လူတစ်ယောက်စီမှာ အကြိုက်တစ်မျိုးမက ရှိနိုင်ပါတယ် ...။ အကြိုက်မတူတာတွေလည်းရှိပါတယ် ....။ အခုရေးမှာက ကဗျာခံစားမှုပါ ...။ ကဗျာတွေကိုမခံစားခင်လေနည်းနည်းရှည်မလို့ပါ ...။ စာရေးဆရာတိုင်းက ကဗျာဆရာမဟုတ်ပါဘူး ...။ ကဗျာဆရာတိုင်းကလည်း စာရေးမကောင်းကြပါဘူး ...။ တစ်လိုင်းစီ မှာ သူ့ဘာသာသူနေကြတယ် ..။ တစ်ချို့လည်းနှစ်မျိုးလုံးထူးချွန်တယ် ...။ အများစုက တစ်ဖက်ဖက်မှာပိုသာတယ် ...။
တာရာမင်းဝေ ဆိုတဲ့ကဗျာဆရာကို စာရေးဆရာ အဖြစ်နဲ့ပဲ ပိုသိကြပါတယ် ...။ ကျွန်တော်ကိုယ်တိုင်လည်း သူရေးတဲ့ ကဗျာတွေထက် သူရေးတဲ့စာတွေကို ပို နှစ်သက်မိပါတယ် ....။ သူဟာ စကားလုံးအသစ်တွေ အများကြီးတီထွင်သုံးစွဲခဲ့နိုင်ခဲ့ပါတယ် ...။ သူ့ဇာတ်ကောင်တွေကို စွဲစွဲမြဲမြဲမှတ်မိနေလောက်အောင် သူ့ အနုပညာဓာတ်ခံကအားကောင်းပါတယ် ...။ အထူးသဖြင့် ကိုးမရှိတဲ့န၀င်းထဲက စကားပုံလေးတွေကို နှစ်သက်ပါတယ်။ ဧဒင်ကချေသည်စာအုပ်ထဲက မောင်နီ ဆိုတဲ့ခွေးကြီးကို သဘောကျပါတယ် ...။ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေးရဲ့ လွမ်းဆွတ်မှုကို ဥပမာပေးထားတဲ့ ခြင်္သေ့ကိုသဘောကျပါတယ်။ ... လရောင်ကိုပန်ဆင်၍ ညယံ၌ မွှေးမြဖြူစင်နိုင်ပါစေ စာအုပ်က နောက်ဆုံး ကဗျာရွတ်လိုက်တဲ့ အသံကို စိတ်ထဲမှာ အခုအထိကြားနေမိပါတယ် ...။ မောင်သိန်းဇော်ကဗျာကို ကြေကြေကွဲကွဲရွတ်နေတဲ့အသံက ကရုဏာသက်စရာကောင်းပါတယ်။ ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပွင့်ခွင့်ရခဲ့သော် မှာ ကျကွဲသွားတဲ့ ဖန်ခွက်သံကြောင့် အလန့်တကြားဖြစ်ခဲ့ရသလို ... ယန္တရား အရေခွံနဲ့လူ က စန္ဒရားလက်သံကိုလည်း ရှာဖွေမိနေတုန်းပါပဲ ...။ မောင်ပုံနဲ့ စကားစမြည်ပြောခဲ့တဲ့ ရွှေကျီးညိုကို သတိရနေသလို ... ကွမ်းတပျစ်ပျစ်နဲ့ ဗဂျမ်းကိုလည်း မှတ်မိနေတတ်ပါတယ် ...။ လိမ်မပြောတတ်တဲ့ အစ်ကိုကြီးငြိမ်းအေး နဲ့ အမွှာနှစ်ကောင်ကိုလည်း မမေ့နိုင်သေးပါဘူး ...။ ဗားဂျင်းဆိုတဲ့ ပုံတူလေးဆွဲထားတဲ့ မျက်စိမကောင်းတဲ့ ပန်းချီဆရာ(လူမှားပြီးများကြိုက်ရတယ်လို့ ..) ကိုလည်း အောက်မေ့ပါတယ် ...။ အရုပ်မြို့တော်မှာ ရွတ်တဲ့ ပြဇာတ်ထဲက စာသားလေးတွေကို ပြန်ဖတ်ချင်နေပါသေးတယ် ...။ ... အမှတ်ရစရာ စာအုပ်တွေအတွက် စာရေးဆရာကို ကျေးဇူးတင်ပါတယ် .... သူကတော့ သူ့ကဗျာထဲကလို

ငါကတော့မြက်ဖိနပ်နဲ့
ဒါပေမယ့်
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ။
(တာရာမင်းဝေ)
လက်တန်းစပ်ဆိုရတဲ့ နောက်ဘ၀တစ်ခုကို သူ့မြက်ဖိနပ်လေးစီးရင်း သွားနှင့်ပါပြီ ...။ လယ်သမားကဗျာကို ဖတ်ရင်း လယ်သမားကြီးနဲ့အတူ ... စီးမျှောကြည့်ကြရအောင်လေ....။

လယ်သမား
ဆောင်းဦးရာသီပါ
မြောက်လေပြာပြာတွေတည်ငြိမ်စီးမျော
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။
ကဗျာဆရာက အေးမြတဲ့ဆောင်းဦးနဲ့ ကဗျာကို အေးချမ်းမှုနဲ့ဆွဲဖွင့်လိုက်တယ် ....။ မြောက်လေပြာပြာတွေ တည်ငြိမ်စွာစီးမျော ... ဆိုတဲ့ စာသားလေးဖတ်ပြီး ခဏလေး တွေးနေမိတယ် ....။ ကဗျာဆရာ ရေးခဲ့ဖူးတဲ့ တခြားကဗျာတွေမှာ ပါတဲ့ အပြာရောင်တွဲစပ်ဖွဲ့နွဲ့တဲ့ အလင်္ကာမြောက်တဲ့ ကဗျာစကားလေးတွေ တန်းစီပြီးပြန်တွေးကြည့်မိတယ် ....။ ပြာသောရနံ့ရှိတဲ့ သစ်သီးဆိုတာကိုလည်း ပြန်သတိရမိတယ် ...။
မြူပြာမှိုင်းမှုန်၊ အိပ်မက်ကိုစောင်လိုခြုံဆဲ … ကြယ်တွေအကုန်ကြွေတဲ့ည ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ် … ဆိုတဲ့ ကဗျာစာသားမှာ ပါတဲ့ မြူပြာတွေကိုလည်း ပြန်တွေးမိတယ် ...။ လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ် …
(အလင်းပြာမှတ်ကျောက်အတွက် မင်တစ်ပေါက်ဖြစ်တယ် …) ...ဆိုတဲ့ကဗျာက အလင်းပြာဆိုတဲ့အသုံးအနှုန်းလေးကိုပြန်ပြီးအမှတ်ရစေတယ် ...။ မျက်စိကိုမှိတ်ပြီး ကိုယ်ထဲကိုတိတ်တိတ်ကလေးပြန်ကြည့်သောအခါ ညို့ပြာယှက်သန်း တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏ ။ ဆိုတဲ့ကဗျာစာသားထဲက ညို့ပြာယှက်သန်းဆိုတဲ့ စကားလုံးလေးကိုလည်း ပြန်လည်လွမ်းဆွတ်လာစေတယ် ...။ ဆောင်းကိုပန်ပြီး မြောက်ပြန်လေ ရောက်လာမှ ပြာဝေမှိုင်းအုပ် ဟော… နှင်းတွေ တစ်ဆုပ်ပြီးတစ်ဆုပ်
ဆိုတဲ့ ကဗျာစာသားထဲက ပြာဝေမှိုင်းအုပ်ဆိုတာလေးကလည်း သဘောကျစရာတစ်ခုပါပဲ ...။ လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့ မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး ပြက္ခဒိန်မှာတော့ နက်ဖြန်ခါဟာ နာမည်ဆိုး မရှိပါဘူး ..ဆိုတဲ့ ကဗျာမှာ ပြာညိုယိမ်းထိုးဆိုတဲ့ အတွဲအစပ်လေးကိုလည်း ပြန်ပြီး လွမ်းဆွတ်စေပါတယ် ...။ လပြည့်ဝန်းရေ ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက် ငါဟာ ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့ ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။ ...
ဆိုတဲ့ ကဗျာမှာပါတဲ့ လဲ့ပြာကွဲအက် ...ဒီစကားလုံးလေးကလည်းသိပ်အားကောင်းတယ်ဆိုတာထင်သာမြင်သာပါတယ် ...။ ပြောချင်တာကတော့ ကဗျာဆရာဟာ ပန်းချီဆရာတစ်ယောက်နဲ့ဥပမာပေးလို့ရရင် သူဟာ အပြာရောင်ဆေးစက်တွေနဲ့ပန်းချီလှလှဆွဲပြနေသလို....။ အခုလည်း မြောက်လေပြာပြာတွေ
တဲ့ ...။ အေးမြနေမယ့် အရှေ့မြောက် အရပ်က ဆောင်းနိုင်ငံသားလေညင်းလေးကို ကဗျာဆရာက လှလှပပ ဖွဲ့ဆိုလိုက်သေးတယ် ...။ ဆောင်းဦးဆိုတဲ့ စကားလုံးကို Tempo ပိုတက်စေတယ်လို့ခံစားရပါတယ် ...။ ငါချစ်သော လယ်ခင်းကလေးမှာ အ၀ါရောင်တွေဝေပြီ။ ကဗျာဆရာရဲ့ ချစ်ခြင်းတရားတစ်ခု အတွက် ကျေနပ်တဲ့လေသံလို့ခန့်မှန်းလိုက်မိတယ် ...။ တစ်ခုခုကို ချစ်တတ်သူတွေဟာ ပီတိဖြစ်တတ်တယ် ...။ သေချာပါတယ် ... ကဗျာဆရာက တစ်ခုခုကို ရရှိလို့ .. တစ်ခုခုကို အောင်မြင်လိုက်လို့ အပျော်လွန်နေတာ .....။
သူ့အတွက် ..ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက် .. မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့..
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။
သူခက်ခဲခဲ့တဲအကြောင်းကို ကဗျာဆရာက ဖွင့်ဆိုတယ် ....။ မလွယ်ကူခဲ့ဘူး ... သူ့ဘ၀ဟာမလွယ်ကူခဲ့ဘူး ...။ လူတကာထက် ခက်ခဲခဲ့တယ် ....။ အ၀ါရောင်တွေ ကို သူလွယ်လွယ်နဲ့ စိုက်ပျိုးအောင်မြင်ခဲ့တာမဟုတ်ဘူး ...။ သူက သူ့ကိုယ်သူပြန်ချွန်နေတဲ့ နှစ်ဖက်သွားဓားတစ်စင်းလိုပဲ ... ခက်ခက်ခဲခဲကြိုးစားခဲ့တယ် ....။ ဘာပဲဖြစ်ဖြစ်သူ ကျေနပ်တယ် ...။ ပေးဆပ်ရတာနဲ့ထိုက်တန်တယ် ....။ ခက်ခဲတဲ့ ကန္တာရကို ဖြတ်ပြီး အိုအေစစ်တစ်ဆင်စာ ကောက်ရခဲ့တဲ့ ခရီးသွားတစ်ယောက်လို ...ပင်ပန်းရကျိုးနပ်နေပုံပဲ ....။ ....
မြတ်နိုးခွင့် ကို လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် စောင့်ရှောက်ရတဲ့ညများမှာ
ငါဟာ..
တမျှော်တခေါ် အလင်းဝိုးဝါး။
ဒီတစ်ပိုဒ်ကတော့ ဒီကဗျာမှာ သဘောအကျဆုံးပါဒပါပဲ ...။ ရသတစ်မျိုးကို တွေ့လိုက်လို့ ....။ ကဗျာဆရာပြောဖူးတဲ့ ရေတစ်ပိုင်းမီးတစ်ပိုင်း ဆိုတဲ့ အရသာပဲ ....။ အပေါ်ဆုံးအကြောင်းမှာ မြတ်နိုးခွင့်ကို လိမ်ကျစ်ထုတ်ပိုးရင်း ....ဆိုတဲ့စာသားနဲ့ နောက်ဆုံးအကြောင်း တမျှော်တခေါ်အလင်းဝိုးဝါး ဆိုတဲ့စာကြောင်းနှစ်ခုဟာ အပူနဲ့အအေးလို ..အလင်းနဲ့အမှောင်လို ...သဟဇာတဖြစ်ရင်း မတူညီနေပုံကိုက လှတယ် ...။ တစ်ခုက ခဲရာခဲဆစ် သဘောပါပြီး ...နောက်တစ်ခုက အဲဒီလို ခဲရာခဲဆစ်ကြိုးပမ်းတာတောင်မှ အရာထင်မယ်လို့မသေချာတဲ့သဘော ....။ ဒီနှစ်ခုကို တွဲစပ်လိုက်တာလေးကိုက ပြေပြစ်ညီညွတ်လွန်းနေတယ် ...။ အလင်းဝိုးဝါးဆိုတာကတော့ ကဗျာဆရာက စကားလုံးသစ်တစ်ခုဖြစ်အောင် ကြိုးစားလိုက်တယ်လို့ယူဆပါတယ် ....။ ပိုလည်း အားကောင်းသွားတာကိုသတိထားမိပါတယ် ..။ ကဗျာမှာ စကားလုံးအသစ်တွေကြောင့် အားပျော့သွားတတ်ပေမယ့် ... အလင်းဝိုးဝါးကတော့ အားကောင်းတဲ့ စကားလုံးအသစ်လို့ ခံစားရပါတယ် ...။ မျှော်လင့်ခြင်း နေရောင်ဖျော့ဖျော့ နဲ့ ပွင့်ကြည့်ဖို့ကြိုးစားနေတဲ့ နှင်းဆီအနီရဲရဲတစ်ပွင့်ကို မျက်စိထဲပြေးမြင်မိတယ် .....။ .....
ရေတွင်းကလေးလို
ကိုယ့်ရင်ထဲက ရေစင်တွေကို
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
၁၉၉၅..
ငါဟာ ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့။ ။
တာရာမင်းဝေ
ဒီအပိုဒ်ကတော့ ပြုံးချင်စရာ ...သနားစရာလေးပဲ ....။ ကြော်ငြာဝင်လိုက်တယ်လို့ခံစားရပါတယ် ....။ ကဗျာဆရာကပြောတယ် သူက (ချစ်သူရှေ့မှာ) သတ္တိတွေ ဓားကျိုးကုန်တဲ့ သူရဲကောင်းအိုပါတဲ့ ....။ ရင်ထဲက အပူတွေ နဲ့ခုတ်မောင်းနေတဲ့ ဇီဝရထားတစ်စင်း လို သူကခုတ်မောင်းနေပါတယ်တဲ့ ...။ ရှေးကတော့ အုံ့ပုန်းချစ်ဆိုလားပြောတာကြားဖူးတယ် ...။ (၀ိပါက်ငင်တဲ့ သူငယ်ချင်းတွေ ကြုံဖူးကြမယ်လို့ထင်ပါတယ် ....။) ... မှန်ရွှေပြတင်းက မယ်ခုမျှော်သလို လွမ်းတာက အစ .. သူ့နာမည်လေးကို သစ်ကိုင်းခြောက်လေးနဲ့ရေး တာ အလယ် ... ကဗျာရေးတာ အဆုံး ရင်ထဲမှာ ပိတ်မိနေတာတွေကို ဖော်ထုတ်ကြတယ် ....။ ချစ်သူရှေ့မှာတော့ လူတိုင်းဟာ သိုးစိတ်ရှိခဲ့ကြတယ်...။ .... ၁၉၉၅ ကတော့ ကဗျာဆရာက time & space နဲ့ ကဗျာကို အသက်သွင်းလိုက်တယ်လို့ထင်ပါတယ် ...။ ဒါကတော့ ကဗျာဆရာမှပဲသိပါလိမ့်မယ် ....။ ကဗျာဆရာက ပြောတယ် ...။ ငါဟာ ရှက်တတ်တဲ့ လယ်သမားကြီးပဲပေါ့ ...တဲ့ ...။ ဒီနေရာလေးက ဒုံးချင်းဆန်တယ် ...။ တောင်သူကြီး ဒုံးချင်းမှာ .. အပျိုလေးတွေကို အတင်းထမင်းဖိတ်ကျွေးနေတဲ့ တောင်သူကြီးကိုသတိရမိလိုက်တယ် ...။(အပျိုငယ်ရွှေနံကားအောင် စားပါလှည့်ဗုံးဗော ဆိုတာလေ ...( ဒီကဗျာကလည်း တော်တော် အန္တရာယ်ရှိတဲ့ ကဗျာ လို့ ဆယ်တန်းတုန်းကသတ်မှတ်မိတယ် ...၊ ရွှေနံကားဆိုတာက မြန်မာလို့ တိတိကျကျပြန်ရင် ဗိုက်ပူတာဆိုတော့ ... ဒီတောင်သူကြီးနှယ် ...လို့တွေးမိခဲ့ပါသေးတယ် ...။)) ... ဘာပဲဖြစ်ဖြစ်ကဗျာလေးက ပြောတယ် ... ငါ့ရှင်တို့က ဘာလဲ ငါကဘာလဲ တဲ့ .....။ကဗျာဆရာက ရိုးသားမှုနဲ့ တည်ကြည်မှုတွေကို လယ်သမားကြီးဆိုတဲ့ စကားတစ်လုံးနဲ့သိမ်းပိုက်ပစ်လိုက်တယ်လို့ ယူဆပါတယ် ....။ တကယ်တော့ ကဗျာဆရာဟာ လယ်သမားဖြစ်ချင်ခဲ့တာကြာပါပြီ .... သူ့ကဗျာတစ်ပုဒ်ထဲကလိုမှာ ...
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမားဖြစ်ချင်တယ် ...လို့ သူအတိအလင်းဝန်ခံထားခဲ့တာပဲမဟုတ်လား ....။ သိပ်လှတဲ့ ကဗျာလေးတစ်ပုဒ်အတွက် ကဗျာဆရာ ကို ကျေးဇူးအထပ်ထပ်တင်လိုက်ပါတယ် .....။ လယ်သူမကဗျာကိုတော့ မခံစားနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ....။ အမြဲတမ်းရွတ်ဖြစ်တဲ့ ပါဒလေးကို ပြန်ရွတ်ပြခဲ့ပါတယ် .....သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။
လယ်သူမ
ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။
နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။
နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။
သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။
တာရာမင်းဝေ
ခင်မင်စွာဖြင့်
Zephyr
Peace B with U.