Monday, March 15, 2010

ဟာသ နှင့် ဆန့်ထွက်တွေးခြင်း (၂)

အခုတလော အတော်လေးအားနေတာနဲ့ Englishစာ လေ့လာနေပါတယ်။ ESL podcast တွေဖြစ်ပါတယ်။ ရုံးက Divinity ဆိုတဲ့သူ ပေးတဲ့ အကြံအတိုင်း အလကားရတဲ့ သင်ခန်းစာတွေကို itunes ကနေ download လုပ်ပြီးနားထောင်နေပါတယ်။ အင်္ဂလိပ်စာက အခြေခံရော၊ အဆင်မြင့်ရော အလယ်အလတ်ပါ သုံးမျိုးစလုံးအားနည်းပါတယ်။ ဘ၀တူတွေရှိရင်လည်း ကြီးမှ လက်ပေးသင်တယ်ပဲပြောပြော ... ဦးကျည်ပွေ့ ဘွန်ဇိုင်းစိုက်တယ်ပြောပြော ...လေ့လာကြဖို့ တိုက်တွန်းပါတယ်။ Websites ရဲ့ http://www.eslpod.com/eslpod_blog/listen-with-itunes/ ကနေ itunes မှာဘယ်လို သုံးလို့ရတယ်ဆိုတာလေးဖတ်ပြီး လုပ်ကြည့်လို့ရပါတယ်။

တစ်နေ့တစ်နေ့ ပျင်းပျင်းရှိတာနဲ့ စာထိုင်ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းပိုပျင်းလာတာကို မခံစားနိုင်လို့ ပျော်စရာကောင်းတာလေးတွေပဲရှာဖတ်ပါတယ်။ EI (Ecological Intelligence) ရှေ့ဆုံး chapter တစ်ခန်းဖတ်တုန်းကတော့ အိပ်ပျော်မလိုဖြစ်သွားပါတယ်။ စာရေးသူက သူ့မြေးလေးအတွက ဒေါ်လာ ၉၉ ပြားတန် ကားလေးဝယ်လာပြီး လေ့လာကြည့်တော့ ခဲတွေပါနေလို့ ကလေးတွေ ပါးစပ်ထဲထည့်မိရင် မသင့်တော်ဘူးဆိုတာက အစ .. ကျွန်တော်တို့ ၀ယ်ယူရောင်းချနေတဲ့ပစ္စည်းတွေက ပစ္စည်းစိမ်းကြီးတွေ (Green products ကို ခပ်ကြမ်းကြမ်းဘာသာပြန်ပစ်လိုက်ခြင်းဖြစ်သည်။) ဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ပြောပြတာပါ။ ပတ်ဝန်းကျင်ကို ထိခိုက်တာတွေ မလုပ်ဖို့ အားလုံးက သိနားလည်ရင် ပိုပျော်စရာကမ္ဘာကြီးဖြစ်လာမယ်လို့ပြောတာပါ။ တော်တော်ကြီးကို ကလေးချစ်တဲ့ အဘိုးတစ်ယောက်ဖြစ်မယ်ထင်ပါတယ်။ ...လူကြီးတွေအနေနဲ့ ဒီလိုစာမျိုးရေးပေးတာကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်တော်တို့တွေဟာ ရသမျှဟာတွေက အလကားရနေလို့ တာဝန်ယူချင်စိတ်နည်းသွားတယ်ထင်ပါတယ်။ တစ်ခါတစ်လေ ဒီကမ္ဘာကြီးဟာ နောက်ထပ် ကလေးတွေအများကြီး ဆက်လက်နေထိုင်သွားရမယ့် အိမ်အိုကြီးဆိုတာကိုမေ့မေ့နေပါတယ်။ တဖြည်းဖြည်း ပိုပိုပြီး ပျက်စီးလာတဲ့ အိမ်ကြီးကို ထပ်ပြီး မသိမသာ ဖျက်ဆီးမိတာမျိုးမဖြစ်အောင် အားလုံးမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိဥာဏ်ပိုမြင့်လာဖို့လိုပါမယ်။ မဟုတ်ရင် ခပ်တုံးတုံးကဗျာဆရာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သေးဖွဲတဲ့ကိစ္စလိုထည့်ရေးတာမျိုးတွေ အော့အန်ဖွယ်ရာတွေ့နေရပါဦးမယ်။

ငယ်တုန်းကဖတ်ဖူးတဲ့ဟာသလေးတစ်ခုရှိပါတယ်။
ပြန်ပြီးပြောပြချင်ပါတယ်။

လူနာ ။ ။ ဆရာ ... ကျွန်မ ကော်ဖီသောက်တိုင်း မျက်လုံးအောင့်တယ်။
ဆရာဝန်။ ။ ဇွန်းကို ဖယ်ပြီးသောက်ပါ။

.... ဟာသက တိုတိုလေးပဲ ...။ ဒါပေမယ့် အရှည်ကြီးတွေးမိတယ်။ ဇွန်းမဖယ်ဘဲသောက်ခဲ့တဲ့ကော်ဖီခွက်တွေနဲ့ တူတဲ့ တခြားအရာတွေ။ ... အဲဒီတုန်းက ဒီဟာသကို တစ်သက်လုံးမှတ်မိနေမယ်လို့မသိခဲ့သေးဘူး။ ဒါပေမယ့် ဒီဟာသရဲ့လွှမ်းမှိုးမှုက တော်တော်လေးရှိခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်လည်း ဒီဟာသကို အရမ်းကြိုက်ပါတယ်။ သူ စိတ်ညစ်စရာမဟုတ်တာကိုစိတ်ညစ်နေတဲ့အခါတိုင်းမှာ "ဇွန်းဖယ်လိုက်ပါ" လို့ပြောပြီး သတိပေးလေ့ရှိပါတယ်။ .... ဒီဟာသလေးဟာ တကယ်ပဲ အသုံးဝင်ခဲ့ပါတယ်။ ... ဒီနေ့လည်း ဟာသလေးတစ်ပုဒ်ဖတ်လိုက်ရပါတယ်။

ကုန်စုံဆိုင်ဖွင့်ဖူးတဲ့ ဆရာဝန်ကြီးတစ်ယောက်ဟာ အံ့မခန်းကုသမှုတွေကြောင့် နာမည်ကြီးနေတယ်။
အဘွားအိုတစ်ယောက် တောင်ဝှေးကို ကိုင်ပြီး တုန်ချိတုန်ချိနဲ့ ကုသခန်းထဲဝင်သွားတယ်။ မကြာဘူး မတ်မတ်ကြီး ပြန်လျှောက်ပြီးထွက်လာတယ်။ ကုသခံဖို့ထိုင်စောင့်နေတဲ့သူတွေက ၀ိုင်းမေးတယ်။
ဆရာကြီးက အဘွားကိုဘယ်လိုကုပေးလိုက်တာလဲ ။
"အော် တောင်ဝှေးပိုရှည်တာ လဲပေးလိုက်တယ်လေ"

အဲဒါလေးဖတ်ပြီး တော်တော်သဘောကျနေပါတယ်။ တစ်ခါတစ်ခါ ထင်ထားတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက ကိုယ့်ရဲ့ တောင်ဝှေးအပုလေးပဲ။ အဲဒီ တောင်ဝှေးအပုလေးကြောင့် ခါးကိုင်းနေတာမျိုးဖြစ်နေတတ်တယ်။ စိတ်ထဲမှာ ကိုင်ထားတဲ့ တန်ဖိုးထားမှုတွေဟာ အဘွားအိုကိုင်ထားခဲ့တဲ့ တောင်ဝှေးပုလေးတွေဖြစ်နေတတ်တယ်။ ကိုယ့်ဒုက္ခကိုယ်ရှာထားသလိုမျိုး တန်ဖိုးထားမှု အလွဲတွေကြောင့် ကိုယ်ပဲပင်ပန်းတယ်။

ဒီနေ့ရော သင်စိတ်ချမ်းသာရဲ့လား။ တောင်ဝှေး ပိုရှည်တာလဲကြည့်ပါလား။

ခင်မင်စွာဖြင့်
Zephyr

Wish for you ...
ဒီနေ့ပျော်အောင်နေနိုင်ပါစေ ....။





Peace B with U.