Wednesday, March 23, 2011

အ၀ါရောင်ပုရွက်ဆိတ်လေးနှင့် ကျွန်တော်။


အ၀ါရောင်ပုရွက်ဆိတ်လေးနှင့် ကျွန်တော်။

မနက်ဖြန်အကြောင်း တွေးစရာမလိုဘူးဆိုရင် ကျွန်တော်တို့ရဲ့ အချစ်စိတ်ဟာ ရဲရင့်ပြတ်သားခဲ့မှာပဲမဟုတ်လား။

ဆောင်းရာသီဝန်ရိုးစွန်းတစ်လျှောက် တိုက်ခတ်သွားသောလေညင်းလေး၏ အမည်နာမတော်သည် အ၀ါရောင်ဖြစ်သည်။ ချစ်ခြင်းတစ်ဆင်စာ ဆင်ယင်ခွင့်မရခဲ့သော မျက်ရည်တေးသံသည် အ၀ါရောင်ဖြစ်သည်။ ပုရွက်ဆိတ်လေးတစ်ကောင်ကို ငေးကြည့်နေသော ကောင်မလေးသည် အ၀ါရောင်နတ်သမီးလေးဖြစ်သည်။ အ၀ါရောင်ခြံဝင်းလေးတွင် အ၀ါရောင်ကောင်မလေးတစ်ယောက် အ၀ါရောင်တိမ်တိုက်များဖြတ်သန်းသွားလာသော ကောင်းကင်တစ်ခုကို ပိုင်သခဲ့သည်။ သူမ၏နေ့ရက်များသည် တိတ်ဆိတ်သော အ၀ါဖျော့များဖြစ်သည်။ သူမသည် ပုရွက်ဆိတ်အ၀ါရောင်လေးကို ချစ်သည်။ သူမ၏ အသက်ရှူသံသည် ရွှေဝါရောင်ဖြစ်သည်။ ချစ်ခြင်းသည်အ၀ါရောင်ဆန်သော ချောင်းဆိုးခြင်းသာဖြစ်သည်။ မည်သူမျှအောင့်မထားနိုင်ခဲ့ကြပါ။

နှင်းစက်များသည် ဘ၀ထဲစိမ့်ဝင်လာသည်။ ရှေ့ဆုံးမှ လျှောက်ရသော ပုရွက်ဆိတ်တစ်ကောင်၏ မာန၊ နောက်ဆုံးမှ လိုက်ရသော ပုရွက်ဆိတ်တစ်ကောင်၏ ဘ၀ စတာတွေကို သူ(မ)စိတ်ဝင်စားသည်။ ချစ်ခြင်းသည် အချိန်မမှန်သော ရထားတစ်စင်းဖြစ်သည်။ ပုရွက်ဆိတ်တန်းတွင်တော့ ရှေ့ဆုံးမှ မလိုက်ရလျှင် နောက်ဆုံးမှလိုက်ချင်သည်။ သူသည် သာမန် ပုရွက်ဆိတ်တစ်ကောင်မဖြစ်ချင်ပါ။ ခန္ဒာကိုယ်အလေးချိန်၏ ၂၇ ဆသယ်နိုင်ကြသည်ခြင်းအတူတူ သမားရိုးကျ ပုရွက်ဆိတ်လေးတော့မဖြစ်ချင်ပါ။ ပုရွက်ဆိတ်တစ်ကောင်၏ အဘိဓမ္မာကို သူ လေ့လာသည်။ အိမ်မက်များသည် ရှည်လျားသော ပုရွက်ဆိတ်တန်းနှင့်တူပါသည်။ သူ့တွင် xanthos ဆိုသော အ၀ါရောင်ပုရွက်ဆိတ်လေးတစ်ကောင်ရှိသည်။ သဘာဝထဲတွင်မွေးထားသော ပုရွက်ဆိတ်လေးဖြစ်၍ သူ့စိတ်ထဲမှသာပိုင်ဆိုင်သည်။ ချစ်ခြင်းသည် အင်အားပြင်းငလျင်တစ်ခုဖြစ်နိုင်ပါသည်။ အဖျားခတ်ရုံမျှဖြင့်ပျက်စီးဆုံးရှုံးနိုင်သည်။ သူ့ဘ၀အတွက်တော့ အချစ်သည် ပုရွက်ဆိတ်တန်းထဲမှ နေရာတစ်ခုမျှသာဖြစ်သည်။

ချစ်နေတာကို ချစ်နေတဲ့အတိုင်းထားလိုက်နိုင်ရင် သိပ်လှပသွားမှာပဲ honey။ ကောင်းကင်မှာ လက်နေတဲ့ကြယ်လေးကို အပိုင်မလိုချင်သလိုမျိုး၊ အလှထားလိုက်နိုင်ရင်မကောင်းဘူးလား။ သူတွေးနေမိသည်။ သံသရာသည် အ၀ိုင်းပတ်ဖြစ်သောကြောင့် အဖြောင့်တိုင်းရန်ခက်ခဲနေသည်။ မြစ်များတွင် သိမ်မွေ့နူးညံ့မှုကို သူမြင်တွေ့ရသည်။ သူသည် တောင်တန်းဒေသတွင်နေထိုင်သူဖြစ်၍ သစ်ပင်များကိုချစ်သည်။ ဆောင်းနှင်းများဖုံးနေသော တောအုပ်လေးအလွန်တွင် သူ့အိမ်ရှိသည်။ မာယာ၏ အခြားသောအမည်နာမသည် သစ္စာတရားလည်းဖြစ်ကောင်းဖြစ်မည်ဟု သူတွေးနေမိသည်။ သူသည် ရိုးသားစွာလဲကျသွားသော သစ်ရွက်ခြောက် ညှာတံတစ်ခုသာဖြစ်သည်။ ဆောင်းရာသီ အပြိုအပျက်များကြားမှ လွမ်းဆွတ်ခြင်းကို ကယ်ထုတ်နေသော ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သည်။ ပျောက်ရှသွားသော ပုရွက်ဆိတ်လေးတစ်ကောင်ကို လွမ်းဆွတ်နေသော ပုထုစဉ်လူသားတစ်ဦးမျှသာဖြစ်သည်။ ထိုပုရွက်ဆိတ်လေးကို သူမက xanthos ဟုခေါ်သည်။ သူက တော့ ၀ါဝါ ဟုခေါ်သည်။ ပုရွက်ဆိတ်လေးသည် သူတို့ပိုင်ဆိုင်သော ဘာသာစကားဖြစ်သည်။ စိတ်ချင်း ချုပ်ဆိုထားသော ပဋိညာဉ်စာချုပ်ဖြစ်သည်။ ထိုမျှမက ချစ်ခြင်းကို ဆက်သွယ်ထားသော တံတားတစ်စင်းလည်းဖြစ်ကောင်းဖြစ်နိုင်သေးသည်။

ကျွန်မတို့မှားခဲ့ကြတာက အချစ်မှာ မျက်စိမရှိဘူးဆိုတာပဲသိပြီး အချစ်မှာ ရွေးချယ်ခွင့်ရှိမရှိမသိခဲ့တာပါပဲ။ သူ(မ) သည် ဆန်စေ့များချထားရင်း ပုရွက်ဆိတ်လေးများကို ကြည့်နေမိသည်။ စိတ်လိုလက်ရ အလေးအပင်သယ်ဆောင်တတ်သော သဘာဝသည် သူ့ထံတွင်လည်းရှိသည်။ လူသည် မျောက်တူ ပရိုင်းမိတ်မှ ဆင်းသက်လာသည်ဟုယူဆသော်လည်း လူသည် ပုရွက်ဆိတ်မှ ဆင်းသက်လာခြင်းမဟုတ်ဟု မည်သူမျှမပြောနိုင်ပါ။ ချစ်ခြင်း၏ ၀န်ထုပ်ဝန်ပိုးသည် လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်ဟု ပြောသွားခဲ့သော သူငယ်ချင်းလည်း လက်ထပ်သွားခဲ့ပြီ။ မနိုင်ဝန်ထမ်းနေသော ပုရွက်ဆိတ်သည် သူဖြစ်နေသည်။ လောကဓံရှစ်ပါးကို နည်းနည်းချင်းခွဲသယ်နေသော ပုရွက်ဆိတ်တစ်ကောင်အတွက် အချစ်သည် ထပ်မံ မသယ်ဆောင်သင့်သော ဒုက္ခတရားသာဖြစ်သည်။ သို့သော် သူသည် ပုရွက်ဆိတ်အဖြစ်မွေးဖွားလာခဲ့သော ပုရွက်ဆိတ် အ၀ါရောင်လေးသာဖြစ်နိုင်သည်။ သူကိုက်ချီခဲ့သော ဆန်စေ့များမှာ တပါးသူအတွက်ဖြစ်နေခဲ့သည်။

နံရံပေါ်တွင် သူမဆွဲသားသော ပန်းချီကားချပ်များရျိနေသည်။ ချစ်လှစွာသော လေပြည်ညင်းသည် သူမကို တိုက်ခတ်ပါစေ။ ၀န်းဖွဲ့ထွန်းညှိအပ်သော ဂီတသည် သူမကို လွှမ်းခြုံပါစေ။ သူ့စိတ်တွင်းမှ အကျင့်ပါနေသော ဆုတောင်းသံသည် စိတ်အတွင်းမှ မြည်သံသဲ့သဲ့ထွက်ခွာသွားသည်။ ပုရွက်ဆိတ်လေးတစ်ကောင်သည် သူ့ဘ၀ကို ရွေးချယ်ခွင့်မရခဲ့ပါ။ စနစ်အကျဆုံးတည်ဆောက်ထားသော ပုရွက်ဆိတ်အဖွဲ့အစည်းအတွင်း၊ အဆင့်ဆင့် စုစည်းနေထိုင်ခြင်းအလေ့အကျင့်များအရ သူသည် ဆင်းရဲသား ပုရွက်ဆိတ်တစ်ကောင်ဖြစ်နေခဲ့သည်။ ပုရွက်ဆိတ်များ၊ပျားများတွင် ကံကောင်းသူများက ဘုရင်မဖြစ်ပြီး ကံဆိုးသူများက အလုပ်လုပ်ကြရသည်။ အသက် ၂၁ ရှည်သော ပုရွက်ဆိတ်ဘုရင်မကြီးအတွက် သူသည် သာမန်ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။ သူသည် ပုရွက်ဆိတ်အဖွဲ့အစည်းအတွင်း အံမ၀င်သော ယောနသံ ပုရွက်ဆိတ်ဖြစ်သည်။ သူ့တွင် ယောနသံစင်ရော်ကဲ့သို့ ပျံသန်းစရာကောင်းကင်အလွတ်တစ်ခုမရှိပါ။ ၀ံပုလွေတစ်ကောင်၏ ၀ပ်ကျင်းမရှိပါ။ သူသည်ဆောင်းရာသီတစ်လျှောက် တရွတ်တိုက်သွားလာနေသော သစ်ရွက်ပေါ်လိုက်ပါရင်း ဘ၀ကိုညည်းငွေ့နေသော စိတ်ကျ ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။

တကယ်တော့ အချစ်ကိစ္စဖြစ်ဖြစ်၊ သားသတ်ရုံသွားမယ့်နွားကို ကားပေါ်မတက်လို့ အမြီးကို မီးနဲ့ရှို့ရတဲ့ကိစ္စဖြစ်ဖြစ် နည်းနည်းတော့ရက်စက်ရတာပဲ။ .....။ ထိုသို့ရေးခဲ့သော ကဗျာဆရာပေါက်စသည်လည်း ရဟန်းဘောင်သို့ကူးပြောင်းဝင်ရောက်သွားပြီဖြစ်သည်။ သူ(မ)ရှေ့တွင် လက်သည်းစလေးများကို အိမ်ဆောက်ရန်သယ်သွားသော မနိုင်မနင်းပုရွက်ဆိတ်လေးရှိပြီး၊ သူ့ကို လာရောက်နှုတ်ဆက်သော ပုရွက်ဆိတ်မလေးရှိနေသည်။ တစ်ယောက်လဲပြိုနေတဲ့အခါ တစ်ယောက်က ကူပြီးမထူမနိုင်ရင်တောင် အားပေးလို့ရသေးတယ်မဟုတ်လား။ နောက်ဆုံး စိတ်ထဲကဖြစ်ဖြစ်ပေါ့။ ခေါင်းကိုယမ်းခါပစ်လိုက်သည်။ ငှက်ပျောပင်ပေါက်လေးများသန်စွမ်းစေဖို့ ငှက်ပျောပင်မကြီးကို ခုတ်လိုက်ရတာမျိုး၊ လက်စွယ်ငုတ်နေတာကို ခွဲထုတ်လိုက်ရသလိုမျိုးပေါ့ မောင်ရယ်။ အ၀ါရောင်ရက်စက်မှုဟူသော သူ့ကဗျာကိုဖတ်ရင်း သူ(မ)တွေးနေမိသည်။

ငုဝါရောင်လောက်တော့ဖြူစင်ချင်တယ်....။

ကိုယ်ကတော့ မီးခိုးရောင်လောက်ပဲဖြူချင်တယ်ကွာ။

ထိုသို့ပြောရင်း ကျွန်တော်တို့ရယ်ခဲ့ကြသည်။ အစိမ်းရောင်လမ်းသွယ် လေးမှ အပြာရောင်ဖျော့ဖျော့ကျောက်ပြားလေးများကပ်ထားသော ထိုင်ခုံလေးတွင် တိတ်ဆိတ်စွာထိုင်နေခဲ့ကြဖူးသည်။ ပစ်ပြီးသားမြှားတစ်စင်းစီနှင့် တစ်ယောက်ဟာ တစ်ယောက်ရဲ့ပစ်မှတ်၊ တစ်ယောက်ဟာ တစ်ယောက်ရဲ့ ဒဏ်ရာ။ တစ်ယောက်ကို တစ်ယောက်က နားလည်သလိုကြည့်ရင်း တစ်ယောက်ရဲ့မျက်ရည်ကို တစ်ယောက်ကသုတ်ဖို့ လူဖြစ်လာကြသည်ဟု့ ယုံကြည်ခဲ့ကြသည်။ ချစ်ခြင်းသည် အသွားပြောင်းပြန်ဓားတစ်လက်သာဖြစ်သည်။ ရန်သူအစစ်မှာ မိမိသာဖြစ်နေတတ်သည်။

ချစ်ခြင်းသည် သူဖွင့်လှစ်ထားသော ခြံဝင်းတံခါးလေးလား။ သူ လွှင့်ပစ်ခဲ့သော ကြယ်ပုလင်းများလား။ တစ်ခုခုဖြစ်နိုင်သည်။ သူသည် ဒဏ်ရာရထားသော ပန်းပွင့်တစ်ပွင့်ဖြစ်သည်။ သူသည် တိတ်ဆိတ်ခြင်း၌ လက်ကနဲသေဆုံးလိုက်သော ဥက္ကာခဲတစ်ခုမျှသာဖြစ်သည်။ သူ(မ)စိတ်ထဲ လက်ဖ၀ါးကိုပွတ်သပ်နေသော ပုရွက်ဆိတ်တစ်ကောင်၏ ကြေကွဲမှုများကိုတွေ့နေရသည်။ ထိုအ၀ါရောင်ပုရွက်ဆိတ်လေး၏ ရင်ဘတ်ထဲတွင် သူ့လို ဒဏ်ရာတစ်ခုရှိနိုင်သည်။ ပုရွက်ဆိတ်ကလေးသည် ကော်ဖီခွက်ကိုကြည့်နေသောအကြည့်မျိုး။ ပုရွက်ဆိတ်က သကြားပုလင်းကို သိသလို honey စိတ်ကို မောင်သိတယ် ဟူသော ခပ်နောက်နောက်စကားတစ်ခွန်းကို သူ(မ)ကြားမိလိုက်သလို။ အချစ်သည်ပြောင်းရွှေ့ကြေးများသလောက် ခြေမပေါ်သော ကစားသမားတစ်ဦးနှင့်တူပါသည်။ သူ့အပေါ်မျှော်လင့်ထားသမျှ လွဲချော်ခဲ့သည်။ သူ့ဆီမှ နားလည်မှုကိုမျှော်လင့်ခဲ့သော်လည်း သူသည် အချစ်များကိုသာစုဆောင်းထားသော ပုရွက်ဆိတ်တစ်ကောင်ဖြစ်နေသည်။ ဆောင်းရာသီရောက်ရင် နှံကောင်ရောက်လာမယ်။ သူ့မှာ နားလည်မှုပါရင် honey အတွက် ကိုယ်ပြန်ဝယ်ထားလိုက်မယ်။ ထိုစကားသည် သူမအတွက် ကြာပွတ်ရာတစ်ခုဖြစ်ပါသည်။ ချစ်ခြင်းသည် လက်ရည်ညီသော လက်ဝှေ့သမားနှစ်ယောက်သာဖြစ်သည်။ သရေပွဲပင်ဖြစ်သော်လည်း ဒဏ်ရာများကတော့ မနည်းလှပါ။

အချစ်ဆိုတာဘာလဲ။ ဆုပ်ကိုင်ထားခဲ့တဲ့လက်ကလေးကို ဖွဖွလေး လွှတ်ချလိုက်ရတာမျိုးလား။ သေရာပါအောင်သိမ်မွေ့သောဒဏ်ရာတစ်ခုပါပဲမောင်။ တားရော့ဒ်ကဒ်ကို ဖြတ်ခနဲဆွဲထုတ်ပြီး ဓားကိုးလက်ကဒ်ကို နှစ်ပိုင်းဆွဲဆုတ်ရင်းတစ်ယောက်တစ်ခြမ်းသိမ်းထားလိုက်ရအောင်ဟုပြောသွားသော ပုရွက်ဆိတ်တစ်ကောင်တွင် နာကျင်နေသော ဦးမျှင်ရှိလိမ့်မည်။ unicoloniality နဲ့ supercolony ကိုပုရွက်ဆိတ်တွေပဲကောင်းကောင်းသိလိမ့်မည်။ စိတ်ခံစားချက်ဖြင့်ရှင်သန်သောဘ၀သည် သက်ဆိုးမရှည်တတ်ပါ။ ချစ်နေရသူကို ချစ်နေရခဲ့ခြင်းကိုသာ ထိုက်တန်ပစ်လိုက်သည်။ မနက်ဖြန်သည်ရက်ရာဇာဖြစ်ရန်မလိုပါ။ ချစ်သူပြုံးနေရန်သာလိုပါသည်ဟုဆိုလျှင် သင်နားလည်ပါ့မလား။ အဆုတ်တခြမ်းနဲ့အသက်ရှူရသလို လွမ်းဆွတ်မှုသည် မွန်းကြပ်လွန်းသည်။ အချစ်သည် ဆုတောင်းမပါသော ကျိန်စာသက်သက်ခမ်းနားမှုဖြစ်သည်။ ချစ်သူမျက်နှာ အဖူးရစေဟူသောစကားသံများကို သူမ မုန်းတီးနေမိသည်။

မနက်ဖြန်များကို ကြောက်ရွံ့သောရောဂါကို phobia တစ်ခု အနေဖြင့် specific phobias တွင်ထည့်သွင်း၍ ရနိုင်သည်။ ပုရွက်ဆိတ်တစ်ကောင်ပါဝင်သော မနက်ဖြန်များကိုကြောက်ရွံ့သောရောဂါတစ်ခုရနေသည်။ မှန်ကြည့်ရခြင်းကိစ္စလို ဘ၀တွင် မလိုအပ်ဘဲ လုပ်နေရသော ထုံးတမ်းစဉ်လာများ၊ ပျက်ကျပြီးသားလေယာဉ်ပေါ်တွင် နောက်ဆုံးဆိုရမည့်ဘုရားစာမှာ လိုရင်းတိုရှင်းဖြစ်နေဖို့လိုအပ်သလို လိုအပ်မှုများ သင်္ခါရဓမ္မသံ မြည်လွန်းသော နေ့တဓူဝသောကများ၊ ချစ်၍ဖြစ်သောဆင်းရဲသည် ရေမွှေးကန်ထဲနစ်နေသလိုဖြစ်သည်။ မွှေးမြသော်လည်း သေမတတ်မွန်းကြပ်နေသည်။

ချစ်သူသည် ဖြတ်သန်းသွားသော စက္ကန့်တံလေးတစ်ခုနှင့်တူပါသည်။ သူ(မ)ဘ၀ထဲတွင် ဖြတ်ခနဲရောက်ရှိခဲ့၊ဖြတ်ခနဲပျောက်ကွယ်သွားခဲ့သည်။ သို့သော် လုံလောက်သောကြာချိန်ဖြစ်သည်။ မမျှော်လင့်တတ်သူအတွက် အချိန်ကာလသည် ပြဿနာတစ်ခုမဟုတ်ပါ။ အချိန်ကာလသည် သိမ်းဆည်းထား၍မရသော ပန်းပွင့်ရနံ့များဖြစ်သည်။ တစ်သက်လုံးမွှေးမြနေသော ချိုသောရနံ့၊ ငြိမ်းချမ်းသော ရနံ့မျှသာဖြစ်ပါသည်။ မောင် စိတ်ချမ်းသာနေလိမ့်မည်။ သူ့ဘ၀ကို အလျင်အမြန်ပြောင်းလွယ်ပြင်လွယ်သော မနသီကာရများနှင့်တည်ဆောက်ထားသည့်အတွက် အိမ်မက်ပြီးဆုံးချိန်တွင် သူ နိုးထလာလိမ့်မည်။ လူအသစ်အဖြစ်၊ အစာရှာဖွေမှုထက် အရေးကြီးသည့် နေရာသို့ထွက်ခွာမည့် ပုရွက်ဆိတ်အသစ်တစ်ကောင်အဖြစ်သူအသစ်ဖြစ်နေလိမ့်မည်။ သူ့ဘ၀တွင် မလိုအပ်သည်များကို ဖဲ့ထုတ်နေကြအတိုင်း အ၀ါရောင်ပုရွက်ဆိတ်လေးတစ်ကောင်ကို သူမေ့နိုင်သွားလိမ့်မည်။

ကတ္တီပါလမ်းခွဲဖြစ်ဖြစ် ကြမ်းခက်မာကျော လမ်းခွဲဖြစ်ဖြစ်၊ လမ်းခွဲတိုင်းသည် ရက်စက်ပါသည်။ လမ်းတစ်ခုကိုသာ ရောမရောက်သည်အထိ မခွဲကြလျှင်ကောင်းမည်။ လမ်းဆုံးတွင်တွေ့ရသောမှတ်တိုင်မှာ လမ်းခွဲသို့ ကိုက်ငါးဆယ် ဟူသော ဆိုင်းဘုတ်ဖြစ်နေတတ်သော လောကတွင် ရွေးချယ်ခွင့်နည်းသော ပုရွက်ဆိတ်တစ်ကောင်အတွက် မိုးတွင်းတွင်ဖြစ်စေ၊ဆောင်းတွင်းတွင်ဖြစ်စေ ပြိုတက်သော အိမ်တစ်ခုသာရှိသည်။ပြိုတတ်သောအိမ်နှင့် ပြိုတတ်သော ခန္ဒာ ဘယ်လောက်များကွာဝေးပါသနည်း။ ချစ်တတ်၊မုန်းတတ်သော ၀ဋ်ကောင်အသစ်အဖြစ် မွေးဖွားရန် ဆန္ဒ သင့်ထံတွင်မည်မျှကျန်ပါသေးသနည်း။ အချစ်သည် စကတည်းက ပြီးပါပြီ စာတန်းထိုးထားသော ဇာတ်ကားတစ်ကားဖြစ်သည်။ ရုံဝင်ခသည် တစ်ဝက်ဆုတ်ခံလိုက်ရသော နှလုံးသားဖြစ်သည်။


အကွာအဝေးများသည်

အကွာအဝေးများသာဖြစ်သည်။

ပြန်ရောက်မလာသော သဘာဝတရားထဲမှ ပုရွက်ဆိတ်တစ်ကောက်အတွက်

သူတို့မငိုဖြစ်ခဲ့ကြပါ။


တိတ်ဆိတ်မှုသည် ရန်သူယောင်ဆောင်ထားသောမိတ်ဆွေဖြစ်သည်။

ခရီးသွားသူမဲ့လမ်း၏ ငြိမ်သက်နေခြင်းမျိုးဖြင့် ပုရွက်ဆိတ်တစ်ကောင် ခရီးဆက်နေသည်။

စိတ်သည် sterile ဖြစ်နေသာအခါ worker ပုရွက်ဆိတ်တစ်ကောင်နှင့်တူသထက်ထူလာပါသည်။ ပြန်မရနိုင်သည့်အရာများတွင် ဟေရာကလိုက်တပ်စ်နှင့် သိမ်းမထားနိုင်သည့်အနမ်းတရားပါဝင်ပါသည်။


ခရီးထွက်ခွာသွားသော အ၀ါရောင်ပုရွက်ဆိတ်လေးတစ်ကောင် သင်တွေ့မိပါသလား။

ရင်ဘတ်ထဲသို့ပြန်ငုံ့ကြည့်ပါ။

အလင်းပြန်တတ်သည့်ရင်ဘတ်ထဲတွင် ခရမ်းရောင်ပုရပိုဒ်အကွဲစများဖြင့် ပုရွက်ဆိတ်တစ်ကောင် သူယုံကြည်သော ခရီးတစ်ခုကိုလွယ်ပိုးရင်း ခရီးနှင်လျက်ပါပဲ။


ချစ်နေခြင်းကို ချစ်နေခြင်းမှာထားခဲ့လိုက်ရင် ကျွန်တော်တို့ငြိမ်းချမ်းခဲ့ကြမှာမဟုတ်လား။ ။


Zephyr, The ant lover



Peace B with U.