပ်များတော့ ရထားလမ်းနားမှာ ငေါင်တောင်တောင်ဖြစ်လာပါတယ်။ ကြားလိုက်ရတဲ့အသံကတော့ ... This train will terminate in somewhere else somehow. Passengers who are travelling to your destination in time should avoid MRT and take the helicopter instead.

With Regards,
Workers' Party ကိုထောက်ခံသော အတိုက်အခံများတိုက်သည့် ကော်ဖီသောက်သုံးနေသူ။

Notes:
ဂါးမင့် ဆိုတာက Singlish ဖြစ်ပြီး Government ကို အသံဖလှယ်ထားတာပါ။
စင်ကာပူရဲ့ အာလားမား ဒီမိုကရေစီကို အထင်မသေးစေချင်ပါဘူး။ လူပြက်တွေပြောတာကတော့ စင်ကာပူမှာ နိုင်ငံသားတိုင်း ... တန်းတူညီမျှ ... .. (သက်ပြင်းတစ်ချက်ချပြီး) အခွန်ပေးခွင့်ရှိပါတယ်။
:P


Btw,
I accidentally deactivate my FB account and some other comment options. Juz made an accident in purpose :P. Things go around, come around ...



Peace B with U.