Tuesday, December 29, 2009

The Bottom Billion (အပိုင်း ၂)

အရင်ပို့စ်ရဲ့အဆက်လေးတစ်ခုဆက်ရေးလိုက်ပါတယ်။

ကလေးတွေဖတ်ရမှာပျင်းမှာစိုးလို့ လေးလံတာတွေကို အတတ်နိုင်ဆုံးလျော့ပြီးရေးမယ်လို့ဆုံးဖြတ်ထားတဲ့အတွက် ဒီဆောင်းပါးတွေဟာ ပေါ့တော့တော့ဖြစ်နေပါတယ်။ ... သိပ်လေးပြီး ကလေးတွေမဖတ်ချင်လောက်အောင် ဖြစ်မှာစိုးလို့ အများကြီးပယ်လိုက်ပါတယ်။ ကိုယ်တိုင်လည်း တူတွေ၊တူမတွေရှိတဲ့အတွက် သူတို့ကြီးလာရင် မူရင်းစာအုပ်မဖတ်နိုင်ခင်စပ်ကြားမှာ ဖတ်သင့်တာလေးတွေ ဖတ်စေချင်ပါတယ်။

ကျွန်တော်ငယ်တုန်းက မုံရွေးက စာစဉ်တွေသဘောကျပါတယ်။ သိပ္ပံစာစဉ်လေးတွေ အမြည်းလိုရေးထားတာသဘောကျပါတယ်။ ဘာမဆို အသေးစိတ်မသိရင်တောင် နည်းနည်းပါးပါးတော့သိချင်ပါတယ်။ သိပ္ပံပညာ ဘယ်လောက်တိုးတက်နေပြီလဲ ... Genetic Map တွေအားလုံးစုံသွားရင် ရောဂါအားလုံးကုလို့ရတော့မလား အဲဒါတွေကို စိတ်ဝင်စားပါတယ်။

အခုနည်းနည်း ဖြန့်ခင်းချင်တာက Chapter 7 ။ Aid to Rescue? နဲ့ပတ်သက်တာလေးတွေပါ။ ကယ်ဆယ်စောင့်ရှောက်ရေးအကူအညီတွေ အလုပ်ဖြစ်လား .. မဖြစ်လား .... နည်းနည်းပြောကြတာပေါ့။

လူငယ်တွေအနေနဲ့ ပညာကို Asset တစ်ခုလို့ သဘောထားစေချင်ပါတယ်။ Asset ဆိုတာကို ဘယ်လိုဘာသာပြန်ကြလဲမသိဘူးဗျ။ တစ်ခါတစ်လေ မူရင်းအတိုင်းလောက် မကောင်းတဲ့ ဘာသာပြန်ချက်တွေကို မမှတ်ထားဖြစ်ဘူး။ Assets ဆိုတာ အရင်းတစ်ခုခုပေါ့ဗျာ ...။ မြေ၀ယ်ထားတယ်ဆိုရင် အဲဒီမြေဟာ ပိုင်ဆိုင်မှု အရင်းတစ်ခုပဲ ...။ ဈေးတက်လာနိုင်တယ်။ အသုံးကျလာနိုင်တယ်။ အဲဒီလို တစ်ချိန်မှာ အကျိုးအမြတ်ရနိုင်တဲ့ အရင်း၊ ပိုင်ဆိုင်မှုမျိုးကို Asset လို့ခေါ်ကြပါတယ်။( software ကို အပျော့ထည်လို့ ဘာသာပြန်တာလောက် အူကြောင်ကြောင်နိုင်တာမရှိဘူးလို့ ခံယူတဲ့အတွက် မလိုအပ်ဘဲ ဘာသာပြန်ထားတာတွေကို ဆန့်ကျင်ပါတယ်။) ပညာက ရောင်းစားပေါင်စားလို့တော့ရချင်မှရမယ် ....။ ငိုနေတဲ့ ကလေးအတွက် ဈေးကြီးတဲ့ နို့မှုန့်ဗူးတွေ ဖန်တီးနိုင်ချင်မှဖန်တီးနိုင်မယ် ...။ မနက်ဖြန်စားဖို့ လုံလောက်တဲ့ ငွေကြေးကို အိတ်ထဲမှာ အမြဲပြည့်နေအောင် လုပ်ပေးနိုင်ချင်မှလုပ်ပေးနိုင်မယ်။ ဒါပေမယ့် ပညာသင်တာကို အလကားလို့တော့ ဘယ်တော့မှမထင်ပါနဲ့ ...။ ကျောင်းပညာရေးဟာ ပညာအားလုံးတတ်လာမယ်လို့ အာမမခံထားတဲ့အတွက် သိပ်အများကြီးတော့မမျှော်လင့်ထားပါနဲ့။ အခုဖတ်နေတဲ့ကျောင်းသားဟာ  ပထမနှစ်ဖြစ်ချင်ဖြစ်မယ် sophomores တွေလည်း ဖြစ်ချင်ဖြစ်မယ် ...။ ဒါပေမယ့် ကိုယ်ဘွဲ့ရပြီးရင် ဘာလုပ်မလဲ ဆိုတာကို တွေးထားပါ။ ငါဘွဲ့ရရင် နိုင်ငံခြားသွားမယ်လို့စိတ်ကူးထားတဲ့သူက ဘယ်နိုင်ငံသွားပြီး ဘာလုပ်မယ်ဆိုတာကို တွေးထားပါ။ ကျောင်းဆက်တက်မယ်ဆိုရင် လိုအပ်တဲ့ English စာ အရည်အချင်းအတွက် Toefl နဲ့ IELTS လို သေချာခိုင်မာတာ တစ်ခုခုကို ဖြေဖို့ပြင်ဆင်ထားပါ။ တကယ်တမ်းကြတော့ ကျောင်းတက်ရတဲ့ လေးငါးနှစ်ဟာ ခဏလေးပါပဲ ...။ ကျောင်းပြီးသွားလို့ဘွဲ့ရတဲ့အခါ ပထမဆုံး ကိုယ့်ကိုယ်ကို သတိထားမိတာကတော့ ရေနစ်နေတဲ့ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာမှမကွာပါလားဆိုတဲ့အတွေးပါပဲ။ တစ်ခါတစ်လေ Aid to Rescue ဆိုတာ ကံတရားနဲ့ နှစ်ဦးသဘောတူစေ့စပ်ထားတဲ့ မနက်ဖြန်လှလှလေးတစ်ယောက်ဖြစ်နိုင်သလို ....၊ ကံတရားနဲ့ ကွာရှင်းထားတဲ့ ကံဆိုးမတံဆိပ်နဲ့ ဖုန်းဆိုးမြေ တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဘွဲ့ရအလုပ်လက်မဲ့ဆိုတဲ့စကားလုံးဟာ တကယ်တမ်းမှာ ထင်တာထက်ခါးပါတယ်။ ထင်ထားတာနဲ့ လက်တွေ့ဘ၀နဲ့ ကွာနေတာဟာ ခံစားရခက်ပါတယ်။

အခု Singapore က NTU, NUS နဲ့ SMU ကနေ မြန်မာပြည်က ထိပ်တန်းကျောင်းသားတွေကို ပညာတော်သင် အစီအစဉ်လုပ်နေပြီဆိုတော့ မြန်မာပြည်က ညီ၊ ညီမတွေအတွက် ၀မ်းသာပါတယ်။ တကယ်တန်း တော်တဲ့သူတွေအတွက် ရသင့်ရထိုက်တာ ရနိုင်တာကောင်းတယ်။ ထိုက်တန်တဲ့သူရတာ ကောင်းတယ်။ ကြိုးစားပြီး တစ်ခုမှ မရနိုင်တဲ့နေရာမှာ ကြိုးစားရတာ ဘယ်လောက် ပျင်းစရာကောင်းမလဲ။ အကန့်အသတ်နဲ့လေ့လာရတာကို ဘယ်လောက်တောင်ငြီးငွေ့မလဲ။ ကိုယ်တကယ်သိချင်တာတွေ တကယ်သိအောင် ပြောမပြနိုင်မှန်းသိရတဲ့အခါ ဘယ်လို ခံစားရမလဲ .....။ ဒါတွေကိုပြောတိုင်း ကိုယ်ချင်းစာမိတယ်။ တကယ်လို့ PC မှာ processor ဖြုတ်လဲတဲ့အကြောင်းကို စာကျက်ပြီးဖြေနေရတာဟာ ဘယ်လောက် အဓိပ္ပာယ်ကင်းမဲ့သလဲ ဆိုတာ သိဖို့ကောင်းတဲ့လူတွေ သိစေချင်တယ်။ ကလေးတွေအားလုံး Lab မှာ Processor တစ်လုံးစီတပ်ပြနိုင်ရင် ဒီတစ်ပုဒ်ကို အောင်မှတ်ပေးဖို့ကောင်းတာပေါ့။
 .... အဲဒီအချိန်ကတော့ Aid To Rescue တွေရောက်မလာခဲ့ဘူး။ ... အဲဒီတုန်းက တခါတလေ တွေးမိတယ် .. ငါတို့နိုင်ငံဟာ တလွဲဆံပင်ကောင်းလွန်းတဲ့နိုင်ငံတွေထဲမှာ တစ်ပဲလို့ ....။

နိုင်ငံဆင်းရဲတဲ့အကြောင်းလေး ပြန်ဆက်ပြောချင်ပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာ ထောင်ချောက်လေးခုက ရုန်းမထွက်နိုင်လို့ဆင်းရဲနေတာလို့စာရေးသူကပြောတယ်။ သူပြောတာက Vicious Cycle လိုပဲ ...။ ဆင်းရဲတွင်းက ရုန်းမထွက်နိုင်လို့ ဆင်းရဲတယ်၊ ဆင်းရဲတွင်းက ရုန်းထွက်နေလို့ ပိုပြီးနောက်ကျတယ် ...။ ပိုပြီးနောက်ကျလို့ ပိုပြီးဆင်းရဲတယ် ...။အဲဒီတော့ ဆင်းရဲတွင်းထဲ ...ထောင်ချောက်လေးခုထဲ တစ်ခါထပ်ကျတယ်။ အဲဒါမျိုးကို Vicious Cycle လို့ခေါ်တယ်။ ကျွန်တော်ငယ်တုန်းက သင့်ဘ၀မဂ္ဂဇင်း တစ်အုပ်မှာအဲဒီ Vicious Cycle ကိုအမေရိကန်နဲ့ရုရှနဲ့ သရုပ်ဖော်ထားတာ ဖတ်ဖူးတာလေးကို လက်ဆင့်ကမ်းချင်ပါတယ်။ အမေရိကန်က လေတပ်အင်အားကို တိုးမြင့် ... ရုရှကို ခြိမ်းခြောက်သလို ဖြစ်တယ်လို့ရုရှက ယူဆ ... ရုရှက လက်နက်အင်အားတိုးမြှင့် .... အမေရိကန်က ရုရှရဲ့ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရန် လေတပ်အင်အားတိုးမြှင့် ...။ ... အဲဒါလေးကို မြားလေးတွေနဲ့ဆက်လိုက်ရင် Vicious Cycle လေးတစ်ခုရပါတယ်။ ဥပမာ ...လာဘ်စားမှုကို နှိမ်နင်းရန်အထူးအဖွဲ့ဖွဲ့စည်း... အထူးအဖွဲ့နှင့်ညှိနှိုင်းရန် အရာရှိများ ပိုလာဘ်စားလာ ... အဲဒါကလည်း အဆိုးသံသရာတစ်ခုပါပဲ။

Aid တွေပဲပေးလို့တော့ ဒီဆင်းရဲမှုပြဿနာတွေက မပြေလည်နိုင်ဘူး။
မပြောချင်တဲ့ဥပမာက နာဂစ်(စ်)။ အဲဒါကြောင့် နာဂစ်စ်ကို ကျော်ချပြီး မီးလောင်တာလောက်ကိုပဲပြောချင်တယ်။ကျွန်တော် မီးလောင်တဲ့သူတွေကို လှူတာတွေ့ဖူးတယ်။ ဘယ်လိုလှူသလဲဆိုတော့ တစ်ယောက်စီကို လိုအပ်မယ်ထင်တဲ့ စောင်တွေ၊ အ၀တ်အထည်နဲ့ဆေးဝါးတွေ၊ ရေပုံးလိုအသုံးအဆောင်တွေပေးတယ်ပေါ့ဗျာ။ ရှေ့မှာပေးပြီးရင် အဲဒီနောက်နားမှာ ပြန်ကောက်တဲ့သူတွေရှိတယ်ဗျာ။ ရလာသမျှကို ဈေးပါဖြတ်ထားပြီးသား။ ခွဲပြီးရောင်းရင် ဈေးတောင်နှိမ်သေးသလားတော့ကျွန်တော်မသိဘူး။ သေချာတာကတော့ သူတို့က ငွေလိုချင်တယ် ... အဲဒါကို ပစ္စည်းတွေ ထောက်ပံ့တဲ့အတွက် ပြန်ရောင်းရတယ်။ အမှားအမှန်တွေရွေးရတဲ့ စာမေးပွဲက ဓမ္မဓိဌာန်မေးခွန်းမဟုတ်တဲ့အတွက် ဒီကိစ္စတွေမှာ ဘယ်သူမှားတယ်မှန်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သူတို့လိုနေတဲ့ငွေပဲ တန်းလှူလိုက်တာက ပိုပြီးစိတ်ချမ်းသာစရာ အလှူလေးဖြစ်မယ်လို့ထင်ပါတယ်။ ထမင်းထုပ်ထဲ ငါးထောင်တန်ထည့်ပေးမယ်ဆိုရင်လည်း လမ်းမှာ ကြားက ဖွင့်မဖောက်တဲ့ ကောင်တွေ လက်ထဲထည့်ပေးဖို့ မိုးနတ်မင်းကြီးကိုပဲ အားကိုးရမလိုဖြစ်နေတယ်။ ... လိုနေတဲ့သူနဲ့ ပေးချင်သူကြားမှာ အချောင်လိုချင်တဲ့သူတွေဟာ ညီမျှခြင်းတစ်ခုကို ကြတ်ခြေခတ်လိုက်တဲ့ မျဉ်းတွေလိုပဲ ... အဲဒီလိုလူတွေ လူဖြစ်ရတာ အကုသိုလ်များလိုက်တာ။ နည်းနည်းပေးတာကို ကြားက နည်းနည်းလိုချင်ကြသလို .. များများပေးတာကို ကြားက များများလိုချင်ကြတယ်။ .... ဒုက္ခသည်တွေဟာ စီးပွားရေးလုပ်ပေါက်တွေလို့မြင်နေသရွေ့ ... ဒီကိစ္စဟာ နားလည်ဖို့ခက်ခဲတဲ့ကိစ္စဖြစ်နေဦးမှာပါ။

အီသီယိုးပီးယားနိုင်ငံအကြီးအကဲ ရွှေတွေဝတ်စားပြီး ဓာတ်ပုံတွေဘာတွေရိုက်ထားတာ ငယ်တုန်းက တစ်ခါတွေ့မိတယ် ...။ အီသီယိုးပီးယားဆင်းရဲတာလည်း မဆန်းဘူးလို့တွေးမိပါတယ်။ ဟန်ပြ အလုပ်တွေ များများလုပ်တဲ့နိုင်ငံဟာ ဆင်းရဲတယ်။

2005 July မှာ G8 Summit မှာ အာဖရိကကို အလှူ နှစ်ဆပေးမယ်လို့ဆုံးဖြတ်တယ်။
Summit ဆိုတာက တခါတခါလည်း တောင်ထိပ်၊ တခါတခါလည်း အစည်းအဝေး ... ဘာမှန်းမသည်းကွဲဘူး။ English တွေက စကားလုံးအရှားပါးဆုံးလူမျိုးတွေပဲ။ သူတို့စကားလုံးတွေထဲမှာ ပြင်သစ်နဲ့ လက်တင်ကို နှုတ်လိုက်ရင် Oh My God ဆိုတာပဲကျန်မယ်။ .... G8 ကတော့ ထိပ်သီးနေတဲ့နိုင်ငံတွေဆိုတော့ စတန့်ထွင်တာပေါ့ဗျာ။ တစ်ကျပ်ပေးလို့ သူတောင်းစားက ၀မလာရင် တစ်ကျပ်ကို ထမင်းစား၊ တစ်ကျပ်ကို အားဆေးဝယ်သောက်ဆိုပြီးတစ်နေ့နှစ်ကျပ်ပေးတာပေါ့။ အဲဒီလိုဆန်ဆန်ပေါ့။ သူတောင်းစားဆိုလို့ နှိမ့်ချသလိုဖြစ်သွားမယ်ဆိုတာတွေးမိပါတယ် ...။ သူဖုန်းစားလို့မရေးချင်လို့ပါ ...။ (ဖုန်း(ဖုံး)ထားတာစားရတာ တောင်းစားရတာထက်တောင်ပိုဆိုးနေတယ်လို့ခံစားရလို့ပါ။ ... လူတွေကလည်း သိတဲ့အတိုင်း အရေးကြီးတဲ့ အပိုင်းပဲ ဖုံးကာကြတာမဟုတ်လားဗျာ ...။) Aid တွေပေးတာများသလောက် မအောင်မြင်တာလည်းများပါတယ်။ အခု ၂၀၀၉ ရှိပြီပေါ့ ...။ သိကြတဲ့အတိုင်း အာဖရိကတော့ အာဖရိကပါပဲ ...။ မြောက်ကိုးရီးယားလို ပေးစာကမ်းစာနဲ့ အနုမြူဗုံးမလုပ်ပေမယ့် သူလည်း ဒုံရင်းကနေ သိပ်မထူးလာဘူး ...။ နှစ်ကျပ်ပေးတော့ပေးပါတယ်။ ဒါပေမယ့် အခုန ဗိုက်မ၀တဲ့သူတောင်းစားက ငါးမူးဖိုးလောက်ပဲစားရသေးတယ် ...။ ကျန်တာတွေက ဘယ်ရောက်ကုန်သလဲမသိဘူးပေါ့ ....။တစ်ချို့ခေါင်းဆောင်တွေကလည်း နိုင်ငံ့ခေါင်းဆောင်လုပ်နေပြီး နိုင်ငံနဲ့အတူ လိုက်ဆင်းရဲနေရတာ သိက္ခာကျတယ်၊ ဂုဏ်ငယ်တယ် .... နုံချာသေးနုပ်တယ်ပေါ့ ဗျာ .... ဖခင်သဖွယ်မဟုတ်ပါလားဗျာ ....။ အဖေကြီး ဆိုတော့လည်း အိမ်ပျက်ကြီးထဲမှာ ရွှေအိမ်သာခွက် လိုကောင်းလိုမယ်ပေါ့ဗျာ ...။ အဲဒီလိုပေါ့ ... ။ အာဖရိကပြောပါတယ်။ ဓာတ်ပုံထဲမှာပဲကြည့်ပါလား .. ကလေးတွေပြလိုက်ရင် ပိန်လိန်နေတာပဲ ...။ ခေါင်းဆောင်ကတော့ ဂမ်ဘာရီ ဆိုဒ်တွေနဲ့ ငနဲတွေ ...။

ဒါတွေကို ကျွန်တော်တို့မြန်မာတွေ တန်းခနဲသိတယ်နော် ...။ နိုင်ငံခြားကကောင်တွေ ညံ့တာပြောရဦးမယ်။ သူတို့ သူတောင်းစားကို နှစ်ကျပ်ပေးလို့ ၀မလာတာကို နားမလည်နိုင်ဘူး။ အဲဒီတော့ သူတို့လိုပဲ ဘွဲ့ကြီးကြီးရထားတဲ့ကောင်တွေ တိုင်ကီပုံးထဲ စုစိမ်ကြတယ်။ အဲဒါကို ဘိုလိုတော့ Think tank လို့ခေါ်တယ်။ အဲဒီလိုစုစိမ်လိုက်မှ ... တစ်ကျပ်ပေးတုန်း ကလည်း ဒီလောက်ပဲဝတယ် ....။ ဒီကောင်လွဲနေပြီဟ ... ဆိုပြီးသိကြတယ်။ အဲဒါကို Aid absorption ဘာညာဆိုပြီး နာမည်တပ်လိုက်ကြတယ်။ သူတို့မသိတာ အိမ်ပျက်ကြီးထဲက ရွှေအိမ်သာတွေအကြောင်းပဲ ....။ အာဖရိက မွဲတာလည်းမပြောနဲ့ ....။ လုပ်တာကမှ မဟုတ်တာကိုး။

နောက်ထပ်ရယ်စရာအလွဲတစ်ခုကို ပြောပြဦးမယ်။ စာအုပ်ဖတ်ရင်းနဲ့ရယ်မိတဲ့နေရာလေးပေါ့။ အလှူအဖွဲ့တွေခြင်း ပူးပေါင်းဆောင်ရွက်ဖို့လိုတာကိုပြောတာပါ။ အာဖရိကမှာ အလှူအဖွဲ့နှစ်ခုက မြို့တစ်မြို့ထဲမှာ ဆေးရုံကို အပြိုင်လုဆောက်တယ်တဲ့ ...။ အဲဒါကို ညှိနေတာ နှစ်နှစ်ကြာတယ် ...။ ... အဲဒါကိုက လူများရင် အလုပ်ပြီးမယ်ဆိုတဲ့ အယူအဆကို ချေဖျက်ပြီးသားဖြစ်စေတယ်။ လက်တွေများရင် အလုပ်ပေါ့မယ်ဆိုတဲ့စကားပုံက အဲဒီလက်တွေကို အလုပ်မ မယ့်လက်တွေလို့ အတင်းကာရောယူဆထားရာကြပါတယ်။ တကယ်တမ်းမှာက တစ်ချို့တွေက လှူတာတွေက လှူချင်တာထက် အလှူရှင်ဖြစ်ချင်တာ ပိုများနေတတ်တယ်။ .... အဲဒီလိုပေါတောတော အေဂျင်စီတွေကြောင့် နှစ်နှစ်အတွင်း ဆေးရုံတစ်ရုံ ရနိုင်ခွင့် ဆုံးရှုံးသွားတယ်။ Burma ဆိုတဲ့ တိုင်းပြည်လေးမှာတော့ အထူးသဖြင့် ဂျပန်က ငပုတွေက စစ်ဖြစ်ပြီး နှစ်တစ်ရာကျော်အထိ အကြွေးဆပ်နေပါသေးတယ်။ သာဓု ... သာဓု ... သာဓု ... လို့ သာဓုသုံးကြိမ်ခေါ်ရပါမယ်။ တရုတ်တွေလည်း ကူမင်တန်တွေ ကျူးကျော်ခဲ့တဲ့အတွက် တစ်နေ့နေ့မှာ လူသားချင်းစာနာတဲ့ အီကြာကွေးတစ်ချောင်းစီလောက်တော့ ပို့ပေးဦးမှာပါ ...။ နားလည်မှုအရ ကျွန်တော်တို့ဘက်က ဓာတ်ငွေ့လည်းဘာလေးတော့ လက်ဆောင်ပြန်ပေးမှ လူကြီးလူကောင်းဆန်တော့မှာပေါ့။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်းမှာ နိုက်ဂျီးယားနိုင်ငံဟာ ထောက်ပံ့ကြေး ဒေါ်လာ ၂၈၀ ဘီလီယံယူထားပါတယ်။ ဆင်းရဲတဲ့နိုင်ငံတစ်ခုရှိတာ စီးပွားရေးလုပ်လို့အကောင်းဆုံးပဲဆိုတာ အဲဒီဖြစ်ရပ်က သက်သေပြနေပါတယ်။ ... ဟဲဟဲ ...ဒီနေရာမှာလည်း ပါမောက္ခကြီးကပြောတာက သိပ်အများကြီးပေးတော့လည်း မထူးဘူးတဲ့။ သေချာတာတော့ အဲဒီမှာ ရွှေအိမ်သာအကြီးကြီးတွေရှိနေဦးမယ်ဆိုတာပါပဲ။

ဒီစာကိုဖတ်နေတဲ့သူတွေက အာဖရိကကနေ ထွက်ဖို့စိတ်မကူးထားပါနဲ့ ...။ ပြောနေသမျှက အာဖရိကက ကိစ္စတွေမို့လို့ ... အာဖရိကမှာပဲနေပါ ...။ အခုပြောမှာလည်း အာဖရိကနော် ..မယုံရင် စာမျက်နှာ ၁၀၃ မှာ ပြန်ရှာဖတ်ကြည့်နော်။ စာရင်းတွေအရ ရွှေအိမ်သာတင်မကဘူး ..လက်နက်တွေလည်းဝယ်သတဲ့ ...။ လှူတာက လက်နက်ဝယ်ဖို့တဲ့ ... အံ့ပါရဲ့တော်ဆိုပြီး NGO တွေ၊ IMF တွေက မိန်းမကောင်းရန်တွေ့ဖြစ်ကြရတယ်။ ဒါနဲ့ လွယ်တာတစ်ခုလုပ်လိုက်တယ်။ စစ်တပ်အင်အားကြီးတဲ့ နိုင်ငံတွေ နည်းနည်းပဲလှူကွာတဲ့ ....။ စာမျက်နှာ ၁၀၃မှာနော် ..။ သူတို့ပြောတာက ၄၀ ရာခိုင်နှုန်းကို လက်နက်ဝယ်တယ်တဲ့ ...။ အာဖရိက ... မွဲတာလည်း တာတေကိုလန်လို့ ...။ ဒီလက်နက်တွေရှိရုံနဲ့ အသားလည်းပြန်ဖြူလာမှာမဟုတ်တာကို ... လက်နက်တွေလျှောက်ဝယ်တယ်။ အဒီဘာယောတို့ ... မျက်လုံးစောင်းစောင်းနဲ့ ဒရော့ဘာတို့၊ ၀၀တုတ်တုတ်နဲ့တိုရေးတို့ ...။ အီးတီလိုလို အီတူးတို့ဆီက အခွန်တွေ လှိမ့်ကောက်တာကို ဒီမှာမရေးထားသေးဘူး။ .... ငါတို့တွေဟာ လူမိုက်အားပေးလုပ်နေပါလားလို့ သံဝေဂရသွားတဲ့ အလှူရှင်တစ်ချို့ဟာ ... ကြံကြံဖန်ဖန်တွေ လျှောက်တွေးပြီးလုပ်မိလုပ်ရာတစ်ခုကို လုပ်လိုက်ကြတယ်။

ငမွဲတွေက ပေးတော့လည်းဖြူန်းတယ်ကွာ .... ။ သူတို့ကိုမပေးတော့ဘူး ချေးမယ်။ Loan ပဲရမယ် ...။ Grant ကိုကြတော့ တကယ်ကို Developing ဖြစ်လာနေတဲ့ကောင်တွေကိုပဲပေးမယ်တဲ့ ...။ အဲဒါက သူတောင်းစားခွက်ပျောက်တဲ့အခန်းပေါ့ ...။ ဇာတ်ထဲမှာတော့ မင်းသမီးက လှိမ့်လှိမ့်ပြီးငိုတဲ့အခန်းမျိုးပေါ့။ ... ဘာတတ်နိုင်မှာလဲ ...။ အစမကောင်းတော့ အနှောင်းတွေ ထောက်ပံ့ကြေးမမှန်ဖြစ်ကုန်တယ်။ နူရာဝဲစွဲ လဲရာသူခိုးထောင်း .. မွဲပါတယ်ဆိုမှ ပိုက်ဆံချေးတဲ့သူနဲ့ပဲတွေ့တယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။        ။။။။။။။။။။။။။။။။။။။။။။။။။။။။        ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(တတိယပိုင်း ဆက်ပါဦးမည်...။)

Peace B With U All ...

With Peace,
Zephyr




Peace B with U.

Sunday, December 27, 2009

The Bottom Billion (အပိုင်း ၁)



မနေ့က Boxing Day အထိမ်းအမှတ်အဖြစ် သူငယ်ချင်း သုံးယောက် Orchard လမ်းမကြီးမှာ ချီတက်လမ်းလျှောက်ကြတယ်။ LV အိတ်တွေ ဈေးသိချင်လို့ဝင်မေးမိတယ်။ ၂၀၆၀ ဆိုလို့ ကိုယ်မျက်လုံးဘယ်လောက်အထိ ပြူးလို့ရမှန်းသိသွားတယ်။ မြန်မာပြည်က LV ဆယ်အိတ်လောက် ၀ယ်နိုင်တဲ့ မော်ဒယ်ကိုလည်း ၀ယ်နိုင်ပါပေတယ်လို့ အသိအမှတ်ပြုမိပါတယ်။

ဘာမှမ၀ယ်နိုင်တာတွေ ကြည့်မယ့်အစား ကိုယ်ဝယ်နိုင်တာတွေသွားကြည့်မယ်ဆိုပြီး Borders သွားတယ်။ စာအုပ်တွေအများကြီးထဲမှာ 35SGD ထက်နည်းတာလေးတွေ လိုက်ကြည့်တယ်။ ဂျူးထဲက ဆယ်တန်းကျောင်းသူလေးလို အသိအမြင်ဖွံ့ဖြိုးအောင် The Bottom Billion ဆိုတဲ့ Oxford (အောက်စ်ဖားဒ့်) က ပေါင်မုန့်ဖုတ်ကြီးရဲ့စာအုပ်တစ်အုပ်ဝယ်ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ရလာတာတော့မဟုတ်ပါဘူး။ စာအုပ်သွားရှာတော့ Search မှာ ...။ Economics မှာ လက်ကျန် ၁၆ အုပ်ရှိသေးတယ်လို့တွေ့ပါတယ်။ ထုတ်တဲ့ခုနစ်က မနစ်ကထုတ်တာပါ။ အရောင်းစာရေးမလေးက ခပ်တည်တည်ပဲခေါ်သွားပါတယ်။ ခေါ်သွားတာက Economics ကောင်တာ မဟုတ်ဘဲ Business ဖြစ်နေပါတယ်။ ဒီထဲမှာရှိမယ်ဆိုပြီး စာအုပ် ၅၀၀ ကျော်ပါတဲ့စင်ကြီးကို ခပ်တည်တည်လက်ညှိုးထိုးပြီး ပြန်သွားပါတယ်။ ရှာကြည့်ပါတယ်။ သုံးယောက်စလုံးရှာကြည့်ရင်း မဖြစ်နိုင်မှန်းသဘောပေါက်သွားလို့ စာအုပ်ရှာပေးတဲ့ ကောင်တာမှာ သွားတန်းစီပါတယ်။ အဲဒီကကောင်လေးက သေချာပေါက်သိသလိုနဲ့ စင်အောက်မှာ ကုန်းကုန်းကွကွရှာပါတယ်။ အမှန်က စာအုပ်က စင်ရဲ့ညာဘက် အလယ်တန်းနားမှာပါ။ အင်မတန်မျက်လုံးကောင်းတဲ့ သူငယ်ချင်းက သူ့မျက်လုံးနဲ့ တတန်းထဲလောက်ရှိနေတဲ့စာအုပ်ကို သေချာပေါက်တွေ့သွားပါတယ်။ စာအုပ်ရှာနေတဲ့ကောင်လေးကတော့ ရှာလို့ကောင်းတုန်းပဲ ...ပါးစပ်ကလည်း စာအုပ်ပဲကုန်သွားသလားဘာညာ ပြောနေပါသေးတယ်။ သူရှာနေတာ တွေ့မှလာပေးလို့ပြောပြီး ကိုယ့်ဘာသာကိုယ် အတည်ပေါက်နဲ့လစ်သွားဖို့ကောင်းပေမယ့် အသက်အရွယ်အရ ရှာတွေ့ပြီလို့ပဲ လူကြီးလူကောင်းဆန်ဆန်ပြောရပါတယ်။

ရထားပေါ်မှာ ထိုင်ခုံရတုန်း စာဖတ်ရင်းလိုက်လာပါတယ်။
ဂျူးစာအုပ်ထဲက ကလေးမလေးကို အားကျပါတယ်။ ငါဆယ်တန်းတုန်းက Preface ကို ရှေ့မျက်နှာလို့ထင်တာ သူကတော့နားလည်ရှာသားလို့တွေးမိပါတယ်။ Preface ပြီးတော့ ပိုတောင်လေးစားသွားသေးတယ်။

ဟဲဟဲ ... ဒါက ပေါက်ကရလျှောက်ပြောတာပါဗျာ ....။
အရင်ကတော့ စာရေးတာ လူတွေစိတ်ချမ်းသာဖို့ရေးတာပါ။ ဖတ်ရတဲ့သူက စိတ်ချမ်းသာသွားရင် တန်တာပေါ့ ...။ စိတ်ဆင်းရဲပြီးပြန်သွားရရင် မတန်ဘူးလို့တွေးပါတယ်။ ကိုယ်တိုင်လည်း စိတ်ချမ်းသာတာလေးတွေပဲ ရွေးပြီးဖတ်ဖြစ်ပါတယ်။ ... အခုတော့ အသက်နည်းနည်းကြီးလာတဲ့အတွက် စာရေးတာလူကြီးတွေအတွက်ရေးတာထက် ကလေးတွေအတွက်ပိုပြီးရေးချင်ပါတယ်။ အထူးသဖြင့် အသက် ၁၇ ကနေ ၂၂ နှစ်လောက် ကလေးတွေအတွက်ပါ ....။ ကျွန်တော်ထင်တာတစ်ခုက သူတို့တွေဟာနောက်အနှစ်နှစ်ဆယ်မှာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်လာမယ့်သူတွေပဲ။ ကျွန်တော်တို့လို မြန်မာပြည်အပြင်မှာ ကိုယ့်အလုပ်ကိုယ်လုပ် ... နိုင်ငံက ဆင်းရဲတာ ချမ်းသာတာတွေလည်း သိပ်စိတ်မ၀င်စား။ နိုင်ငံအတွက် တစ်ခုခုပေးဆပ်ဖို့ဘာညာ အဲဒီလိုလည်း စိတ်ကူးမရှိတဲ့သူတွေ အတွက်တော့ ဒီကိစ္စဟာ ကလေးတွေကို လက်ဆင့်ကမ်းလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူတို့ နားမလည်လို့ မဖတ်ချင်တဲ့စာတွေကို တတ်နိုင်သမျှ ဘာသာပြန် သူတို့ဖတ်ဖြစ်ဖို့ကြိုးစား ... သူတို့ကိုမြှောက်ပေး ...အဲဒီလို လုပ်ဖို့ရည်ရွယ်ထားပါတယ်။ ဥပမာ အသက် ၁၇ နဲ့ ၂၂ ကြားကလေးတွေထဲမှာ The Gardener Blog ဖတ်ရင် ကံစမ်းမဲပေးတာတို့ဘာတို့လည်း လုပ်ဖို့စဉ်းစားထားပါတယ်။ NGO မှာလုပ်နေတဲ့လူငယ်လေးတွေကိုလည်းလေးစားပါတယ်။ အသက်ငယ်ပေမယ့် ကိုယ့်လို ခေါင်းမရှောင်တတ်တဲ့ လူငယ်တိုင်းကိုလေးစားပါတယ်။ လူကြီးတွေဆိုတာ သေဖို့ ယုတ္တိကျကျ ပိုပြီး probability များပါတယ်။ လူကြီးတွေအားကိုးနေရင်တော့ အလကားပါပဲ ...။ လူငယ်တွေကတော့ potential များပါတယ်။ သူတို့ဘာသာသူတို့ Punk တွေ၊ Hip_Hop တွေဖြစ်နေပေမယ့် ... သူတို့တွေရဲ့ စိတ်မှာ potential အများကြီးရှိပါတယ်။ အသက်ကြီးသွားတဲ့သူတွေပီပီ ... ကိုယ့်ရဲ့ အသိအမြင်နည်းမှုကိုလည်း မရှက်မကြောက်ဝန်ခံပါတယ်။ ကလေးတွေပဲ အားကိုးရတော့မှာလို့ ခပ်တည်တည်ကြီးပြောလိုက်ပါတယ်။ ကလေးတွေဖတ်ဖို့ရေးထားတာဖြစ်လို့ အဆင်ပြေတဲ့အခါ ကလေးတွေကို ဖတ်ဖို့တိုက်တွန်းစေချင်ပါတယ်။

ကဲပျင်းစရာကြီးတွေကို စလိုက်ရအောင် ...။

စာအုပ်တစ်အုပ်ရဲ့အမှာစာအကြောင်းနဲ့ တခြား ပေါက်ကရလေးတွေပြောမလို့ပါ ...။ အမှာစာ
ရေးတဲ့သူက အောက်စ်ဖားဒ်(Oxford) က ပါမောက္ခပါ ...။ ဒါပေမယ့် စေတနာကောင်းတော့ စာကိုလွယ်လွယ်ပဲရေးပါတယ်။ ကလကတ္တားကပါမောက္ခသာဆိုရင် ဒီလိုရေးချင်မှရေးမယ်ထင်တယ်။

မြန်မာနိုင်ငံကို အက်ဆေးတွေထဲမှာ အားရပါးရ ရေးမိတဲ့ နာမ၀ိသေသနတစ်ခုကို မှတ်မိမလားမသိဘူး ...။
ဘယ်လိုရေးကြသလဲ ....။ ကျွန်တော်ကတော့ ခပ်တည်တည်ကြီး our country is a developing country ... လို့ရေးခဲ့ပါတယ်။ .... တကယ်တမ်းသာ အဲဒီ စကားလုံးဟာမှန်ရင် ဆယ်တန်းဖြေပြီးတဲ့ ၉၉ ကနေ အခု ၂၀၀၉ ကုန်ခါနီး ဆယ်နှစ်ကျော်အတွင်း developed ဆိုပြီးတိန်တိန်မြည်နေဖို့ကောင်းပြီလေ။ ဆယ်နှစ် ...။ အဲဒီဆယ်နှစ်မတိုင်ခင်တုန်းက essays တွေမှာလည်း အဲဒီလိုပဲ ရေးခဲ့ကြသေးတာမဟုတ်လား။ ဆိုလိုတာက ဒီစကားလုံးကို ပြန်စဉ်းစားဖို့လိုပြီဆိုတဲ့အဓိပ္ပါယ်ပေါ့ ...။ ဥပမာ ဘိန်းဖြတ်ခါနီးဘိန်းစား ဆိုတဲ့စကားလုံးကို နောက်ဆယ်နှစ်မှာ အဲဒီလူပေါ့ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ဘိန်းဖြတ်ခါနီးဘိန်းစားဖြစ်ခဲ့တာ အခုအထိပါပဲ ဆိုရင် ..... တခုခုတော့လွဲနေပြီမဟုတ်လား။ ဘိန်းမပြတ်သေးဘူးလား။ သူ့အစီအစဉ်မအောင်မြင်တာတော့ အတိအကျပဲ မဟုတ်လား ....။ လူငယ်တွေကိုပြောချင်ပါတယ်။ developing ဆိုတဲ့စကားလုံးလေးကိုပြင်ပေးဖို့ လူကြီးတွေက အားကိုးနေတာ လူငယ်တွေကိုပါပဲ ...။ ကျွန်တော်တို့ မပြင်နိုင်ခဲ့တဲ့ စာလုံးလေးကို ပြင်ပေးနိုင်မလားလို့ အကူအညီတောင်းတဲ့သဘောပါ။

အဲဒါဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ။
မာလ၀ီနိုင်ငံနဲ့ပဲပြောရအောင်။ ကျွန်တော်ကလည်းမြန်မာပြည်ပြန်ဦးမှာဆိုတော့ မာလ၀ီပဲထားလိုက်ပါ။
သေချာထပ်ပြောတယ်နော်။ မာလ၀ီ ...။ အာဖရိကက နိုင်ငံလေး။ သိပ်ဆင်းရဲတယ်။ လွန်ခဲ့တဲ့ ၃၅ နှစ်ကလည်း ဆင်းရဲတယ်။ အခုလည်းဆင်းရဲတယ်။ နောင်လည်း ... ဟဲဟဲ ... အဲဒီလိုပြောရတာ အားနာပါတယ်။ သူတို့ဘာလို့ဆင်းရဲတာလည်းဆိုတော့ development path ကို မလျှောက်လှမ်းလို့တဲ့ ...။ ဥပမာ ဆိုပါတော့ မြေပုံကြီးရှိပြီး မသွားရင် အချက် ခြောက်ချက် ခုနစ်ချက်ပါပါ ... မရောက်နိုင်ဘူး။ မာလ၀ီနိုင်ငံပြောပါတယ်။ တချိန်က ဆင်းရဲသား အိန္ဒိယ နဲ့ ဆင်းရဲသား တစ်ယောက်ပြည်သူ့သမ္မတ နိုင်ငံတွေထက် ချမ်းသာခဲ့တဲ့ မာလ၀ီ ... (တစ်ယောက်ပြည်သူ့သမ္မတဆိုတာ မှားရေးတာမဟုတ်ပါဘူး ...အမြဲတမ်း one china policy လို့အော်နေလို့ တရုတ်ပြည်သှူုသမ္မတနိုင်ငံမဟုတ်တော့ဘဲ တစ်ယောက်ပြည်သူ့သမ္မတနိုင်ငံလို့ပြောင်းပေးထားတာပါ။) ... အဲဒီမာလ၀ီဟာ အခုတော့ ခေါင်မှာစွဲအောင်မွဲတယ်တဲ့ ...ရေသည်ယောကျာ်းလို ဖွားဘက်တော် တခြမ်းပေါ်နေတဲ့လူတွေများတယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ရပါတယ်။ ဆင်းရဲတာကတော့ ရယ်စရာမကောင်းတာအမှန်ပဲ ...။

တွေးကြည့်ရင် ကမ္ဘာပေါ်မှာ ရှစ်ဆယ်ရာခိုင်နှုန်းက ချမ်းသာကြပြီး နှစ်ဆယ်ရာခိုင်နှုန်း ကဆင်းရဲကြတဲ့အတွက် ..ဆင်းရဲတဲ့နိုင်ငံတွေကသာ ရှားပါးပစ္စည်းလို တန်ဖိုးကြီးနေတယ်လို့ ကြံဖန်ဂုဏ်ယူချင်စရာကောင်းပါတယ်။ ဒါပေမယ့် တလွဲဆံပင်ကောင်းတာလည်း မကောင်းလှပါဘူး။ ဆင်းရဲနေတဲ့ လူနှစ်ဆယ်ကို လူရှစ်ဆယ်ကမထောက်ပံ့နိုင်ဘူးဆိုတာလိုဖြစ်နေပါတယ်။ ... ထင်သလောက်မလွယ်ဘူးလို့ မူရင်းစာရေးသူကပြောပါတယ်။ သူရေးပြတဲ့ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံကြီးထဲမှာ စာလုံးပေါင်းများမှားသလားမသိဘူး ... Burma ဆိုပြီး ပါပါတယ်။ ကျွန်တော်တို့နိုင်ငံမဟုတ်ဘူးထင်ပါတယ်။ ကျွန်တော်တို့က Myanmar တွေပါ။ Myanmar နိုင်ငံမှာနေပါတယ်။ သူတို့ပြောတဲ့ Burma ကတော့ ဆင်းရဲပါသတဲ့ ...။ အလားတူပြဿနာမျိုးရှိတဲ့ပုံပဲလို့ ယူဆပါတယ်။

ကိုယ်ပေါင်ကိုယ်လှန်ထောင်းရတာ အားနာစရာနော် ...။
စာရေးတဲ့သူက အင်္ဂလန်က သားသတ်သမားသားဆိုတော့ ရွှေပြည်ကြီးကို စော်ကားမိတာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်မျိုးသေသင့်ပါတယ်လို့မပြောရင်သူ့ကို ကြိမ်ဒဏ်ငါးဆယ်ပေးသင့်တယ်။ ကျွန်တော်အနေနဲ့ကတော့ ... တစ်သက်လုံးဘေးပြောတာကိုမယုံ ..သွေးပြောတာကို ယုံလာတဲ့ နိုင်ငံသားကောင်းတစ်ယောက်ပီပီ ဒီလို အငြင်းပွားဖွယ်ရာစာတွေကို ဖတ်မိတဲ့အခါ shock ရပါတယ်။ ဟိုတလောကပဲ မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေးအဖွံ့ဖြိုးဆုံး ဖြစ်လာနိုင်တဲ့ ဇုန်ထဲမှာ ခပ်တည်တည်ကြီးပါနေတယ်ဆိုတာကို Weekly Eleven မှာဖတ်ထားတာဆိုတော့ တစ်ခုတော့တွေးမိတယ် ...။ Oxford မကလို့ ဘယ်ကပဲဖြစ်ဖြစ်ပါ ... စာရေးခါနီး သတင်းစာမဖတ်ရင်တောင် Weekly Eleven တော့ ဖတ်သင့်တာပေါ့။ လောလောဆယ် မီးမမှန်သေးတာကို သိပ်ပြီးပြောစရာမရှိပါဘူး။ ဒါကိုက ဒီဇယ် ၀ယ်သုံးနိုင်လောက်အောင် နိုင်ငံက ကြွယ်ဝနေတယ်လို့ ကျွန်တော်လို လူပြိန်းကအစသိနေတာပဲမဟုတ်လား။ တစ်ချို့နိုင်ငံခြားသားတွေသိပ်ခက်တယ်။ London မှာရှိတဲ့ အိမ်ခြေမဲ့ပြဿနာကိုအရင်မရှင်းဘဲ ... ရွှေပြည်ကြီးကို ဆင်းရဲပါတယ်လုပ်နေတာ ဝေသာလီပုဏ္ဏားဆန်တာပေါ့ ...။ ပလာတာ ဒယ်အိုးလောက်မှ ဇောက်မနက်တဲ့ အကြံကြီးက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတယ်လို့ ယုံကြည်လိုက်ချင်ပါတယ်။

ဒီ ပါမောက္ခပြောတာကတော့ Developing countries အချို့တွေဟာ not just falling behind, they are falling apart. ... အဲဒါကိုဖတ်လိုက်မိတော့ စိတ်မကောင်းသလိုလို ...မျက်ရည်တွေပဲဝေ့ရမလိုလို ... အံကြိတ်ပြီး လက်သီးဆုပ်ရမလို ... မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေးလုပ်ပြီး မျက်ရည်တွေပြန်သိမ်းရမလိုလို ... ၀မ်းနှုတ်ဆေးနဲ့ဝမ်းပိတ်ဆေး တွဲသောက်မိသလို မအီမသာ ....ဖြစ်မိတယ်။ ဆုပ်လည်းစူး၊ စားလည်းရူး ပြီး ကိုင်ထားလည်းယား တဲ့ အသီးတစ်ခုခုကို မကိုင်မနေရ ကိုင်ထားရသလိုဖြစ်မိတယ်။ ဘာသာပြန်စရာမလိုလောက်ဘူးလို့ထင်ပါတယ်။ မြန်မာပြည်က ဆယ်တန်းကျောင်းသူလေးတောင် အခုပြောတဲ့စာအုပ်ကြီးဖတ်ပြီးသွားပြီပဲလေ။(ဂျူးစာအုပ်ထဲမှာ ဖတ်လိုက်တာ)။ .... တို့ကတော့ တို့ကတော့ ဆိုတဲ့သီချင်းထဲမှာ ...ဝေးဝေးကနေ ဆုတောင်းပေးမယ် ဆိုတာကိုက ကျွန်တော်တို့ရဲ့လက်သုံးစကားပဲ...။ ဝေးဝေးကနေ မေတ္တာပို့နိုင်တယ်။ မျက်နှာမြင်ရင်သာ ဆဲမိဆိုမိဖြစ်ကုန်တာ။

ဆင်းရဲတာ သန်းတစ်ထောင်ပဲရှိတာ ကျန်တဲ့နိုင်ငံသားတွေက ချမ်းသာကုန်ပြီ။ အနည်းဆုံးရှိသင့်ရှိထိုက်တဲ့ လိုအပ်ချက်တွေ ပြည့်စုံကုန်ပြီဆိုတော့ ကြားရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ရွာလုံးချမ်းသာတော့ တစ်ယောက်တည်းသော သူတောင်းစား ကြီးပွားတာပေါ့ ဆိုတဲ့ အယူအဆကို အရင်ကလည်းမကြိုက်သလို အခုလည်းမကြိုက်ပါဘူး။ ကိုယ့်တိုင်းပြည်ကြီးကလည်း ကံအကျိုးပေးမကောင်းလို့ဆင်းရဲတာဆိုလည်းထားတော့ ...။ ဘုရားသခင်နဲ့မတဲ့လို့ ဒဏ်ရိုက်ထားတာဆိုလည်း အပြစ်မပြောပါဘူး။ ရှိုက်တန်တွေပဲရှိလို့ အလ္လာအရှင်မြတ်က မျက်နှာလွှဲတယ်ဆိုရင်လည်း လက်ခံပေးလိုက်လို့ရပါသေးတယ်။ အခုတော့ ဒီလိုလည်းမဟုတ်ဘူး။ ရှိသင့်ရှိထိုက်တဲ့ ရုပ်ရည်ရူပကာရှိပြီး ..(အချိုးအစားပြေပြစ်ပြီး) ယောကျာ်းမရနိုင်တဲ့ အပျိုကြီးလိုပဲ ကျွန်တော်တို့ နိုင်ငံကြီးဟာ တစ်ခုခု မှားနေတယ်။

ကျွန်တော်တို့ပညာရေးစနစ် ... (၀ါ) တက်သုတ်ရိုက် ခါတော်မီ ဘွဲ့ရ (၀ါ)
စိတ်ဓာတ် စည်းကမ်း ပညာ ကျန်တာ အာပ္ပလာ (၀ါ)
ကျောင်းတွင်ပျော်၍ ... ဘွဲ့တွင်ရစေရမည် ... (၀ါ)
မိဘဆရာပူးပေါင်း ကလေးကျူရှင်ပို့ (၀ါ) ... အဲဒီစနစ်ကလည်း ပြောပလောက်အောင်ဆိုးတာတော့မဟုတ်ပါဘူး။ ကျွန်တော်ဆိုရင် သံလျင်မှာ ငါးနှစ်တိတိ ပညာရည်နို့သောက်စို့လာတာပါ။ ပညာရည်နို့မှာ ဗီတာမင် အစုံအစေ့ပါလားမပါလားတော့ မသိဘူးပေါ့ဗျာ ...။ ဒါပေမယ့် ဒါက ကျွန်တော့်အတွက်တော့ Acceptable ဖြစ်ပါတယ်။ ရသင့်သလောက်တော့ရပါတယ်။ လက်တွေ့နည်းတာကလွဲရင် သီအိုရီပိုင်ပါတယ်။ ဆရာတွေကလည်း သူ့ဘာသာသူ သေချာသင်ကြပါတယ်။ ကျွန်တော်တို့မေဂျာက အိုင်တီပါ။ ဘယ်ပညာယှိက တလွဲ ဘာသာပြန်လိုက်မှန်းမသိလို့ သုတနည်းပညာဆိုပြီး ပေါတောတော ဘာသာပြန်ခံလိုက်ရတာကလွဲရင် တခြားဟာတွေမဆိုးပါဘူး။ အရှေ့တောင်အာရှရဲ့ အစုတ်ပဲ့ဆုံးသော သင်ကြားမှုစနစ်တော့မဟုတ်ပါဘူး။ ကျွန်တော်ရုံးမှာ စလုံးတွေ၊ NUS ကကျောင်ြး့ပီးတဲ့သူတွေကိုလည်းလေ့လာပါတယ်။ သူတို့နဲ့ကျွန်တော်တို့ ကွာတာ တစ်ခုပဲရှိပါတယ်။ သူတို့က ကျောင်းမှာသင်ထားတာတွေကို လုပ်ဖူးခဲ့ပြီး ကျွန်တော်တို့က ကျောင်းမှာသင်ထားသမျှကို စာမေးပွဲမှာဖြေခဲ့ပါတယ်။ အဲဒါကလွဲရင် သူမသာ ကိုယ်အသုဘပါပဲ။ Top Student တွေကတော့ ကိုယ့်ထက်အများကြီးပိုသာကောင်းသာမယ်ပေါ့ဗျာ ...။ ဒါပေမယ့် သာမန် ကျောင်းပြီးပြီးသားလူတွေချင်းယှဉ်ရင် သိပ်မညံ့ပါဘူး။ သိပ်မကွာဘူး။ ဆိုလိုတာကတော့ ကျွန်တော်တို့ရဲ့ပညာရေးစနစ်ဟာ သုံးစားမရတာမဟုတ်ပါဘူး။ Stable မဖြစ်ခင် ဟိုပြောင်းဒီပြောင်းလုပ်တာကိုလျှော့ပြီး လက်တွေ့များများလုပ်ခွင့်ရရင် အတော်လေးကို အဆင့်အတန်းရှိလာမှာပါ။ သေချာတာကတော့ မြန်မာနိုင်ငံဟာ ပညာရေးစနစ် သုညကနေပြန်စရမယ့် အဆင့်တော့မဟုတ်ပါဘူး။ ကျောင်းတွေတောထဲမပို့ရင်တော့ သွားရလာရပိုလွယ်ပြီး စာလုပ်ဖို့အချိန်ပိုရတာပေါ့ဗျာ။ စာကျက်ချင်တဲ့သူကတော့ ကျောင်းကားပေါ်မှာလည်းကျက်လို့ရပါတယ်။ မကျက်ချင်တဲ့ ခပ်ဖျင်းဖျင်းကျောင်းသားတွေကတော့ ပညာရေးစနစ်ကြောင့် ငါတို့ညံ့တာပါလို့ တစ်သက်လုံးပြောနေမှာပါပဲ ...။ အဲဒီလို ပေါတောတောကျောင်းသားမျိုးတွေကိုတော့ အချောင်ခိုတဲ့ကျောင်းသားအဖြစ်သတ်မှတ်ရပါမယ်။ မြန်မာပြည်မှာ လူ့စွမ်းအားအရင်းအမြစ် လုံလုံလောက်လောက်ရှိတယ်လို့ ဘယ်သူ့ကိုမဆိုပြောနိုင်ပါတယ်။ မြန်မာတွေဟာ အထည်ချုပ်အလုပ်သမားတွေလောက်ပဲထွက်တဲ့နိုင်ငံမဟုတ်ဘူးဆိုတာကို ထောက်ပံ့ကူညီတဲ့နိုင်ငံတိုင်းသိဖို့ ကြိုးစားဖို့လိုပါမယ်။

စာရေးသူကပြောတာက ဒီိလိုပါ ...။ အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ(နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးတွေကိုပေါင်ြး့ပီး ပတ်ဝန်းကျင်လို့ပြောထားတာပါ) ဒီလိုနိုင်ငံတွေမှာ ထောက်ပံ့ကူညီရေးဟာ သိပ်မထိရောက်ဘူး။ ဒီနိုင်ငံတွေမှာရှိတဲ့ အေဂျင်စီတွေ ...(ဒီနေရာမှာတော့ စွမ်းအားရင်းမြစ်တွေကို control လုပ်နိုင်တဲ့သူတွေကိုပြောတာပါ ...) ဟာ အသိပညာဗဟုသုတ မရှိလို့ ... ဒါမှမဟုတ် ... အဲဒီအခြေခံလူတန်းစားတွေရဲ့ပြဿနာကို စိတ်မ၀င်စားလို့ဖြစ်နိုင်ပါတယ်။ (အဲဒီဖြစ်နိုင်ပါတယ်ဆိုတာက ကျွန်တော်ပြင်ပေးထားတာပါ။ တကယ်ရေးထားတာကတော့ ဖြစ်တယ်လို့ ဘာသာပြန်ရမယ့်အသုံးမျိုးပါပဲ ...။ ဒါပေမယ့် ဇာတိပုည ဂုဏ်မာနအရ ဘာသာပြန်ရင် ကိုယ့်နိုင်ငံမကောင်းတာမရေးချင်ဘူး။) အဲဒီ အေဂျင်စီတွေဟာ ထူးထွေများပြားတဲ့မူဝါဒတွေနဲ့ ဘယ်လို စုရုံးလုပ်ကိုင်မယ်ဆိုတာကို နားလည်အောင်လေ့လာဖို့လိုပါမယ်လို့စာရေးသူကပြောပါတယ်။ တခါတလေ စဉ်းစားကြည့်တယ်။ လမ်းကူးတာကို တီဗွီမှာ ပညာပေးတာပါ။ ဘယ်ကြည့်၊ ညာကြည့် ... အဲဒီအထိတော့ ဟုတ်ပါတယ် ..ကြည့်ရမှာပေါ့ ...။ မကျေနပ်တာက ဘယ်ပြန်ကြည့်ညာပြန်ကြည့်ဆိုတာပါ။ အဲဒါဆို ခေါင်းကအတော်လေးမူးသွားနိုင်ပါတယ်။ တကယ်လုပ်ကြည့်ပါ။ ဘယ်ကြည့်ညာကြည့်ဘယ်ညာကြည့်ဘယ်ပြန်ကြည့်ညာပြန်ကြည့် လမ်းရှင်းမှကူး ဆိုတော့ ...ဘယ်ညာလှည့်နေတာနဲ့ ခေါင်းမူးတဲ့သူဆိုမူးလဲသွားနိုင်ပါတယ်။ မူဝါဒမှာလည်းဒီလိုပါပဲ။ မလိုတဲ့အပိုတွေ လုပ်တာများရင်ဘာလုပ်ရမှန်းမသိတော့ပါဘူး။ အရင်က ဝေသာလီပုဏ္ဏားထဲမှာ BBC နဲ့ VOA စပါတယ်။ မကြာဘူး RFA ကိုထည့်ပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒါက ပြဿနာပါ။ ပထမမှတ်ထားလိုက်တာက BBC နဲ့ VOA ဟာ မမှန်ဘူး။ အခု RFA လည်းမမှန်ဘူး။ တချိန်မှာ သတင်းစာဟာ မမှန်ဘူးလို့ ပါလာဦးမလားဆိုတာကို တွေးမိပြီး ကျွန်တော် ဘာကိုယုံရမှန်းမသိတော့ဘူး။ အဲဒီကတည်းက သတင်းစာမဖတ်ဖြစ်တော့ဘူး။ ဒါက အသေးအဖွဲတွေပါ ...။ အခုဆိုရင် ဆန်တွေကို အာဖရိကကိုရောင်းတယ်။ မူဝါဒက အသားမည်းတဲ့သူတွေကို ဆန်ရောင်းမယ်ဆိုပါတော့ ...။ တစ်ချိန်မှာ တရုတ်ကို ဆန်များပို့လိုက်လို့ကတော့ ကျွန်တော့်အတွက်တော့ဒုက္ခ ...။ အသားမည်းတဲ့ ပေါင်ချိန်လို တရုတ်တွေအတွက် တင်ပို့တာလို့ ခါတော်မီ ယုတ္တိဗေဒတစ်ခုကို တပ်ဆင်ရဦးမှာပဲ။

ကျွန်တော်က ဖြစ်နိုင်ရင် မြန်မာနိုင်ငံကို ဆင်းရဲမွဲတေ အသုံးမကျပြောတဲ့ ပညာတတ်တိုင်းကို ဆွေးနွေးငြင်းခုံလိုတဲ့သတ္တ၀ါအမျိုးအစားထဲမှာ ပါပါတယ်။ မင်းတို့ထင်သလောက်တော့ မဆင်းရဲပါဘူးကွာ .. LV ဆယ်အိတ်ဝယ်ထားတဲ့မော်ဒယ်ရှိပါတယ်ကွ .. အစရှိသဖြင့် .. ပေါက်ကရတွေပြောပြီး နိုင်ငံဘက်က ကာကွယ်တတ်တဲ့ မျိုးချစ်တွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် ပညာပိုတတ်လာတဲ့သူတွေကတော့ စကားပြောရင် စာရင်းဇယားပါလာတော့ ငြင်းရပိုခက်လာပါတယ်။ အခုပါမောက္ခကလည်း အာဖရိကမှာ အကြာကြီးအလုပ်လုပ်ခဲ့တဲ့သူပါ။ သူပြောတာကတော့ အဲဒီလို developing လို့ အားနာပါးနာ ခေါ်နေရတဲ့ အမှန်ခေါ်သင့်တာက (failed in developing, so-called developing ) နိုင်ငံတွေမှာ ဘာလို့ သူတို့က developing ဖြစ်လာနေတဲ့နိုင်ငံတွေနဲ့မတူတာလည်းဆိုတဲ့အချက်က လက်သည်ရှာမတွေ့ဘူးဖြစ်နေတယ်တဲ့။ ... ဒါကိုဖတ်မိတော့ ဒီပါမောက္ခကလည်း မြန်မာ ဘလော့ခ်လေးဘာလေးဖတ်မှပေါ့လို့တွေးမိတယ်။ အဲဒါဆို သူ လက်သည်ရော၊ ၀မ်ဆွဲပါ ရှာတွေ့သွားပြီး၊ ကံကောင်းရင် OG ကြီးရဲ့နာမည်လေးပါ သူသိခွင့်ရတော်မူနိုင်သေးတယ်လေ။ အခုတော့ သူမသိပါဘူးတဲ့။ မသိတော့လည်း မေတ္တာပို့ပေးရမယ့် လူစာရင်းနည်းတာပေါ့လို့ မဟားတရားအကောင်းမြင်လိုက်မိပါသေးတယ်။

တခါတလေ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့စကားပုံကို သေချာတွေးကြည့်တယ်။
ရှဉ့်ကရော ပျားတွေကို နားလည်ပေးမှာလား။
ပျားကရော ရှဉ့်ကို လျှောက်ခွင့်ပေးပါ့မလား။
စကတည်းက ရှဉ့်မရှိမှ အဆင်ပြေမယ်။
ပျားတွေကို ... စသဖြင့် တွေနဲ့ နှိပ်ကွပ်ထားမှ တန်ရာကြမယ်။ ဒီပျားတွေက ဝေးဝေးရောက်ရင် တ၀ီဝီပိုအော်တယ်။ နီးနေတုန်း ဆွဲစိမှ ...။ အဲဒီလို မတွေးဘဲ ... ရှဉ့်အတွက်ရော ပျားအတွက်ပါ အဆင်ပြေလောက်တဲ့ Common Ground ကနေစသင့်တယ်လို့ပဲထင်တယ်။ Common Ground မရှိဘူး ချကွဆိုတဲ့ အယူအဆနဲ့ အဟိံသ အစွန်းရောက်လမ်းစဉ်တွေအလုပ်မဖြစ်ခဲ့တာ အနှစ်နှစ်ဆယ်ရှိပါပြီ။ အလုပ်ဖြစ်တာပဲပြောကြရအောင်။ ကင်ဆာရောဂါမှာ မပျောက်ပေမယ့် ဆက်မကြီးထွားအောင်ထိန်းထားလိုက်တယ်ဆိုတာမျိုးရှိတယ်။ တစ်ချို့ကိစ္စတွေက ထိန်းထားတာကနေစသင့်တယ်။ လက်ညှိုးထိုးပွဲတွေဟာ အဖြေမထွက်ဘဲ ရန်ပွဲနဲ့ပဲအဆုံးသတ်လိမ့်မယ်။ စင်ကာပူရဲ့ ရွှေရည်စိမ် ဒီမိုကရေစီကိုကြည့်ပါ။ စင်ကာပူလူမျိုးတွေ ... အစိုးရကို ကြိုက်လား ... မကြိုက်ကြတာများပါတယ်။ Minister Mentor ကို လခ သန်းနဲ့ချီပေးရတာ မကြိုက်ပါဘူး ...။ စီးပွားရေးအဆင်ပြေအောင် လုပ်ပေးနိုင်တော့ အဲဒါကို ဘယ်သူမှ အရေးမစိုက်တော့ပါဘူး။ သူတို့ ခေါင်းအတွက် နည်းနည်းပေးစားလိုက်ပါတယ်ဆိုတာမျိုးလက်ခံလိုက်ကြပါတယ်။ ခေါင်းရှိတဲ့သူတွေအတွက် ခေါင်းက နည်းနည်းရောင်းစားလို့ရတယ်။ ခေါင်းမရှိတဲ့သူကြတော့ ဘာရောင်းမလဲ ...။ ဒီမေးခွန်းက တော်တော်စိန်ခေါ်တဲ့မေးခွန်းပါ ...။ ခေါင်းရှိတဲ့သူတွေကို မြှောက်ပေးလိုက်ရင် ခေါင်းရှိတဲ့သူတွေက အများကြီး လုပ်နိုင်ပါလိမ့်မယ်။ မြန်မာတစ်နိုင်ငံလုံး သူငယ်တန်းဆရာမက အစ phD ဖြစ်လာတဲ့အခါ phD ဆိုတာ သူငယ်တန်းစာသင်တဲ့ ဆရာလို့ အယူလွဲသွားနိုင်တဲ့ မလိုအပ်ဘဲ mass production လုပ်နေတာကို ခေါင်းရှိတဲ့သူတွေမလုပ်ပါဘူး။ ကျွန်တော့်ဘကြီးရဲ့ရှေ့သွားတွေ ကျိုးသွားရတာ မာကျောတဲ့အရာဝတ္ထုကိုကိုက်မိသောကြောင့်ဖြစ်ကြောင်း သက်သေပြရုံနဲ့ phD မရသင့်ပါဘူး။ မြန်မာနိုင်ငံမှာ phD ရနေတဲ့သူတွေအတန်းထဲမှာ Roll 1 to 5 လောက်ရခဲ့ရင် ဒါကို အကျယ်ချဲ့ပြီးမပြောပါဘူး။ တစ်ချိန်ကြမှ မင်းဘာကောင်လဲ ငါဘာကောင်လဲတွေဖြစ်ကြရရင် ကိုယ့်အရှက် ကိုယ်ခွဲသလိုဖြစ်နေမှာစိုးလို့ပါ ....။ Selected Few ထဲမှာ ဘယ်နှစ်ယောက်ကို နိုင်ငံက ပြန်ရလိုက်သလဲ ဆိုတဲ့မေးခွန်းဟာ ခေါင်းရှိတဲ့သူတွေအတွက်ပါ။ ပညာရေးစနစ်အတွက် အချိန်ပေးဖို့ ဘယ်လောက်လိုသလဲဆိုတာ သင်ရိုးတွေ မပြင်ခင် အရင်ဆုံးလေ့လာသင့်တဲ့အချက်ပါ။ ခေါင်းမရှိတဲ့အလုပ်တွေများများလုပ်တဲ့နိုင်ငံဟာ ဆင်းရဲတတ်ပါတယ်။ ကျွန်တော်ကတော့ ဆင်းရဲတာပပျောက်တာ မပပျောက်တာထက် ပေမီဒေါက်မီ ပညာတတ်တွေမွေးထုတ်ဖို့ ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ရေနစ်သေဆုံးမှုများတဲ့နေရာမှာ ကယ်ဆယ်ရေးဟာ ရေတိုနည်းစနစ်ပဲဖြစ်ပြီး ရေကူးသင်ပေးဖို့နဲ့ ခိုင်ခံ့တဲ့လှေသင်္ဘောတွေ ပံ့ပိုးနိုင်ဖို့ဟာ ပိုအရေးကြီးပါတယ်။ ရေရှည်မှာ ပညာတတ်တွေဟာ ပညာတတ်တွေအလုပ်ကိုလုပ်ပါလိမ့်မယ်။ ပညာတတ်တွေကို သူ့လောက် မကျွမ်းကျင်တဲ့သူတစ်ယောက်က လာရောက်အားပေးတယ်ဆိုတာမျိုးပဲဖြစ်သင့်ပါတယ်။ လိုအပ်သည်များ ... စသဖြင့် မဖြစ်သင့်ပါဘူး။ အနည်းဆုံးတော့ မာလ၀ီမှာတော့မဖြစ်သင့်ဘူးပေါ့လေ။ ဟဲဟဲဟဲ ....။

To build a unity in purpose, thinking need to change, not just within the development agencies but among the wider electorates whose views shape what is possible. Without an informed electorate, politicians will continue to use the bottom billion merely for photo opportunities, rather than promoting real transformation.

ဟုတ်သလိုလိုပဲနော် ...။ ဒီလိုကိစ္စမျိုးရှိသလားလို့ စာရေးသူကို ပြန်မေးချင်ပါတယ်။ (ကြုံတုန်း ဂျူးစာအုပ်ကိုဝေဖန်သွားတဲ့ ငနဲလေးတွေကိုလည်း ဒီစာအုပ်ကိုပါ ဆက်ပြီးဝေဖန်ပါလို့ အကြံပြုပါတယ်။ )

အာဖရိကမှာတော့ စစ်တပ်အသုံးစရိတ်တွေထဲကို တစ်ချို့တစ်ဝက်ရောက်ကုန်းပြီးကျန်တဲ့ထောက်ပံ့ကြေးတွေဟာ ကမ္ဘာ့တိုက်ကြီးများကို ရောက်ခဲ့ဖူးလေကုန်သတည်းတဲ့ ...။ အာဖရိကက ယုံကြည်စရာမကောင်းတဲ့ နိုင်ငံလေးတစ်ခုမှာတော့ ဒီလိုဖြစ်လို့မွဲနေတာဖြစ်မယ်။

ဟိုရောက်ဒီရောက်ဖြစ်နေတာတွေစုပြီးပြန်ချုံ့ရရင် ...
၁။ ဆင်းရဲမှုဇယားရဲ့ အောက်ဆုံးမှာရှိနေတာ လူသန်းတစ်ထောင်လောက်ပဲ။
အဲဒီလူတွေကလည်း တစ်သက်လုံးဆင်းရဲနေမှာမဟုတ်ဘူး။
၂။ လုပ်နည်းကိုင်နည်းမှားနေသေးလို့ မတိုးတက်သေးတာ။ တိုးတက်လာတာနဲ့ချက်ချင်း ချမ်းသာလာနိုင်တဲ့နိုင်ငံတွေဖြစ်နိုင်တယ်။
၃။ ကိုယ့်နိုင်ငံအတွက် ကိုယ်မှမလုပ်ရင် ဘယ်သူမှမလုပ်ပေးဘူး။
၎။ ကိုယ်ပညာတတ်ဖို့ဟာ ကိုယ့်တာဝန်ဖြစ်တယ်။
၅။ ကိုယ်လုပ်နိုင်တာကိုယ်လုပ်ပြီး ကိုယ်မလုပ်နိုင်တာကို အာမချောင်တာဟာ အကောင်းဆုံးကူညီတာဖြစ်တယ်။
၆။ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာပြည်ကို ပိုင်ဆိုင်တယ်။ (ငါတို့နိုင်ငံက Myanmar ၊ Burma မဟုတ်ဘူး ... Burma ကဆင်းရဲတယ်။)
၇။ တကယ်လို့ သင်ဟာ နိုင်ငံအတွက် တစ်ခုခုလုပ်လို့ရတာ လုပ်မယ်ဆိုရင် ဘာလုပ်ချင်သလဲ ဆိုတဲ့မေးခွန်း ...။

အဲဒီ ၇ ချက်ကိုပဲ ပြောချင်တာပါ။ ကျန်တာတွေကတော့ လမ်းချော်သွားတာတွေဖြစ်နိုင်ပါတယ်။

အဆုံးအထိ ဖတ်ဖြစ်တဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။


ခင်မင်စွာဖြင့်
Zephyr


Notes:

လူငယ်တွေအတွက် စာရေးဖို့ရွေးချယ်လိုက်တာကို ပျော်ရွှင်ပါတယ်။ တစ်နေ့နေ့မှာ သူတို့တွေဟာ ဒီစာတွေကိုဖတ်ရပြီး တစ်ခုခု အကျိုးပြုတာတွေလုပ်ဖြစ်လိမ့်မယ်လို့လဲ အခုကတည်းက ယုံကြည်ပါတယ်။ ဘ၀တိုတိုလေးထဲမှာ လူတွေကို မုန်းနေရတာတွေမရှိချင်ပါဘူး။ မကောင်းတဲ့သူလည်း သူ့ကတိနဲ့သူ့လားရာသူသွားပါစေ။ ကောင်းတဲ့သူတွေလည်း ကိုယ်လုပ်နိုင်သလောက် လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ဘ၀မှာ အဓိပ္ပာယ်ရှိတာတွေပဲလုပ်ဖို့ အားပေးတဲ့အမေ၊ NGO စော်နံတာတွေရေးတဲ့ ဆရာမဂျူး နဲ့ စာအုပ်ဝယ်ဖို့ ခြေထောက်ညောင်းခံ၊ ခေါင်းကိုက်ခံ လိုက်ပေးတဲ့ TT နဲ့ YM ကိုကျေးဇူးတင်ပါတယ်။

လူငယ်တွေအတွက်ဆိုလို့ ဖတ်ဖို့အားခဲနေတဲ့မဒါလည်း အသက် ၁၇ နှစ်မပြည့်သေးလို့ ဖတ်လို့မရကြောင်းအကြောင်းကြားပါတယ်။

အဆစ်ပြောချင်တာကတော့ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးတစ်ခုအကြောင်းပါ။

စိတ်ပညာမှာ ကိုယ်အဆင်မပြေရင် ကိုယ့်ထက်ပိုပြီး အဆင်မပြေတဲ့သူတွေကို ကြည့်ပြီး အားတင်းရတယ်ဆိုတာကို ဆရာအော်ပီကျယ်က ကာတွန်းဆွဲတာပါ။

ကာတွန်းထဲမှာ လူတစ်ယောက်က အဆင်မပြေလို့စိတ်ညစ်နေတော့ သူ့သူငယ်ချင်းက ပြောတယ်။ ကိုယ့်ထက်ပိုပြီး အဆင်မပြေဖြစ်နေတဲ့သူတွေကြည့်စမ်းပါ ကိုယ်ကတော်ပါသေးတယ်လို့တွေးပေါ့လို့ပြောပါတယ်။

အဲဒီတော့ စိတ်ညစ်နေတဲ့သူက အဲဒါပိုဆိုးတာပေါ့ကွ .. ငါ့လောက်အဆင်မပြေဘဲပိုဆိုးနေတာတွေက ငါ့အမျိုးတွေပဲဖြစ်နေတယ်တဲ့။

မြန်မာနိုင်ငံအကြောင်းမပြောဖြစ်တာက ကိုယ့်ထက်ပိုပြီးအဆင်မပြေတာက ကိုယ့်အမျိုးတွေဖြစ်နေတတ်လွန်းလို့ပါ။ .... လူတစ်ယောက်ကို ဖြစ်ဖြစ် အဖွဲ့အစည်းကိုဖြစ်ဖြစ် ထိခိုက်နစ်နာစေချင်တဲ့စိတ်လည်းမရှိပါဘူး ...။ အားလုံးအဆင်ပြေစေချင်ပါတယ်။ ရဟန်းမဟုတ်ဘဲ လူဝတ်လဲတယ်ဆိုတဲ့သတင်းတွေ ကျွန်တော်ဘာမှစိတ်မ၀င်စားပါဘူး။ လူကောင်းလူဆိုးကို ပိုင်းခြားတာဟာ သူ့ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ ကောင်းတာကို လုပ်နေတဲ့အခိုက်မှာတော့ ဘယ်သူမဆိုလူကောင်းပါပဲ။ စိတ်ကောင်းနဲ့လုပ်လိုက်တဲ့ အလုပ်ကောင်းတွေကြောင့် လူကောင်းဖြစ်နိုင်ပါတယ်။

တချိန်မှာ ... အထူးသဖြင့်သေခါနီးအချိန်တွေမှာ ကိုယ်လုပ်ခဲ့တာတွေအတွက် နောင်တမရဘဲ စိတ်အေးလက်အေးသေခွင့်ရချင်တာ လူတိုင်းပါပဲ။ ... သေချာတာကတော့ ကိုယ်ပြုသောကံ ပဲ့တင်သံ ... ကိုယ့်ထံပြန်လာမည်...... ဆိုတာပါပဲ ....။

အပိုင်း ၁ လို့တပ်ထားလိုက်ပါပြီ ...။ ဆက်ရေးထားတာတွေ အဆင်ပြေတဲ့အခါ တင်ဖြစ်ပါမယ်။
31 ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ခွင့်ယူခါနီး .... အလုပ်လက်ကျန်တွေ ရှင်းနေရတဲ့အတွက် ... အခုလို ပို့စ်တိုတိုလေးတွေရေးနေရတာ နားလည်ပေးကြပါ ....။



Peace B with U.

Friday, December 18, 2009

Know Thyself

မနေ့က သူငယ်ချင်းတစ်ယောက် မြန်မာပြန်တုန်း ၀ယ်လာပေးတဲ့ ဆရာမဂျူးရဲ့ .. သူမင်းကို ဘယ်တော့မှ (ဖရဲသီးမကျွေးဘူး) ဖတ်ဖြစ်တယ်။ စာအုပ်နာမည်က သူမင်းကို ဘယ်တော့မှ ပါပဲ ...။ ဒါပေမယ့် ပုံထဲက ကလေးလေး ဖရဲသီးစားနေပုံက အဲဒီလိုဖြစ်နေပါတယ်။ ကိုယ်တစ်ယောက်တည်း ဒီလိုထင်တာမဟုတ်ပါဘူး ...။ ဝေမှုးသွင်ရေးတဲ့ စာအုပ်တစ်အုပ်မှာလည်း သူမင်းကို ဘယ်တော့မှ ဖရဲသီးမကျွေးဘူးလို့ ရေးထားပါတယ်...။ ပုံရဲ့ဆွဲဆောင်မှုကြောင့် ဖြစ်ပါလိမ့်မယ်။ :)

ဆရာမဂျူးဟာ .... မြန်မာနိုင်ငံကို Living Together ဆိုတဲ့ စာပေကို မိတ်ဆက်ပေးခဲ့တယ်လို့ ပြောရပါမယ်။ ဆရာမဂျူး ပထမဆုံးရေးခဲ့တဲ့ အမှတ်တရ ဆိုတဲ့ လုံးချင်းဝတ္ထုမှာ ဂစ်တာတီးတဲ့ ဆရာဝန်မလေးနဲ့ ဖဲရိုက်တဲ့ ဆရာဝန်လေး တို့ ...(အော် ဆရာဝန်တွေ ..ဆရာဝန်တွေ ...) အိမ်ပိစိလေးမှာ နေကြရတဲ့အကြောင်း၊ ဆရာဝန်မလေးက ကျွန်တော်လည်းတီးတတ်တဲ့ သီချင်း( တစ်ချို့တွေနေနိုင်လွန်းတယ် ဆိုတဲ့သီချင်း)ကို ဂစ်တာလေးတီးပြီးဆိုနေတတ်တဲ့အကြောင်း ... ။ ... အစပိုင်းမှာ သိပ်လှတဲ့ ဇာတ်လမ်းလေးတစ်ခုပါ ...။ နောက်တော့ .... ဂျူးစတိုင်အတိုင်း .... ပြတ်ပြတ်သားသား ဖြစ်အောင် ဖဲရိုက်တဲ့ဆရာဝန်လေးက ခပ်တုံးတုံးကောင်မလေး (...ပိုချောသည်ဟုယူဆပါ) ... ကို ယူလိုက် ....။ ... သိပ်တော်လွန်းလို့ လက်မထပ်နိုင်ဘူးဆိုတဲ့ ခပ်ဆန်းဆန်းအယူအဆကို တင်ပြ ....။ နောက်ဆုံးခန်းက ရင်နာစရာအကောင်းသား ....။ အတိတ်တွေကို မမေ့နိုင်တဲ့ဆရာဝန်မလေးနဲ့ အတိတ်တွေကို မေ့နိုင်တဲ့ ဆရာဝန်လေးတို့ ...အတိတ်က အိမ်ငယ်လေး တစ်လုံးဆီမှာ ....။ အဲဒါက သင်္ကေတ ၀ါဒီတစ်ယောက်အတွက်ဆိုရင်တော့ ကီးပွိုင့်က အိမ်လေးပဲ ...။ အိမ်လေးမှာ .. ချစ်သူတွေရှိခဲ့ကြတယ် ...။ အိမ်လေးမှာ ချစ်သူတွေ လမ်းခွဲခဲ့ကြတယ် ...။ အိမ်လေးမှာ ... နာကျင်နေတဲ့စိတ်တွေနဲ့ နောက်ထပ်တစ်ခါ ပြန်ဆုံတွေ့ကြတယ် ....။ အထားအသိုမှားတာလား ....။ အယူအဆကွဲပြားတာလား ...တစ်ခုခုပေါ့ လေ ...။ .... ဇာတ်လမ်းလေးက ခပ်ညံ့ညံ့ယောကျာ်းတွေ ရှိတယ်ဆိုတာကို မီးမောင်းထိုးပြသလို ခပ်ထက်ထက် အမျိုးသမီးတွေရှိကြောင်းကိုလည်း တပ်လှန့်လိုက်သလိုဖြစ်စေတယ် ....။အဲဒီစာအုပ်က စင်ကာပူမှာတစ်အုပ်၊ မြန်မာပြည်မှာတစ်အုပ်ရှိနေလို့ .. ဂျူး ခရေဇီများရှိရင် အလကား ငှားပေးနိုင်ပါတယ်။ မြန်မာပြည်မှာကတော့ ဖိုတို ကူးထားတဲ့စာအုပ်ပါ။ အခုစာအုပ်ကတော့ နောက်တစ်ကြိမ်ပြန်ထုတ်တာပါ ....။ အသိအကျွမ်းတွေဆို အလကားပေးမလို့ အခုအထိ သိမ်းထားဖြစ်ပါတယ်။

ဂျူး စာအုပ်တွေကို သိပ်ကြိုက်ပါတယ်။
အများကြီးလည်းဝယ်စုထားပါတယ်။ အိမ်မှာ ကျန်ခဲ့တဲ့ စာအုပ်ပုံးထဲမှာ တော်တော်လေးကို သစ်သစ်လွင်လွင်ရှိနေဦးမှာပါ။ ဂျူးရဲ့ မောင်နဲ့ကျွန်မ ဆိုတဲ့အသုံးအနှုန်းဟာ ..ယခု အသက် ၃၄ နှစ်အရွယ်တွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဝိဇ္ဇာကာတွန်းရေးတဲ့ ဗျူးဆိုတဲ့ လူကလည်း ဂျူးရဲ့ စတိုင်ကို ခိုးပြီး ရေးရာကနေ တော်တော်လေး အဆင်ပြေသွားတာတွေ့ရပါတယ်။

ဂျူးရဲ့ အစဉ်အလာတွေကို အားလုံးသိကြပါတယ်။ ဂျူးဟာ စာရေးတဲ့အခါ အကြောင်းအရာရော၊ တင်ပြပုံကိုပါ .. သိပ်အလေးအနက်ထားပါတယ်။ အခုနောက်ဆုံးဖတ်ခဲ့တဲ့စာအုပ်နဲ့ပတ်သက်ပြီးပဲနည်းနည်းပြောချင်ပါတယ်။

ဒီစာအုပ် (သူမင်းကို ဘယ်တော့မှ ...) ကို တစ်ချို့လည်းမကြိုက်ကြပါဘူး ...။ NGO စော်နံတယ်တဲ့ ....။ ဟဲဟဲ ... NGO စော်နံတယ်ဆိုတာက ကျွန်တော်ပြင်ပေးထားတာပါ ...။ သူတို့ပြောတာက ၀တ္ထုမဆန်ဘူးတဲ့ ....။ အ၀တ္ထုဆန်တယ်လို့ပြောတယ်ထင်ပါတယ်။ တစ်ချို့ငနဲတွေက တကယ်တော့ ဂျူးတို့ လုပ်နေတဲ့ စီးပွားရေးမှာ အလုပ်သမားလုပ်ပြီး ဘလော့ခ်မှာတော့ ဂျူးဟာ ဘာဖြစ်တယ် ..ညာဖြစ်တယ် ... ဒီလိုရေးတာ ပရိတ်သတ်ကို စော်ကားလိုက်တာ (ဟိုက်ရှားဘား ....) စသဖြင့် ပြောပါတယ်။ ဒီနေရာမှာတော့ ပြောစရာရှိသွားပါပြီ ...။ ဂျူးစာအုပ်ကို ဖတ်လာတာ ဆယ်နှစ်ကျော်ပါပြီ ...။ အမာခံပရိတ်သတ်စစ်စစ် တစ်ယောက်အနေနဲ့ ... မဖတ်ရသေးတဲ့စာအုပ်နဲ့ပတ်သက်ပြီး ၀င်မငြင်းဖြစ်ခဲ့ပေမယ့် အဲဒီတုန်းကတော့ ဂျူးဟာ ဒီလောက်ညံ့တဲ့စာတော့မရေးဘူးလို့ယုံကြည်ပါတယ်။ တကယ်ဖတ်ကြည့်တဲ့အခါမှ ... ဆရာ့ဆရာကြီးတွေ စာမဖတ်တတ်ပါလားလို့ သိသွားပါတယ်။ ဒီစာအုပ်ကို ဖတ်တဲ့သူဟာ ... အနည်းဆုံး လူသားချင်းစာနာတဲ့စိတ်ထားရှိမယ်ဆိုရင်တောင် ...အဲဒီလိုတောပြောတောင်ပြော ...မပြောလောက်ဘူးလို့ယူဆပါတယ်။ တိုင်းပြည်တစ်ပြည်အတွက်လည်း အကျိုးရှိတဲ့စာတစ်အုပ်ကို ... ပြောချင်ရာပြောလိုက်တာကို အံ့သြမဆုံးပါဘူး ...။ တကယ်ဆို နိုင်ငံမှာ ကြုံနေရတဲ့ လူမှုရေး ..စီးပွားရေး ပြဿနာတွေကိုဝတ္ထုဖတ်ရုံနဲ့သိလိုက်ရတာ .. တန်ဖိုးသိပ်ရှိပါတယ်။ ဒါတွေဟာ လူတစ်ယောက်ကို ပြောင်းလဲပစ်နိုင်တဲ့ စာပေမျိုးပါ ...။ လူတစ်ယောက်ရဲ့ ဘ၀ကို တစ်ယောက်က ကူညီမြှင့်တင်လိုက်ရုံနဲ့ ဘယ်လောက် ထိရောက်သွားသလဲဆိုတာကို လှလှပပပြောပြသွားတဲ့ ရသမျိုးကို ခံစားတတ်ဖို့ သူတို့ နှလုံးသားတွေ အသင့်မဖြစ်သေးတာများလားလို့လည်း တွေးမိပါတယ်။


ရယ်စရာကောင်းတာတော့ အဲဒီမှာ ဘ၀ပျက်သွားတဲ့အမျိုးသမီးနာမည်က တင်တင်ဝင်းဆိုလို့ပါ ...။ ဂျူးရဲ့နာမည်ရင်းက တင်တင်ဝင်း မို့လို့ပါ ...။ တင်တင်ဝင်းလို ပညာမတတ်တဲ့မိန်းကလေးတွေဆိုလို့ ပြုံးမိတာပါ ....။ ဘာကို သတိရသလဲဆိုရင် ရန်းဘရန့်ဟာ ခရစ်တော်ကို ကားတိုင်တင်သတ်ပါလို့အော်နေတဲ့ပုံကို ဆွဲတုန်းက အဲဒီလူအုပ်ထဲကလူတစ်ယောက်ပုံမှာ သူ့ပုံသူဆွဲလိုက်တာကို သတိရပါတယ်။ အဲဒါကလည်းရသတန်ဖိုးတစ်ခုပါပဲ ....။ အဲဒီနေရာမှာရောက်နေတဲ့လူဟာ သူမဟုတ်ဘဲ ငါဖြစ်နေရင် ဆိုတဲ့ ခံစားချက်မျိုးရှိတဲ့သူတွေအတွက် ... အဲဒီတင်ပြပုံလေးကိုလည်း သဘောကျပါတယ်။

ဇာတ်လမ်းအရ ကမ္ဘာအေးမှာ ကားမှောက်သွားပြီး အင်တာဗျူးဖြေဖို့သွားတဲ့ကောင်မလေးဟာ ... ကောင်မလေးတစ်ယောက်လိုရော .... စာရေးသူလိုပါ ... အများကြီးပြောသွားတာပါ ...။ အဲဒီကောင်မလေးလောက် English စာတော်ရင် သေပျော်ပါပြီလို့တောင် တွေးမိသွားတယ် ....။ ဂျူးမြန်မာလိုရေးထားသမျှဟာ ကောင်မလေး English လိုပြောထားတာကိုး။ အားကျမခံ English လို စကားလုံးတွေ လိုက်စဉ်းစားရင်း ဦးအောင်ကျော်ရဲ့ မြန်မာမှု အင်္ဂလိပ်စာ နှစ်အုပ်၊ ဒေါ်ခင်မျိုးချစ်ရဲ့ colorful myanmar ...တွေမှာတောင် မပါတဲ့ စကားလုံးတွေကို ကောင်မလေး ဘယ်လိုပြောသလဲဆိုတာတော့ နည်းနည်းအံ့သြရတာပေါ့ ...။ ကိုယ်တိုင်ကလည်း English စာ မကောင်းတဲ့ အန်ချင်စရာ(Engineer ကို တိုက်ရိုက် အသံဖလှယ်ထားပါသည်)


မမမြတ်ရဲ့ character က အားပျော့သွားလိုက် ထက်မြတ်သွားလိုက်ဖြစ်နေတာလည်း လူဆန်ပါတယ်။ ဘယ်သူမှ ကျောက်ခဲမျက်နှာ ..သံမျက်နှာနဲ့ တစ်သက်လုံးနေသွားပါ့မလဲ ...။ ပုဒ်မ 417 အတွက် ထောင်ခြောက်လအစား ထောင် ခြောက်နှစ်လောက်ပြောင်းဖို့ကောင်းတယ်လို့တွေးမိပါတယ်။
ထောင်ခြောက်လဆိုတာ ခြိမ်းခြောက်နိုင်လောက်တဲ့ ပမာဏလို့မတွေးမိပါဘူး ...။ စလင်းမှာ တစ်လကို အနည်းဆုံး ၄၁၇ တစ်မှုဆိုတာသာသေချာရင် ပြစ်ဒဏ် ကို သေချာပြင်ဆင်ဖို့လိုပြီလို့ ခံစားရပါတယ်။


အဲဒီစာအုပ်မှာ ကလေးနားကပ်ဖြုတ်သွားတဲ့ အဒေါ်ကြီးကို တော်တော်လေး သတိထားမိပါတယ်။
သူခိုးတစ်ယောက်အနေနဲ့ ဘ၀ကို ရင်ဆိုင်သွားရတယ်။ မတတ်သာလို့ခိုးရတဲ့သူတွေအတွက် ..မတတ်သာတဲ့ အခြေအနေကို ၀ိုင်းဝန်းတိုက်ဖျက်ဖို့လိုပါတယ်။ မတတ်သာတဲ့အခြေအနေဟာ ဆင်းရဲမွဲတေမှုဆိုရင် ...ဒီပြဿနာဟာ အားလုံးနဲ့ဆိုင်ပါတယ်။ ပညာမတတ်လို့ဆင်းရဲတယ် ....။ ဆင်းရဲလို့ပညာမတတ်ဘူး ...အဲဒီ vicious cycle (မြန်မာလို ဘယ်လိုခေါ်မှန်းမသိပါ ...အဆိုးသံသရာလို့ ထားလိုက်ပါ ...။) ကို ထောက်ပြသွားတာ ပညာသားပါပါတယ်။

အင်တာနက်ဆိုင်မှာ Gmail သုံးတဲ့ကိစ္စလောက်ဟာ Software Engineer တွေ၊ System Analyst တွေ အတွက် ဘာမှမဟုတ်ပေမယ့် ကျေးရွာသူတစ်ယောက်အတွက်တော့ အဟုတ်ကြီးတွေဖြစ်နေနိုင်ပါတယ်။ ဂျူးကိုသဘောကျတာတစ်ခုက false hope မပေးတာပါ။ အရင်ခေတ်က စာရေးဆရာတွေဆိုရင် ... ဒီလို ပစ္စည်းမဲ့လူတန်းစား (ဘာပစ္စည်းမဲ့နေမှန်းကိုမသိဘူး ....အခုအချိန်မှာ အဲဒီပစ္စည်းဆိုတာက စကားရိုင်း ဖြစ်ပြီး ပြည့်တန်ဆာလို့ အဓိပ္ပာယ်ရနေပါပြီ ...) တစ်ယောက်ဟာ သူဌေးတစ်ယောက်နဲ့ရရင်ရ ...မရရင် သူဌေးထက် ကြီးပွားသွားရပါမယ် ...။ သိပ်ကို ကြီးပွားသွားရပါမယ် ...။ ဒါကလည်းရယ်စရာဒဿနပါ ...။ လူတိုင်းကြီးပွားနေရင် ဘယ်သူမှ အလုပ်လုပ်မှာမဟုတ်တော့ပါဘူး ....။ အခုတော့ သူ ဘာဖြစ်သွားသလဲ ...။ ဘာမှမဖြစ်ပါဘူး ...။ အတွေးအခေါ်ကောင်းလာတယ် ...။ အဲဒါက နံပါတ်တစ်အချက်ပါ ...။ ဘွဲ့ရ ဆိုက်ကားသမားဟာ .. ပညာမဲ့ဆိုက်ကားသမားထက် ပိုပြီး ယဉ်ကျေးမယ်လို့ ဆရာအောင်သင်းပြောတာကိုလည်း သတိရပါတယ်။ ... ပညာဟာ အလင်းဖြစ်တယ်။ ပညာတတ်တဲ့သူဟာ ချမ်းသာမယ်လို့ အာမမခံနိုင်ပေမယ့် ...အသိဥာဏ် အဆင့်အတန်းမြင့်မားလာမယ်လို့တော့ အာမခံနိုင်တယ်ဆိုတဲ့သဘောကိုလည်း ဖတ်ရင်းနဲ့တွေးမိပါတယ်။

မြွေဆိပ်ဖြေဆေးမလုံလောက်လို့ သေသွားတယ်ဆိုတဲ့သဘောကို ခွင့်ပြုမိသွားတဲ့ စာပေစီစစ်ရေးကိုတော့ အံ့သြမဆုံး ချီးကျူးမိပါတယ် ...။ ဒီပို့စ်ပြီးမှ အလုပ်ဖြုတ်ခံရရင်လည်း စိတ်မကောင်းပါဘူး ....။

သုတရဲ့ခေါင်းကို အုတ်ခဲနဲ့ ထပ်ခါထပ်ခါ ထုလိုက်တဲ့အခန်း ..ပြီးတော့ ထိန်လင်းရဲ့ပါးကို ပါးနဲ့ကပ်လိုက်တဲ့အခန်းမျိုးဟာ .... အကယ်ဒမီ ရနိုင်တဲ့အခန်းမျိုးပါပဲ ....။ တခါတလေ အချစ်ဟာ ရူးမိုက်ပါတယ် ...။ ဒီကိစ္စဟာ ငြင်းခုန်ရမယ့်ကိစ္စမျိုးမဟုတ်ဘဲ နားလည်ပေးရမယ့် ဇာတ်ကွက်မျိုးဖြစ်ပါတယ်။ ရသစာရေးဆရာတစ်ယောက်မို့လို့ Action နဲ့ Romance ကို ဒီလိုတွဲလိုက်နိုင်တာပါ ...။ ဂျူးကိုဝေဖန်တဲ့သူတွေရေးတာဖတ်နေပါတယ် ...။ သူတို့ဘယ်လောက်ရေးတတ်သလဲသိချင်လို့ပါ ...။ ဂျူးရေးတာ ညံ့တယ် လို့ပြောရင် ဂျူးထက်ကောင်းတာ ရေးပါ ။ ... မတူညီတဲ့စာရေးဆရာတွေနဲ့လိုက်ပြီးယှဉ်ထိုးနေစရာမလိုပါဘူး ...။ကိုယ့်ဘာသာကို ဂျူးဖတ်ဖို့ ရသစာပေ ..အစရှိတဲ့ခေါင်းစဉ်မျိုးနဲ့ရေးပေးရင် ဂျူးကလည်း သိပ်ကျေးဇူးတင်နေမှာပါ ...။ သူထုတ်ဝေပြီးသွားတဲ့ ကျွန်မဖတ်ဖူးသော စာအုပ်များထဲမှာတောင် နောက်တစ်ကြိမ် ပြန်ထုတ်တဲ့အခါ ထည့်ပေးလိုက်ဦးမယ်လို့ ယုံကြည်ပါတယ်။ အဲဒီစာအုပ်မျိုးကို ဂျူးစာပေကတောင် ထုတ်ပေးလိုက်ဦးမယ်လို့ ယုံကြည်ပါတယ်။

ဇာတ်သိမ်းခန်းကနာကျင်မှုကို ပြလိုက်တာ ...သိပ်လှပါတယ် ...။
ဂျူးရဲ့ ကဗျာတွေကို ဖတ်ဖူးပေမယ့် မကြိုက်ပါဘူး ...။ ဒါပေမယ့် ဂျူးမှာ ကဗျာဆန်တဲ့အတွေးတွေ အမြဲရှိနေတယ် ....။ နောက်ဆုံးမှာ ဖြစ်သင့်တာတစ်ခုဖြစ်သွားတာ .... နှလုံးသားနဲ့နားလည်ပေးလိုက်တဲ့ ရသကို သန္တဘယာနက ... ဘာညာ မလုပ်လိုက်ပါနဲ့ဦးနော် ....။ အဲဒီရသတစ်ခုတည်းနဲ့ ဂျူး ဘာလဲဆိုတာကို သိလိုက်ဖို့ကောင်းပါတယ် ...။ စိတ်ခံစားချက်ကို စာမျက်နှာ ၇၄ မျက်နှာလောက်ရေးမှ ရသစာပေမဟုတ်ပါဘူး ...။ ပွိုင့်လေးတစ်ပွိုင့်ထဲနဲ့လည်းပြီးပါတယ် ....။ရသစာပေဆိုတာ သုတမပါရဘူးဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ ...။ ဒါဟာ ၀တ္ထုမဟုတ်ဘူး ..ဟုတ်တယ် ငြင်းရင်တော့ ... ၀င်မငြင်းပါဘူး ...။ ကိုယ့်ခေါင်းကို ကောင်းတယ်ထင်ကြတာ အရူးတိုင်းပါပဲ ...။


သူမင်းကို ဘယ်တော့မှ စာအုပ်မှာပါတဲ့ The Bottom Billion
ဆိုတဲ့ စာအုပ်ကို ရှာဖတ်ကြည့်လိုက်ပါဦးမယ် ...။
စာအုပ်တစ်အုပ်က ပေးတာကို အပြည့်အ၀ယူချင်ပါသေးတယ် ....။ အခုလို စာအုပ်မျိုးတွေ များများရေးရင်တော့ ဂျူးတစ်ယောက် လူချစ်လူခင်ရော လူမုန်းရော တစ်ပြိုင်နက်များလာစရာရှိပါတယ် ...။ စာရေးဆရာတစ်ယောက်က သူပေးလိုက်တာ မရတဲ့သူတွေအတွက် စာရေးနေတာမဟုတ်လောက်ပါဘူး ...။ ဆရာတော်ဦးဇောတိကပြောတဲ့ တီကောင်အတွက် ပန်းပွင့်မရှိဘူး ...ဆိုတာကိုပဲ ထပ်ခါထပ်ခါရွတ်မိပါတယ် ....။ တကယ်လို့ပန်းပွင့်အကြောင်းသိချင်ရင် လိပ်ပြာဘ၀ရောက်မှ .... သိလိမ့်မယ် ....။ အဲဒီအခါကြမှ ...စကားတွေအတူဆက်ပြောကြတာပေါ့ .....။


ခင်မင်စွာဖြင့်
Zephyr


Notes:
ဘာမှမဟုတ်တဲ့သူတွေက ကိုယ့်ကိုယ်ကို ပိုအထင်ကြီးတတ်တယ်။
.... အမြဲတမ်း ဆွေးနွေးဖြစ်တာတွေအတွက် အမေ့ကိုကျေးဇူးတင်ပါတယ် ....။ ။




Peace B with U.

Tuesday, November 24, 2009

လင်းနို့ (ခိုင်မြဲကျော်စွာ)

ခေါင်းစဉ်ကို ဖတ်ပြီး လင်းနို့လူသားနဲ့ရောသွားမှာစိုးပါတယ် ...။
ခိုင်မြဲကျော်စွာ ဆိုတဲ့ သူဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး ထိပ်သီးဆယ်ယောက်ထဲမှာ နံပါတ်တစ်ခုခုစွဲတဲ့သူမဟုတ်ပါဘူး ...။ ကဗျာဆရာပါ ...။ သူလိုကိုယ်လို ဝေဒနာတွေကိုပဲ ကဗျာနဲ့ စကားပြောနေတဲ့ ကဗျာဆရာပါ ...။ သူ့ရဲ့အေးအေးဆေးဆေးလမ်းဆိုတဲ့ ကဗျာစာအုပ်လေးကို ဖတ်နေတာ တော်တော်လေးကြာပါပြီ ....။ လင်းနို့ဆိုတဲ့ ကဗျာလေးကို သဘောကျပါတယ် .....။ ကြိုက်နှစ်သက်တဲ့ကဗျာတွေကို ကဗျာခံစားချက်ရေးလေ့ရှိပါတယ် ....။ တစ်ခြားသူတွေရေးထားတာလည်းဖတ်ရတဲ့အခါ စိတ်ချမ်းသာပါတယ် ....။ ကဗျာဆိုတာ စိတ်နဲ့ ပေါင်းကူးနေတဲ့ ဂီတတစ်မျိုးပါပဲ .....။

လင်းနို့ကဗျာကို သဘောကျတာကတော့ နိမိတ်ပုံလေးတွေကို သဘောကျတာပါ။ ကဗျာဆရာတစ်ချို့က နိမိတ်ပုံတွေကို ထိထိမိမိသုံးနိုင်တယ် ...။ တစ်ချို့ကဗျာဆရာတွေက စကားလုံးကျစ်လျစ်တယ်။ တစ်လုံးမှအပိုမပါသလို ကျစ်လျစ်နေတယ် ....။ အဲဒီလို ကဗျာတွေကို သဘောကျတယ် ...။ ကဗျာတစ်ချို့ကမလှပဘူး ....။ ကြေကွဲစွန်းထင်းနေတယ် ...။ သဘာဝကျကျ နာကျင်စရာတွေပြည့်နှက်နေတယ် ....။ တစ်ချို့ကဗျာတွေက အတွေးလေးတွေကလှနေတယ် .....။ ကဗျာဆရာရဲ့ အယူအဆတွေ ကွာခြားသလို ကဗျာအပေါ် အလင်းဖြည့်တာ ကွာသွားတယ်လို့ ထင်ပါတယ်။ ဒီကဗျာလေးကို ခြုံငုံသုံးသပ်ကြည်မိတာတော့ ... ရိုးရှင်းလှပတဲ့ ကျစ်ကျစ်လျစ်လျစ် ကဗျာတစ်ပုဒ်ပါ ....။ ပျော်စရာတော့သိပ်မကောင်းဘူး ....။ ဒါပေမယ့် ရသတစ်ခုခုခံစားရပါလိမ့်မယ် ...။

ကဗျာကို နည်းနည်းချင်း အတူတူဖတ်သွားရအောင် ....။

လင်းနို့

စကားလုံးက
အသက်ကို စွဲလောင်တယ်
တယ်လီဖုန်းခွက်ထဲ အငွေ့ တလူလူထွက်လို့။

ကဗျာဆရာက တွေ့တွေ့ချင်းဆောက်နဲ့ထွင်းသလို ... အပူတွေကို ဖွဲ့တယ်လို့ ခံစားရတယ် ....။
မျက်စိထဲမှာ သတင်းဆိုးစောင့်နားထောင်နေရတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ် .....။ သေချင်စိတ်ပေါက်လောက်အောင် ပူလောင်တယ် ....။ သောက အပြင်းစားတွေရဲ့ လောင်မြိုက်မှု ....။ စိတ်ဆင်းရဲရတာ ပူလောင်တယ် .....။ တယ်လီဖုန်းထဲက အငွေ့တလူလူထွက်လို့ဆိုတဲ့ ကဗျာဆန်တဲ့ အသုံးအနှုန်းလေးက ကဗျာဆရာရဲ့ အပူတွေကို ပြနေသလို ... စကားလုံးက အသက်ကို စွဲလောင်တယ် ....ဆိုတာက အပူတွေရဲ့ ပြင်းအားကို ပိုပြီး Tempo မြှင့်လိုက်သလိုဖြစ်တယ်လို့ခံစားရတယ် .....။ ပထမပိုင်းမှာတင် အပူတွေက စိတ်ထဲကို ကူးစက်ဝင်ရောက်လာသလိုခံစားရတယ် ......။

သောကရောက်နေကြရတာဟာ ၂၁ ရာစုရဲ့ သင်္ကေတတစ်ခုလိုဖြစ်နေတော့ သူ့သောကဟာ ကိုယ့်သောကလိုပဲ ထင်သာမြင်သာရှိတယ် ....။ ကဗျာဆရာပြောချင်တဲ့သောကကို ကိုယ်ကြုံဖူးတဲ့သောကတစ်ခုခုနဲ့ အစားထိုးတွက်ကြည့်လိုက်လို့ရတယ် .....။

နောက်တစ်ခု သတိထားမိတာက အသံအသွားအလာက အပူသည်လိုမဖြစ်နေဘူး။ တရားရပြီးသားလူလိုလည်းမဟုတ်ဘူး ။ ကြုံနေကျ သောကတွေကို ဖောက်သည်ချပြီးပြောနိုင်သွားသလို ...ပြောနေတယ် ...။ဒါက ကဗျာဆရာဘက်က တရင်းတနှီးပြောတယ်ဆိုတာ သိသာတဲ့အချက်ပဲ ....။ သူ့သောကကို သူပုံကြီးမချဲ့ဘူး။ သူခံစားနာကျင်ရတာကို သူ့ဘာသာသူကြိတ်မခံစားတော့ဘူး ...။ ကြုံခဲ့တဲ့လောကဓံကို သွေးအေးအေး ပြောပြနေတယ် ...။ ဒါက လူသားသိပ်ဆန်တဲ့ သဘောပါပဲ ....။ ကျွန်တော်တို့အားလုံး တစ်ချိန်က ဒဏ်ရာတွေအကြောင်း ရယ်ကာမောကာပြန်ပြောတဲ့ အထာမျိုးနဲ့ သာသာယာယာလေးပြောနေတာပဲ ....။

လွန်ခဲ့တဲ့ ဆယ့်ငါးရက်တုန်းက
အင်္ကျီ ကြယ်သီးတပ်ပေးခဲ့တဲ့လက်
အခု

ဒီနေရာလေးမှာ ခဏလေးရပ်ပြီးပြောချင်တယ် ...။ ကဗျာဆရာက
လွန်ခဲ့တဲ့ ဆယ့်ငါးရက်က အင်္ကျီကြယ်သီးတပ်ပေးခဲ့တဲ့လက်တဲ့ .....။ ဘာမှမထူးဆန်းဘူးနော် ..။ ဒါပေမယ့် ရင်းနှီးမှုကို ပြတယ် ...။ချစ်ခင်မှုကိုပြတယ် ....။ ပြီးတော့ အခု ဆိုပြီးနောက်တစ်လိုင်းကို ဆင်းတယ် ....။ တစ်ချို့ကဗျာတွေမှာ မလိုအပ်ဘဲ တစ်လိုင်းဆင်းလို့ ရသတန်ဖိုးလျော့သွားသလို ကဗျာရဲ့ rhythm နဲ့ flow ကိုထိခိုက်သွားတယ် ...။ အခုတော့ ကဗျာဆရာက တိတိကျကျ ဖြတ်ချထားလိုက်တယ် ...။ သူ့ရဲ့အခုကို ရင်လေးလိုက်တာ ....။ ဒီလို အခုဆိုတာမျိုးတွေ ခဏခဏ ကြုံခဲ့ကြမှာပါ ....။ အရင်နဲ့အခု မတူတော့တဲ့ အပြောင်းအလဲ ...။ ကြေကွဲစရာတွေပဲ ဖြစ်ဖို့များတယ် .....။ ကဗျာကို နည်းနည်းချင်း အရသာခံဖတ်ကြည့် ...။ သိပ်အလောတကြီး မလုပ်လိုက်နဲ့ ...။ ကဗျာဆရာပေးချင်တဲ့ရသလေးတစ်ခုစီကို ခံစားကြည့် ....။သိပ်အရသာရှိတယ် ....။ ကဗျာကို တကယ်နားလည်တဲ့သူတွေကို ဆရာမလုပ်ပါဘူး။ ကဗျာ ကို ကောင်းကောင်းနားလည်ချင်တဲ့သူတွေအတွက်ပါ ....။ ကိုယ်တိုင်လည်း ပါမွှားပါ ...။ ကဗျာကောင်းကောင်းမရေးတတ်သေးဘူး ...။ ဒါပေမယ့် ကဗျာကောင်းလေးတွေ သဘောကျလို့ ... share တာပါ။ ... အခုဆိုတဲ့နေရာမှာရပ်လိုက်ရာကနေ ဆက်ပြောမယ့် စကားကို ဖတ်ကြည့်ကြရအောင်

ဂက်စ်မီးဖိုပေါ် ချစ်ခြင်းမေတ္တာကို တင်တယ်

ဒီစကားလုံးက သဘာဝဆန်တဲ့ ပြကွက်တစ်ခုပဲဆိုတာမြင်သာပါတယ် ...။ ဂက်စ်မီးဖိုပေါ်တင်တယ် ...။ မီးကင်တယ် ...။ မီးနဲ့ရှို့တယ် ...။ ချက်ပြုတ်တယ် ....။ နွေးစားတယ် ...လောင်မြှိုက်တယ် ...။ အဲဒီအပူတွေနဲ့ ချစ်ခြင်းမေတ္တာကို ရှို့ပစ်လိုက်တယ် ....။ ချစ်ခြင်းမေတ္တာကို မီးရှို့ပစ်လိုက်ပြီ .....။ .... ဒါလည်း Symbol တစ်ခုပဲ ... ဘယ်လို ဥပမာ အလင်္ကာမြောက်သလဲ .. ဘယ်လို .. ဂုဏ်မြောက်သလဲဆိုတာတွေထက် .. ကဗျာက Symbol တစ်ခုကို ပြလိုက်တယ် ...။ ဥပမာ ... လမ်းမှာ လူတစ်ယောက်ပုံကို ကြက်ခြေခတ်ပြထားလိုက်ရင် လမ်းမကူးရဖြစ်သွားသလို ...။ အခန်းရှေ့မှာ အမျိုးသမီးပုံနဲ့ အမျိုးသားပုံပြထားရင် အိမ်သာ ...။ ကင်မရာကို ကြက်ခြေခတ်ပြလိုက်ရင် ဓာတ်ပုံမရိုက်ရ ...။ လူတစ်ယောက်ပြုတ်ကျနေတယ်ဆိုရင် ချော်လဲတတ်သည်။ အရိုးခေါင်းမှာ လက်ဖျံနှစ်ချောင်းနဲ့ဆိုရင် Danger ...။တုတ်ချောင်းနှစ်ခုကို ကြက်ခြေခတ်ထားလိုက်ရင် လက်ဝါးကားတိုင်၊ ဖန်ခွက်ပုံလေးဆို ကွဲရှနိုင်သည်။ ... သင်္ကေတတွေက စကားလုံးတွေထက် အားကောင်းပါတယ်ဆိုတာကိုပြောချင်တာပါ။ သင်္ကေတတွေအသုံးများတဲ့ ကမ်းရိုးတန်းငန်းရိုင်းဆိုတဲ့ ၀တ္ဘုတိုလေးတွေကို ပြန်ပြီးသတိရမိသွားတယ် ...။ သင်္ကေတတွေကို ကဗျာထဲမှာ၊ စာထဲမှာ ပိုင်ပိုင်နိုင်နိုင်ထည့်သုံးလိုက်တဲ့အခါ ပစ်မှတ်ကို ရောက်တယ်လို့ခံစားရတယ် ....။ စာကြောင်းတွေအားလုံးဟာ အခုအထိ တစ်ယောက်တည်းပြောနေတာ ....။ ခေတ်ပေါ်ကဗျာထဲမှာ နည်းပညာကို သိပ်အသားမပေးတဲ့ကဗျာလို့ယူဆပါတယ် ...။ တစ်ချို့ကဗျာတွေမှာအသံတွေကို Multiple Dimensions ထဲမှာဖွဲ့တယ် ...။တကယ့်လောက ပိုဆန်လာတယ် ...။ကဗျာဆရာတစ်ယောက်တည်းမဟုတ်တော့ဘဲ အသိုင်းအ၀ိုင်းပါပါလာပါတယ် ...။ ကဗျာရဲ့ သီးခြားဖြစ်တည်မှုကိုဖျက်ပစ်လိုက်တယ် ...။ ကဗျာဟာ ပိုပြီး Active ဖြစ်လာတယ်။ ကဗျာကို ရုပ်တည်နဲ့မုန့်တည်မသောက်ခိုင်းတော့ဘဲ ... ကဗျာကို Hip Hop သမားရော၊ လမ်းဘေးကလူရော၊ ကဗျာဆရာရော ငြင်းခုန်စည်ဝေနေတဲ့အသွင် ဖြစ်လာတယ် ...။ ကဗျာဟာ ဆက်လက်ပေါက်ကွဲထွက်လာတယ် ....။ အဲဒါက စာပေအယူအဆအရ နှိုင်းယှဉ်တာပါ ...။ အခု ခိုင်မြဲကျော်စွာကဗျာမှာတော့ ဒါမျိုးတွေမပါပါဘူး။ ... သဘာဝကျတဲ့ သင်္ကေတတစ်ခုပြီးတစ်ခုပါတယ် ...။ ဒါပေမယ့် တကယ်တမ်း ကဗျာရဲ့ပြင်းအားကို တိုင်းတာကြည့်မယ်ဆိုရင် အဲဒီ ရိုးရိုးသင်္ကေတတွေရဲ့ ပြင်းအားဟာ အသံတွေစုံတဲ့ ပေါက်ကွဲထွက်မှုထက် မလျော့တာကို ခံစားလို့ရမှာပါ။ အရိုးရှင်းဆုံးဥပမာပေးရရင်ဗျာ .. Clustered bomb လို ကဗျာနဲ့ အနုမြူဗုံးလို ကဗျာပေါ့ ....။ Clustered Bomb က တစ်ခုပြီးတစ်ခု၊ ပေါက်ကွဲထွက်တယ် ...။ Bombကိုယ်တိုင်မှာက ဗုံးသေးသေးလေးတွေနဲ့ဖွဲ့စည်းထားတာ။ Atom Bomb ကကြတော့ တစ်ခါပဲပေါက်တယ် ။ ဒါပေမယ့် သူ့ရဲ့ rays တွေကြောင့် လေထုထဲမှာ ပေါက်ကွဲမှုတွေဆက်ဖြစ်သွားတယ် ...။ Atom bomb မှာ ပေါက်ကွဲစရာအများကြီးတစ်ခါတည်းပါမလာပေမယ့်ဆက်လက်ပေါက်ကွဲဖို့ လှုံ့ဆော်နိုင်တယ် ...။ တစ်ချို့ကဗျာတွေက တစ်ကြိမ်ပဲ သူ့ဘာသာသူဖောက်ခွဲလိုက်ပြီး ကိုယ့်စိတ်ထဲမှာ ဆက်လက် ကျယ်ပြန့်သွားတယ် ...။ တစ်ချို့ကဗျာတွေက အဲဒီပေါက်ကွဲမှုကို ကဗျာထဲမှာ ထည့်သွင်းဖို့ကြိုးစားတယ်....။ အရိုးဆုံးကဗျာလေးတစ်ပုဒ်ကနေ အဆန်းသစ်ဆုံးကဗျာအထိ စိတ်ထဲကို တိုးဝင်ဖို့ကြိုးစားထားတာကိုတွေ့ရလိမ့်မယ်။

ကဗျာကို ပြန်ကောက်ရရင် ချစ်ခြင်းမေတ္တာကို မီးဖိုပေါ်မှာတွေ့နေရပြီ ....။ တကယ်လို့ စိတ်ခံစားလွယ်ရင် ဒီနေရာမှာ မျက်ရည်လေးဘာလေးစို့လို့ရပြီ .....။ ကဗျာကို အစကနေ ဒီအထိပြန်ဖတ်လိုက်ရင်.... တော်တော်လေးအရှိန်မြင့်လာပြီလို့ သိသာပါတယ်။

နောက်တစ်ကြောင်းကိုဆက်ဖတ်ကြည့်ကြမယ် ...။

ကျွန်မဆံပင်တိုတိုဖြတ်လိုက်ပြီ
နေ့မြင်ညပျောက် ကိလေသာအနမ်းကို ဖြတ်လိုက်ပြီ

ဒါက ကဗျာဆရာ ကြားရတာ။ သူ့ကို တစ်ယောက်ယောက်ကပြောတာကိုရေးပြနေတာ။
တယ်လီဖုန်းထဲက ကြားရတာဖြစ်နိုင်တယ်။ Graham Bell ကို ပါ သူဆဲမိသွားသေးလားမသိဘူး။ ကမ္ဘာဦးမှာလို မဟုတ်တော့ဘူး။ ချစ်သူချင်းလမ်းခွဲဖို့ဆိုပြီး ကံတရားဆိုတဲ့ ငနဲကြီးက နေရာတကာ လမ်းဆုံလမ်းခွတွေလာလာလုပ်နေတာခက်တယ် ...။ ဒီအချိန်မှာတော့ ဆန်ဆုံနွား ..ကံကုန်သွား .. မလုပ်နိုင်သေးဘူး။ မဖြေသာဘူး။ အသံတွေအက်အက်နဲ့ပြောနေတယ်လို့တော့မထင်ပါဘူး...။ တစ်ဖက်လူက ပြောပုံက ပေါ့ပေါ့ပါးပါးပဲ ...။ ဆံပင်တိုတိုဖြတ်လိုက်ပြီ ဆိုတာကို ကြည့် ...။ အရင်က အရှည်လေးထားမယ်လို့ပြောခဲ့တဲ့ တစ်ယောက်ဖြစ်နိုင်တယ် ...။ ပါးပါးလေးပြောသွားတယ်...။ နောက်တစ်ကြောင်းက ပိုတောင် ပေါ့ပျက်ပျက်နိုင်တယ် ...။ နေ့မြင်ညပျောက် ကိလေသာအနမ်းကို ဖြတ်လိုက်ပြီ ....တဲ့ ...။ ပေါ့ပေါ့လေးပြောသွားပေမယ့် ကဗျာဆရာရဲ့ရင်ဘတ်ထဲထိသွားမှာအသေအချာပေါ့ ....။ ... .... နေ့မြင်ညပျောက် ကိလေသာအနမ်းတဲ့ ...၊ ရုတ်တရတ်ကြီး နှလုံးသွင်းမှန်သွားလို့ သာဓုတောင် ခေါ်မိမလိုဖြစ်သွားစရာကောင်းတယ် ....။ .... ကျွန်တော်တို့တွေဟာ လူပီသလွန်းတော့ ကဗျာဆရာရုပ်ကိုတောင်ခန့်မှန်းမိသွားသေးတယ်။ .... တစစီကြေကွဲဖို့ အသင့်ဖြစ်နေတဲ့နေလောင်ပန်းတစ်ပွင့်ဟာ ကြွေလွင့်ခြင်းတွေကို ခေါင်းလောင်းသံလို တစ်ချက်စီထိုးပြီး ...လဲပြိုဖို့ ..... ဖျော့တော့နေသလို .... ခွန်အားမဲ့နေတဲ့ ကဗျာဆရာပုံစံကိုမြင်လာရတယ် .....။ အသည်းကွဲသမားတွေရဲ့ သင်္ကေတမှာ နှလုံးသားအပဲ့နဲ့ ကဗျာဆရာတစ်ယောက် တဖြည်းဖြည်းရုပ်လုံးကြွလာတယ် ....။ ... ကြေကွဲသွားတဲ့ ကဗျာဆရာ ဘာလုပ်မယ်လို့ထင်မိပါသလဲ ...။ သိပ်ကို သေချာတာပေါ့ ...သူလွမ်းလိမ့်မယ် ...။

မိုးဥတုလို့ပြောတာပဲ
ငါမစိုက်တဲ့ မြက်ရိုင်းတွေ
ငါ့ရင်ထဲရှည်ပေါ့။

ကဗျာဆရာကတော့ အလွမ်းကို ကဗျာ ကဗျာဆန်ပစ်လိုက်တယ် ။ .... အလွမ်းတွေက ရင်ထဲက မြက်ရိုင်းတွေပဲ ...။အခုအချိန်ဟာ မိုးရာသီပဲလား ...။ အသည်းကွဲနေတဲ့သူတွေ ဒီနေရာလေးကို ပဲ အခါ တစ်ရာတစ်ရာ ရွတ်နေဖို့ကောင်းတယ်။ .... သိပ်ပေါ်လွင်နေတယ် ။ ကြေကွဲနေပါတယ်လို့ တစ်လုံးမှမပါဘဲ ကြေကွဲနေရှာတယ်။ ကဗျာဆရာတွေကပဲ ပိုကြေကွဲတတ်သလားလို့တွေးမိပါတယ်။ ဒီနေရာမှာ ကဗျာရဲ့အသွားအလာကိုပဲပြောချင်ပါတယ်။ စိတ်ခံစားချက်တွေကို နည်းနည်းလစ်လျူရှုကြရအောင်ပါ။ ဒီနေရာမှာလည်း နိမိတ်ပုံကို အားပြုသွားတာတွေ့ရမှာပါ။ မိုးရာသီနဲ့မြက်ရိုင်းတွေဟာအားကောင်းတဲ့ နိမိတ်ပုံတွေပါ ....။ စိတ်ထဲမှာ မြင်သာထင်သာရှိတဲ့ အလွမ်းလို့ခံစားရပါတယ်။

အသည်းမကွဲဖူးတဲ့သူတွေ အတွက် နည်းနည်း ကြိုပြီး ရှင်းထားရပါဦးမယ်။ အသည်းဆိုတာ မကွဲတတ်တဲ့ ကြွက်သားတွေနဲ့ တည်ဆောက်ထားတာဆိုတဲ့ ဆရာဝန်အပါအ၀င် ပေါ့ ...။ အသည်းကွဲတယ်ဆိုတာ အုံ့မှိုင်းတဲ့သဘောပါတယ်။ နာကျင်တဲ့သဘောပါတယ်။ စိတ်နဲ့ကိုယ်နဲ့လွတ်နေသလိုဖြစ်နေတယ်။ နေတွေပူတာတွေဘာတွေ မေ့သွားတယ်။ အလွမ်းသီချင်းတွေက စိတ်ထဲကို ပျော်ဝင်စီးကျလာတယ်။ မှန်ထဲမှာ တွေ့ရတဲ့သူဟာ မရယ်တတ်၊မပြုံးတတ် ဆွေနီးမျိုးစပ်တစ်ယောက် ဆုံးသွားသလို မျက်နှာမျိုးဖြစ်နေတတ်တယ်။ ထင်တာထက်လည်း နည်းနည်းပိုပြီး ခံစားရတယ်။ ကိုယ်တစ်ယောက်ထဲ ကွက်ပြီးနေကြတ်တာ မြင်ရသလိုလို့လည်းပြောနိုင်တယ်။ ရိပ်သာကနေ အိမ်ပြန်ရောက်စမှာ အထာမကျသလို အံဝင်ဂွင်ကျမဖြစ်ဘူးဖြစ်နေတယ်။ အရင်က ဆိုက်ကားလို ဘေးတွဲနဲ့ကနေ ခေတ်မကောင်းလို့ ဘေးတွဲဖြုတ်ရောင်းပြီး စက်ဘီးနဲ့တစ်ယောက်တည်းသွားရသလိုခံစားရနိုင်တယ်။ .. ဘယ်ဘက်လက်ဟာ ကျွန်ပိုင်ရှင်စနစ်ဖျက်သိမ်းထားတဲ့ ငြိမ်းချမ်းရေး ဆုတံဆိပ်လို ... ရုတ်တရက်ရလာတဲ့ ငြိမ်းချမ်းရေးကို ရုတ်တရက်နားမလည်သေးသလိုဖြစ်တယ်။ ရုတ်တရတ် မိုင်းနင်းမိပြီး နိုးလာတော့ ခြေထောက်တွေမရှိမှန်း အာရုံသိနဲ့ သိပြီး လန့်ဖြန့်သွားသလို .. စသဖြင့် .. ခံစားရတတ်ကြောင်း နားလည်ပြီဆိုရင်နောက်တစ်ပိုဒ် ဆက်ဖတ်ကြရအောင်ဗျာ ....။

ဖြတ်သွားဖြတ်လာကားတစ်စီး ဘရိတ်မြည်သံကြားလဲ
အတွေးထဲ
ခန္ဓာကိုယ်ကြီးဘရိတ်မမိတော့ဘူး။

ဟဲဟဲ ..မြွေမြွေချင်းခြေမြင်မယ်ဆိုရင် သူ့မှာလည်း အသည်းကွဲလို့ပါလားဆိုတာမြင်ရမယ်ထင်တယ်။ ....။ ကားလမ်းပေါ်များ တက်လျှောက်မိနေသလားမသိဘူး။ ပြောလို့မရဘူးလေ ....။ သူ့အဖြစ်ကို မြင်ရတဲ့အခါ .... တိုက်ဆိုင်သူများ ကိုယ့်အဖြစ်ကိုယ်မြင်ကြပါလိမ့်မယ်။ ဆိတ်သားpuffလေး စားရင်း ကဗျာက အရသာရှိလိုက်တာလို့ပြောရတာထက်၊ သူ့အဖြစ်ကို စိတ်က တစ်ချက်ချင်း စကင်န်ဖတ်သလို ဖတ်ရင်း ကဗျာနဲ့အတူ ရွေ့မျောစီးဆင်းလိုက်ပါ သွားရတာ ပိုပြီးအရသာရှိပါတယ်။ ကဗျာဆရာ ကြေကွဲနေပြီ။ ကဗျာဆရာလွမ်းနေပြီ။ ဒီနေရာမှာ ကဗျာဆရာက သင့်အကြောင်းရေးနေတယ်လို့ တွေးကြည့်ပါ။ ဒါဆို သင် ကြေကွဲနေပြီ၊ သင်လွမ်းဆွတ်နေပြီ။ အဲဒီအချိန်တုန်းက သင် တစ်နေ့ကို ကော်ဖီဘယ်နှခွက်သောက်သလဲ။ နှလုံးသားထဲမှာ လည်တဲ့ ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့ ကဗျာကိုများ သင်ရေးသေးသလား။ စသည်ဖြင့် တောင်စဉ်ရေမရ ဆက်တွေးကြည့်ပါ။ ....

ကဗျာဆရာက ဆက်ပြောပြတယ်။ သူ့အဖြစ်ကို ...။

ဘ၀မြေပုံရှေ့ချ
ဆဌမနံရိုးနဲ့
သံလမ်းဖောက်ရမယ်ထင်တယ်။

ဒီစကားလုံးလေးက မလှဘူးလား။ နံရိုးနဲ့သံလမ်းဖောက်ရမယ်ဆိုတာလေး ...။ တော်တော်တွေးယူထားတယ်ဆိုတာသိသာပါတယ်။ ဘ၀ကို ခဲရာခက်ဆစ်ရင်ဆိုင်ရတော့မယ်လို့ အကြမ်းဖျင်းနားလည်မိတယ်။ ကဗျာဆရာက ဒီထက်မက ပြောချင်ပုံရပါတယ်။ ကျွန်တော့်အတွက်တော့ ဆဌမနံရိုးနဲ့နေရာက နှလုံးသား အောက်နားမှာကပ်ပြီးရှိနေတယ်ဆိုတော့ ... ဒီနံရိုးနဲ့ တူးလိုက်ရရင် သံလမ်းတွေ မြန်မြန်ပြီးသွားစရာရှိတယ် ....။ ဘယ်သူပြောနိုင်မှာလည်း ဒါတွေရေးနေတာလည်း Zephyr တစ်ယောက် သံလမ်းဖောက်နေတာမဟုတ်ဘူးလို့ ....။ ဟဲဟဲ .... စကားအဖြစ်ပြောတာပါ ....။

နောင်တစ်ခုက နောင်တပါ ...။ ကြေကွဲပြီးရင်နောင်တရတယ်။ အမှန်တော့ ကုက္ကုစ္စကိုပြောတာပါ။
တရားသံထွက်တယ်လို့မပြောပါနဲ့။ ဒီလိုပါ ... နောင်တဆိုတာက မှားတာကိုသိပြီး အမှန်ပြင်ဖို့ နှလုံးသွင်းတာကို နောင်တလို့ခေါ်ပါတယ်။ နောင်တရပြီး ထပ်မှားတယ်ဆိုတာမရှိပါဘူး။ မင်္ဂလာဆောင်မိတာကို နောင်တအကြိမ်ကြိမ်ရတယ်လို့ပြောရင် ... အဲဒီလူဟာခဏခဏ မင်္ဂလာဆောင်နေတယ်လို့ ယူဆစရာရှိပါတယ်။ နောင်တဆိုတာ အမှန်ပြင်မယ့်လူတွေအတွက် စကားပါ။ ကုက္ကုစ္စကတော့ အရင်က အမှားကို မှားခဲ့လေခြင်း လို့ပူဆွေးတာပါ။ ပြင်ဖို့စိတ်မကူးပါဘူး။ လှန်တွေးပြီး ပြန်ဆွေးတယ်လို့ပြောသင့်ပါတယ်။ အတိတ်ကို လှန်တွေးတာပါ။ တစ်မျိုးမထင်ပါနဲ့။ အပြင်မှာ ကျွန်တော်တို့ပြောနေတဲ့နောင်တဟာ ကုက္ကုစ္စပါ ...။ လွမ်းတယ် ... ကြေကွဲတယ် .. နောင်တရတယ် .. အဲဒီလိုပဲစကားအဖြစ် ပြောလိုက်တာပါ။ ကဗျာဆရာရဲ့နောင်တတွေကို ဖတ်ကြည့်ကြရအောင်။

ဘားပလက်ကျွေးထားတဲ့ နှင်းဆီပွင့်လို
မျှော်လင့်ချက်ကို ပုံနှိပ်ထားလိုက်ချင်ပါရဲ့

.... မျှော်လင့်လို့ရရင်မျှော်လင့်ချင်ပါရဲ့ ဆိုတော့ မျှော်လင့်လို့မရတော့ဘူးလို့ဆိုလိုတယ် ။ အဲဒီတော့ မျှော်လင့်လို့တော့မရဘူး .. ရမယ့်ရ နောင်တပဲရစရာရှိတယ်လို့ခံစားမိတယ်။ ကဗျာဆရာက နှလုံးသွင်းမှန်ဖို့ကြိုးစားနေတာ ...။ သူ့အခြေအနေကို သူသိတယ်။ နောင်တရတယ်။ နောင်တရတယ်။ နောင်တတဖန်ပူပန်ခြင်း(ကုက္ကုစ္စ) ဖြစ်မိတယ် ....။ ဒါပေမယ့် ... ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ်သိနေပြီ ....။

ကဗျာဆရာ တစ်ခုခုကိုထပ်ပြောမယ်လို့ သေချာနေမိတယ်။ သူဘာကို ပြောချင်သေးသလဲ ။

လရောင်ကို
ထောင်ဖမ်းလို့ရပါသလား
လူ့ဘ၀က လရောင်ဆိုရင်
ငါက
လင်းနို့တစ်ကောင်လို ဇောက်ထိုးပျော်ခဲ့သူ
ပြောရတော့မယ် ...။


သိပ်လှတဲ့ ဇာတ်သိမ်းခန်းလေးလို့နားလည်မိတယ်။ ကဗျာဆရာရဲ့ ကဗျာကို ခုတ်ထစ်ပြီးပြောလာတာ အခုဇာတ်သိမ်းလေးကိုတော့ မခုတ်ထစ်တော့ပါဘူး ...။ ရှင်းနေစရာမလိုအောင်ပြီးပြည့်စုံပါတယ်။ ညီညွတ်မျှတတဲ့ကောက်ချက်တစ်ခု။ ကဗျာဆရာရဲ့ သဘောထား၊ နှလုံးသွင်းတရား ..... ။ အဲဒါဟာ ကဗျာကပေးတဲ့ message တစ်ခုပါ.... သင့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားမယ်လို့ သေချာနေမိပါတယ်။ လင်းနို့တွေကို တွေ့ရတဲ့အခါ .... အဓိပ္ပာယ်အသစ်တစ်ခုနဲ့ မြင်နိုင်အောင် ကဗျာဆရာကဖန်တီးသွားနိုင်ခဲ့ပြီလို့နားလည်မိပါတယ်။

ဘယ်လိုလဲ၊ သင်ကရောလင်းနို့တစ်ကောင်လို ဇောက်ထိုးပျော်ခဲ့သူ တစ်ယောက်ပဲလား .....။
တစ်ခါတစ်လေ လရောင်တွေကို သူ့ဘာသာ လင်းနေဖို့ ...ဖမ်းဆီးချင်စိတ်ကိုပဲ ဖမ်းဆီးပစ်လိုက်ရတယ် ...။ ။

လင်းနို့

စကားလုံးက
အသက်ကို စွဲလောင်တယ်
တယ်လီဖုန်းခွက်ထဲ အငွေ့ တလူလူထွက်လို့။
လွန်ခဲ့တဲ့ ဆယ့်ငါးရက်တုန်းက
အင်္ကျှီ ကြယ်သီးတပ်ပေးခဲ့တဲ့လက်
အခု
ဂက်စ်မီးဖိုပေါ် ချစ်ခြင်းမေတ္တာကို တင်တယ်
ကျွန်မဆံပင်တိုတိုဖြတ်လိုက်ပြီ
နေ့မြင်ညပျောက် ကိလေသာအနမ်းကို ဖြတ်လိုက်ပြီ
မိုးဥတုလို့ပြောတာပဲ
ငါမစိုက်တဲ့ မြက်ရိုင်းတွေ
ငါ့ရင်ထဲရှည်ပေါ့။
ဖြတ်သွားဖြတ်လာကားတစ်စီး ဘရိတ်မြည်သံကြားလဲ
အတွေးထဲ
ခန္ဓာကိုယ်ကြီးဘရိတ်မမိတော့ဘူး။
ဘ၀မြေပုံရှေ့ချ
ဆဌမနံရိုးနဲ့
သံလမ်းဖောက်ရမယ်ထင်တယ်။
ဘားပလက်ကျွေးထားတဲ့ နှင်းဆီပွင့်လို
မျှော်လင့်ချက်ကို ပုံနှိပ်ထားလိုက်ချင်ပါရဲ့
လရောင်ကို
ထောင်ဖမ်းလို့ရပါသလား
လူ့ဘ၀က လရောင်ဆိုရင်
ငါက
လင်းနို့တစ်ကောင်လို ဇောက်ထိုးပျော်ခဲ့သူ
ပြောရတော့မယ် ...။


ခိုင်မြဲကျော်စွာ
ချယ်ရီမဂ္ဂဇင်း ၂၀၀၅


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Banner ပြောင်းထားပါသည်။
Bannerက မလေးရှားရောက် Designer ကိုမျိုးရဲ့ ဒီဇိုင်းပါ ....။
Christmas နားနီးလာလို့ Christmas Banner လေးတင်လိုက်တာပါ...။

ဒီဇိုင်နာအား ကျေးဇူးတင်ရှိပါကြောင်း ...။ ။



Notes:

ကဗျာစာအုပ်ပို့ပေးတဲ့ မိခင်ကြီးအား ကျေးဇူးဆပ်သောအားဖြင့် ကဗျာခံစားချက်ကို ရေးလိုက်တာပါ။
ကဗျာတစ်ပုဒ်ကို ကိုယ်ခံစားရတာလောက်လေးနဲ့ ကန့်သတ်လိုက်တာမျိုးမဟုတ်ပါဘူး။ ဒီလိုနားလည်မိတယ်ဆိုတာလောက်ပြောပြတာပါ။

ကဗျာဆိုတာက အနုပညာပစ္စည်းဖြစ်တဲ့အတွက် ... တန်ဖိုးဖြတ်သလိုပြောလို့မရပါဘူး ....။ အခုကဗျာကို စိတ်နဲ့ ဖမ်းကြည့်တာ ဒီလောက်ပဲမိတဲ့အတွက် ဒီလောက်ပဲရေးနိုင်ပါတယ်။ ကိုယ်တိုင်လည်း သေချာဖတ်ကြည့်ပါဦး ....။ ပိုပြီးအရသာရှိပါလိမ့်မယ်။

Oppose those who are shouting Art's for Blah_blah's sake instead of art's sake......!!!!



Peace B with U.

Sunday, November 22, 2009

ဖတ်မိတဲ့ဟိုက္ကု ....



ဖတ်ဖြစ်တဲ့ ဟိုက္ကုလေးတစ်ပုဒ် ... နည်းနည်း ဝေမျှလိုက်ပါတယ်။
ကဗျာမရေးဖြစ်တဲ့အချိန်မှာ ကဗျာအကြောင်းတွေနဲ့ တခြားကဗျာဆရာတွေရေးထားတဲ့ကဗျာတွေကို ဖတ်ဖြစ်ပါတယ် ....။ ဟိုက္ကုလေးတွေကို သဘောကျနေပါတယ်။

ဒီတစ်ပုဒ်ကိုလည်း အတူဖတ်ကြည့်ရအောင်ပါ .....။
ကဗျာထဲမှာ ပါတဲ့ ဒဿနလေးကို တိုတိုကျဉ်းကျဉ်းပြောကြရအောင် ....။

သုံးကြောင်းထဲ ဆိုတော့ .. မြန်ပါတယ် ...။
ပထမအကြောင်းက

A dragonfly

Dragonfly ဆိုတာ ပုစဉ်းကိုပြောတာပါ။... ပုစဉ်းတစ်ကောင်တဲ့ ....။ ပုစဉ်းတွေအကြောင်းကို စိတ်ကရောက်တယ် ...။ ငယ်တုန်းက ပုစဉ်းတွေ ဖမ်းဖူးတယ် ...။ ဒုက္ခပေးဖူးတယ် ...။ ပုစဉ်းအသေးလေးတွေကို ဖမ်းရင် စစ်ပုစဉ်းလိုအကောင်ကြီးက ၀င်ကယ်သွားတတ်သေးတယ် ....။ ကဗျာထဲမှာတော့ ပုစဉ်းအကြောင်း မရေးဖူးသေးဘူး ...။ ဒီကဗျာဆရာကတော့ ပုစဉ်းတစ်ကောင်လို့ စလိုက်ပြီ .......။ ဘယ်လို ပုစဉ်းပါလိမ့် .....။

struggles to grip

struggles ဆိုတာ ရုန်းကန်ရတာ ..ကြိုးပမ်းရတာ ... grip ဆိုတာက ဆုပ်ကိုင်မိဖို့ ... ပုစဉ်းက ဆုပ်ကိုင်မိဖို့ ကြိုးစားနေတယ် .. ရုန်းကန်နေရရှာတယ် ....။ ဒီနေရာမှာတော့ ရရှိဖို့ ကြိုးပမ်းရတဲ့ ဒုက္ခကို ဖွဲ့တယ်လို့ ခံစားရပါတယ် ....။ တန်ဖိုးရှိမယ်ထင်တဲ့ဟာတွေအတွက် ဆုပ်ကိုင်နိုင်ဖို့ .. ခြေကုပ်မြဲဖို့ ကျွန်တော်တို့လည်း ကြိုးစားကြတယ် ...။ သေဖို့မအားသေးဘူးတောင် ပြောကြတာ ကြားဖူးတယ် ....။ မအားလဲ သေမယ်ဆိုတာကို မေ့နေတာ တော်တော်လေးကြာပြီ ....။ ရရှိဖို့ ကြိုးပမ်းတယ် ...။ အာဏာ၊ စည်းစိမ် ၊ အောင်မြင်မှု၊ လူသိများမှု၊ အထင်ကြီးခံလိုမှု၊ .... တစ်ခုခုအတွက် ကြိုးပမ်းတယ် ...။ လွယ်လွယ်လေးကြိုးပမ်းရတာမဟုတ်ဘူး ..။ဘေးမှာပါတဲ့သူတွေကို ကန်ချထားရတယ် ....။ အရှေ့မှာရှိတဲ့သူကို အင်္ကျီ လှမ်းဆွဲရတယ် ...။ မလှမ်းမကမ်းကလူကို ခြေထိုးရတယ် ....။ ကိုယ့်ထက်ဝါရင့်ရင် body ခုရတယ် ...။ နောက်လူကို ကာထားရတယ် ...။ နေရာတစ်ခုကို မရမက ကာကွယ်ဖို့ ကြိုးပမ်းကြတယ် ...။ မရသေးတာအတွက် ကြိုးပမ်းရသလို၊ ရထားတာတွေကို ထိန်းသိမ်းဖို့လည်းကြိုးပမ်းကြတယ် .... ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားကြရတယ် ...။ တတိယအကြောင်း ကဘာပါလိမ့် ....။ ဆက်ဖတ်ကြည့်ရအောင်။

A grass blade

ပုစဉ်း ခြေကုပ်မြဲဖို့ကြိုးစားနေတာ မြက်ပင်လေးရဲ့အရွက်တစ်ခုပဲ ....။ မြက်ရွက်လေးကို ခြေကုပ်မြဲဖို့ကြိုးစားနေတာ ...။ ဘ၀ဆိုတဲ့ ရေပွက်ထဲမှာ ... ရေတစ်ပွက်စာ အချိန်ထဲမှာ .. ကျွန်တော်တို့ ခြေကုပ်မြဲချင်နေတာ ...။ ရလာတာကလည်း မြက်ကလေး တစ်ပင်မှာ ခြေကုပ်မြဲမှု ...။ တစ်သက်လုံး ဆုပ်ကိုင်ဖို့ကြိုးစားနေတာ မြက်ပင်လေးလို တန်ဖိုးမဲ့တဲ့ ရုပ်ဝတ္တုပစ္စည်းတွေပဲ ......။ ရယ်စရာကောင်းတဲ့ ရှင်သန်မှုပဲ .....။ စိတ်နာစရာလည်းကောင်းတယ် .....။ ဆုပ်ကိုင်မိဖို့ကို ဘယ်လောက် အားထုတ်နေရသလဲ .... အားလုံးသိမှာပါ ....။ တကယ်တော့ ကျွန်တော်တို့တွေဟာ ... တန်ရာ တန်ကြေးမရလိုက်တဲ့ ပုစဉ်းတွေပဲလို့ ခံစားရတယ် ဗျာ .....။ ခင်ဗျားတို့ရော ဘယ်လိုခံစားရသလဲ .... ကျွန်တော်သိချင်ပါတယ် ......။

ခင်မင်စွာဖြင့်
Zephyr

Notes:

Basho ရဲ့ ကဗျာလေးပါ ...။ Basho ရဲ့ ကဗျာတွေကို သိပ်သဘောကျပါတယ်။ သူ့ကဗျာလိုနက်ရှိုင်းတဲ့ ကဗျာမျိုးတွေ ဖတ်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ် ....။ ရှေ့တစ်ပါတ် ကြာသပတေးကနေ တနင်္လာနေ့အထိ ဆက်တိုက် ခွင့်တွေယူထားပါတယ် ....။ ဖတ်ဖြစ်ပြီး မရေးဖြစ်သေးတာလေးတွေရေးပြီးတင်ပေးဖို့ စိတ်ကုးထားပါတယ်။



Peace B with U.

Tuesday, November 17, 2009

ကဗျာ ဖတ်စာ (၂)

... a palace must have passages : a poem must have transitions.
-Samuel Johnson


သိပ်လှတဲ့ အတွေးအခေါ်တစ်ခုပါပဲ.... နန်းတော်မှာ လမ်းသွယ်လေးတွေရှိတယ် ... အမိုးခုံးလေးတွေနဲ့ နန်းရင်ပြင်အထိသွားလို့ရတဲ့ လမ်းသွယ်လေးတွေမျိုးပေါ့ .... ကဗျာမှာလည်း ပြောင်းလဲခြင်းရှိရမယ်တဲ့ .... ပုံသေဖြစ်မနေနိုင်ဘူး ... စိတ်က တသမတ်တည်းရှိမနေနိုင်သလို ကဗျာကလည်း တသမတ်တည်းရှိမနေဘူး .... ပြောင်းလဲနေရမယ် .. .အသက်ဝင်နေရမယ် .. တရွေ့ရွေ့သွားနေရမယ် ....။


ကဗျာရေးသူနဲ့ ကဗျာရဲ့ အချေအတင်ဖြစ်မှု၊ မတူညီမှုကြောင့် ထူးခြားအံသြဖွယ် အခြေအနေတစ်ရပ်ဖြစ်လာပါတယ် ...။
ကဗျာရေးတာပဲဖြစ်ဖြစ် ၊ ရသစာပေရေးတာပဲဖြစ်ဖြစ်.... ဖန်တီးသူက သူလုပ်ချင်တာလုပ်လိုက်တာမျိုးမဟုတ်ပါဘူး။ ကဗျာကို ဖြစ်အောင်လုပ်ပြတာမျိုးကို ကဗျာမဟုတ်ဘူးလို့တော့ မပြောနိုင်ပါဘူး။ အတတ်ပညာ ပိုင်းကို အသားပေးတဲ့ ကဗျာလို့ပဲ ကျွန်တော်ယူဆပါတယ်။ ကဗျာဆိုတာ ဘာလဲ ဆိုတဲ့ အဓိပ္ပာယ်ကို ကဗျာဆရာ တစ်ရာက အခု နှစ်ရာလောက်ဖြေနိုင်ပါလိမ့်မယ် ...။ သူ့ဘာသာသူအသီးသီးမှန်ကန်နေတဲ့အဖြေတွေနောက်ကို မလိုက်တော့ဘဲ .. ကဗျာနဲ့ ကဗျာရဲ့ အတွင်းသားကိုပဲပြောတဲ့အခါ၊ ကဗျာက ကဗျာဆရာကို လွှမ်းမိုးတယ်ဆိုတာကို တွေ့ရမှာပါ။ .... အဲဒါကို ခွဲပြီးပြောရတာက ကဗျာဟာ ကဗျာဆရာရဲ့ အာဘော် မဟုတ်ဘူးဆိုတဲ့အချက်ကို သိသာစေချင်တာပါ။ ကဗျာရေးနေတုန်းမှာပဲ ကဗျာဆရာဆိုတာ ရှိပါတယ်။ ကဗျာရေးတဲ့အချိန်မှာ သူ့စိတ်အတွင်းမှာ ဖြစ်နေတဲ့ စိတ်ကူး၊ ဒဿန၊ ခံစားချက်နဲ့၊ အတွေးကို ကဗျာဆရာက စာသားတွေကို အသုံးပြုပြီး စပ်ဆိုပါတယ်၊ ရေးသားပါတယ်။ ကဗျာဆိုတဲ့ Object ကို ပြုလုပ်ပါတယ်။ ကဗျာဆရာက Subject ဖြစ်နေပြီး ကဗျာက Object ဖြစ်နေပါတယ်။ ဒါပေမယ့် ကဗျာက တဖြည်းဖြည်း အသက်ဝင်လာတဲ့အခါမှာ ကဗျာဆရာရဲ့ သြဇာကနေ ရုန်းထွက်ပါတယ် ...။ ကဗျာဆရာနဲ့ ကဗျာနဲ့ အားပြိုင်ပါတယ် ...။ တစ်ချို့ကဗျာဆရာတွေက ကဗျာကို အနိုင်ယူလိုက်ပြီး ...တစ်ချို့ကဗျာဆရာတွေက ကဗျာကို အရှုံးပေးလိုက်တယ်။ တစ်ချို့ ကဗျာဆရာတွေက ကဗျာနဲ့အတူ ရွက်လွှင့်သွားပြီး ... တစ်ချို့ကဗျာဆရာတွေက ကဗျာနဲ့အတူပျံသန်းတယ် ...။ .... ကဗျာဟာ ကဗျာဆရာအတွက်တော့ သက်ရှိတစ်ယောက်ဖြစ်နိုင်သလို .... သိပ်လှတဲ့ သစ်ပင်၊ ပျော့ပြောင်းတဲ့ တိမ်တိုက်နဲ့ သိမ်မွေ့တဲ့အ၀ါရောင်ဖျော့ဖျော့ စောင်းညင်းသံ ဖြစ်နိုင်ပါတယ်။


ကဗျာနဲ့ ကဗျာဆရာ ပဋိပက္ခ ဆိုတာ တကယ်တော့ လူတွေရဲ့ စိတ်ရဲ့ ပဋိပက္ခလိုမျိုးပါပဲ ...။ အခြေအနေကို မကျေနပ်တဲ့အခါ လူဟာ တစ်ခါတစ်လေမှာ တစ်ခုခုကို နာကျည်းနေတတ်တယ် ...။ လူ့သဘာဝက လွတ်လွတ်လပ်လပ် နေချင်တယ်။ ချုပ်နှောင်တဲ့ အတွေးအခေါ် အယူအဆကို မွန်းကြပ်တယ်။ လူဟာ အဆင့်ဆင့် အသိဉာင်္ဏ မြင့်လာတယ် ...။ လူဟာ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို သွေးထဲက ဆာလောင်တဲ့ သတ္တ၀ါဖြစ်လာတယ် ....။ ကိုယ့်ကိုယ်ကို ကျေနပ်ရင်တောင် မွန်းကြပ်တဲ့ ပတ်ဝန်းကျင် လူနေမှုဘ၀ကိုမကျေနပ်ဘူး။ သိသိသာသာ မကျေနပ်သလို၊ တခါတလေ မသိမသာ မကျေနပ်ဘူး ....။ အဲဒီတော့ စိတ်ထဲမှာကိုက ပဋိပက္ခရှိတယ်။ ကဗျာရေးတဲ့အခါလည်း စိတ်ထဲက ပဋိပက္ခတွေပါလာတယ်။ တစ်ချို့ အတွေးတွေက ကဗျာဘက်ကနေ ကိုယ့်ကို ပြန်တိုက်ခိုက်တယ် ...။ ကဗျာမှာ အားပြိုင်မှုပါလာာတယ်။ ကိုယ့်ကဗျာကို ကိုယ်ငြင်းဆန်မိတယ်။ကိုယ့်ကဗျာကို ကိုယ်မုန်းတီးလာတယ် ...။ကိုယ့်ကဗျာနဲ့ကိုယ် ရန်ဖြစ်နေသလိုဖြစ်လာတယ် ...။ ကဗျာကလည်း လွတ်လပ်ခွင့်ကိုတောင်းဆိုလာတယ် ...။ ကဗျာက ကဗျာဆရာရဲ့ အနှောင်အဖွဲ့ကို ဖြည်တယ်။ ကဗျာဆရာကလည်း ကြောင်းကျိုးပြတယ်။ ကဗျာကလည်း ခေါင်းမာမာနဲ့ချေပတယ် ....။ ကဗျာဟာ Obj နေရာမှာ ဆက်မနေနိုင်တော့ဘူး ဆိုပြီး ကဗျာဆရာရဲ့ လက်ကို သူ့လက်နဲ့အစားထိုးတယ် ..။ ကဗျာဆရာရဲ့ နှလုံးသားကို ပိုပြီးနွေးထွေးတဲ့ သူ့နှလုံးသားနဲ့လဲလှယ်တယ် ...။ ကဗျာဆရာရဲ့ အကြည့်ကို ပိုပြီးစူးရှတဲ့ သူ့အကြည့်နဲ့ ပြောင်းလဲတပ်ဆင်တယ် ။ .... ကဗျာဆရာဟာ ကဗျာကို နေရာပေးရတယ် ...။ ကဗျာနဲ့ ကဗျာဆရာဟာ ကဗျာတစ်ပုဒ်ကို အတူဖန်တီးမိကြတယ် ...။ ကဗျာထဲက ဒဿနကို အတူဝေဖန်ခဲ့ကြတယ် ...။ ကဗျာထဲက ဒေါသကို အတူဖောက်ခွဲခဲ့ကြတယ် ...။ ကဗျာထဲက စပျစ်ရည်ကို အတူသောက်သုံးခဲ့ကြတယ် ...။ ကဗျာထဲက အနမ်းကို အတူ ခွဲခြမ်းစိတ်ဖြာခဲ့ကြတယ် ...။ အယူအဆမတူတဲ့အခါမှာ ကဗျာနဲ့ ကဗျာဆရာ လုံးထွေးသတ်ပုတ်ခဲ့ကြတယ် ...။ ကဗျာ ဆိုတာ ထုတ်ကုန်တစ်ခုမဟုတ်တဲ့အတွက် သတ်မှတ်ချက် ပြည့်မီဖို့ အခါခပ်သိမ်းမဖြစ်နိုင်ဘူး။ ကဗျာဆရာရဲ့ လက်ရာဟာ ပြောင်းလဲနေတယ် ...။ သူ့စိတ်နဲ့အတူ သူ့အာရုံဝင်စားရာနဲ့အတူပြောင်းလဲနေတယ် ...။

ကဗျာကို သေချာဖတ်ကြည့်မယ်ဆိုရင် ကဗျာရဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်မှု Spontaneous ကို တွေ့နိုင်ပါတယ်။ ဆက်တိုက် စီးမျောလာသလို သူ့ flow နဲ့သူ စီးဆင်းလာပါတယ်။ (ကဗျာတစ်ပုဒ်ကို အတူရေးဖို့ခက်တာက အဲဒီ Spontaneous ဖြစ်တာကို ထိခိုက်နိုင်တာနဲ့ ကဗျာရဲ့ rhythm ကိုကြားပုံမတူတဲ့အတွက်ဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ကို အတူရေးမယ်ဆိုရင်ကဗျာရေးသူနှစ်ယောက် (သို့ မဟုတ် နှစ်ယောက်ထက်ပိုသူများ) ဟာ အနည်းဆုံး ကဗျာရဲ့ timing နဲ့ rhythm ကို သိဖို့လိုပါတယ်။ အလွယ်ဆုံးနည်းကတော့ တစ်ယောက် တစ်လှည့်ရွတ်ပြဖို့လိုပါတယ်။ အသံရဲ့ အသွားအလာကိုသိပြီဆိုရင် စကားလုံးတွေ လိုက်ဖက်ဖို့စဉ်းစားရပါမယ်။ အထူးသဖြင့် match ဖြစ်အောင် သုံးရပါမယ်။ အတူတူမဖြစ်သွားအောင်လည်းသတိထားရပါမယ်။ ကဗျာတစ်ပုဒ်ကို အတူရေးကြဖို့ဆိုတာ စိတ်အခြေအနေတူနေဖို့လည်း လိုအပ်ပါတယ်။ ကဗျာကို ဗဟိုပြုထားတဲ့ စိတ်အခြေအနေကို ဆိုလိုပါတယ် ....။ အဲဒါတွေကြောင့် ကဗျာအတူတူရေးဖို့ဆိုတာ မလွယ်ကူဘူးလို့ ယျေဘုယျမှတ်ယူနိုင်ပါတယ်။) ကဗျာရဲ့ တန်ပြန်လွှမ်းမှိုးမှုဟာ ကဗျာမှာပါလာတဲ့ခွန်အားဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ရဲ့ ခွန်အားဟာ ကဗျာကို ပိုပြီးအသက်ဝင်စေပါတယ်။ ကျစ်လျစ်သိပ်သည်းလွန်းတဲ့ကဗျာတွေက စိတ်ထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်းရောက်လာနိုင်ပါတယ်။ တစ်ချို့ကဗျာတွေရဲ့မွန်းကြပ်မှုဟာ တယောသံတွေရဲ့ နှလုံးသားကို တိုက်ရိုက်ထိခတ်စေတဲ့ တေးသွားတွေထက် မလျော့ပါဘူး။ ကဗျာရဲ့ လွှမ်းမိုးမှုဟာ ဂီတရဲ့ လွှမ်းမိုးမှုသြဇာထက်မလျော့ပါဘူး ...။ ကဗျာရဲ့ ဆန့်ထွက်မှုဟာ ကန့်သတ်ချက်မဲ့တဲ့ဆန့်ထွက်မှုမျိုးဖြစ်ပါတယ်။

ကဗျာရဲ့ တင်းအားကို ကဗျာထဲမှာ အစီအစဉ်တကျ ဖြည့်စွက်တာဟာ ကဗျာရဲ့ ဒိုင်မင်းရှင်းကို ဖြစ်စေဖို့အတွက်ပါ။ ကဗျာဟာဆန့်ထွက်တယ် ...။ အပြင်ကို ဆန့်ထွက်သလို အတွင်းကိုလည်း တိုးဝင်တယ် ...။ အဲဒီလိုရုန်းကန်မှုဟာ ကဗျာ ဘာသာဗေဒကို ဖြစ်ထွန်းစေတာပါ။ ကဗျာဘာသာဗေဒ အတွက် ဘာသာစကား တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ ဘာသာစကားကို ကဗျာရဲ တည်ဆောက်ပုံအပေါ်မှာဖြည့်စွက်ထားတဲ့ တင်းအား(tension) တွေနဲ့ပေါင်းစပ်လိုက်မှ ကဗျာဘာသာဗေဒဖြစ်ထွန်းပေါ်ပေါက်လာပါတယ်။ စိတ်ရဲ့မြန်နှုန်းအတက်အကျတွေ၊ ဖွင့်ဆိုမှုတွေ၊ အရိပ်အမြွက်တွေ၊ အသံမြိုင်မြိုင်ဆိုင်ဆိုင် သွတ်သွင်းခြင်းတွေကိုလည်း ပေါင်းစပ် အားဖြည့်ကြပါသေးတယ်။

ကဗျာတစ်ပုဒ်ဟာ စိတ်ကူးစိတ်သန်းပါဝင်ရမယ်။ ကဗျာတစ်ပုဒ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဟန် ကဒုတိယဦးစားပေးကိစ္စတွေပဲဖြစ်တယ်။ ကဗျာမှာအမြင်တစ်ခုမှမပါဘူးဆိုရင် ဖတ်ရတာမတန်သလိုခံစားရတယ်။ ကဗျာက အသက်ဝင်နေရမယ်။ ကဗျာက စကားပြောရမယ်။ကဗျာကတုံဏှိဘာဝေနေနေရင် ဘာမှနားမလည်ဘူး။ အစပ်အဆက်ရှိရမယ်။....ဒီလိုပြောရင် မော်ဒန်သီအိုရီက အဆက်အစပ်မဲ့ခြင်းတို့ အပိုင်းပိုင်းစိတ်ဖြာခြင်း တို့နဲ့ရောထွေးပြီး လာငြင်းနှေမှာစိုးပါတယ်။ မော်ဒန်မှာ Chaos အသွင်ရေးတာရှိပါတယ်။ ဒါပေမယ့် သူ့မှာလည်း သူ့ 0rder နဲ့သူရှိပါတယ်။ စကားလုံးတွေအစား Symbol တွေအများကြီးသုံးပြီး ညွှန်းချင်ညွှန်းပါမယ်။ အစီအစဉ်တကျလုပ်ထားတဲ့ ပုံစံပါ။ စနစ်တကျ အဆက်အစပ်မဲ့ထားတာလို့ပြောရင်နည်းနည်း နားထွေးစရာကောင်းနေမယ်ထင်ပါတယ်။ ပန်းချီဆရာတစ်ယောက် ကောင်းကောင်းဆွဲတတ်သွားတဲ့အခါ သူ ဆွဲတဲ့ လိုင်းလေးတစ်ခုစီကို အချိန်မရွေး ပြန်ဆက်စပ် လိုက်လို့ရလောာက်အောင် ဖြစ်လာတဲ့အခါ သူလျှောက်ခြစ်နေတာမဟုတ်ဘူးလို့သေချာသိရသလိုပါပဲ။ ပုံကြမ်းလေးဆွဲထားတာ ပုံချောမဆွဲတတ်လို့မဟုတ်ဘဲ သူက ဒီလိုပဲ presentation လုပ်ချင်လို့ဖြစ်ပါလိမ့်မယ် လို့သိရသလိုမျိုးပါ။ ကဗျာဆရာတွေသုံးတဲ့ ဘုရားသခင် ဆိုတဲ့ ဝေါဟာရနဲ့ နှုတ်ခမ်းနီမလေး ရေရွတ်တဲ့ ဘုရားသခင်ဆိုတဲ့ ဝေါဟာရဟာ မတူညီတဲ့ အဓိပ္ပာယ်ဆောင်တဲ့ တူညီတဲ့စကားလုံးတွေဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဆရာသစ္စာနီ သုံးထားတဲ့ form ကို သုံးတိုင်း သစ္စာနီ ဖြစ်ပြီလို့ပြောလို့မရပါဘူး။ ကဗျာဆရာတိုင်းမှာ ပင်ကိုယ် အရည်အချင်းအများကြီးရှိပါတယ်။ သူတို့ရဲ့ ကဗျာ ကျစ်လျစ်နေတာဟာ အတတ်ပညာ တစ်ခုတည်းကြောင့်လည်း မဟုတ်ပါဘူး။ ပင်ကိုယ်အရည်အချင်းနဲ့ အာရုံခံစားမှု ပါးလျထက်မြက်နေတာကြောင့်လည်းပါပါတယ်။ K.ဇော် နဲ့ နေမျိုးကဗျာတွေ သိပ်လှနေတာ သူတို့ရဲ့ စိတ်ရင်းက ရိုးသားတဲ့ကဗျာလှလှလေးတွေအတွက် ရေခံမြေခံကောင်းလို့ပါ။ ဆရာသုခမိန်လှိုင်လည်း အတိုလေးတွေရေးတာကောင်းတယ် ဆိုပြီးလိုက်ရေးရင် ဘယ်လောက်ခက်တယ်ဆိုတာ နားလည်နိုင်ပါလိမ့်မယ်။ စကားလုံးကို အစွမ်းကုန်လျော့ချထားပြီး အထိရောက်ဆုံး ရောက်အောင် သွားနေတဲ့ကဗျာတွေကို အလကားကဗျာလို့ အော်နေရုံနဲ့တော့ ကိုယ့်ဓာတ်ခံအားနည်းတာ လူသိတာပဲ အဖတ်တင်တယ်။ (The poems I love မှာ သုခမိန်လှိုင် ကဗျာတင်တိုင်း လာလာအမနာပလေ့ရှိတဲ့ ကော်မန့်မန့်သူသို့ တိုက်ရိုက်ရည်ညွှန်းပါတယ်။)

Imagination ကို ပြင်သစ်စကားလုံး Clair-obscur ဆိုတာနဲ့ခိုင်းနှိုင်းချင်ပါတယ်။ Clair-obscur ကို အတွေးရဲ့ အံ့ဘနန်း အခြမ်းလို့ ဆိုလိုချင်ပုံရပါတယ်။ တစ်ချို့စာသားတွေကို ဘာသာပြန်လိုက်ရင် အားနည်းသွားပါတယ်။ အောက်က စာသားကို မူရင်းအတိုင်းဖတ်ကြည့်ရင်ပိုကောင်းတာကို ကျွန်တော်ဘာသာပြန်ထားတဲ့ စာသားတွေဖတ်ပြီးတဲ့အခါ နားလည်သွားလိမ့်မယ်။

There will always be poetry, in its search for language, a desire for the liberation of the imagination.

စိတ်ကူးစိတ်သန်းရဲ့ လွတ်မြောက်မှုကို ဆန္ဒပြင်းပြမှုနဲ့၊ ဘာသာ စကားကို ရှာဖွေလိုမှု တွေအတွက် ကဗျာ ဆိုတာ အမြဲ ရှိလိမ့်မယ် ...။

တော်တော်လေးကို ပြောင်မြောက်တဲ့အဆိုလို့ ခံစားရတယ်။နောက်ထပ် သဘောကျစရာကောင်းတဲ့အဆိုတစ်ခုက Breton ပြောတဲ့ ..."to imagine is to see".
သိဖို့ စိတ်ကူးကြည့်တာတဲ့ ...။ အဲဒါကို သိပ်သဘောကျတယ် ....။ ပေါတောတော စိတ်ကူးယဉ်တာမဟုတ်ဘူး ...။ အဲဒါကို သိချင်လို့ စိတ်ကူးတာ။ ... ဘယ်လိုဒဿနမျိုးဖြစ်ဖြစ် စိတ်ကူးကြည့်ရတာချည်းပဲ။ လက်တွေ့မလုပ်ခင် စိတ်ကူးပြီးလုပ်ရတာတွေချည်းပါပဲ။ ကဗျာမှာလည်း စိတ်ကူးရတယ် ...။ တွေးရတယ် ...။ ကဗျာဟာအခွံတစ်ခုဆိုတာထက်ပိုပါတယ်။ စကားလုံးတွေ တပ်ဆင်ပြသမှုဆိုတာထက်လည်းပိုပါတယ် ....။

ကဗျာတွေဟာ Tales တွေနဲ့ တူညီတာတစ်ခုရှိတယ် ...။ Tales ကို ဘာသာပြန်ရင် Stories of Stories လို့ပြန်ရမယ်ထင်တယ်။ ပုံပြင်တွေအကြောင်းပုံပြင်။ ဆိုလိုတာက Tales တွေထဲက နေရာဒေသဟာ တစ်ခြားဒိုင်မင်းရှင်းတစ်ခုဖြစ်တယ်။ အဲဒီမှာ တိရစ္ဆာန်တွေ စကားပြောလို့ရတယ် ....။ ဟယ်ရီပေါ်တား မြွေစကားတတ်တာကလည်း Tales ဆန်တဲ့ အရေးအသားမျိုးပါပဲ။ ဆိုလိုတာက Tales က သီးခြား ဒိုင်မင်းရှင်းရှိတယ် ...။ လက်ရှိနေတဲ့လောက ကို လွန်မြောက်တဲ့သဘောပါတယ်။ ကဗျာဆရာက တိမ်ဖြစ်တယ်၊ငှက်ဖြစ်တယ်။ ငါးဖြစ်တယ်။ ပြည့်တန်ဆာရဲ့ အပြုံးဖြစ်တယ်။ ... Tales ထဲမှာ ဘာမဆိုဖြစ်နိုင်တယ် ...။ Freedom of Poetry ဆိုတာ ကဗျာရဲ့ ဒိုင်မင်းရှင်းတွေကို အသိအမှတ်ပြုမှုလို့ နားလည်မိပါတယ်။ ကဗျာက ဗဟု ဒိုင်မင်းရှင်းမှာ လှပစွာပွင့်နေတဲ့ ပန်းတစ်ပွင့်ပဲပေါ့ ....။

(အားတဲ့အခါဆက်ရေးပါဦးမည်။)


ခင်မင်စွာဖြင့်
Zephyr


Notes:

အခုဖတ်ဖြစ်နေတဲ့ စာအုပ် နာမည်က Forces of Imagination ဆိုတဲ့ စာအုပ်ပါ။ စာရေးသူက Barbara Guest ဖြစ်ပါတယ်။ ကဗျာနဲ့ ပတ်သက်တဲ့ စာအုပ် နှစ်အုပ်ကို ငှားဖို့ ရွေးရင်း ဒီတစ်အုပ်ကို ရွေးဖြစ်သွားပါတယ်။ အရင်ငှားထားတဲ့စာအုပ်တွေပြန်မအပ်ရသေးတာနဲ့ တစ်အုပ်ပဲ ထပ်ငှားလို့ရတဲ့အချိန်မှာမှ စာအုပ်ကောင်းနှစ်အုပ်ကို တပြိုင်နက်တွေ့တာကတော့ နည်းနည်းတော့ ရွေးရခက်ပါတယ်။ Bugis က Central Library မှာ စာဖတ်ဖို့ခုံမရှိတာနဲ့ ကလေးတွေ စာဖတ်ခန်းမှာ အုပ်ထိန်းသူယောင်ဆောင်ပြီး ကလေးခုံလေးနဲ့စာဖတ်နေတုန်း ရုံးက သူဌေးနဲ့လာတွေ့ပါသေးတယ်။ ကလေးတွေလည်း စာတော်တော်ဖတ်နိုင်ကြတာတွေ့ရပါတယ်။ Singapore မှာတော့ မိဘတွေက ကလေးတွေ စာဖတ်ဖို့ ဂရုစိုက်တယ်ဆိုတာ သိသာပါတယ်။ ကလေးတွေ ဘာဖတ်သင့်လဲဆိုတာ မိဘတစ်ယောက်က စိတ်ရှည်လက်ရှည်ထိုင်ရွေးပေးနေတာ၊ ထိုင်ဖတ်ပြနေတာလည်းတွေ့ရပါတယ်။ ငယ်ကတည်းက တစ်ယောက်ယောက်က ကိုယ်မဖတ်တတ်သေးတဲ့စာတွေ ဖတ်ပြနေရင် သိပ်သဘောကျပါတယ်။ အခု ကလေးတွေလည်း စာဖတ်ရတာပျော်ရွင်ပုံရပါတယ်။ စာဖတ်လို့ ညောင်းလာတဲ့အခါ ဘေးက ကလေးတွေကို လေ့လာရတာနဲ့ ပျော်ဖို့ကောင်းပါတယ်။ ကျောင်းစာတွေအပါအ၀င် ကျွန်တော်တို့ သင်ထားတာတွေမေ့သွားမှာပါပဲ ...။ နောက်ဆုံးကျန်ခဲ့မှာက ကျွန်တော်တို့ ဘယ်လို လေ့လာလို့ရသလဲဆိုတဲ့ နည်းလမ်းပါပဲ။ ကျောင်းမှာ စာကျက်ရင် မှတ်စုထုတ်ရသလို၊ အလုပ်အတွက် စာဖတ်ရတဲ့အခါမှတ်စုထုတ်ရတာပါပဲ။ Concepts တွေကို မှတ်မိအောင်လုပ်ရတာလည်း အတူတူပါပဲ။ အခု ကိုယ်ဝါသနာပါတာတွေ ရှာဖတ်တော့လည်း ဒီလိုပါပဲ။ ရေးမှတ်စရာရှိတာ ရေးမှတ်ရတာပါပဲ။ ဘာမှမထူးပါဘူး ...။ ပညာရေးက ဒီလိုပဲလေ့လာရတာပါပဲ။ လေ့လာရတာကို ပျော်တဲ့သူတိုင်းအတွက် ပညာရေးဟာ ၀ါသနာလုပ်ငန်းပါပဲ ...။ ကိုယ်ဝါသနာပါတာ ကိုယ်လေ့လာနေရတာ ပျော်စရာကောင်းပါတယ် ....။ စာတွေဖတ်ရလို့လည်း တစ်ခါမှ မပျင်းသွားပါဘူး။ ဒီတစ်အုပ်မကြိုက်ရင်နောက်တစ်အုပ်ပြောင်းဖတ်လိုက်ရုံပါပဲ။ စာအုပ်ပုံကြီးရှေ့ချပြီး တစ်အုပ်ပြီးတစ်အုပ် ဖတ်ချင်တာလေးတွေ ရွေးဖတ်နေရတာ တော်တော်ပျော်စရာကောင်းပါတယ်။

ဒီဆောင်းပါးဟာ ကဗျာရဲ့ ပကတိတန်ဖိုးကို နားလည်ဖို့ အများကြီးဖွင့်ဆိုထားတာပါ။ စာအုပ်ရဲ့ ရှေ့ပိုင်း စာမျက်နှာ ငါးဆယ်ကို ဖတ်ပြီး တွေးမိတာတွေကို ပေါင်းပြီးရေးထားတာပါ။ကဗျာဆိုတာ ရေးချင်တာရေးလို့ရတယ်ဆိုတာမျိုး ဖြစ်သွားတာကို စိတ်မကောင်းတဲ့အတွက်လည်း ရေးတာဖြစ်ပါတယ်။ တကယ် ကဗျာရေးမယ်ဆိုရင် ကဗျာကို တကယ်ချစ်စေချင်ပါတယ်။ တကယ်လေ့လာပြီး တကယ်ရေးပါ။ LP ရေးရေး ... Modern ရေးရေး Post Modern ရေးရေး၊ လေးလုံးစပ်ရေးရေး ... ကဗျာစစ်စစ်ကိုရေးပါ။
ကဗျာရဲ့ အနှစ်သာရကို ခံစားနားလည်တတ်လာတဲ့အခါ ကဗျာပဲရေးရေး ကဗျာပဲဖတ်ဖတ် သိပ်အရသာရှိပါလိမ့်မယ်။ Comments အားဖြင့်မအောင်မြင်တာ အကြောင်းမဟုတ်ပါဘူး။ အနုပညာတန်ဖိုးအရ အောင်မြင်ဖို့က ပိုအရေးကြီးပါတယ်။

Blogs မှာ ကဗျာကောင်းလေးတွေ ရေးပေးနေကြတဲ့ ကဗျာဆရာမ(စစ်စစ်)တွေ၊ကဗျာဆရာ(စစ်စစ်)တွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်းလည်း စကားစပ်မိတုန်းပြောလိုက်ချင်ပါတယ်။

Art's For Art's Sake .... ဆိုတာကို လက်ခံပါတယ်..
Art's For blah-blah's Sake ဆိုရင်တော့ ကိုယ့်ဘာသာကိုယ်ပဲ ဆိတ်ပါ ...။ ကူပြီးမဆိတ်နိုင်တဲ့အကြောင်း ကျွဲကူးရေပါပြောတာလည်းဖြစ်ပါတယ်။

အစအဆုံးဖတ်တဲ့သူတွေကို Toto နှစ်သန်းပေါက်တဲ့အခါ တစ်ယောက် ၅ သောင်းစီပေးဖို့တောင် စီစဉ်ထားပါသေးတယ်။ နှစ်ခေါက်ဖတ်သွားတဲ့သူကိုတော့ တစ်ခါတည်းနားမလည်ရကောင်းလို့ ဆူပူမာန်မဲဖို့ စိတ်ကူးမရှိပါဘူး ဆိုတာလည်း အသိပေးပါတယ်။



Peace B with U.