ပိုထိုးတာထက် ပိုခံရတာကိုအမှတ်ပေးတဲ့ ခေတ်ကြီးထဲမှာ အစ်ကီယာက throws နှစ်ထည်နဲ့ square pillow သုံးခုဝယ်ပြီး၊ အရောင်အတွဲအစပ်တွေ လေ့လာ၊ မိုးအုံ့တယ်၊ နေသာတယ်၊ မနက်ဖြန်ဘာဖြစ်မယ်၊သန်ဘက်ခါ ဘာဖြစ်မယ်တွေမေ့ထားပြီး၊ ပျော်အောင်နေနိုင်ဖို့ကြိုးစားတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တစ်စစီတပ်ဆင်ခဲ့တဲ့စာကြည့်တိုက်လေးကို တစ်စစီဖြုတ်သိမ်းတယ်။ ချစ်ခဲ့တာတွေလည်း မချစ်တော့ဘူး။ မုန်းခဲ့တာတွေလည်း မမုန်းတော့ဘူး။ အသစ်ပြန်ပြန်ဖြစ်နေတဲ့လူဟာ ငါ့စိတ်ထဲမှာရှိနေတယ်။ အပြောင်းအလဲမြန်သူအဖြစ်မှာ ထာဝရနေသားကျနေတယ်။ ငါ့အမှားတွေထက် ငါ့ရဲ့မှားချင်စိတ်က ပိုပါတယ်။ တစ်ချိန်က အိမ်နဲ့ဝေးရာကိုပြေးခဲ့ကြပြီး၊ ဒီနေ့ အိမ်နဲ့နီးရာဆီပြန်ပြေးမိတယ်။ ဘယ်လောက်ဝေးကွာခဲ့ပြီလဲ။ ဘယ်လောက်လွဲချော်ခဲ့ပြီလဲသိဖို့ အိမ်မက်တွေ လျှော့မက်တယ်။ မန်ယူက ဂိုးပေါက်တည့်တည့် ကန်ပေမယ့် ဂိုးမဝင်တာ ကံခေလို့လား။ ဂိုးသမားရဲ့ ကံကြမ္မာနဲ့လက်စွမ်းကိုလည်း လျှော့မတွက်သင့်ဘူး။ အိမ်မက်တွေကြီးကြီးမက်လွန်းလို့ လေးလံလာကြတယ်။ ပြေးနေတာကို ရပ်လိုက်ရင် ကိုယ့်လိုလူ အများကြီးပဲဆိုတာ သေချာမြင်နေရတယ်။ သေချာသိမ်းထားတဲ့ Onkyo ဗူးခွံလေးလွှင့်ပစ်ရင်း မလိုတာတွေ ဘယ်လောက်များပြီလဲပြန်ကြည့်တယ်။ မူရင်းစီဒီတွေ၊ မူရင်း DVD တွေ၊မူရင်းစာအုပ်တွေ၊ မူရင်းခံစားချက်နဲ့ မူရင်းဒဏ်ရာတွေ။ မေ့ထားရင် မေ့နေတာပါပဲ။ လွှင့်ပစ်ရင် ရှင်းလင်းသွားတာပါပဲ။ တခါတခါ ကိုယ်သိမ်းဆည်းထားတာတွေက အမှိုက်တွေ ဖြစ်ဖြစ်နေ၊ စိတ်ကပြောင်းသွားတော့ သိမ်းထားခဲ့တဲ့ပစ္စည်းများဟာ ငိုင်စင်းရပ်ကျန်နေရော။ ပစ္စည်းတွေ ပစ်လိုက်လို့ရတယ်။ ပစ်လို့မရတဲ့ ခံစားချက်ကို ဘယ်လိုလုပ်မလဲ။ မီးပူကို စိတ်ချမ်းသာအောင်တိုက်တယ်။ အခန်းကို စိတ်ချမ်းသာအောင်ရှင်းတယ်။ တောင်တန်းတွေဆီ စိတ်က လွင့်လွင့်သွား။ ကမ်းခြေဆီ စိတ်က လွင့်လွင့်သွား။ လူဟာ ခန္ဓာရဲ့ အကန့်အသတ်နဲ့ မသွားနိုင်တဲ့အခါ စိတ်က လွင့်လွင့်သွား။ တိတ်ဆိတ်တဲ့တိမ်တွေနေထိုင်တဲ့အရပ်မှာ ရစ်နှောင်ထုံးဖွဲ့တဲ့ သံယောဇဉ်အမှတ်တံဆိပ်နဲ့ ကော်ဖီခွက်လေးတစ်ခွက်ဟာ လေးလံစွာ ညှိုးငယ်နေဆဲ။ တခါတခါ ပြန်မလာတဲ့ခရီးသွားဟာ ဖြတ်သန်းသွားတဲ့လမ်းက မြက်ပင်လေးတစ်ပင်စီကို သေသေချာချာကြည့်သွားသလို ငါ့စာအုပ်တွေကို ငါကြည့်တယ်။ ငါသိမ်းဆည်းတယ်။ ငါအောင်ပွဲမခံပါဘူး။ နေသာပါတယ်
Peace B with U.