Showing posts with label short notes. Show all posts
Showing posts with label short notes. Show all posts

Tuesday, December 10, 2013

အရောင်းသွက် ၁၀

အရောင်းသွက် ၁၀

ခရစ်စမတ်ကာလတည်းဟူသော ဒီဇင်ဘာတွင် ကျွန်ုပ်သည် တွေးတောငေးမော၍ နေသည်။ အဘယ်သို့ပါနည်း။ ခရစ်စမတ်ကာလသည် ဒီဇင်ဘာဟူ၍ မည်သူမှ တိတိကျကျမသိပါ။ နှင်းများကျနေချိန်သာဖြစ်သည်။ သို့သော်လည်း မှတ်ရလွယ်အောင် ဒီဇင်ဘာလုပ်လိုက်ကြသည်။ ထိုစဉ်က ပြက္ခဒိန်အရတော့ တစ်ရက်ရက်ဖြစ်မည်။ သိုးကျောင်းသားများ ချော်လဲကြသောနေ့၊ သိုးတစ်ကောင်ချောက်ထဲကျသောနေ့၊ တစ်ရက်ရက်ဖြစ်မည်။ ငယ်စဉ်က သင်ခဲ့ဖူးသော ခရစ်ယာန်သမိုင်းအရတော့ ၂၅ ရက်နေ့သည် နေမင်းကြီးပွဲနေ့သာဖြစ်သည်။ ဂျီးဇပ်သည် နေမင်းကြီးပမာဟူ၍ယူဆသောကြောင့် ၂၅ရက်နေ့ကို မွေးနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ဟန်တူသည်။

၁။နောက်ခံအကြောင်းတရားနှင့်အခြေအနေ

နွားတင်းကုတ်ထဲတွင်မွေးရန်ပြင်ဆင်ခြင်းသည်လည်း ရှေးဓမ္မဟောင်းကျမ်းလာအယူအဆများအရသာဖြစ်လိမ့်မည်။ နွားစာထည့်သည့်ခွက်တွင် ကောက်ရိုးအိပ်ရာလုပ်ခြင်းမှာလည်း လူသားဆန်ခြင်းဖြစ်ကောင်းဖြစ်မည်။ သူ့ဘဝ၏ မတင့်တယ်မခမ်းနားမှုကို အသားပေးချင်၍ဖြစ်နိုင်သည်။ သိကြားတမန်များ သီချင်းဆိုခြင်းမှာတော့ တော်တော်ဆန်းကြယ်သည်။ လေထဲမှဆိုသည်လား၊ မြေပေါ်မှပဲဆိုသည်လားတော့မသိ။ အတောင်ချင်းငြိကြသေးလား၊ အသံကပ်နေတဲ့ Angel က မစ္စတာဘင်းလို chorus ကြမှ ထထဖောက်သေးလား၊ စိတ်ဝင်စားစရာအင်မတန်ကောင်းသည်။ အညတရကောင်ငယ်လေးတစ်ယောက်အဖြစ် ဘဝကို အစပြုခဲ့ခြင်းဖြစ်မည်။ အခြွေအရံအသင်းအပင်းဆို၍ မိခင်၊ အထိန်းတော်၊ သိုးကျောင်းသား၊ သိုးများသာရှိခဲ့သော ဂျေရုဆလင်မ်၏ ညကာလသည် အေးခဲထုံကျင်နေခဲ့မည်ထင်သည်။

၂။ပညာရှိသုံးယောက်နှင့်ကြယ်
မင်းသုံးပါးဟု ယခင်ကပြန်ဆိုကြသော်လည်း နောက်ပိုင်းတွင် ဗာတီကန်အလိုအရ ပညာရှိသုံးယောက်ပြန်ဖြစ်သွားသော လူသုံးယောက်သည် ကြယ်ကိုကြည့်၍တွက်ချက်ရာ မင်းလောင်းပေါ်ပြီဟုသိ၍ ခရီးထွက်လာကြရာမှ တစ်နေရာတွင် ဆုံလာခြင်းဖြစ်သည်။ သူတို့တွင်ရော orion မှန်ပြောင်း ၃၂၈ တန်တစ်လက်စီရှိလေမလား စိတ်ဝင်စားမိသည်။ ကြယ်ကြည့်ခြင်းသည် စိတ်ချမ်းသာစရာကောင်းသည်။ အထူးသဖြင့် မြင်တွေ့သောကြယ်ပေါ်မူတည်၍ တစ်ခုခုတွက်ချက်စရာမလိုသောသူများအတွက် သာ၍ကြည်နူးဖွယ်ကောင်းသည်။ ကြယ်စုံသောကောင်းကင်သည် စိတ်ကြည်နူးဖွယ်ပင်လယ်ကမ်းခြေတစ်ခုနှင့်တူသည်။ ကြယ်များကို အချိန်ကြာကြာမော့ကြည့်ပါက မိမိသည်လည်း ကြယ်အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခု၊ ယာယီမြေပေါ်ကြွေကျနေသော ကြယ်တစ်စင်းဟု ထင်မှတ်လာနိုင်သေးသည်။ ပညာရှိသုံးယောက်သည်လည်း ကြယ်နောက်လိုက်လာကြသည်။ ကြယ်သည် လမ်းပြမြေပုံဖြစ်သည်။ ကြယ်သည် ယုံကြည်လေးနက်စွာ စိတ်ချလိုက်ရမည့် အမှတ်အသားလည်းဖြစ်သေးသည်။ ထို့ကြောင့် ယခုထက်တိုင် ခရစ်စမတ်သစ်ပင်ကလေးများ၏ထိပ်တွင် ကြယ်တစ်လုံးတပ်ဆင်ထားခြင်းဖြစ်သည်။

၃။သိုးများ
သိုးများကို တွေးခေါ်ရှင်တစ်ချို့က နှိမ်ကြသည်။ သိုးသည် ဦးနှောက်နည်းသည်ဟုဆိုသည်။ ခရစ်ယာန်များ၏ ယုံကြည်မှုသည် သိုးစိတ်ပေါ် အခြေခံသည်ဟု တစ်ချို့နှိမ်ကြသည်။ ခရစ်ယာန်များကလည်း အဲဒီသိုးစိတ်ကို ဂုဏ်ယူကြသည်။ faith ဟုခေါ်သော ယုံကြည်ခြင်းသည် ခရစ်ယာန်ဝါဒ၏ ထောက်တိုင်ဖြစ်သည်။ ကျမ်းစာအဆိုအရ ဘုရားကိုကြောက်ရွံ့ခြင်းသည် ပညာ၏ အချုပ်ဖြစ်သည်ဟုဆိုသည်။ ကြောက်ရွံ့ခြင်းဆိုသည်မှာ ယုံကြည်လေးစား၍ မှတစ်ပါးအခြားမရှိဟု လေးနက်စွာသက်ဝင်ယုံကြည်မှုကိုဆိုလိုခြင်းဖြစ်ဟန်တူသည်။ အအေးပိုင်းဒေသတွင် နေထိုင်သူများအနေဖြင့် အနွေးဓာတ်၏ တန်ဖိုးကို နားလည်ရန်ခက်သလို၊ အပူပိုင်းဒေသမှလူများအနေဖြင့် အအေးဓာတ်၏ အရေးပါမှုကို တန်ဖိုးထားတတ်ရန်ခက်သည်။ ဘာသာရေးအယူအဆများတွင် သူမှားသည်၊ ငါသာမှန်သည်ဆိုသည်မှာလည်း အခြေခံစိတ်ထားနှင့်ယုံကြည်မှုဝိဝါဒကွဲပြားခြင်းကြောင့်သာဖြစ်သည်။ သိုးများသည် ရော၍ကျောင်းထား၍ရသည်။ သိုးကျောင်းသား ငါးယောက်ရှိလျှင် သိုးအားလုံးရော၍ကျောင်းထားလည်းရသည်။ အိမ်ပြန်ချိန်တွင် သိုးကျောင်းသားတစ်ယောက်မှ အသံပေးလိုက်လျှင် သိုးများသည် မိမိသခင်၏အသံကို မှတ်မိပြီး မိမိသခင်နားတွင်လာစုလေ့ရှိသည်။ ထို့ကြောင့် သိုးသည် ခရစ်ယာန်ဝါဒတွင် faith နှင့် မိမိ၏ သခင်ကိုသိခြင်း၊ယုံကြည်ခြင်း၊ချစ်လေးမြတ်ခြင်းကိုဖော်ပြသော symbol ဖြစ်လာသည်။ ထို့ကြောင့်လည်း နောက်ပိုင်း Jesus ဆင်းတုတစ်ချို့တွင် သိုးတစ်ကောင်ထမ်းထားပုံကိုထုလုပ်ထားခြင်းဖြစ်သည်။ ပခုံးပေါ်ထမ်းထားသော သိုးမှာ ပျောက်သောသိုးဟူသော အဓိပ္ပါယ်ရသည်။ သိုးကျောင်းသားသည် သိုးတစ်ကောင်ပျောက်လျှင် မတွေ့မချင်းပြန်ရှာတတ်သည်ဟုဆိုလိုသည်။ ထို့ကြောင့် သိုးမည်းဆိုသောအသုံးအနှုန်းသည် သိုးအုပ်စုမှ ဖဲကြဉ်ထွက်ခွာသောသိုးဖြစ်သည်။ တစ်နည်းအားဖြင့် ယုံကြည်ခြင်းမှ သွေဖယ်သွားသူ၊ တရားဓမ္မလမ်းမှနေ၍လောကီလမ်းဖက်သို့ ခြေချော်သွားသူဟုဆိုလိုသည်။ ဗဒင်၏ သိုးမည်းဟောင်းဟူသော အသုံးအနှုန်းသည် ယခင်က လမ်းမှားလိုက်ခဲ့ဖူး၍ ယခုအခါလမ်းမှန်ပြန်ရောက်နေသော နောင်တ တရားဖြင့်ပြောင်းလဲသူဟုဆိုလိုသည်။ သိုးများသည် ရှေ့မှသွားသူနောက်ကိုသာလိုက်သည်ဟုဆိုသည်။ disciples ဟူသောစကားလုံးကို တပည့်တော်ကြီး ၁၂ ပါးတွင်သုံးခြင်းမှာလည်း သိုးအယူအဆအရ နောက်မှထပ်ချပ်မကွာလိုက်သူများအဖြစ်ရည်ညွှန်းလိုရင်းဖြစ်သည်။ ရှေးဟောင်းဓမ္မဟောင်းကျမ်းစာများတွင် ယဇ်ပူဇော်ခြင်းအလေ့အထရှိခဲ့သည်။ ဘုရားနှင့် လူသားအကြား ပဋိညာဉ်အဖြစ် ပူဇော်ပသခြင်းဖြစ်သည်။ ခရစ်ယာန်၊မူဆလင်၊နှင့် ဂျူးဘာသာတို့သည် ဓမ္မဟောင်းကျမ်းခြင်းအတူတူပင်ဖြစ်သည်။ နွား၊ကျွဲ၊သိုး၊ဆိတ် စသည်ဖြင့် အကောင်တစ်ကောင်ကောင်ကိုသတ်၍ပူဇော်ခြင်းအလေ့အထရှိခဲ့သည်။ သိုးသည် ပူဇော်စရာယဇ်ကောင်ဟူသော အနက်လည်းထွက်သည်။ ထို့ကြောင့် ခရစ်ယာန်ဘုရားစာတစ်ချို့တွင် Jesus ကို ဘုရားသခင်၏သိုးသူငယ်(Lamb of God) ဟုရည်ညွှန်းခြင်းများရှိခဲ့သည်။ ဘုရားနှင့်လူသားအကြား အသေခံရန် ယဇ်ကောင်အဖြစ်လူ့လောကကို လွှတ်လိုက်သူဟုဆိုလိုဟန်တူသည်။ နောက်ထပ် သိုးသူငယ်၏ ဂုဏ်ရည်တစ်ခုမှာ ရန်မမူတတ်ခြင်းဖြစ်သည်။ ရိုးသားမှုကိုဆိုလိုသည်။ "လေးဖြူ၏သီချင်းတစ်ပုဒ်တွင် ရိုးသားလွန်းတဲ့သိုးဟာ ကောက်ကျစ်တတတ်တဲ့မျက်နှာနဲ့ ရေး ရေ " ဟုပါသည်။ ကမ္ဘာသစ်တေးစီးရီးတွင်ဖြစ်သည်။ တစ်ခွေတည်းထွက်ဖူးသော ပင်ကိုယ်ရေး သီချင်းများဖြစ်သည်။ မအောင်မြင်ခဲ့ပေ။

၎။Epiphany

ဒီဇင်ဘာသည် Epiphany နှင့်လည်းဆက်သွယ်သည်။ Jesus မွေးလာသော အခါ ဘုရားအဖြစ် လက်ခံသူတစ်ချို့ပေါ်ပေါက်ခဲ့သည်။ နှစ်ပေါင်း ၂၀၀၀ ကျော်အကြာတွင် လူဦးရေတော်တော်များများ ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အထိ ဘာသာဝင်အများဆုံး ဘာသာအဖြစ်ရပ်တည်ခဲ့သည်။ Epiphany ဟူသော ဂျွိုက်စ်၏စာအုပ်ကို ဆရာမြတ်သစ်က လင်းပွင့်ခြင်းဟုပြန်ခဲ့ဖူးသည်ထင်သည်။ ယုံကြည်ခြင်းသည် တစ်သက်စာဖြစ်ခဲ့လျှင် လင်းပွင့်ခြင်းဖြစ်လိမ့်မည်ထင်သည်။ မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားသည် မိမိ၏ အလင်းတရားအဖြစ် တစ်သက်လုံးစောင့်ရှောက်နေလျှင် လင်းပွင့်ခြင်း၊ နားလည်ခြင်း၊ သဘောပေါက်ခြင်း၊ ညွတ်နူးယုံကြည်ခြင်း၊ တည်ကြည်သက်ဝင်ခြင်းကိစ္စဖြစ်သည်ဟု အကြမ်းဖျင်းဆိုနိုင်မည်ထင်သည်။ Epiphany ၏ အနှစ်သာရသည် ကျယ်ပြန့်လွန်း၍ အကျယ်မချဲ့တော့ပါ။

၅။ရွှေ

ရွှေသည် ပညာရှိသုံးပါး၏ လက်ဆောင်သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ပညာရှိသုံးပါးသည် ယခုခေတ် သင်္ကေတဝါဒီများ၏ ဘိုးဘေးများဖြစ်လောက်သည်။ ရွှေကိုပေးခြင်းမှာ ဘုရင်အဖြစ်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ခရစ်ယာန်သမ္မာကျမ်းစာများအရ Jesus သည် king of kings ဟုရည်ညွှန်းရသူဖြစ်သည်။ ဟေရုဒ်မင်းသည် ထိုစကားစုကို နားမလည်၍ Jesus ကိုလုပ်ကြံခြင်းဖြစ်သည်။ နောက်တော့ ကျမ်းစာ၏တစ်နေရာတွင် ကောင်းကင်နိုင်ငံတော်၏ ဘုရင်ဖြစ်ကြောင်းပြောကြားချက်ပါသည်။ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်ဟုလည်းပါသေးသည်ထင်သည်။ (လောကီနိုင်ငံ၏ဘုရင်အစစ်မှာ မာရ်နတ်၊စေတန်၊ရှိုက်တန်၊လူစီဖာ၊လူစီဖဲလ်၊ ဟူသော သိကြားတမန်ဟောင်းသာဖြစ်သည်။ ရွှေနှင့်သိပ်မဆက်စပ်၍ မာရ်နတ်အကြောင်းအကျယ်မချဲ့တော့ပါ။ ရွှေအကြောင်းကိုသာဆက်ပါမည်။) ရွှေသည် ခေတ်အဆက်ဆက် ဘုရင်များအသုံးပြုရာအမည်နာမဖြစ်သည်။ ပီလာတူးမင်းသည် Jesus ကို သတ်ပြီးတဲ့အခါမှာ I.N.R.I ဟူသော သရော်တော်တော်စာသားကိုချိတ်ဆွဲခဲ့သည်။ Jesus က သူသည်ဘုရင်ဖြစ်သည်ဟုဆိုသောကြောင့် ယုဒရှင်ဘုရင် နာဇရတ်မြို့သား ယေရှုဟု ဆိုင်းဘုတ်ကပ်ပေးလိုက်ခြင်းဖြစ်သည်။ ရှေးခေတ်ဘုရင်များသည် ရွှေကိုအဓိက အသုံးပြုခဲ့ကြသည်။ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နှင့်မှ တင့်တယ်သည်ဟုလည်းဆိုကြသည်။ အမြတ်တနိုးတန်ဖိုးထားသည့်အဆင်တန်ဆာအဖြစ်လည်းသုံးကြသည်။ နွားတင်းကုတ်ထဲမှ ကလေးငယ်တစ်ယောက်သည် နိမ့်ကျသော နေရာတွင်မွေးသော်လည်း ဘုရင်အစစ်ဖြစ်သည်ဟုဆိုလိုသည်။ သို့သော် Jesus ဘဝတစ်လျှောက်လုံးတွင် ရွှေဝတ်ဆင်နိုင်ခဲ့ပုံမရ။ လက်သမားသားအဖြစ်သာနေထိုင်ခဲ့သည်။ ထို့နောက်တရားဟော၍ အသတ်ခံလိုက်ရသည်။

၆။frankincense လော်ဘန်

လောဘန်ဆိုသည်မှာ အမွှေးနံ့သာတစ်မျိုးဖြစ်သည်။ အပင်ကနေထုတ်ယူသည်ဟု ဝီကီမှာတွေ့သည်။ ဘုရားများနတ်များကို ပူဇော်ပသည့်နေရာတွင် သုံးလေ့ရှိကြသည်။ ဘုရားတွေ အမွှေးနံ့ကြိုက်သည်ဟူသောအယူအဆကို ဟိန္ဒူများစခဲ့ခြင်းဖြစ်ဟန်တူသည်။ ထို့ထက်လည်းစောနိုင်သည်။ ထိုအချိန်မှစ၍ ဘုရားဆင်းတုတော်များ အဆုတ်ရောဂါရမတတ် အမွှေးနံ့များလွှမ်းကုန်သည်။ မြန်မာပြည်မှ အမွှေးတိုင်ဆိုတာမျိုးက ရင်ကြပ်စေသည်။ (ထို့ကြောင့်လည်း အရှင်ဆန္ဒာဓိကက ဘုရားကို ညှော်နဲ့မတိုက်ကြပါနှင့်ဟု တရားတစ်ပုဒ်မှာဟောသည်။) လော်ဘန်အစစ်ကတော့ ခပ်သင်းသင်းလေး မွှေးသည်။ ထိုလောဘန်သည် ပညာရှိတစ်ပါးမှ Jesus ၏ ဘုရားအဖြစ်ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။ son of God ဆိုလျှင် God ဖြစ်ရမယ်ဆိုသည့် အယူအဆပဲ။ Trinity အယူအဆအရလည်း Jesus သည် God ဖြစ်သည်ဟုဆိုသည်။ God တကယ်ဖြစ်မဖြစ်သည် ယုံကြည်သူနှင့် မယုံကြည်သူအမြင်အပေါ်တွင်သာကွာခြားလေသည်။ ခရစ်ယာန်ဝါဒတွင်တော့ ယုံကြည်သူများသည် ယုံကြည်သူတွေဖြစ်သည်။ မယုံတဲ့သူတွေသည် အယူမှားသည့်သူများမဟုတ်။ မယုံတဲ့သူများသာဖြစ်သည်။ ဘုရား၏သဘောကိုက အတင်းအကြပ်မရှိ။ ယုံချင်ယုံ၊မယုံချင်နေသဘောဆောင်သည်။ ဝေနေယျသတ္တဝါတို့အား ဧဝံဂေလိ တရားဟောကြလော့ဆိုသည်မှာလည်း တရားဟောခိုင်းခြင်းမဟုတ်။ နှိမ့်ချသောစိတ်ဖြင့် လူသားခြင်းစာနာရန်လွှတ်လိုက်ခြင်းသာဖြစ်သည်။ ဘာသာပြန်အတိမ်းအစောင်းများကြောင့် ယေဟောဝါအသင်းကဲ့သို့ တရားကို မတရားဟောချင်သူများပေါ်ထွန်းလာခြင်းဖြစ်သည်။ (ယေဟောဝါဆိုသည်မှာလည်း အသံထွက်အမှားသာဖြစ်သည်။ ယာဝေကို ခပ်ကြမ်းကြမ်း ဘာသာပြန်လိုက်ခြင်းဖြစ်သည်။)

၇။ Myrrh (မီရာ)

မီရာမှာလည်း ဆူးပင်တစ်မျိုးမှထုတ်ယူသော အမွှေးနံ့သာဖြစ်သည်။ ဂျူးလိုမျိုးများ၏ ထုံးစံတွင် မီရာကို လူသေကောင်များတွင်သာတွင်တွင်ကျယ်ကျယ်သုံးခဲ့ကြသည်။ မီရာသည် သေခြင်းကိုညွှန်းသည်။ လူအဖြစ်ကိုဖော်ပြသည်။ ထိုပညာရှိ၏အလိုအရ Jesus သည် လူသားဖြစ်၍ သေရဦးမည်ဟု သွယ်ဝိုက်ဆိုလိုသည်။ ထိုပညာရှိသုံးယောက်၏ performance သည် အတော်အတန်ခေတ်ရှေ့ပြေးလှသည်ဟုပင်ဆိုရမည်ထင်သည်။

၈။ ဒီဇင်ဘာပန်း

ပွင့်တူရွက်တူပန်းတစ်မျိုးသာဖြစ်သည်။ ထူးခြားချက်မှာ ဒီဇင်ဘာလတွင် အနီရဲရဲပြောင်းလဲသွားသော အရွက်များကြောင့် တိုက်တိုက်ဆိုင်ဆိုင် ခရစ်စမတ်ပန်းဖြစ်သွားခြင်းဖြစ်သည်။ Poinsettia ဟုခေါ်သည်။ တစ်နှစ်လုံးမထူးခြားသော်လည်း ခရစ်စမတ်တွင်တော့ သူမပါလျှင်မပြီးချေ။ ခရစ်စမတ်ကဒ်များတွင်လည်း အင်မတန်ဟန်နှင့်ပန်နှင့်ပါဝင်တတ်သော သစ်ရွက်လှလှနှင့်ပန်းပင်လေးဖြစ်သည်။ ရိုးတံသည်အမွှေးအအမျှင်အနည်းငယ်ရှိသည်။ ကျိုးပဲ့လွယ်သည်။ ရိုးတံပွန်းသွားလျှင် စိမ်းရွှေရွှေအနံ့နံသည်။ စိုက်ပျိုးရန်လွယ်ကူသော ရွက်လှပန်းအနွယ်ဝင်ဖြစ်လိမ့်မည်ထင်သည်။ ငယ်စဉ်ကတော့ အိမ်တွင် တစ်ပင်ရှိသည်။ ဒီဇင်ဘာပြင်ပတွင် လူရာဝင်လှသော ပန်းပင်တော့မဟုတ်ပါ။ သို့သော် ထိုပန်းပင်၏အရောင်ဖြစ်သော အနီရောင်နှင့် အစိမ်းမှာ ခရစ်စမတ်၏ အခြေခံ အရောင်ဖြစ်သည်။ ကတ်သလစ်အသင်းတော်တွင်တော့ အနီရောင်သည် သွေး၏အရောင်၊ ကယ်တင်ခြင်း၏ အရောင်ဟုဆိုသည်။ အစိမ်းရောင်သည် သေခြင်းမှရှင်ပြန်ခြင်းဟုဆိုလိုသည်ဟုသိရသည်။

၉။ခရစ်စမတ်ကဒ်

ချစ်ခင်သူများအကြား အမှတ်တရ လက်ဆောင်။ အမြတ်တနိုးသိမ်းထားရန်လိုအပ်သည်။

၁၀။ ပုံပြင်များ

ချဲ့ထွင်လာသော လူ့သမိုင်းနှင့်အညီ တောက်ပလင်းလက်လာသော ယုတ္တိဗေဒပြင်ပမှ အလင်းရောင်များ။ တံခါးပိတ်ထားသော နေအိမ်များ။ ခရစ်စမတ်သီချင်းသံများ။ ဤအိမ်ပေါ်သို့ ကောင်ချီးမင်္ဂလာရောက်စေသော်ဝ်များ။ ဂစ်တာသံများ။ ညဉ့်နက်လမ်းမများ၊ အေးချမ်းသော ဆောင်းကာလ၏နှင်းစက်များ၊ သိုးမွှေးဆွယ်တာများ၊ သိုးမွှေးဦးထုပ်များ၊ ဒဏ်ရာမပါသော လူငယ်ဘဝများ၊ ရှေးရှေးတုန်းကနှင့် အစချီသော တသသလွမ်းဖွယ်ကိစ္စများ၊ သိမ်းထုတ်ထားပြီး ဖွင့်ဖြေရန် ဆန္ဒမရှိတော့သော လူငယ်ဘဝ၏ လက်ဆောင်ထုပ်များ၊ ပို့သလိုက်ရန် တမင်မေ့လျော့ပစ်လိုက်သော အနီရောင် ခရစ်စမတ်ကဒ်များ၊ သမင်စီးလာသော အဘိုးအို၊ အဘိုးအိုသယ်လာသော အထုပ်အပိုးများ၊ စာများ၊တေးသံများ၊ နောက်ထပ်နှစ်သစ်တစ်နှစ်အတွက် အသင့်ပြင်ဆင်မှုများ၊ အားလျော့မှုများ၊ ဆက်လက်လှမ်းသွားရန်လိုအပ်၊မလုအပ်ကိစ္စများ၊ ဘဏ်ငွေလက်ကျန်ပြီး၊ တိုးတက်မှု၊ဆုတ်ယုတ်မှုများ၊ အိပ်ရေးဝဝများ၊ အိပ်ရေးပျက်ပျက်များ၊ လေမှုတ်ရုပ်ဝဝများ၊ အိပ်မက်လှလှများ။ ပုံပြင်များသည် အစွမ်းကုန်လှပနေရန်လိုသည်။ ပုံပြင်များသည် အစွမ်းကုန် သဘာဝကျမနေဖို့လိုသည်။ ..........ဒီဇင်ဘာသည် ပုံပြင်ထဲတွင် အေးခဲနေခဲ့သည်။                  ။



Peace B with U.

Friday, November 25, 2011

အဟဲ .. ရေသန့်ဗူးတော်သို့ ဖူးမျှော်မိခြင်း

အဟဲ .. ရေသန့်ဗူးတော်သို့ ဖူးမျှော်မိခြင်း



တနလာင်္နေ့ကနေ သောကြာနေ့အထိ ပျော်ရွှင်မှုဟာ အစဉ်အတိုင်းကြီးထွားလာတာ ဘာကြောင့်လဲ။ (ပျင်းလို့နေမယ်။)
ဘယ်ခေတ်ဘယ်အခါမှနဲ့မတူအောင်ပါပဲ၊ မြန်မာပြည်ဟာ ကမ္ဘာကို ထူးခြားဆန်းပြား ရေသန့်ဗူးများကို ဖြန့်ဖို့ စတင်ကြိုးစားနေခဲ့ပါပြီ။ (အဆန်းတွေချည်းပဲ။)

ဒါမျိုးတွေ ကျွန်တော်တို့ကျောင်းတက်တုန်းကလည်းရှိခဲ့တယ်။ ကျောင်းက သန်လျင်မှာတက်ရတယ်။ ကျောက်တန်းက ဥယျာဉ်ရွာက အိမ်တစ်အိမ်မှာ အလင်းရောင်ကနေ ရွှေတိဂုံစေတီပုံလည်းပေါ်တယ်။ ကျိုက်ထီးရိုးစေတီပုံလည်းပေါ်တယ်။ ဂျာနယ်ထဲမှာတော့ နှစ်ခါလောက်ပါလာတယ်။ အဲဒီတုန်းက ကျောက်တန်းမှာနေတဲ့ သူငယ်ချင်းနဲ့ အဲဒီရွာဘက်သွားဖို့ စီစဉ်ထားပေမယ့် မသွားဖြစ်လိုက်ဘူး။

မန္တလေးမှာလည်းရှိတယ်။ စေတီပုံပေါ်တာ။ အရင်ကတည်းက အနည်းနဲ့အများတော့ ရှိတယ်။

အခု ရေသန့်ဗူးကို နေပူချိန်မှာ သောက်ရမှာလား၊ ကန်တော့ရမှာလားဆိုတဲ့ ကြီးမားတဲ့ပြဿနာကို တွေ့ရှိရဖို့ရှိပါတယ်။ စွယ်တော်ပင့်လာလို့ စွယ်တော်ရွက်ပုံပေါ်တာဆိုရင် အတော်လေးကို နိမိတ်ပုံဆန်တဲ့တန်ခိုးပြသမှုလို့ဆိုရပါမယ်။ မြန်မာနိုင်ငံသားများမို့လို့(မူကွဲ၊ မလို့) ခန့်မှန်းဖော်ထုတ်နိုင်တယ်လို့ယူဆပါတယ်။ အစဦးဆုံးတွေ့ရှိသူကို စီးပွားရေးဆိုင်ရာ နိုဗယ်ဆုအတွက် nominate လုပ်ဖို့ကောင်းပါတယ်။ တကယ်လို့ စွယ်တော် ရေသန့်ဗူးတွေ ကမ္ဘာကို ဖြန့်ချိနိုင်ရင် တိုင်းပြည်ရဲ့ဝင်ငွေ နှစ်ဆတိုးဖို့ရှိပါတယ်။

အင်မတန်အံ့သြမိတာက တန်ခိုးပြာဋိဟာ နဲ့ပတ်သက်ရင် သက်တော်ထင်ရှားရှိစဉ်ကတည်းက အားပေးတော်မမူတဲ့ ဘုရားရှင်ဟာ ဓာတ်တွေမွေတော်တွေကြမှ တန်ခိုးပြစေလို့တော့ အဓိဌာန်ခဲ့မှာမဟုတ်ဘူးလို့ထင်မိပါတယ်။ ဖတ်ဖူးတာကတော့ သက်တမ်းတိုလာတဲ့အတွက် နောက်ပိုင်းဝေနေယျတွေကုသိုလ်ပိုရဖို့ ဓာတ်တွေမွေတော်တွေကို တစ်စုတစ်စည်းမချန်ရစ်စေဘဲ ပိုပိုသာသာလေး ချန်ထားပေးခဲ့တယ်ဆိုတာပါပဲ။ အဲဒီဓာတ်တွေမွေတော်တွေစုစည်းပြီးတည်ထားတဲ့ စေတီတစ်ဆူစီဟာ ဘုရားရှင်တစ်ပါးအနေနဲ့ကိုယ်စားပြုပါတယ်။ အဲဒါကြောင့်လည်း ရည်စူးကုသိုလ်တွေမှာ ဆူးလေစေတီကို လှူမယ့်ဝတ္ထုကို ရွှေတိဂုံစေတီပြောင်းမလှူကောင်းဘူးဆိုတာတွေဖြစ်လာတာပါ။

ထေရ၀ါနဲ့ပတ်သက်ရင် လောလောဆယ်မှာ မြန်မာပြည်က စူပါအနေအထားမှာရှိပါတယ်။ ဓာတ်တော်တွေ၊ စွယ်တော်တွေ နဲ့ပတ်သက်ရင်လည်း အခုအချိန်မှာ မြန်မာပြည်မှာ အများဆုံးလောက်ရှိပါတယ်။ ရဟန္တာတစ်ထောင်ရဲ့ဓာတ်တွေတွေစုထားတဲ့စေတီဆိုတာများတွေလည်း မြန်မာပြည်မှာရှိပါတယ်။ တရုတ်ပြည်က စွယ်တော်ပင့်ရတယ်ကြားရင် ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ မိုးကုတ်ဆရာတော်ကြီးအကြောင်းကို သတိရပါတယ်။

ဆရာတော်ကြီးက သူ့တကာမ/တကာတွေကို မေးတာပါ။

တကာ၊တကာမတို့ ခရီးသွားကြမယ်ဆို။
မှန်ပါ့ဘုရား၊ ရဟန္တာပေါ်တယ်ဆိုလို့ သွားဖူးကြမလို့ပါဖျာ့။
ဟာ မင်းတို့တွေက ရဟျန္တာရှေ့မှာထိုင်နေလဲ သိနိုင်မှာလား

အဲဒီစကားရဲ့အဓိပ္ပာယ်ကလည်း ဆရာတော်ကြီး ဓာတ်တော်ကျတယ်ဆိုမှပဲ ရဟန္တာသွားဖူးခဲ့တဲ့သူတွေသိကြရတယ်။ မြန်မာပြည်မှာ အနားမှာမရှိတဲ့အရာကို ပိုပြီးတန်ဖိုးထားတဲ့အလေ့အထမျိုးရှိပုံရတယ်လို့ထင်မိပါတယ်။ ရွှေတိဂုံဘုရားကို သုံးလေးထောင် လှူဖို့လက်တွန့်နေတဲ့သူတွေတောင် တရုတ်ပြည်က လာတုန်း ဖူးရခဲတယ်ဆိုတဲ့စွယ်တော်ကိုတော့ တစ်သောင်းလောက်လှူလိုက်ဖို့ဝန်မလေးကြပါဘူး။

ဘုရားကို သိပ်ချစ်တဲ့ရဟန်းတစ်ပါးအကြောင်းလည်း နာကြားခဲ့ဖူးပါတယ်။ သူက ဘုရားကို ချစ်ခင်တော့ ရှေ့နားက နေရာဦးဦးပြီး မျက်နှာတော်ကို ထိုင်ငေးနေရတာကို ကျေနပ်နေတဲ့သူပါ။ ရှေ့နားမှာကွယ်တဲ့ဘုန်းကြီးရဟန်းရှိနေရင် သူက ဒေါပွပါတယ်။ သူ့ဘုရားကို ကွယ်ထားရကောင်းလားဆိုပြီးတောင်ဖြစ်တယ်လို့သိရပါတယ်။ သူက တရားပွဲတိုင်းလိုက်ပါတယ်။ တရားမနာပါဘူး။ ဘုရားကိုထိုင်ကြည့်နေတာပါ။ အဲဒါကိုပဲ ပျော်နေတဲ့သူပါ။ အဲဒီရဟန်းဘာရသွားလည်းဆိုတော့ ဘုရားရှင်ရဲ့ အဆူအပူစကားလုံးဖြစ်တဲ့ ဟယ် .. မဂ်ဖိုလ်မနီး အချည်းနှီးရဟန်း ဘုရားနားမှာနေပြီး ဝေးနေတဲ့သူ၊ တရားကိုသိမှ ဘုရားရဲ့သင်္ကန်းစွန်းဆွဲပြီးလိုက်နေသလို နီးနေတဲ့သူဖြစ်တယ်ဆိုပြီး ပြောခံလိုက်ရပါတယ်။ အတော်လေး ရင်နာစရာကောင်းပါတယ်။ ဘုရားသွားလေရာလိုက်ပြီး ဖူးနေတာကိုတောင် ဂလို အပြောခံရတယ်ဆိုရင် ဘုရားရှင်ဟာ သက်တော်ထင်ရှားရှိတုန်းက အင်မတန် တင့်တယ်လှပတဲ့ရုပ်သွင်ကို ကြည်ညိုတာကိုတောင် အင်မတန် ဆန့်ကျင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုတာ အင်မတန်ထင်ရှားပါတယ်။ (ကြေကွဲသွားတဲ့ရဟန်းဟာဘုရားအပြောခံလိုက်ရတော့ အတော်လေး စိတ်ဓာတ်ကျသွားပါတယ်။ ဘေးနားမှာ ရဟန်းတွေအများကြီးရှိတော့ ရှက်လည်းရှက်သွားပုံရပါတယ်။ အဲဒီတော့ တောင်ပေါ်ကို တက်ပါတယ်။ HDB မရှိတဲ့ခေတ်ရဲ့ ဖြစ်ရပ်မှန်ပါ။ ချောက်ကမ်းပါးစွန်းမှာရပ်ပြီး Titanic ထဲကလို လက်ကိုဆန့်တန်း၊ ခေါင်းကလေးကိုမော့၊ မျက်လုံးလေးကိုမှိတ်၊ မျက်ရည်တွေစို့နေ၊ နှာရည်အနည်းငယ်ဖြည်းဖြည်းချင်းစီးကျလာ၊ တော်ပြီ မချစ်တော့ဘူး သီချင်းကို ကြားယောင်၊ ကဲကွာ free fall ဆိုပြီး၊ ချောက်ကမ်းပါးထဲမှောက်ချလိုက်တာ။ ဖြစ်ချင်တော့ ချောက်ကမ်းပါးအောက်က ဆန်တက်လာတဲ့လေက တွန်းထားလို့ မိုက်ကယ်ဂျတ်ဆင် အကထဲကလို 45 ဒီဂရီအနေအထားမှာကြီးဖြစ်နေတယ်။ အဲဒီအချိန်မှာ ဘုရားကြွလာပြီး တရားဟောမှ လေထဲမှာ 45 ဒီဂရီကြီးနဲ့ ရဟန္တာဖြစ်တော်မူပါတယ်။ အဲဒီတော့မှ ဘုရားက အခုမှ ဘုရားနဲ့နီးတဲ့သူဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ ဒါက အပိုဟောပေးလိုက်တာပါ။)

ဘုရားက သူ့ကိုလာတွေ့ရင် ကိလေသာအေးရာအေးကြောင်းတွေပဲ ဟောလိုက်တာပါ။ ငါဘုရားမရှိတော့တဲ့အခါမှာ တရားအဆုံးအမနဲ့နေကြဖို့ပဲဟောပါတယ်။ သာသနာသုံးရပ်အကြောင်းမှာ ဓာတ်တော်တွေအကြောင်းထည့်မဟောပါဘူး။ သက်တော်ထင်ရှားကတည်းက ပုဂ္ဂိုလ်ထက် တရားကိုမင်တာကိုပဲ တစ်စိုက်မတ်မတ် လက်ခံခဲ့ပြီး၊ တန်းခိုးပြတာကို ဆန့်ကျင်ခဲ့တဲ့ဘုရားရှင်ဟာ ရေသန့်ဗူးမှာ စွယ်တော်ပုံလေးထင်ပြတယ်ဆိုတာဟာ အင်မတန် ထေရ၀ါဒမဆန်တဲ့ ယုံကြည်မှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘုရားရှင်ဟာ မာရ်နတ်တပ်ကြီးလာတုန်းကတောင် တန်ခိုးနဲ့ပြန်မ fight ခဲ့ပါဘူး။ မေတ္တာဓာတ်နဲ့ပဲအောင်နိုင်ပြီး၊ မေတ္တာသည်ဟာ အကြီးဆုံးစွမ်းအားဆိုတဲ့ ငြိမ်းချမ်းမှုကိုပဲပြသခဲ့ပါတယ်။ တပည့်တွေအများကြီးနဲ့ရသေ့ရဲ့ မီးတင်းကုပ်က နဂါးကို အနိုင်ယူရတယ်ဆိုတာကလည်း ရသေ့တွေကို အကျွတ်တရားရစေချင်လို့ပါပဲ။ ဒီ့အပြင်ကတော့ တန်ခိုးကို တခါမှ အလွယ်သုံးစားမလုပ်ခဲ့ကြောင်းအမှန်ပါ။ ဘုရားရှင်က ပထမဈာန်အဆင့်ကို infant လောက်ကတည်းကရခဲ့တဲ့အတွက်၊ တန်ခိုးတွေဘာတွေကို ကလေးကလားဆန်တယ်ထင်ခဲ့လားတော့မပြောတတ်ပါဘူး။

မဟုတ်တာတွေကို သိပ်ပြီး ဇာချဲ့နေရင်တော့ ဘုရားဖူးလွန်းနေတဲ့ရဟန်းကို ပြောသလို ဟယ် မဂ်ဖိုလ်မနီး အချည်းနှီး ဆိုတာကြီး သင့်ဆီလည်း ပျံဝဲရောက်ရှိမှာ တကယ်ပဲစိုးရိမ်မိပါတယ်။ ။

Regards,
Zephyr,


Ref:
တုစ္ဆ ၀က္ကလိ (အချည်းနှီးသော ၀က္ကလိ)



Peace B with U.

Wednesday, November 16, 2011

သိပ်မကြာတော့ပါဘူး

သိပ်မကြာတော့ပါဘူး


မနက်ဖြန် ဗုဒ္ဓဟူးနေ့ရောက်ပြီ။ မကြာမီ ကြာသပတေး၊ သောကြာ၊ ....။
ပျော်အောင်နေပါ။ မကြာမီ စနေပဲ။

ပျော်အောင်နေပါ။
စနေ .... ရောက်တော့မှာပါ ....။
မကြာခင် လကုန်တော့မှာပါ။
မကြာခင် အသက်ကုန်တော့မှာပါ။
ပျော်အောင်နေပါ။
အေးဆေးပေါ့။

ငြိမ်ြးိငိမ်းချမ်းချမ်း။
သာသာယာယာ။ ။

Zephyr

----------------------------------------------------------------------------------------------

မနေ့က ဖေ့စ်ဘွခ် ပရိုဖိုင်းမှာ တင်ထားဖြစ်တဲ့ စာတိုပေစလေးပါ။
---------------------------------------------------------------------------------

“ အပ္ပမာဒေါ အမတံ ပဒံ ” ဆိုတာ…အပ္ပမာဒေါ- မမေ့မလျော့ခြင်းသည်၊ အမတံ-မသေခြင်း၏ (တစ်နည်းအားဖြင့်) နိဗ္ဗာန်၏ ၊ ပဒံ- အကြောင်းပင်တည်း။
“ ပမာဒေါ မစ္စုနော ပဒံ ” ဆိုတာ…ပမာဒေါ-မေ့လျော့ခြင်းသည်၊ မစ္စုနော-သေခြင်း၏၊ ပဒံ-အကြောင်းပင်တည်း။
“ အပ္ပမတ္တာ နမီယန္တိ- မမေ့မလျော့သူတို့သည် မသေကုန် ”
“ ယေ ပမတ္တာ ယထာမတာ- မေ့လျော့သူတို့သည် သေသူတို့နှင့် တူကုန်၏ ”

ဆိုတဲ့ အဆုံးအမကိုလည်း ပြန်ပြီး မှတ်မိလာကြမယ်ထင်ပါတယ်။ တနေ့ကုန် တစ်နေ့နီးရင်း အပြီးတိုင်ကြတော့မှာပါပဲ။ ငြိမ်းငြိမ်းချမ်းချမ်း၊ သာသာယာယာပဲသွားကြရင်ကောင်းမယ်။ သိပ်မလောပါနဲ့။ အချိန်ကုန်သွားရင် ပြန်မရတော့ဘူး။ ကိုယ်လုပ်နေတာတွေက စားဝတ်နေရေးတွေ၊ ဒုတိယဦးစားပေးအလုပ်တွေပဲဖြစ်နေတာများတယ်။ လူရော၊စိတ်ရော မထိခိုက်စေဘဲ စိတ်ချမ်းချမ်းသာသာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကိုယ့်ကိုယ်ကိုသတိပေးတာပါ။ ကိုယ်ရနေတဲ့အချိန်ဟာ unlimited မဟုတ်ဘူးဆိုတာကို မေ့လျော့နေတဲ့လူတိုင်းအတွက် လည်းရည်ရွယ်ပါတယ်။

------------------------------------------------------------------------------

With Peace,
Zephyr



Peace B with U.