အဟမ်း ..အဟမ်း … တစ်ရံရောအခါ …………… ဂင်္ဂါ …….။
မူလပထမ ယူဆထားချက်များ
ဒါကဒီလိုပါ။ မြန်မာပြည်မှာ အခက်အခဲမျိုးစုံကြားထဲက ရေးရတာစာအုပ်ဆိုတာကိုမေ့ထားပြီး စာအုပ်တစ်အုပ်လို့ပဲကြည့်ပြီး စာဖတ်သူတစ်ယောက်ရဲ့ ရှုထောင့်သက်သက်ကိုပဲရေးပါတယ်။ စာအုပ်ကြော်ငြာလည်းမဟုတ်သလို၊ စာအုပ်ချီးမွမ်းခန်းဖွင့်ပွဲလည်းမဟုတ်ပါဘူး။ အချင်းချင်းလေကန်တဲ့သဘောလောက်ပါ။
ဟိုတလောဆီက မြန်မာပြည်က စာအုပ်တွေပို့တာ ဘာဖြစ်သွားမှန်းမသိဘဲ နောက်ကျကုန်တယ်။ စာအုပ်က တစ်အုပ်နှစ်အုပ်ပို့တာမျိုးမဟုတ်ဘဲ စုစုပေါင်းကိုးအုပ်ပို့လိုက်တာ လေးအုပ်ပဲ ချောချောမောမောရောက်လာတယ်။ ကျန်တဲ့ငါးအုပ်က မြန်မာပြည်မှာ ခြေထောက်တစ်ဖက်ညပ်ပြီးပဲကျန်ခဲ့သလားဘာလားမသိဖြစ်တယ်။ အတော်လေး စိတ်လေတယ်။ တခါမှမဖြစ်ဖူးတာတွေဖြစ်လို့ … ပို့တဲ့သူတွေကိုတောင် ပြန်မေးကြရတယ်။ နောက်တော့ အတော်လေးကြာမှ ရောက်လာတယ်။ ရောက်တာတောင် ၅ အုပ်၊ဖြုန်းကနဲ တပြိုင်နက်ရောက်တာမဟုတ်ဘူး။ တစ်အုပ်က အရင်ရောက်လာတယ်။ စာအုပ်က တစ်ရံရောအခါ ဂင်္ဂါ ဆိုတဲ့ ချိုတူးဇော်ရဲ့စာအုပ်။
စာအုပ်က ခပ်ပါးပါးလေး။ ကြော်ငြာတုန်းက စာသားလေးကို ကြိုက်လို့ ဖတ်ဖြစ်တယ်လို့ဆိုနိုင်တယ်။ အမြင်တူတာလည်းရှိမယ်။ မတူတာလည်းရှိမယ်။ ကိုယ့်အမြင်ကိုယ်ရေးလိုက်ပါတယ်။ လွန်တာရှိ ဝန္တာမိပဲဗျိုး။
ဘယ်သူ့ကိုပစ်ဖို့မှ ပိဿလေးလည်းမဆောင်ထားသလို၊ ဘယ်သူ့ကိုမှ လေကုန်ခံပြီး မဟုတ်တမ်းတရား ချီးမွမ်းခန်းဖွင့်လေ့လည်းမရှိပါဘူး။ ကိုမောင်စိန်ဆိုလား /common sense ဆိုလားနဲ့ပဲ ချဉ်းကပ်ပါတယ်။ အဲဒီအတွက်လည်း နောင်တမရပါဘူး။ ပညာတတ်အသိုင်းအဝန်းမှာတော့ ကိုမောင်စိန်လောက်ပြောရတာ အတော်လေးကို အောက်ပါတယ်။ စကားလုံးဝဝကြီးတွေသုံးပြီး ဝေဖန်ရအောင်လည်း အဲဒါကြီးက သိပ်ပျင်းစရာကောင်းတယ်။ စာပေဝေဖန်ရေးဆိုတာမျိုး ဘယ်တုန်းကမှမဖတ်ဘူး။ မင်းခက်ရဲ ပုံပြင်တွေကို သုံးသပ်တာ၊မောင်ချောနွယ်ကို သုံးသပ်တာတောင် တစ်လကို သုံးမျက်နှာပဲဖတ်တယ်။ ပျင်းလို့။ အဆောက်အအုံဝါဒဆိုတာနဲ့တင် အတော်လေးကို လေးနေပြီ။ ဘာနဲ့တူသလဲဆိုရင် အသက်ကိုးဆယ်အဖိုးကြီး တိုင်ကီပုံးထမ်းလာတဲ့အကြောင်း ပြောကြရအောင်ဆိုပြီးကြားလိုက်ရသလို လေးလံလာတာ။ ဒါတောင် အဆောက်အအုံဝါဒဆိုတဲ့ တစ်လုံးပဲကြားရသေးတယ်။ စိတ်ကလေးထွက်သွားတာပြောပါတယ်။ ကျန်တာတွေထည့်မပြောသေးဘူး။ အခုလည်း အဲဒီဝါဒတွေမထည့်ပဲ ရေးလိုက်ပါတယ်။
စာအုပ်ကိုမဖတ်ခင် ဖင်ပြန်ခေါင်းပြန်ကြည့်လေ့ရှိပါတယ်။ ရှားလော့ခ်ဟုမ်းကို အားကျလို့မဟုတ်ပါဘူး။ အဖုံးပန်းချီက ဗဂျီလင်းဝဏ္ဏ ဖြစ်ပါတယ်။ အဲဒီ ဗဂျီ ..နှစ်ယောက်စလုံးကို လေးစားပါတယ်။စာမျက်နှာက ၁၆၈ မျက်နှာပဲရှိပါတယ်။ ပုံမှန်အားဖြင့် သိပ်ပါးရင် မဖတ်ချင်ပါဘူး။ ဘာလို့လည်းဆိုတာလည်းအကြောင်းပြချက်ရှိပါတယ်။ မြန်မာစာအုပ်တွေမှာ အဓိက အားနည်းချက်က စာအုပ်ထူထူမထုတ်ရဲတာလို့မကြာမကြာတွေးမိပါတယ်။ တက္ကသိုလ်ဘုန်းနိုင်နောက်ပိုင်းမှာ အုပ်တွဲနဲ့ရေးတာ အတော်လေးရှားပါတယ်။ တာရာမင်းဝေက တစ်ခါရေးပါတယ်။ မင်းခိုက်စိုးစန်ကလည်း သုည လိုထူထူတစ်အုပ်ရေးပါတယ်။ ဂျူးကတော့ ဖောင့်သေးသေးနဲ့ ထူထူထုတ်ပါတယ်။ အုပ်မခွဲရဲတော့ဘူးလို့ဆိုလိုပါတယ်။ တစ်အုပ်ချင်းစီတောင်ရောင်းရခက်တဲ့အထဲဆိုပြီး ဝိုင်းများဆဲမလားတောင်စိုးရိမ်ရပါတယ်။ အဲဒါကလည်းစာအုပ်ဝယ်ဖတ်တဲ့အလေ့အထမရှိတဲ့ လူမျိုးတိုင်းကြုံတွေ့ရမယ့် အခက်အခဲဖြစ်ပါတယ်။ လူကြီးတွေထက်စာရင် ကလေးတွေကမှ တာဝန်ပိုကျေပါတယ်။ ဟယ်ရီပေါ့ထားဆိုရင် ကလေးတွေဝယ်ဖတ်ပါတယ်။ လူကြီးတွေအတွက်ရေးတာတွေထက်ထူပါတယ်။ အဲဒီအတွက် မြန်မာစာပေကို တာဝန်ကျေကျေနဲ့ ကူညီနေတဲ့ကလေးတွေကိုတောင်ပြေးပြီးကျေးဇူးတင်မိသလိုဖြစ်ပါတယ်။ အင်း ..အတော်လေးဘေးရောက်သွားတယ်နော်။ ခဏလေး၊ ပြန်တည့်လိုက်မယ်။ ၁၆၈ မျက်နှာဆိုတော့ မျက်မှောင်က စကြုတ်မိပြီ။ နောက်တော့ ယောနသံစင်ရော်လို စာကောင်းပေမွန်တွေလည်း တိုတိုလေးနဲ့ဖြစ်တာပဲလို့တွေးလိုက်တယ်။ ကဲဖတ်ပြီကွာ။ လာလေရော့ ……..ဆိုပြီး ဖတ်ပစ်လိုက်တယ်။
ဘီစီ ၂၆ဝ ဆိုတော့ ယုတ္တိကိုဘေးချိတ်ရတော့မယ်ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ ဘာလို့လည်းဆိုတော့ အဲဒီအချိန်ကငနဲတွေမြန်မာလိုပြောမှာမှမဟုတ်တာလေ။ ဟိုတစ်ခေါက်လည်း အင်္ဂလိပ်ကားတစ်ကား ကမ္ဘာဦးမှာ အင်္ဂလိပ်လိုပြောနေတာ အတော်လေးထူးခြားတယ်လို့ခံစားရတယ်။ ဒါက ကိုယ့်ရောဂါ အခံပါ။ မြန်မာနိုင်ငံမှာမို့လို့မြန်မာလိုရေးလိုက်တာကတော့ ဘာမှ အပြစ်ပြောစရာမဟုတ်ပါဘူး။ ဖတ်တယ်ခင်ဗျ။ ဆက်ဖတ်ပါတယ်။ ဘောလုံးပွဲကြေငြာသူလိုဆိုရင်တော့ ဆွဲကာဆွဲကာပြေးသလိုဖတ်ပါတယ်ခင်ဗျ။
ပထမဆယ်မျက်နှာအပြီးမှာ ရွှေသွေးထဲကအကွက်တွေရွှေ့တယ်လို့ခံစားရတယ်ခင်ဗျ။ ငယ်တုန်းက အဲဒီလို ရာဇဝင်နောက်ခံရေးတဲ့အထဲမှာ အကြိုက်ဆုံးသုံးယောက်က ချစ်ဦးညို၊ဆရာပါရဂူနဲ့ မြသန်းတင့်။ ဒတ္တဆိုတဲ့ နှစ်အုပ်တွဲစာအုပ်ကိုလည်းနည်းနည်းမှတ်မိပါတယ်။ အဲဒီလိုမျိုးတွေရေးလေ့ရှိတယ်။ အဲဒီလိုမျိုး ဖွင့်လာတဲ့အတွက် အဲဒီလူတွေကို မျှော်လင့်သလိုမျိုးစိတ်ကမျှော်လင့်နေတယ်။ အခုတော့ ဆယ်မျက်နှာလောက်မှာ ကဲကွာ ပြည်သူထဲမှာ သွားပြီးစနည်းနာမယ်ဆိုတာ …အတော်လေးကို ဇာတ်လမ်းဆန်တာပဲ။ ချက်ချင်းကြီးဆန်တာကိုပြောတာပါ။ ဘာနဲ့တူသလဲဆိုရင် စိုးမြတ်သူဇာစာအုပ်စရေးတော့ လေယာဉ်ကွင်းကိုဖွဲ့ထည့်လိုက်တာ တစ်ကြောင်းတည်း ဖြစ်နေတာမျိုး။ အော် ရုပ်ရှင်ဆိုရင်တော့ ဒါက ဖြေသာတယ်။ မြင်ရတာကိုး။အခုက ဝတ္ထုဖတ်နေတာဆိုတော့ ၁ဝမျက်နှာမှာ စနည်းစနာရတာ မြန်လွန်းတယ်ထင်တယ်။ နိုင်ငံခြားက မလိုအပ်ပဲပေရှည်နေတာတွေကို ကြိုက်မိတာလည်းပါမယ်ထင်တယ်။ အခန်းကလေးမှောင်နေတာကို သုံးမျက်နှာလောက်ဖွဲ့တာမျိုး။ သော့ကို ချလွင်ခနဲမြည်တာလေးကို တသသဖွဲ့နေတာကိုသဘောကျတာမျိုးတွေကြောင့်ဖြစ်မယ်။ မြန်မာစာအုပ်တွေထဲမှာ ကဗျာကလွဲရင် ကျန်တာမဖတ်တာကြာလို့လည်းဖြစ်နိုင်တယ်။ အခုလည်း မြန်မာပြည်မှာ အနှစ်ချုပ်လိုများရေးနေရပြီလားလို့တွေးမိတာပါ။ အင်း …ဒီလိုရေးမှဖြစ်တာလားဟင် ….ဆိုပြီးတောင် ခံစားလိုက်ရပါတယ်။ အရှည်ကြီးရေးရင်မဖတ်ကြဘူးလားလို့လည်းတွေးမိပါတယ်။ သိပ်အများကြီးရေးလိုက်ရင် အန္တရာယ်အငွေ့အသက်ရှိလာနိုင်လို့လည်းဖြစ်နိုင်တယ်။
အခုလည်း ဒဿနအရ ဘုရင်က စစ်ပွဲရဲ့ဆိုးကျိုးတွေကို ဝေဖန်သုံးသပ်ပြီး အီရတ်မှာ တပ်တွေထားတာအကျိုးမဲ့တယ်လို့ အမေရိကန်နိုင်ငံသားတွေထင်သလိုမျိုး ဘီစီ ၂၆ဝ မှာထင်တာပါ။ စကားစပ်လို့ပြောရရင်တော့ သူနဲ့တိုက်တဲ့ အာသောကဟာ ကျွန်တော်တို့လေးစားရတဲ့ သာသနာကိုချီးမြှောက်တယ်ဆိုတဲ့ဘုရင်ကြီးပါပဲ။ အမှန်က ဝတ္ထုမစခင် လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းက ဘုရင်ကြီးဟာ သာသနာကိုချီးမြှောက်ဖို့ဆုံးဖြတ်ပြီးပါပြီ။ အာသောက က ဘီစီ၂၆၄-၂၆၅ လောက်မှာ Kalinga နဲ့စစ်ဖြစ်ပြီး သံဝေဂ အကြီးအကျယ်ရပြီး ဘာသာရေးဘက်ကို လိုင်းပြောင်းသွားတာပါ။ သူ့ခမျာဝတ္ထုထဲမှာတော့ သာသနာရေးမလုပ်ရရှာသေးပါဘူး။ စစ်တိုက်နေတုန်းရှိပါသေးတယ်။နောက်တစ်ချက်က အဲဒီအချိန်လောက်မှာ အာသောကက အင်မတန်စစ်အင်အားကောင်းနေပြီဆိုတာပါပဲ။ သိပ်စစ်အင်အားကောင်းလာရင် စစ်မတိုက်တော့ပါဘူး။ ရထားတစ်စီးလွှတ်လိုက်ရုံပါပဲ။ သစ္စာမခံရင် အဲဒီပြည်ကို ကြေမွအောင်ချေပါတယ်။ အဲဒါက အဲဒီခေတ်က ထုံးစံပါ။ အခုတော့…. အားနာပါတယ် ဘုရင်ကြီး….။ ဗီလိန်ဖြစ်သွားတယ်။ ဘွာတေးနော်။ ဘီစီဆိုတာကတော့ ပြောင်းပြန်ကြီးတွေရေတွက်နေလို့ထင်ပါတယ်။ ခရစ်တော်မပေါ်မီ ၂၆၄ ဆိုတာ ဘာနဲ့တူလည်းဆိုရင် -264 နဲ့တူပါတယ်။ -260 ဟာ -264 ထက် လေးနှစ်နောက်ကျပါတယ်။ ကျွန်တော်အမှတ်မှားတာလည်းဖြစ်နိုင်ပါတယ်ဗျို့ ….။
နောက်တစ်ခုပြောချင်တာကတော့ ဘုရင်ပြောတဲ့ထဲမှာ ‘အရမ်း’ ဆိုတဲ့ very ကိုညွှန်းတာတွေပါတာပါ။ ဆိုလိုတာကတော့ ခေတ်ပေါ်အသုံးအနှုန်းတွေတယ်ပြောတာပဲလို့ဆိုချင်တာပါ။ ဘုရင်ကြီးကြည့်ရတာ မော်ဒန်ဘုရင်ကြီးလို့ပဲခံစားရတယ်။ တစ်နည်းအားဖြင့် သမိုင်းအငွေ့အသက်ပျောက်ပျောက်သွားတယ်။
စာရေးသူရဲ့စေတနာနဲ့ ဒဿနကိုတော့ နှစ်ခြိုက်မိတာအမှန်ပဲ။ စစ်ပွဲကင်းမဲ့ကမ္ဘာဆိုတာလေးက အင်မတန်မှ ကဗျာဆန်တယ်။ သိပ်လည်းငြိမ်းချမ်းတဲ့အယူအဆဖြစ်တယ်။ ဒါကို ဘာမှ ဝေဖန်စရာအကြောင်းမရှိဘူး။ အဲဒီသဘောတရားကို အဓိကပြတဲ့နေရာမှာတော့ ရည်ရွယ်ချက်အောင်မြင်တယ်လို့ဆိုနိုင်တယ်။ အဲဒါလေးက ဇာတ်လမ်းရဲ့ အနှစ်အသားလည်းဖြစ်တယ်။ ကျန်တာတွေက သူ ဒါပြောချင်လို့ဆင်ထားသလိုဖြစ်နေတာတော့ရှိတယ်။
အာသောကအကြောင်းပြောရင် ပေရှည်မှာစိုးလို့စာရေးသူကများများမပြောဘူး။ နည်းနည်းပဲ နှစ်ခါပြောတယ်။ အမှန်က သူ့သမိုင်းကလည်းသိပ်စိတ်ဝင်စားစရာကောင်းတယ်။ Chandragupta ဆိုတာ ပါပလာကြော်ရောင်းတဲ့ ကုလားကြီးမဟုတ်ပါဘူး။ အာသောကရဲ့အဘိုးဖြစ်ပါတယ်။ သူကလည်း ခြေအငြိမ်မနေနိုင်လက်အငြိမ်မနေနိုင် စစ်တိုက်ချင်တာက စတာပါ။ သူက အရင်က မာဂဓဆိုတဲ့ ဒေသလေးမှာနေတာပါ။ အဲဒီမာဂဓဟာ နောက်ပိုင်းမှာ ဘီဟာ ဖြစ်လာပါတယ်။ သူတို့တွေ ချဲ့ထွင်လိုက်တာ ဘီဟာနယ်လေးကနေ အိန္ဒိယကြီးကျယ်ပြန့်သွားတာ ပါကစ္စတန်တွေဘာတွေတောင်ပါကုန်တယ်။ မြေးလက်ထက်မှာ အမှန်တော့ သိမ်းစရာတောင် ခပ်နည်းနည်းကျန်တာပါ။ အခုဝတ္ထုမှာသာ 300 ကားထဲကလို အာသောကကို စစ်တစ်ကြိမ်နိုင်လိုက်တာပါ။
ပြောချင်တာတွေဆက်ပြောရရင် အခုဇာတ်လမ်းမှာ ဘုရင်က စန္ဒသူရိယ အမတ်ကြီးနဲ့ ငယ်သူငယ်ချင်းတွေဖြစ်တယ်။ အဲဒီဘုရင်နဲ့ သူ့ဘော်ကယ် သူရိယအကြောင်းကို ဖွဲ့ပစ်တာ နှစ်ပိုဒ်တိတိ …ဟောသလို။
ဘုရင်မင်းမြတ်သည် စန္ဒသူရိယစကားကြောင့် စိတ်မကောင်းဖြစ်သွားရလေသည်။ အမှန်စင်စစ်တော့ စန္ဒသူရိယသည် ဂင်္ဂါမာလနိုင်ငံသားမဟုတ်၊တိုင်းတစ်ပါးသားသာဖြစ်သည်။ စစ်ပွဲတစ်ခုအပြီး အတိဒုက္ခရောက်ကာလွင့်ပါးလာသော မိမဲ့ဖမဲ့ ကလေးငယ်တစ်ဦးသာဖြစ်သည်။
စန္ဒသူရိယသည် ဂင်္ဂါမာလနေပြည်တော်၏ လမ်းတစ်နေရာမှာ ဆာလောင်မွတ်သိပ်မှုများဖြင့် နာမကျန်းဖြစ်ကာ လဲကျနေသည်ကို ကုမာရမင်းသားလေးက ရံရွေတော်များဖြင့်ကြွမြန်းရင်းတွေ့ကာကယ်တင်ခဲ့ခြင်းဖြစ်သည်။ စန္ဒသူရိယသည် ထိုအချိန်ကတည်းက ကုမာရကို ခစားခဲ့သည်။ ဆရာအဆူဆူဆီမှာ အတူတကွပညာသင်ကြားခဲ့သည်။ အတူဆော့ကစားခဲ့သည်။
ဒါကတော့ ဒါရိုက်တာမို့လို့ ဇာတ်ညွှန်းထဲမှာ အတိုချုပ်ပြောသလို လုပ်လိုက်သလားတောင်ထင်ပါတယ်။ သံခိပ်ရေးသလိုလိုခံစားရပါတယ်။
နန္ဒဝံသဆိုရင်လည်း စစ်ပွဲမှာလက်ပြတ်သွားတာ၊ စစ်ပွဲပြီးနောက်တစ်နေ့မှာ အရက်ဆိုင်ရောက်နေတယ်။ ကိုယ်သာ ဆရာဝန်ဆို နားရွက်ဆွဲပြီး ဆေးရုံပြန်ခေါ်လာမိမလားမသိဘူး။ ဟူးးးးး။
စာမျက်နှာ ၂၃ မှာတော့ နန္ဒဝံသက အင်္ဂလိပ်စာအခြေခံကိုပြပါတယ်။ မင်္ဂလာညချမ်းပါ မိတ်ဆွေတို့ဆိုလား။ Good Night dudes ဆိုလားပြောတယ်။ သောက်လိုက်ကြပါဦးစို့ကွယ်ရို့….။
အထက်ပါအကြောင်းအရာတွေကတော့ အပျင်းပြေလျှောက်ရေးတာဖြစ်ပါတယ်။ အခုအချိန်ကစပြီး ကောင်းခန်းတွေကိုကြေငြာပါတော့မယ်။( ကိုယ့်ဆန်ပြုတ်ကိုယ်သောက်ပြီး မျက်မုန်းအကျိုးမခံနိုင်ပါဘူး။ )ကောင်းတာတွေအများကြီးပါပါတယ်။
အထူးသဖြင့် ဘုရင်တစ်ပါးဟာ လုပ်ရခက်တဲ့အနေအထားကနေ တိုင်းသူပြည်သားတွေအတွက်ကြည့်တာမျိုးပါ။ ဘုန်းတော်ကြီး၊ထင်ရှားကျော်ကြား .. မကြာသေးမီက ပေါ်စားခံလိုက်ရတဲ့ ပြည့်ရှင်မင်းကြီးတို့လို မဟာကရုဏာမျိုးနဲ့တော့ နည်းနည်းကွာပါတယ်။ ဘုရင်ဆိုတာဘာလဲ။ အဲဒါကို အတည့်အတိုင်းမြင်တဲ့ ဘုရင်တစ်ယောက်။ သူ့ကိုမြင်ရတာ ဇင်ပုံပြင်လေးတစ်ခုကို ပြန်တွေးဖြစ်တယ်။
အဲဒီဆရာတော်ကြီးတစ်ပါးပဲဆိုကြပါစို့။ နေမကောင်းဖြစ်တယ်။ ပျံလွန်တော်မူခါနီးလောက်ကိုဖြစ်နေပြီ။ အနယ်နယ်အရပ်ရပ်က တပည့်တွေကြွတယ်။ ဆရာတော်ကြီးရဲ့နောက်ဆုံးသြဝါဒကို ခံယူဖို့။ တပည့်တစ်ယောက်ကတော့ ကျောင်းမှာနေရာကနေ အပြင်လျှောက်သွားနေလို့ ကျန်တဲ့သူတွေက ဆရာတော်ကြီးပျံတာမမီဘဲနေမယ်ဆိုပြီးလိုက်ရှာကြတယ်။တွေ့တော့ ဘာလုပ်နေတာလဲမေးတယ်။ အဲဒီတစ်ယောက်က ဆရာတော်ကြီးကြိုက်တဲ့ကိတ်မုန့်ရှာဝယ်နေတာလို့ဖြေတယ်။ ရှာမရသေးဘူး။ရမှပြန်လာမယ်ဆိုပြီးပြောတယ်။ လိုက်ခေါ်တဲ့သူတွေက ဒီတစ်ယောက်တော့ လွတ်ေ ချာင်နေပါပြီဆိုပြီးမခေါ်ဘဲပြန်သွားတယ်။ နေ့လည်ရောက်တော့ အဲဒီကိတ်မုန့်ဝယ်တဲ့ရဟန်းပြန်ကြွလာတယ်။ ဆရာတော်ကြီးက မပျံလွန်သေးဘူး။သူက ဝယ်လာတဲ့ကိတ်မုန့်ကိုကပ်တယ်။ ဆရာတော်ကြီးက ဘုန်းပေးသုံးဆောင်တယ်။ အဲဒီအချိန်မှာတပည့်တွေကမေးတယ်။ တပည့်တော်တို့အတွက် မှတ်သားစရာစကားတစ်ခွန်းနောက်ဆုံးချီးမြှင့်ပါဦးဘုရား ဆိုပြီးမေးလျှောက်တယ်။ အဲဒီတော့ ဆရာတော်ကြီးကပြောတယ်။ “အိမ်း …ကိတ်မုန့်ကောင်းတယ်။” တဲ့။
ဒါကိုဟာသလို့ထင်နေမှာစိုးလို့ ဇင်မှာ ပစ္စုပ္ပန်တည့်တာကိုနည်းနည်းထပ်ပြောလိုက်တယ်။ လက်ရှိအချိန်မှာ ဖြစ်နေတာကို အတည့်အတိုင်းမြင်ဖို့က ကိတ်မုန့်ကောင်းတယ်လို့ ကိတ်မုန့်စားနေတဲ့အချိန်မှာသိရင်တော်ပြီဆိုတာကိုဆရာတော်ကြီးက နောက်ဆုံးမိန့်ခဲ့တာပါ။ အခုဘုရင်ကြီးက အဲဒီလို မြင်တယ်။ ဟိုငနဲကြီးလို (အင်းလေ အခုတော့လည်းမရှိရှာတော့ပါဘူး။)အမေရိကန်တွေကျူးကျော်လာရင် ဘာလုပ်မယ်ညာလုပ်မယ်မတွေးဘူး။ ကိုယ့်ဘာသာကိုယ် စစ်မဖြစ်ဘဲနေနိုင်အောင်ကြိုးစားပြီး လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ပြောတယ်။ သူ့ဂုဏ်သိက္ခာအတွက်၊ တန်ဖိုးမရှိတဲ့မြေအတွက် အဖိုးတန် လူသားတွေ မရင်းနိုင်ဘူးဆိုတာမျိုးစဉ်းစားတယ်။
စာရေးသူက ဘာကိုပြောချင်တာလည်းဆိုတာကို ကျွန်တော်ကစဉ်းစားတယ်။ သူက လူ့အဖွဲ့အစည်းရဲ့အကြပ်အတည်းကိုပြချင်တာလား၊စစ်ရဲ့ ဆိုးညစ်ယုတ်မာမှုကိုပြချင်တာလား၊ဘုရင်ရဲ့သဘောထားကြီးမှု၊ပညာကြီးတာကိုပြချင်တာလား။ ကျွန်တော်ထင်တာတော့ ဒါတွေကိုပြချင်တာမဟုတ်ဘူး။ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းကိုသွားဖို့ခြေလှမ်းလေးတစ်ခုအကြောင်းပြောတယ်လို့မြင်တယ်။ (ဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်။ )
ဝတ္ထုတစ်ပုဒ်အနေနဲ့စေတနာအကြောင်းခံကောင်းတယ်လို့ဆိုနိုင်တယ်။ (ကမူးဆိုရင်ေ-ာက်သုံးမကျတဲ့ဇာတ်ကောင်တွေပဲရေးတတ်တယ်လို့ခံစားရတယ်။ ) နေရာတကာ ကျွန်တော့်လို အူကြောင်ကြောင်တွေ လိုက်မတွေးပဲ အစဉ်အတိုင်းကြီးထွားလာတဲ့ပညာဉာဏ်မျိုးနဲ့ဖတ်မယ်ဆိုရင် အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်နိုင်ပါတယ်။
ဟိုတလောက ဒေးကားအကြောင်းဖတ်တော့ သူက တစ်နေ့ကို ၁၂ နာရီလောက် အိပ်ရာထဲလဲနေတတ်မှန်းသိရတာနဲ့ အတော်လေးအံ့သြပါတယ်။ ဟော်လန်မှာသွားနေပြီး အိပ်လိုက်စားလိုက်နဲ့ ကျမ်းတွေရေးသွားတာ အတ်ာအံ့သြစရာကောင်းပါတယ်။ သူတို့များဒဿနတစ်ခုကို နားမလည်မှာစိုးလို့ စာအုပ်ကြီးအထူကြီးတွေလျှောက်လျှောက်ရေးပါတယ်။ အဲဒီလို စာအုပ်အထူကြီးထဲမှာ ရှင်းတာနဲ့ အခုလို ဝတ္ထုထဲမှာပါတဲ့ ဒဿနတွေဟာ မူလရင်းမြစ်အားဖြင့် တူတယ်လို့ဆိုနိုင်ပါတယ်။ အသေးစိတ်အချက်အလက်အားဖြင့်၊ ဥပမာ၊ ဥပမေယျအားဖြင့်ကွာသွားတာပဲရှိနိုင်ပါတယ်။
ဝတ္ထုထဲမှာ ဘုရင်ကြည့်ရတာ အနားက သူ့ကိုအယုံဆုံးနှစ်ယောက်ကို နည်းနည်းပိုပြီးလက်ချာရိုက်ဖို့လိုသွားတယ်လို့ထင်တယ်။ အမှန်ဆို အယုံဆုံးနှစ်ယောက်က သူ့သဘောတရားကို ငုံမိမယ်ဆိုရင် (အနည်းဆုံးတော့) ရှင်သန်ခြင်းဟာ တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာကို ပြနိုင်တာပေါ့။ အေဗရာဟမ်လင်ကွန်းက တစ်ခါတုန်းက စစ်သတင်းရိုက်ရတဲ့တပ်သားက သူ့ကိုရှေ့တန်းပို့ပါဆိုတာကို ပြောတယ်ဆိုလား အဲဒါကို (တကယ်ပြောမပြောတော့မသေချာဘူး၊တခါတလေလည်း သမ္မတမို့လို့မြှောက်ရေးတာကြီးဖတ်မိတာဖြစ်နိုင်တယ်။) နည်းနည်းပြန်ပြောချင်တယ်။ မင်း ကတိုင်းပြည်အတွက် သေချင်တယ်မဟုတ်လား။ တိုင်းပြည်အတွက် အသေခံတဲ့လူတွေလိုသလို တိုင်းပြည်အတွက် ရှင်ချင်တဲ့လူတွေလည်း လိုတယ်တဲ့။ စဉ်းစားကြည့်တော့ အားလုံးသေချင်နေရင် တိုင်းပြည်အတွက် ဘယ်သူက ဆက်လုပ်မှာလဲ။ အသေမခံရဲလို့မခံတာထက်၊ အသေခံရဲသလို ရှင်သန်ရဲတဲ့သတ္တိမျိုးကိုပဲ အခုအချိန်မှာ ပိုတန်ဖိုးထားမိတာလည်းပါပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုချိုတူးဇော်ကို လေးစားပါတယ်။ ဘယ်သူမှမရေးတာကို ရေးတာနဲ့တင်ကျေးဇူးတင်ပါတယ်။စာအုပ်ကိုဝယ်ဖတ်လေ့မရှိတဲ့ မြန်မာ့အသိုင်းအဝိုင်းမှာ (ဒါကိုအထူးပြုပြီးမည်းထားပါတယ်။) စာရေးဆရာဖြစ်နေတာ အတ်ာကြီးကို သုံးလေးထပ်ကွမ်းဒုလ္လဘပါပဲ။ အလင်းသစ်ကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့လည်းမကြောက်မလန့်ထုတ်ရဲတာကလည်းသတ္တိပါပဲ။ အုပ်ရေ ၁ဝဝဝ စာသတ္တိကောင်းလည်း သတ္တိပါပဲ။ အခုလို မြန်မာစာပေခေတ်ဆိုးအခါဆိုးကြီးမှာ… စာအုပ်တွေ ထုတ်နေ၊ရေးနေတဲ့သူတွေကလည်း ဇာတ်လမ်းထဲက သူရဲကောင်းတွေထက် ရဲရင့်ပုံပိုရပါတယ်။
ရေးချင်တာတွေလျှောက်ရေးပြီး အမေ့ကိုကျေးဇူးတင်လိုက်ရင် သား၊သမီးမကောင်းမိဘခေါင်းများဖြစ်သွားမလားအမေ။ …ဟဲဟဲ ..အမေ့ကိုကျေးဇူးတင်ပါတယ်။ စာအုပ်ကိုပို့ပေးလိုက်တဲ့အတွက်နဲ့ အနှိုင်းမဲ့မိဘမေတ္တာအတွက်ပါ။ ….
ပျော်ပျော်ရွှင်ရွှင်ရေးလိုက်ပါတယ်။
မဖတ်ရသေးတဲ့သူတွေဝယ်ဖတ်နိုင်လို့အဆင်ပြေရင်ဝယ်ဖတ်လို့ရအောင်ဆက်ပြီးညွှန်းပါတယ်။ (ကိုယ့်အညွှန်းမဖတ်ဘဲဖတ်တာက ပိုကောင်းမယ်လို့လည်း ကိုယ့်ညီ xanthos က ခနဲ့ပါတယ်။)
နောက်အခါများမှာပိုပြီးပြည့်စုံကောင်းမွန်တဲ့ မြန်မာစာအုပ်တွေဖတ်ချင်ပါသေးတယ်။ ရေးထားတဲ့အထဲမှာ လိုရင်းကိုသိပ်မရေးတာက ဖတ်ကြည့်ရင် feel အောက်တယ်ပြောမှာစိုးလို့ပါ။ ကိုယ့်ဘာသာဖတ်ကြည့်ပါ။ ရသအနေနဲ့ ဘာမှ ပြဿနာမရှိပါဘူး။ ဒီဒဿနကို ဘယ်သူတွေ ဘယ်လိုဆက်ချဲ့ကြသလဲဆိုတာလေးလည်း အားရင်တွေးကြည့်ဖို့ကောင်းပါတယ်။ အိုဘာမားတို့ရဲ့ soft power အယူအဆကလည်း ငြိမ်းချမ်းရေးကို မြှော်မြင်တဲ့အယူအဆမျိုးပါပဲ။ ဖြစ်ချင်တော့ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေများလာပြီး အမေရိကားဟာ စစ်ရေးအရ ဘာမှမလုပ်နိုင်တဲ့နိုင်ငံလို့ မြောက်ကိုရီးယားလိုနိုင်ငံမျိုးက အဓိပ္ပာယ်ဖွင့်တာခံလိုက်ရပါတယ်။
သီရိသကျမင်းနဲ့အတူထွက်ခွာသွားတဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ခြေလှမ်းလေးတွေဟာ ၂ဝ၁၁ မှာကမ္ဘာမြေထဲပြန်လည်ခြေမချလာသေးတာကတော့ ကျွန်တော်တို့ရဲ့ နုံချာတဲ့ကံအကျိုးပေးလို့ပဲဆိုရပါမယ်။ ဘာပဲဖြစ်ဖြစ် ရသစာပေရဲ့ ဖြတ်ခနဲလက်တဲ့ အခိုက်အတန့်လေးတွေကိုဖမ်းဆုပ်ကြည့်ချင်ရင် …..တစ်ရံရောအခါ ဂင်္ဂါကိုလည်း မမေ့စေချင်ဘူး။ ။
Notes:
အမှန်တရားကိုတန်ဖိုးထားတဲ့အသိုင်းအဝန်းမှာပဲ အသက်တွေကြီးသွားချင်တယ်။ လူတွေရဲ့ငြိမ်းချမ်းမှုဟာ တန်ဖိုးအကြီးဆုံးပဲဆိုတာကို ကမ္ဘာတစ်ဝှမ်းက လက်နက်ကိုင်ထားတဲ့၊ နှလုံးသားမာကျောယောင်ဆောင်နေကြတဲ့ လူတစ်စုသိစေချင်တယ်။ ဒီစာအုပ်မှာ အဲဒီmessage အပြည့်အဝပါပါတယ်။
မြန်မာပြည်ကနေ စာအုပ် မှာပြီးဖတ်တာဟာ စင်ကာပူရောက် လူလတ်တန်းစားများရဲ့ နောက်ဆုံးပေါ် အပန်းဖြေနည်းတစ်ရပ်ဖြစ်နေတာ နှစ်နှစ်လောက်ကြာပြီဆိုလားကြားရပါတယ်။ မြန်မာငွေ ၁၅ဝဝ ကျပ် စင်ကာပူငွေ ၂ ကျပ်ခွဲခန့် စာအုပ်တစ်အုပ်လောက်များ မှာပြီးဖတ်ကြည့်ပြီး စင်ကာပူ စာပို့လုပ်ငန်းရဲ့ သဘောထားပြည့်ဝမှု၊ ချောမွေ့အဆင်ပြေမှုကို အကဲခတ်ကြည့်ကြရင် မကောင်းပေဘူးလား။ ဘာလို့ဖတ်သင့်တာလဲဆိုတာကိုတော့ ဖတ်ပြီးတဲ့အခါ သင်သိပါလိမ့်မယ်။
>>ကိုရွာသားရေ သုညတွေကို လဲလှယ်လိုက်ပါပြီ။
Peace B with U.