Wednesday, February 17, 2010

သက်ပြင်းတွေ သိပ်မချနဲ့ ... ဒီကမ္ဘာကြီးပဲရှိတယ်။


သက်ပြင်းတွေ သိပ်မချနဲ့ ... ဒီကမ္ဘာကြီးပဲရှိတယ်။

အခုတလော ရာသီဥတုက ပိုပူလာတယ်။ ကျွန်တော်လည်း အသက်က ထောက်လာတဲ့အတွက် နေပူရင် ခေါင်းမူးသလိုလို ဖြစ်ဖြစ်နေတတ်တယ်။ စင်ကာပူရဲ့ အူကြောင်ကြား ရာသီဥတုမှာ မိုးရွာတတ်တဲ့ ရက်ကလေးတွေ နည်းသထက်နည်းလာတယ်။ ခေါင်းမူးနေတဲ့နေ့တွေမှာ PC ကို မကြည့်နိုင်တဲ့အတွက် စာအုပ်ပဲ ထိုင်ဖတ်ဖြစ်တယ်။ ပြီးခဲ့တဲ့ အပတ်က ဇူပေရီရဲ့ မင်းသားလေးစာအုပ်ဖတ်ဖြစ်တယ်။ ပို့စ်မော်ဒန်အကြောင်းဖတ်တယ်။ ဇေယျာလင်းရဲ့ တကယ့်ဘ၀ဖတ်ဖြစ်တယ်။ ထူးခြားတာကတော့ ခေါင်းမူးသက်သာပြီလို့ထင်ပြီး ရုံးအတွက် ဖတ်စရာလိုတာလေး ကောက်ကိုင်လိုက်ရင်ကို မူးလာတတ်တယ်။ ဒီရောဂါဟာ အလုပ်နဲ့ PC ကို ဆန့်ကျင်တဲ့ရောဂါဖြစ်နိုင်ပါတယ်။ စာဖတ်ရင်း သဘောကျတာလေးတွေတွေ့ရင် ရေးဖို့စဉ်းစားထားမိတယ်။ 2010 ကို အမြန်ဆုံး slide soft away ဖြစ်သွားဖို့ အချိန်များများကုန်မယ့် ကိစ္စတွေကို အထူးဦးစားပေးလုပ်ကိုင်နေဖြစ်ပါတယ်။

ပထမဆုံးက ကမ္ဘာကြီးကို ကယ်တင်နိုင်မှာလား ဆိုတဲ့မေးခွန်းပါ။

ကမ္ဘာကြီးကို ကယ်တင်ဖို့ စူပါမင်းလာပါပြီဆိုတဲ့ Appeton Weigh Gain ထဲက ကြော်ငြာစာသားကို သတိရပါတယ်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်ဆိုတဲ့ စကားကြီးဟာ တစ်ခါတစ်လေ အပျင်းထူတဲ့ တာဝန်မသိတတ်သူတစ်ချို့အတွက် ၀င်ပုန်းနေဖို့ကောင်းတဲ့ ကတ်ထူပုံးကြီးတစ်ခုလိုပါပဲ။ တစ်ချို့ကိစ္စတွေဟာ ကိုယ်နဲ့လည်း ဆိုင်တယ်လို့မခံစားရမချင်း လုပ်ချင်စရာမကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လို လူတွေကြောင့် ကမ္ဘာကြီး ကျန်းမာရေး အညံ့ထဲရောက်နေတဲ့အကြောင်း နည်းနည်းလောက် သတိထားကြည့်ဖို့လိုအပ်ပါတယ်။ တီကောင်နဲ့ ဗေဒါပင်တွေလောက် Environmental friendly ဖြစ်လာစေဖို့မရည်ရွယ်ပါဘူး ... Overview လောက် လေ့လာကြည့်ကြတဲ့သဘောပါပါပဲ။ တော်တော်လေးပျင်းရိဖို့ကောင်းမှာဖြစ်တဲ့အတွက် အနီးအနားမှာ ကော်ဖီတစ်ခွက်ဖြစ်စေ၊ ချိန်ကိုက်ဗုံးတစ်လုံးဖြစ်စေ၊ နားရွက်နားမှာ ပုရွက်ဆိတ်တစ်ကောင် တင်၍ဖြစ်စေ ဖတ်ရှုနိုင်ပါတယ်။ (အိပ်မငိုက်မှာ သေချာတဲ့နီးလမ်းတစ်ချို့ဖြစ်ပါတယ်။ ရုတ်တရတ် ကင်းမြီးကောက် ထထောင်လိုက်လည်း အိပ်ငိုက်ပြေတယ်လို့ အဆိုရှိပါတယ်။ နှစ်သက်ရာနည်းလမ်းသုံးပြီး ဆက်ဖတ်နိုင်ပါတယ်။)

အခု ကမ္ဘာကြီးကပူတယ်။ ဘာလို့လဲဆိုတော့ ကျောက်မီးသွေး၊လောင်စာဆီနဲ့ ဓာတ်ငွေ့တွေက ကာဗွန်တွေကြောင့် greenhouse gases တွေထွက်လာလို့ပါ။ လစ်ဗျားနိုင်ငံမှာတော့ ဒီလို gas တွေလေထဲမထွက်ခင်မှာမီးရှို့လိုက်ပြီး သန့်စင်လိုက်ပါတယ်။ gas တွေတော့ထွက်မသွားဘဲ ကာဗွန်တွေ ထွက်သွားတော့ တော်တော်ကြီးဆိုးတာပါပဲ။အဲဒီလို တစ်နှစ်အတွင်း လောင်ကျွမ်းသန့်စင်လိုက်ရတဲ့ ဓာတ်ငွေ့ပမာဏဟာ ဂျာမဏီ နဲ့ ပြင်သစ်မှာ တစ်နှစ်သုံးတဲ့ ဓာတ်ငွေ့ပမာဏလောက်ရှိပါတယ်။ အခုတော့ လစ်ဗျားဟာ နောက်ထပ်နည်းလမ်းတွေနဲ့ သန့်စင်ပါတယ်။ အတုယူဖို့ကောင်းတဲ့ တစ်ချို့နိုင်ငံတွေမှာတော့ သဘာဝဓာတ်ငွေ့ကို လေထဲမရောက်အောင် တစ်ဖက်နိုင်ငံကို ပိုက်တွေနဲ့သွယ်တန်းပြီးပို့လေ့ရှိပါတယ်။ ဂုဏ်ယူစရာ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ နိုင်ငံလေးမှာပါ ...။ အိမ်နီးနားချင်းတွေ လျှပ်စစ်မီးရဖို့ ကိုယ်ကျိုးစွန့်ကူညီတဲ့ နိုင်ငံလေးအဖြစ် စံချိန်တင်စပြုလာပြီလို့သိရပါတယ်။

Saving Energy

ဒီခေါင်းစဉ်နဲ့တွဲပြီးပြထားတာကတော့ စက်ဘီးပုံပါ။
စင်ကာပူနိုင်ငံမှာဆိုရင်လည်း နိုင်ငံသေးသေးလေးထဲ ကားတွေအများကြီးစုထည့်ထားသလိုဖြစ်နေပါတယ်။ လူတွေက မော်တော်ယာဉ်တွေကို သွားလာရေးအတွက်မဟုတ်ဘဲ ဇိမ်ခံပစ္စည်းအနေနဲ့ အသုံးပြုလာတဲ့ ယဉ်ကျေးမှုကြောင့်ဖြစ်ပါတယ်။ ကားစီးတဲ့သူတွေအကြောင်းပြတာကတော့ စင်ကာပူမှာ စက်ဘီးဆိုရင် ခိုးတာပဲတဲ့။ တော်တော်လေးကို စဉ်းစားစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။ ကားကမှ အာမခံထားလို့ရသေးတယ်လို့လည်းပြောပါသေးတယ်။ သိပ်ကို ကျယ်တဲ့နိုင်ငံတွေမှာတော့ စက်ဘီးနဲ့များသွားရင် အလုပ်ကို ရောက်ဖို့ တစ်ပတ်လောက် နင်းယူရပါလိမ့်မယ်။ ဒါမျိုးတွေအတွက် CNG ကားဖြစ်ဖြစ် ကြက်ဆူဆီ BMW ဖြစ်ဖြစ် ၀ယ်သုံးရင် ပိုပြီးအဆင်ပြေစရာရှိပါတယ်။ ကမ္ဘာမှာ ရှေ့တန်းရောက်မှန်းမသိရောက်နေတဲ့ နိုင်ငံလေးတစ်ချို့ကို သတိရပါတယ်။

တစ်ချို့နိုင်ငံတွေမှာတော့ ဘတ်စ်တွေကို မက်သနောတွေ ဟိုက်ဒရိုဂျင်တွေနဲ့ မောင်းနေပါပြီ။ ဒါပေမယ့် လောလောဆယ်မှာ အဲဒီ ဟိုက်ဒရိုဂျင်နဲ့ မက်သနောတွေကို လောင်စာဆီတွေကနေပဲထုတ်နေရတာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားတာတွေကြောင့် mass production မလုပ်နိုင်သေးပါဘူး။ နောက် အနှစ် ၂၀ မှာ ဖြေရှင်းနိုင်မယ်လို့ စာအုပ်ရေးတဲ့သူက အာမခံပါတယ်။ သူ့အသက်က ၈၀ လောက်ရှိနေမလားတော့ မသိပါ။

နောက်တစ်ခုက အဲကွန်း၊ တီဗွီနဲ့ PC တွေကို မသုံးတဲ့အခါ stand by ထားပေးဖို့ပါ။ တစ်ချို့ အမြော်အမြင်ကြီးမားတဲ့ အစိုးရအဖွဲ့အစည်းတွေဆိုရင် မကြာမကြာ လျှပ်စစ်မီးဖြတ်တောက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းလေ့ရှိကြတယ်လို့သိရပါတယ်။

နောက်တစ်ခုက အ၀တ်လျှော်စက်ပါ။ Ozone ကို သုံးပြီးလျှော်တဲ့စက်တွေရှိပါပြီ။ ရေတွေစိုလိုက် အခြောက်လှမ်းလိုက်လုပ်စရာမလိုတော့ပါဘူး။ အိမ်မှာရှိတဲ့ အနှစ်သုံးဆယ်ကြာတဲ့ မီးဖိုချောင်ပစ္စည်းတွေကို အသစ်သာဝယ်လဲလိုက်ပါ။ အင်နာဂျီ သုံးပုံတစ်ပုံပဲ စားပါလိမ့်မယ်။ လောလောဆယ်တော့ အဲဒါလေးကို တွေးပြီး ကုန်တာတွေကို မေ့ထားလိုက်ပါ။(မီးဖိုချောင်သုံးပစ္စည်းများတွင် အိမ်ရှင်မများ ပါ၊မပါ ပညာရှင်များ ဆက်လက်ဆွေးနွေးကြပါရန်။)

နောက်တစ်ခုက LED ပါ။ အခု LED နည်းပညာက တဟုန်ထိုး တိုးတက်လာတဲ့အတွက် ၂၀၁၀ မှာ မီးချောင်းတွေကို LED နဲ့လဲနိုင်တဲ့ အနေအထားရောက်လာမယ်လို့ပြောပါတယ်။ အဲဒါကအခုအထိတော့ မဟုတ်သေးဘူးထင်ပါတယ်။ ရုံးမှာ မီးချောင်းတွေမလိုအပ် ဘဲ အချောင်း သုံးလေးဆယ်ထွန်းထားတာတွေ့နေရတုန်းပါပဲ။Monitor မှာတော့ LED monitor တွေက LCD ကို ဈေးရော၊ ကွာလတီရော ကျော်တက်သွားတာတော့ သတိထားမိပါတယ်။ LED က energy save လုပ်နိုင်တာ ကျောင်းမှာကတည်းက သင်ရပါတယ်။ ဒါပေမယ့် အရင်ကတော့ LED က Red, Green and Yellow ပဲတွေ့ဖူးပါတယ်။ အခုတော့ အရင်ကထက် အများကြီးအဆင့်မြင့်သွားပြီဆိုတာတော့သိရပါတယ်။

အဆောက်အအုံများ

ပတ်ဝန်းကျင်နဲ့ညီညွတ်တာလေးတွေဆောက်ဖို့လိုပါတယ်။ သိပ်ပူတဲ့နေရာတွေမှာ အဆောက်အအုံကို အေးမြစေတဲ့ ဒီဇိုင်းမျိုးသုံးထားရင်အင်နာဂျီချွေတာရာရောက်ပါတယ်။ ပြတင်းပေါက် ခပ်သေးသေးတွေနဲ့ အပူစိမ့်ဝင်ဖို့ခက်ခဲတဲ့ နံရံတွေပါရှိရင် အဆောက်အအုံက အေးမြနေပါလိမ့်မယ်။ လေ၀င်လေထွက် ကောင်းမွန်အောင် သတိပြုရပါမယ်။

နောက်တော့ E glass တွေသုံးဖို့ပါ။ E glass တွေဟာ အာဂွန်ဓာတ်ငွေ့ဖြည့်ထားတဲ့ မှန်တွေပါ။ ပုံမှန်ထက် အပူစိမ့်ဝင်ဖို့ လေးငါးဆ ခက်ခဲတဲ့အတွက် အခန်းအပူချိန်ကို ထိန်းညှိဖို့ အသုံးဝင်ပါတယ်။ အလင်းရောင်ရြ့ပီး မပူလောင်တဲ့ အခန်းတွေဖြစ်အောင် ဖန်တီး လို့ရပါတယ်။

Zimbabwe မှာတော့ air con မသုံးဘဲအေးအောင်ဆောက်ထားတဲ့ The Eastgate office ဆိုတာရှိပါတယ်။


ကြံဖန်ပြီးဂုဏ်ယူချင်ရင်တော့ မြန်မာပြည်က ၀န်ကြီးများရုံးဟာလည်း အင်မတန်အေးမြတဲ့ အဆောက်အအုံဖြစ်တယ်လို့ပြောချင်ပါတယ်။ အရင်က မျက်နှာဖြူတွေဟာ လေ၀င်လေထွက်ကောင်းဖို့ ဘယ်လိုဆောက်ရမယ်ဆိုတာ နားလည်တယ်ဆိုတာ လက်ခံမိပါတယ်။

တရုတ်ပြည် The Pearl Rive Tower ဆိုရင် zero-energy skyscraper လို့ခေါ်ပါတယ်။ အမြင့်ကြီးဆောက်ထားပြီး လေဖိအားသုံး တာဘိုင်တွေကတစ်ဆင့် လျှပ်စစ်မီးထုတ်ယူပါတယ်။ ၂၀၁၀ မှာပြီးမယ်လို့တော့ရေးထားပါတယ်။




Lodon မှာတော့ အပြင်က Energy မလိုတဲ့ BedZed (The Beddington Zero-Energy Development) အိမ်တွေအများကြီးရှိတယ်လို့ဆိုပါတယ်။



BedZed
အမှိုက်တွေသိပ်များနေပြီလား

ဥရောပမှာလူဟစ်ယောက်က တစ်နှစ်ကို အမှိုက် ၅၁၈ကီလိုဂရမ်ပစ်ပါတယ်။
အမေရိက တစ်နိုင်ငံတည်း တစ်နှစ်အတွင်းပစ်လိုက်တဲ့အမှိုက်ဟာ ၁၁ ဘီလီယံတန်ရှိပါတယ်။ အဲဒါတွေကို ကြည့်ရင် Recycle လုပ်နိုင်ရင် အဆင်ပြေမယ်ဆိုတာသိသာပါတယ်။




သစ်ပင်တု

ကျွန်တော့် Blog က The Gardener ဆိုတော့ သစ်ပင်တွေကို ချစ်ခင်ပါတယ်။ ဒါပေမယ့် Dr Klaus Lackner (အကြမ်းဖျင်း ဒေါက်တာ လက်နာ လို့ခေါ်နိုင်ပါတယ်။) ရဲ့သစ်ပင်ကိုတော့ ကျွန်တော် ချစ်နိုင်ပါ့မလား တွေးနေပါတယ်။ သူက သစ်ပင်အတု (Synthetic tree) ကို မိတ်ဆက်ခဲ့ပါတယ်။ သစ်ပင်အစစ်တွေထက် ကာဗွန်ကို ပိုမိုသန့်စင်နိုင်စေတယ်လို့ဆိုပါတယ်။ လက်နာ ရဲ့ အဆိုအရတော့ သစ်ပင်တု တစ်ပင်ဟာ တစ်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၉၀,၀၀၀ ဖယ်ရှားပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါဟာ ကားအစီးရေ တစ်သောင်းခွဲ (၁၅၀၀၀) ကထွက်တဲ့ ကာဗွန်အရေအတွက်ဖြစ်ပါတယ်။ ဒါပေမယ့် မေးခွန်းက လူတွေက သစ်ပင်တုတွေ ကြိုက်ကြပါ့မလားဆိုတာပါပဲတဲ့။



ခင်မင်စွာဖြင့်
Zephyr


Notes:

ရေးနေရင်းပျင်းလာလို့ Presentation မှာ Slide တွေ ကျော်လိုက် သလို တချို့အပိုင်းတွေ ကျော်ချလိုက်ပါတယ်။ ဒါတောင် တော်တော်လေးပျင်းဖို့ကောင်းသွားတာ သတိထားမိပါတယ်။ :P
ဒီနေ့ရုံးမသွားတဲ့အတွက် စာရေးဖြစ်လိုက်တာ တော်တော်လေးကျေနပ်ပါတယ်။ နျူကလီးယား အကြောင်းနဲ့ ရိုးရာ လက်မှု ပညာလေးတွေလည်း ဖတ်ပြီးပါပြီ။ ချရေးရတာက ပိုကြာပါတယ်။ အဲဒါကြောင့်လည်း တစ်ချို့စာတွေကို ဖတ်ဖြစ်ပေမယ့် မတင်ဖြစ်ပါဘူး။



Peace B with U.

Tuesday, February 16, 2010

မိသားစု

မိသားစု

မိသားစု ... ထိုစကားလုံးဖြင့် သင့်ကို ၀ါကျတစ်ကြောင်းဖွဲ့ခိုင်းလျှင် .... သင်ပျော်ရွှင်ပါမည်လား။

မိသားစုဆိုသော ဝေါဟာရသည် ကိုယ်ပိုင် အလင်းထုတ်ပစ္စည်းတစ်ခုဖြစ်သည်။
ကျွန်တော်တို့အားလုံး မိသားစု အလင်းရိပ်အောက်တွင် ... စိတ်လက်ချမ်းသာစွာ နားခိုခဲ့ကြသည်။
ကျိုးပဲ့နေသော မိသားစုများ မဖြစ်ခဲ့ကြ၍လည်း ဖြစ်နိုင်သည်။ မိသားစု ဆိုသော စကားလုံးသည် စုဖွဲ့ လုံးဝန်းနေသော မိုးရေစက်လေးတစ်စက်ပမာ အေးချမ်းလှပသည်ဟု သင်ခံစားရပါသလား။ ထိုအရာသင် သင့်စိတ်မှ ပဲ့တင်ပြန်လာမည့် စကားသံမျှသာဖြစ်၍ ခတ္တခဏစောင့်ဆိုင်း၍ သုံးသပ်နိုင်ပါသေးသည်။

မိသားစု ..
ကမ္ဘာဦးကျမ်းစာအရ ဘုရားသခင်သည် မိဘမဲ့ဖြစ်သည်။ သူ့ထံတွင် မိသားစုမရှိခဲ့ပါ။ သနားစရာကောင်းသည်ဟု သင်ထင်ပါသလား။
ဘုရားသခင်အဖေနှင့် ဘုရားသခင် အမေတို့မှ ဘုရားသခင်လေးမွေးလာခြင်းမဟုတ်၍ ဘုရားသခင် (အကယ်၍ သေချာပေါက်ရှိသည်ဆိုလျှင်ပင်) ဘုရားသခင်သည် ကျွန်တော်တို့ကဲ့သို့ လေးဘက်မတွားသွားခဲ့ဘူးပါ။ မိဘများလက်ကို ကိုင်ဆွဲ၍ ပြေးလွှားခဲ့ဖူးပုံမပေါ်ပါ။ စက်ဘီးစီးသင်ရင်း ဒူးပြဲခဲ့ဖူးခြင်းရှိမည်မဟုတ်ပါ။ တစ်ခါတစ်လေ ဘုရားသခင်ထက်ပိုပြီး လူကရှေ့တန်းရောက်နေသော ကိစ္စများထဲတွင် မိသားစု ဆိုသော စကားတစ်လုံးကို ထည့်သွင်းရန် ..ကျွန်တော်က အဆိုတင်ချင်ပါသည်။ သင်စိတ်လိုလက်ရ ရှိသည့်အခါ ဆက်လက်၍ ချဲ့ထွင်စဉ်းစားနိုင်ပါသေးသည်။

မိသားစုဆိုသော စကားလုံးလေးကို တိုးတိုးဖွဖွရွတ်ကြည့်လျှင် အရသာရှိကြောင်းသင်သိပါလိမ့်မည်။
အမေ အဖေ အကို ညီလေး ညီမ အမ ဆိုသော စကားလုံးလေးများသည် လူတစ်ယောက်စီ၏ ရုပ်သွင်နှင့် ဆက်စပ်နေကြောင်း သဒ္ဒါစာအုပ်များတွင်ဖော်ပြမထားသော်လည်း သင့်စိတ်ထဲမှ မသင်ဘဲတတ်မြောက်ခဲ့သော မိသားစု သဒ္ဒါလင်္ကာရ အရ သင်သည် မိသားစုဆိုသော စကားတစ်လုံးသည် ကဗျာတစ်ပုဒ် ဖြစ်ကြောင်း ခံစားသိဖြင့် သိနေနိုင်ပါသည်။ လူတစ်ယောက်အကြောင်းကို စဉ်းစားလိုက်တိုင်း ပထမဆုံးစိတ်ထဲပေါ်လာတတ်သည်မှာ သူတို့ ပြုံးနေသော ပုံရိပ်တစ်ခုဖြစ်နေတတ်သည်။ မိသားစုဝင်များ၏ ပုံစံကို အသံမထွက်ဘဲ ကိုယ်ခန္ဓာအမူအရာဖြင့် သင်လုပ်ပြဖူးပါသလား။ ဥပမာ အဖေ ဆိုပါတော့ ဈေးဆိုင်ဖွင့်ရန် သော့များစွာပါသော လွယ်အိတ်ကလေးကို လွယ်၍ မနက်စောစောစီးစီး အိမ်ကထွက်သွားသည့်ပုံစံဖြင့် သရုပ်ဆောင်ပြနိုင်သည်။ အမေဆိုလျှင် အင်္ဂလိပ် သတင်းစာဖတ်နေသော မျက်မှန်နည်းနည်းရွဲ့နေသည်ကို မပင့်တင်ဘဲ အာရုံစူးစိုက်နေသောပုံစံဖြင့် သရုပ်ဆောင်ပြနိုင်သည်။ အကို ဆိုလျှင်လည်း ကွမ်းစားရင်း ပြုံးဖြီးဖြီး မျက်နှာအမူအရာမျိုးဖြင့် သရုပ်ဆောင်ပြနိုင်သည်။ သင့်မိသားစုဝင်များကိုရော သင်မည်သို့ သရုပ်ဖော်နိုင်မည်ဟု သင်ထင်ပါသနည်း။ (အချိန်ရလျှင် ဆက်မဖတ်သေးဘဲ အရင်စဉ်းစားကြည့်စေချင်ပါသည်။)

မိသားစုများသည်သူ့စကားလုံးအတိုင်း စုဖွဲ့နေလျှင် လှပသလောက် ... အကြောင်းကြောင်းကြောင့် တကွဲတပြားခွဲခြားနေရသည့်အခါ .. homesick ဆိုသည့် အင်မတန်ကုရခက်သောရောဂါကို သယ်ဆောင်လာတတ်သည်။ သင်သည် homesickကို ခံစားနေရသူတစ်ဦးဖြစ်သည်ဆိုပါတော့ ... မိသားစု ဆိုသော စကားလုံးသည် တခါတရံ သင့်မျက်ရည်များကိုတောင်းဆိုသော စကားလုံးတစ်လုံးလည်းဖြစ်နိုင်သေးကြောင်း သင်နားလည်ပါလိမ့်မည်။ ချစ်ခင်သောမိသားစုကိုစိတ်ထဲတွင် လွယ်ပိုးရင်း တစ်ယောက်တည်းဖြစ်နေသော အခိုက်အတန့်များတွင် .... ကိုငှက်၏ အမေ့အိမ် သီချင်းလေးသည် သင့်အတွက် လွမ်းဆွတ်ဖွယ်ကဗျာလေးတစ်ပုဒ်ကို တိုးတိတ်စွာရွတ်ပြနေသလိုဖြစ်နိုင်ပါသည်။

မိသားစုတွင် သင်သည် သိုးမည်းတစ်ကောင်ဖြစ်သည်ဆိုကြပါစို့။
မိသားစုသည် သင့်အတွက် အလုံခြုံဆုံး အရိပ်အာဝါသဖြစ်ကြောင်းသိရန် ခရီးရှည်ကြီးတစ်ခုကို သင်လျှောက်လှမ်းအပြီးတွင် ... အိမ်ပြန်ချိန်ညနေခင်းတစ်ခုရောက်လာခဲ့ပြီဆိုကြပါစို့ .... သင် လိုအပ်နေသည်မှာ အခြားအရာများမဟုတ်ဘဲ နားလည်မှုများဖြင့် တည်ဆောက်ထားသော မိသားစု ဆိုသော သိုက်မြုံလေးတစ်ခုသာဖြစ်ကြောင်း သင် လက်ခံမည်ဟု ယုံကြည်ပါသည်။ မိသားစု များသည် ကျွန်တော်တို့၏ ဒုက္ခများ၊ သောကများ၊ စိတ်ဒဏ်ရာများကို စုပ်ယူစားသုံးသော ထူးဆန်းသော နွယ်ပင်များနှင့်တူပါသည်။ ထို့အတွက် ထိုနွယ်ပင်များကို ကျွန်တော်တို့ အကြွင်းမဲ့ချစ်ခင်ကြသည်မှာ တန်ရာတန်ကြေးတစ်ခုဖြစ်ပါလိမ့်မည်။

မိသားစု .... ထိုစကားလုံးသည် ကျွန်တော်တို့လွမ်းဆွတ်နေသော ကြယ်ကလေးတစ်စင်းဖြစ်နိုင်ပါသည်။
မှောင်မိုက်နေသော တိမ်ကလေး နောက်တွင် ထို ကြယ်ကလေးရှိနေမည်ဟု ကျွန်တော်တို့အားလုံး တိတ်ဆိတ်စွာ ယုံကြည်နေတတ်ကြောင်း မည်သူ့ကိုမှ သက်သေပြနေမည်မဟုတ်ပါ။ ထိုကြယ်ကလေး၏ အလင်းဖြင့် လင်းမြနွေးထွေးနေသော ကျွန်တော်တို့၏ နှလုံးသားများဖြင့် ဆက်လက်ယုံကြည်နေဖြစ်ပါလိမ့်မည်။ သင့်မိသားစု ကြယ်ကလေး ... သင့်ဦးခေါင်းပေါ်မှာ ရှိနေသေးကြောင်း ကျွန်တော်ပြောလျှင် သင်နားလည်ပါလိမ့်မည်။ .......

မိသားစု ..... ထိုအရာသည် ကျွန်တော်တို့ ကန္တာရများ၏ တစ်ခုတည်းသော အိုအေစစ် ဖြစ်ကြောင်း ၀န်ခံလိုပါသည်။

မိသားစု နှင့် ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရန် ... လိုအပ်နေသော အရာများကို အစကပြန်ရေတွက်ကြရအောင်။ အောင်မြင်မှုတစ်ခုခုအတွက် ကျွန်တော်တို့လဲလှယ်လိုက်ကြသော မိသားစုနှင့် ခွဲခွာခြင်းများသည် ထိုက်တန်ပါရဲ့လား။ အိမ်ပြန်ချိန်များ ကျပျောက်နေသော မနက်ဖြန်များကို ကျွန်တော်တို့ဆက်လက်ရေတွက်ကြည့်ရင်း မောပန်းလာသည့်အခါ ကျွန်တော်တို့ သွေးကြောများထဲမှ မိသားစု ဆီသို့ ခေါ်ဆိုနေသော တယ်လီဖုန်းခေါ်သံများဆက်လက် စီးဆင်းလာပါလိမ့်မည်။ ကျွန်တော်တို့၏ ၀င်သက်ထွက်သက်များသည် အိမ်ကို တန်းတန်းမတ်မတ် ပြန်သွားမည်ဟု ယုံကြည်နေမိသည်။ အဖြူရောင်များကို လွမ်းဆွတ်တမ်းတခြင်းသည် Platonic Love ၏ အဆင့်အမြင့်ဆုံးပုံစံဖြစ်ပါသည်။ စိတ်ထဲတွင် အပြိုင်းအရိုင်းဖူးပွင့်လာသော ဟမ်း(မ)လော့က် များဖြင့် အဆိပ်မိနေသာ လွမ်းဆွတ်မှုသည် ကျွန်တော်တို့နှင့် မိသားစုကြားမှ သံယောဇဉ်၏ အသွင် သဏ္ဍာန်ဖြစ်ပါလိမ့်မည်။ ... ဘ၀တွင် အိမ်ပြန်ခက်နေသော သက္ကရာဇ်များကို စနစ်တကျဖြိုဖျက်ရန် ရာဇ၀င် ဆရာတစ်ယောက်လိုအပ်နေခဲ့သည်။ လွမ်းဆွတ်ခြင်းဖြင့် စွန်းထင်းနေသော စိတ်များကို လျှော်ဖွတ်ရန် ခ၀ါသည်တစ်ယောက်လိုအပ်နေသည်။ ... ထိုအရာသည် မိသားစုဆီသို့ စီးဆင်းသွားသော စမ်းချောင်းလေးတစ်စင်း၏ အိပ်ပျက်ည တစ်ခုဖြစ်နိုင်ပါသေးသည်။


.....
..........
....................
...............................
မနက် နိုးနိုးလာခြင်း ပထမဆုံး သတိထားမိသည်မှာ နှလုံးခုန်သံဖြစ်သည်။
မိသားစု တစ်ခုလုံး နှလုံးခုန်သံ တစ်ချက်စီတွင် ပါဝင်နေမလားလို့ ကျွန်တော်တွေးမိသည်။
နူးညံ့စွာပြုံးလိုက်မိချိန်ခဏ အတွင်းမှာ မိသားစု တစ်ခုလုံး ပြန်ရလိုက်သလို ခံစားလိုက်ရသည်။
မိသားစု ဆိုသော စကားလုံးသည် ကျွန်တော်တို့ အားလုံးကို ရဲရင့်စွာ ဆက်လက်လှမ်းလျှောက်ရန် .. သိမ်မွေ့စွာ အားပေးနေသော စကားတစ်ခွန်းဖြစ်ပါသည်။
မိသားစု .... ထိုအရာသည် ကျွန်တော်ဆောင်းခိုမည့် နွေးထွေးရာ အရပ်ဒေသတစ်ခုဖြစ်ပါသည်။
မိသားစု .... ထိုအရာသည် ကျွန်တော့်နှလုံးခုန်သံနှင့် အညီ တဖျပ်ဖျပ်လင်းလက်နေသာ ကြယ်ကလေး တစ်စင်းဖြစ်ပါသည်။
မိသားစု .... ထိုအရာသည် .... အဖြူရောင် ယဉ်ကျေးမှု ထွန်းကားသော ဥယျာဉ် တစ်ခုဖြစ်ပါသည်။
မိသားစု .... ထိုအရာသည် .... အိမ်ပြန်ချိန်များ၏ အန္တိမ အဓိပ္ပာယ်ဖြစ်ပါလိမ့်မည်။

မိသားစု ဆိုသော စကားလုံး တစ်လုံးဖြင့် သင့်ကို ၀ါကျတစ်ကြောင်းဖွဲ့ခိုင်းချင်ပါသည်။
တကယ်လို့ သင်ဟာ မိသားစုကို လွမ်းဆွတ်နေသူ တစ်ယောက်ဖြစ်တယ်ဆိုပါတော့ ... သင်ဖွဲ့သော ၀ါကျကို ကျွန်တော်လက်ခံရရှိကြောင်း ကျေးဇူးတင်စကားပြောခဲ့ပါသည်။ ။


ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Sunday, February 14, 2010

February ...




ဆိုင်ချင်မှလည်းဆိုင်မယ်ပေါ့ ..... Hundred Acre Woods ထဲမှာ Eeyore လေးကို သတိရတယ်။ ပျော်ရွှင်မှုတွေကို သူငယ်ချင်းတွေက ဖန်တီးပေးနိုင်မယ်လို့ ရိုးရိုးလေးခံယူလိုက်တဲ့ ခပ်အအ မြည်းကလေးပေါ့ ....။ သူ့ရဲ့မပျော်ရွှင်မှုနဲ့ရင်းပြီး သူငယ်ချင်းတွေကို ချစ်ခဲ့ပါတယ် ....။ စာအုပ်ထဲမှာတော့ သူ့ရဲ့ အမြီးကို ပန်းရောင်ဖဲကြိုးလေးအမြဲမချည်ထားခဲ့ဘူး။ ရုပ်ရှင်ဇာတ်လမ်းအရတော့ သူ့ရဲ့ အမြီးမှာ ပန်းရောင်ဖဲကြိုးလေး အမြဲစည်းနှောင်ဖြစ်ခဲ့တယ် .....။ သူဟာ စနစ်တကျ ၀မ်းနည်းတတ်တဲ့ .... ခပ်အအ မြည်းကလေးတစ်ကောင်ပေါ့ကွယ်။


Eeyore ဘ၀မှာ တစ်ခါတော့ပျော်ခဲ့ဖူးတယ်။ သူပျံချင်တာကို သူငယ်ချင်းတွေက မိုးပျံပူဖောင်းလေးတွေနဲ့ ချိတ်ပြီး ပျံနိုင်အောင်လုပ်ပေးခဲ့တဲ့အချိန်တုန်းက။ သူ့ဘ၀မှာကောင်းကင်နဲ့နီးခဲ့။ တိမ်တွေနဲ့နီးခဲ့တဲ့ အခိုက်အတန့်ပဲ။ ဒီလိုပျံသန်းဖို့အတွက် ... သူ့တစ်ကိုယ်လုံး မိုးပျံပူဖောင်းတွေနဲ့ချိတ်ဆက်ဖို့ ကြိုးတွေအလုံအလောက်လိုခဲ့တယ်။ ချည်နှောင်မှုတွေလိုအပ်ခဲ့တယ်။ အမြဲတမ်း Gloomy ဖြစ်နေတဲ့ Eeyore .... ပျံဝဲရင်းအော်ဟစ်နေခဲ့တယ်။ Hundred Acre Woodလေးမှာ။ ... တစ်ခုသော ချိုသာတဲ့တိမ်တိုက်တစ်ခုအောက်မှာ .....။



တောအုပ်လေးကို ချစ်တဲ့အချစ်နဲ့ သူငယ်ချင်းတွေကို ချစ်တဲ့အချစ်နဲ့ နေထိုင်ကြီးပြင်းခဲ့တဲ့ Eeyore လေးဟာ ရယ်မောဖို့ကို အခက်ခဲဆုံးကိစ္စလို့ ရိုးရိုးသားယုံကြည်ခဲ့တယ်။ လူယောကျာ်းဆီက နံရိုးတစ်ချောင်းဖြုတ်ခဲ့သူကြီးက Eeyore လေးဆီကရော ပျော်ရွှင်ခြင်းတွေ ဖြုတ်မကြည့်ခဲ့ဖူးလို့ ဘယ်သူပြောနိုင်မှာလဲကွယ်။ Eeyore လေးက အမြဲပြောတယ်။ Thanks for noticin' me ...... သတိပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့ ...။ ဘယ်လောက်ရိုးအတဲ့မြည်းကလေးပါလိမ့်ကွယ် ....။ တောအုပ်လေးကို ချစ်တဲ့ ခပ်အအမြည်းလေးတစ်ကောင် တိမ်တိုက်တွေကို ချစ်တဲ့ ရိုးအအ မြည်းလေးတစ်ကောင် ...။ ဘ၀ကို ခပ်အအလေးကျော်ဖြတ်သွားဖို့ မနိုင်မနင်းကြိုးစားသွားခဲ့ရှာတယ်။


သူ့မှာစကား အများကြီးလည်းမရှိဘူး ...။
တစ်ခါတစ်လေ Ohhh-kayyy လို့ပျင်းရိပျင်းတွဲလေးပြောတတ်တဲ့ Eeyore လေးဟာ သူငယ်ချင်းတွေနဲ့ပဲ ဒီတောအုပ်လေးမှာငြိမ်းချမ်းနေတတ်ခဲ့တယ်။ သူအကြိုက်ဆုံး thistles ပန်းပွင့်လေးတွေရှိတဲ့အရပ်မှာ တိတ်တိတ်လေး နေရတာကို နှစ်ခြိုက်တဲ့ ရောင့်ရဲလွယ်တဲ့ မြည်းလေးတစ်ကောင်အတွက် .... သိပ်အများကြီးမလိုအပ်ခဲ့ပါဘူး။



ပျော်ရွှင်မှုတွေနဲ့ နေသားတကျမဖြစ်ခဲ့တဲ့ Eeyore လေး .... ပျော်ရွှင်မှုတွေကြားမှာ အဓိပ္ပာယ်ပျောက်ဆုံးနေတာလား။ တစ်ခုခုလိုအပ်နေတာလား။ ဘ၀မှာလိုချင်သလောက်မရတော့ဘူးဆိုရင်တောင် ကိုယ်မပျော်တာတွေ နဲ့ သူပျော်တာတွေကို မရောပစ်လိုက်ဘူး။ မပျော်ခြင်းတွေနဲ့ ပျော်ရွှင်ခြင်းမှာ အလိုက်သင့်နေတတ်လာခဲ့တယ်။ ရင့်ကျက်တဲ့ ဒဿနတစ်ခုမှမရရှိခဲ့တဲ့ Eeyore လေး သူ ခပ်အအလေးတွေးပြီး သူများပျော်ရွှင်မှုတွေကို ... ဖျက်လိုဖျက်ဆီးမလုပ်ခဲ့ဘူး။ အမြဲတိတ်ဆိတ်နေပေမယ့် ... သူဟာ လူများတွေရဲ့ အိမ်မက်၊ ပျော်ရွှင်မှုနဲ့ အပြုံးတွေကို တန်ဖိုးထားတဲ့ ယဉ်ကျေးမှု မြင့်မားတဲ့ မြည်းအလေးတစ်ကောင်ပါ။




ဘ၀ကို မွေးနေ့လက်ဆောင်တစ်ခုလို ဖွင့်ကြည့်လိုက်တဲ့အခါတိုင်း ... သူ စိတ်မလှုပ်ရှားဘူး။
တိတ်ဆိတ်တဲ့တောအုပ်လေးမှာ အရာအားလုံးလုံလောက်စွာကြေကွဲနေတဲ့ မြည်းကလေးအတွက် ဘယ်အရာက သိပ်ပြီးအံ့သြစရာကောင်းသွားဦးမှာလဲ ....။ မေတ္တာတရားနဲ့ လင်းမြနေတဲ့ ကောင်းကင်တစ်ခုအောက်မှာ သူရိုးရိုးသားသား ၀မ်းနည်းနေဖို့ လုံလောက်တဲ့ နေ့ရက်အလုံအလောက်နဲ့ အေးမြတဲ့သစ်ပင်ရိပ် အောက်မှာ တိတ်ဆိတ်ခွင့်ကလည်း အလုံအလောက်၊ ....အချိန်တွေပိုလျှံနေတဲ့ ခပ်အအမြည်းကလေးတစ်ကောင် အတွက် ... ပျော်ရွှင်မှုတွေတောင် သိပ်အများကြီးမလိုတော့ပါဘူး။





မဖြစ်နိုင်တဲ့အကြောင်းပြချက်တွေ လုံလုံလောက်လောက်သိရှိထားတဲ့ Eeyore လေးတစ်ကောင် သစ်ပင်အောက်မှာ ပျော်ရွှင်မှုမဲ့ စိတ်ကူးတွေစီချယ်သီကုံးနေလေရဲ့ .....။ သူ့အတွက် အဓိပ္ပာယ်ရှိတာတွေ အကောင်းဆုံးလုပ်သွားတဲ့ Eeyore လေးပဲပေါ့ ....။ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပုံပြင်လေးပြီးတဲ့အခါ အပြင်ကို ထွက်ခဲ့လိုက်ပါ။
သင့်ဘ၀မှာရော Eeyore လေးတစ်ကောင် ကောက်ရခဲ့ပြီဆိုပါတော့ ..... မိုးပျံပူဖောင်းတွေဝယ်ပါ .... နှင်းဆီပန်းနဲ့ ချောကလက်တွေဝယ်ပါ ......။ (လိုအပ်ရင် Paypal နဲ့ အရုပ်တွေကြိုမှာထားပါ .... :P)

သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုရဖို့ ... လိုအပ်ရင် သင့်ဘ၀ကို သူကြိုက်တတ်တဲ့ thistles ပန်းလေးအဖြစ် ဖြစ်ဖြစ်၊ သူ့ အမြီးမှာချည်ထားရုံ ပန်းရောင်ဖဲကြိုးလေးဖြစ်ဖြစ် ပြောင်လဲပစ်လိုက်ဖို့ ၀န်မလေးပါနဲ့။

သူ့အတွက်သင်ဟာ တောအုပ်လေးနဲ့ နားလည်စာနာတတ်တဲ့ သူငယ်ချင်းကောင်းဖြစ်နေဖို့ကြိုးစားပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ခင်မင်စွာဖြင့်
Zephyr


လွန်လေပြီးသော အတိတ်ကာလ .... (ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ၏ရှေ့အကွက်ဟုယူဆပါ) က Pooh (ပူးလို့

အသံထွက်ပါတယ်။ h သံမပါပါဘူး) နဲ့ပတ်သက်တာတွေလေ့လာပါတယ်။ အိမ်မှာ ရှိသမျှ Pooh Cartoons တွေစုထုတ်ထားတဲ့ DVD တွေဝယ်ပြီး တစ်နေ့တစ်နေ့ထိုင်ကြည့်ဖြစ်ပါတယ်။ England မှာ ဟယ်ရီပေါ်တားမပေါ်ခင်က လူငယ်တွေဟာ ဒီ Pooh စာအုပ်တွေနဲ့ပဲကြီးပြင်းလာတာပါ။ အဲဒီလို ကြည့်ရင်း ဟိုအကောင်က ဘယ်လို၊ ဒီအကောင်က ဘယ်လို ဆိုတာ သိလာပါတယ်။ သူတို့တစ်ကောင်ချင်းဆီအကြောင်းကိုလည်း ပိုသိအောင် ကြုံရင် ကြုံသလို လေ့လာပါတယ်။ ကျွန်တော့်အတွက်တော့ ဒီကာတွန်းကားတွေဟာ ကာတွန်းကားတွေဆိုတာထက်ပိုပါတယ်။ နောက်ပိုင်းမှာ ဆင်ကလေးပါလာပါတယ်။ တကယ်တမ်းမှာ Pooh က ထင်သလောက်ချစ်စရာမကောင်းမှန်းပိုသိသာလာပါတယ်။ တကယ်ချစ်စရာကောင်းတာက Roo တို့၊heffalump တို့ပါ။ ပုံပြင်က သင်ကြားပေးခဲ့တာတွေအများကြီးရှိပါတယ်။ ကလေးတွေအတွက် အကျိုးပြုစာပေနည်းတဲ့ မြန်မာပြည်မှာ ကလေးတွေရဲ့စိတ်ထဲမှာ လူသားချင်းစာနာတတ်ဖို့ လိုအပ်တာတွေအများကြီးကို ကာတွန်းကနေ တစ်ဆင့် သင်ကြားပေးချင်ရင်တော့ အဲဒီကာတွန်းကားတွေ series လိုက်ပြပေးလို့ရနိုင်ပါတယ်။ Tom & Jerry ကို ရယ်ရလို့ကြိုက်ပေမယ့် အဲဒီမှာပါတဲ့ ဒဿနတွေကတော့ သိပ်မကောင်းပါဘူး။ အကျိုးပြုတယ်လို့မပြောနိုင်ပါဘူး။ ဒါပေမယ့် Tom & Jerry ကိုငယ်တုန်းက အမေနဲ့အတူထိုင်ကြည့်တဲ့အခါ အင်္ဂလိပ်စာ လေ့ကျင့်နေရသလိုဖြစ်စေတယ်ဆိုတာ အခုပြန်သတိထားမိပါတယ်။ ပညာရေးဟာ ကာတွန်းကားကြည့်ရင်းနဲ့လည်း သင်သွားလို့ရတဲ့ဟာမျိုးဆိုတာကို မေ့နေတတ်တဲ့မိဘတွေကို သတိပေးတာပါ။ ပျော်ပျော်ရွှင်ရွှင် သင်ရမှလည်း ကြာကြာမှတ်မိပါတယ်။ အခုနောက်ပိုင်းခေတ်စားလာတဲ့ Homeschooling (home education လို့လည်းခေါ်ပါတယ်) အရတော့ အိမ်မှာသင်တာနဲ့ စာသင်ကျောင်းပို့တာဟာ ဘာမှသိပ်မကွာပါဘူးဆိုတာ သိရပါတယ်။ သိပ်တော်တဲ့ကလေးတွေ homeschooling ကနေထွက်လာတဲ့အတွက် ဒါလည်း လက်ခံရမယ့်အဖြေတစ်ခုလည်းဖြစ်ပါတယ်။ ကလေးတွေကို ကျူရှင် ပို့ရသေးတယ်ဆိုရင် ပညာရေးက တစ်ခုခုလွဲနေပါပြီ။ ကျူရှင်တစ်ခုထက်ပိုပြီးပို့နေရသေးတယ်ဆိုရင်တော့ ပညာရေးတင်လွဲနေတာမဟုတ်တော့ဘူးလို့ထင်ပါတယ်။ ကလေးတစ်ယောက်ကို ဘယ်လောက်အထိ သင်ပေးလို့ရမလဲ။ ဘယ်လောက်အထိ သင်ပေးသင့်သလဲဆိုတာက မိဘတိုင်းအတွက် ခက်ခဲလေးလံတဲ့မေးခွန်းပါ။ Creativity ကို သတ်ဖြတ်ပစ်တဲ့ ထပ်ပြန်တလဲလဲ လေ့ကျင့်ခန်းတွေနဲ့ အသားကျသွားတဲ့ စာသင်ခန်းထဲမှာပဲတော်တဲ့ကလေးတစ်ယောက်ရဲ့ဘ၀ကို စဉ်းစားကြည့်ရတာနဲ့ဖိစီးလေးလံပါတယ်။ မိဘမပါဘဲ သူ့ဘ၀မှာ ဆက်လက်တော်သွားမယ်လို့ အာမခံနိုင်ရင်တော့ ဒီစနစ်ဟာ သိပ်ကို ရက်စက်ကောင်းမွန်တဲ့စနစ်တစ်ခုဖြစ်နိုင်ပါတယ်။ ... ဒါပေမယ့် အာမခံချက်မပေးနိုင်တာကို တွေ့ရမှာပါ။ ပညာရေးနဲ့ပတ်သက်ပြီး အကောင်းဆုံးလုပ်ပေးနိုင်တာကတော့ ပညာရေးကို ပျော်စရာအလုပ်လို့ ကလေးတွေ နားလည်လက်ခံသွားအောင် တတ်နိုင်သမျှ ကြိုးစားသင်ကြားပေးဖို့လို့ပဲခံယူမိပါတယ်။ လူကြီးတွေဟာ သူတို့ညံ့သလောက် ကလေးတွေကို တော်စေချင်လွန်းနေတာကြည့်ပြီး တော်တော်လေးသံဝေဂရပါတယ်။ မိဘတွေ စိတ်ချမ်းသာဖို့ သား၊သမီးက စာတော်ပေးဖို့လိုတယ်ဆိုရင် အဲဒီအဆိုက တော်တော်ကြီးကို ကလေးဆန်တဲ့လူကြီးတွေရဲ့ ဒဿနလို့ပဲ ယူဆမိနေဦးမှာပါ။

....



Peace B with U.

Thursday, February 11, 2010

ပေးစာ

နေပြည်တော်ရောက် ပင်ဂွင်းငှက်နှစ်ကောင် ထံသို့ ....

မှ Zephyr ...

ပင်ဂွင်းငှက်ကလေးနှစ်ကောင် ... အပူပိုင်းဒေသမှာ OKပါရဲ့လား။ နှုတ်ဆက်တာပါ။ စကားဦးမသမ်းခင်မှာ စကားဦးသမ်းသွားမိ။ ပန်းပွင့်တွေ၊ အဆင့်မြင့်လူသွားလမ်းပေါ်မှာသွားလာနေသူများ။ ဆက်သွယ်မှုစနစ်များသော့ခတ်ထား။ လုံခြုံရေးအခြေအရ ဖြတ်သွားသော လေညင်းလေးကို ရပ်တန့်ရှာဖွေ။ အ၀ိုင်းပတ်ကြီးကြီး၊ အဆင့်မြင့်ဆေးသုတ်ထားသော လူနေတိုက်တာ အဆောက်အအုံများ။ တတိယနိုင်ငံတစ်ခု ကြွယ်ဝနေသည်ကို သင်တို့တွေ့ခဲ့ပါရဲ့လား။

နှစ်သိမ့်ဆွေးနွေးပညာပေးအစီအစဉ်အရ သင်တို့ဘ၀တိုးတက်မြင့်မားရန်၊ လိုအပ်သည့်အခါ အနွေးထည်ဝတ်ကြပါ။ ပင်ဂွင်းဌက်ကလေးများ ၀န်ရိုးစွန်းတေးကိုမေ့ပြီလား။ ကိစ္စမရှိပါ။ သီချင်းကြီး သီချင်းခန့်များသင်တို့ကို သင်ကြားပေးရန် အသင့်။ ထံတျာတေရှင် ဒျန့်ဒျန့် .....။ ရေမရှိရင်တောင် ... ဘ၀ဟာ တိုးတက်မြင့်မားနေ ...။ သင့်ရှေ့မှာ လာရောက်ရပ်တန့်နေတဲ့သူတွေရဲ့မျက်လုံးထဲမှာ ... ဘာလို့လာခဲ့တာလဲဟင် ဆိုတဲ့ အဖြေကို မရောက်အောင် သတိထားပါ ..သတိထားပါ။ သတိထားနေကြပါ။

နွေကာလကုန်ဆုံးသွားတဲ့အခါ လျှပ်စစ်မီးအတွက် မပူရတော့ဘူး .... နိုင်ငံတကာ အဆင့်မီ ... ဟိုတယ်ကြီးတွေနဲ့ ... နိုင်ငံတကာအဆင့်မီ ကုန်ဈေးနှုန်းနဲ့ ... နိုင်ငံတကာအဆင့်မီ ဆင်းရဲမွဲတေမှုနဲ့ ....၊ နိုင်ငံတကာအဆင့်မီ မွေးဖွားနှုန်းနဲ့ ... နိုင်ငံတကာအဆင့်မီ ရေသန့်စက်ကြီးတွေရှိတယ်။ ဖျားနာနေတဲ့အခါ ကုသဖို့ နိုင်ငံတကာ ဈေးနှုန်းနဲ့ အဆင့်မြင့်ကုသပေးနိုင်တဲ့ ဆေးရုံကြီးမှာ ...အဆင့်မြင့် ဆရာဝန်တွေရဲ့ အဆင့်မြင့် ဆေးပညာနဲ့ အဆင့်မြင့် အတ္တမာနလည်းရှိတယ်။

မင်္ဂလာပါ လို့ သင်တို့တတ်မြောက်ရွတ်ဆိုပြတဲ့အခါ ... ဘ၀ဟာ မင်္ဂလာစရှိလာလိမ့်မယ်။ ကျေးဇူးပြု၍ မှန်တွေကိုသေချာကြည့်ပါ။ ကမ္ဘာ့ အဆင့်မီ မှန်တစ်ချပ်ထုတ်လုပ်ဖို့ စက်ရုံရှိစရာမလိုလို့ နိုင်ငံခြားက တင်ပို့လိုက်တယ်။ ... သေချာထပ်ကြည့်ပါ ... တိရစ္ဆာန်ရုံထဲမှာ အ၀လွန်ရောဂါမဖြစ်အောင် တိရစ္ဆာန်တွေက အစ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေကို စားသောက်ကြတယ်။ များများမစားကြဘူး။ အခါကြီး၊ရက်ကြီးတွေမှာဆို ကျား၊ခြင်္သေ့တွေက အစ အစာရှောင်ကြတယ်။ ဘာသာတရားကို လိုက်နာပါ ...။

သင်တို့နေမကောင်းဖြစ်တဲ့အခါ ... ဟစ်တလာရဲ့နည်းနဲ့ကုသပါလိမ့်မယ်။ (ဘာအစာမှမကျွေးဘူး)။
ကျန်းမာရေးကို ဂရုစိုက်ပါ။ ရေမလဲဖြစ်လို့ ရေညှိလေးတွေဖြစ်လာရင် လာသမျှလူတွေကို လက်ညှိုးထိုးထိုးပြပါ။ တာဝန်ရှိသူတွေပါလာတဲ့အခါ ...ဒီရေညှိတွေဟာ ရေထဲက pH တွေကိုဖော်ပြနိုင်ကြောင်း သူက ဆက်ပြီးအထက်ကို တင်ပြပါလိမ့်မယ်။ အထက်က သူ့တင်ကိုသေချာကြည့်ပြီး ...လိုအပ်သည်များကို မှာကြားပါလိမ့်မယ်။ မပူပါနဲ့။ နောက်ထပ် တစ်သံသရာအတွင်း ဖြည့်စွက် ဆေးဝါးတွေရောက်လာမှာပါ ...။ရောက်လာဦးမှာပါ ...။ရောက်လာဦးမယ်လို့ ယူဆရပါတယ်။

နေပူတဲ့အခါ အထူးသတိထားပါ။
ကြပ်ကြပ်သတိထားပါ။ သင်တို့ လို ကားကားကားကား သွားတဲ့သူတွေဟာ သင်တို့အမျိုးတွေမဟုတ်ဘူး။ အ၀လွန်ရောဂါဖြစ်နေတဲ့သူတစ်ချို့ပါ။ ဖြစ်နိုင်ရင် ... တရားဓမ္မအားထုတ်ပါ။ မဟုတ်ရင် လောကဓံကို သင်တို့ ခံနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဘာလို့လူတိုင်း တရားအားထုတ်ရတယ်ဆိုတာ သင်တို့ကောင်းကောင်းသိလာမှာပါ။

လူတွေက သင်တို့ကို ချစ်စရာလေးတွေနော်လို့ပြောပြီး ဘာလို့ပိန်နေတာလဲမသိဘူးပြောရင် ..ရေထဲကို ဂျွမ်းပစ်ပြီးခုန်ချလိုက်ပါ ...။ အဲဒီစကားကို ချီးကျူးတယ်လို့ယူဆပါ ....။ ပင်ဂွင်းကို ကန်စွန်းရွက်လာကျွေးတယ်ဆိုရင်လည်း စားလိုက်ပါ ...။ ဒါဟာ ဒေသစာနဲ့ ဧည့်ခံတာမျိုးဖြစ်ပါတယ်။

တကယ်လို့ သင်တို့ သားသမီးတစ်ယောက်လောက်များ မပြောကောင်းပြောကောင်းဖွားမြင်ခဲ့ရင် ... နိုင်ငံတော်က သင်တို့ကို တာဝန်ကျေပွန်မှုလက်မှတ်တစ်စောင်နဲ့ လွန်ခဲ့တဲ့တစ်နှစ်က ဖြည့်စွက်စာတွေကျွေးလိုက်ဖို့ဝန်လေးမှာမဟုတ်ပါဘူး။ သတင်းစာမှာ တစ်ခါက ပါခဲ့ဖူးတဲ့ ပေါက်ဖော်ဆိုတဲ့ သက်တော်ရှည်ရေမြင်းကြီးဆိုရင် နိုင်ငံတော်က အကုန်အကျခံပြီး ယာဂုသုံးစွန်းပိုတိုက်ခဲ့တယ်ဆိုတာ သမိုင်းအစဉ်အလာရှိပါတယ်။

နောက်ဆုံးစကားတစ်ခွန်းပြောမယ်။
နိုင်ငံရေးမလုပ်ပါနဲ့။
အဖြူရောင်တော်လှန်ရေးလုပ်နေတယ်ကြားရင် သင်တို့ ၀မ်းယားမောက်နေပါ။
အနက်ရောင်တော်လှန်ရေးလုပ်နေတယ်ဆိုရင် သင်တို့ ပက်လက်အိပ်နေပါ ...။
သင်တို့လက်တွေကို ဆုပ်ပြီး .. မြှောက်ဖို့ဘယ်တော့မှ စိတ်မကူးပါနဲ့။

သင်တို့ဝမ်းဗိုက်တွေပူနေတာ သံကောင်ကြောင့်မဟုတ်ဘူးဆိုတာ သက်သေပြပါ။မဟုတ်ရင် နိုင်ငံတော်ရဲ့စေတနာနဲ့ ကမ္ဘာလုံးဆိုင်ရာ ပင်ဂွင်း သံကောင်အတွက် ရံပုံငွေအဖွဲ့ကို သင်တို့ဓာတ်ပုံတွေရောက်သွားနိုင်လို့ပါ။ သတိထားပြီးနေပါ။

ကျွန်တော်ဒီစာကို ရေးလိုက်တယ်ဆိုတာ သင်တို့ကလွဲပြီး သင်တို့ပဲသိပါစေ။
(သင်တို့အပေါ့သွားတဲ့နေရာမှာ လုံခြုံရေးကင်မရာတွေတပ်ဆင်ထားတဲ့အတွက် ဒီစာကို လုံးထွေးပြီးဝါးစားလိုက်တာအကောင်းဆုံးပါပဲ။)

တိရစ္ဆာန်ရုံ အကြီးအကဲလာရောက်တွေ့ဆုံတဲ့အခါ .... ဦးခေါင်းကို လက်ညှိုးနဲ့ထိုးပြီး ခေါင်းမယမ်းပြပါနဲ့ ....။အဲဒါဟာတိရိစ္ဆာန်ရုံရဲ့လျှို့ဝှက်ချက် ပေါက်ကြားမှုဖြစ်တယ်။

ငြိမ်းချမ်းပါစေ ...။
သင်တို့ထိုင်းနိုင်ငံကိုလွမ်းနေပေမယ့် ... ခေတ်မီဖွင့်ဖြိုးတိုးတက်နေတဲ့ ကျွန်ုပ်တို့ရဲ့ ရွှေမြို့တော်ကြီးသာလျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို နှလုံးသွင်းမှန်ပါစေ ...။

သက်ပြင်းချတဲ့အခါ ...သတိထားပါ ...။
....

....
ခင်မင်စွာဖြင့်
Zephyr ....

Notes:
ဒီနေ့ရုံးမှာရေးလာတာတင်လိုက်ပါတယ်။
ပထမနှစ်ပိုဒ်က Prose ရေးဖို့စလုပ်ထားပေမယ့် ပျင်းလို့ Satire ပဲဆက်ရေးလိုက်ပါတယ်။
အခုတလော နေသိပ်မကောင်းတဲ့အတွက် ရယ်စရာတွေများများရေးနေပါတယ်။ ဘယ်သူ့မှမထိခိုက်ဘူးလို့ထင်ပါတယ်။ ပေါက်ဖော်ဆိုတဲ့ရေမြင်းကြီးက တရုတ်ပြည်ကလက်ဆောင်ရတဲ့ကောင်ကြီးပါ။ အရင်က သူ့ပုံကို ဖြတ်ပြီးသိမ်းထားဖူးပါတယ်။ ကန်စွန်းရွက်တွေလာတွေလည်းသွားကျွေးဖူးပါတယ်။ အခုတော့ မရှိတော့ဘူးထင်ပါတယ်။ သူဟာ ရေမြင်းသက်တမ်းထက်ပိုပြီး နေသွားပါတယ်။ သက်တော်ရှည်ကောင်ကြီးပါ။

တိရစ္ဆာန်ရုံမှာ မွေးနေ့တိုင်း ကျားတွေကို အမဲသားသွားကျွေးတဲ့ သူငယ်ချင်းနှစ်ယောက်လည်းတွေ့ဖူးပါတယ်။
တစ်ပတ်တစ်ခါ တိရိစ္ဆာန်ရုံမှာ အစာသွားသွားကျွေးတဲ့မိသားစုတွေလည်း သိခဲ့ဖူးပါတယ်။ ဘယ်နေရာမဆို ကုသိုလ်ယူတတ်ရင်ရပါတယ်။

ဟိုတလောကဖတ်လိုက်တဲ့ ပို့စ်မော်ဒန်နဲ့ ပုညကြိယာ ဆယ်ပါး စာအုပ်မှာ ပို့စ်မော်ဒန် ယဉ်ကျေးမှုမှာ လူတွေဟာ လက်ငင်းအကျိုးရှိတာတွေကို ပိုလှူလာကြတယ်လို့ပါပါတယ်။ ဥပမာ Charity လုပ်ငန်းတွေ၊ နာရေးကူညီမှုလိုအသင်းအဖွဲ့တွေကို လှူရင် ချက်ချင်း အကျိုးရှိတာမြင်သာတဲ့ဥပမာပါ။ နောက်ဘ၀မှ ကုသိုလ်ရမယ်ဆိုရင် အဲဒီအလှူကို နောင်ဘ၀မှပဲ လှူဖြစ်မယ်ထင်ပါတယ်။ လတ်တလောစိတ်မချမ်းသာရတဲ့ အလှူမျိုး ဘာမှ လှူဖို့စိတ်ကူးမရှိတဲ့အတွက် ပို့စ်မော်ဒန် ယဉ်ကျေးမှုဟာ အဆင်ပြေတယ်လို့ ကိုယ့်ဘာသာကိုယ်လက်ခံပါတယ်။ အခုလည်း တိရစ္ဆာန်ရုံ မှာ မွေးနေ့မှာဖြစ်ဖြစ် လှူလိုက်စေချင်ပါတယ်။ ကျားကြီးခမျာ အသားစားရလို့ စိတ်ချမ်းသာသွားတာကို တွေးကြည့်ရုံနဲ့ တော်တော်ကျေနပ်ဖို့ကောင်းနေပြါ့ပီ။

မှတ်မိတာတစ်ခုက သူငယ်ချင်းတစ်ချို့က မွေးနေ့မှာ ရွှေတိဂုံမှာ ဆလိုက်မီးပူဇော်တတ်တာကိုပါ။ ပြီးရင် အဲဒီသူငယ်ချင်းက မြင်လောက်တဲ့နေရာက ကြည်ညိုပြီး စိတ်ချမ်းသာနေတတ်ပါတယ်။ သူ့စိတ်ကူးလှပတာကို သဘောကျပါတယ်။ ကျားကို အစာကျွေးရတာနဲ့ မီးပူဇော်ရတာနဲ့ သိပ်ရှုပ်တာပဲဆိုတဲ့ဆရာဝန်မကြီးကိုလည်း သတိရပါတယ်။ သိပ်ရှု့ပ်တယ်လို့ထင်တဲ့သူတွေအတွက်တော့ ကုသိုလ်အလုပ်တွေဟာ သိပ်ရှုပ်ပါတယ်။ ပိုက်ဆံလည်းကုန်တယ်လို့တောင်ပြောမယ်ထင်ပါတယ်။ ဒါပေမယ့် စိတ်ကျေနပ်ချမ်းသာမှုဆိုတာ တန်ဖိုးဖြတ်လို့မရပါဘူး။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အစာမ၀တဲ့ကျား အကောင်တရာမပြည့်ပါဘူး။ ဒါပေမယ့် အစာကောင်းကောင်းမစားရတဲ့မိသားစုကြတော့ မိသားစု ၁၀၀ ကမယ်မထင်ပါဘူး။

အကျိုးပေးတာ၊မပေးတာကိုမကြည့်ဘဲ လိုနေတဲ့နေရာလေးတွေကို ရောက်သွားအောင်လှူတတ်ဖို့က ပိုအရေးကြီးတယ်လို့တွေးမိပါတယ်။ မွန်မြတ်တဲ့အလှူတိုင်းဟာ မလှူခင်မှာလည်း စိတ်ချမ်းသာသလို၊လှူနေဆဲနဲ့လှူပြီးချိန်တွေမှာလည်းစိတ်ချမ်းသာပါတယ်။

အလှုကောက်တဲ့သူတွေ၊ ဦးဆောင်တဲ့သူတွေကို ဝေဖန်တာ၊ အလှူတွေကို သေးသိမ်အောင်ပြောတာတွေကတော့ မပြောခင်မှာလည်းစိတ်မချမ်းသာရသလို၊ ပြောနေတုန်းနဲ့ပြောပြီးတဲ့အချိန်မှာလည်း အကုသိုလ် အပြည့်အ၀ရမယ့် ကိစ္စတွေဖြစ်လို့ မပြောခင်ကတည်းက မပြောမိအောင်သတိထားနိုင်ရင် ကိုယ့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓမြတ်စွာဟာ အလှူနဲ့ပတ်သက်ပြီးတစ်ခုပြောဖူးပါတယ်။
အလှူဒါနအကြောင်းကို ငါဘုရားသိသလောက်သာသိမယ်ဆိုရင် နောက်ဆုံးစားလက်စ ဆွမ်းလုတ်ကိုတောင် မလှူဘဲ မစားလိုက်ဘူး တဲ့။
ရှိတဲ့ထဲက လှူနိုင်သလောက်လှူလိုက်ဖို့ပြောပြတယ်လို့ခံစားရပါတယ်။ နောက်ဆုံးဆွမ်းလုတ်ဆိုတာလေးကို တွေးကြည့်ရင်တောင် တော်တော်လှူရခက်နေမယ်လို့ထင်ပါတယ်။ စားလို့ကောင်းတာလေးတွေ နောက်ဆုံးမှာ စုထားတတ်တဲ့ အကျင့်ရှိလို့ နောက်ဆုံးဆွမ်းလုတ်ဆိုတာနဲ့ အကောင်းဆုံးအလုတ်ပဲဆိုတာမြင်မိပါတယ်။ အဲဒါတောင်လှူပြီးမှ ကျန်တာစားမယ်ဆိုတဲ့စိတ်ကို ကြည်ညိုစရာစိတ်လို့မြင်ပါတယ်။ ကြည်ညိုစရာစိတ်ရှိတဲ့သူဟာ ကြည်ညိုစရာလူဖြစ်လာပါတယ်။ အဲဒါလေးကို သဘောပေါက်ရင် ဘယ်အလှူကိုမဆို မတားမြစ်တဲ့သူတော်ကောင်းတွေဖြစ်လာနိုင်ပါတယ်။

စေတီတော်ကြီးအကြီးကြီးတည်လိုက်ရင် ထိန်းသိမ်းရတာအလုပ်ရှုပ်တယ်လို့တွေြး့ပီး သေးသေးပဲတည်ခိုင်းလိုက်တဲ့အတွက် အဘယမထေရ်ဟာ အရပ်တော်ပုသွားခဲ့ပါတယ်။ ရဟန္တာဖြစ်တဲ့ဘ၀မှာတောင် ကလေးလေးလိုမျိုးပုပါတယ်။ ရဟန္တာဖြစ်မယ့်သူတောင် အလှူကို မကောင်းတဲ့စိတ်နဲ့တောင်မဟုတ်ဘဲ၊သဘောရိုးနဲ့ တားလိုက်တာဟာ အကုသိုလ်ဖြစ်ပါတယ်။ အဲဒါကိုလည်းကြုံလို့ပြောလိုက်ပါတယ်။ သဘောရိုးနဲ့တောင်မတားကောင်းတာတွေကို သဘောမရိုးနဲ့ တိုက်ခိုက်နေတာတွေတွေ့ရလို့ပါ။ နေရင်းထိုင်ရင်း အကုသိုလ်မယူပါနဲ့လို့ အဲဒီလိုလူတွေကိုပြောချင်ပါတယ်။ သံသယရှိနေတယ်ဆိုရင် ဘယ်အလှူမှမလှူပါနဲ့။ ကိုယ်မလှူတဲ့အလှူကို တစ်ခြားတစ်ယောက်လှူတာကို အကျိုးအကြောင်းမခိုင်လုံဘဲ မတားမြစ်ပါနဲ့။ မလှူတာက အကုသိုလ်မဖြစ်ပေမယ့် လှူတဲ့သူကို တားရင်တော့ အကုသိုလ်ဖြစ်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။

လှူနေတဲ့အလှူကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ဝင်ရောတဲ့သူတွေကိုလည်း ကွဲကွဲပြားပြားလုပ်စေချင်ပါတယ်။ Charity နဲ့ နိုင်ငံရေးကို လာမရောပါနဲ့လို့ပဲပြောချင်ပါတယ်။ နိုင်ငံရေးနဲ့ပက်သက်ပြီး အလှူအတန်းတွေဟာ မဖြစ်မြောက်ခဲ့ရင် ဘယ်သူမှ အကျိုးမရှိပါဘူး။ Charity ဟာ Charity သက်သက်ပဲဖြစ်သင့်ပါတယ်။

နောက်ဆုံးပြောချင်တာက ရည်စူးပြီးသားလာဘ်အကြောင်းပါ။ တစ်ခုခုကို လှူဖို့ ဆုံးဖြတ်ရည်စူးထားတဲ့ အလှူငွေ (သို့) ပစ္စည်းကို တစ်ခြား တစ်နေရာမှာ မလှူကောင်းပါဘူး။ စာအုပ်အတိအကျမမှတ်မိပေမယ့် ရဝေနွယ်(အင်းမ) ရဲ့ စာအုပ်တစ်အုပ်မှာပါတယ်လို့မှတ်မိပါတယ်။ သက်တမ်းတိုတဲ့ ဘုရားတွေဟာ ကျန်ခဲ့တဲ့ဝေနေယျတွေကုသိုလ်ရဖို့ ဓာတ်တော်တွေ အများကြီးခွဲဝေပေးခဲ့ပါတယ်။ အဲဒီဓာတ်တော်တစ်ခုစီကလည်း ဘုရားရှင်ကိုကိုယ်စားပြုပါတယ်။ ဥပမာ ရွှေတိဂုံမှာ လှူမယ်ဆိုပြီး သတ်မှတ်ထာြး့ပီးသား အလှူငွေကို ဆူးလေမှာ မလှူကောင်းပါဘူး။ အနိမ့်ဆုံးအနေနဲ့ ခွေးလေးကြောင်လေးတွေတောင်မှ ဒီအနက်ကောင်ကို ကျွေးမယ်ဆိုတဲ့ဟာကို အဖြူကောင်ကို ပြောင်ြး့ပီးမကျွေးကောင်းပါဘူး။ အဲဒီလို အခြေခံလေးတွေကို သိစေချင်ပါတယ်။ အခြေခံလေးတွေကိုမသိတဲ့အခါ အရေးမကြီးဘူးလို့ပြောတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒါလေးတွေက သိပ်အရေးကြီးပါတယ်။

ပျော်ပျော်ရွှင်ရွှင်လှူတဲ့အခါလှုပြီး မလှူဖြစ်တဲ့အခါ လှူဖြစ်လိုက်တဲ့သူတွေကို မုဒိတာပွားမယ်ဆိုရင် WIN-WIN တောင် Captial letters နဲ့ WIN-WIN ဖြစ်ပါလိမ့်မယ်။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အကုသိုလ် ကိုယ်ယူတာကို အတင်းဝင်တားတာတော့မဟုတ်ပါဘူး ... အဲဒီလို အကုသိုလ်တွေဟာ အကျိုးပေးမကောင်းဖြစ်တတ်လို့သတိပေးတာပါ။ အဲဒီလို အဖျက်ပြောတဲ့သူတွေကို တရားချဖို့ ဘာညာ ရည်ရွယ်ချက်မျိုးလည်းမရှိပါဘူး။ လုပ်နေတဲ့သူတွေကိုပဲ အားပေးချင်တာပါ။ နတ္ထိလောကေ အနိန္ဒိတော - လောကမှာ အကဲ့ရဲ့မခံရတဲ့သူမရှိဘူးလို့ အားပေးတိုက်တွန်းချင်ပါတယ်။

သိပ်ကြိုက်လို့ ဘန်နာမှာတင်ထားတဲ့ quotes လေးကိုပဲပြန်ကိုးကားချင်ပါတယ်။
What you see depends on who you are ....
ကိုယ်နဲ့ထိုက်တန်သလောက်ပဲ သိနိုင်မြင်နိုင်တယ်။

ဘ၀ဟာသိပ်တိုလွန်းလို့ လူတကာရဲ့သံသယတွေကို တစ်ခုစီလိုက်ပြီးဖြေရှင်းနေဖို့ အချိန်မရှိပါဘူး။ တစ်ချိန်ကြရင် အမှန်တရားဟာ လိမ်လို့မရပါဘူး။ ဖုံးကွယ်လို့မရပါဘူး။ ပေါ်ပေါက်လာစမြဲပါပဲ။ ... တောင်ပုလုကျောင်းက သစ်ပင်မှာကပ်ထားတဲ့ အဆုံးအမတစ်ခုနဲ့ပဲနိဂုံးချုပ်ပါတယ်။

"စိတ်ရှည်၊သည်းခံ၊အမှန်လုပ် မုချချမ်းသာမည်"



Peace B with U.