Showing posts with label magical drinking water. Show all posts
Showing posts with label magical drinking water. Show all posts

Friday, November 25, 2011

အဟဲ .. ရေသန့်ဗူးတော်သို့ ဖူးမျှော်မိခြင်း

အဟဲ .. ရေသန့်ဗူးတော်သို့ ဖူးမျှော်မိခြင်း



တနလာင်္နေ့ကနေ သောကြာနေ့အထိ ပျော်ရွှင်မှုဟာ အစဉ်အတိုင်းကြီးထွားလာတာ ဘာကြောင့်လဲ။ (ပျင်းလို့နေမယ်။)
ဘယ်ခေတ်ဘယ်အခါမှနဲ့မတူအောင်ပါပဲ၊ မြန်မာပြည်ဟာ ကမ္ဘာကို ထူးခြားဆန်းပြား ရေသန့်ဗူးများကို ဖြန့်ဖို့ စတင်ကြိုးစားနေခဲ့ပါပြီ။ (အဆန်းတွေချည်းပဲ။)

ဒါမျိုးတွေ ကျွန်တော်တို့ကျောင်းတက်တုန်းကလည်းရှိခဲ့တယ်။ ကျောင်းက သန်လျင်မှာတက်ရတယ်။ ကျောက်တန်းက ဥယျာဉ်ရွာက အိမ်တစ်အိမ်မှာ အလင်းရောင်ကနေ ရွှေတိဂုံစေတီပုံလည်းပေါ်တယ်။ ကျိုက်ထီးရိုးစေတီပုံလည်းပေါ်တယ်။ ဂျာနယ်ထဲမှာတော့ နှစ်ခါလောက်ပါလာတယ်။ အဲဒီတုန်းက ကျောက်တန်းမှာနေတဲ့ သူငယ်ချင်းနဲ့ အဲဒီရွာဘက်သွားဖို့ စီစဉ်ထားပေမယ့် မသွားဖြစ်လိုက်ဘူး။

မန္တလေးမှာလည်းရှိတယ်။ စေတီပုံပေါ်တာ။ အရင်ကတည်းက အနည်းနဲ့အများတော့ ရှိတယ်။

အခု ရေသန့်ဗူးကို နေပူချိန်မှာ သောက်ရမှာလား၊ ကန်တော့ရမှာလားဆိုတဲ့ ကြီးမားတဲ့ပြဿနာကို တွေ့ရှိရဖို့ရှိပါတယ်။ စွယ်တော်ပင့်လာလို့ စွယ်တော်ရွက်ပုံပေါ်တာဆိုရင် အတော်လေးကို နိမိတ်ပုံဆန်တဲ့တန်ခိုးပြသမှုလို့ဆိုရပါမယ်။ မြန်မာနိုင်ငံသားများမို့လို့(မူကွဲ၊ မလို့) ခန့်မှန်းဖော်ထုတ်နိုင်တယ်လို့ယူဆပါတယ်။ အစဦးဆုံးတွေ့ရှိသူကို စီးပွားရေးဆိုင်ရာ နိုဗယ်ဆုအတွက် nominate လုပ်ဖို့ကောင်းပါတယ်။ တကယ်လို့ စွယ်တော် ရေသန့်ဗူးတွေ ကမ္ဘာကို ဖြန့်ချိနိုင်ရင် တိုင်းပြည်ရဲ့ဝင်ငွေ နှစ်ဆတိုးဖို့ရှိပါတယ်။

အင်မတန်အံ့သြမိတာက တန်ခိုးပြာဋိဟာ နဲ့ပတ်သက်ရင် သက်တော်ထင်ရှားရှိစဉ်ကတည်းက အားပေးတော်မမူတဲ့ ဘုရားရှင်ဟာ ဓာတ်တွေမွေတော်တွေကြမှ တန်ခိုးပြစေလို့တော့ အဓိဌာန်ခဲ့မှာမဟုတ်ဘူးလို့ထင်မိပါတယ်။ ဖတ်ဖူးတာကတော့ သက်တမ်းတိုလာတဲ့အတွက် နောက်ပိုင်းဝေနေယျတွေကုသိုလ်ပိုရဖို့ ဓာတ်တွေမွေတော်တွေကို တစ်စုတစ်စည်းမချန်ရစ်စေဘဲ ပိုပိုသာသာလေး ချန်ထားပေးခဲ့တယ်ဆိုတာပါပဲ။ အဲဒီဓာတ်တွေမွေတော်တွေစုစည်းပြီးတည်ထားတဲ့ စေတီတစ်ဆူစီဟာ ဘုရားရှင်တစ်ပါးအနေနဲ့ကိုယ်စားပြုပါတယ်။ အဲဒါကြောင့်လည်း ရည်စူးကုသိုလ်တွေမှာ ဆူးလေစေတီကို လှူမယ့်ဝတ္ထုကို ရွှေတိဂုံစေတီပြောင်းမလှူကောင်းဘူးဆိုတာတွေဖြစ်လာတာပါ။

ထေရ၀ါနဲ့ပတ်သက်ရင် လောလောဆယ်မှာ မြန်မာပြည်က စူပါအနေအထားမှာရှိပါတယ်။ ဓာတ်တော်တွေ၊ စွယ်တော်တွေ နဲ့ပတ်သက်ရင်လည်း အခုအချိန်မှာ မြန်မာပြည်မှာ အများဆုံးလောက်ရှိပါတယ်။ ရဟန္တာတစ်ထောင်ရဲ့ဓာတ်တွေတွေစုထားတဲ့စေတီဆိုတာများတွေလည်း မြန်မာပြည်မှာရှိပါတယ်။ တရုတ်ပြည်က စွယ်တော်ပင့်ရတယ်ကြားရင် ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ မိုးကုတ်ဆရာတော်ကြီးအကြောင်းကို သတိရပါတယ်။

ဆရာတော်ကြီးက သူ့တကာမ/တကာတွေကို မေးတာပါ။

တကာ၊တကာမတို့ ခရီးသွားကြမယ်ဆို။
မှန်ပါ့ဘုရား၊ ရဟန္တာပေါ်တယ်ဆိုလို့ သွားဖူးကြမလို့ပါဖျာ့။
ဟာ မင်းတို့တွေက ရဟျန္တာရှေ့မှာထိုင်နေလဲ သိနိုင်မှာလား

အဲဒီစကားရဲ့အဓိပ္ပာယ်ကလည်း ဆရာတော်ကြီး ဓာတ်တော်ကျတယ်ဆိုမှပဲ ရဟန္တာသွားဖူးခဲ့တဲ့သူတွေသိကြရတယ်။ မြန်မာပြည်မှာ အနားမှာမရှိတဲ့အရာကို ပိုပြီးတန်ဖိုးထားတဲ့အလေ့အထမျိုးရှိပုံရတယ်လို့ထင်မိပါတယ်။ ရွှေတိဂုံဘုရားကို သုံးလေးထောင် လှူဖို့လက်တွန့်နေတဲ့သူတွေတောင် တရုတ်ပြည်က လာတုန်း ဖူးရခဲတယ်ဆိုတဲ့စွယ်တော်ကိုတော့ တစ်သောင်းလောက်လှူလိုက်ဖို့ဝန်မလေးကြပါဘူး။

ဘုရားကို သိပ်ချစ်တဲ့ရဟန်းတစ်ပါးအကြောင်းလည်း နာကြားခဲ့ဖူးပါတယ်။ သူက ဘုရားကို ချစ်ခင်တော့ ရှေ့နားက နေရာဦးဦးပြီး မျက်နှာတော်ကို ထိုင်ငေးနေရတာကို ကျေနပ်နေတဲ့သူပါ။ ရှေ့နားမှာကွယ်တဲ့ဘုန်းကြီးရဟန်းရှိနေရင် သူက ဒေါပွပါတယ်။ သူ့ဘုရားကို ကွယ်ထားရကောင်းလားဆိုပြီးတောင်ဖြစ်တယ်လို့သိရပါတယ်။ သူက တရားပွဲတိုင်းလိုက်ပါတယ်။ တရားမနာပါဘူး။ ဘုရားကိုထိုင်ကြည့်နေတာပါ။ အဲဒါကိုပဲ ပျော်နေတဲ့သူပါ။ အဲဒီရဟန်းဘာရသွားလည်းဆိုတော့ ဘုရားရှင်ရဲ့ အဆူအပူစကားလုံးဖြစ်တဲ့ ဟယ် .. မဂ်ဖိုလ်မနီး အချည်းနှီးရဟန်း ဘုရားနားမှာနေပြီး ဝေးနေတဲ့သူ၊ တရားကိုသိမှ ဘုရားရဲ့သင်္ကန်းစွန်းဆွဲပြီးလိုက်နေသလို နီးနေတဲ့သူဖြစ်တယ်ဆိုပြီး ပြောခံလိုက်ရပါတယ်။ အတော်လေး ရင်နာစရာကောင်းပါတယ်။ ဘုရားသွားလေရာလိုက်ပြီး ဖူးနေတာကိုတောင် ဂလို အပြောခံရတယ်ဆိုရင် ဘုရားရှင်ဟာ သက်တော်ထင်ရှားရှိတုန်းက အင်မတန် တင့်တယ်လှပတဲ့ရုပ်သွင်ကို ကြည်ညိုတာကိုတောင် အင်မတန် ဆန့်ကျင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုတာ အင်မတန်ထင်ရှားပါတယ်။ (ကြေကွဲသွားတဲ့ရဟန်းဟာဘုရားအပြောခံလိုက်ရတော့ အတော်လေး စိတ်ဓာတ်ကျသွားပါတယ်။ ဘေးနားမှာ ရဟန်းတွေအများကြီးရှိတော့ ရှက်လည်းရှက်သွားပုံရပါတယ်။ အဲဒီတော့ တောင်ပေါ်ကို တက်ပါတယ်။ HDB မရှိတဲ့ခေတ်ရဲ့ ဖြစ်ရပ်မှန်ပါ။ ချောက်ကမ်းပါးစွန်းမှာရပ်ပြီး Titanic ထဲကလို လက်ကိုဆန့်တန်း၊ ခေါင်းကလေးကိုမော့၊ မျက်လုံးလေးကိုမှိတ်၊ မျက်ရည်တွေစို့နေ၊ နှာရည်အနည်းငယ်ဖြည်းဖြည်းချင်းစီးကျလာ၊ တော်ပြီ မချစ်တော့ဘူး သီချင်းကို ကြားယောင်၊ ကဲကွာ free fall ဆိုပြီး၊ ချောက်ကမ်းပါးထဲမှောက်ချလိုက်တာ။ ဖြစ်ချင်တော့ ချောက်ကမ်းပါးအောက်က ဆန်တက်လာတဲ့လေက တွန်းထားလို့ မိုက်ကယ်ဂျတ်ဆင် အကထဲကလို 45 ဒီဂရီအနေအထားမှာကြီးဖြစ်နေတယ်။ အဲဒီအချိန်မှာ ဘုရားကြွလာပြီး တရားဟောမှ လေထဲမှာ 45 ဒီဂရီကြီးနဲ့ ရဟန္တာဖြစ်တော်မူပါတယ်။ အဲဒီတော့မှ ဘုရားက အခုမှ ဘုရားနဲ့နီးတဲ့သူဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ ဒါက အပိုဟောပေးလိုက်တာပါ။)

ဘုရားက သူ့ကိုလာတွေ့ရင် ကိလေသာအေးရာအေးကြောင်းတွေပဲ ဟောလိုက်တာပါ။ ငါဘုရားမရှိတော့တဲ့အခါမှာ တရားအဆုံးအမနဲ့နေကြဖို့ပဲဟောပါတယ်။ သာသနာသုံးရပ်အကြောင်းမှာ ဓာတ်တော်တွေအကြောင်းထည့်မဟောပါဘူး။ သက်တော်ထင်ရှားကတည်းက ပုဂ္ဂိုလ်ထက် တရားကိုမင်တာကိုပဲ တစ်စိုက်မတ်မတ် လက်ခံခဲ့ပြီး၊ တန်းခိုးပြတာကို ဆန့်ကျင်ခဲ့တဲ့ဘုရားရှင်ဟာ ရေသန့်ဗူးမှာ စွယ်တော်ပုံလေးထင်ပြတယ်ဆိုတာဟာ အင်မတန် ထေရ၀ါဒမဆန်တဲ့ ယုံကြည်မှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘုရားရှင်ဟာ မာရ်နတ်တပ်ကြီးလာတုန်းကတောင် တန်ခိုးနဲ့ပြန်မ fight ခဲ့ပါဘူး။ မေတ္တာဓာတ်နဲ့ပဲအောင်နိုင်ပြီး၊ မေတ္တာသည်ဟာ အကြီးဆုံးစွမ်းအားဆိုတဲ့ ငြိမ်းချမ်းမှုကိုပဲပြသခဲ့ပါတယ်။ တပည့်တွေအများကြီးနဲ့ရသေ့ရဲ့ မီးတင်းကုပ်က နဂါးကို အနိုင်ယူရတယ်ဆိုတာကလည်း ရသေ့တွေကို အကျွတ်တရားရစေချင်လို့ပါပဲ။ ဒီ့အပြင်ကတော့ တန်ခိုးကို တခါမှ အလွယ်သုံးစားမလုပ်ခဲ့ကြောင်းအမှန်ပါ။ ဘုရားရှင်က ပထမဈာန်အဆင့်ကို infant လောက်ကတည်းကရခဲ့တဲ့အတွက်၊ တန်ခိုးတွေဘာတွေကို ကလေးကလားဆန်တယ်ထင်ခဲ့လားတော့မပြောတတ်ပါဘူး။

မဟုတ်တာတွေကို သိပ်ပြီး ဇာချဲ့နေရင်တော့ ဘုရားဖူးလွန်းနေတဲ့ရဟန်းကို ပြောသလို ဟယ် မဂ်ဖိုလ်မနီး အချည်းနှီး ဆိုတာကြီး သင့်ဆီလည်း ပျံဝဲရောက်ရှိမှာ တကယ်ပဲစိုးရိမ်မိပါတယ်။ ။

Regards,
Zephyr,


Ref:
တုစ္ဆ ၀က္ကလိ (အချည်းနှီးသော ၀က္ကလိ)



Peace B with U.