Showing posts with label Satire. Show all posts
Showing posts with label Satire. Show all posts

Friday, May 25, 2012

လေသံကြား၍ ဖမ်းနာမိသောတရား။

လေသံကြား၍ ဖမ်းနာမိသောတရား။

ဟိုရှေ့ကဆူညံညံ ဘာသံလဲမေး။ .....
မေးမနေနဲ့ ... ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ။

ဘောက်ဆတ်ဆတ်ပြန်ဖြေသံကြားရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ......ဆိုတာကို သေချာစဉ်းစားကြည့်သည်။
ဆန္ဒပြတယ်ဆိုတာ ဆန္ဒကို မြင်အောင်ပြရတာပဲ။ ကိုယ်ပြတာလည်း သူမြင်ဦးမှ။
သူမြင်ရင်လည်း ဂရုစိုက်ဦးမှ။
ဂရုစိုက်မိရင်လည်း နားလည်ဦးမှ။
နားလည်ရင်လည်း စာနာဦးမှ။
စာနာရင်လည်း တုန့်ပြန်ဦမှ။
တုန့်ပြန်ရင်လည်း စနစ်ကျဦးမှ။
စနစ်ကျရင်လည်း မြန်ဆန်ဦးမှ။
မြန်ဆန်ရင်လည်း အကျိုးရှိဦးမှ။
....တယ်မလွယ်ပါလား။

ဒဂုံမြို့သစ်မှာတော့ မီးစက်ပိုင်တဲ့ အန်တီကြီးက ဒီမိုကရေစီနဲ့ လျှပ်စစ်မီး ရရှိရေးကို ရှေ့နောက် အထားအသိုမညှိစေချင်ဘူးပြောတယ်။

မီးပျက်တယ်ဆိုတာဟာ ကမ္ဘာမှာ တော်တော်လေး နောက်ကျတယ်ဆိုတဲ့ အသံတိတ်ဝန်ခံခြင်းတစ်မျိုးပဲ။ နောက်ကျတာဟာ ရှက်စရာမဟုတ်ဘူး။ အကြံတူနောက်လူသာစမြဲ ဆိုတာအရဆိုရင်ပေါ့လေ။ ရေအိမ်ဝင် နောက်လူနံစမြဲအရတော့ နောက်ကျတာ အနံ့အသက်မကောင်းလှဘူး။ နောက်ကျနေရတဲ့ကြားထဲ လေလုံးထွားနေတာနဲ့ ဘာမှဖြစ်မလာဘဲ ငါးနှစ်ကုန်သွားမလားဆိုတာလဲ စိုးရိမ်မိတယ်။

လျှပ်စစ်မီးကို လိုတာထက်ပိုသုံးတာနဲ့ ပုံမှန်သုံးဖို့မရှိတာနဲ့ကိုလည်း မကွဲပြားတာအတော်လေးဆိုးတယ်။ လျှပ်စစ်မီးကို နွားနဲ့ထုတ်မယ်ဆိုပြီး တီဗွီမှာပြသေးတာ မှတ်မိတဲ့သူတွေလည်း မှတ်မိကြမယ်ထင်တယ်။ နွားဆယ့်လေးကောင်လောက် စက်ဝိုင်းပုံဒလက်ကြီးကို လှည့်ပြီး လျှပ်စစ်ထုတ်တယ်။ ဒိုင်နမိုနည်းနဲ့ပဲထင်တယ်။ နွားတွေကို ပတ်ပြီးသွားနေအောင် အမြီးမှာ မြက်တွေချည်ထားသေးလား မမှတ်မိဘူး။ နောက်တော့လည်း နွားနဲ့ထုတ်တာတော့မတွေ့ရဘူး။ နွားတွေကို တမျိုးပြောင်းပြီးအသုံးချတယ်ထင်တယ်။ ဝန်ကြီးတွေဘာတွေများခန့်သလားမသိဘူး။ မြန်မာပြည်နဲ့ အဆက်အသွယ်ပြတ်နေတာလည်းကြာပြီဆိုတော့ သတင်းတွေ up-2-date မဖြစ်တော့ဘူး။

နောက်တစ်ယောက်ရှိသေးတယ်။ တစ်မြို့လုံးကို လျှပ်စစ်မီးပေးတဲ့စက်ဆိုပြီး သတင်းထဲပါလာတယ်။ ရူပဗေဒဆရာကြီးဆီက လက်ထပ်သင်ယူခဲ့တာဆိုပဲ။ တရုတ်ပြည်က ပညာရှင်တွေက လာပြီး အတည်ပြုပြီးပြီ။ မကြာမီ တစ်နိုင်ငံလုံး ထိန်ထိန်လင်းပြီဆိုလို့ အဟုတ်မှတ်တဲ့သူတွေ အဟုတ်မှတ်ခဲ့ကြသေးတယ်။ နောက်တော့လည်း အပူချိန်များတာကို ခံနိုင်တဲ့ သတ္တုကောင်းကောင်းမရှိလို့လိုလို ဘာလိုလို ညာလိုလိုနဲ့ပျောက်သွားပြန်တယ်။ ထူးဆန်းတဲ့တိုင်းပြည်ကြီးပဲ။

နောက်တော့ နူရာဝဲစွဲချင်လို့ နူ ကြမယ်ဟေ့ကောင်းကောင်းဆိုပြီး ယောင်လိုက်ကြသေးတယ်။ အခုအထိလည်းယောင်တုန်း။ မယောင်ရင်ဆီလူးပြီး ရောင်လာရင် အိုကေမလားဆိုပြီး Nuclear လျှပ်စစ်ကိုကြိုးစားကြတယ်။ ဟိုနေရာမှပဲ ယူရေနီယမ်တွေ့ပြီ၊ ဒီနေရာမှာအပုံလိုက်ဆိုပြီးရှာတော့ နောက်ချေးပုံတွေဖြစ်နေတယ်ဆိုလားပဲ။

နူသလားမနူသလားတော့မသိဘူး။ အဲဒီဘက်ပို့ခံရတဲ့ ပီအိတ်ခ်ျဒီတွေတော့ မနူခင်မြုံသလိုဖြစ်ကုန်တယ်။
နိုင်ငံတော်ရဲ့စေတနာနဲ့ စီမံကိန်းတွေက ကြီးလိုက်လာတာ ဖောင့်ဆိုဒ်တောင် သတင်းစာမှာ တစ်ရွက်တစ်လုံးလောက်ရေးပစ်ရတယ်။ ရဲရွာစီမံကိန်းပြီးရင် ညဘက်ဆို ရေနွေးအိုးတစ်ညလုံးတည်ထားမှပဲ လျှပ်စစ်မီးကုန်တော့မလိုလိုလေသံပစ်လာတာလည်းရှိတယ်။ နောက်တော့ ရေနွေးတောင်မတည်လိုက်ရဘူး။ အဖျားရှူးရှူးသွားတာ။ အဖျားတင်ရှူးတာလားဆိုတော့ အရင်းကလည်း သွယ်သွယ်ပဲ။ စီမံကိန်းတွေဒီလောက်ကောင်းရဲ့သားနဲ့ ဘာမှ ထင်သလိုမဖြစ်လာတာဟာ တစ်ခုခုလွဲနေလို့များလား။ နိုင်ငံတော်အကြီးအကဲဆိုလည်း လမ်းညွှန်ပေးတာ သူ့အပြင်ကိုမရှိဘူး။ ဒါတောင်မှ မတည့်မတ်နိုင်ဘူးဖြစ်သွားတယ်။

လေတိုက်နှုန်းအရလည်း ဟော်လန်က လေဒလက်တွေ တပ်ဆင်လို့ဖြစ်သား။ နေရောင်ခြည် ဆိုလာပြားတွေလည်း လုပ်တော့လုပ်လိုက်သေး။ ပင်လယ်ဒီရေလည်းရှိလို့ အဲဒီလှိုင်းအတက်အကျနဲ့ လျှပ်စစ်ဓာတ်အားထုတ်လို့ရတာတွေလည်း စမ်းသပ်ခဲ့ပါရဲ့။ လက်ပစ်ဗုံးကြီး ဖင်ခုထိုင်ပြီး စနက်တံကိုက်ဖြုတ်မိတဲ့နိုင်ငံကြီး ... အဲလေ၊ သံယံဇာတပုံကြီးပေါ်ခွထိုင်ပြီး ဘာများ လုပ်မလဲ၊လုပ်မလဲကြည့်ကြည့်နေတာ နောက်ဆုံး လာပါ .. ခြေသည်းလက်သည်းလေးလှီးသွားပါဦး ဆိုတဲ့သူ ဖြစ်နေတယ်။

မြန်မာလူမျိုးဆိုတာက နာမည်ကျော် ဘီလျံနာ လင်မယားဘက်က ဆင်းသက်လာတာပဲ။၊ ကုဋေ160 ကို ဘယ်လိုသုံးလိုက်မှန်းမသိ သုံးလိုက်တဲ့လင်မယားလိုပဲ။ အဲဒီခေတ်က ကာစီနိုလည်းရှိတာမဟုတ်၊ အလိမ်ခံရရင်လည်း ဒီလောက်ဆွေကြီးမျိုးကြီးကလူတွေ၊ ဘုရင်နဲ့ လှမ်းတို့လိုက်ရင်တောင် လိမ်တဲ့သူ တံကျင်လောက်တော့ အနည်းဆုံးလျှိုခံရတဲ့ခေတ်ကြီးထဲမှာ မွဲပြီးတောင်းစားရတယ်ဆိုတော့ တဆိတ်လွန်တယ်ထင်မိခဲ့တာ။ မြန်မာ့သမိုင်းလည်းဖတ်ရော၊ Bloodline ပါပုံရတဲ့ အဆိုးရ(အစိုးမရတဲ့ အဆိုးရ)ရဲ့ ဆိုးသွမ်းညံ့ဖျင်းမှုမှာ တောင်းစားရုံမကဘူး၊ အကြွေးတင်လို့ မိဘပိုင်နိုင်ငံလေးတောင် ဖဲ့ရောင်းရမလိုဖြစ်တယ်။ နိုင်ငံမှာလည်း ဂျပိုးကလည်း ပေါပါဘိသနဲ့။ ဝန်ကြီးများရုံးတောင် ဟော်တယ်လုပ်မယ့် ပေတရာ ကမ်ပနီက မဟာ သူဌေးများလို အကြံကောင်းပေးတတ်သူ များလှပါဘိတောင်း။

အခုလို မီးမရ၊ရေမရတဲ့အချိန်မှာတော့ မီဒီယာကျော်တွေကလည်း ဆရာဝန်တစ်ယောက်မှားကုမိတဲ့ ကိစ္စလို ရေးကြီးခွင်ကျယ်မပြုလှဘူး။ ဝမ်းတစ်ထွာအတွင်းမှာ ကူးခတ်နေတာချင်းအတူတူတောင်မှ မီဒီယာသမားဆိုတာ သမ္မတကိုသော်မှ အမြင်မတော်ရင် ခေါ်ပြီး နှဖူးတောက်လို့ရတယ်လောက် ထင်မှတ်နေတဲ့သူတွေမဟုတ်လား။ ထက်ထက်မိုးဦး ပါးရိုက်ခံရတာလောက်ကို စောင့်နေမှ သတင်းရတဲ့ခေတ်ကြီးမှာ မန်းလေးမှာ ပေါ်ပြူလာဖြစ်ချင်တဲ့ဖွသတင်းသီးသန့် သတင်းထောက်တွေ တစ်ယောက်ပါးတစ်ယောက်ရိုက်ပြီး မီဒီယာ ဆန္ဒပြပွဲကြီး ခြိမ့်သဲကျင်းပလိုက်ရင် မကောင်းပေဘူးလား။ သာမန်ပြည်သူတွေကတော့ ဖယောင်းတိုင်လောက်နဲ့ဖြစ်တယ်။ ဖွသတင်းနဲ့ လှယမင်းဖြစ်နေတဲ့ မီဒီယာမင်းများကတော့ တစ်ယောက်ကိုတစ်ယောက် တို့မီးရှို့မီးလုပ်၍ဖြစ်စေ၊ အသေခံ မီးရှို့၍ဖြစ်စေ ဆန္ဒပြသင့်ပါတယ်။

လျှပ်စစ်မီးမရှိရင် လျှပ်စစ်မီးကြောင့်ဖြစ်ပွားနိုင်တဲ့ မီးလောင်မှု၊ ဓာတ်လိုက်သေတာတွေ မနည်းသွားဘူးလား။ မီတာခတွေမသက်သာသွားဘူးလား။ လျှပ်စစ်မီးမရှိမှကောင်းကောင်းမြင်ရတဲ့ ကြယ်လေးတွေကြည့်နေပေါ့။ လျှပ်စစ်မီးမပါဘဲ စာဖတ်နည်းဆိုတာလည်းရှိတယ်မဟုတ်လား။ နေ့လည်က ကျက်ထားတဲ့စာ ညမှာ စိတ်ထဲကအလွတ်ရွတ်ပေါ့။ နေ့ပရိယတ်၊ ညပတ္တိပတ်ပေါ့။ ဘုန်းကြီးတွေလည်း facebook မှာ အချိန်မကုန်တော့ဘူးပေါ့။ လူကြီးတွေလည်း စောစောအိပ်ဖြစ်တာပေါ့။ ကျန်းမာတာပေါ့။ မီးအလင်းရောင်ရတုန်း လုပ်စရာရှိတာလုပ်ထားပေါ့။ လသာတုန်းဗိုင်းငင်ပေါ့။ နေသာတုန်းစပါးလှမ်းပေါ့။ ရေမလာရင် ရေမချိုးနဲ့ပေါ့။ ဒါလေးတောင်မှ နားမလည်တဲ့လူတွေလို့ ထင်နေသူတွေလည်းရှိသတဲ့။ ဟုတ်တာပေါ့ ထားတတ်တော့ မုဒိတာ၊ ပွားတတ်တော့ ဘာဝနာ၊ နေတတ်တော့ ခန္တီ မဟုတ်လား။ မီးမရှိရင် မီးစက်ဖွင့်ပေါ့ဆိုတဲ့ မေရီအင်းတွိုင်းနက်ခေါင်းကတော့ လေထဲဝဲဝဲနေပြီ။ ငါးနှစ်မဟုတ်လား။ မီးလာတဲ့အစိုးရ လဲပေးပါ။

ဟိုတစ်နေ့ကပဲ ဒူးရင်းသီးနဲ့ I-pod အားသွင်းတဲ့နည်းကြည့်လိုက်ပါရဲ့။ ဒူးရင်းသီးမှာ သံငုတ်လို ငုတ်နှစ်ခုစိုက်ပြီး သံပုရာသီးညှစ်လိုက်ရင် ဒူးရင်းသီးဟာ ဘတ်ထရီအိုးလိုဖြစ်ပြီး I-pod ကို အားသွင်းလို့ရပါသတဲ့။ MediaCorp ကလာသွားတာပဲ။ youtube မှာများရှိဦးမလားမသိဘူး။ စိတ်ဝင်စားရင် ရှာကြည့်လို့ရပါတယ်။ မြန်မာပြည်မှာလည်း ဒူးရင်းသီး၊ အုန်းသီး၊ သဘောင်္သီး၊ ကြက်ဆူသီး၊ ဆီးသီး၊ မကျည်းသီး၊ ခေါင်းကပ်သီးပါမကျန် လျှပ်စစ်မီးထုတ်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။

တကယ်လို့လျှပ်စစ်မီးကို သဘာဝဓာတ်ငွေ့ကနေထုတ်တဲ့စက်ရုံရှိတဲ့ နိုင်ငံရဲ့ဘေးနားမှာနေပြီး ရေလာရင် မီးလာမှာပါဆိုတဲ့ လူတစ်ယောက်ရှိရင် ဒီလူ တော်တော် အ၊န၊ထိုင်းမှိုင်း၊တယ်လို့ယူဆရမှာပါပဲ။ အဲဒီလိုလူတွေကို အစိုးရအဖွဲ့မှာထားရင် လက်ရှိ အစိုးရအဖွဲ့ နာမည်ပျက်ဖို့ရှိပါတယ်။

ဒီဘိုးနိုးအကြံပြုခဲ့တဲ့ ဒီမိုကရေစီမှာ feedback လေးပြန်ယူတဲ့စနစ်ကို ကျင့်သုံးပြီး တတ်ယောင်ကားကို တကယ်တတ်တဲ့သူနဲ့လဲလှယ်နိုင်ရင် အားလုံးအကျိုးရှိဖို့ပါပဲ။

မီးမလာတာ၊ ရေမလာတာကို သည်းခံစိတ်ရှိရှိနဲ့ ဖြတ်ကျော်ခဲ့ပြီးပါပြီ။ နှစ်ပေါင်းလည်းမနည်းတော့ပါဘူး။ အခုလိုတောင်းဆိုတဲ့အခါမျိုးမှာ တကယ်အလုပ်ဖြစ်အောင် အတူကြိုးစားကြတာကောင်းပါတယ်။ ကောင်းတဲ့ မီဒီယာသမားတွေကလည်း မီဒီယာကျင့်ဝတ်နဲ့အညီ ဖြစ်နေတာတွေကို အရင်းအတိုင်း တင်ပြဖို့လိုပါတယ်။ တကယ်အဆိုးရလဒ် ခံစားနေရတဲ့ ပြည်သူလူထုကလည်း ကိုယ့်ဒုက္ခကိုယ် စည်းကမ်းရှိရှိ မှန်မှန်ကန်ကန်နည်းလမ်းတွေနဲ့ ယဉ်ယဉ်ကျေးကျေး အမြဲထုတ်ဖော်ဖို့ အသင့်ရှိနေသင့်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့မထင်ဘဲ ဘေးနားမှာဖြစ်နေတာတွေဟာ တစ်ချိန်မှာ ကိုယ့်ဆီကို ရောက်လာမှာဆိုတဲ့စကားပုံလေးရဲ့ သတိပေးချက်ကို နားစိုက်ထောင်ပြီး အများအတွက် အကျိုးရှိတာလုပ်တာ (တစ်နည်းအားဖြင့်) လူ့အသိုင်းအဝိုင်း အကျိုးရှိအောင် လုပ်တာဟာ ကိုယ့်အတွက် အကျိုးရှိအောင် လုပ်တာလည်းဖြစ်တယ်။ မှန်တာကို မလျှော့တမ်း အောင်မြင်အောင် လုပ်မယ်ဆိုတဲ့လူတွေများများလိုပါတယ်။

တာဝန်ရှိတဲ့သူတွေဘက်ကလည်း အားအားယားယား ဖယောင်းတိုင်ထွန်းတယ်မမှတ်စေချင်ဘူး။ ကမ္ဘာ့သတင်းတွေမှာလည်း မြန်မာပြည်မှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြတယ်ဆိုတာတွေ အခုဆို ချက်ချင်းပါလာတယ်။ ကမ္ဘာက စီးပွားရေးလုပ်မယ့်လူတွေအတွက် လိုအပ်တဲ့ အခြေခံတစ်ခုမှာ လျှပ်စစ်မီးလည်းပါတယ်။ ဆက်သွယ်ရေးနဲ့ မြန်နှုန်းမြင့် အင်တာနက်တွေလည်း လိုအပ်တယ်။ ဒါတွေကို မဖြည့်ဆည်းနိုင်ရင် ပြိုင်ဘက်တွေဆီကို ကိုယ့်ဆီရောက်မယ့် မြုပ်နှံမှုတွေရောက်ကုန်မယ်။ ကိုယ့်အလှည့်ငါးနှစ်မှာ သက်သေမပြနိုင်ရင် နောက်ငါးနှစ်မှာ ယုံကြည်မှုကင်းမဲ့သွားတယ်။

အစိုးရနဲ့ပြည်သူဆိုပြီးနှစ်ပိုင်းမခွဲဘဲ နိုင်ငံသားတွေချင်းအတူတူ လိုအပ်ချက်တွေ ဖြည့်စွက်ရင်း ပိုကောင်းတဲ့ နိုင်ငံထူထောင်နိုင်ရင်တော့ ရှဉ့်လည်းလျှောက်၊ ပျားလည်းစွဲ၊ ပန်းချီဆရာလည်း ရှဉ့်လျှောက်ပျားစွဲပုံရ၊ ဓာတ်ပုံဆရာလည်း ပုံကောင်းထွက်၊ ပျားဖွတ်သမားလည်း စိတ်ချမ်းသာ၊ ရှဉ့်ဖမ်းသမားလည်း တွက်ခြေကိုက်၊ ရှဉ့်သားကြိုက်သူလည်း မျှော်လင့်ချက်ရှိ၊ ပျားရည်နှစ်သက်သူလည်း မျှော်လင့်ချက်ရှိ၊... အသီးသီးအသသ ကိုယ်စီကိုယ်င ပျော်ရွှင်ချမ်းမြေ့ကြမယ်မဟုတ်ပါလားခင်မျာ။

ကဲကဲ ...သောကြာနေ့တရားသိမ်းပြီး။ အထုပ်အပိုးပြင်၊ စောစောပြန်ကြပါစို့။

Regards,

ဖယောင်းတိုင် စောင့်ကြည့်လေ့လာသူ။
Zephyr
ဖယောင်းတိုင် ကိုယ်တိုင် ထုတ်လုပ်ရောင်းချဖြန့်ဖြူးခဲ့ဖူးသူ။
မြန်မာနိုင်ငံ လျှပ်စစ်မီးပုံမှန်ရရှိရေး ဘလော့ခ်စပေါ့ခ် အခြေစိုက် တက်ကြွလှုပ်ရှားသူ (ကောက်ရိုးမီးပမာ)



Peace B with U.

Thursday, December 15, 2011

2ဆတိုးလျှပ်စစ်မီတာခ၊ ခေတ်မီနိုင်ငံတော်သို ကုလားမခြေထောက်ဖြင့် အပြေးတပိုင်း၊

2ဆတိုးလျှပ်စစ်မီတာခ၊ ခေတ်မီနိုင်ငံတော်သို့ ကုလားမခြေထောက်ဖြင့် အပြေးတပိုင်း၊


ဆပ်ပြာလည်လင်ပျောက်ဆိုသော မြန်မာစကားသည် ဆပ်ပြာသည်အလေ့အထကို မသိသော ကျွန်တော်တို့နှောင်းလူတို့အဖို့ ခန့်မှန်းရခက်စေသည့်အတွက် မည်မျှ ပြာပြာသလဲနိုင်မှန်းခန့်မှန်းမရပါ။
သို့သော် ဆပ်ပြာသည်များ အတော်ပေါလာပြီဖြစ်ကြောင်း သတင်းများမှတစ်ဆင့်သိရပြီး၊ သူတို့၏အကြံပြုချက်များအရ လင်ပျောက်သွားမှန်း အတော်သေချာနေပြီဖြစ်သည်။

သမိုင်းတွင် နာမည်တွင် ပေါ ပါသော သီပေါမင်းဆိုသည့် ဘုရင်ကြီးတစ်ပါးရှိခဲ့သည်။ နာမည်အရ သီသီလေးပေါသည်ဟုထင်စရာရှိသော်လည်း အတော်လေးပေါခဲ့သည်။ မြန်မာပြည်တွင် ထီရုံများဖွင့်ရာမှ အမြတ်အစွန်းများစွာရသဖြင့် ထီရုံများကို ဆက်တိုက်တိုးချဲ့ဖွင့်ရန် အမိန့်တော်ကို ပေါပေါလောလော ချမှတ်ခဲ့သည်။ ပြည်သူများ ထီအထိုးလွန်ပြီး မွဲပြာကျလွန်း၍ complaint တက်သောအခါမှ ထီရုံများကို ပိတ်ပစ်လိုက်သည်ဟု သမိုင်းစာအုပ်များကဆိုသည်။ မင်းဘဏ္ဍာဖြစ်စေ၊ အခွန်ဖြစ်စေ သတ်မှတ်သည့်အခါ ဦးနှောက်ဖြင့် ထုတ်ပြန်ရသော အမိန့်များဖြင့် လုပ်ကိုင်သင့်သည်။

အစိုးရသည် တစ်ခါတစ်ရံမိဘဖြစ်ပြီး တစ်ခါတစ်ရံ သူစိမ်းများဖြစ်နေသည်။ အခွန်ကိစ္စများတွင် သူစိမ်းပြင်ပြင်ပြုမူနိုင်သည်ကိုတွေ့ရသည်။ လျှပ်စစ်မီတာကို ၂ ဆမဟုတ်ဘဲ အဆ ၂၀၀ တိုး၍ ကောက်ခံလိုက်လျှင် နိုင်ငံတော်ဘဏ္ဍာ မြောက်များစွာတိုးမှန်း လေးတန်းကျောင်းသားလေးကို မြှောက်ခိုင်းလျှင် လည်းသိနိုင်ပါလိမ့်မည်။ သို့သော် တိုင်းပြည်တစ်ပြည်လုံး၏ အရေးကိစ္စသည် mascara သုံးထားသော မျက်တောင်ကော့ကော့ကြီးများထက် ပိုမိုဝေးလံအောင် မျှော်ကြည့်ရသေးကြောင်း နီးစပ်သော အမောင်တို့ လက်တို့ပြောပြလိုက်ကြပါ။

သီအိုရီသည် လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်က ပိုက်ဆံမရှိဘူး ဆိုသော သီချင်းကို သီဆိုခဲ့သည်ကို အမှတ်ရသူများ ရပါလိမ့်ဦးမည်။ လက်ရှိ အစိုးရ၏ သီချင်းသစ်မှာ အစိုးရဘဏ္ဍာငွေမရှိဘူး ဖြစ်နေသည်ကိုတွေ့ရသည်။ အစိုးရဘဏ္ဍာများကို အစောပိုင်း အလစ်သုတ်သမားတစ်စု မသွားသည်ဟုကြားရသည်။ ထိုသူများထံမှ ပြန်တောင်းကြည့်သင့်သည်ဟု တစ်ခါတစ်ရံ ၂ ဆင့်တန် အကြံများရရနေသည်။

တစ်ဦးချင်းဝင်ငွေမတူသော နိုင်ငံများနှင့် တန်းသွားသွားညှိချင်လျှင် နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေအကွက်လေးကို ကျော်၍ကြည့်လိုက်ရုံမျှဆိုသည့် အဆိုပြုချက်ကို မသိစိတ်မှ လက်ခံထားကြသည့် လူကြီးမင်းများအနေဖြင့်လည်း လိုအပ်လျှင်လူကြီးမင်းဖတ်ပြရန်ရေးပေးလိုက်သော စာတမ်းပိုင်ရှင်များကို လက်ဖက်ရည်တိုက်၍ အနည်းငယ်ရှင်းပြခိုင်းလိုက်စေချင်ပါသည်။ တစ်ဦးချင်းဝင်ငွေဆိုသည်မှာ လူကြီးမင်းတို့မိသားစုနှင့် လွန်ခဲ့သော နှစ်အနည်းငယ်က မင်းမူခဲ့သော အလစ်သမားများ၏ ၀င်ငွေမဟုတ်ကြောင်းကို သိရန်အတွက် Cambridge တွင် စီးပွားရေးပညာသင်ဖူးရန်မလိုအပ်ပါ။ ရပ်ကွက်ထဲမှ အဒေါ်ကြီးများပြောပြောနေသော ကိုမောင်စိန်(common sense) မျှသာလိုသည်ဟုထင်ပါသည်။

လမ်းမများကို တစ်ခြမ်းစီခင်းတတ်ပြီဖြစ်ကြောင်း ကျွန်ုပ် ၂၀၁၁ အတွင်း နှစ်ကြိမ်တိတိ လာရောက် လေ့လာပြီးဖြစ်၍ လမ်းမတစ်ခြမ်း စီမံကိန်းကိုထောက်ခံပါသည်။ ၂၀၁၂ ပြန်လာသည့်အခါတွင်လည်း လမ်းမများကို သီတင်းကျွတ်အမီ ကြင်ရာကြင်ဖက် အလားတူ လမ်းမတစ်ခြမ်းနှင့် လက်ဆက်ပေးစေလိုပါသည်။ ထိုအရာသည်လည်း ဘဏ္ဍာတော်ငွေ ခမ်းနေသောကြောင့်ဟူသော ဘောလည် သီချင်းတစ်ပုဒ်၏ ထပ်ကျော့အပိုဒ်လေလား ကျွန်တော်မျိုးမသိပါ။

ရန်ကုန်မြို့သည် မြို့ကွက်အနေအထားအရ နောက်ပိုင်းတွင် ဖြစ်ချင်ရာဖြစ်နေသောမြို့ဖြစ်ပါသည်။ ပထမဆုံး အညောင်းဒဏ်မခံနိုင်၍ ဖင်ထိုင်ချလိုက်သော တိုက်ကို ရေကျော် မောင်အေး ကဖီးဘေးတွင် လူကြီးမင်းတို့သွားရောက်ကြည့်ရှုလျှင်တွေ့ပါလိမ့်မည်။ ထိုအချိန်က ကျွန်ုပ်သည် ရှစ်တန်းကျောင်းသားအရွယ်သို့ရောက်ခဲ့ပြီဖြစ်သည်။ ဘေးမှ တိုက်အသစ်ဆောက်ရန် မြေ ၆ပေခန့်တူးနေစဉ် ယခုကဲ့သို့ဖင်ထိုင်ကျသွားခြင်းဖြစ်သည်ကို ပြန်လည်လေ့လာလျှင် သိနိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ မြန်မာပြည်၏တိုက်များသည် အဘိုးအရွယ်သို့ရောက်နေပြီဖြစ်သည်။ တရုတ်ဘာသာအားဖြင့် ယဲ့ယဲ့ ယဲ့ယဲ့ဟု ပြောင်းလဲသုံးစွဲနိုင်သည့်တိုက်များဟုလည်း ဆိုနိုင်ပါသည်။ အဆိုပါတိုက်များထက် အခြေအနေဆိုးသော ဘိလပ်မြေနှင့်ထုံး အချိုးအဆမှားပြီးဆောက်ထားသည့်တိုက်များ၊ လှေကားထစ်ကို နှစ်ကောင်ပြိုင်ဆင်းရင်း ညပ်သေသွားသော ကြွက်နှစ်ကောင်ဇာတ်လမ်းများစတင်စေခဲ့သော ခေတ်မီမီးခြစ်ဆံတိုက်များ၊ ဘယ်အရာမဆိုဖြစ်ပျက်ပဲ၊ ဆောက်ပြီးရင်ပြိုမှာပဲဆိုတဲ့တရားသဘောနဲ့လုပ်နေတဲ့ constructions များ၏ တက်သုတ်ရိုက်လက်ရာတိုက်များ အပြည့်ရှိနေသေးသည်ကို မမေ့လျှင် MRT စီမံကိန်းရေးဆွဲသည့်အခါ ရန်ကုန်မြို့လည်ကို ခမ်းလှမ်းလှမ်းမှသာ ပတ်ရန်၊ ဘရားဇီးမြို့ကလေး ကာရစ်တစ်ဘာကဲ့သို့ မြို့ထဲတွင်ကားမမောင်းဘဲ လမ်းလျှောက်ဝင်ရောက်နိုင်ရန် စီစဉ်ထားသင့်ကြောင်း လူကြီးမင်းတို့အနေဖြင့် သိနှင့်ပြီးသားဖြစ်ပေလိမ့်မည်။

စင်ကာပူနိုင်ငံနှင့်တူချင်လျှင် ပထမဆုံးလုပ်ရမည့်အလုပ်မှာ import လုပ်ငန်းများကို အစိုးရက မောင်ပိုင်စီးလိုက်ရန်ဖြစ်သည်။ သြစတြေးလျမှ ၁၀ တန် ၀ိုင်များကို ၄၀ SGD ဖြင့်ရောင်းနေသည့် စင်ကာပူအစိုးရ၏ လုပ်ကွက်များကို အတုယူစေလိုပါသည်။ ထို့အပြင် CPF ဟူသော Central Provident Fund
ကို ကောက်ခံပြီး အသက်၂၀၀ နှင့်အထက်များကို ထုတ်ပေးမည်ဟု ကြေငြာလိုက်ရန်ဖြစ်သည်။ CPF ကို TPF ဟု အမည်ပြောင်းရန် ပိုမိုသင့်လျော်နေပြီးလားမသိပါ။ Temasek အဖွဲ့ကြီးလည်း သက်တော်ရာကျော်ရှည်နေပါလိမ့်မည်။ မြန်မာနိုင်ငံသားအစစ်များအား အိမ်တစ်လုံး အစိုးရက စီစဉ်ပေးလျှင်လည်း အလွန်ကို စင်ကာပူရဆန်ပါသည်။ (ထိုသို့စီစဉ်ပေးလျှင် နောက်နှစ်ခါ မဲပေးပါမည်။) နောက်ထပ်စင်ကာပူကို ကျော်တက်နိုင်သည့်အကွက်မှာ မြန်မာ HDB များကို ခြေတံရှည်နိုင်သမျှ ရှည်ရှည်ဆောက်ရန်ဖြစ်သည်။ ဆူနာမီကာကွယ်ရေးအတွက်လည်း အသုံးဝင်သလို lift upgrade လုပ်ရင်း မဲဆွယ်ဖို့ အချိန်ပိုရနိုင်မည်ဖြစ်သည်။ စင်ကာပူအစိုးရသည် ပထမဆုံးသော HDB များတွင် နှစ်ထပ်လျှင်တစ်ခါရပ်သော lift များအမြော်အမြင်ရှိရှိတပ်ဆင်ခဲ့သောကြောင့် ယခုချိန်အထိ မဲဆန္ဒရှင်များ၏ ဆန္ဒကို အောင်မြင်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် အစိုးရမင်းများအနေဖြင့် lift ပါသော မြန်မာ HDB များဆောက်သည့်အခါ လေးထပ်လျှင်တစ်ကြိမ် ရပ်သော lift များတပ်ဆင်ပါက ပို၍ သက်တမ်းရှည်ရှည် စိုးစံတော်မူနိုင်မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံကြီးမှ ခေါင်းဆောင်များသည် ဖုန်းရွှေဆရာများကို အားကိုးသည်ဟုသိရပါသည်။ လူကြီးမင်းတို့အနေဖြင့်လည်း ဆရာ့ဆရာများကို အားကိုးစေချင်ပါသည်။ လေရဟတ်အကြီးကြီးဆောက်၍ ၀င်လဲမစဲတသဲသဲဆိုသောစာလုံးကို ရွှေပြားတွင် ကြီးနိုင်သမျှကြီးကြီးထိုးထားပြီး ပတ်ဝန်းကျင်နိုင်ငံများနှင့်ဘက်မှ မြန်မာနိုင်ငံဘက်သို့ လည်ပတ်စီးဝင်နေအောင်စီမံထားသင့်ပါသည်။ စီးပွားရေးကောင်းနေသော တရုတ်၊စင်ကာပူ၊အိန္ဒိယ နိုင်ငံများဘက်သို့ လေရဟတ် နှစ်ခုစီတပ်ဆင်လိုက်ပါက သူတို့ထံမှ အကောင်းအညွန့်များ လေထဲမှာနေတစ်ဆင့် မြန်မာပြည်ကြီးဆီသို့ရောက်လာနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် လူကြီးမင်းတို့ကဲ့သို့ အရှေ့တောင်အာရှ၏ ၀၀ဖီးဖီးပူစီကတ်ကြီးအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုတစ်စင်းလောက်တင်ဖြစ်အောင်တင်သင့်ပါသည်။ ထိုအခါတွင် လူကြီးမင်းတို့ ပြောပြောနေသော တယ်လီဖုန်းပြဿနာများ၊ အင်ထနက် အင်ထဖြူ ပြဿနာများကို အတော်အသင့်ဖြေရှင်းနိုင်ပါလိမ့်မည်။ လူကြိးမင်းတို့ရှေ့နားက တိုင်းပြည်ချောက်ထဲကျနေသည်ကို ပခုံးထမ်းကယ်တင်သွားခဲ့သော မြို့မေတ္တာခံယူသူကြီးများ၏ အသိအကျွမ်းဖြစ်သူ မောင်တက်ဆင်သည် ထိုအပိုင်းများ၌ ကျွမ်းကျင်သူဖြစ်သောကြောင့် အကြံဉာဏ်များတောင်းကြည့်နိုင်ပါသည်။ သူ့ညီမ၏ ဖေ့စဘွတ်ခမှ မတ်ဆေ့ခ်ျပို့လိုက်ပြီး မေးကြည့်လျှင်တောင်ရနိုင်မည်ထင်ပါသည်။

အယ်ဒီဆင် ဆိုသော ပညာရှင်ကြီးကို လူကြီးမင်းတို့ အလွန်ကြည်ညိုမှန်းကျွှန်တော်ရိပ်စားမိပါသည်။ ထိုသူသည် အကြိမ်တစ်ထောင်မှားသည်မဟုတ် အလုပ်မဖြစ်တဲ့နည်း အခုတစ်ထောင်သိခဲ့သည်ဟု ဆိုခဲ့သူဖြစ်ပါသည်။ သို့သော် အယ်ဒီဆင်၏ အနောက်တွင် သူ့မိသားစုနှင့်တပည့်များသာရှိပါသည်။ တိုင်းပြည်တစ်ပြည်မရှိပါ။ လူကြီးမင်းတို့၏ အလုပ်မဖြစ်သောနည်းစမ်းသပ်ချက်များအတွက် တိုင်းသူပြည်သားများ၏ အစာအိမ်ထဲမှ ဗုံသံများသည် ကြာကြာသံပတ်တင်းမထားနိုင်တတ်ပါ။

သဘာဝသယံဇာတ အလွန်ပေါများလို့များ resource trap ထဲ အခုလို ယက်ကန်ယက်ကန်ဖြစ်နေရသည်လား ကျွန်တော်တစ်နေ့တစ်နေ့ ထိုင်ထိုင်တွေးနေမိပါသည်။ ပြည့်ရှင်မင်းမကောင်းလို့ ဆန်ရေစပါးရှားပါးသည်ဆိုသော ခေတ်တွင်ဆိုလျှင် လူကြီးမင်းတို့ အခြေအနေမဟန်ဟုပင် ပြောင်ချော်ချော်တွေးမိပါသေးသည်။ bottom billion စာအုပ်ကို လူကြီးမင်းတို့၏ အကြံပေးများဖတ်ဖူးသည်ဟု မြန်မာပြည်ပြန်စဉ်က သိခဲ့ရပါသည်။ ပြည်တွင်းစစ်သည်လည်း မွဲရာမွဲကြောင်း အကျင့်ကောင်းဖြစ်သည်ကိုလည်း သိပြီးဖြစ်ပါလိမ့်မည်။ အကျဉ်းသားများကို နိုင်ငံတော်စရိတ်ဖြင့် ထမင်းကျွေးမနေဘဲ သူ့ဘာသူရှာစားနိုင်ရန် လွှတ်ပေးလိုက်ခြင်းသည် မင်္ဂလာနှစ်ပြားဖြစ်ပါသည်။ ကျန် အပြားပြားသော မင်္ဂလာများကိုလည်း သင့်လျှင် သင့်သလိုကျင့်ကြံစေချင်ပါသည်။

လစာသုံးဆတိုးလျှင် မီတာခ နှစ်ဆတိုးသည်မှာ ၀န်ထမ်းများအဖို့ အဆင်ပြေနိုင်ပါသည်။ လစာမတိုးသော ကန်စွန်းရွက်သည်အနေဖြင့် သူ့ကန်စွန်းရွက်ကို ဈေးကွက်စီးပွားရေးအရ ဈေးသုံးဆတိုးလိုက်လျှင်လည်း လူကြီးမင်းတို့ vicious cycle ထဲ တစ်ဘီးစက်ဘီးစီးနေရပါဦးမည်။ virtuous circle ဖြစ်အောင်စဉ်းစားစေချင်ပါသည်။ (ဗျစ်တသျှလိုထည့်ထည့်ရေးရခြင်းမှာ ကျွန်ုပ်၏ မြန်မာစာအားနည်းချက်ကြောင့်ဖြစ်သည်။)

မကြာမီ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချတော့မည်ဖြစ်ရာ ကျွန်ုပ်တို့သည် မိမိတို့၏ ဇာတိချက်ကြိုး ကတ်ကြေးတိုးရာ ပြည်မြန်မာ၏ ကောင်းသတင်းများကို အစဉ်သဖြင့်နားစွင့်နေရကြောင်း၊ သမ္မတကြီးကိုလည်း ကျန်းမာ၊ထီပေါက်၊နိဗ္ဗာန်ရောက်ဟု မြန်မာနိုင်ငံသားတစ်ဦးဆန်စွာ ဆုမွန်ကောင်းပို့သအပ်ပါကြောင်း၊ မီတာခ မတိုးခင် တစ်ဦးချင်းဝင်ငွေကို တိုးအောင် အမိန့်ကြီးကြီး ချစေလိုကြောင်း၊ တိုင်းပြည်ကြီး၏ စီးပွားရေးအကျိုးအမြတ်များကို လည်ပင်သွေးစုပ်နေသော ရုပ်ဆိုးဆိုး ဒရတ်ကူလာများကို ရှင်းလင်းပေးစေချင်ကြောင်း၊ စကားမစပ် သမ္မတကြီး၏ ပုဆိုးပြာဖက်ရှင်မှာ ယခုအခါ ကမ္ဘာတစ်လွှားသို့ ပြန့်နှံ့ပြီး သမ္မတရာထူးမှ အနားယူသည့်အခါ ပုဆိုးကြော်ငြာရိုက်မရိုက် ကမ္ဘာတ၀ှမ်းမှ ကြော်ငြာဒါရိုက်တာများမှ သိချင်နေကြကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေတော့။

သင့်ရဲ့ အစစ်အမှန်

Zephyr
(၀မ်းသာစရာကောင်းတာကတော့ လေဆိပ်မှာ ဆတ်ကြေးအဖွဲ့မရှိတော့ပါဘူး။ အလှူခံအဖွဲ့ပဲကျန်ခဲ့တဲ့အတွက် သမ္မတကြီးကို ကျေးစ်ဇူးစ်)





Peace B with U.

Friday, November 11, 2011

ရန်ကုန်လား ... အခြေအနေ အကောင်းဘက်ကို ဦးတည်ရွေ့လျားနေတယ်။ ထင်ရတာပဲ။

ရန်ကုန်လား ... အခြေအနေ အကောင်းဘက်ကို ဦးတည်ရွေ့လျားနေတယ်။ ထင်ရတာပဲ။


လမ်းမများ

လွန်ခဲ့တဲ့ခြောက်လကထက် လမ်းပေါ်က ချိုင့်တွေက ခြောက်လက်မ ပိုနက်လာတယ်။
Budget စောင့်နေတာလို့ပြောတယ်။ အင်္ဂတေ တစ်ပိုင်း လမ်းမရိုင်းတွေကလည်း ကျန်တဲ့ တစ်ဝက်မှာ နှစ်လမ်းမောင်းနေရတော့ လကမ္ဘာအတွေ့အကြုံရရှိစေတယ်။ ဥပမာ။ သွားကောလိပ်ရှေ့နား။

Taxi

ပထမဆုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ရတယ်။ တစ်ချို့ဒရိုင်ဘာတွေက ဆေးလိပ်သောက်တယ်။ တစ်ချို့က လမ်းမကို အနီရောင် ဆေးဆိုးဖို့ တာဝန်ကျနေသလို၊ တစ်လမ်းလုံး ကွမ်းတပျစ်ပျစ်နဲ့။ အမှိုက်လား။ လမ်းမပေါ်ပစ်လိုက်ကြတာပဲ။ မှန်တံကားက ဂွနဲ့လှည့်ပြီးချရတယ်။ ဈေးက တစ်စီးနဲ့တစ်စီး ၅၀၀ ကနေ ၁၅၀၀ အထိ ကွာတယ်။ စိတ်ရှည်ရှည် စောင့်နိုင်ရင် ပိုပေးပြီး မစီးတာကောင်းတယ်။

မြေဈေး

ပေတရာပတ်လည်ခြံကျယ်ကြီးမှ ၇ သိန်းပဲရှိတယ်။
အဲ ... နေရာကတော့ လှည်းကူးမှာ။

ဒဂုံ ဘေလီတံတားအဆင်းနားက ခြံတောင် သိန်း ရှစ်ရာတွေ ဘာတွေ ဖြစ်နေပြီ။ အံ့သြလို့မဆုံးဘူး။ အခုတလော ကားဈေးကွက် ကမောက်ကမ ဖြစ်လာတော့ ကားဝယ်ရောင်းတွေက မြေကွက်တွေဘက် လှည့်ကုန်ပြီ။ ဒီအတိုင်းပစ်ထားရင်း ဈေးတက်လာတဲ့ မြေကွက်တွေဟာ အစိုးရကြောင့် ဈေးပြောင်းတဲ့ကားလို risk မများဘူးလို့ပြောတယ်။

ဈေးပေါတာတွေလည်းရှိပါတယ်။ နေရာပေါ်မူတည်တယ်။ ပတ်ဝန်းကျင်ကောင်း၊မကောင်းပေါ်မူတည်ပြီး ဈေးက ငါးသိန်း၊ ဆယ်သိန်းကွာတာလည်းရှိတယ်။

စင်ကာပူလို ကျွန်းက သေးနေလို့ မြေဈေး၊ အိမ်ဈေးတွေ ခေါင်ခိုက်နေတာကို မအံ့သြပေမယ့်၊ ရန်ကုန်လို ဘယ်နေရာသွားသွား ကွက်လပ်တွေ အများကြီးကျန်သေးတဲ့နေရာမှာ ဈေးတွေ ဒီလောက်ကြီးလာတာကတော့ ကမ္ဘာနဲ့ ပထမဆုံး တန်းလိုက်တဲ့ ရင်ပေါင်လို့ပဲထင်တယ်။ ရင်ပေါင်တန်းတယ်ဆိုတာ အရပ်သိပ်ပုတဲ့သူက အရပ်သိပ်ရှည်တဲ့သူရဲ့ပေါင်နားမှာသွားရပ်လိုက်လို့ သိသိသာသာပုသွားတာကို ခေါ်တာမျိုးပဲပိုဖြစ်သင့်တယ်။

ယုံကြည်မှုများ

မြန်မာပြည်မှာက လူတစ်ယောက်ကို မသိဘဲ ယုံကြည်လို့မရတာ တော်တော်လေးဆိုးရွားတယ်။ မကြာမကြာလိမ်တယ်။ လူတစ်ယောက်ကို မလိမ်အောင် ထိန်းချုပ်ထားတာတွေ နည်းနေလို့ဖြစ်မယ်ထင်တယ်။ အိမ်တွေကို ကြိုပွိုင့်နဲ့ရောင်းပြီး မဆောက်ဖြစ်သေးလို့ နှစ်နဲ့ချီ စောင့်နေရတာတွေလည်းရှိတယ်။

ငွေရဖို့ကို သိပ်ဦးစားပေးလွန်းရင် အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး လိမ်တဲ့အလုပ်ကို ဂုဏ်ရှိတယ်ဆိုပြီးတောင် လုပ်မိကြတယ်ထင်တယ်။

တော်တော်လေးကို သတိထားရတယ်လို့ပြောတယ်။

ကမ္ဘာ့အံ့ဖွယ် နှစ်ခု

ရွှေတိဂုံ ဘုရားမှာတော့ ကမ္ဘာ့ အံ့ဖွယ် နှစ်ခုတွေ့ရမယ်။ နံပါတ်တစ်က ရွှေတိဂုံဘုရားပေါ့။ ရွှေတန်ချိန်လည်း မနည်းဘူးဆိုတော့။

ဒုတိယတစ်ခုက ဓာတ်လှေကား မောင်းသမား။ ဓာတ်လှေကားဆိုတာက တစ်ယောက်ယောက်က စက်ပစ္စည်းတစ်ခုခုလို မောင်းနှင်ရတာလို့ ခံစားလိုက်ရတဲ့အသိကလည်း ကမ္ဘာ့ အံ့ဖွယ် အသိပဲ။ ဓာတ်ပုံတောင်ရိုက်လာသေးတယ်။

အတိုတွေ ဘာတွေဝတ်လာရင်လည်း ၃၀၀၀ ကျပ် အပေါင်ပေးပြီး ယောဂီထမီငှားလို့ရတယ်။ ထမီအတွက်နဲ့ အလုပ်ရှုပ်နေဖို့မလိုဘူး။ မြန်မာပြည်။ အကုန်လုံးအဆင်ပြေအောင်လုပ်ပေးတယ်။

ဘုရားပန်း

ဘုရားပန်းကပ်တာဟာ မြန်မာဓလေ့မှာ အတော်လေး အကြမ်းဖျင်းဆန်တယ်။ ပန်းကို မဟာတရားကြီးတဲ့ ပန်းအိုးထဲ အင့် ဆိုပြီး ထည့်လိုက်တာကိုပဲ ပန်းကပ်တယ်ခေါ်နေကြတယ်။ ပသာဒဖြစ်အောင် မကပ်တော့ဘူး။ စုပြုံထိုးသိပ်ထားသလိုဖြစ်တယ်။ ရှေ့က နွမ်းနေတဲ့ပန်းတွေ ဘာတွေ ဖယ်ဖို့ ဘယ်သူမှ မစဉ်းစားဘူး။ ဖယ်လိုက်ရင်လည်း ပန်းထိုးသွားတဲ့သူက မုန်းဦးမယ်ဆိုတဲ့ အသိကြောင့်လည်းဖြစ်မယ်။

ပန်းက တစ်စည်းကို တစ်ထောင်။
ငွေပန်းတွေကို တုတ်ချောင်လေးတွေနဲ့လုပ်ထားတာတော့ သဘောကျတယ်။
ပန်းကို ပန်းလိုကပ်ချင်တာထက် ယတြာချေဖို့လောက် ကပ်နေတာများတယ်။ အရွက်တွေနဲ့ ဘုရားကိုပူဇော်မှ ကိုယ့်ဒုက္ခအေးမယ်ဆိုတဲ့ အသိမျိုးဟာ အတော်လေး သနားစရာကောင်းတယ်။ ဒီလောက် မြင့်မြတ်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုကတည်းက ကိုယ့်မှာ ဘေးကင်းရန်ကင်းဖြစ်မယ်ဆိုတာ စိတ်ချထားလို့ရတယ်။ ဗေဒင်ဆရာပြောတဲ့ အရွက်တွေ၊ အညွန့်တွေထားဖို့ ထောင့်နားမှာ အရွက်စင်ဆိုပြီးသပ်သပ်ထားပေးဖို့ကောင်းတယ်။ ဗေဒင်ဟာ ဟိန္ဒူအယူဖြစ်ပြီး၊ ထေရ၀ါဒမှာ ဗေဒင်မပါပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ပဲပါပါတယ်။ နှင်းဆီပန်းလှလှလေးတွေကပ်တာဟာ ကံကော်ညွန့်နဲ့ တခြား အညွန့်တွေ အရွက်တွေ ကပ်မှ ရမယ်ထင်နေတဲ့ အကျိုးကျေးဇူးတွေလည်း အကုန်ရနိုင်ပါတယ်။ စဉ်းစဉ်းစားစားလေး ပန်းကပ်တော်မူကြပါ။

ကိုယ်ကပ်နေတာဟာ အမြင့်မြတ်ဆုံးလို့ ကိုယ်လက်ခံထားတဲ့ သူဖြစ်ပါတယ်။ ကိုယ့်အခန်းထဲမှာ ကလေးတွေက သစ်ရွက်တွေလာထိုးပေးတာနဲ့ပန်းတွေလာထိုးပေးတာကိုပဲစဉ်းစားကြည့်။ မဟာကရုဏာတော်ကို အလွဲသုံးစားလုပ်ပြီး ဘုရားခေတ်တုန်းကလည်း မြက်ရှစ်ဆုပ်လှူသေးတာပဲဆိုတာမျိုးကို ကိုးကားပြီးပြောတဲ့သူလည်းရှိတယ်။ ဟိုလူက မြက်ရှစ်ဆုပ်ကို လှူလိုက်တာ ယတြာချေတာမဟုတ်ဘူးဆိုတာကိုမေ့မထားပါနဲ့။ ယတြာချေဖို့လောက် လုပ်တဲ့ကုသိုလ်က အဲဒီတန်သလောက်ပဲ ကုသိုလ်ရပါမယ်။ လိုချင်တဲ့စိတ်နဲ့လုပ်တဲ့ကုသိုလ်နဲ့ မလိုချင်တဲ့စိတ်နဲ့လုပ်တဲ့ကုသိုလ်ရဲ့ ဖြူစင်မှု၊ လောဘကင်းမှုတွေဟာ မတူသလို ၊ အကျိုးပေးတွေကလည်းကွဲပြားပါတယ်။

ရောတိရောရာ အနုပညာ

ရွှေတိဂုံဘုရားနဲ့ပတ်သက်ပြီး ဆံပင်ရေညှစ်နေတဲ့ အမျိုးသမီးကို ငယ်ကတည်းက အမြင်မရှင်းပါဘူး။ ကြီးလာတော့ရှာဖတ်တော့ အဲဒါကလည်း ဇာတ်ကွက် အမှားဖြစ်တယ်ဆိုတာသိလာပါတယ်။ အဲဒီ ၀သုနြေ္ဒနတ်သမီးဟာ မာရ်နတ်တပ်ကြီး ဘုရားဆီချီလာတာကို ဆံပင်က ရေညှစ်လိုက်တာ မာရ်နတ် troops တွေ ရေထဲမျောသွားတယ်တဲ့။ မေတ္တာဓာတ်နဲ့အောင်နိုင်ပါတယ်ဆိုမှ ကြားထဲမှာ မဟုတ်က ဟုတ်က ဇာတ်လာထိုးနေတာ အတော်ဆိုးတယ်။ အဲဒီဆင်းတုကို ဘုရားတွေ ရှေ့နားမှာထားတာဟာ တကယ်ဆို ဘုရားရှင်ကို စော်ကားရာတောင်ရောက်တယ်။ သာသနာရေး နဲ့သက်ဆိုင်တဲ့အဖွဲ့တွေဟာ အဲဒီလို အမှားအယွင်းတွေကို ဆက်လက်ထားရှိတာဟာ သင့်လား၊မသင့်လား ဆင်ခြင်ဖို့ကောင်းတယ်။ ဒါမှမဟုတ်လည်း အများသူငှာအမြင်ရှင်းအောင် နတ်သမီးသည် သူ့ဘာသာသူ ခေါင်းလျှော်ရည် ကြော်ငြာနေခြင်းသာဖြစ်သည်လို့ စာတမ်းအသေးလေးထိုးထားပေးသင့်တယ်။

ဘာလို့ပတ်တာလဲ။

ဘုရားရောက်ရင် ဘာလို့ ပတ်ကြတာလဲ။ လက်ယာရစ်ဖြစ်စေ၊ လက်ဝဲရစ်ဖြစ်စေပတ်တာ ဘာလို့လဲဆိုတာ သိတဲ့သူလည်းနည်းတယ်။ ရှေးဟောင်း အိန္ဒိယ ယဉ်ကျေးမှုတစ်ခုပါပဲ။ တစ်ယောက်ယောက်ကို လေးစားရင် ပတ်ပြီး အလေးအမြတ်ပြုရပါတယ်။ သုံးကြိမ်ပတ်လေ့ရှိပါတယ်။ ရှိခိုးတဲ့ အဓိပ္ပာယ်ပါပဲ။ တရားဟောတာတွေ နားထောင်ရင် မကြာမကြာ ကြားရမှာပါ။ ခင်ပွန်းနဲ့ခင်ပွန်းမတွေ တရားအရှာထွက်ကြတော့မယ်ဆိုရင် တစ်လှည့်စီပတ်ပါတယ်။ ပြီးရင် ဦးချပါတယ်။ လမ်းခွဲပါတယ်။ ပတ်နေတာဟာ ရှိခိုးနေတာဆိုတဲ့ အသိကို မေ့လျော့နေရင်တော့ လေတွေပေါရင်း ပတ်နေမိတတ်ပါတယ်။ ဖုန်းတွေပြောရင်း ပတ်နေမိတတ်ပါတယ်။ ပတ်လမ်းကနေ ဘုရားအထိဟာ ခဲတစ်ပစ်စာ အကွာအဝေးဖြစ်လို့ အဲဒီအကွာအဝေးမှာ ဘုရားအကြောင်း၊ တရားအကြောင်းနဲ့ မဆိုင်တာတွေ ပြောတာဟာလည်း အကုသိုလ်အလုပ်ဖြစ်ပါတယ်။ ဒါကတော့ တင်းကြပ်တဲ့စည်းကမ်းတွေအရပြောတာပါ။ ငယ်တုန်းကဖတ်ခဲ့တဲ့ ရဝေနွယ်(အင်းမ) (အရှုင်ရာဇိန္န) စာအုပ်ထဲမှာတော့ ခဲနှစ်ပစ်စာ အကွာအဝေးအထိ ပုရ၀ုဏ်အတွင်းလို့ သဘောထားပြီး အပိုကိစ္စတွေ မပြောသင့်ဘူးဆိုတာပါပါတယ်။

ကြည်နူးဖွယ်မြင်ကွင်း

ဘုရားမှာ ဝေရာဝစ္စအဖွဲ့တွေ မိုးရေစိုနေတဲ့ကျောက်ပြားတွေကို ရေမတင်အောင် သုတ်သင် သန့်ရှင်းနေတာကို မြင်ခဲ့ရတယ်။ အရင်လည်း သူငယ်ချင်းတွေက အဲဒီအဖွဲ့တွေမှာပါတော့ မနက်အစောကြီး သွားပြီး တံမျက်စည်းလှည်းကြတာ၊ သန့်ရှင်းရေးလုပ်ကြတာတွေကို သိရတယ်။ ကြည်နူးစရာ မြင်ကွင်းပါပဲ။ မြန်မာပြည်မှာ volunteer spirit ဆိုတာကို စကားလုံး အများကြီးနဲ့ ရှင်းပြနေစရာမလိုပါဘူး။ မြန်မာအားလုံးရဲ့ မွေးရာပါ စိတ်အခြေခံလို့ပဲထင်မိတယ်။

မုန့်ဟင်းခါးစားခြင်းအနုပညာ

မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့မှ ၆၀၀ ကျပ်ပါ။ မြောင်းမြ ဒေါ်ချိုဆိုင်ဖြစ်ပါတယ်။ တစ်ခါစားရင် အကြော်နှစ်မျိုးစီနဲ့ နှစ်ပွဲစားပါတယ်။ စင်ကာပူမှာ အင်မတန်ညံ့ဖျင်းတဲ့ မုန့်ဟင်းခါးကိုတောင် တစ်ပွဲ 7SGD (4200 ကျပ်လောက်နဲ့) စားရတာကို စိတ်နာတဲ့အနေနဲ့ကြုံရင် ကြုံသလိုစားသွားပါတယ်။

လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုပြောင်းလဲလာခြင်း

ကျောင်းနေဖက်သူငယ်ချင်းက မနက် ၈ နာရီခွဲမှာ မနက်စာစားဖို့ လာခေါ်တယ်။ မတွေ့တာကြာပေမယ့် အရင်လိုပဲခင်ကြတယ်။ လက်ဖက်ရည်ဆိုင်တွေကို ကြီးကြီးကျယ်ကျယ်တွေဖွင့်ကြတယ်။ မနက်စာရတဲ့ဆိုင်တွေက ပိုပြီး အလုပ်ဖြစ်တယ်။ တစ်ချို့လည်း စားသောက်ဆိုင်လိုဖြစ်နေပြီ။ လက်ဖက်ရည်သောက်ချင်တဲ့သူက လက်ဖက်ရည်သောက်။ အစားအသောက်တွေကလည်း မဆိုးဘူးဆိုတော့ အဆာပြေစားချင်တဲ့သူတွေစားလို့လည်းရတယ်။ စားပွဲထိုးတွေကတော့ အရင်လိုပဲ သိပ်မတွက်တတ်သေးတာတွေ့ရတယ်။ မနက်တစ်ပိုင်းတင် ငွေကွာတာ ၂၀၀၀ လောက်ရှိပြီဆိုလို့ မင်းကတော့ လခတောင်ကျန်ပါ့မလားဆိုပြီး သေချာတွက်ဖို့ပြောခဲ့သေးတယ်။ သူ့မှာ ဂဏန်းပေါင်းစက်လည်းပါတယ်။ အဲဒါကို မှားနေတာ။ သူငယ်ချင်းကတော့ ဟိုမှာ စီးပွားရေးလုပ်နေတော့ပိုက်ဆံတွက်တာကျွမ်းကျင်ပုံပေါ်တယ်။ သူပဲတွက်ပေးလိုက်တယ်။ သူ့ကိုလည်း ပြန်တွက်ကြည့်ဦး မှားဦးမယ်ဆိုတော့ အကိုတို့ကို ယုံပါတယ်ဆိုပြီး တွက်မနေတော့ဘူးဆိုပြီး ရယ်ပြတယ်။ ဗဟန်းက ဆိုင်တစ်ဆိုင်ပဲ။ နာမည်တော့ မမှတ်မိဘူး။

နောက်တစ်ခေါက်ကြတော့ မနက်စာကို သူငယ်ချင်းသုံးယောက်သား royal rose မှာ စားတယ်။ အမြုပ်များတဲ့ နွားနို့ကို သောက်တယ်။ အစားအသောက်တွေက သိပ်အကောင်းကြီးမဟုတ်ဘူး။ ငယ်တုန်းက ကြိုက်တာတွေကို သိပ်မကြိုက်တော့ဘူးလို့ ကော်ရည်ခေါက်ဆွဲစားတဲ့ ဇနီးသည်ကပြောတယ်။

လပ်ကီးဆဲဗင်းမှာတော့ စားလို့အဆင်ပြေတယ်။ မုန့်ဟင်းခါးလည်းကောင်းတယ်။ ဆိတ်မွထမင်းကြော်လည်းကောင်းတယ်။ လက်ဖက်ရည်လည်းကောင်းတယ်။ မြန်မာပြည်မှာတန်တာက အဲဒီလက်ဖက်ရည်၊မုန့်ဟင်းခါးတွေပဲ။


ဘီယာဆိုင်ယဉ်ကျေးမှု

မြန်မာပြည်မှာ အရွယ်ရောက်သူတိုင်း ဘီယာမသောက်မနေရ စနစ်များ ကျင့်သုံးလိုက်သလားထင်ရလောက်အောင် သောက်ကြတယ်။ မြန်မာပြည်မှာ ပုံမှန်သောက်သုံးသူလူတန်းစားကို မနည်းလှဘူး။ ဘီယာဆိုင်က အစားအသောက်တွေက အငန်များနေတာကြုံခဲ့တယ်။ ဘီယာသောက်ရင်းစားတဲ့သူတွေတော့ အဆင်ပြေသလားမသိဘူး။ မသောက်တဲ့ ကျွန်တော်တို့ လင်မယားကတော့ ငန်လို့ မနည်းကုန်အောင်စားရတယ်။ ခေါက်ဆွဲကြော်တစ်ပွဲက မြန်မာငွေ ၂၆၀၀ လောက်ကျတယ်။ ဈေးများတယ်ထင်ရင် စင်ကာပူငွေနဲ့ပြန်တွက်ပြီးစားကြရတယ်။ ဆာတေးတွေကောင်းတယ်။ ၀က်သားတုတ်ထိုးညံ့တယ်။ လမ်းဘေးက ၀က်သားတုတ်ထိုးစားချင်တာတော့ မစားခဲ့ရဘူး။ ရန်ကင်းကြားမှတ်တိုင်က ၀က်သားတုတ်ထိုးသည်ကြီးလည်း မဖွင့်တော့ဘူးလားမသိဘူး။ ရောက်တော့ ရှာကြည့်တာ ဆိုင်ဖွင့်တာမတွေ့တော့ဘူး။ ၁၂ လုံးတန်းက နောက်ထပ်တစ်ဆိုင်ကလည်းပိတ်ပြီ။

ဘဏ်များကို လေ့လာခြင်း

အရင်က ဘဏ်တိုး ၁၂ % per annum (နှစ်တိုး) ကို အခု ၁၀% ပြောင်းလိုက်ပြီ။ ဘဏ်တွေက ခြေသွက်နေတယ်။ ထိပ်ဆုံးနေရာကို ကမ္ဘောဇက ယူထားတယ်။ ဘာလို့ယူထားနိုင်တာလည်းဆိုတော့ သူတို့မှာ background ကောင်းတယ်။ ကျန်တဲ့ဘဏ်တွေ ပေါင်းပြီး ကမ္ဘောဇကို ဖြုတ်ချဖို့ကြိုးစားခဲ့သေးတယ်။ နောက်ဆုံး ကမ္ဘောဇက မီဒီယာတွေနဲ့ပေါင်းပြီး သိပ်ခိုင်မာတဲ့အကြောင်းကို သက်သေပြခဲ့တယ်။ ဗဟိုဘဏ်က အငြိမ်းစားယူတဲ့သူတွေကို ကမ္ဘောဇက ဒိုင်ခံလိုက်ခေါ်တယ်။ အိမ်တိုင်ရာရောက် အလုပ်လျှောက်ဖို့ လာပြောတယ်။ ဆိုလိုတာက ကမ္ဘောဇမှာ ဗဟိုဘဏ်က လူကြီးဟောင်းတွေ အများကြီးရှိတယ်။

Exchange Counter တွေအတွက် ပြင်ဆင်လှုပ်ရှားနေကြတယ်။ ခြေသွက်တဲ့နောက်ထပ် တစ်ဘဏ်က မြန်မာ့ရှေ့ဆောင်။ အရင်က ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်ကလူတွေနဲ့ ပြန်ဖွဲ့ထားတယ်။

ဒေါ်လာကို ကမ္ဘောဇက ရသလောက်ဝယ်မယ်ဆိုပြီး ဈေးကို ၃၀ ကျပ်ပိုပေးလိုက်တယ်။ အစိုးရပေါက်ဈေး ၇၉၅/၈၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ၈၃၀ ကျပ်နဲ့ဝယ်တယ်။ သန်း နှစ်ရာ အရှုံးခံပြီးဝယ်စုထားပြီးပြီလို့ သိရတယ်။ အဲဒီ ဒေါ်လာတွေကို ဗဟိုဘဏ်မှာပြန်အပ်ထားရတယ်။ အဲဒီလို အပ်ဖို့ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းအရ မကိုက်ညီတဲ့ ဒေါ်လာတွေကိုတော့ ၇၃၀ ကျပ်နဲ့ပြန်ရောင်းတယ်။ မြန်မာပြည်မှာတော့ ခေါက်ရာပါတာမယူဘူး။ မြင့်တယ်။ ပိုက်ဆံတောင် ရွေးပြီးသုံးတာ။

USD, EURO, FEC, SGD လေးမျိုးကို နောက်ပိုင်းမှာ လွယ်လွယ်ကူကူလဲနိုင်ပြီ။ Exchange Counters တွေရှိလာပြီ။ နောက်ထပ်တစ်ခုက နိုင်ငံခြားငွေအပ်ချင်ရင် အကောင့်ထ်ဖွင့်လို့ရတော့မယ်။ International Bank Transfer ကိုလည်း စလုပ်နေပြီ။ နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။

ရယ်စရာတစ်ခုက ATM ကို ရုံးတွေမှာ လခပေးဖို့တပ်တဲ့အကြောင်း။ ရုံးက လခကို ATM မှာထုတ်ရတယ်။ ချန်ထားလို့လည်းမရဘူး။ အကုန်ထုတ်ရတယ်။ အဲဒီတော့ ထုတ်ဖို့ကို ဘယ်သူမှ မသွားချင်ဘူး။ သွားမယ့်လူတစ်ယောက်ကို အားလုံးက Cards တွေပေးပြီး Password တွေ ရေးပေးလိုက်ရတယ်တဲ့။ ကဲ ဘယ်လောက်ရှင်းတဲ့ မြန်မာ့ရိုးရာစနစ်လဲ။

ATM စနစ်နဲ့ Nets နဲ့ လုပ်နိုင်ရင်တော့ ပိုက်ဆံတွေ ဆာလာအိတ်နဲ့ထည့်နေရတဲ့သူ၊ ခြင်ထောင်ကို ပက်လက်လှန်ပြီး ပိုက်ဆံသိမ်းရတဲ့ သူတွေအတွက်တော့ အတော်လေး အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေကတော့ ဘာကဒ်မှမရှိလည်း အဆင်ပြေပါတယ်။

ကားဈေးကွက်ကိုလေ့လာခြင်း

ကားဈေးတွေက ထက်ဝက်လောက်ကျသွားတယ်။ အခုအသစ်သွင်းဖို့ ကားသစ်တွေတင်လာပါတယ်ဆိုတဲ့ သင်္ဘောရောက်ရင် ထပ်ကျဖို့ရှိတယ်။ ကားသွင်းဖို့ company တွေအလျှိုလျှိုပေါ်လာတယ်။ သတင်းစာမှာဆို အဲဒီလိုဟာတွေချည်းပဲ။

နိုင်ငံခြားငွေရတဲ့ အလုပ်လုပ်တဲ့သူတွေဆိုရင် အခွန်ကို USD ၃၀၀၀ ဆောင်ပြီးရင်တောင် ကားသွင်းခွင့်ရမယ်လို့ပြောတယ်။ Eleven News မှာလည်းပါတယ်။ အခွန်ကို လျော့လျော့ပေါ့ပေါ့ဈေးတွေနဲ့ဆောင်နေပြီး ကားသွင်းဖို့ စိတ်ကူးရော၊ပိုက်ဆံပါမရှိတဲ့ ကျွန်တော်တို့အတွက်တော့ သိပ်မထူးဆန်းဘူး။

မြန်မာပြည်က ပြန်ချပေးမယ့် ပါမစ်တွေအရ ကားဟောင်းပဲသွင်းခွင့်ရမယ်။ မော်ဒယ်ကို ကန့်သတ်တယ်။ ဈေးကို ကန့်သတ်တယ်ဆိုတာကိုတော့ သိပ်နားမလည်ဘူး။ ဘာကြောင့်လဲဆိုတာကို သိပ်နားမလည်တာ။ ကားအကောင်းစားကြီးတွေ မစီးစေချင်လို့လား။ မော်ဒယ်အမြင့်တွေက ပိုပြီး safe ဖြစ်တယ်ဆိုတာကို မသိလို့လား။ အခွန်ပိုရချင်တဲ့သူတွေကိုပဲ မေးခွန်းထုတ်ရတော့မှာပဲ။ ကားအဟောင်းတွေ ဈေးတက်တယ်။ လေးဘီးကားလိုမျိုးကားတွေ၊ ဈ၊ဇ တွေ လိုက်ဝယ်ကြတယ်။ ပါမစ်လိုချင်လို့။ တကယ့်ကို ကမောက်ကမ။ ဒါပေမယ့် အလားအလာတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

နေပြည်တော် Convention Centre

ဒီတစ်ခါ အာဆီယံ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ကမ္ဘောဒီးယားမှာ လုပ်ဖို့ စီစဉ်ထားတယ်။ သူတို့က မလုပ်နိုင်ဘူး။ အဲဒီမှာ ၁၆ ကြိမ်မှာ ကျင်းပခွင့်ရထားတဲ့ မြန်မာနိုင်ငံက လွှဲပြောင်းပြီး ကျင်းပခွင့်ယူတယ်။ အဲဒါနဲ့ေ နပြည်တော်မှာဆောက်တယ်။ ဆောက်တဲ့ ပရောဂျတ်ကို ရွှေတောင်က ရတယ်။ ပထမဆောက်တယ်။ တရုတ်ပညာရှင်တွေက လာကြည့်တယ်။ နောက်တော့ အကြောင်းတစ်ခုကြောင့် လက်ရှိအနေအထားကို သိပ်မကြိုက်ဘူးဆိုပြီး အာဆီယံမှာရှိတဲ့ Convention Centres တွေကို လေ့လာရေးတွေပို့တယ်။ တစ်ချို့နိုင်ငံတွေက ကောင်းတယ်။ တစ်ချို့ကသာမန်ပဲ။ ကောင်းတာက ဂျာမန်က ဒီဇိုင်နာ၊ ဂျာမန်က အာခီတက် နဲ့ တရုတ်က ဆောက်ပေးလို့ဖြစ်နေတယ်။ အဲဒီတော့ မေးခွန်းတွေရှိလာတယ်။ မြန်မာတွေဖြစ်ပါ့မလားဆိုပြီး။ အဲဒီတော့ ရေကြီးလို့ ခေါင်းရှုပ်နေတဲ့ ထိုင်း ၀န်မကြီး၊၀န်ကြီးမကတော့ မြန်မာကို ထောက်ခံလိုက်တယ်။ တစ်ချို့ကလည်း မယုံဘူးတဲ့။ ဒီကောင်တွေ နာမည်ပျက်လေးရှိတယ်တဲ့။ အဲဒါနဲ့ အင်ဒိုကနေ လေ့လာရေးဆိုပြီး လာအကဲခတ်တယ်။ ၀န်ကြီးတွေက စိတ်ဆိုးတယ်။ အရင်လည်းဘယ်မှာမှ လုပ်နိုင်လား၊ မလုပ်နိုင်လားစစ်တာမရှိပါဘူး။ ငါတို့ကြမှ စစ်ရဆေးရတယ်ဆိုပြီးဖြစ်တယ်ဆိုပြီးမကြည်လင်ကြဘူး။ လာစစ်တဲ့သူက လုပ်နေတာတွေတော့ အဆင်ပြေတယ်။ ပြီးအောင်ရော လုပ်နိုင်မယ့် ငွေအားလူအားရှိလားမေးတယ်။ ၀န်ကြီးကလည်း ဂွင်ထဲဝင်ပြီဆိုပြီး မြန်မာပြည်မှာ တူးဖော်ဆဲရော မတူးဖော်ပဲ ချန်ထားတဲ့ သံယံဇာတရော များကြီးများကြီးပဲ လို့ကြွားလိုက်တယ်။ ထုတ်မသုံးရသေးတဲ့ သယံဇာတဆိုတာကို ကျွန်တော်တို့ အမြဲ ကြောက်ရွံ့ပါတယ်။ ထုတ်သုံးလိုက်ရင် ဘာဖြစ်မလဲဆိုတာကိုလည်း အမြဲသတိထားပြီး ထုတ်သုံးစေချင်ပါတယ်။

ဤတွင် ရန်ကုန်သတင်းများကို ကြေငြာလို့ပြီးပါပြီ။ သောတရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခညာ။

Regards,

Zephyr (Now in Yangon)

Notes: အစားအသောက်မဆင်မခြင်စားတာကြောင့် မင်္ဂလာဆောင်မတိုင်မီရှေ့တစ်ရက် ဆေးထိုးလိုက်ရပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ခိုက် ဖုံပါတဲ့အစားအစာများများစားပေးခြင်းဟာ ရေရှည်မှာ အကျိုးရှိစေနိုင်ပါတယ်။ ရေမုန့်၊ ကောက်ညှင်းကျည်တောက် စတာတွေကို ဖုံတောထဲက ၀ယ်စားခဲ့ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရသွားတဲ့ ပေါ်ဆန်းမွှေးဆန်အကြောင်းလည်း သတင်းထဲမှာဖတ်ခဲ့ရပါသေးတယ်။ ရေကြီးတဲ့သတင်းတွေလည်း ဖတ်ခဲ့ရပါသေးတယ်။

အိုးအိမ်ရုံးရှေ့မှာ လယ်သမားတစ်ရာ ဆန္ဒပြတယ်ဆိုတာကိုတော့ အဲဒီရှေ့နားဖြတ်သွားပေမယ့် လယ်သမားတွေမတွေ့ခဲ့ပါ။ (အချိန်ကွာတာကြောင့်လည်းဖြစ်နိုင်တယ်။) လယ်သမားတွေ ဆန္ဒပြတာကို ရေဒိယိုကနေ အင်မတန်အားပေးနေတဲ့ လေလှိုင်းကအဒေါ်ကြီးတွေ အမေရိကားမှာ ဘောနပ်စ်ရစေချင်ပါတယ်။ ပဲခူးကနေ ရန်ကုန်အထိ ဆန္ဒလာပြတယ်ဆိုတာကို ပြောသွားတာကြားလိုက်ရပါတယ်။

သတင်း မှန်ကန်မှုကို တန်ဖိုးထားစေချင်ပါတယ်။ အချိန်ကို တိတိကျကျမဟုတ်ဘဲ ရမ်းသမ်းပြောတာဟာ သတင်းဌာနတွေအတွက်တော့ တာဝန်မကျေမှုပါပဲ။ အမုန်းတရားအခြေခံတဲ့ သတင်းထုတ်ပြန်မှုတွေ ကျဆုံးပါစေ။ အမှန်တရား အခြေခံတဲ့ သတင်းတွေ အောင်မြင်ပါစေ။ (အပို၊အလိုဆိုတာ သတင်းရဲ့ကိစ္စမဟုတ်ပါဘူး။ သတင်းမှာ အပို၊အလိုလုပ်စရာမလိုပါဘူး။ တိတိကျကျထုတ်ပြန်ဖို့ပဲလိုပါတယ်။) လက်ရှိအစိုးရအနေနဲ့လည်း သတင်းထုတ်ပြန်မှုလွယ်ကူအောင် အစိုးရ websites လုပ်သင့်ပါတယ်။ သတင်းရဲ့ တန်ဖိုးကို ပေါ့ပေါ့မတွက်သင့်ပါဘူး။ သတင်းတစ်ခုကြောင့် ဘေးဒုက္ခသည်တွေအတွက် အဆင်ပြေသွားနိုင်သလို၊ သတင်းတစ်ပုဒ်ကြောင့် မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေလည်းဖြစ်နိုင်ပါတယ်။




Peace B with U.

Friday, July 1, 2011

အစိမ်းရောင်မီးလေးငြိမ်းသွားခြင်း၊ သတင်းစုံလင်မှာ၊

အစိမ်းရောင်မီးလေးငြိမ်းသွားခြင်း၊ သတင်းစုံလင်မှာ၊


စင်ကာပူရှေ့ခြမ်း၊ East Coast နယ်မြေအတွင်း နေထိုင်သူ Zephyr သည် (သည်းခံပါရှင်)၊ တစ်စုံတစ်ယောက်သည် ကိုယ်မပြုသောကံများပဲ့တင်လာစဉ်ခဏ၊ ဘူမာရင်းပစ်ကျင့်နေစဉ် ရုတ်တရတ် ကံဆိုးမိုးမှောင်ကျ၍ နယ်မြေသစ်များပျောက်ဆုံးသွားသည်ဟုသိရသည်။

အခင်းဖြစ်ပွားရာသို့ စေလွှတ်လိုက်သော လက်ဖြောင့်တပ်သားများသည် ပစ်ချင်ရာပစ်၍ထွက်ပြေးသွားကြောင်း၊ တရားခံမှာ မိမိမှလွဲလျှင် တခြားတစ်ယောက်ဟုအတိအလင်းကြေညာထားကြောင်း၊ ပြန်မလာတော့လျှင်လည်းဖြစ်ကြောင်း၊ ဒေါသသည်အမှားပါတတ်ကြောင်း စသည့် စကားလုံး၀၀ကြီးများပိသေသွားကြောင်း သိရသည်။

ထပ်မံစုံစမ်းသိရှိရသောအချက်အလက်များအရ၊ အနုပညာသည် ချောင်းဆိုးရင်ကြပ်မပျောက်ကြောင်း မကြာမကြာညည်းတွားလေ့ရှိသော အဆိုပါမျက်မြင်သက်သေထွက်ချက်များကို စုစည်းလိုက်လျှင် အဖြေရှာမရသောအဖြေတစ်ခုသာထွက်လာကြောင်းသိရသည်။ သို့သော် ဆက်လက်စုံမ်းနေဆဲဖြစ်သည်။

သေသူတွင် ထိခိုက်ဒဏ်ရာရှိမနေခြင်းကြောင့် သွေးမဲ့ဒဏ်ရာတစ်ခုဟုကောက်ချက်ချလိုက်ရသည်။ သေသူသည် သေပြီဟုသက်သေပြနေရန်မလိုဟု သေသူ၏ အိပ်ကပ်ထဲမှ အနက်ရောင်မှင် (ပွိုင့် နိုင်း ဘောပင်ဖြင့်ရေးထား)ဖြင့်ရေးထားသောစာအရ မှုခင်းကျွမ်းကျင်သူများက သေသူသည် စာရေးတတ်သည်ဟုကောက်ချက်ချလိုက်ကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှကြားသိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဖုန်းပိတ်ထားမည်ဖြစ်ကြောင်း၊ ၁၀၀ ပေးသူများကိုသာ ၁၀၀ ပေးမည်ဖြစ်ကြောင်း၊ တရားနှင့်ဖြေတတ်သူများ တရားနှင့်သာဖြေထားကြရန် ကျန်ရစ်သူမိသားစုမှ ထုတ်ပြန်ထားကြောင်းသိရသည်။

အိမ်ပြတင်းပေါက်မှ အလင်းရောင်လေးကို လှည့်ကြည့်ရင်း ခရီးသွားနေသူတစ်ယောက်အကြောင်းသီချင်းကိုနားထောင်ရင်း သီချင်းများလောင်ကျွမ်းသွားသော အိမ်ပြတင်းပေါက်လေးသည် သေဆုံးသူ၏ အခြားအမည်နာမဖြစ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

အတိုက်အခံများဘက်မှလည်း သေဆုံးသူ ပြန်ရှင်မလာရေးကို မူဘောင်များချမှတ်ပြီး ကြိုးစားသွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာသည်ကိုသိရသည်။

ခွဲစိတ်ဆရာဝန်၏ကောက်ချက်အရ သေဆုံးသူသည်မသေခင်တစ်မိနစ်အလိုအထိ အစားစားနေကြောင်း၊ ကဗျာဟုယူဆရသော အစာမာများဖြစ်ကြောင်း၊ သေဆုံးမှုနှင့် အစာမကြေသော ကဗျာများဆက်စပ်နေနိုင်ကြောင်း တွေးတွေးဆဆပြောကြားသွားသည်။

မှုခင်းရေးရာလေ့လာရေးအဖွဲ့မှ သေသူသည် ကဗျာရေးခြင်းမှလွဲလျှင် တခြားရာဇ၀တ်မှုမကျူးလွန်ခဲ့ကြောင်း ထောက်ခံချက်ထုတ်ပြန်ခဲ့သည်။

သေသူနှင့်အရင်းနှီးဆုံးသူငယ်ချင်းအပြောအရ၊ ကဗျာတွေနည်းလာလို့ အသက်ရှူကြပ်လာတယ်ဟု မသေဆုံးခင်နောက်ဆုံးပြောဖြစ်ခဲ့ကြောင်းသိရသည်။

သူသေသွားလျှင် အသုဘလာရှုသူများကို ရေခဲမုန့်ကျွေးရမည်ဟုမှာထားဖူးကြောင်း ကျန်ရစ်သူ ဇနီးသည်မှ မျက်ရည်လည်ရွဲဖြင့်ပြောကြားသွားသည်။

သူ့အသုဘကားကို ကိုကျော်သူမောင်းရန်မလိုကြောင်း (သေသည်အထိ ရပ်တန့်တားဆီးခံရမည်ကိုမလိုလားကြောင်း) ကိုလည်းသေသူ၏သေတမ်းစာတွင်ထည့်သွင်းရေးသားထားသည်ဟုသိရသည်။

သူပိုင်ဆိုင်သောစာအုပ်များကို လူမဖတ်သာ လိုင်ဘရီများသို့ မလှူပဲ၊ အလွယ်သုံးစက္ကူများအဖြစ် ဈေးအိမ်သာရှေ့တွင်သာ ချထားစေလိုကြောင်း သေသူ၏ အမွေထိန်းရှေ့နေမှ သေသူ၏ ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်သည်ဟုသိရပါသည်။

မြန်မာစာမဖတ်သော သတင်းရပ်ကွက်မှ သေသူ၏ သေဆုံးမှုသည် မြန်မာစာပေလောကအတွက် ရင်ကွဲပက်လက်ဖြစ်ဖွယ်ဆုံးရှုံးမှုကြီး ဖြစ်ကြောင်း၊ သေသူသည် မသေမီသုံးလေးရက်အထိ မြန်မာစာအုပ်ဝယ်ဖတ်ရေးလှုပ်ရှားမှုတွင် တစ်ဦးတည်းသော တက်ကြွသူအဖွဲ့ဝင်၊တစ်ဦးတည်းသောအမှုဆောင်၊ တစ်ဦးတည်းသော ဥက္ကဌ အဖြစ် စင်ကာပူအခြေစိုက် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သေးကြောင်း၊ မြန်မာစာအုပ် အရောင်းသွက်ရန် စာရွက်များကို ဘီယာချက်နိုင်သော စာရွက်များဖြင့် ရိုက်နှိပ်သင့်သည်ဟူသော အယူအဆအတွက် မြန်မာစာပေအသင်း၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း သူသည် လက်မခံခဲ့ကြောင်း အမှတ်တရာပြောကြားသွားသည်။

သေသူနှင့်ရင်းနှီးသော ဂျာနယ်များမှ သေသူသည် မင်းသားမဟုတ်၍ နှမြောလှကြောင်း၊ စောင်ရေတက်ရန်သီသီလေးလွဲသွားကြောင်း တက်တခေါက်ခေါက်ဖြစ်နေသည်ဟုသိရသည်။

သေဆုံးသူသည် မသေမီ အာနာပါနကို သုံးဆယ့်ငါးစက္ကန့်တိတိ အထူးနှလုံးသွင်း ရှုမှတ်သွားသေးကြောင်း ဓမ္မမိတ်ဆွေများမှ ပြောကြားလိုက်သည်ဟုသိရပါသည်။

သေသူနှင့်စာချုပ်ချုပ်ထားသော ထုတ်ဝေရေးမှလူများသည်လည်း စာအုပ်တစ်အုပ်မှမရေးဘဲ စရံငွေယူ၍သေသွားပါသည်ဟု စွပ်စွဲပြောကြားနေသည်ဟုလည်းသိရပါသည်။ နီကိုရဲမိန်းမမှလည်း (သည်းခံပါရှင်) ကွယ်လွန်သူ ဟာသစာရေးဆရာကြီး၏ ဇနီးမှလည်း ထိုကိစ္စသည် ကြောင်များနှင့်ဆက်စပ်နေသည်ဟု တရားထပ်စွဲမလိုလုပ်နေပါသည်။ (အမှန်တော့ ဘာမှမဆိုင်ပါ)

သေဆုံးသူ၏ သူငယ်ချင်း ယမကာလုလင်များမှ အရက်ပေါ့ဗျာ၊ အရက်ပေါ့ဟု ပြောရှာပါသည်။ (အမှန်တော့ သေဆုံးသူသည်အရက်မသောက်ပါ။)

အကယ်၍ ဖေ့စ်ဘွတ်ခ်တွင်လည်းကောင်း၊ Gmail တွင်လည်းကောင်း အစိမ်းရောင်မီးလေးငြိမ်းနေလျှင် သူ့ကိုခွင့်လွှတ်စေချင်ကြောင်း မှာကြားမသွားသည်မှာထူးဆန်းကြောင်း အွန်လိုင်း ဓနသဟာရအသင်းအဖွဲ့နှင့်၊ဖေ့စ်ဘွတ်ခ်သည်သာအမိ၊အဖ အဖွဲ့မှ သူငယ်ချင်းများက အံအားသင့်နေကြောင်းသိရသည်။

သေဆုံးသူ၏ဖခင် (မလေးရှားတွင်နေထိုင်သူ အန်ကယ်ပတ်ထရစ်) မှ... ဒါဟာ ဘုရားသခင်၏အလိုတော်ပါဟု ပြောဆိုကြောင်း၊ သူတို့သားအမိ အဘဘုရားရဲ့ ကောင်းကင်ဘုံမှာပြန်ဆုံကြမှာပါဟုပြောကြားနေကြောင်းသိရသည်။( သေဆုံးသူ၏ ဘုဂလန့်အတွေးများအရ သူသေရသည်ကို ဘုရားသခင်အလိုတော်ပါဟု ပြောသည်ကို ကြိုက်မည်မထင်ကြောင်း xanthos မှကန့်ကွက်ပြောဆိုနေကြောင်းသိရပါသည်။)

သေဆုံးသူ၏ အကိုမှ ညီလေးက ဘ၀မှာ ဘာကိုမှမယူသွားတဲ့ တိမ်ကလေးပေါ့ဟုပြောဆိုနေကြောင်း ၂၅ ရပ်ကွက် အခြေစိုက်သတင်ဌာန၏ မနက်ခင်းသတင်းအရသိရပါသည်။

သေဆုံးသူအတွက် သေနတ်များမပစ်ဖောက်ရန်၊ နိုင်ငံတော်အလံကိုခေါက်သိမ်း၍ ဇနီးသည်ကိုမပေးအပ်ရန်၊ အစိုးရလုပ်ငန်းများတွင်ပါဝင်ခဲ့သယောင်မလုပ်ရန်၊ ပါပါရာဇီများမှ ဓာတ်ပုံများလိမ်မရောင်းရန်၊ အထိမ်းအမှတ်စေတီ (ပုထုဇဉ်အရိုးဌာပနာစေတီ) မတည်ရန်၊ ဘယ်ဘ၀ရောက်နေပြီလဲ သာကေတတွင်သွားမမေးရန်၊ မိုးကုတ်ယောကီပီပီ ဆွမ်းမသွပ်ရန်၊ မွေးထားသောငါးများကိုမကြော်စားရန်၊ ရည်းစားစာများကို ပြတိုက်သို့မလှူရန်ပြင်းထန်စွာကန့်ကွက်တားမြစ်သည်ဟု သေတမ်းစာ အပိုဒ်ခွဲ ဂ တွင်ဖော်ပြထားပါသည်။ တင့်တင့်ထွန်းယောဂီဝတ်နေသော ရိပ်သာသို့နေ့ဆွမ်းလှူရန်( သူ့သဒ္ဒါတရားက တညှိုးကြီါ်းပါလား) သည်းခံပါရှင်၊ နှင်းဆီဝိုင်ဇာတ်ကားဖြင့်တစ်ရှိန်ထိုးအောင်မြင်ခဲ့သလို၊ နိုင်ငံခြားအကများ၊လိင်ဆွဲဆောင်မှုမြင့်မားစွာပါဝင်သောဒီဇိုင်းများဖြင့်အောင်မြင်ခဲ့ပြီး၊ အသက်အရွယ်အရ ဘာသာရေးပိုင်းကို လုံးဝတိမ်းညွတ်သွားသော အဆိုတော်၊ရုပ်ရှင်မင်းသမီးအမြဲတမ်းယောဂီအဖြစ်သီတင်းသုံးသောရိပ်သာသို့လှူရန်၊ သီလရှင်ကျောင်းများသို့ ငါးပိများလှူရန် (ငါးပိများသည် သီလရှင်များ ဟင်းအဖြစ်အဓိကသုံးစွဲနေရသော အစားအစာများဖြစ်သည်ဟု သူမသေခင် ပြောကြားခဲ့သည်ဟု တစ်ရပ်ကွက်ထဲနေညီငယ်တစ်ဦးမှရှင်းလင်းပြောကြား၊)၊ သူမသေမီ ကြိုးစားလက်စ မြန်မာစာအုပ်များကို bar code ထည့်သွင်းရေးကို သူငယ်ချင်း အိုင်တီသမားများ ဆက်လက်လုပ်သွားရန်တိုက်တွန်းလိုက်ကြောင်း အပိုဒ် ဃ တွင်ဖော်ပြထားသည်ဟုသိရပါသည်။

သေမယ့်သေ အေးအေးဆေးဆေးသေရအောင် သူသေဆုံးတာကို Tag လုပ်ပြီး post ရေးမယ့် Bloggers များကို ကန့်ကွက်ကြောင်း၊ ကော်မန့်ပေးခြင်းများအစား ပဲကြီးလှော်နာနာစား၍ လေလည်ကြစေလိုကြောင်း (ကျန်းမာရေးနှင့်ပိုညီညွတ်ရန်) အပိုဒ် င တွင်ဖော်ပြပါရှိပါသည်။

(သည်းခံပါရှင်)
(သည်းခံပါရှင်)
နောက်ဆုံးရရှိသော သတင်းများအရ သေဆုံးသူသည် မသေဆုံးသေးဟုသိရပါသည်။ အဲလ်ဖရက်နိုဗယ်လို မသေခင် သတင်းအမှားလွှင့်ခံရခြင်းသာဖြစ်ပြီး (ထိုကိစ္စသည်လည်း ဂျာနယ်လစ် လွမ်းဝေနိုင်နှင့်မပတ်သက်ဟုသိရပါသည်။) ယခုအချိန်အထိ ကျန်းမာချမ်းသာစွာ တိုင်းပြည်တာဝန်များကို (အဲလေ ...သည်းခံပါရှင်)

နောက်ဆုံးထပ်မံရရှိသည့်သတင်းမှာ Zephyr သေသွားပြီဖြစ်ပါသည်။
သတင်းဌာနမှာ အင်တာနက် အခက်အခဲများအရ intermittent ဖြစ်နေ၍ သတင်းမှားများဝင်လာခြင်းကို အနူးအညွတ်တောင်းပန်ပါသည်။

Zephyr(ခ) ကိုဇက် (ခ) The Gardener (ခ) ............. နောက်ထပ် နာမည်ရှစ်ခုကိုတော့ ထည့်မရေးပါနှင့်ဟု မှာကြားခဲ့သော အသင် Zephyr သင်ရောက်လေရာ ဘုံဘ၀မှာ ငြိမ်းချမ်းပါစေသော်။

ခင်မင်စွာဖြင့်
မသေမီက Zephyr


Notes: Friday Mood





Peace B with U.

Wednesday, April 13, 2011

သင်္ကြန်ကားကြီးထွက်ပါပြီ ... ထိုသို့ ဆီသို့။

သင်္ကြန်ကားကြီးထွက်ပါပြီ ... ထိုသို့ ဆီသို့။


ဘယ်အရာနောက်ကျနေမှန်းမသိသေးတဲ့ညနေများ။ သင်္ကြန်ဆိုတာနဲ့ ပျော်ပြီ။ သူသူကိုယ်ကိုယ်။ အလုပ်စားပွဲရှေ့ငုတ်တုတ်ထိုင်ပျော်နေရတာနဲ့ ရေပက်နေရတာနဲ့တော့ အပျော်မတူနိုင်။ ဒါပေမယ့် ဒါဟာ သင်္ကြန်။ ဗုံးမပေါက်ရင်လည်းပျော်၊ ရေမပြတ်ရင်လည်းပျော်ရတဲ့သင်္ကြန်။ တိုင်ကို ဖက်ကနေတဲ့ တွန့်လိမ်လိမ်နဲ့သူငယ်မဟာ sexy ဖြစ်တယ်လို့ကျွန်တော်မမြင်ဘူး။ သူ့ခမျာ တစ်ခုခုယားယံနေလို့ ကုတ်မရပြုမရဖြစ်နေတယ်လို့ပဲကျွန်တော်မြင်တယ်။

ဘာထူးလဲ။ ဂျင်းအင်္ကျီအောက်မှာတီရှပ်၊ တီရှပ်အောက်မှာအတွင်းခံ၊ အတွင်းခံအောက်မှာရှိသင့်တာရှိမယ်။ ပရမတ်တည့်တည့်ရေပက်စမ်းပါ။ သင်္ကြန်ကို မရောထွေးနဲ့။ သင်္ကြန်ဟာ အရက်သောက်ပွဲ၊ သင်္ကြန်ဟာ ရန်ပွဲ၊ သင်္ကြန်ဟာ အရေးပေါ်ကုသဆောင်တွေမှာ လူစည်းကားတဲ့ပွဲ၊ အသက်နဲ့လဲလှယ်ပျော်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။

ရေမပက်လို့ တရားစခန်းဝင်ထယ်ထား။ သင်္ကြန်မှာမှ သူတော်ကောင်းတရားကျင့်ပွားသူတွေ ရေလုချိုးရမယ်။ အိမ်သာလုတက်ရမယ်။ ကျဉ်းကျဉ်းကြပ်ကြပ် တရားမှတ်ရမယ်။ ရိပ်သာတွေ ပရိုမိုးရှင်းချသလို လူစည်ကားနေမယ်။ အပါယ်တစ်ဘ၀မလားလဲမနည်းဘူးဆိုတဲ့သူတွေအပြိုင်းအရိုင်းတွေ့ရမယ်။ ဒါပေမယ့် ဒါဟာ ကုသိုလ်လမ်း။ အချောင်တော့ ဘာကုသိုလ်မှမရနိုင်ဘူး။

လစ်တမတ်စက္ကူနဲ့သင်္ကြန်ကိုတို့ကြည့်လိုက်ရင် သင်္ကြန်မိုး ဇာတ်ကား အဖြစ်အရောင်ပြောင်းမယ်။
ပျော်ရွှင်စွာရေကစားလျက်ရှိနေ။
လူကြီးမင်းများလက်ခုပ်တီးပါ။
ရော့ခ်သင်္ကြန်၊ဟစ်ပ်ဟော့ပ် သင်္ကြန်၊ ပန့်ခ်သင်္ကြန် စတာတွေဟာ မြန်မာ့သင်္ကြန်ရဲ့ customized verion တွေဖြစ်တယ်။ အရင်ကတည်းက ရေနဲ့ပက်ရင်မအေးမှာစိုးလို့ ရေခဲရေ၊ အဆန်းထွင်တဲ့သူများက အက်ဆစ်နဲ့ပက်၊ ရေပူဖောင်း၊ ရေခဲထုတ် စတာနဲ့ပစ် စသဖြင့် ပျော်ရွှင်စွာ ........။မီးသတ်ပိုက်နဲ့သင်္ကြန်က သပြေခက် သင်္ကြန်ကို ထိုးထုတ်ပစ်လိုက်တာကြာပြီ။ သင်္ကြန်ဟာ ပျော်စရာကောင်းပါတယ်။

မုန့်လုံးရေပေါ်နဲ့သင်္ကြန်နဲ့ဟာ လူပျိုကြီးတွေနဲ့ မင်္ဂလာဆောင်ဖိတ်စာလို မဆိုင်သလိုလိုနဲ့ဆိုင်နေတယ်။ မသိမသာကြီးဒဏ်ရာရနေသလို မုန့်လုံးရေပေါ်မပါတဲ့သင်္ကြန်ဟာ ရည်းစားဟောင်းနဲ့မကွဲဘူးတဲ့လူပျိုကြီးလို အူကြောင်ကြားကြီး။ သင်္ကြန်မှာ အုန်းလက် မဏ္ဍပ်လေးတွေ၊ တိုင်ကီပုံးလေးတွေနဲ့ ရေကစားကြတာ ပျောက်ကွယ်မတတ်ဖြစ်ကုန်ပြီ။ ချစ်သူရဲ့ကျောကိုမှီဖို့ သင်္ကြန်တစ်ခုတော့ လိုတာပေါ့လို့။ တကယ့်ကို ရိုမန်းတစ်ပါပေတယ်။

သင်္ကြန်မှာ သောက်လိုက်တဲ့ GNA(Gross National Alcohol) ဟာ အမြဲတမ်း နှစ်တိုင်း စံချိန်တင်ပါတယ်။ မြန်မာလူမျိုးတွေဟာ အပူပိုင်း နိုင်ငံတွေထဲမှာ အရက်သမားအများဆုံးနိုင်ငံတောင် တရားဝင်မဟုတ်တဲ့ record ရနေပါပြီ။ သင်္ကြန်ဟာ အရက်နဲ့ဘီယာ မြှင့်တင်ရေးကာလဖြစ်ပါတယ်။

ဒီနှစ်မှာ I-pad 2 ကိုင်ဆင်းလာမယ့် သိကြားမင်းဟာ Apple Care ၀ယ်ဖို့သွားရင်း မူးနေတဲ့လူငယ်တစ်ချို့နဲ့ခိုက်ရန်ဖြစ်ပွားရာမှ ကံတော်ကုန်သွားနိုင်တယ်လို့ အတိတ်၊တဘောင်တွေထွက်နေပါတယ်။ I-pad 2 ကြီးကိုင်လို့လာ၊ ငမူးရိုက်လို့ သေပါရောလား။ ဆိုပြီး သံချပ်တွေတောင်ဖြစ်ကုန်နိုင်တယ်။

သင်္ကြန်မှာ မြန်မာ့ရိုးရာအငွေ့အသက်ကို အတော်လေးပင်ပင်ပန်းပန်းရှူကြည့်မှ နည်းနည်းလေး ပိတောက်နံ့ထွက်ပါတယ်။ ဦးကြော့ရဲ့ ဆန်းသလောက်မလင်းနိုင်ဘု ဆိုတဲ့ ဘုပါတဲ့ ပိတောက်ပန်းတွေကို သူငယ်မတွေမပန်တော့ပါဘူး။ ဘုရားစင်မှာတော့ ဈေးထဲက၀ယ်ထားကြတဲ့ သိပ်မလှတဲ့ပိတောက်ပန်းပိန်လေးတွေရှိနေတတ်ပါတယ်။ အတာအိုးထားတဲ့အယူဝါဒဟာလည်း အမျိုးသားတွေ အတွင်းခံစွပ်ကျယ်ဝတ်တဲ့ အယူဝါဒလို တိမ်ကောသလောက်ရှိပါပြီ။

သင်္ကြန်မှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခဲ့တယ်လို့သိရပါတယ်။ မကြာမကြာ အနှိပ်ခန်းသွား၊ ခေါင်းသွားလျှော်လေ့ရှိတဲ့ သက်ကြီးရွယ်အို လူငယ်အတုတွေအတွက်တော့ ဒါဟာ သင်္ကြန်မှမဟုတ်ပါဘူး Hair Salon (o တစ်လုံးနဲ့ salon ပါ o နှစ်လုံးနဲ့ saloon ဟာ အရက်ဆိုင်ဖြစ်ပါတယ်။) တွေမှာ သင်္ကြန်မတိုင်ခင်ကတည်းက ကုသိုလ်ပြုနေတဲ့ သူငယ်မတွေရှိနေပါတယ်။

အသည်းကွဲနေတဲ့ရှာပုံတော်မင်းသားကြီးတွေ အရှာထွက်ရင်း လျှာထွက်တဲ့ပွဲလည်းဖြစ်တယ်။
တောဂေါ်လီတွေ မြို့ပေါ်မှာ ပိညက်ပိညက်လာလုပ်တဲ့ပွဲလည်းဖြစ်တယ်။
လည်ပင်းက ရွှေဆွဲကြိုး နှစ်ဆစ်လောက်ဖြုတ်လိုက်ရင် သင်္ကြန် ကား မှာ မျောက်လို ခုန်ပေါက်ခွင့်အော်တိုမစ်တစ်ရသွားပြီ။ ဒါဟာ သင်္ကြန်၊ မရှိရှိတာနဲ့ပျော်ရမှာပဲ။

မဏ္ဍပ်အောက်မှာတော့ တုတ်တွေ လုံလုံလောက်လောက်ထည့်ထားရတယ်။ မူးနေတဲ့သူတွေကို မူးနေတဲ့သူက ရိုက်တာမှာ ဥပဒေမလိုဘူး။ လိုတာက ပတ်တီးနဲ့ ဂွမ်းတွေ။ ကွဲသွားရင်ချုပ်ဖို့ အပ်နဲ့အပ်ချည်တွေ၊ ဒါတွေပဲလိုတယ်။ တောရိုင်းဥပဒေသပဲရှိတယ်။ သောင်းသောင်းဖြဖြရဲတွေတော့ လိုအပ်မှရောက်လာလိမ့်မယ်။

စာအုပ်လေးတစ်အုပ်ကိုထုတ်၊ ပက်လက်ကုလားထိုင်လေးကိုခင်း၊သင်္ကြန်ကို စာအုပ်လေးနဲ့ဖြတ်ကျော်၊ တိမ်တိုက်လေးပေါ် ဟီးလေးခို လွင့်မျော၊ သောကမရှိ၊ ပျော်ရွှင်မှုမဟုတ်တဲ့ စိတ်ချမ်းသာမှုလေးနဲ့ ဥပုသ်သီတင်းဆောက်တည် ...၊ စတုဒီသာ လုပ်ပြီးဝေငှ ........၊ အဲဒါတွေက ပျော်စရာမကောင်းဘူးမဟုတ်လား။

သင်္ကြန်အပြီး သီတင်းစာနောက်ကျောမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာပြည်ပြန်တုန်း သင်္ကြန်လည်လိုက်တာက နေ ဒီလို ဖြစ်ရတာပါပဲ ဆိုတဲ့ မျက်ရည်စက်တွေနဲ့ အသက်နာမည်အပေါ်မှာ ကိုယ့်နာမည်ကြီးပါနေရတာလည်း ကြည်နူးတတ်မယ်ဆို ကြည်နူးစရာ။

အင်း ... သင်္ကြန်က ပျော်စရာ တကယ်ကောင်းပါတယ်။ ။

Regards,
Zephyr


nOTES; JUST A SATIRE TO WHOM IT MAY CONCERN



Peace B with U.

Sunday, June 13, 2010

Zephyr is thinking ...


ကြားနေကြသတင်းများစွာ .....။
အခုတလော ... ၀ိုင်းစု စကတ်ပိုတိုလာတဲ့ကိစ္စနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို တော်တော်လေးတွေးမိပါတယ်။
မကြည့်ချင်ရင်မကြည့်နဲ့။ ကြည့်ချင်တဲ့သူကြည့် ....။ မကြည့်တဲ့သူကကောင်းသလား။ ကြည့်ပြီးကြည့်ပြီးတယ်မှတ်တဲ့သူကကောင်းသလား။ မကြည့်ဘဲမကောင်းဘူးပြောတဲ့သူကကောင်းသလား။ ကြည့်ပြီးမကောင်းဘူး ပြောတဲ့သူကောင်းသလား ... အစရှိတာတွေကို ဘလော့ဂါတွေက စေတနာသုံးတန်ပြဌာန်းပြီး ကိုယ့်ထမင်းကိုယ်စားရင်း ဂျီးတော် ကားမောင်းကြပါလိမ့်မယ်။

အခုတလော ... ကျေးဇူးတရားမှာ ခါတော်မီကျေးဇူးရှင်တွေနဲ့ ... အမှန်အကန် ကျေးဇူးရှင်များဆိုပြီး နှစ်ပိုင်းရှိလာကြောင်း ဘလော့ပြောရေးဆိုခွင့်ရှိသူများမှ မှတ်ချက်ပြုပြောကြားလာပါတယ်။ ဒီကိစ္စမှာကျွန်တော့်အယူအဆကရှင်းပါတယ်။ စာနယ်ဇင်း ( သတင်းစာ၊ ဂျာနယ်၊မဂ္ဂဇင်း သုံးမျိုးပေါင်းပြီး စာနယ်ဇင်းဖြစ်လာတာ ... အမှန်က ပါမျူတေးရှင်းနဲ့သာရောလိုက်ရင်း သမနယ် တို့ ဂျာသမ တို့ နယ်တင်းဇင်း တို့ပါ ဖြစ်လာနိုင်ချေရှိပါတယ်။) .. သမားတွေနဲ့ ဂါနယ်စဉ်း ( Blogger၊ နယ်မြေသစ်ရှာဖွေသူ၊ မျက်စိတွေစဉ်းလာအောင်ရေးနိုင်သူများ ကို ဆြာ Zephyr ကမြန်မာမှုပြုတယ်လို့ကြားရပါတယ်။) သမားတွေ ကိုယ့်အယူအဆကိုယ်တင်ပြတာဖြစ်ပါတယ်။ ခက်တာက ပြဿနာရဲ့ ရင်းမြစ်ကို မသိဘဲ ကြုံရင်ဝင်ဆဲသမားတွေပဲဖြစ်ပါတယ်။ လူတွေကို မုန်းတာနဲ့ စာကိုမုန်းတာနဲ့ကို ရောပစ်လိုက်ပါတယ်။ ဥပမာဗျာ .. ကျွန်တော့်ကိုမကျေနပ်ရင် ... Facebook မှာ Zephyr မုန်းတီးသူများအဖွဲ့ထောင်ပေါ့။ တတ်နိုင်ရင် မြန်မာပြည်ပြန် .. ပါတီတစ်ခုထောင် ...။ Zephyr မုန်းတီးသူများပါတီ။ အဲဒီလို ကျကျနနမုန်းခွင့်ရှိတယ်။ လူကိုမုန်းတာနဲ့ စာကိုမုန်းတာက တခြားစီပါ။ ဥပမာ ကျွန်တော်က သိပ်အားနေတာနဲ့ အဘိဓမ္မာထဲကစာပိုဒ်ကြီးကို Bold လုပ်ပြီးတင်တယ်ဆိုပါတော့။ Zephyr မုန်းတီးသူများအသင်းက အဲဒီစာကို မုန်းတယ် တလွဲတွေကွာ ...ဆိုရင်တော့ အဲဒါဟာ Joke of the Thanthayar!!!! (သံသရာမှာ အရယ်ရဆုံးပြက်လုံးကို ဗျစ်တသျှလိုရေးထားတာပါ)။

မနေ့က ဖိနပ်ဆိုင်မှာ နိုင်ငံခြားသူတစ်ယောက် ဖိနပ်ရွေးနေတယ်။
သူစီးနေတာ ရှစ်ရံရှိပြီလို့ပြောတယ်။ ကျွန်တော်တို့က ဖိနပ်ဆိုင်မှာ သူငယ်ချင်းကိုထိုင်စောင့်ရင်း သူ့ကိုတွေ့တာပါ။ သူနဲ့လိုက်တဲ့ဖိနပ်ကို ညီမကပြောတော့ သူအဲဒါကို ၀ယ်သွားတယ်။ လူတွေဟာ ကိုယ်နဲ့ဘာနဲ့လိုက်သလဲဆိုတာတောင် တခြားသူတွေရဲ့ထောက်ခံချက်လိုနေသေးတယ်လို့တွေးမိတယ်။ စာတစ်ပုဒ်ကို ရွေးချယ်ဖတ်ရှုတဲ့အခါ ရေးတဲ့သူဘယ်သူဆိုတာကိုမေ့ထားလိုက်ပါ။ မဟုတ်ရင် ကျွန်တော်က ကိုယ့်ဘာသာကိုယ်ရေးပြီး အေလင်ကွန်းမိန့်ခွန်းထဲက ကောက်နှုတ်ထားတာလို့ဆိုရင် ခင်များ ကြိတ်လေးစားစရာလို့တွေးမိနေလိမ့်မယ်။ ... ရွေးနေရုံနဲ့မပြီးဘူး ... ဘ၀မှာ ဆုံးဖြတ်ဖို့လိုတယ်။ အကောင်းအဆိုးတွေကို ဝေဖန်ရင်း ကိုယ့်မှာအကုသိုလ်မဖြစ်သွားဖို့ဆိုတာလည်းလိုသေးတယ်။ မကောင်းဘူးလို့ကိုယ်ထင်တာကြောင့် ဒေါသထွက်နေမိရင် ကိုယ်ပဲပင်ပန်းနေမယ်။ ပထမဆုံးထားသင့်တဲ့သဘောထားက တခြားသူတွေကြောင့် ကိုယ့်မှာ အကုသိုလ်မဖြစ်အောင်နေဖို့ပါပဲ။

ငယ်တုန်းက အသိဘုန်းကြီးတွေရှိတဲ့ ဘုန်းကြီးကျောင်းကို ခဏခဏရောက်ပါတယ်။
ဆယ်တန်းဖြေပြီးကာစမှာတစ်ခေါက်ရောက်တယ်။ အဲဒီတော့ ကျောင်းထိုင်ကပြောတယ်။
"ဒကာလေး အရေးကြီးတာ လုပ်ချင်ရင် အရေးမကြီးတာနဲ့ အချိန်မကုန်စေနဲ့" တဲ့။ အဲဒီစကားကို အမြဲတမ်းသတိရနေမိတယ်။ အချိန်အကုန်ခံလောက်အောင် အရေးကြီးတာတွေ လုပ်နေတာတောင် အချိန်ကမလောက်ပါဘူး။ အပိုတွေလုပ်နေတယ်ဆိုတာ တကယ်တော့ ကိုယ်လုပ်ရမယ့်အလုပ်တွေ လုပ်မယ့်အချိန်တွေကို ဖြုန်းလိုက်ရာလည်းရောက်ပါတယ်။ တခြားဘယ်သူမှမနစ်နာခင် ပထမဆုံးကိုယ်နစ်နာသွားပါပြီ။

မိုးကုတ်ဆရာတော်ကြီးပြောတဲ့စကားရှိပါတယ်။ အမှိုက်ရှိရာ ခွေးချေးလာမှာပဲတဲ့။
အမှိုက်ရှိရာကို သွားရင် ခွေးချေးဖြစ်နေဦးမှာပါပဲ။ ခွေးချေးရော အမှိုက်ပါ ကျုံးနိုင်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ကိုယ်က သန့်သန့်ပြန့်ပြန့်နေချင်တယ်ဆိုရင်တော့ အမှိုက်တွေ ခွေးချေးတွေ ဘယ်နေရာမှာရှိလဲဆိုတာကို သိပြီးရှောင်နိုင်ဖို့လိုပါတယ်။

နောက်တစ်ခု သိပ်ကြိုက်တဲ့စကားလေးတစ်ခုက Agree to Disagree ပါ ....။
ဆရာတော် ဦးဇောတိက တရားထဲမှာပါပါတယ်။ လူတွေက လက်မခံရင်လည်း အဲဒီလက်မခံတာကို လက်ခံပေးရမယ်။ လူတိုင်း ကိုယ်တွေးသလိုတွေးမယ်လို့ မမျှော်လင့်ပါနဲ့။ အတွေးအခေါ်မတူညီတာဟာ တစ်ယောက်ယောက်က လွဲနေတာမဟုတ်ပါဘူး။ x+2=? ဆိုတဲ့မေးခွန်းမှာ x တန်ဖိုး တစ်ခုစီရှိနေတဲ့လူတစ်ယောက်စီရဲ့ အဖြေတွေကို တူနေမယ်လို့မမျှော်လင့်သင့်ဘူး။ ဒါဟာ အမှန်လို့ ပြောမယ့်အစား ...ဒါကို အမှန်လို့ ငါယုံကြည်တယ်ဆိုတာက ပိုပြီးမျှတတဲ့ဆွေးနွေးသူဖြစ်နိုင်ပါတယ်။ ပဒေသရာဇ်ခေတ်မှာတော့ အမိန့်တော်မြတ်အတိုင်းပါဘုရာ့ဆိုတဲ့ .... ကိုယ်ပြောတာအမှန်ဖြစ်ခွင့်ရှိခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ သက်ဦးဆံပိုင်နေ ..ဦးပိုင်အကုန်ပိုင်စနစ် တွေဘာတွေဖြစ်လာတဲ့အခါ ... (sorry မှားသွားတာ :P) သက်ဦးက ဘာမှမပိုင်တော့ဘူး ...။ သက်ဦးမှာ ပိုင်တာဆိုလို့ လွတ်လပ်စွာ တင်ပြခွင့်ပဲရှိတော့တယ်။ (လွတ်လပ်စွာ တင် ပြခွင့်ဆိုတော့ ကြားရတာတစ်မျိုးကြီးဖြစ်နေပြန်ရော ...။ တကယ်လို့ အဲဒီလို လွတ်လပ်စွာ တင်တစ်ခုတည်းပြခွင့်ရှိရင် သက်ဦးက သူ့တင်ကို ပြနေဦးမှာလား ဆိုတာကတော့ ဆက်လက်တွေးခေါ်လိုသူတွေအတွက်ချန်ထားလိုက်ပါတယ်။ )

အခုတလော ကမ္ဘာ့ဖလားပွဲတွေလာနေတော့ ... အားပေးဖြစ်ပါတယ်။
သတိထားမိတာတော့ ကန်တဲ့သူတွေထက် ပရိတ်သတ်ထဲက ဘာကို မှုတ်နေမှန်းမသိဘဲ နားညည်းအောင်လုပ်နေတဲ့ အသံပါ။ ဘောလုံးသမားတွေကန်ရမှာလား နားညည်းရမှာလား ဝေခွဲမရဘဲ ပွဲတွေပြီးပြီးသွားတာကြည့်ပြီး ဘလော့ခ်တွေမှာရှိတဲ့ ကော်မန့် တဲရိုးရစ်စ် (ဒါကလည်း ဆြာ Zephyr ရဲ့ ထိရောက်တဲ့ ဘာသာပြန်ချက်ဖြစ်ပါတယ်။ မူပိုင်ခွင့်ရှိပါတယ်။) တွေကို သတိရမိပါတယ်။ မျှမျှတတ အားပေးချင်ရင် ဆူညံသံတွေ အလွန်အကျွံ မလုပ်ဖို့လိုပါတယ်။ တစ်ချို့တွေကတော့ ဆူညံသံလုပ်ချင်တာနဲ့ ကွင်းထဲလက်မှတ်ဝယ်ပြီး ဘောလုံးပွဲမကြည့်ပဲ လာဆူညံနေတယ်လို့ပဲ ယူဆမိပါတယ်။

.... အခုလို ကမ္ဘာ့ဖလား ပွဲအခါသမယမှာ ကိုယ်ကြိုက်တဲ့အသင်းကိုယ်အားပေးရင်း ... မျှတသန့်ရှင်းစွာ ကစားတာကို တိတ်တဆိတ်အားပေးတတ်တဲ့ ယဉ်ကျေးမှုထွန်းကားပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


With Peace,
ဓားခုတ်ရာ စဉ့်နှီတုံးဝင်မလျှိုချင်သော
Zephyr

Notes: အခုတလော စင်ကာပူမှာ အင်မတန် Pass တွေ Reject ထိပါတယ်။ Appeal ပြန်တင်ရပါတယ်။ Appeal တင်ဖို့ ကိုယ့်ကို အလုပ်လျှောက်ပေးတဲ့ company ကို ပြောကြပါလို့ အကြံပေးပါတယ်။ Appeal ပြန်တင်ရင် သုံးပတ်အတွင်း Approve ဖြစ်ပါတယ်။ Reject ထိပြီး Appeal ပြန်တင်ထားရတဲ့သူတွေလည်း စိတ်ဓာတ်မကျပါနဲ့ OK သွားမှာပါလို့အားပေးချင်ပါတယ်။



Peace B with U.

Sunday, March 28, 2010

ဟာသနှင့် ဆန့်ထွက် တွေးခြင်း (၄)


ဟိုးရှေးရှေုးတုန်းက သင်ရတဲ့ အဌာရသ ၁၈ ရပ်မှာ ဟာသ ပညာလည်းပါပါတယ်။ အခုလည်း

အဲဒီအတန်းမျိုးရှိရင် တက်ချင်ပါတယ်။ တော်တော်လည်း ရယ်စရာကောင်းမယ်လို့ထင်ပါတယ်။ ဟာသ အချိန်ဆို ဒိသာပါမောက္ခကြီးဟာ Rap ဘောင်းဘီ ပွပွကြီးကို ၀တ်ပြီး International Jokes တွေကို တစ်ခုချင်းချပြဆွေးနွေး ... ကျောင်းသားတွေကလည်း ထိုင်ရယ်နေတာနဲ့ ဘာမှ မမှတ်မိ။ စာမေးပွဲဖြေတဲ့အခါ ... အဖြေတွေက မရယ်ရရင် အကျပေးပြီး သိပ်ကို ရယ်ရတဲ့ အဖြေတွေကိုပဲ အောင်မှတ်တွေ ဂုဏ်ထူးတွေပေး ... သိပ်တော်တဲ့ ကျောင်းသားတွေက Street Comedians တွေ .... ဟာသသမားတွေ ဖြစ်လာကြ။ တော်တော်လေး ပျော်စရာကောင်းမယ်ထင်ပါတယ်။

ကျွန်တော် ငယ်တုန်းက အနာဂါမ် ဆရာသက်ကြီး စာအုပ် ဖတ်ပါတယ်။ အဲဒီမှာ ဘာပါလဲဆိုတော့ အာနာပါနကို ထိထိရောက်ရောက် အားထုတ်တဲ့သူတွေဟာ သေမယ့်နေ့ရက် အချိန်ကို အတိအကျ သိနေတယ်ဆိုတာပါပါတယ်။ ကိုယ်တွေ့ဖြစ်ရပ်တွေလည်းပါပါတယ်။ နောက်ပိုင်း ထပ်ပြီး သိလာရတာကတော့ အာနာပါန ကမ္မဌာန်းရဲ့ ထူးခြားချက်တစ်ခုမှာ အဲဒီ သေချိန်ကို ကြိုသိစေတတ်ခြင်းဆိုတာပါတယ်ဆိုတာပါပဲ။ ဒါကတော့ အလေးအနက်ကိစ္စတွေပါ။ မနေ့က Xanthos နဲ့ပြောဖြစ်တော့မှ တစ်မျိုးဖြစ်သွားတယ်။

Xanthos: ငါ့အဘိုးက သေမယ့်အချိန်ကို နေ့လ၊ ရက်မလွဲသိတယ်ကွ။

Z: မင်းအဘိုးက အာနာပါနသမားလား။ တော်တော်အားထုတ်ခဲ့တာလား။

Xanthos: မဟုတ်ဘူးကွ။ တရားသူကြီးက ပြောတာ။

သူပြောတာကြားရတော့မှ အဲဒီဟာသကို ပြန်သတိရတယ်။ ဟာသသမားတွေကို တခါတခါ အံ့သြမိတယ်။ သူတို့ရဲ့ ဟာသအမြင်တွေကို တော်တော်လေးသဘောကျမိတယ်။ ပုံမှန်အားဖြင့်တွေးမယ်ဆိုရင် ဘယ်လိုမှ ဟာသဖြစ်အောင် မလုပ်နိုင်မယ့်ဟာတွေကို ဟာသဖြစ်သွားအောင် လှည့်တွေးလိုက်တာ စိတ်ဝင်စားစရာကောင်းပါတယ်။

သမ္မာကျမ်းစာမှာ ပါတဲ့ အချက်တစ်ခုကို ဟာသလုပ်ထားတာလည်း ဖတ်ဖြစ်ပါတယ်။ အခြေခံလေးတွေပြောထားရင်ပိုပြီးနားလည်မယ်ထင်ပါတယ်။ ဘုရားသခင်က မောရှေကို စတွေ့တဲ့အချိန်မှာ မီးလောင်နေတဲ့ ခြုံပုတ်ကနေ "Ehyeh asher ehyeh" (အင်္ဂလိပ်ဆိုရင် I am that I am) လို့ပြောတယ်။ ဘုရားသခင်ရဲ့ အင်္ဂလိပ်စာကို ဘာမှမဝေဖန်ပေမယ့် အတော်လေးနားလည်ရခက်ပါတယ်။

agnostic - ဘုရားရှိနိုင်တယ်လို့ လက်ခံပေမယ့် ရှိတယ်လို့ တိတိကျကျမယုံကြည်သူ။

atheist - ဘုရားရှိကြောင်း မယုံတဲ့သူ။

သူတို့ နှစ်ယောက်အကြောင်းရေးထားတာလေးလည်းဖတ်ကြည့်ပါဦး။

တစ်နေ့မှာ agnostic နဲ့ atheist တို့လမ်းလျှောက်ထွက်လာရင်း လမ်းက ခြုံပုတ်မှာ မီးတွေလောင်ပြီး "I am that I am" လို့ အသံတစ်ခုကပြောတယ်။ Agnostic က tape recorder လေးထုတ်ပြီး အသံဖမ်းတယ်။ Atheist ကတော့ ပခုံးတစ်ချက်တွန့်ပြီး သကြားလုံး ၀ယ်ဖို့ ဆက်ထွက်သွားတယ်။

ဒီဟာသလေးက တိုတိုလေးပါပဲ။ ဒါပေမယ့် အတော်လေး လေးနက်ပါတယ်။ လူတွေဟာ ယုံကြည်ထားတာကိုပဲ လက်ခံပြီး။ လက်ခံထားတာကိုပဲ အသေယူလိုက်ပါတယ်။ ကျန်တဲ့ အမှန်တရားတွေအတွက် လမ်းမဖွင့်ထားတော့ပါဘူး။ ရောမမြို့ကို တစ်ရက်တည်းဆောက်ခဲ့တာမဟုတ်ဘူးဆိုတာကိုပဲ ပြောကြပါတယ်။ ဘယ်မြို့ကို တစ်ရက်တည်း ဆောက်ခဲ့သလဲ ဆိုတာအထိ ဆက်မတွေးတော့ပါဘူး။ လမ်းပိတ်လိုက်ပါတယ်။ full stop ချလိုက်ပါတယ်။ ပန်းသီးကြွေတာကို မြင်ဖူးတဲ့သူတွေများပြီး နယူတန်တစ်ယောက်ပဲ မြေဆွဲအားကို မြင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေမမြင်တာက ပန်းသီးကြွေတာနဲ့ပတ်သက်ပြီး သူတို့ဟာ အားလုံးသိပြီးသားလို့ယူဆတဲ့အတွက်ဖြစ်ပါတယ်။ အားလုံးသိတယ်လို့ထင်တဲ့သူတွေဟာ အနည်းဆုံး why ကို အသုံးပြုကြတယ် သူတို့အများဆုံးသုံးတာက because ဖြစ်တယ်။ multiculturalism အရ ကိုယ်မသိတာဟာ အမှားပဲလို့ယူဆတဲ့သူဟာ သဘောထားသေးသိမ်တဲ့သူပဲဖြစ်ပါတယ်။ မသိတာကို အမှန်အမှား ၀င်ပြောနေတာဟာ စိတ်ရောဂါ အနုစားတစ်မျိုးထက်မပိုပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘယ်မှာမဆို ပြည့်စုံတဲ့အယူအဆဆိုတာမရှိပါဘူး။ အဆင်အပြေဆုံးနည်းလမ်းကို အသင့်တော်ဆုံး သုံးသွားတဲ့သူတွေဟာ အောင်မြင်လာကြတာပါပဲ။ ပညာတတ်ဦးရေဟာ တိုင်းပြည်ရဲ့ဘယ်နှရာခိုင်နှုန်းရှိသလဲဆိုတာမသိဘဲ ဘယ်လို အကောင်းဆုံး အုပ်ချုပ်ရေးပုံစံတစ်ခုကိုမှ အကောင်အထည်ဖော်လို့မရနိုင်ပါဘူး။ ၀ ထ က လ သ တတ်တာဟာ စာတတ်တာလို့ယူဆလို့မရသလို၊ ဘွဲ့ရတာဟာလည်း ပညာတတ်တာလို့ ယူဆလို့မရပါဘူး။ Educated ဖြစ်ဖို့ Graduated ဖြစ်စရာမလိုပါဘူး။ ဥပမာ ဆော့ခရေတ္တိလိုလူကို ဘွဲ့မရပါဘူး။ အလကားကောင် ဆိုက်ကားနင်းရမယ် သွားပြောလို့မရပါဘူး။ Graduated ဖြစ်ဖို့က သင်ရိုးရှိပါတယ်။ သင်ရိုးမှာပါတာကို နားလည်ရင် ဘွဲ့တစ်ခုရပါတယ်။ ဘွဲ့တစ်ခုကို ပျင်းရိပျင်းတွဲရခဲ့တဲ့သူတွေဟာ ဘွဲ့ရပြီးတာနဲ့ သင်ယူမှု အဆုံးသတ်ပါတယ်။ ဘ၀မှာ ဒီလောက်ပဲ။ ပညာရေးကိစ္စသည် ဤတွင်ပြီး၏ လို့ယူဆပါတယ်။ အဲဒီလူတွေကို ဘွဲ့ရ ပညာတတ်ဆိုတဲ့ စကားလုံးအစား ဘွဲ့ရ .. အဆင့်မြင့် ၀ထကလသ လို့ သတ်မှတ်ရပါမယ်။ ၀ ထ က လ သ တွေများနေသရွေ့ ...ပညာတတ်တွေနည်းနေဦးမှာပါပဲ။ ငကန်းတွေ ရပ်ရွာမှာ တစ်ဖက်လပ်ဟာ ဘုရင် ဆိုတဲ့စကားပုံရှိပါတယ်။ အားလုံးမြင်တဲ့ လူတွေရဲ့လောကမှာတော့ တစ်ဖက်လပ်ဟာ တစ်ဖက်လပ်ပဲဖြစ်ပါမယ်။ ဘုရင်တော့မဖြစ်တော့ပါဘူး။ တစ်ဖက်လပ်ဘုရင် မရှိဖို့ထက် အားလုံး မြင်ဖို့က ပိုအရေးကြီးပါတယ်။ ဒီဟာသလေးနဲ့ဆက်စပ်ပြီးပြောရင်တော့ အသံဖမ်းစက်တွေထုတ်ဖို့လည်းမလိုပါဘူး။ မသိချင်ယောင်ဆောင်သွားဖို့လည်းမလိုပါဘူး။ တွေ့တာကိုမှန်မမှန် စီစစ်ဖို့ပဲလိုပါတယ်။ ကိုယ့်တာဝန် ကိုယ်ယူတဲ့သူတွေများလာတဲ့အခါ ... ထိုက်တန်တဲ့ယဉ်ကျေးမှုထွန်းကားလာမှာပါ။ ကိုယ်က freedom ကို ဘယ်လောက်တန်ဖိုးထားသလဲ။ နေ့စဉ်ဘ၀ထဲမှာရော freedom ကို ဘယ်လို ရအောင် ကြိုးစားနေသလဲ။ မိသားစုမှာရော ကိုယ်က ငွေရှာသူဆိုရင် ပြောရေးဆိုခွင့်ရှိသူလို့ ကိုယ့်ကိုယ်ကို ယူဆလား။ အခြေခံလေးကအစပြန်သုံးသပ်သင့်ပါတယ်။ ကိုယ်နဲ့ ထိုက်တန်ရင် တစ်နေ့ရမှာပါပဲ။ မထိုက်တန်ဘဲရတာမျိုးက ကိုယ့်လက်ထဲမှာ ကြာရှည်မရှိတတ်ပါဘူး။ မျောက်တစ်ကောင်အတွက်တော့ Mac Book Pro ရတာဟာ အုန်းသီးတစ်လုံးရတာထက်မပိုပါဘူး။


နောက်ထပ်ဟာသလေးတစ်ပုဒ်ပါ။ ဂျူးအဘွားအိုကြီးဟာ ကမ်းခြေနားက တဲမှာ သူ့မြေးနဲ့အတူနေပါတယ်။ တစ်နေ့ သူ့မြေးလေး အပြင်ထွက် ဆော့နေုတုန်း လှိုင်းတွေကြီးလာပြီး မြေးကလေး ရေထဲပါသွားပါတယ်။ အဘွားအိုဟာ ၀မ်းနည်းပက်လက်နဲ့ ဘုရားကိုတိုင်တည်ပါတယ်။ မကြာပါဘူး။ ၀ုန်းခနဲ လှိုင်းတစ်လုံးရိုက်ပြီး သူ့မြေးလေး ကမ်းစပ်ကို ပြန်ပါလာပါတယ်။ အဘွားအိုဟာ မြေးကလေးကို စေ့စေ့စပ်စပ်ကြည့်ပြီး တစ်ခွန်းပြောလိုက်တယ်။

"ဦးထုပ်ရော ဘယ်မှာလဲ ဘုရားသခင်" တဲ့။

တစ်ခါတစ်လေ ကျွန်တော်တို့တွေဟာ ရတာထက် ပိုလိုချင်ကြတယ်။ ပထမဆုံး လိုအပ်တာက မြေးကလေးပဲ။ ဘယ် အုပ်ချုပ်ရေးစနစ်နဲ့ပဲသွားသွား အခြေခံလိုအပ်မှုတွေ အရင်ပြည့်ဝဖို့ကို အာရုံစိုက်သင့်တယ်။ ကလေးတိုင်း လွတ်လပ်စွာ အခမဲ့ပညာသင်ကြားခွင့်၊ ဈေးသက်သာတဲ့ ကုသရေး ၀န်ဆောင်မှု၊ အဆင်ပြေတဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ လျှပ်စစ်မီး ပုံမှန်ရရှိရေး။ လူတိုင်း တန်းတူ အခွင့်အရေးရရှိရေး ... ဒါတွေက အခြေခံပဲ။ ကောင်းမွန်တဲ့အစိုးရဟာ ကောင်းမွန်တာကို လုပ်မယ်။ မကောင်းတာကို လက်မခံကြမယ့် တိုင်းသူပြည်သားတွေပဲလိုပါတယ်။ မကောင်းတာကို လက်မခံတဲ့နေရာမှာ သွေးစည်းညီညွတ်ဖို့လိုပါတယ်။ မကောင်းတာလုပ်မှ အဆင်ပြေမယ့်ဘ၀မှာ မနေနိုင်တဲ့သူတွေလိုပါတယ်။ ခိုးမှ စားရမယ်ဆိုတဲ့နေရာမျိုးမှာ မနေလိုတဲ့ စာရိတ္တခိုင်မာတဲ့သူတွေအများကြီးလိုပါတယ်။ မိသားစုအတွက်မလို့ ခိုးရပါတယ်ဆိုတဲ့ လူညံ့တွေမရှိဖို့လိုတယ်။ လူတိုင်းခိုးလို့ ခိုးရပါတယ်ဆိုတဲ့ အတုမြင် အတတ်သင်တွေ မရှိဖို့လိုပါတယ်။ ရိုးသားမှန်ကန်တဲ့သူကို ငြင်းဆန်ကန့်ကွက်တဲ့သူတွေရဲ့ ဘ၀မှာ တစ်သက်လုံး ရိုးသားမှန်ကန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ရိုးသားတဲ့သူဟာ ရိုးသားတဲ့သူကို အားပေးတယ်။ မှန်ကန်တဲ့သူဟာ မှန်ကန်တဲ့သူကို အားပေးတယ်။ လွတ်လပ်စွာရိုးသားခွင့်ကို အားပေးတဲ့ နိုင်ငံမှာနေချင်ပါတယ်။ ရိုးသားတဲ့သူတွေ အန္တရာယ်ရှိတဲ့ တိုင်းပြည်မှာမနေချင်ပါဘူး။ ကျွန်တော်ကတော့ ဦးထုပ်ကို မရသေးရင်တောင် မြေးကလေး ပြန်ရဖို့ကို ပိုပြီးအားပေးပါတယ်။ မုန်းတီးမှုနဲ့တွေးခေါ်တာတွေကို အားမပေးပါဘူး။ အချစ်၊ အမုန်းတွေ စွက်ဖက်တဲ့အခါ မျှတတဲ့အတွေးကိုမရတော့ပါဘူး။ ဘာသာမဲ့နဲ့ ဘုရားဝါဒီတွေငြင်းခုန်သလိုပဲဖြစ်နေမှာစိုးပါတယ်။ ဘာသာမဲ့နဲ့ ဘုရားဝါဒီတွေ ငြင်းရင် ဘယ်တော့မှ မပြီးဆုံးပါဘူး။ Common Ground မရှိလို့ပါ။ ငြင်းနေမှာလား၊ ညှိနှိုင်းမှာလား။ ညှိနှိုင်းလို့မရတဲ့အခါဘာလုပ်မှာလဲ။ အကြမ်းဖက်မှာလား။ လူဘယ်နှယောက်သေတဲ့အထိ ဆန့်ကျင်မလဲ။ ဘယ်နှယောက်သေသေ ဆန့်ကျင်မှာလား။ ကိုယ့်အယူအဆတစ်ခုအတွက် လူဘယ်နှယောက်သေဖို့ ရည်မှန်းထားသလဲ။ နစ်ရှေးရဲ့ စကားကို ပြန်သတိရပါတယ်။ အန္တရယ်ကောင်ကြီးကို ဆန့်ကျင်တိုက်ခိုက်တဲ့အခါ ကိုယ်ကိုယ်တိုင် အန္တရာယ်ကောင်ကြီး မဖြစ်သွားဖို့သတိထားပါ တဲ့။ လူတွေ သိန်းသန်းချီသေပြီးမှ တစ်ခုခုရမယ်ဆိုရင် အဲဒီတစ်ခုခုအတွက် အသေခံပေးရမယ့်လူတွေကိုလည်း အဲဒီတစ်ခုခုရဲ့တန်ဖိုးကို တကယ်သိစေချင်ပါတယ်။ အမုန်းရဲ့ ဘေးထွက်ပစ္စည်းတစ်ခုအနေနဲ့ သတ်နေ သေနေကြတာဟာ အဓိပ္ပာယ်မရှိပါဘူး။ ကိုယ်ကိုယ်တိုင် အန္တရာယ်ကောင်ဖြစ်သွားတဲ့အခါ ကိုယ်လိုချင်တဲ့ တစ်ခုခုရရင်လည်း အဲဒီရတဲ့တစ်ခုခုဟာ အရင်က လိုချင်ခဲ့တဲ့ တစ်ခုခုမဟုတ်တော့ပါဘူး။

မြန်မာပြည်မှာ ရဲဘော်သုံးကျိပ်ကို အကုန်လုံးသိကြမှာပါ။ ရဲဘော်သုံးကျိပ်ဟာ သေရဲတဲ့သူတွေချည်းပါပဲ။ ညီညွတ်တယ်။ သွေးစည်းတယ်။ လွတ်လပ်ရေးမရခင်အထိ ညီအကိုလို သွေးစည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးမှ တစ်ချို့လည်းတော်တော်ဖောက်ပြန်သွားပါတယ်။ မရခင်မှာတုန်းက ညီညွတ်နိုင်ပေမယ့် ရပြီးသွားတဲ့အခါ မညီညွတ်နိုင်တာတွေဖြစ်ပါတယ်။ လက်မောင်းသွေးတွေသောက်တာဟာလည်း လွန်လေပြီးသော အတိတ်ကာလက ဆော့တာလိုလိုဘာလိုလို လုပ်ပစ်လိုက်တဲ့လူတွေလည်းတွေ့ဖူးမှာပါ။ သမိုင်းတွင်သွားတဲ့ လူဆိုးတွေဟာ မျိုးနဲ့ရိုးနဲ့နာမည်ပျက်ပါတယ်။ သမိုင်းစာမျက်နှာတွေဟာ ကလေးတွေရေးထားတဲ့ ၀လုံးစာအုပ်လေးမဟုတ်တဲ့အတွက် ကျောက်စာမှာရေးလိုက်တဲ့စာလုံးလို တစ်ချိန်မှာ ဘယ်သူက ဘယ်လိုဆိုတာဟာ ငြင်းလို့မရတော့ပါဘူး။ သမိုင်းစာမျက်နှာမှာတင် ငြင်းလို့မရတာမျိုးမဟုတ်ပါဘူး။ ကိုယ့်အကုသိုလ်ကိုလည်း ကိုယ်ငြင်းလို့မရပါဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတာကလည်း စနောက်ပြီးရေးထားတဲ့စကားတွေမဟုတ်ပါဘူး။ လူတွေကောင်းဖို့ တကယ်လုပ်တဲ့ အဖွဲ့အစည်းဟာ တစ်ချိန်မှာ လူတွေက စေတနာကို နားလည်လာမှာပါ။ တကယ်မလုပ်ဘဲ နာမည်ကောင်းယုချင်တဲ့အဖွဲ့အစည်းကိုလည်းလူတွေက ကြာလာရင်သိသွားမှာပါ။ ဆယ်တန်းဖြေပြီးစမှာ မြို့ထဲက TOP မှာ အင်္ဂလိပ်စာ သင်တန်းတက်ပါတယ်။ အဲဒီတုန်းက ကျက်ခဲ့တဲ့ Lincon နဲ့ Quotes လေးတစ်ခုကို အခုအထိမှတ်မိပါသေးတယ်။ အလွတ်ကျက်တဲ့ စနစ်ကို ကျွန်တော် ဒီတစ်ခါမှာတော့ တော်တော်လေးသဘောကျမိပါတယ်။

You can fool some of the people all the time, and all of the people some of the time, but you cannot fool all of the people all the time.

အားလုံးကို အရူးလုပ်နိုင်မယ်ထင်နေတာကတော့ ကိုယ့်ကိုယ်ကို သိပ်ယုံကြည်လွန်းတဲ့ အရူးတွေရဲ့ ဘ၀င်မြင့်မှုသက်သက်ဆိုတာထက်မပိုပါဘူး။


ခင်မင်စွာဖြင့်

Zephyr


Notes:

နိုင်ငံရေးကင်းရှင်းသော အမြင်ဖြင့် သုံးသပ်ထားသော ဆောင်းပါးသာဖြစ်ကြောင်း။

မတော်တဆတိုက်ဆိုင်သူတစ်ဦးတစ်ယောက်အကြောင်းဟု သင်ယူဆလျှင်လည်း ထိုသူမျိုးမနည်းလှကြောင်း ၀န်ခံမည်မဟုတ်ပါကြောင်း။

နိုင်ငံရေးတွင်လည်းကောင်း ၀မ်းသွားတတ်ခြင်းတွင်လည်းကောင်း မျိုးရိုးမလိုက်ကြောင်း။

လူထုအော်သံလောက်သာ ထိုင်ဖတ်နေသော သာမန် အရပ်သား၊အသည်သား အခွန်ထမ်းပြည်သူတစ်ယောက်၏ အမြင်သာဖြစ်ကြောင်း (ခွေးလေခွေးလွင့်များ အချိန်မီဖယ်ရှာပေးပါရန်၊အမှိုက်ပုံ ရှိ အမိန့်အရ ဆိုင်းဘုတ်ကိုပင် မမြင်ရလောက်အောင် အမှိုက်များပြည့်နှက်နေကြောင်း၊ မီးပျက်၍ စောစောအိပ်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း....)

Similar Posts:




Peace B with U.

Wednesday, March 24, 2010

နှာစေးနေသောယုန်များစုဝေးနေထိုင်ရာမှ .... နှာစေးနေသော ယဉ်ကျေးမှုထွန်ကားလာခြင်း။




နှာစေးနေသောယုန်များစုဝေးနေထိုင်ရာမှ .... နှာစေးနေသော ယဉ်ကျေးမှုထွန်ကားလာခြင်း။

ယဉ်ကျေးမှုဆိုတာကတော့ လူတွေလုပ်ထားတာမှန်းတော်တော်လေးသေချာနေသည်။
ထိုအယူသည် ကျွန်ုပ် အကောက်အယူလွဲရာမှ စတင်ပြီး ယုံကြည်စရာကောင်းလာခဲ့ခြင်းဖြစ်ဟန်တူသည်။
ပထမဆုံး အမြင်ကတ်မိသည်မှာ ပရိုင်းမိတ်များဖြစ်သည်။ သစ်ပင်ပေါ်တွင် အေးအေးဆေးဆေး နေနိုင်ရက်သားနှင့် လမ်းလျှောက်ရန်ကြိုးစားခဲ့၍ဖြစ်သည်။ ပရိုင်းမိတ်နှင့်မျောက် မကွဲသူများအတွက် နည်းနည်းရှင်းပြလိုပါသည်။ ပရိုင်းမိတ်များသည်မျောက်မဟုတ်ပါ။ လူဖြစ်လာမည့် လူခါနီး သတ္တ၀ါများသာဖြစ်သည်။ တိရစ္ဆာန်ရုံမှ မျောက်တစ်ကောင် လူဖြစ်သွားလေမလား ဆိုသည်မှာ အတော်လေးရူးသော မေးခွန်းဖြစ်ပါသည်။ ... နိုင်ငံရေးနှင့် အုပ်ချုပ်သူလူတန်းစား အယူအဆလောက်နီးနီး ရူးသည်ဟု ထင်မိသည်။ မျောက်သည်မျောက်ပဲဖြစ်သည်။ နောက် နှစ်ပေါင်း နှစ်သန်းခြောက်သောင်းကြာသည့်တိုင် မျောက်သည် ဆော့ခရေတ္တိမဖြစ်လာနိုင်ပါ။ ... လူနားတွင်နေထိုင်သောမျောက်များသည်ပင်လျှင် စာရေးစာဖတ်တတ်လာရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် အစဉ်အလာများသည် သတ်မှတ်ထားရှိပြီးသား နိယာမ တရားဖြစ်လာတတ်သည်။ မျောက်တစ်ကောင် အလွန်ဆုံးဖြစ်လာနိုင်သည်မှာ လူရိပ်လူကဲနားလည်သော မျောက်တစ်ကောင်မျှသာဖြစ်သည်။

Evolution ၏ ဖခင်ကြီးမှာ ဒါဝင်ဖြစ်သည်ဟုဆိုလျှင် ဒါဝင် ၀ါဒကိုလည်း နည်းနည်းလေးနားလည်ရန်လိုသည်။ ဒါဝင်သည် ဆင့်ကဲဖြစ်စဉ်ကို လက်ခံသည့်အတွက် ထာဝရဘုရားဝါဒကို လက်ခံ၍မရသည့် သိပ္ပံ အယူဝါဒဘက်သို့ခြေစုံပစ်ဝင်လိုက်သည်။ ထာဝရ ဘုရား၏ မုတ်ဆိတ်ဖြူများကို မီးနဲ့ရှို့ခဲ့သည်ဟု ဆိုနိုင်သည်။ ဒါဝင်၏ အယူအရဆိုလျှင် ထာဝရဘုရားဖြစ်လာမည့် ပရိုင်းမိတ်တစ်ခုကို ရှာတွေ့မှ ထာဝရဘုရားရှိနိုင်မည်ဖြစ်သည်။ တွေ့ရှိသမျှ အရိုးများတွင်လည်း ဒိုင်နိုဆောလောက် အရပ်ရှည်သူများမတွေ့ရသေးပါ။ ထို့ကြောင့် အသက်ရှည်ရာမှ တိုလာ၊ အရပ်ရှည်ရာမှာ ပုလာသော ကျမ်းများ၏ အဆိုသည်လည်း ဒါဝင်နှင့်မဖြစ်ပါ။ သက်တစ်သောင်းတမ်းမှ လူ၏ နှလုံးသည် သက်တစ်သောင်းတမ်းလုံးခုန်နေနိုင်ရန် သံမဏိအမာစားဖြင့် လုပ်ထားရန်လိုသည်။ ထိုကြောင့် အနည်းငယ်သော ဗဟုသုတသည် အန္တရာယ်ကြီးပါသည်။ အထူးသဖြင့် မျောက်တစ်ကောင်အတွက် ပြို့ပီးအန္တရာယ်ကြီးပါသည်။

သူတော်ချင်း သီတင်းလွေ့သည်ဖြစ်စေ၊ ချိတ်ချင်းချိတ်မိသည်ဖြစ်စေ .... အသိုင်းအ၀ိုင်းဖြစ်လာသည်။
အသိုင်းအ၀ိုင်းတစ်ခုတွင် အယူအဆရှိလာသည်။ အတွေးအခေါ်ရှိလာသည်။ ဘုံယုံကြည်ချက်များရှိလာသည်။ အလျော့ပေးနယ်နိမိတ်များ၊ နားလည်မှုများရှိလာသည်။ ... မကြာခဏ အငြင်းအခုံရှိလာသည်။ ဆွေးနွေးကြသည်။ တန်ဖိုးများထားရှိလာကြသည်။ လေးစားစွာ အယူအဆတစ်ခုကို တင်ပြသည်။ ခိုင်ခိုင်မာမာကန့်ကွက်သည်။ ထိုအရာများသည် မျောက်များနှင့် သိပ်မပတ်သက်သော လူ့ကိစ္စများဖြစ်ပါသည်။ မျောက်တိုင်းပြည်တွင် ဖွဲ့စည်းပုံမရှိလည်းဖြစ်သည်။ သန်းရှာနေရုံမျှဖြင့် ဘ၀ကို အေးအေးလေးဖြတ်သန်းသွားနိုင်သည်။ မျောက်မက Lesbian ဖြစ်နေလျှင် မျောက်မထားနိုင်သေးသည်။ အသက်ကြီးလာသော မျောက်အိုကြီးများအနေဖြင့် မီးလောင်ပြင်တွင်သွား၍ နန္ဒမင်းသားကို တရားပြနိုင်သေးသည်။ မျောက်လက် မောင်းအပ်ဟူသော စကားပုံတွင်လည်း အခန့်သား ၀င်ခမ်းနားနေနိုင်သေးသည်။ မျောက်မူးလဲသေဟူသော မျောက်လွှဲကျော်တစ်ကောင်ဖြစ်ပြနိုင်သေးသည်။ မျောက်စိတ်ဟုပြောရလောက်အောင် အမျိုးမျိုး လှည့်ပတ်ပြောနိုင်သေးသည်။ ဘုရားကားအောက် မျောက်ကားအထက် ဆိုသည့် ဇာတ်ကွက်ကို သရုပ်ဖော်နိုင်သေးသည်။ နေလုံးကို မျိုချမိသော ဟာနုမာန်လိုလို၊ ၀ူခုန်းလိုမျောက်စွမ်းကောင်းလိုလိုဟန်ဆောင်ရင်း မျောက်လောကကြီး ယိုယွင်းလာမှုကို အချိန်မီ အေးချမ်းအောင် ထိန်းသိမ်းပေးနိုင်သည်ဟု ကိုယ့်ကိုယ်ကို ယူဆနိုင်သေးသည်။ မျောက်ဖြစ်ရခြင်းမှာ စိတ်နှလုံးဝမ်း ငြိမ်းချမ်းနေကြောင်း မကြာခဏ ကုတ်ကုတ်ပြနိုင်သေးသည်။ မျောက်အကြီးအကဲ၏ စေတနာသန့်သန့်ကြီးကို ခန့်ခန့်ကြီးထူတ်ဖော်ကြေငြာနိုင်သေးသည်။ အမြန်လုပ်ရန်တော့လိုသည်။ မကြာမီ စန့်စန့်ကြီးဖြစ်နေမှာစိုး၍ ဖြစ်သည်။

အမေး။ ။ဆင်က ဘာလို့အကောင်ကြီး၊ အညိုရောင်ရှိပြီး အတွန့်ပါတာလဲ။
အဖြေ။ ။ အရွယ်သေး၊ အဖြူရောင်ရှိပြီး၊ လုံးဝိုင်းရင်လည်း ဆင်ဘယ်ဟုတ်မလဲ .. အက်စပရင် ဖြစ်သွားမှာပေါ့။

မျောက်တွေဟာ ပါတီမဖွဲ့ဘူး။လူတွေက ပါတီတွေဖွဲ့တယ်။ ပြိုင်ရင်းနဲ့ ကုတ်ကြမယ် .. ကိုက်ကြမယ် ...။ သိတာထက်ပိုပြောမယ် ...။ မစားပေမယ့် ၀စေရမယ်ဆိုတာတွေ အာဘောင်အာရင်းသန်မယ်။ ... စိတ်ရင်းက ရိုးသားလို့ နိုင်ငံရေးလုပ်တာပါ ဆိုတဲ့ ဟာသတွေပြောမယ်။ နိုင်ငံရေးနဲ့စီးပွားရေးကို တွဲဖက် တွဲချက်စားမယ်။ ပညာရေးလောကကြီးကို ကယ်တင်ဖို့စူပါမင်းလိုလာမယ်။ နိုင်ငံကြီးကို ဆင်းရဲတွင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်လို့ဟစ်သူဟစ်မယ်။ ဘုရားလောင်း ခေတ်ထက် ပိုကောင်းစေရမည်လို့ ရဲရဲကြီး အာမခံကြမယ်။ အချင်းချင်း ချနင်းမယ် ..။ရည်းစားတွေလို တွဲမယ်၊ခွဲမယ်။။ ပြောရေးဆိုခွင့်ရရှိတဲ့အခါ နေရာတိုင်းက ပဲခူးနဲ့စစ်ကိုင်း ... စိုင်းတိုင်းရောက်တယ် ...လှော်တိုင်းပေါက်တယ်။ ....မျောက်တွေက ပါတီမဖွဲ့ဘူး။ ပါတီတက်တယ်။ နွယ်ကြိုးလေးတွေခိုတယ်။ စုစုဝေးဝေးပြေးလွှားတယ် ...။ တခါတခါ ... ကြိုးခွေ ..ကြိုးခွေလို့ ကဗျာထဲဝင်အော်တယ်(ဌာနေပြည်ကြီးက ဝေးသနှင့် - ဦးကြင်ဥ)။ ... တစ်ခါတစ်လေ ...မျောက်အချင်းချင်း မြောက်ပန်းလှန်၊ ...တစ်ခါတစ်လေ ..ဆန်တောင်းဖို့ ရုပ်ထွက်ပြ၊ တစ်ခါတလေ ... မျောက်စွမ်းပြရာကနေ သစ်ကိုင်းလွတ် ....။ ဒါပေမယ့်လည်း မျောက်ကလည်း မျောက် dignity နဲ့ .. အရှင်ဒေ၀ဒတ်လောင်း ကျောက်ခဲနဲ့ထုသွားတဲ့ ဘုရားလောင်းမျောက်ထုံးကို နှလုံးမူနေသယောင်လုပ်ပြတတ်တယ်။ အဲဒီတစ်ခုတော့ မျောက်တွေကို လေးစားတယ် ....။ ပိရိတယ် ...သွေးအေးတယ်၊ မျောက်ငါးပိကိုင်သလို ဖြစ်တာက အရင်က ဥာဏ်နည်းတဲ့မျောက်တွေပါလို့တောင် ခပ်လေးလေး သံရှည်ဆွဲပြီး ရှင်းပြလိုက်သေးတယ်။ အာဂမျောက်။ (ဘယ်တော့မှ အက်စပရင်မဖြစ်စေရဘူး)

မျောက်တွေဟာ မျောက်မျဉ်းရင်း လူတွေကို အကဲခတ်တယ်။ .....
မျောက်တွေက မီးခဲမကိုင်တော့ဘူး ... ပါးသွားပြီ။
မျောက်တွေက အုန်းသီးကို ကိုင်ထားရင်း ငါ့ဥစ္စာကွလို့ပြောတယ်။ ဂုဏ်ယူပုံလည်းရတယ်။
မျောက်တွေဟာ မွေးထားသူတွေကို ပြန်ခြောက်ဖို့ဝါသနာပါတယ်။
မျောက်တွေကို မျောက်မြီးနဲ့မျောက်ချည်လုပ်ရင်လည်း ရူးသွားလိမ့်မယ်။ မရတော့ဘူး။
မျောက်သားစားချင်ရင် မျောက်မျက်နှာမကြည့်ရဘူးဆိုတာ သေးသိမ်တဲ့ လူတွေပြောတာပါလို့ မျောက်က တရားကျသလိုပြောတယ်။
မျောက်တွေကမျောက် ဋီကာ ရေးသွားတဲ့ သခင်ကိုယ်တော်မှိုင်းကိုတောင် သူတို့ကျေးဇူးမကင်းဘူးပြောတတ်တယ်။

အခုတလောမျောက်တွေသိပ်ငြိမ်တယ်။

"အ၀တ်ဝတ်ထားတဲ့ ပရိုင်းမိတ်တွေဟာ သိပ်ကို ကိစ္စများတာပဲ" လို့ သူတို့အချင်းချင်း တစ်ခွန်းစနှစ်ခွန်းစပြောတာကလွဲရင် သိပ်ကို တည်ငြိမ်တယ်။

.... မကြာခင်မှာ ဖတ်ရှုရမယ့်သတင်းစာမှာတော့ သင်္ကြန်ကာလအတွင်း တိုင်းသူပြည်သားများ ပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း ဆိုတာပါပဲ ...။ ... သီတာကြည်လဲ့ ငှက်သံနွဲ့နှင့် လွမ်းဖွဲ့မြိုင်ခြေ မြူခိုးဝေနေတဲ့ တောအုပ်လေးမှာလည်း မျောက်တွေ တကယ်ပျော်ရွှင်စွာ ... ပြေးလွှားဆော့ကစားနေကြလျက်ရှိနေကြောင်း စောင့်ကြည့်လေ့လာသူ များက နှစ်နှစ်ဆယ် စောင့်ကြည့်နေခဲ့သော အတွေ့အကြုံအရ မှန်းဆလျက်ရှိနေ။ ။

ခင်မင်စွာဖြင့်
Zephyr

Notes:
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ .....။
Thanks to my censorship board for frequent warnings .... :).
Thanks to my English teacher who introduced me with satire books.

We don't care who governs the country, but we care how they govern ...(Zephyr)



Peace B with U.

Sunday, March 21, 2010

Bottom Billion အပိုင်း (၅)

အခုတလော စာတွေပုံမှန်တင်ဖြစ်ပါတယ်။ မအားတဲ့ကြားထဲက စာရေးဖြစ်ပါတယ်။ Contribute လုပ်ထားတဲ့ Blog တွေမှာလည်း တာဝန်တွေကျေပွန်စွာထမ်းဆောင်ရင်း ရုံးကနေတစ်မျိုး အိမ်ကနေတစ်သွယ် စာရေးဖြစ်ပါတယ်။ အလုပ်လုပ်ရတာ ပိုပြီးခက်တာတွေလုပ်လာရတဲ့အတွက် အရင်ကလို အချိန်သိပ်မပိုတော့ပါဘူး။ ရုံးမှာ ကာတွန်းကားအမြဲမကြည့်နိုင်တော့ဘူးလို့ဆိုလိုပါတယ်။ ဒီနှစ်မှာ သိသိသာသာ ပေါင်ချိန်တက်လာပြီး အဆီတွေပိုများလာတဲ့အတွက် အသက်ကြီးလာပြီဆိုတာကို နည်းနည်းစပြီးရိပ်မိလာပါတယ်။ Gym မှာလမ်းသွားလျှောက်ပြီး အလေးမတဲ့ သံချောင်းကို ၀ိတ်ပြားမပါဘဲ စပြီး မနေပါပြီ။ မကြာမီမှာကြွက်သားတွေဘာတွေထွက်လာတဲ့အခါ စွပ်ကျယ်တွေဝယ်ဝတ်ရင်း ပိုက်ဆံစုဖို့ စဉ်းစားပေမယ့် စွပ်ကျယ်ဈေးကလည်း ထင်သလောက်မသက်သာတဲ့အတွက် အဲဒီအကြံကို မစခင်ကပဲ စွန့်လွှတ်လိုက်ပါတယ်။

လူမိုက်နဲ့ငွေအတူမနေ ဆိုတဲ့စကားပုံမှားမှန်း ဒီနေ့မှ သေချာသိပါတယ်။ Bottom Billion Chapter 9 ဖတ်လိုက်လို့ပါ ...။ အဲဒီတော့မှ ကိုယ့်မှာ ငွေမရှိတာကို စိတ်သက်သာရာရမိပါတယ်။ Bottom Billion ကို အပိုင်း ဆယ်ပိုင်းလောက်ရေးဖို့စိတ်ကူးထားပါတယ်။ အခုဘယ်နှပိုင်းရောက်နေပြီလဲမေ့နေလို့ ပြန်ရှာကြည့်ပါဦးမယ်။ :) ... ပျင်းစရာကောင်းတာတွေစရေးမိတဲ့အတွက် ဆုံးအောင်ရေးလိုက်ပါဦးမယ်။ ... ဒီစာတွေဖတ်ရတိုင်း ကိုယ့်နိုင်ငံကို ကြီးပွားစေချင်စိတ်ဖြစ်မိပါတယ်။ ဆင်းရဲတာမကောင်းပါဘူး။ ... စိတ်ဆင်းရဲတာဖြစ်ဖြစ် ပိုက်ဆံဆင်းရဲတာဖြစ်ဖြစ် မကောင်းပါဘူး။ တစ်ခုခုဆင်းရဲတဲ့သူဟာ တစ်ယောက်ယောက်ကို မီခိုရပါတယ်။ မီရင်းနဲ့ခိုနေရတာကို နမူနာပဲ လုပ်ကြည့်လိုက်ပါ ... ဘယ်လောက် ခွကျတဲ့ အနေအထားလဲဆိုတာ ခံစားရပါလိမ့်မယ်။ မီခိုရတာမကောင်းဘူး။ Emotionally Depend လုပ်ရတာလည်းမကောင်းဘူး။ Financially Depend လုပ်ရတာလည်းမကောင်းဘူး။ ပိုက်ဆံချေးတာဖြစ်ဖြစ် စိတ်ချမ်းသာမှုချေးတာဖြစ်ဖြစ် မျက်နှာကိုအောက်ချရပြီ ....။ မတော်လို့ ကိုယ့်မျက်နှာအောက်ချထားတုန်း တစ်ယောက်ယောက်က နင်းသွားရင် ခက်ဦးမယ်။ အဲဒါကြောင့် မမီခိုချင်ဘူး။ Independent ဖြစ်ချင်တယ်။ ကိုယ်ဟာ တစ်ယောက်ယောက်ရဲ့ ၀န်ထုပ်မဟုတ်စေရဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ၀န်ထုပ်မဟုတ်ဘူး။ ၀န်ထုပ်ဆိုတာ အရင်က စကား။ အခုတော့ နည်းနည်းပြောင်းသွားပြီ။ ဘာထုပ်ဆိုလား။ အဲဒါမျိုးမဖြစ်ချင်ဘူး။ ကိုယ့်နိုင်ငံကိုလည်း အဲဒီအထုပ် နိုင်ငံမဖြစ်စေချင်ဘူး။

ကဲပါ ... လိုရင်းကို စလိုက်ကြရအောင်။ အခန်း ကိုး - အောက်ခြေ တုံးအောက်ကဖား သန်းတစ်ထောင် ...။Laws and Charters. အစမှာ ဒီလိုရေးထားတာတွေ့တယ်။
So far I have looked at aid and at military interventions. Both are useful, but both are pretty costly,one in money and the other in guts: political guts, and sometimes soldier's guts. Now I am going to look at a range of interventions that are strikingly cheap. They fall into two groups: changes in our own laws that would benefit the bottom billion, and the generation of international norms that would help to guide behavior.

(အင်္ဂလိပ်လို မတတ်တဲ့ ဒကာတွေဒကာမတွေ အနေနဲ့ ဘာမှမပူပါနဲ့ မြန်မာလို ပြန်ထားတာ အောက်မှာပါမှာပါ ..။ .......... အဲဒါက ကျွန်တော်ပြောတာမဟုတ်ပါဘူး။ မဟာမြိုင်ဆရာတော်ပြောတာပါ။ ကျွန်တော်ကတော့ဘာသာပြန်ရမှာပျင်းပါတယ်။ အဲဒီတော့ အင်္ဂလိပ်လိုရေးထားတာပဲပါပါတယ်။)

(အခုတော့ အများသူငှာသိကြတဲ့အတိုင်း ပါတီတစ်ပါတီ သုံးသိန်းဆိုတော့ ချပါတီကြိုက်တဲ့သူတွေတောင် မျက်ခုံးလှုပ်နေရတယ်။ ... အဲဒီလိုပါတီတွေက ရင်းနှီးမြုပ်နှံတာကို ဘယ်လိုရအောင် ပြန်ရှာသလဲဆိုတာကိုပဲ စိတ်ဝင်စားမိပါတယ်။ ရိုးရိုးသားသားပါ။ တစ်ယောက်ကို သိန်း တစ်ရာစီလောက်ရင်းထားရင် ဘယ်လိုပြန်ရှာမလဲဆိုတာကို သိချင်တာပါ။ မဟုတ်တာတွေမလုပ်စေချင်ပါဘူး။ ဘာလို့လည်းဆိုတော့ အခုဖတ်ကြည့်တော့တွေ့တယ်။ ဆင်းရဲတဲ့နိုင်ငံက ချမ်းသာနေတဲ့သူတစ်ချို့အကြောင်းပါ ...။)

ဆင်းရဲတဲ့နိုင်ငံတွေဟာ ရာဇ၀တ်မှု ၊အကြမ်းဖက်ဝါဒနဲ့ ရောဂါကပ်ဆိုးတွေရဲ့ ကောင်းကင်ဘုံပဲတဲ့။ အဲဒါဟုတ်သလားလို့တွေးကြည့်ရင်သိသာပါတယ်။ ဟုတ်မယ်ထင်ပါတယ်။ ယေဘူယျပြောရင်တော့ ဟုတ်ပါတယ်။ ဒွိဟဖြစ်စရာတစ်ခုက သိပ်ချမ်းသာတဲ့နိုင်ငံတွေကလည်း ရာဇ၀တ်မှုထူပြောတာပါပဲ။ ကြံဖန်ပြီး ရာဇ၀တ်မှုထူပြောတာချင်း ယှဉ်နိုင်တယ်လို့ ဂုဏ်ယူနေစရာမရှိပါဘူး။ ဆရာအော်ပီကျယ်ပြောတဲ့ ဟောပြောပွဲကလို ကျွန်တော်တို့နိုင်ငံထိပ်တန်းရောက်နေတဲ့ မျဉ်းကွေး ဆိုတာမျိုးဖြစ်နေပါလိမ့်မယ်။ ဆရာအော်ပီကျယ် က ဆင်းရဲတဲ့နိုင်ငံတွေအကြောင်း presentation လုပ်တုန်းကပြောလိုက်တာထင်ပါတယ်။ အဲဒီတော့ သူ့ဆရာတွေက ဒါဟာ ရယ်စရာမဟုတ်ဘူးလို့ပြောပါတယ်။ သူ့ဆရာတွေက မြန်မာတွေမဟုတ်လို့ မြန်မာတွေက နာရီတွေဆိုတာမသိလို့ပြောတယ်လို့ထင်ပါတယ်။ နာတဲ့အခါတိုင်း ရယ်(ရီ) နေရတဲ့ နာရီတွေ ဖြစ်မှန်းမသိဖြစ်နေတာ အတော်လေးကြာပြီထင်ပါတယ်။

အိမ်ကသာဆင်းရဲသားမိသားစုဆိုပြီး နာမည်ထွက်တဲ့အိမ် ...။ အိမ်သားတစ်ယောက်ကတော့ Western Bank မှာပိုက်ဆံတွေအများကြီးအပ်ထားတယ်ဆိုရင် ဘယ်လိုသဘောရလဲ။ သိသာပါတယ်။ သူခိုးနေမှာပေါ့နော်။

သေချာတွေးလေ ရှက်စရာကောင်းလေပါပဲ။ ဟဲဟဲ မေ့နေပြန်ပြီ ... အားလုံးမမေ့ဖို့ပါ ... အခုဖတ်နေတာ အာဖရိကအကြောင်းတွေပါတဲ့ စာအုပ်ဖြစ်ပြီး Zephyr က ဘာသာပြန်ရုံဆိုတာပါ ...ဟဲဟဲ .....။ လှူထားတဲ့သူတွေက ဒါဟာ အဲဒီဆင်းရဲသားအိမ်က သူခိုး အိမ်သားရဲ့ ရှက်စရာ အပြုအမူဖြစ်တယ်လို့ ခံစားလိုက်ရပါသတဲ့။ 2004 ကဖြစ်တာတစ်ခုက ၀ါရှင်တန် DC မှာရှိတဲ့ Riggs Bank မှာ Equatorial Guinea
သမ္မတက ပိုက်ဆံတွေအများကြီးစုထားတယ်ဆိုပဲ။ တကယ်ဆိုရင် ကျွန်တော်သာဆိုရင် အထောက်အပံ့တွေက သန်းကြွယ်သူဌေးတောင်ဖြစ်စေနိုင်တယ်ဆိုတာမျိုးတွေးမိမှာပါ။ ဒါပေမယ့် မူရင်းစာရေးသူကတော့ ရှက်စရာကောင်းတယ်ဆိုလို့သာ ရှက်စရာကိစ္စလို့ယူဆလိုက်ရတယ်။

2000 ခုနှစ်မှာကြတော့ ဗြိတိန်မှာ Sani Abacha မိသားစုကလည်း ပျော်ပျော်ကြီး ငွေတွေအများကြီးစုကြတယ်လို့ကြားရပါတယ်။ သူတို့ဟာ စစ်ပိုင်းဆိုင်ရာအကြီးအကဲတွေဖြစ်တယ်လို့သိရပါတယ်။ "တိုက်ဆိုင်လိုက်တာများကွာ ... "....အဲဒီသီချင်းကို သတိရမိပါတယ်။ အခုပဲ ရေဒီယိုနားထောင်လိုက်လို့ပါ။ ထောက်ပံ့ရေးအစီအစဉ်တွေက လူတစ်ချို့ကို ပြေလည်စေတာတော့ သိပ်ကိုသေချာတာပဲ။

ဒါဟာ ဘဏ်တွေဘက်က အားနည်းချက်တွေပါ ...။
စင်ကာပူဘဏ်တွေလည်း သတိနည်းနည်းထားဖို့လိုပါမယ်။ နောက်စာအုပ်မှာ ပါလာရင် အားနာစရာကြီးဖြစ်နေမယ်။ ဘဏ်မှာ Money Laundry မဖြစ်အောင် နောက်ကြောင်းရှင်းတဲ့ငွေဖြစ်ကြောင်း စီစစ်ဖို့လိုပါတယ်။ တော်ကြာ Dollar မှာ for charity .... တွေဘာတွေရေးထားတာဖြစ်နေရင် ရှက်စရာကြီး။ ဘဏ်လုပ်ငန်းဟာ အမြတ်အစွန်းအတွက်လုပ်တာမဟုတ်ပါဘူး။ ဆယ်တန်းမှာ ဘောဂဗေဒကို ကျေညက်အောင်ကျက်ခဲ့တဲ့ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ဘဏ်လုပ်ငန်းဟာ ငွေကြေးချမ်းသာကြွယ်ဝပြီးသားလူတွေရဲ့ ထင်ရှားကျော်ကြားမှုအတွက် လုပ်တယ်ဆိုတာကို သိပါတယ်။ ဘဏ်လုပ်ငန်းရဲ့အစကလည်း ဒီလိုပါပဲ။ ဘဏ်လုပ်ငန်းဟာ သူခိုးလက်ခံလုပ်ငန်းမဟုတ်ဘူးဆိုတာ နားလည်တဲ့သူတွေလိုပါတယ်။ အခုတော့ ဥရောပမှာ Terrorist တွေကို ဘဏ်ကနေ ငွေလွှဲတာမျိုးမဖြစ်အောင် သံသယရှိတဲ့ transfer တွေကို စစ်ဆေးပါတယ်။ အဲဒီတော့ အိမ်က ပစ္စည်းတွေခိုးရောင်းတဲ့ ငနဲတွေအတွက် ဥရောပက ဘဏ်တွေက အဆင်သိပ်မပြေတော့ဘူးလို့လည်း စာရေးသူကရေးထားပါသေးတယ်။ သိပ်လည်းစိတ်မပူသွားပါနဲ့ လက်ခံတဲ့ ဘဏ်တွေလည်းရှိပါသေးတယ်တဲ့။

စာရေးသူကထောက်ပြတာက ဗဟိုဘဏ်တွေဟာ တိုင်းပြည်ထဲကို စီးဝင်လာတဲ့ charity ငွေကြေးတွေကို စနစ်တကျခန့်ခွဲရမယ်ဆိုတာကိုပြောတာပါ။ ကျွန်တော်ကတော့ ဒါကို သိပ်ခံစားရတယ်။ အလှူငွေတွေဟာ ရောက်သင့်တဲ့အချိန်မှာ ရောက်သွားဖို့ကောင်းနေပြီမဟုတ်လား။ စကားမစပ် ရန်ကုန်ကနေ ဧရာဝတီတိုင်းကို လမ်းလျှောက်သွားရင်တောင် တစ်နှစ်ကြာမှာမဟုတ်ဘူးမဟုတ်လား။ ...ကျွန်တော်လည်း လမ်းလျောက်ဝါသနာပါလို့ပါ။ဟဲဟဲ။

နောက်တစ်နည်းက ဆင်းရဲသားတွေအတွက် အလုပ်ပေးနိုင်တဲ့ လုပ်ငန်းမျိုးကို အခွန်လျှော့ပေးတာပါ။ သိပ်ကောင်းတဲ့နည်းလမ်းပါ။ ဒါပေမယ့် တစ်ချို့ကလည်း အဲဒါကို အခွင့်ကောင်းယူပါတယ်။ ဒါကတော့ ကြုံတုန်းပြောလိုက်ပါတယ်။ မြန်မာပြည်မှာလည်း ကျောင်းတွေမှာ အစိုးရကိုယ်စားပြင်ပေးတဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ချို့ရှိပါတယ်။ ကျွန်တော်တို့ငယ်ကတည်းကရှိတာပါ။ ကျောင်းမှာ လူသွားလမ်းလေးလာလုပ်ပါတယ်။ မကြာပါဘူး သဲတွေထွက်ထွက်လာပါတယ်။ ဒါပေမယ့်သူတို့က အစိုးရကိုတော့ကျောင်းတွေပြင်ပေးနေတယ်ဆိုတဲ့ နာမည်ကောင်းတစ်ခုကို အသုံးချပြီး လုပ်ပိုင်ခွင့်တစ်ချို့ရသွားပါလိမ့်မယ်။ ပြင်သစ်မှာလည်းဒါမျိုးရှိတယ်လို့သိရပါတယ်။ မြန်မာတွေ ခေတ်ရှေ့ပြေးနေတာတွေ မနည်းပါလားလို့တောင် အံ့အားသင့်ရပါတယ်။ စီမံကိန်းတစ်ခုဟာ စိတ်ကူးတစ်ခုတည်းကောင်းလို့မရပါဘူး။ အဖြစ်လုပ်ထားတာတွေ မကြုံရအောင် စီမံခန့်ခွဲနိုင်ရပါမယ်။ လမ်းဘေးက ပလက်ဖောင်းတွေကို ၀ါးကပ်လေးခံပြီး သဲများများ ဘိလပ်မြေပါရုံမျှဆိုတဲ့ အချိုးအဆနဲ့ လုပ်နေတာတွေက သိပ်ကို တာဝန်မဲ့တဲ့စိတ်ဓာတ်မျိုးတွေဖြစ်နေပါတယ်။ အဲဒီလို တာဝန်မဲ့တဲ့ လုပ်ငန်းရှင်တွေကြောင့် Prisoner Dilemma ဖြစ်ပါတယ်။ Prisoner Dilemma ဆိုတာ Game Theory သမားတွေပြောခဲ့တာပါ။ မြန်မာပြည်မှာနေတုန်းက အသိတစ်ယောက်ပြောပြလို့ အဲဒါကို ကြားဖူးပါတယ်။(ကိုမျိုးပြောတာလို့ထင်ပါတယ်။)

Two suspects are arrested by the police. The police have insufficient evidence for a conviction, and, having separated both prisoners, visit each of them to offer the same deal. If one testifies (defects from the other) for the prosecution against the other and the other remains silent (cooperates with the other), the betrayer goes free and the silent accomplice receives the full 10-year sentence. If both remain silent, both prisoners are sentenced to only six months in jail for a minor charge. If each betrays the other, each receives a five-year sentence. Each prisoner must choose to betray the other or to remain silent. Each one is assured that the other would not know about the betrayal before the end of the investigation. How should the prisoners act?

ရဲသားက လူနှစ်ယောက်ကို သံသယရှိလို့ ဖမ်းထားပါတယ်။ သက်သေမရှိလို့ သူတို့နှစ်ယောက်ကို ခွဲပြီးမေးပါတယ်။
နှစ်ယောက်စလုံးကို ဒီလိုကမ်းလှမ်းပါတယ်။ တစ်ယောက်က အမှန်ပြောပြီး တစ်ယောက်က မပြောရင် ပြောတဲ့သူကို လွှတ်ပေးပြီး ကျန်တဲ့သူကို ထောင်ဆယ်နှစ်ချပါမယ်။ နှစ်ယောက်စလုံးမပြောရင် ခြောက်လပဲကျပါမယ်။ နှစ်ယောက်စလုံး ပြောရင် တစ်ယောက်ကို ထောင်ငါးနှစ်တဲ့။ သူတို့အချင်းချင်းလည်းမတွေ့ရပါဘူး။ ထောင်သားတွေဘယ်လိုပြောမလဲတဲ့။

ကျွန်တော်ကတော့ Dilemma တွေကို ကြိုက်တဲ့အတွက် Prisoner Dilemma ကို အကြာကြီးတွေးခဲ့ပါတယ်။ ...နောက်ဆုံးရတဲ့အဖြေက မလွယ်ကြောဆိုတာပါပဲ ......။ ထင်သလောက်မလွယ်တဲ့ကိစ္စတွေလုပ်နေကြရတဲ့လောကကြီးမှာ အကျိုးရှိမယ်ဆိုရင် လိမ်သင့်လိမ်ရမှာပဲဆိုတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း မလွယ်ကြောတွေပါပဲ ....။

ဆက်ပါဦးမည်။

ခငိမင်စွာဖြင့်
Zephyr

Related Post:


Notes:

ဒီနေ့ 30% Discount အပြင် Member Discount ပါ ထပ်ပေးတဲ့ Borders စာအုပ်ဆိုင် ကိုကျေးဇူးတင်ပါတယ်။ စာအုပ်တွေထပ်ဝယ်လာတဲ့အတွက် စာများများပိုရေးဖြစ်ဖို့ရှိပါတယ်။ .... စာရေးဖို့ အမြဲတိုက်တွန်းတဲ့ အမေ့ကို ကျေးဇူးတင်ပါတယ်။ အမေ နေကောင်းပါစေ။



Peace B with U.