Tuesday, September 27, 2011

ခါတော်မီ အန်ဗရွန်မန်တယ်လစ်

ခါတော်မီ အန်ဗရွန်မန်တယ်လစ်

ဒီပုံလေးကိုကြည့်ပြီး တော်တော်လေးကို သဘောကျခဲ့ဖူးတယ်။ The enemy is us :)။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ပြောစရာ၊ ဝေမျှစရာ အမြင်တွေရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလို့ရလားဆိုတာကနေ စပြီးမေးရင် တော်တော်လေးကို ဂွကျကုန်မယ်။ ဒီနေ့ သစ်ပင်စိုက်လိုက်တာဟာ နောက်နေ့မှာ ရာသီဥတုကောင်းသွားမယ်လို့မျှော်လင့်လို့ရတာမျိုးမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ လူသားတွေ မသိသေးတဲ့ ကမ္ဘာကြီးရဲ့ အကြောင်းတွေလည်း အများကြီးရှိသေးတယ်။ ပတ်လမ်းထဲမှာ လိမ့်နေတဲ့ ဂေါ်လီလုံးသာသာ အလုံးပေါါ်က အကောင်သေးသေးလေးတွေရဲ့ အသက်အန္တရာယ်ဆိုတာ နောက်ထပ် သူ့အရွယ်တစ်ဝက်လောက်ရှိတဲ့ ဂေါ်လီလုံးတစ်ခြမ်းလောက်နဲ့ ၀င်တိုက်မိရုံနဲ့ ကိစ္စတုံးသွားနိုင်တယ်။

သစ်ပင်စိုက်တာကောင်းတယ်လို့လည်း တရားသေမှတ်ထားလို့မရဘူး။ အအေးပိုင်းဒေသတွေမှာ သစ်ပင်စိုက်ရင် သူ့ရဲ့ အကျိုးရလဒ်ကလည်း မျှော်လင့်သလို မဖြစ်ပြန်ဘူး။ စိုက်တော့စိုက်ပါရဲ့ ထင်ရှူးပင်လို အပင်တွေ၊ အရွက်တွေကလည်း မဆွေး၊ မြေဆီသြဇာလည်းမဖြစ်၊ ရေတိုက်စားမှုကိုလည်း မကာကွယ်နိုင်။ ထပ်သရီး။ အပင်စိုက်လို့သာ ပစ်ပျက်ကြည်ညိုရမယ်ဆိုရင် တစ်နိုင်ငံလုံး ကြက်ဆူစိုက်ခိုင်းခဲ့တဲ့ မင်းတြားကြီးကို အကြည်ညိုသင့်ဆုံးဖြစ်သွားမယ်။ ကမ္ဘာမှာ သစ်ပင်တွေ စိုက်လို့ နိုဘယ်လ်ဆုရသွားတဲ့သူရှိတယ်။ မင်းတြားကြီးကတော့ ဘိုင်အို ဒီဇယ် လုပ်ဖို့ဘရာဇီးကို ကျော်တက်ဖို့ကြိုးပမ်းခဲ့ရာက သဘာဝဓာတ်ငွေ့တွေ့တော့ မလိုတော့ဘူး။ ဘုန်းရှင်ကံရှင်တွေဟာ ကြက်ဆူဆီမလိုဘူး။ လိုတိုင်းရ၊ တတိုင်းဖြစ်တယ်ဆိုပြီး ခြံစည်းရိုးကြက်ဆူ ဇာတ်လမ်းကို ဖြစ်သလိုသိမ်းလိုက်တယ်။ မြန်မာပြည်ရဲ့စီမံကိန်းအများစုက အဲဒီလိုပဲ။ အားလုံးက ရေကူးချန်ပီယံတွေလိုပဲ အဖျားရှူးတယ်။ (ရေကူးချန်ပီယံတွေဟာ မြန်မြန်ကူးနိုင်ဖို့ကို အဲဒီလို ပုံစံဖြစ်အောင်ကြိုးစားရတယ်။)

ပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတာ အကျိုးရလဒ် သိပ်ကိုကောင်းတဲ့ အလုပ်လားဆိုရင်လည်း မသေချာဘူး။ ကြိုးစားနေကြတုန်းပဲလို့ဖြေရမယ်။ ကမ္ဘာကြီးပူနွေးလာတာ၊ သစ်ပင်တွေမရှိတော့လို့တစ်ခုတည်းမဟုတ်ဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ နည်းနည်းနဲ့များများ ဒုက္ခပေးတဲ့ အမိုးနီးယားတွေက အပေါ်မှာနေပြီး ဒုက္ခပေးတာတွေကလည်းရှိသေးတယ်။ လူတွေ လုပ်ချင်တိုင်းလုပ်၊ စွန့်ပစ်ချင်တိုင်း စွန့်ပစ်ထားခဲ့တာတွေကလည်း ပြန်ပြီးခြောက်လှန့်နေပြီ။

ငယ်တုန်းက ရူပဗေဒ စိတ်ဝင်စားသလိုရှိခဲ့တော့ အဲဒီ radioactive စွန့်ပစ်ပစ္စည်းတွေအကြောင်းကို ဖတ်တယ်။ ဆယ်တန်းမှာ half life အကြောင်းလည်းဖတ်ဖူးတော့၊ ဒီကောင်တွေက ပျက်စီးသွားဖို့ မဖြစ်နိုင်သလောက်ပဲဆိုတာသိတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို ပင်လယ်အောက်က ရွံ့စေးလွှာထဲ ပစ်တယ်ဆိုတာလည်းဖတ်လိုက်ရသေးတယ်။ အဲဒါတွေကို ဘယ်လိုမှ ပြန်ပြင်လို့မရတော့ဘူး။ ရေနံတင်သင်္ဘောတွေမှောက်ခဲ့တာတွေကို ပြန်ပြင်လို့မရတော့ဘူး။ ဆိုးဆေးတွေ မြစ်ထဲသွန်ချထားခဲ့တာတွေကို ပြန်ပြင်လို့မရတော့ဘူး။ လေထဲကို စွန့်ထုတ်လိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်တားလို့မရတော့ဘူး။ ကျွန်တော်တို့ ဖောက်ခဲ့တဲ့လှေဟာ ကျွန်တော်တို့နေတဲ့ လှေအိမ်ဖြစ်နေတယ်။

အတိတ်မှာ မှားခဲ့ကြတာတွေများပြီး။ ကော်စေ့ဈေးပေါလို့ ကြွပ်ကြွပ်အိတ်တွေ မဟားတရားထုတ်လိုက်တာ အခုပြန်ရှင်းတော့ သေမတတ်ဖြစ်ရတယ်။ သန္တာကျောက်တန်းတွေတောင် ပလတ်စတစ်လာအုပ်လို့ ဒုက္ခရောက်ကုန်တယ်။ ငါးမန်းတွေလည်း ပလတ်စတစ်အိတ်တွေစားမိတယ်။ သစ်ပင်တွေရဲ့ အစေ့တွေကို ပလတ်စတစ်အုပ်မိရင် မပေါက်နိုင်ဘဲသေတယ်။ နှစ်ပေါင်းများစွာ သူ့အလိုလိုမပျက်စီးနိုင်တဲ့ သတ္တ၀ါဆိုးကြီးကို မွေးမြူထုတ်လုပ်လိုက်တာလည်း ကျွန်တော်တို့တွေပဲ။ The enemy is us. အဲဒါကို သတိပြုလာမိကြတော့၊ ငါတို့အတွက်တော့ အမှားတွေကို ခံလိုက်ရပြီ။ နောက်ထပ် ဒီလှေကြီးပေါ်မှာ ကြီးပြင်းလာကြမယ့် ကလေးတွေ၊ မျိုးဆက်တွေအတွက် လှေမဖောက်ကြရင်ကောင်းမယ်ဆိုတဲ့ လူတစ်ချို့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကြိုးစားကြတယ်။

ဒိုင်နိုဆောတွေ သေသွားပြီဆိုတာကို မမေ့စေချင်ဘူး။ အဲဒီအကောင်ကြီးတွေ ဘာလို့သေသွားမှန်း ဘယ်သူမှ တိတိကျကျမသိဘူး။ ဒိုင်နိုဆောလို အကောင်းကြီးပြီး၊ သဘာဝဘေးကို လူထက် အဆတစ်ရာမက ခံနိုင်ရည်ရှိတဲ့အကောင်တွေ မျိုးတုံးသွားဖူးတဲ့ကမ္ဘာမှာ ကျွန်တော်တို့နေနေရတာ။ ဘာမဆို ဖြစ်လာနိုင်တဲ့ကမ္ဘာကြီး။ ဂျပန်စာရေးဆရာ မူရာကာမိကတော့ ငလျင်တွေ လှုပ်လည်း သူလက်ခံတယ်တဲ့။ သူတို့က ဒီမှာ လာနေခွင့်ရတာကို ကျေးဇူးသိတတ်ရမယ်လို့ ခံယူတယ်။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ကို နေပါလို့ ခေါ်ထားတာမဟုတ်ဘူး။ ကျွန်တော်တို့လူတွေကသာ ကပ်ပါးကောင်တွေလို ကုတ်ကပ်တွယ်ဖက်နေတာ။ ဘိုင်အို စပီးယား စီမံကိန်းတွေ လကမ္ဘာနဲ့ မားစ် ဂြိုဟ်မှာ အကောင်အထည်မပေါ်လာတာကြောင့်လည်း ပါသင့်သလောက်တော့ပါတာပေါ့နော်။ အခုနေစရာလည်း ဒီကမ္ဘာကြီးပဲရှိတယ်။ သူ့ကိုကြည့်တော့လည်း အခြေအနေမကောင်းဘူး။

သဘာဝတရားက သိပ်ထူးဆန်းတယ်။ တက္ကသိုလ်ပြီးတော့ အားနေတာနဲ့ TOEFL သင်တန်းကို တစ်နှစ်လောက်သွားတက်တော့ အဲဒီမှာ ဆောင်းပါးအတိုလေးတွေဖတ်ရတယ်။ အမှောင်ထဲမှာနေတဲ့ဂဏန်းတွေဟာ မျက်စိမပါတော့ဘူး။ အဆင့်ဆင့်ပြောင်းသွားတာ။ ပါတဲ့ မျက်လုံးမမြင်ရာကနေ ပါကို မပါတော့တဲ့အထိ၊ အနံ့ခံပြီးသွားတဲ့သတ္တ၀ါတွေမှာလည်း အမြင်အာရုံချို့တဲ့သွားတယ်။ လင်းပိုင်းဆို အရင်က ကုန်းသတ္တ၀ါ၊ သူ့လက်တွေသိမ်ဝင်သွားပြီး ရေယက်လိုဖြစ်သွားတာ။ လိုအပ်ရင် သဘာဝဟာ ပြောင်းလဲပစ်တယ်လို့ယူဆရတယ်။ အဲဒီတော့ သိပ်ပူတဲ့ကမ္ဘာကြီးဖြစ်လာရင် မွေးရာပါ အပူခံနိုင်တဲ့ အသားအရေနဲ့လူတွေဖြစ်မလာဘူးတော့လည်းပြောလို့မရဘူး။ ရေနွေးထဲမှာ မသေဘဲ မျိုးပွားနိုင်တဲ့ အကောင်တွေလည်းရှိတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိသလောက်ဖြစ်နေပြီ။ အဲဒိလိုတွေးပြီး တစ်ချို့လည်း မထိန်းသိမ်းနဲ့ ပျက်ချိန်တန်ပျက်မှာပဲ။ ပျက်ရင်လည်း တစ်နည်းနည်းနဲ့တော့ အိုကေသွားမှာပါ ဆိုပြီးတွေးကြတာလည်းရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ သူတို့အတွက်တော့ ကြောင်ကို ရေနွေးနဲ့ချိုးပေးခြင်းနဲ့တူတယ်။

လူဆိုတာ အသိုင်းအ၀ိုင်းနဲ့နေရတယ်။ လက်ဆင့်ကမ်းရတယ်။ ကိုတာလည်း ဒါကိုပြောသွားတယ်။ ဆရာအောင်သင်း ဘာသာပြန်တဲ့ ရသစာ အတိုလေးတစ်ခုမှာ တံတားဆောက်နေတဲ့ အဘိုးအိုက ဆံပင်နီနဲ့ ကလေးငယ်လေး ဖြတ်သန်းသွားလို့ရအောင် တံတားဆောက်တယ်ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ဘာသာပြန်ထားတာကိုလည်းမှတ်မိတယ်။ မြန်မာစာ ဖတ်စာအုပ်က သရက်ပင်စိုက်တဲ့ အဘိုးအိုကလည်း ဒီသဘောပဲ။ ဘုရားလောင်းကျေးမင်းကလည်း ငယ်ရွယ်တဲ့ကလေးတွေကို ကျွေးမြီသစ်ချတဲ့ဥပမာနဲ့ပြောတယ်။ ဆိုလိုချင်တာက ကမ္ဘာကြီးက ကျွန်တော်တို့သေရင် ကျန်တဲ့လူတွေ မရှိတော့မယ့်နေရာမဟုတ်ဘူး။ ကျန်ခဲ့မှာတွေက ကျွန်တော်တို့ အမျိုးတွေ၊ အဆွေတွေဖြစ်နိုင်တယ်။ အဲဒါကို မင်းတို့ဖြစ်သလို နေရစ်ခဲ့ကြ၊ ငါတို့လုပ်ချင်ရာလုပ်ပြီး I quit ဆိုပြီး လစ်သွားလို့မရဘူး။

အဲဒါလို ဆက်စပ်နေတာကို မြင်ရင် ကမ္ဘာကြီးကို ပိုပြီး စုတ်ပဲ့အောင် မလုပ်ရက်တော့ဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ကြိုးစားနေတာမဟုတ်သေးဘူး။ ညင်ညင်သာသာသတ်ဖြတ်ဖို့ကြိုးစားနေတာပဲဖြစ်တယ်။

တစ်နေ့တစ်နေ့၊ ကျွန်တော်တို့ လျှပ်စစ်မီး ဘယ်လောက်သုံးလဲ။ air fresher တွေ ဘယ်လောက်ဖြန်းလဲ၊ အဲကွန်း ဘယ်လောက်ဖွင့်လဲ၊ ရေခဲသေတ္တာဆိုတာ ပိတ်ထားလို့မရဘူး။ ဒါတွေကို ကျွန်တော်တို့သိတယ်။ သိလေလေ တာဝန်ရှိလေလေပဲ။ မသိတဲ့လူက မသိလို့ လုပ်သွားတာကို သိတဲ့လူက အားကျလို့မရဘူး။ သိတဲ့နေ့ကစပြီး ဒါတွေဟာ ကျွန်တော်တို့သတိထားရမယ့်တာဝန်တွေဖြစ်လာပြီ။ စင်ကာပူမှာ ရထားတိုးကြိတ်စီးသူတွေဟာ ကိုယ်ပိုင်ကားစီးသူတွေထက် ကမ္ဘာကြီးကို ပိုချစ်တယ်လို့ပြောရမလိုဖြစ်နေတယ်။ ကားစီးတာက သြစတြေးလျ လို အမေရိကားလို နိုင်ငံကျယ်ကြီးတွေမှာဆိုရင်တော့ ဆင်ခြေပေးလို့ကောင်းတယ်။ စင်ကာပူမှာတော့ Traffic jam နဲ့ ERP တွေကလည်း အနှေးမောင်းလမ်းလိုဖြစ်နေပြီး၊ နိုင်ငံလေးကလည်း F1 ရှစ်မိနစ်စာမောင်းရုံလောက်ကျယ်တာဆိုတော့၊ တကယ်တမ်း public transit တွေကောင်းရင် ဘယ်သူမဆို Green Transport တွေအားကိုးနိုင်တာပေါ့။ အခုတော့ အသုံးမကျတဲ့ရုံးတွေက flexible working hours ကိုမကျင့်သုံးလို့ ရထားတွေပိုပိုပိတ်လာတာ၊ ပိုပိုကြပ်လာတာတွေဖြစ်တယ်။ ကလေးမွေးဖို့ရည်ရွယ်ထားတဲ့သူတွေကလည်း ကားတစ်စီးမရှိရင် တက်စီခနဲ့မွဲမယ်ဆိုတာတွေဖြစ်လာတာလည်းပါတယ်။ အဲဒီလို အခြေအနေရဲ့တွန်းပို့မှုနဲ့ကိုယ်ပိုင်ကားဝယ်စီးကြတဲ့သူတွေလည်းရှိမယ်။ လျှပ်စစ်ကားနဲ့ နေရောင်ခြည်သုံးကားတွေ၊ ဟိုက်ဒရိုဂျင်နဲ့မောင်းတဲ့ကားတွေကလည်း လူတွေ ပေါပေါလောလောဝယ်လို့ရတဲ့ဈေးကို ထိုးဆင်းမလာတာလည်းပါတယ်။ အားလုံးမှာတာဝန်ရှိတယ်။

Bills စာရွက်တွေကို မယူကြတော့တာလည်းကောင်းတယ်။ Online ကနေပဲကြည့်လည်းရတာပဲ။ မလိုအပ်ဘဲ မေးလ်တွေ၊ documents တွေကို print မထုတ်တာလည်းကောင်းတာပဲ။ မီးတွေကိုလည်း အန်နာဂျီဆေးဗင်းတွေပဲထွန်းရင်၊ မြို့တစ်မြို့ရဲ့ လျှပ်စစ်သုံးစွဲမှုပါကျလာနိုင်တယ်။ အ၀တ်လျှော်စက်ဆိုရင် ကြီးကြီးဝယ်ပြီး တစ်ခါတည်းလျှော်တာကောင်းတယ်။ အိမ်ထဲမှာရော အိမ်နားမှာပါ အပင်တွေစိုက်ထားတာကောင်းတယ်။ အသက်ရှူဝတယ်။ အိပ်ခန်းထဲမှာ တပင်လောက်ရှိရင်ကို သိသာတယ်။ ခြင်မအောင်းနိုင်တဲ့ ခြောက်သွေ့တဲ့အပင်မျိုးပဲစိုက်။ အခန်းထဲမှာ အသက်ရှူလို့ပိုကောင်းလာမယ်။ စနေနေ့ shopping ထွက်ရင် အိတ်ကြီးကြီးလွယ်သွား ကြွပ်ကြွပ်အိတ်မယူနဲ့။ အမှိုက်ပုံးကို အမျိုးအစားခွဲပြီး ပစ်ဖို့သုံးပုံးထားတဲ့နေရာမျိုးမှာ အမြဲခွဲပြီးပစ်ပေးရင် သူတို့ကို ကူညီရာရောက်တယ်။ Reduce Reuse Recycle ဖြစ်အောင်ကြိုးစားသင့်တယ်။

မြန်မာပြည်မှာရယ်ရတာတစ်ခုရှိတယ်။ တာရာမင်းဝေစာအုပ်တွေမှာ အဖြူနဲ့ထုတ်တာနဲ့ စာရွက်အညံ့နဲ့(recycle paper တော့မဟုတ်ဘူး။) ထုတ်တာမှာ အညံ့နဲ့ရောင်းရင်ပိုရောင်းကောင်းတယ်။ စာရွက်အညံ့နဲ့ဆိုတော့ မြန်မြန် စုတ်ပြဲပြီး ပိုဝယ်ကြတာဖြစ်နိုင်တယ်။ ဂျူးစာအုပ်ဆိုလည်း ကျွန်တောာ်ကိုယ်တိုင် အရင်က စာရွက်ညစ်ညစ်လေးတွေပဲကြိုက်တယ်။ အရသာမတူဘူး။ အခုနောက်ပိုင်း ပြန်ထုတ်တဲ့စာအုပ်တွေ စာရွက်သားကိုင်လိုက်ရတာနဲ့ကို အရသာနည်းနည်းပျက်တယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အမှားတွေအများကြီးရှိခဲ့ကြမယ်။ အခုလက်ကျန်သဘာဝတရားကို ထိန်းထားဖို့ကို ကြိုးစားသင့်ပြီ။ ဧရာဝတီကိစ္စဟာ မြန်မာနိုင်ငံသားတွေကို တကယ်ပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ လူမျိုးတွေဖြစ်စေမှာလားဆိုတာကိုတော့ ကျွန်တော်သံသယရှိပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နားလည်တဲ့အကြောင်းတွေကို ကျွန်တော်တို့လောက် နားလည်ပြီးသားလူတွေကိုပဲပြောနေကြတာမျိုးဆိုတော့ အကျိုးမရှိတဲ့စကားကို ဆိုနေသလိုလည်းဖြစ်နေတယ်။ ဒီစာကို ဧရာဝတီတစ်လျှောက် ကျေးရွာတွေက ကလေးတွေဖတ်ဖို့ ကျွန်တော် မတတ်နိုင်ပါဘူး။ အဲဒီကိစ္စတွေပြောတိုင်း ပညာမတတ်တာနဲ့၊ သင်ယူဖို့အခွင့်အလမ်းနည်းတဲ့ကိစ္စတွေဘက်လှည့်လှည့်သွားတတ်လို့၊ ဒါတွေကို မတို့ထိတော့ပါဘူး။

ခါတော်မီသမားတွေဟာ နိုင်ငံရေးစတန့်တွေ သိပ်လုပ်ကြလို့မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ပညာတတ်တွေ စိတ်ထဲမှာ အော်ဂလီဆန်စရာဖြစ်လာနေတာကို စိတ်မကောင်းဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အခုပို့စ်နဲ့ဆိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ကမ္ဘာကို ထိန်းသိမ်းဖို့ တာဝန်ကိုယ်ယူဖို့ပါပဲ။ နောင်လာနောင်သားတွေအတွက်ဆိုလို့ အပျိုကြီး လူပျိုကြီးတွေက အငြိုးနဲ့ ဖျက်ဆီးတာမျိုးမလုပ်စေချင်ဘူး။ အဟက်။ ။

Regards,
Zephyr ပိုပြီးလတ်ဆတ်တဲ့လေကို ရှူချင်တဲ့သာမန်လူသားအစစ်တစ်ယောက်။

Notes:
ငါးအာရုံ ဘင်အစု၊ ခင်အမှုနဲ့နေ့ကုန် ဆိုသလိုတစ်နေ့တစ်နေ့ဟာကုန်နေတာပါပဲ။ လစာရရင်ပျော်တယ်ဆိုပြီး အချိန်တွေကုန်တာကို သတိမထားမိလိုက်ဘူး။ အလုပ်လုပ်တာ လေးနှစ်တောင်ပြည့်လုပါရောလား။ လူတစ်ယောက်ဟာ တစ်နှစ်လုပ်ရင် သုံးနှစ်လောက် ထိုင်စားနိုင်သင့်တယ်။ အဲဒီလိုဆိုရင် ဇိမ်ကျမယ်။ တစ်နှစ်တစ်နှစ် ဘဏ်ကငွေစာရင်းတွေကြည့်ရင်း ဂဏန်းတွေတစ်လှည့် ဗိုက်ကိုတစ်လှည့် စာအုပ်စင်ကိုတစ်လှည့်ကြည့်မိတယ်။ စာအုပ်စင်နဲ့ ၀မ်းဗိုက်ကိုတစ်လှည့်စီကြည့်ရင်း ရွတ်နေမိတာက The enemy is us :).



Peace B with U.