လေပြည်
တိတ်ဆိတ်ခြင်း၏ခြေသံများကို စတင်ကြားလာမိသည်။ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ အင်တာဗျူးနားထောင်ရင်း သူငယ်တုန်းက ဖြစ်နေတဲ့ စိတ်အခြေအနေကို ပိုနားလည်ခဲ့တယ်။ ဒါပေမယ့် သူ့ကိုလည်း မပြောပြဖြစ်ဘူး။ ဒီအတိုင်းပဲထားလိုက်တယ်။
ငါတို့ငယ်တုန်းက ကားတဝီးဝီး ပြိုင်မောင်းရတာကြိုက်တယ်။ ကြီးလာတော့ တစ်ယောက်တည်း တိတ်တိတ်လေးထိုင်နေရတာကိုပဲကြိုက်တော့တယ်။ ငယ်တုန်းက သင်္ချာဆရာက လက္ခဏာဗေဒင် ကျွမ်းကျင်တယ်။ သူငယ်ချင်းတစ်ယောက်ကို သူဟောတယ်။ မင်းနာမည်ပေးထားတာ ဇောက်ထိုးအဆင်၊ ဒါက အောင်မြင်မယ်၊ ကြီးပွားမယ်။ ဒါပေမယ့် အခိုက်တွေလည်း ရှိတယ်ဆိုပြီး ပြောပြတယ်။ နောက်ထပ် နှစ် နှစ်ဆယ်ကျော်မှာ သူပြောတာတွေ ဖြစ်လာတော့တာပဲ။
သူငယ်ချင်းတွေကတော့ ဘာမှသိပ်မတွေးဘူး။ တစ်ယောက်ကို တစ်ယောက်က ကူတာပဲ။ ဆရာမတစ်ယောက်က သူငယ်ချင်းတစ်ယောက်စာမလိုက်နိုင်တာကို တော်တော်အထင်သေးတယ်။ စာတော်တဲ့ အုပ်စုထဲမှာ စာသိပ်မရတဲ့ သူငယ်ချင်းက ကျူရှင်မှာမပျော်တော့ဘူး။ လစ်ချင်တယ်။ လက်ဓားရှထားလို့ စာမလုပ်နိုင်ဘူးဆိုပြီး ကျူရှင်ခွင့်တိုင်ဖို့ကြံစည်တယ်။ သူငယ်ချင်းတစ်ယောက်က သူ့လက်ကို ဓားရှအောင် လှီးပေးလိုက်တယ်။ ငါကတော့ စိတ်ညစ်ပြီး ခေါင်းတခါခါနဲ့ပဲ။
လူတစ်ယောက်ရဲ့ ကလေးဘဝဟာ မကောင်းမွန်ခဲ့ရင် သူဟာ ဘယ်တော့မှ စိတ်ထားမမှန်နိုင်တော့ဘူး။ ဘဝမှာ နေတတ်ထိုင်တတ်ဖို့ မတရားကြိုးစားရတော့တယ်။ အသေးအဖွဲလေးတွေကအစ။ ဘာမဆိုပြိုင်ဆိုင်ချင်လာကြတယ်။ မိဘတွေဆီက ကောင်းမွန်တဲ့ ချစ်ခြင်းမေတ္တာရခဲ့ရင် ဘဝဟာ အများကြီးလွယ်ကူသွားတယ်။ ငါ့မှာဆို guilt မရှိဘူး။ သူငယ်ချင်းတစ်ယောက်က တခြားတစ်ယောက်ကို မကျေနပ်ရင်လည်း နှစ်ယောက်စလုံးနဲ့ငါတဲ့တယ်။ တတ်နိုင်သမျှ ပြေလည်အောင်ပဲ ပြောပေးတယ်။ ငါက ဘဝကို ခရီးသွားတစ်ယောက်လို နေထိုင်သွားချင်တာ။ ဘယ်သူ့ဆီကမှ အပူတွေယူမသွားဘူး။ ဘယ်သူ့ကိုမှလည်း အချိန်ကုန်ခံပြီး မုန်းနေ၊နာကျည်းနေမှာမဟုတ်ဘူး။ ဒါပေမယ့် ငါက ရိုးသားတာပဲ ကြိုက်တယ်။ မိဘရဲ့အဆင်မပြေမှုကနေ ကလေးတွေရရှိလာတာက ဟန်ဆောင်တတ်တာဖြစ်လိမ့်မယ်။ မရိုးသားတဲ့သူကို ရိုးသားတဲ့သူက သူ ဘယ်လောက်ဟန်ဆောင်ထားထား မရိုးသားမှန်း စိတ်ထဲက သိနေတယ်။ တကယ်တော့ ရိုးသားတယ်ဆိုတာ ထင်သလာက်မလွယ်ဘူး။ အထူးသဖြင့် ရိုးသားတဲ့လူဟာ ရိုးသားတဲ့လူနဲ့ပဲ မိတ်ဆွေဖွဲ့တယ်။ ကိုယ့်ကို ချစ်ခင်တဲ့ သူငယ်ချင်းတွေကို အနိုင်ကျင့်တဲ့ စရိုက်တွေကိုလည်း အားမပေးနိုင်ဘူး။
တချိန်မှာ လူတစ်ယောက်ဟာ ကိုယ့်ဆီမှာရှိတဲ့ ရိုးသားမှုထက် ပိုပြီး စကားလုံးအကြီးစားတွေ အသုံးပြုနေတဲ့အခါ ငါ ရယ်မောမိပါတယ်။ လူတစ်ယောက်ဟာ မပြောင်းလဲနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပေမယ့်၊ ဒီစကားလုံးတွေက မင်းအတွက်ဆိုရင် သိပ်ဖြူစင်လွန်းနေမလားလို့လည်း တွေးမိတယ်။ ဘာလို့လဲဆိုတော့ ငါတို့ဟာ ကောင်းမွန်တဲ့လူငယ်ဘဝမှာ အတွေးအခေါ် အစွန်းရောက်တာတွေနဲ့ထိုးဖောက်ခဲ့ရတယ်။ အစွန်းရောက်သမားတွေအတွက် အောင်မြင်ဖို့လွယ်ပြီး၊ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ အချိန်အများကြီးယူခဲ့ရတယ်။ ငါ နှစ်နှစ်ဆယ် အချိန်ယူခဲ့တယ်။ စကားလုံးအကြီးကြီးတွေမပြောဘူး။ မရေးဘူး။ သြဝါဒမချွေဘူး။ လေလိုပဲ ဖြတ်သန်းသွားလိုက်တယ်။ အမှားတွေလည်း အများကြီး၊ဒါတွေကိုလည်း နားလည်လာတဲ့အခါ ချန်ထားခဲ့နိုင်ပြီ။ မိမိစိတ်ကို ကောင်းစွာ နားလည်လာတဲ့အခါ .. လူဟာ ပြန်ပြီး သိမ်မွေ့သွားတယ်။ အစွန်းမှာနေတဲ့အင်အားမျိုးမရှိတော့ဘူး။ အောင်မြင်လိုစိတ်လည်း သိပ်မရှိတော့ဘူး။ ဒါပေမယ့် ဘဝကိုတော့ ပိုပြီး ကျေနပ်မိတယ်။
အချစ်ဆုံးငယ်သူငယ်ချင်းတစ်ယောက်ဟာ အရက်သမားအဖြစ် ကွယ်လွန်သွားခဲ့တယ်။ မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး ရှေ့နေကြီးတစ်ယောက်ရဲ့ မြေးအရင်းပါပဲ။ သူကတော့ လူလိမ်ဘဝကို ရွေးချယ်သွားခဲ့တယ်။ သူ့ကို ဒီဘဝကနေ ဆွဲထုတ်ဖို့ နှစ်ခါ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် သူ့ဗီဇက မရဘူး။ နစ်ဝင်သွားခဲ့တယ်။ ငယ်တုန်းက စက်ဘီးကအစ၊ walkmanရော စီဒီခွေပါ အားလုံးဆင်တူဝယ်ကြတာ။ ကျောင်းပိတ်ရက်တွေမှာ ရေသွားကူး၊ တိုက်ကားတိုက်၊ လှေလှော်၊ ကားဘရိတ်နင်းထားပြီး မီးပွိုင့်မှာ တာယာပွတ်ဆွဲသံအကျယ်ကြီးနဲ့မောင်းကျင့်၊ ဘာမဆိုသင်လွယ်တတ်လွယ်တဲ့ကောင်၊ ငါတို့မိသားစုနဲ့ မိုင်ရာချီကားမောင်းသွားရတဲ့ ခရီးတွေလည်း အတူလိုက်၊ ငယ်တုန်းက ပိုက်ဆံလိုသလောက်ရလို့ ပျက်စီးသွားကြစတမ်းဆိုရင် ငါလည်း ပျက်စီးသွားမှာပေါ့။ ဒါပေမယ့် လူနဲ့ပဲဆိုင်တယ်။ ဒီကောင် ပစ္စည်းအသေးလေးတွေ ခိုးလာပြီး ငါ့ကို လာလာပေးတယ်။ ငါကလည်း ဘာမှန်းမသိဘဲ သိမ်းထားပေးရတယ်။ နောက်တော့ သူ့ကိုပြန်ပေးလိုက်တယ်။ ငါလိုချင်ရင် အိမ်က ဝယ်ပေးနိုင်တာကြောင့်လည်းပါမယ်။ အဲဒီအရွယ်ကတည်းက နန္ဒာသိန်းဇံနဲ့အောင်သင်းစာအုပ်တွေ ဖတ်နေပြီဆိုတော့ ကိုယ်ကျင့်သိက္ခာထက် ဘာမှ မရေးမကြီးဘူးလို့ထင်တယ်။ ဒါပေမယ့် ငါ အဲဒီတုန်းက ဒီကောင်ခိုးလာမှန်း မရိပ်မိသေးဘူး။ ဗိုလ်ချုပ်သားတွေနဲ့ ငွေအထုပ်လိုက်သုံးနေနိုင်တဲ့ကောင်က ဘာလို့ ခိုးမှာလဲ။ သူ့အမေကလည်း စင်ကာပူမှာ ကျောင်းဆရာမ။ ငါ့အကို ဝမ်းကွဲတွေလည်း စင်ကာပူမှာ၊ အဲဒီအချိန်က စင်ကာပူတောင် လူတွေ သိပ်မသွားကြသေးဘူး။ Show Job ဆိုလားခေါ်တယ်။ အလုပ်ခေါ်စာနဲ့မှ သွားကြတဲ့ခေတ်။ ငါနဲ့ညီအကိုလို အတူကြီးပြင်းလာတဲ့သူက လူလိမ်၊ အရက်သမားတစ်ယောက်လို ဘဝဆုံးသွားတဲ့ကိစ္စဟာ စိတ်မကောင်းစရာပဲ။ အမှတ်ရစရာတွေ အများကြီးပဲ။ဒီကောင်က ဟင်းချက်သွားသင်တော့လည်း နံပတ်၁ လား၊ ၂ လားရတယ်။ ဘာမဆိုအကုန်တတ်လွယ်တဲ့ကောင်၊ underground ကတတ်တယ်။ ကြက်တောင်က မြို့နယ်ချန်ပီယံ၊ စကိတ်စီးအတူသင်၊ သူအရင်တတ်။ ရေကူးလည်း ငါ့ထက် အများကြီးကူးတတ်တယ်။ နောက်ပိုင်းထောင်ထွက်တွေနဲ့ပေါင်းပြီး ဖဲလည်းလိမ်ရိုက်တတ်တယ်။ အိမ်သော့ခလောက်ကို ဆေးလိပ်မီးနဲ့ဖြုတ်လို့ရတယ်လို့လည်း ငါ့ကိုပြောတယ်။ ဂျာမန်သံရုံးမှာ ပြာတာလုပ်တယ်။ ဂျပန်ဆိုင်မှာ စားပွဲထိုးတယ်။ ပဲခူးက ရွှေဆိုင်က သဌေးသမီးနဲ့ယူတယ်။ ပြန်ကွဲတယ်။ ဖြစ်နိုင်ရင် မင်းအဖိုး ခေါင်းမှာ ကျန်နေတဲ့ ကျည်ဆံလို ဘဝကို တည်တည်ငြိမ်ငြိမ်လေး နေစေချင်တယ်။ ငါတို့မျှားခဲ့တဲ့ငါးတွေလို ဘဝကိုရိုးရှင်းစေချင်တယ်။ အထူးသဖြင့် နောက်ဘဝတွေမှာ မင်းကို လူလိမ်တစ်ယောက် မဖြစ်စေချင်ဘူး။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် တဖြည်းဖြည်း ပျက်စီးခြင်းငါးပါးဆိုက်သွားတာ ငါ့အတွက်လည်း ကြေကွဲစရာ ကောင်းခဲ့ပါတယ်။
ကြီးလာတဲ့အခါကြတော့ ဘဝမှာ ပိုက်ဆံထက် အရေးတာက အချိန်ပဲ။ အချိန်များများရှိရင် တခြားအရေးကြီးတာတွေ ပိုလုပ်လာနိုင်တယ်။ အောင်မြင်တယ်ဆိုတာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေနိုင်တာနဲ့၊ ကိုယ်ကြိုက်တဲ့အချိန်မှာ ကိုယ်စိတ်မပါတော့တဲ့အရာတွေကို တိခနဲရပ်ပစ်နိုင်တာပဲထင်တယ်။ စကားတွေအများကြီးမပြောကြဘူးဆိုရင် လောကကြီးက ပိုလှနေမှာပဲ။ တခါတခါ လူတစ်ယောက်နဲ့ လူတစ်ယောက်ပြန်တွေ့ဖို့ဆိုတာ လေးသင်္ချေနဲ့ ကမ္ဘာနှစ်သိန်းလောက်ကြတယ်။ တစ်ယောက်ယောက်က မတွေ့ချင်တော့ဘူးဆိုရင်တော့ ဒီထက်မကလည်း ကြာသွားနိုင်တယ်။
Walkman နဲ့ GNRရဲ့ Paradise City ကို အသံကုန်ဖွင့်ပြီး Mountain Bike ကို လမ်းမလယ်က စီးနေတဲ့အချိန်မှာ ဘာမှတွေးမနေဘူး။ လူငယ်ဘဝဆိုတာ ဒါပဲ။ မနက်အစောကြီး ဘီယာတစ်ဗူးဝယ်ပြီး မုန့်ဟင်းခါးစားရင်း သောက်ရင်သောက်မယ်။ ဆက်သွယ်မှုဧရိယာပြင်ပမှာ နေထိုင်မယ်။ ဂုံးကျော်တံတားပေါ် လက်နှစ်ဖက် လွှတ်ပြီး နင်းတက်သွားမယ်။ လက်နှစ်ဖက်လွှတ်ရင်း ပြန်ဆင်းလာမယ်။ ဘာအဓိပ်ပါယ်မှ ဖွင့်ဆိုမနေဘဲ စက်ဘီးကို လေးနာရီစီးမယ်။ မိုးရေထဲလည်း စီးမယ်။ ပါးစပ်နဲ့ပြောလို့မရတာတွေကို လက်နဲ့ဖြေရှင်းမယ်။ ဘယ်လောက်လူကောင်ကြီးကြီး နံရိုးကိုထိုးရင် အင့်ခနဲမြည်တာချည်းပဲ။ အရှှိုက်ကို Mae Geri တစ်ချက် kick လိုက်ရင် အတ္တဘောတော်တော်များများ ရှူနာရှိုက်ကုန်းဖြစ်ကုန်တာချည်းပဲ။ မကြာမကြာ သဲအိတ်ကို အပြင်းပြေထိုးမယ်။ ညိုမည်းစွဲနေတဲ့ လက်ဆစ်တွေဟာ မင်းတို့အရိုးမပြောနဲ့ အုတ်ခဲနှစ်လုံးလောက်တော့ အသာလေးကျိုးတယ်။ ယဉ်ကျေးသွားတဲ့အခါ လူဟာ အတိတ်မေ့သလိုဖြစ်သွားတယ်။ ပျော့ပြောင်းသလိုဖြစ်သွားတယ်။ ဒါနဲ့ အိမ်နံရံကို လက်သီးနဲ့ထိုးကြည့်တော့ လက်မနာနေဘူး။ အများကြီးကျန်သေးတယ်။
တစ်ချိန်ချိန်မှာတော့ လူကြမ်းတွေဟာ စာတွေဖတ်ပြီး ပျင်းစရာ ဘဝကို ရွေးချယ်လိုက်ကြတဲ့အကြောင်းကို ရေးရဦးမယ်ထင်တယ်။ သားနဲ့ ကတ္ထူပုံးထဲကို ဘောလုံးပစ်ထည့်တဲ့ ကစားနည်းကစားတယ်။ တခါတခါ ဒီကောင့်ကို ချုပ်ထားတယ်။ မင်းလက်သီးရောထိုးတတ်လားဆိုတော့ နာရူတိုထဲက အကွက်တွေတော့ ရတယ်ပြောတယ်။ ငါ့ကို နမူနာထိုးကြည့်စမ်းဆိုတော့ လာထိုးတယ်။ ပျော့တယ်ကွာ၊ ပြင်းပြင်းထိုးဆိုတော့ လက်နာတယ်ပြောတယ်။ ခေတ်ကြီးကိုက လူတွေကို ပျော့ညံ့အောင်လုပ်နေတာထင်တယ်။ ငါတို့ ၇ နှစ်တုန်းကတော့ အိမ်မှာ လူတစ်ရပ်အမြင့်လောက်နေရာမှာ တံမြက်စည်းချိတ်ထားပြီး ထွက်တိုင်း ခုန်ခုန်ကန်တာ။ ဘောင်းဘီဂွတွေဆို အဖွားက နေ့တိုင်းချုပ်ရတယ်။ ကြာတော့ အဖွားလည်း ဒေါပွလာတယ်ထင်တယ်။ နင်တို့ဂျိုးမှာ ဓားများပါတာလား၊ အမြဲဂွပြဲနေတာလို့ပြောတယ်။ သူကလည်း ကချင်ဆိုတော့ ဝင်္ကဝုတ္တိမရဘူး။ ဒဲ့တိုးမဝုတ္တိပဲရတယ်။
Peace B with U.