Saturday, July 25, 2009

မိဝင်းဖို့ကဗျာ(၃) (ပိုင်စိုးဝေ)

ပိုင်စိုးဝေဆိုတာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်ဆိုတာကို လွန်ခဲ့တဲ့သုံးလလောက်ကမသိပါဘူး ...။ ....
သူရေးထားတဲ့ ကဗျာတွေကို ဖတ်လာရတဲ့အခါမှာ ... ကဗျာရေးချင်စိတ် သုံးပုံ နှစ်ပုံလောက်ခမ်းခြောက်ပါတယ် ...။ ရိုးရိုးလေးနဲ့ ထူးဆန်းနေတဲ့ ကဗျာတွေ ... တိုးတိုးလေးနဲ့ အကျယ်ကြီးကြားအောင်ပြောလိုက်တဲ့ အဖွဲ့လေးတွေကို နှစ်သက်မိပါတယ် ....။

သူဟာ အနှုပညာကျောင်းအုပ်ကြီးလည်းဖြစ်ခဲ့ပါသေးတယ်...။
သူ့သမိုင်းကို တိတိပပ ရေးထွင်းပြီးခဲ့သူတယောက် သူ့စိတ်ကို သူကြိုချက်ပြီး ရေးထားတဲ့ ကဗျာတွေကို ကောင်းတယ် လို့ ကောက်ချက်ချပေးလိုက်ရမှာ အားနာပါတယ် ...။ အထူးသဖြင့် ... ကောင်းတယ်လို့ ပြောမယ့်အစား ... ဦးညွတ်အရိုအသေပေးမိတဲ့ ကဗျာဆရာတစ်ယောက်ပါ ....လို့ပဲပြောချင်ပါတယ် ....။

ကဗျာဆိုတာ ဘောလုံးပွဲတစ်ခုလို ... ကမ္ဘာသုံးဘာသာစကားမဟုတ်လို့ လူတိုင်း နားလည်ခံစားနိုင်ချင်မှ ခံစားလို့ရပါလိမ့်မယ် ...။ ခံစားလို့ရတိုင်းလည်း စိတ်ထဲက လက်ခံချင်မှ လက်ခံမိပါလိမ့်မယ် ...။ လက်ခံလို့ရတိုင်းလည်း စိတ်ထဲမှာ စွဲနေချင်မှ စွဲနေပါလိမ့်မယ် ..။ ဘာပဲဖြစ်ဖြစ် မိဝင်းဖို့ ကဗျာ(၃) ဆိုတဲ့ စာလုံးတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ခုဟာ အလင်းရနံ့တစ်ခု သင်းပျံ့နေတဲ့ အတွက် ဥယျာဉ်ထဲမှာ တခမ်းတနားစိုက်ပျိုးမိခဲ့ပါတယ် ...။

မိဝင်းဖို့ကဗျာ(၃)

အမှန်တရားကို ဝန်ခံဖို့ရာ
မုသားတစ်ဝက်နဲ့ ငါရောက်လာခဲ့တာ
မင်းက ငါ့ကိုထင်နေရော့လား။
ဟေ့ ..မိဝင်း
မင်းက ငါ့ကို အဲသလိုမျိုး
ထင်နေသလား။
လူတချို့ကတော့ ဒါကို
အချစ်လို့ ဆိုကြတာပဲ
ငါကတော့
ငါ့နုပျိုမှုဆီ နောက်တစ်ကြိမ်ပြန်ရောက်လာတဲ့
ငါ့နှလုံးသားရဲ့ အော်သံလို့သာ
ဆိုလိုက်ချင်ရဲ့။
မင်းက
ငါ့အသည်းနှလုံးရဲ့ အလင်းရောင်လေ
မင်းက
ငါ့အိပ်မက်တွေကိုထည့်ပြီး
ထွန်းညှိထားတဲ့မီးအိမ်ငယ်လေးလေ။
မင်းကသာ
စိတ်ပါလက်ပါ ဖြစ်လိုက်စမ်းပါကွာ
တစ္ဆေသရဲတွေနဲ့အတူငါက ပြမယ်

စုန်းမတွေရဲ့ သန်းခေါင်ယံ အစည်းအဝေးပွဲည
အော်ပရာကို ငါလိုက်ပြမယ်
ဒွန်ကွီဇုတ် အကြောင်းငါဖတ်ပြမယ်။
အမှန်တရားနည်းနည်း
အမှားတွေချည်းပဲ သူ့လက်ထဲ
ဆုပ်မိ ကိုင်မိတတ်တဲ့
ဟောဒီ
ညံ့ဖျင်းဖျင်း ကဗျာဆရာတစ်ယောက်အနေနဲ့
ငါ စွမ်းဆောင်နိုင်တဲ့အရာဟာ
ဒါ အကုန်ပဲ လို့တော့မထင်လိုက်ပါနဲ့ကွယ်။
မိဝင်းဖတ်ဖို့ ချစ်ပုံပြင်တွေ
ငါရေးနိုင်သေးရဲ့
သည်အချိန်မျိုးမှာ..ငါဟာ
တဆတ်ဆတ်တုန်ခါပြီး
မှော်ဝင်နေတဲ့ ကဗျာဆရာတစ်ယောက်ပေါ့။
ကဗျာတွေနဲ့
မင့်ကိုအစာကျွေးမယ့်ငါပါ။
သည်အချိန်မျိုးမှာ..ငါဟာ
ဘုရားသခင်နဲ့ဝေးနိုင်သမျှဝေးတဲ့နေရာ
ငါ့ကိုလွှင့်ပစ်လိုက်ချင်ရဲ့။
ရူးသွပ်မှုနဲ့
မင့်ကိုအစာကျွေးမယ့်ငါပါ။
မိဝင်းရေ
ငါ့အိမ်ခေါင်မိုးမှာကပ်နေတဲ့
တောက်တဲ့တစ်ကောင်ဟာလည်း
ငါ့လိုပဲ
ခံစားမှုဝါဒီသမားတစ်ယောက်ပါကွာ
ဒီကောင့်အကြောင်းငါရိပ်မိတာ
ဘာကြာသေးလို့လဲ။
ကမ္ဘာကြီးဟာ တစ်နေ့တခြား
လူသားရဲ့ ကာမရာဂနဲ့
မကောင်းမှုဒုစရိုက်တရားတွေကို
မျိုမျိုချခဲ့ရ
မျိုမျိုချခဲ့ရလွန်းလို့
ငါ့တစ်ကိုယ်လုံးရောင်ကိုင်းနေပြီ
ရောင်ကိုင်းနေပြီ မိဝင်းရေ
ရောင်ကိုင်းနေပြီ..။
ဇာတ်ကောင်များသည်
ခရီးလမ်းဆုံးသို့ရောက်ကြသောခါ
အတိတ်၏သင်ခန်းစာကိုယူပြီ
ကဲ..ဘယ့်နှယ့်လဲ
ငါ့စိတ်အခြေအနေ ငါကိုယ်တိုင်အမြင်မှန်ရ
တစ်နေ့နေ့ကျရင်
သာသနာ့ဘောင်ကိုဝင်သွားလိမ့်မယ်လို့
မင်းက မျှော်လင့်နေသလား။
သွားစမ်းပါ
အနှစ်သာရဟာ
စကားလုံးတွေနဲ့ဝေးဝေး
ထွက်ပြေးနေသလိုမျိုးပေါ့။
အေးစက်ပြီ
အသံမထွက်နိုင်အောင်ဆွံ့အ
ဘုန်းဘုန်းလဲကျသွားသည်ထိ
ငါချစ်နေဦးမှာ။
အပြင်းစားအာရုံတွေ
မီးလောင်နေသလိုမျိုးနဲ့
ငါချစ်ခဲ့
မင်းကိုငါချစ်ခဲ့။
ကဗျာတွေနဲ့
မိဝင်းကို အစာကျွေးမယ့် ပိုင်စိုးဝေပါ။
ဟန်သစ်မဂ္ဂဇင်း

အောက်တိုဘာ၊၁၉၉၃




Peace B with U.