Sunday, March 14, 2010

ခရမ်းရောင် အက္ခရာ နှင့် ၀ိမုတ္တိနှင်း (အပိုင်း ၃)




သူမအတန်ငယ် တိတ်ဆိတ်သွားသည်။
သူ့ဘယ်ဘက်မျက်ဝန်းမှ စီးကျလာသော မျက်ရည်စီးကြောင်းသည် ပါးပြင် အလယ်ခေါင်တည့်တည့်တွင် ရပ်တန့်နေသည်။ သူမအသက်ပြင်းပြင်းတစ်ချက်ရှူရင်း .. မျက်ရည်စီးကြောင်းကို တစ်ရှူးစတစ်ခုဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ အရာအားလုံးသည် တိကျသော ကျိန်စာတစ်ခုအောက်မှာ ဖြစ်တည်ပျက်နေရသလို ဖြစ်နေသည်။ သူမအဆင်ပြေရဲ့လား ကျွန်တော်စောင့်ကြည့်နေမိသည်။ လက်ကောက်ဝတ်မှုသွေးတိုးသံပြန်လည်ကြားနေရလောက်အောင် တိတ်ဆိတ်နေသည်ဟု ခံစားရသည်။ သူမရော ဘယ်လို ခံစားနေရသလဲ ....။ တိတ်ဆိတ်ခြင်းဟာ ငိုနေတဲ့သူတစ်ယောက်ရဲ့ရှေ့မှာ ပိုပြီးကြာမြင့်တတ်သလား ....။

တိတ်ဆိတ်ခြင်းကို တွန်းတိုက်ထွက်ပေါ်လာတဲ့သူမစကားလုံးတွေကို ကျွန်တော်အာရုံစိုက်ပြီးနားထောင်လိုက်မိသည်။ ...

အရူးဟာ ကောက်ရိုးနဲ့ နှလုံးသားတစ်ခု လုပ်ထားနိုင်ခဲ့လား ...........။
ဒါဟာ သူ့အတွက် ကျိန်စာလား .....။

သူမ အသံတိုးဖျော့နာကျင်နေသည်။ ..
အဲဒီမေးခွန်းကို ကျွန်တော်ဖြေရမှာလား။ ဖြေဆိုချိန်ကရောဘယ်နှမိနစ်ခန့်လဲ။ ....အရူး ...... အဲဒီအရူးကို စိတ်ထဲမှာမြင်လာရတယ် ....။ အရူးဟာ ခံစားတတ်တဲ့စိတ်နဲ့ ... အာရုံတွေကို စုစည်းသိမ်းဆည်းတယ်။ အရူးဟာ ပန်းပွင့်လေးတွေကို လေပြင်းတိုက်မှာစိုးလို့ ... သိမ်းဆည်းထားတတ်တယ်။ အရူးဟာ ... ကန့်လန့်ကာနောက်ကွယ်မှာနေပြီး ... ဒဏ်ရာတွေကို အကုန်စုသိမ်းထားတယ်။ အရူးဟာ ...ဖြစ်နိုင်ရင် သောကတွေကိုတောင် ဥယျာဉ်တစ်ခု စိုက်ပျိုးလိုက်ချင်ခဲ့တာ .........။ အရူးဟာ .. အမြဲတမ်းပြုံးနေပြီး ... သူချစ်တာတွေအတွက် ... အမြဲတမ်း ဂုဏ်ယူနေတတ်တာ ....။အရူးဟာ ......။

တစ်ခါတစ်လေ ပန်းဝင်မှရလိုက်တဲ့ ကျိန်စာကို မင်းသိပါတယ် ....။ သိပ်လိုချင်ခဲ့တာတွေရသွားတဲ့အခါ ပျော်ရွှင်ရမယ်လို့ မင်းထင်သလို ငါလည်းထင်ခဲ့တယ်။ အရူးလည်းထင်ခဲ့တယ်။ ... ကိုယ့်အမှားအတွက် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရတဲ့အခါ ဈေးမဆစ်ကြေးပေါ့..... ငါယုံကြည်တာတော့ အရူးလည်း သူ့ရဲ့ စိတ်ကို သူသိမှာပါ ...။သူ့ဒဏ်ရာကို သူသိပါတယ် ....။ သူနေပြန်ကောင်းလာတဲ့အချိန်မှာ ... နှလုံးသားမလိုအပ်တော့တဲ့ခေတ်ရောက်နေမှာပါ ....။ မင်းဒါကို နားလည်ပါလိမ့်မယ်။

ဒုတိယမြောက်အကြိမ်စီးဆင်းလာသာ မျက်ရည်စီးကြောင်းတစ်ခု ...........။ သူမပါးပြင်အလယ်မှာရပ်တန့်မနေတော့ဘဲ နှုတ်ခမ်းဘေးမှတစ်ဆင့် မေးစေ့ဖျားဆီသို့ ဆက်လက်စီးဆင်းလာသည်။ သူမကို ကြည့်နေရသည်မှာ ချက်ချင်းသွေးဆုတ်ဖြူရော်သွားသော လူမမာတစ်ယောက်နှင့်တူနေသည်။ ... .... ဒီတစ်ခါတော့ သူမ မျက်ရည်များကို ခပ်ကြမ်းကြမ်းမသုတ်ပစ်တော့ပါ။ ကြေကွဲနာကျင်နေသော မျက်လုံးများ ... တဖျပ်ဖျပ် စိုလက်နေသည်။ မျက်ရည်များဖြင့်တောက်ပသော ကြယ်နှစ်စင်းသည် အတိတ်မှ အလင်းပြန်မှုများအတွက် ခါးသက်နေသည်။

ရှင် အရူးနဲ့တွေ့ခဲ့တယ်မလား .......။

နောက်စာမျက်နှာတွေဆက်ဖတ်ကြည့်လိုက်ပါ ...။ တစ်ချို့မေးခွန်းတွေကို ငါမဖြေချင်ဘူး။


ကြယ်တစ်စင်းသည် သင့်ကို သတိရနေပါလိမ့်မည်။
ထိုစကားသည် အရူးစကားဖြစ်၍ မှန်ကန်နိုင်ပါသည်။
သင်သည် ခရီးသွားနေသောကြောင့် ကောင်းကင်ကိုကြည့်ပါသည် ...
အမှောင်ထုများကြားမှ အနက်ရောင်ကြယ်တစ်စင်း ကို သင်တွေ့နိုင်မည်မဟုတ်ပါ။
သင်မော့ကြည့်လိုက်သည်ကို သိရုံမျှဖြင့် ကြယ်တစ်စင်းသည် လက်ခနဲကြွေရန် အသင့်ဖြစ်နေခဲ့သည်။

အရူး ။ ။ သူငယ်လေး ဘာလို့ပြုံးတာလဲ။ လောကကြီးဟာ ရယ်စရာမကောင်းဘူးကွ။
သူငယ်လေး ။ ။ သောကတွေ တယုတယမွေးမြူပြီး ကြီးပြင်းလာတဲ့သောကတွေနဲ့ ရူးနေတဲ့လူတွေကို မြင်တိုင်း ပြုံးမိတယ် ....။
အရူး ။ ။ အလေ့ကျပေါက်ရောက်တဲ့သောကတွေပါ ....။
သူငယ်လေး ။ ။ ဒီလိုအလေ့ကျပေါက်ရောက်ဖို့ ဘယ်သူက ရင်ဘတ်ထဲက စိုက်ခင်းကို သော့ဖွင့်ပေးခဲ့တာလဲ .....။

နေမင်း။ ။ မင်းက ဘာလို့ရူးနေတာလဲ။
အရူး။ ။ တစ်မျိုးစီမကလောင်ကျွမ်းနေတာပါ ... မရူးပါဘူး။
နေမင်း။ ။ မရူးဘူးဆိုတာ သေချာရဲ့လား။
အရူး။ ။ သေချာတယ်ဆိုတာ ဘာလဲ ....။ ဘယ်သူတွေက သေချာခဲ့ကြဖူးလဲ ....။

အရူး။ ။ ပျော်ရွှင်မှု ... သင်ဟာ ဘာလဲ။
ပျော်ရွှင်မှု။ ။ ငါဟာမရှိခြင်းပဲ။
အရူး။ ။ ဘယ်လိုမရှိခြင်းလဲ။
ပျော်ရွှင်မှု။ ။ ခံစားချက်တွေ မရှိခြင်းပဲ။ ခံစားချက်တွေ လက်ခံမထားတဲ့အခါ ခံစားချက်လက်ကျန်မရှိတဲ့ အခိုက်အတန့်ဟာ ပျော်ရွှင်မှုပဲ။

အမှောင်။ ။ မင်းစိတ်ထဲက အမှောင်တွေကိုတွေ့လား။
အရူး။ ။ အမှောင်ဆိုတာမရှိဘူး။
အမှောင်။ ။ စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့အပိုင်းဟာ အမှောင်ပဲ။
အရူး။ ။ မဟုတ်ဘူး။ ဖုံးကွယ်ထားတာမဟုတ်ဘူး။ သစ်စေ့တစ်ခုကို စိုက်ပျိုးဖို့မြေထဲမြုပ်လိုက်တဲ့စိုက်ပျိုးခြင်းပါ။
အမှောင်။ ။ သစ်သီးတွေ သီးပွင့်လာတဲ့အခါမှ ... ဆုံးဖြတ်ကြသေးတာပေါ့။

ကြယ်တစ်စင်းသည် သင့်ကို သတိရနေပါလိမ့်မည်။
ထိုစကားသည် အရူးစကားဖြစ်၍ မှန်ကန်နိုင်ပါသည်။
သင်သည် ခရီးသွားနေသောကြောင့် ကောင်းကင်ကိုကြည့်ပါသည် ...
အမှောင်ထုများကြားမှ အနက်ရောင်ကြယ်တစ်စင်း ကို သင်တွေ့နိုင်မည်မဟုတ်ပါ။
သင်မော့ကြည့်လိုက်သည်ကို သိရုံမျှဖြင့် ကြယ်တစ်စင်းသည် လက်ခနဲကြွေရန် အသင့်ဖြစ်နေခဲ့သည်။

ထိုစကားများသည် ကြယ်တစ်စင်း၏စကားများဖြစ်သောကြောင့် ကောင်းကင်ဘာသာဗေဓ တတ်မြောက်သောနှလုံးသားတစ်ခုမှ တစ်ဆင့်သာ ကြားနိုင်ပါလိမ့်မည်။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Deductive Logic

Deductive Logic ဆိုတာ ယေဘူယျ အချက်အလက်ပေါ်မူတည်ပြီးကောက်ချက်တစ်ခုဆီကို သွားတာမျိုးပါ။

နမူနာပြောရရင်

လူဟာသေမျိုးဖြစ်တယ်။
ဆော့ခရေတ္တိဟာ လူဖြစ်တယ်။
ဒါကြောင့် ဆော့ခရေတ္တိဟာ သေတယ်။

အပေါ်ကဟာက Deductive logic ဖြစ်ပေမယ့် အောက်မှာ ပြန်ရေးထားတာက လွဲချော်သွားတဲ့ deductive logic ဖြစ်ပါတယ်။

လူဟာ သေမျိုးဖြစ်တယ်။
ဆော့ခရေတ္တိဟာ သေတယ်။
ဆော့ခရေတ္တိဟာ လူဖြစ်တယ်။

အဲဒီ deductive logic အလွဲအရဆိုရင် ...
လူဟာသေမျိုးဖြစ်တယ်။
တူလေးရဲ့ ဟမ်းစတားလေးဟာ သေတယ်။
ဟမ်းစတားလေးဟာလူဖြစ်တယ်။

အဲဒီလို တလွဲတွေဖြစ်လာနိုင်ပါတယ်။ အဆိုလွဲရင် ကောက်ချက်လွဲသွားတာကိုပြောချင်တာပါ။ ဟာသလေးတစ်ခုလည်းရှိပါသေးတယ်။ တစ်ခါက အရက်ဘားတစ်ခုမှာ ကောင်းဘွိုင်နဲ့ အမျိုးသမီးတစ်ယောက်တွေ့ပါတယ်။

အမျိုးသမီး။ ။ ရှင်က ကောင်းဘွိုင်လား။
ကောင်းဘွိုင်။ ။ ငါတစ်သက်လုံး ခြံကိုပြုပြင်ခဲ့တယ်။ မွေးမြူရေးလုပ်ကိုင်တယ်။ ကောင်းဘွိုင်တွေလုပ်သမျှတွေလုပ်ခဲ့လို့ ကောင်းဘွိုင်လို့ယူဆမယ်ဆို ယူဆနိုင်ပါတယ်။ ဒါနဲ့ ခင်များကရောဘာလဲ။
အမျိုးသမီး။ ။ ကျွန်မက lesbian ....အမျိုးသမီးတွေကို စိတ်ဝင်စားတယ်။ မနက်နိုးလာတာနဲ့ အမျိုးသမီးတွေအကြောင်းတွေးတယ်။ တစ်နေ့လုံး အမျိုးသမီးအဖော်ကို စိတ်ဝင်စားနေတယ်။ နေ့တိုင်း ညတိုင်းဒီလိုပဲ ....။

ဒီလိုပြောဆိုပြီး အမျိုးသမီးက အပြင်ထွက်သွားတယ်။ နောက်ထပ် စုံတွဲတစ်တွဲဝင်လာပြီး ကောင်းဘွိုင်ကိုတွေ့တော့ မေးတယ်။
အမျိုးသား။ ။ ဒါနဲ့ ခင်များကကောင်းဘွိုင်လား။
ကောင်းဘွိုင်။ ။တစ်သက်လုံးတော့ ကိုယ့်ကိုယ်ကို ကောင်းဘွိုင်ထင်လာခဲ့တာဗျ ...။ ဒါပေမယ့် ကျွန်တော်သိပြီ။ ကျွန်တော်က lesbian ..

...............................................

ကျွန်တော်တို့ သေချာပြန်တွေးကြည့်ရင် အမျိုးသမီးက သူ lesbianဖြစ်တယ်ဆိုတာကို ကောက်ချက်ချဖို့ .. သူမကိုယ်တိုင်ဟာအမျိုးသမီးဖြစ်တယ်လို့ အဆိုတစ်ခုလိုပါတယ်။ ဒါကို ကောင်းဘွိုင်က အဆိုမှာ ပါဝင်တဲ့အချက်တွေကို သေချာမသိဘဲ ... ပြောလိုက်တဲ့အခါမှာဟာသဖြစ်သွားတယ်။

လူတိုင်းဟာ ... ကိုယ်ထင်တာတွေ ပြောနေရေးနေကြတာဟာ .... Deductive အလွဲတွေဖြစ်နေတဲ့အခါ ... ဟာသမြောက်နေဦးမှာပါ။ ....

ကိုယ်ပြောတာကို တာဝန်ယူနိုင်တဲ့သူနဲ့ မယူနိုင်တဲ့သူတွေအကြောင်းကို ဆက်ပြီးတွေးနေမိပါတယ် ....။


ခင်မင်စွာဖြင့်
Zephyr




Peace B with U.

Sunday, March 7, 2010

အဟိံသ



Nonviolence is the greatest force at the disposal of mankind. It is mightier than the mightiest weapon of destruction devised by the ingenuity of man. Destruction is not the law of the humans. Man lives freely by his readiness to die, if need be, at the hands of his brother, never by killing him. Every murder or other injury, no matter for what cause, committed or inflicted on another is a crime against humanity.
(Gandhi)

အကြမ်းမဖက်ခြင်းဟာ လူသားမျိုးနွယ်ရဲ့ အစွမ်းသတ္တိတွေထဲမှာ အားအကောင်းဆုံး ခွန်အားဖြစ်တယ်။ အကြမ်းမဖက်ခြင်းဟာ လူသားတွေထွင်နိုင်သမျှထွင်ထားတဲ့ အစွမ်းအထက်ဆုံး အဖျက်လက်နက်တွေထက်ပိုပြီး အစွမ်းထက်တယ်။ ဖျက်စီးပစ်ခြင်းဟာ လူ့သဘာဝဥပဒေသမဟုတ်ဘူး။ လူတွေဟာ သေဖို့ အသင့်ဖြစ်နေခြင်းအားဖြင့် လွတ်လပ်စွာနေထိုင်ကြတယ်။ တကယ်လို့လိုအပ်ရင် သူ့ညီအကို လက်ချက်နဲ့ပဲသေမယ်၊ သူ့ညီအကိုကို သတ်ပြီး မရှင်သန်ဘူး။ (သတ်ဖြတ်တဲ့သူကို ညီအကိုလို့ ခံယူထားတာပါ။) လူသတ်ခြင်း ဒါမှမဟုတ် တစ်ယောက်ယောက်ကို ဒဏ်ရာအနာတရဖြစ်စေခြင်းတွေဟာ ဘာအတွက်ပဲထိခိုက်ကျူးလွန်သည်ဖြစ်စေ လူ့အသိုင်းအ၀ိုင်းကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်တယ်။
(ဂန္ဒီ)

အဲဒါလေးဖတ်ပြီး ... တော်တော်လေးသဘောကျနေတယ်။ ....
ကျွန်တော့်အနေနဲ့တော့ ဂန္ဒီကို ၁၀၀ ရာခိုင်နှုန်းထောက်ခံတယ်။
သူပြောတာတစ်ခုရှိသေးတယ် ...။ လွတ်လပ်စွာ မရှင်သန်ရဘူးဆိုရင် သေသွားမှာ ဘာကြောက်စရာရှိလဲ ...တဲ့ ...။ သေသော်မှတည့် အော်ကောင်း၏ ...ဆိုတာကို သတိရပါတယ် ...။ ... ကိုယ့်အတွက် ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး။ ဒါပေမယ့် မှန်တာတွေကို ဆက်လုပ်ရဲရမယ် ဆိုတဲ့ စိတ်ဓာတ်ကို အင်မတန့်အင်မတန် အားကျမိပါတယ်။ ...

ဂန္ဒီရဲ့ vision လေးကလည်းသဘောကျစရာပါ။ အကြမ်းဖက်မှုတွေကို ဖြေရှင်းနေရတာက ယာယီ နည်းလမ်းတွေလို့သူကလက်ခံတယ်။ သူပြောတာက ကလေးတွေကို ချစ်ခင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေအကြောင်း သင်ပေးဖို့ကသာ အန္တိမနည်းလမ်း ဖြစ်တယ်တဲ့...။ ကလေးတွေက ငြိမ်းချမ်းရေးကိုနားလည်သွားရင် ... နောက်အနာဂတ်အတွက် စိတ်ချရပြီလို့ သူကယူဆပါတယ်။ သူ့အတွေးအခေါ်ကို သဘောကျပါတယ် ....။ ဒါဟာ အမြော်အမြင်ကြီးတဲ့ လူကြီးသူမတစ်ယောက်ရဲ့ ကရုဏာနဲ့ယှဉ်တဲ့အမြင်ကနေ ပေါက်ဖွားလာတဲ့ ဒဿနတစ်ခုဖြစ်ပါတယ်။

... ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ နေထိုင်ချင်ပါတယ် ....။
လူအချင်းချင်း ခေါင်းပုံဖြတ် ညှင်းပမ်းမှု ... အချင်းချင်းသတ်ဖြတ်မှုတွေကို ဆန့်ကျင်ပါတယ်။
ကိုယ်မှန်တယ်လို့ သေချာသိနေတဲ့ အရာအတွက် .... အေးအေးဆေးဆေး ရပ်တည်ချက်မြဲမြံတဲ့လူတစ်ယောက်ဖြစ်ဖို့ .... ဂန္ဒီဂျီက အကောင်းဆုံး သင်ကြားပေးခဲ့ပါတယ် .....။
လူကြီးလူကောင်းတွေ မရှိတော့ပေမယ့် သူတို့တွေရဲ့ အဆုံးအမဟာ ဆက်လက်တည်ရှိနေတာကို ကျေနပ်ပါတယ် ...။ သူတို့တွေရဲ့ ကရုဏာတရားဟာ ကျွန်တော်တို့တွေ လေ့လာရမယ့် တန်ဖိုးရှိတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ် ....။

....လေးစားသင့်တဲ့သူကို လေးစားကြတာ မင်္ဂလာတစ်ပါး မဟုတ်ပါလားခင်မျာ ....။

ခင်မင်စွာဖြင့်
Zephyr

Notes:

The wisdom of Gandhi ကိုဖတ်နေရင်း သဘောကျမိတာလေးတစ်ခုရေးလိုက်ပါတယ်။
စာများများမဖတ်နိုင်တဲ့သူတွေအတွက် နည်းနည်းပဲရေးလိုက်ပါတယ်။
များများဆက်ပြီးစဉ်းစားကြည့်စေချင်ပါတယ် ....။
လက်နက်နဲ့ ရယူထားတဲ့ ငြိမ်းချမ်းရေးကို အယုံအကြည်မရှိတဲ့သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။
စကားမစပ် နေမ၀င် အမ်ပိုင်ယာ(Empire)ကြီး နေ၀င်သွားတာ ကြာပါပေါ့လား ....။
နေ၀င်သင့်တာတွေ နေ၀င်သွားပါစေ ...။
နေ၀င်သင့်တာတွေ နေ၀င်သွားပါစေ ....။
နေ၀င်သင့်တာတွေ နေ၀င်သွားပါစေ .......။

Always aim at complete harmony of thought and word and deed. Always aim at purifying your thoughts and everything will be well. Mahatma Gandhi

Freedom is not worth having if it does not include the freedom to make mistakes. Mahatma Gandhi

I cannot teach you violence, as I do not myself believe in it. I can only teach you not to bow your heads before any one even at the cost of your life.
Mahatma Gandhi

An eye for an eye makes the whole world blind.
Mahatma Gandhi

You must be the change you want to see in the world.
Mahatma Gandhi

The weak can never forgive. Forgiveness is the attribute of the strong. Mahatma Gandhi

I want freedom for the full expression of my personality. Mahatma Gandhi



Peace B with U.

Wednesday, March 3, 2010

ဘ၀ဟာ တိုတိုလေးဖြစ်တဲ့အတွက် သိပ်များများမခံစားတတ်ဖို့လိုကြောင်း။

ဘ၀ဟာ တိုတိုလေးဖြစ်တဲ့အတွက် သိပ်များများမခံစားတတ်ဖို့လိုကြောင်း။


တွေ့ကြုံဆုံကွဲ ဆုံမှတ်လေးတစ်ခု ....။
တယုတယ ကြေကွဲနေတဲ့မျက်ရည်စက်လက် ညနေခင်းတစ်ခုမှာ .... အိမ်လွမ်းနာစိုစွတ်တဲ့စိတ်တွေနဲ့ ....ဘယ်လောက်ဝေးဝေး ... ဘယ်လောက်မြန်မြန် ..............။


မြန်နှုန်းမြှင့်ထားတဲ့စိတ်နဲ့ အိမ်ပြန်ချိန်တွေ ဖြောင့်တန်းပါရဲ့လား။
ဆေးသုတ်အလှဆင်ဖို့ စနစ်တကျ မေ့လျော့ထားခံရတဲ့မြို့ကလေးရော နေကောင်းရဲ့လား။
ငါချစ်တဲ့သစ်ပင်တွေက ဘယ်မှာလဲ ....ဘယ်မှာလဲ ....။
တိုက်ရိုက်လဲလှယ်ဖလှယ်မှုအရ .... ကော်ဖီမစ်စ်ကို ငွေကြေးအစားထိုး သုံးစွဲကြတယ်။
ကော်ဖီမစ်တစ်ထုပ်ဟာ ကော်ဖီခွက်ထဲမဖောက်ထည့်ခင်အထိ တစ်ရာတန် အသစ်ကြပ်ချွတ်လေးပဲပေါ့။


ငါတို့မြို့ကလေးဟာ ကျောင်းသားတွေကို ချစ်ခင်သေးရဲ့လား။
Hip-Hop ဂီတအရ ဘောင်းဘီပွပွ အတင်းဝတ်ထားရတဲ့ သနပ်ခါးပင်လေးတွေနေကောင်းကြရဲ့လား။
မသိတော့ဘူး ....။
ငါကရော မြို့လေးနဲ့ပိုဝေးသထက်ဝေးရာသွားမယ့် ခရီးသွားတစ်ယောက်ဖြစ်နေခဲ့ပြီလား။
ဘ၀ဆိုတဲ့ကျောင်း စာအုပ်လေးကို ပြန်လည်ဖတ်ရှုကြည့်ဖို့ ငါ့စာကြည့်စားပွဲလေးဆီ ငါပြန်လာခဲ့ဖို့လိုနေသေးတယ်။


ငါဟာ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားတဲ့ ပိုးဟပ်တစ်ကောင်ကိုပဲ ဒုဿီလတွေအစား ဦးချလိုက်တယ်။


ဒီစာကို လက်ခံရရှိတဲ့အချိန်မှာ .... နောက်ထပ် ဆူနာမီ သတင်းတစ်ခုကို လက်ခံတတ်ဖို့ စိတ်က အသင့်မဖြစ်သေးပါဘူး ......။
ကမ္ဘာကြီးမှာ တစ်ခုခုဖြစ်နေတာတိုင်းဟာ ကိုယ့်အိမ်မှာ တစ်ခုခု ဖြစ်နေတယ်လို့ ခံစားရရင် .... ဒီစာအိတ်ကို ဖွင့်ဖတ်လိုက်ပါ။


အပြာရောင်ကောင်းကင်ကြီးအောက်မှာ မပျော်ရွှင်ဖို့ အကြောင်းခြင်းရာ လုံလောက်နေတဲ့သတ္တ၀ါဟာ လူတွေပဲပေါ့ ....။
(စိတ်အေးအေးထားပါ ...၊ ဒီထက် ဆိုးတာတွေ လာပါဦးမယ် ....။ )
မနက်ဖြန်တွေကို မေ့ထားတတ်တဲ့ အ၀ိဇ္ဇာကိုဖြေဆေးတစ်ခုလို သုံးစွဲနေရတဲ့ ဒုက္ခသည်တွေအတွက် ...
ဒီစာက အသုံးမ၀င်ပါဘူး။ ....
မျက်လုံးကို ဖွဖွလေးပိတ်ပြီး ... ခဏလေး တိတ်ဆိတ်နေရုံနဲ့ .... ကမ္ဘာပေါ်က ငိုသံတွေကို ကြားရလိမ့်မယ်။
အဆင်သင့်မဖြစ်သေးပါဘူး ....။ ဒါပေမယ့် သတင်းတွေ ဖတ်ပြီး ကြေကွဲနေရတာကို ရပ်တန့်ဖို့ .... လုံလောက်တဲ့ ဥပေက္ခာတရားဖြစ်ဖြစ် ... လုံလောက်တဲ့ အသိဥာဏ်နည်းမှုဖြစ်ဖြစ် ....၊ လုံလောက်တဲ့ ရူးသွပ်မှုဖြစ်ဖြစ် တစ်ခုခုကိုတော့ ရချင်ပါသေးတယ်။


အသက်ရှင်ရုံမျှလေးရှင်သန်သွားတဲ့ လူတွေကရော ဘ၀ကို ဘယ်လိုဖွင့်ဆိုခဲ့သလဲ သိချင်နေမိတယ်။


...........
.......................
.............................
May the world be peaceful .....!!!!!!!!




With PEACE,
Zephyr



Peace B with U.