Showing posts with label Lateral Thinking. Show all posts
Showing posts with label Lateral Thinking. Show all posts

Monday, May 17, 2010

Elite တွေမွေးထုတ်ပေးနေသော Zephyr


ကျွန်တော့်ဘလော့ခ်က Elite တွေမွေးထုတ်ပေးနေတာလို့ Xanthos ကစပါတယ်။ သူပြောချင်တာက အကောင်းမဟုတ်ပါဘူး။ ဖတ်ပြီး ရှည်လို့ အီပြီးလစ်သွားတာလို့ ပြောတာပါ။ (အမှန်တော့ အေလိ၊အလိလို့ပဲအသံထွက်တယ်။).... ရယ်စရာတွေ များများရေးတာကမှ ကုသိုလ်ရဦးမယ်လို့ အမနာပပြောပြီးဖုန်းချသွားတဲ့အတွက်သူ့ကိုလည်း ဘာမှပြန်မပြောလိုက်နိုင်ပါဘူး။ ဒီမှာ comment ရေးလို့မရတာကိုလည်း မင်း Blog က နိုင်ငံတော်သတင်းစာလို ကိုယ်ပြောချင်တာပဲပြောနေတာလို့ အားမနာတမ်းဝေဖန်သွားပါတယ်။ အခုလည်း သူပြောသလို အီလစ်တွေမွေးထုတ်ပေးမယ့် ပို့စ်တစ်ခုထပ်တင်လိုက်ပါတယ်။ အခုတလော American Prose Poetry ဆိုတဲ့စာအုပ်တစ်အုပ်ဖတ်ဖြစ်ပါတယ်။ အဲဒီထဲက ကဗျာတစ်ပုဒ်မှာပါတာလေးတွေနဲ့ ဆက်စပ်ပြီးတွေးထားပါတယ်။


James Richardson ရေးခဲ့တဲ့ prose poem ထဲက စာကြောင်းလေးတွေကို ဆက်ပြီးတွေးရင်း ပို့စ်လေးတစ်ခုရေးဖြစ်ပါတယ်။

The road reaches every place, the short cut only one.

အဲဒါလေးဖတ်မိတော့ပြုံးချင်စရာလေးလို့ခံစားရတယ်။ လမ်းဆုံးရင် ရွာတွေ့မယ်ဆိုပြီး လမ်းတစ်လျှောက်မဆုံးနိုင်အောင်သွားရင်း နေရာတကာရောက်နေမယ့်အစားဖြတ်လမ်းကနေ တစ်နေရာတည်းသွားလိုက်ဖို့လိုတယ်လို့ခံစားရတယ်။ လူအများစုရဲ့ဘ၀မှာ ဘယ်ကို သွားချင်မှန်း၊ ဘာလုပ်ချင်မှန်းမသိကြတာများပါတယ်။ အဲဒီတော့ စိတ်ကလည်း နေရာတကာရောက်ပါတယ်။ ဟိုဟာလည်းလိုချင် ဒီဟာလည်းလိုချင်ဖြစ်ပြီး ရွေးရခက်နေတဲ့အတွက် တစ်ခုခုကို သေချာရွေးချယ်ဆုံးဖြတ်လိုက်တဲ့လူလို မပြတ်သားဘဲနှောင့်နေးကုန်ပါတယ်။ တစ်ချို့လူတွေရဲ့ ဘ၀မှာ အလုပ်များများမလုပ်ခဲ့ပေမယ့် လုပ်ခဲ့တဲ့အလုပ်အနည်းငယ်ကို အကောင်းဆုံးလုပ်သွားနိုင်တာကိုတွေ့ရပါတယ်။ လမ်းရိုးအတိုင်းပဲ နေရာတကာရောက်အောင်သွားနေမလား ...ဖြတ်လမ်းလေးကနေပဲ ကိုယ်သွားရမယ့်နေရာကို သွားကြမလားဆိုတာက တော်တော်လေးတွေးဖို့ လိုအပ်ပါတယ်။ သံသရာလည်နေတဲ့ကိစ္စအထိ ချဲ့ထွင်ပြီးတွေးလို့ရပါတယ်။ လူ့စည်းစိမ်၊နတ်စည်းစိမ်၊ တီကောင်စည်းစိမ်၊ပုရွက်ဆိတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ် ခံစားပြီး၍ အဆုံးစွန်သောနေ့၌ ဆိုတာက လမ်းတစ်လျှောက်လုံးပတ်သွားနေချင်သူတွေရဲ့ဆုတောင်းလို့ခံစားရပြီး နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုရလိုကြောင်းဒဲ့တိုး ဆုတောင်းတဲ့သူတွေက ဖြတ်လမ်းကို သုံးတယ်လို့ခံစားရပါတယ်။ အလျင်လို လမ်းအိုလိုက်ဆိုတာကြီးကိုလည်း တော်တော်လေးစဉ်းစားမိပါတယ်။ ဆင်သွားရင် လမ်းဖြစ်ဆိုတာလည်းရှိပါတယ်။ လမ်းအိုလိုက်တဲ့ဆင်ဖြစ်မနေဖို့ပဲလိုတယ်လို့ နောက်ဆုံးသဘောပေါက်လိုက်ပါတယ်။ လမ်းအိုလိုက်တဲ့သူတွေချည်းပဲရှိမယ်ဆိုရင် ဒီနေ့ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အတိုင်းပဲ ခေတ်မမီဖြစ်နေမှာပါ။ ဆင်ခြင်ဥာဏ်နဲ့ယှဉ်တဲ့ဖြတ်လမ်းတွေကို လိုက်ဖြစ်အောင်လိုက်တာဟာ လောကီလောကုတ်အတွက် နှစ်ဖြာ အကျိုးမယုတ်တဲ့ ဘ၀နေနည်းနဲ့ ဆုံးဖြတ်နည်းဖြစ်မယ်လို့တွေးမိပါတယ်။

Those who demand consideration for their sacrifices were making investments, not sacrifices.

ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရင် အနာကို ရှောက်ရည်ညှစ်တယ်လို့ တစ်ချို့ကခံစားရမှာစိုးလို့ အကျဉ်းပဲရေးပါမယ်။ လူတွေက အမြဲပြောတယ်။ စတေးခဲ့တယ်တဲ့။ တစ်ခုခုအတွက် အနစ်နာခံပြီးလုပ်လိုက်တယ် ...။ အဲဒီအထိကတော့ ဟုတ်ပါတယ်။ တကယ်ချီးကျူးဖို့လည်းကောင်းပါတယ်။ ကိုယ်မလုပ်နိုင်တာလုပ်တဲ့အတွက် အာဇာနည်ဆန်တဲ့သူတွေလို့တောင်ချီးကျူးသင့်ပါတယ်။ ဒါပေမယ့် အဲဒီလို စတေးလိုက်လို့ သူတို့အတွက် တစ်ခုခု ပြန်စဉ်းစားပေးပါ။ တစ်ခုခုပြန်လုပ်ပေးပါဆိုရင်တော့ အဲဒါဟာ မဟုတ်တော့ပါဘူး။ James Richardson ရဲ့အဆိုအရတော့ မင်းတို့က စတေးတာမဟုတ်ဘူး၊ ရင်းနှီးမြုပ်နှံတာချည်းပါလားကွာ လို့ပြောရမလိုဖြစ်နေပါပြီ။ မိဘသဖွယ် စောင့်ရှောက်ချင်ပါတယ်ဆိုရင်လည်းနေ့ကလေးထိန်းကျောင်းဖွင့်ပြီး သက်သေပြလို့ရပါတယ်။ အခုတော့ ဖွတ်မိချောင်းဖြစ်လိုဖြစ် ... အရောင်တွေပြောင်းလိုပြောင်း .... ခါတော်မီ စတေးပစ်လိုက်ဖို့ အားလုံးက အသင့်အနေအထားနဲ့နေရာယူပြီးနေကြပါပြီ။ တစ်ခါတစ်ခါ တွေးမိတယ် ....။ အဲဒီ စတေးခဲ့တာတစ်ခုနှစ်ခုအတွက် ဘယ်လောက်ကြာကြာကျေးဇူးတင်နေဖို့လိုသလဲဆိုတာကိုပါ။ ဘာတာစနစ်မှာ တစ်ခုကို တစ်ခုနဲ့လဲသလို စတေးနေကြတာများလားလို့တောင်ထင်မိပါတယ်။

Despair says, I cannot lift that weight, Happiness says, I do not have to.

စိတ်ပျက်အားငယ်မှုက ဒီလောက်အလေးကြီးကို ငါမမ နိုင်ဘူးလို့ပြောတယ်။ ပျော်ရွှင်မှုက အဲဒါကို ငါမဖို့မလိုဘူးလို့ပြောတယ်တဲ့။ အဲဒီအတွေးလေးက အတော်လေးချစ်စရာကောင်းပါတယ်။ စိတ်ပျက်နေတဲ့အခါ၊ စိတ်ဓာတ်ကျနေတဲ့အခါမှာ စိတ်ထဲမှာ အတွေးတွေကလေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ကိုယ့်ဘာသာကို တာဝန်မယူချင်တဲ့သူဆိုရင် ပိုတောင်လေးတတ်ပါတယ်။ ဘယ်သူ့ကို အလေးတွေနဲ့ထပ်ဖိရင်ကောင်းမလဲ လူရှာရတာကလည်း ပိုလေးနေတတ်ပါတယ်။ ပျော်ရွှင်နေတဲ့အခါ စိတ်ဟာ ပေါ့ပါးနေပါတယ်။ ပျော်ရွှင်တယ်ဆိုတာကိုလည်း တရားဘက်ကကြည့်တဲ့ သန္တိတလို ငြိမ်းချမ်းပျော်ရွှင်တာကို ဆိုလိုဟန်မပေါ်ပါဘူး။ ကျွန်တော်တို့ နေ့တိုင်း ပျော်နေတဲ့သာမန်အပျော်ကိုပဲပြောပုံရပါတယ်။ အမှန်က ပျော်နေတာကလည်း ပင်ပန်းပါတယ်။ ဒါပေမယ့် စိတ်ပျက်နေတာနဲ့ယှဉ်ရင်တော့ တော်တော်လေး သက်တောင့်သက်သာပင်ပန်းနေတယ်လို့ဆိုနိုင်ပါတယ်။ တကယ်စဉ်းစားရမှာက ကိုယ်ကြုံတွေ့နေရတဲ့အပူတွေကို ကိုယ်က ပူနေဖို့လိုလားမလိုလားဆိုတာကိုပါ။ တစ်ချို့အချိန်တွေမှာ အပူတွေကို သတိမထားမိလို့ အပူတွေက ကိုယ့်အပူလို့ထင်နေတတ်ပါတယ်။ သက္ကာယ+ သောက ဟာ 1+1=6
ဆိုတဲ့ Synergy သီအိုရီမျိုးဖြစ်နေပါတယ်။( Synergy ကို အကြမ်းဖျင်းပြောရင် လူတစ်ယောက်တည်းလုပ်ရင် အလုပ် ၅ ခုပြီးပါတယ်ဆိုပါတော့ နှစ်ယောက်လုပ်လိုက်ရင် အခု ၁၀၀ ပြီးရင်လည်းပြီးပါလိမ့်မယ်။ နမူနာပြောရရင် မြေညီထပ်က အုတ်ခဲကို ပထမထပ်ကို တင်တဲ့အလုပ်ဆိုပါတော့ ...။ တစ်ယောက်တည်းဆိုရင် လှေကားကနေတက်ရမယ် ပြန်ဆင်းရမယ်။ နှစ်ယောက်ဆိုရင် တစ်ယောက်က အောက်ကပစ်တင်ပြိးတစ်ယောက်က အပေါ်က ဖမ်းပြိးစီပစ်လိုက်နိုင်ပါတယ်။ တစ်ယောက်က တစ်ဆ၊ နှစ်ယောက်ကို နှစ်ဆဆိုတာဟာ အင်မတန် formal thinking ကျတဲ့ကိစ္စမျိုးမှာပဲဖြစ်ပါတယ်။)သက္ကာယကို သက္ကာယ+သောကထဲက နှုတ်ရင်လည်း သောကသက်သက်ပဲကျန်မယ်လို့ ပြောချင်ပြောမယ်ထင်ပါတယ်။ အကြွင်းသုညကျန်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။


Pessimists live in fear of their hope, optimists in fear of their fear.

ဒီတစ်ခုကိုတော့ အကြိုက်ဆုံးပါပဲ။
အဆိုးမြင်တဲ့သူဟာ သူမျှော်လင့်တာတွေကို မဖြစ်နိုင်ဘူးလို့ယူဆပြီး ကြောက်ရွံ့ပါတယ်။
အကောင်းမြင်တဲ့သူကတော့ ကြောက်ရွံ့စရာရှိတာကိုပဲကြောက်ရွံ့ရပါတယ်။ အဲဒီအတွက် အဆိုးမြင်ရတာဟာ တွက်ခြေမကိုက်ဘူးလို့ခံစားရပါတယ်။

I am saving good deeds to buy a great sin.

ကျွန်တော်ဟာ ကြီးကျယ်တဲ့အပြစ်တစ်ခုကို ၀ယ်ဖို့ ကောင်းမှုကုသိုလ်တွေ စုဆောင်းပါတယ်တဲ့။
တော်တော်ကန့်လန့်နိုင်တဲ့အတွေးလို့ထင်ရပါတယ်။ တကယ်တော့ လူအများစုမှာ ကြောက်လို့လုပ်နေတဲ့ကုသိုလ်တွေရှိပါတယ်။ အပါယ်လေးပါးကို ဘယ်သူမှ Discount ပေးတုန်းမသွားချင်ပါဘူး။ကောင်းတာတွေလုပ်နေတာဟာ ကိုယ်ပြုဖူးတဲ့အကုသိုလ်ကို ပြန်ချေပဖို့ ကြိုးစားနေသလိုဖြစ်နေတတ်ပါတယ်။

Each lock makes two prisons.

ဒီတစ်ခုလည်းကြိုက်ပါတယ်။ လမ်းကသာတစ်ခုတည်းခွဲကြပေမယ့် အသည်းကြတော့ နှစ်ခုကွဲရတတ်ပါတယ်။ မျဉ်းတစ်ကြောင်းဆွဲလိုက်ရင် နှစ်ဖက်ဖြစ်သွားသလိုမျိုးပါပဲ ....။ (အတွေ့အကြုံရှိသူများ ဆက်လက်စဉ်းစားပါရန်) ။

ခင်မင်စွာဖြင့်
Zephyr

Notes:
ဒီပို့စ်ကို ရေးရတာ အမြဲတမ်း ဂရုစိုက်တဲ့ အမေ့အတွက်ဖြစ်ပါတယ်။
ဖတ်ရင်း Elite ဖြစ်သွားတဲ့သူတွေကိုလည်း သာဓု ၂.၅ကြိမ်ခေါ်လိုက်ပါတယ် .....။

အခု Blog တွေကနေ သတင်းတွေ အလျင်အမြန် ဖြန့်နိုင်တဲ့ကိစ္စကို သဘောကျနေပါတယ်။
အားလုံးစုစုစည်းစည်းနဲ့ ကောင်းတာတွေအများကြီးလုပ်နိုင်တာ ကျေနပ်စရာကောင်းပါတယ်။

အခုလည်း ရေအတွက်နဲ့ ဆေးကျောင်းက ကလေးနှစ်ယောက် အတွက် ပရိုမိုးရှင်းလုပ်နေပါတယ်။
လှူနိုင်တဲ့နေရာမှာ လှူစေချင်ပါတယ်။ ဆေးကျောင်းတက်မယ့်ကလေးတွေကို ကူညီတာကတော့ သူတို့ကို Study Guides လုပ်စားပါလားလို့ စေတနာနဲ့အကြံပေးတဲ့သူတွေကို ရွဲ့ပြီးလှူလိုက်တာတော့မဟုတ်ပါဘူး .....။ တစ်ခါတစ်လေ ကလေးတွေက ဘယ်နယ်ကလဲဆိုတာနဲ့ ဆေးကျောင်းရဲ့ သဘောကို သိဖို့လိုပါတယ်။ ဆေးကျောင်းမှာ တက်နေတဲ့ကလေးတွေအများကြီးနဲ့ စကားပြောဖူးပါတယ်။ ဆယ်တန်းမှာ သူငယ်ချင်းခြောက်ယောက်မှာ ငါးယောက်က ဆရာဝန်လုပ်သွားတဲ့အတွက် ဘာတွေလွယ်ပြီးဘာတွေခက်တယ်ဆိုတာကို သိပါတယ်။ ဘာတွေ ဘယ်လောက်ကုန်သလဲဆိုတာကိုလည်းသိပါတယ်။ သူတို့တွေလည်း မတတ်သာလို့သာ အကူအညီတောင်းရတယ်လို့ခံစားရတဲ့အတွက် အကြွေတွေစုထားတဲ့စုဗူးတစ်ဗူးဖောက်ပြီးလှူလိုက်ပါတယ်။

တကယ်တမ်းပြောမယ်ဆိုရင် ကျောင်းတွေမှာ အစိုးရဆီက လျှောက်လို့ရတဲ့ ပညာသင်ထောက်ပံ့ရေးအစီအစဉ်တွေရှိပါတယ်။ ကလေးနှစ်ယောက်ဟာ ဒီ ထောက်ပံ့ကြေးမရတာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ထက် လိုအပ်တဲ့သူတွေရှိနေလို့လည်းဖြစ်နိုင်ပါတယ်။ ဒါတွေကို သိပ်လည်းစိတ်မ၀င်စားလို့မမေးကြည့်လိုက်ပါဘူး။ ၂၀၀၂ လောက်ကလည်း 7 days ကနေတစ်ဆင့် အဲဒီလို ပညာတော်သင်ထောက်ပံ့ဖို့ အကူအညီပေးကြတာလေးကို သဘောကျခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီတာကို မ agree ဘူးဆိုလည်းရပါတယ်။ တစ်ချို့စကားတွေက ဘေးကနေပြောလိုက်တာ သိပ်လွယ်ပါတယ်။ ကျွန်တော်တို့လိုနေတာ helping hands တွေပဲဖြစ်ပါတယ်။ Talkative Nonsense တွေမဟုတ်ပါဘူး ....။ နှုတ်၏စောင်မခြင်းဆိုတာ လေနဲ့ကူနေတာကိုခေါ်တယ်လို့ပဲယူဆမိပါတယ်။ ... လေနဲ့လုပ်လို့ရတာကသုံးခုက လေမှုတ်ရုပ်ရောင်းတာရယ်၊ နိုင်ငံရေးသမားရယ်၊ သတင်းဖတ်တဲ့သူရယ်ပါ ....။ ....စိတ်ပါဝင်စားရင် အဲဒီအလုပ်တွေမှာ ကိုယ်ရည်ကိုယ်သွေးပြစေချင်ပါတယ်။ ....။



Peace B with U.

Sunday, March 28, 2010

ဟာသနှင့် ဆန့်ထွက် တွေးခြင်း (၄)


ဟိုးရှေးရှေုးတုန်းက သင်ရတဲ့ အဌာရသ ၁၈ ရပ်မှာ ဟာသ ပညာလည်းပါပါတယ်။ အခုလည်း

အဲဒီအတန်းမျိုးရှိရင် တက်ချင်ပါတယ်။ တော်တော်လည်း ရယ်စရာကောင်းမယ်လို့ထင်ပါတယ်။ ဟာသ အချိန်ဆို ဒိသာပါမောက္ခကြီးဟာ Rap ဘောင်းဘီ ပွပွကြီးကို ၀တ်ပြီး International Jokes တွေကို တစ်ခုချင်းချပြဆွေးနွေး ... ကျောင်းသားတွေကလည်း ထိုင်ရယ်နေတာနဲ့ ဘာမှ မမှတ်မိ။ စာမေးပွဲဖြေတဲ့အခါ ... အဖြေတွေက မရယ်ရရင် အကျပေးပြီး သိပ်ကို ရယ်ရတဲ့ အဖြေတွေကိုပဲ အောင်မှတ်တွေ ဂုဏ်ထူးတွေပေး ... သိပ်တော်တဲ့ ကျောင်းသားတွေက Street Comedians တွေ .... ဟာသသမားတွေ ဖြစ်လာကြ။ တော်တော်လေး ပျော်စရာကောင်းမယ်ထင်ပါတယ်။

ကျွန်တော် ငယ်တုန်းက အနာဂါမ် ဆရာသက်ကြီး စာအုပ် ဖတ်ပါတယ်။ အဲဒီမှာ ဘာပါလဲဆိုတော့ အာနာပါနကို ထိထိရောက်ရောက် အားထုတ်တဲ့သူတွေဟာ သေမယ့်နေ့ရက် အချိန်ကို အတိအကျ သိနေတယ်ဆိုတာပါပါတယ်။ ကိုယ်တွေ့ဖြစ်ရပ်တွေလည်းပါပါတယ်။ နောက်ပိုင်း ထပ်ပြီး သိလာရတာကတော့ အာနာပါန ကမ္မဌာန်းရဲ့ ထူးခြားချက်တစ်ခုမှာ အဲဒီ သေချိန်ကို ကြိုသိစေတတ်ခြင်းဆိုတာပါတယ်ဆိုတာပါပဲ။ ဒါကတော့ အလေးအနက်ကိစ္စတွေပါ။ မနေ့က Xanthos နဲ့ပြောဖြစ်တော့မှ တစ်မျိုးဖြစ်သွားတယ်။

Xanthos: ငါ့အဘိုးက သေမယ့်အချိန်ကို နေ့လ၊ ရက်မလွဲသိတယ်ကွ။

Z: မင်းအဘိုးက အာနာပါနသမားလား။ တော်တော်အားထုတ်ခဲ့တာလား။

Xanthos: မဟုတ်ဘူးကွ။ တရားသူကြီးက ပြောတာ။

သူပြောတာကြားရတော့မှ အဲဒီဟာသကို ပြန်သတိရတယ်။ ဟာသသမားတွေကို တခါတခါ အံ့သြမိတယ်။ သူတို့ရဲ့ ဟာသအမြင်တွေကို တော်တော်လေးသဘောကျမိတယ်။ ပုံမှန်အားဖြင့်တွေးမယ်ဆိုရင် ဘယ်လိုမှ ဟာသဖြစ်အောင် မလုပ်နိုင်မယ့်ဟာတွေကို ဟာသဖြစ်သွားအောင် လှည့်တွေးလိုက်တာ စိတ်ဝင်စားစရာကောင်းပါတယ်။

သမ္မာကျမ်းစာမှာ ပါတဲ့ အချက်တစ်ခုကို ဟာသလုပ်ထားတာလည်း ဖတ်ဖြစ်ပါတယ်။ အခြေခံလေးတွေပြောထားရင်ပိုပြီးနားလည်မယ်ထင်ပါတယ်။ ဘုရားသခင်က မောရှေကို စတွေ့တဲ့အချိန်မှာ မီးလောင်နေတဲ့ ခြုံပုတ်ကနေ "Ehyeh asher ehyeh" (အင်္ဂလိပ်ဆိုရင် I am that I am) လို့ပြောတယ်။ ဘုရားသခင်ရဲ့ အင်္ဂလိပ်စာကို ဘာမှမဝေဖန်ပေမယ့် အတော်လေးနားလည်ရခက်ပါတယ်။

agnostic - ဘုရားရှိနိုင်တယ်လို့ လက်ခံပေမယ့် ရှိတယ်လို့ တိတိကျကျမယုံကြည်သူ။

atheist - ဘုရားရှိကြောင်း မယုံတဲ့သူ။

သူတို့ နှစ်ယောက်အကြောင်းရေးထားတာလေးလည်းဖတ်ကြည့်ပါဦး။

တစ်နေ့မှာ agnostic နဲ့ atheist တို့လမ်းလျှောက်ထွက်လာရင်း လမ်းက ခြုံပုတ်မှာ မီးတွေလောင်ပြီး "I am that I am" လို့ အသံတစ်ခုကပြောတယ်။ Agnostic က tape recorder လေးထုတ်ပြီး အသံဖမ်းတယ်။ Atheist ကတော့ ပခုံးတစ်ချက်တွန့်ပြီး သကြားလုံး ၀ယ်ဖို့ ဆက်ထွက်သွားတယ်။

ဒီဟာသလေးက တိုတိုလေးပါပဲ။ ဒါပေမယ့် အတော်လေး လေးနက်ပါတယ်။ လူတွေဟာ ယုံကြည်ထားတာကိုပဲ လက်ခံပြီး။ လက်ခံထားတာကိုပဲ အသေယူလိုက်ပါတယ်။ ကျန်တဲ့ အမှန်တရားတွေအတွက် လမ်းမဖွင့်ထားတော့ပါဘူး။ ရောမမြို့ကို တစ်ရက်တည်းဆောက်ခဲ့တာမဟုတ်ဘူးဆိုတာကိုပဲ ပြောကြပါတယ်။ ဘယ်မြို့ကို တစ်ရက်တည်း ဆောက်ခဲ့သလဲ ဆိုတာအထိ ဆက်မတွေးတော့ပါဘူး။ လမ်းပိတ်လိုက်ပါတယ်။ full stop ချလိုက်ပါတယ်။ ပန်းသီးကြွေတာကို မြင်ဖူးတဲ့သူတွေများပြီး နယူတန်တစ်ယောက်ပဲ မြေဆွဲအားကို မြင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေမမြင်တာက ပန်းသီးကြွေတာနဲ့ပတ်သက်ပြီး သူတို့ဟာ အားလုံးသိပြီးသားလို့ယူဆတဲ့အတွက်ဖြစ်ပါတယ်။ အားလုံးသိတယ်လို့ထင်တဲ့သူတွေဟာ အနည်းဆုံး why ကို အသုံးပြုကြတယ် သူတို့အများဆုံးသုံးတာက because ဖြစ်တယ်။ multiculturalism အရ ကိုယ်မသိတာဟာ အမှားပဲလို့ယူဆတဲ့သူဟာ သဘောထားသေးသိမ်တဲ့သူပဲဖြစ်ပါတယ်။ မသိတာကို အမှန်အမှား ၀င်ပြောနေတာဟာ စိတ်ရောဂါ အနုစားတစ်မျိုးထက်မပိုပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘယ်မှာမဆို ပြည့်စုံတဲ့အယူအဆဆိုတာမရှိပါဘူး။ အဆင်အပြေဆုံးနည်းလမ်းကို အသင့်တော်ဆုံး သုံးသွားတဲ့သူတွေဟာ အောင်မြင်လာကြတာပါပဲ။ ပညာတတ်ဦးရေဟာ တိုင်းပြည်ရဲ့ဘယ်နှရာခိုင်နှုန်းရှိသလဲဆိုတာမသိဘဲ ဘယ်လို အကောင်းဆုံး အုပ်ချုပ်ရေးပုံစံတစ်ခုကိုမှ အကောင်အထည်ဖော်လို့မရနိုင်ပါဘူး။ ၀ ထ က လ သ တတ်တာဟာ စာတတ်တာလို့ယူဆလို့မရသလို၊ ဘွဲ့ရတာဟာလည်း ပညာတတ်တာလို့ ယူဆလို့မရပါဘူး။ Educated ဖြစ်ဖို့ Graduated ဖြစ်စရာမလိုပါဘူး။ ဥပမာ ဆော့ခရေတ္တိလိုလူကို ဘွဲ့မရပါဘူး။ အလကားကောင် ဆိုက်ကားနင်းရမယ် သွားပြောလို့မရပါဘူး။ Graduated ဖြစ်ဖို့က သင်ရိုးရှိပါတယ်။ သင်ရိုးမှာပါတာကို နားလည်ရင် ဘွဲ့တစ်ခုရပါတယ်။ ဘွဲ့တစ်ခုကို ပျင်းရိပျင်းတွဲရခဲ့တဲ့သူတွေဟာ ဘွဲ့ရပြီးတာနဲ့ သင်ယူမှု အဆုံးသတ်ပါတယ်။ ဘ၀မှာ ဒီလောက်ပဲ။ ပညာရေးကိစ္စသည် ဤတွင်ပြီး၏ လို့ယူဆပါတယ်။ အဲဒီလူတွေကို ဘွဲ့ရ ပညာတတ်ဆိုတဲ့ စကားလုံးအစား ဘွဲ့ရ .. အဆင့်မြင့် ၀ထကလသ လို့ သတ်မှတ်ရပါမယ်။ ၀ ထ က လ သ တွေများနေသရွေ့ ...ပညာတတ်တွေနည်းနေဦးမှာပါပဲ။ ငကန်းတွေ ရပ်ရွာမှာ တစ်ဖက်လပ်ဟာ ဘုရင် ဆိုတဲ့စကားပုံရှိပါတယ်။ အားလုံးမြင်တဲ့ လူတွေရဲ့လောကမှာတော့ တစ်ဖက်လပ်ဟာ တစ်ဖက်လပ်ပဲဖြစ်ပါမယ်။ ဘုရင်တော့မဖြစ်တော့ပါဘူး။ တစ်ဖက်လပ်ဘုရင် မရှိဖို့ထက် အားလုံး မြင်ဖို့က ပိုအရေးကြီးပါတယ်။ ဒီဟာသလေးနဲ့ဆက်စပ်ပြီးပြောရင်တော့ အသံဖမ်းစက်တွေထုတ်ဖို့လည်းမလိုပါဘူး။ မသိချင်ယောင်ဆောင်သွားဖို့လည်းမလိုပါဘူး။ တွေ့တာကိုမှန်မမှန် စီစစ်ဖို့ပဲလိုပါတယ်။ ကိုယ့်တာဝန် ကိုယ်ယူတဲ့သူတွေများလာတဲ့အခါ ... ထိုက်တန်တဲ့ယဉ်ကျေးမှုထွန်းကားလာမှာပါ။ ကိုယ်က freedom ကို ဘယ်လောက်တန်ဖိုးထားသလဲ။ နေ့စဉ်ဘ၀ထဲမှာရော freedom ကို ဘယ်လို ရအောင် ကြိုးစားနေသလဲ။ မိသားစုမှာရော ကိုယ်က ငွေရှာသူဆိုရင် ပြောရေးဆိုခွင့်ရှိသူလို့ ကိုယ့်ကိုယ်ကို ယူဆလား။ အခြေခံလေးကအစပြန်သုံးသပ်သင့်ပါတယ်။ ကိုယ်နဲ့ ထိုက်တန်ရင် တစ်နေ့ရမှာပါပဲ။ မထိုက်တန်ဘဲရတာမျိုးက ကိုယ့်လက်ထဲမှာ ကြာရှည်မရှိတတ်ပါဘူး။ မျောက်တစ်ကောင်အတွက်တော့ Mac Book Pro ရတာဟာ အုန်းသီးတစ်လုံးရတာထက်မပိုပါဘူး။


နောက်ထပ်ဟာသလေးတစ်ပုဒ်ပါ။ ဂျူးအဘွားအိုကြီးဟာ ကမ်းခြေနားက တဲမှာ သူ့မြေးနဲ့အတူနေပါတယ်။ တစ်နေ့ သူ့မြေးလေး အပြင်ထွက် ဆော့နေုတုန်း လှိုင်းတွေကြီးလာပြီး မြေးကလေး ရေထဲပါသွားပါတယ်။ အဘွားအိုဟာ ၀မ်းနည်းပက်လက်နဲ့ ဘုရားကိုတိုင်တည်ပါတယ်။ မကြာပါဘူး။ ၀ုန်းခနဲ လှိုင်းတစ်လုံးရိုက်ပြီး သူ့မြေးလေး ကမ်းစပ်ကို ပြန်ပါလာပါတယ်။ အဘွားအိုဟာ မြေးကလေးကို စေ့စေ့စပ်စပ်ကြည့်ပြီး တစ်ခွန်းပြောလိုက်တယ်။

"ဦးထုပ်ရော ဘယ်မှာလဲ ဘုရားသခင်" တဲ့။

တစ်ခါတစ်လေ ကျွန်တော်တို့တွေဟာ ရတာထက် ပိုလိုချင်ကြတယ်။ ပထမဆုံး လိုအပ်တာက မြေးကလေးပဲ။ ဘယ် အုပ်ချုပ်ရေးစနစ်နဲ့ပဲသွားသွား အခြေခံလိုအပ်မှုတွေ အရင်ပြည့်ဝဖို့ကို အာရုံစိုက်သင့်တယ်။ ကလေးတိုင်း လွတ်လပ်စွာ အခမဲ့ပညာသင်ကြားခွင့်၊ ဈေးသက်သာတဲ့ ကုသရေး ၀န်ဆောင်မှု၊ အဆင်ပြေတဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ လျှပ်စစ်မီး ပုံမှန်ရရှိရေး။ လူတိုင်း တန်းတူ အခွင့်အရေးရရှိရေး ... ဒါတွေက အခြေခံပဲ။ ကောင်းမွန်တဲ့အစိုးရဟာ ကောင်းမွန်တာကို လုပ်မယ်။ မကောင်းတာကို လက်မခံကြမယ့် တိုင်းသူပြည်သားတွေပဲလိုပါတယ်။ မကောင်းတာကို လက်မခံတဲ့နေရာမှာ သွေးစည်းညီညွတ်ဖို့လိုပါတယ်။ မကောင်းတာလုပ်မှ အဆင်ပြေမယ့်ဘ၀မှာ မနေနိုင်တဲ့သူတွေလိုပါတယ်။ ခိုးမှ စားရမယ်ဆိုတဲ့နေရာမျိုးမှာ မနေလိုတဲ့ စာရိတ္တခိုင်မာတဲ့သူတွေအများကြီးလိုပါတယ်။ မိသားစုအတွက်မလို့ ခိုးရပါတယ်ဆိုတဲ့ လူညံ့တွေမရှိဖို့လိုတယ်။ လူတိုင်းခိုးလို့ ခိုးရပါတယ်ဆိုတဲ့ အတုမြင် အတတ်သင်တွေ မရှိဖို့လိုပါတယ်။ ရိုးသားမှန်ကန်တဲ့သူကို ငြင်းဆန်ကန့်ကွက်တဲ့သူတွေရဲ့ ဘ၀မှာ တစ်သက်လုံး ရိုးသားမှန်ကန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ရိုးသားတဲ့သူဟာ ရိုးသားတဲ့သူကို အားပေးတယ်။ မှန်ကန်တဲ့သူဟာ မှန်ကန်တဲ့သူကို အားပေးတယ်။ လွတ်လပ်စွာရိုးသားခွင့်ကို အားပေးတဲ့ နိုင်ငံမှာနေချင်ပါတယ်။ ရိုးသားတဲ့သူတွေ အန္တရာယ်ရှိတဲ့ တိုင်းပြည်မှာမနေချင်ပါဘူး။ ကျွန်တော်ကတော့ ဦးထုပ်ကို မရသေးရင်တောင် မြေးကလေး ပြန်ရဖို့ကို ပိုပြီးအားပေးပါတယ်။ မုန်းတီးမှုနဲ့တွေးခေါ်တာတွေကို အားမပေးပါဘူး။ အချစ်၊ အမုန်းတွေ စွက်ဖက်တဲ့အခါ မျှတတဲ့အတွေးကိုမရတော့ပါဘူး။ ဘာသာမဲ့နဲ့ ဘုရားဝါဒီတွေငြင်းခုန်သလိုပဲဖြစ်နေမှာစိုးပါတယ်။ ဘာသာမဲ့နဲ့ ဘုရားဝါဒီတွေ ငြင်းရင် ဘယ်တော့မှ မပြီးဆုံးပါဘူး။ Common Ground မရှိလို့ပါ။ ငြင်းနေမှာလား၊ ညှိနှိုင်းမှာလား။ ညှိနှိုင်းလို့မရတဲ့အခါဘာလုပ်မှာလဲ။ အကြမ်းဖက်မှာလား။ လူဘယ်နှယောက်သေတဲ့အထိ ဆန့်ကျင်မလဲ။ ဘယ်နှယောက်သေသေ ဆန့်ကျင်မှာလား။ ကိုယ့်အယူအဆတစ်ခုအတွက် လူဘယ်နှယောက်သေဖို့ ရည်မှန်းထားသလဲ။ နစ်ရှေးရဲ့ စကားကို ပြန်သတိရပါတယ်။ အန္တရယ်ကောင်ကြီးကို ဆန့်ကျင်တိုက်ခိုက်တဲ့အခါ ကိုယ်ကိုယ်တိုင် အန္တရာယ်ကောင်ကြီး မဖြစ်သွားဖို့သတိထားပါ တဲ့။ လူတွေ သိန်းသန်းချီသေပြီးမှ တစ်ခုခုရမယ်ဆိုရင် အဲဒီတစ်ခုခုအတွက် အသေခံပေးရမယ့်လူတွေကိုလည်း အဲဒီတစ်ခုခုရဲ့တန်ဖိုးကို တကယ်သိစေချင်ပါတယ်။ အမုန်းရဲ့ ဘေးထွက်ပစ္စည်းတစ်ခုအနေနဲ့ သတ်နေ သေနေကြတာဟာ အဓိပ္ပာယ်မရှိပါဘူး။ ကိုယ်ကိုယ်တိုင် အန္တရာယ်ကောင်ဖြစ်သွားတဲ့အခါ ကိုယ်လိုချင်တဲ့ တစ်ခုခုရရင်လည်း အဲဒီရတဲ့တစ်ခုခုဟာ အရင်က လိုချင်ခဲ့တဲ့ တစ်ခုခုမဟုတ်တော့ပါဘူး။

မြန်မာပြည်မှာ ရဲဘော်သုံးကျိပ်ကို အကုန်လုံးသိကြမှာပါ။ ရဲဘော်သုံးကျိပ်ဟာ သေရဲတဲ့သူတွေချည်းပါပဲ။ ညီညွတ်တယ်။ သွေးစည်းတယ်။ လွတ်လပ်ရေးမရခင်အထိ ညီအကိုလို သွေးစည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးမှ တစ်ချို့လည်းတော်တော်ဖောက်ပြန်သွားပါတယ်။ မရခင်မှာတုန်းက ညီညွတ်နိုင်ပေမယ့် ရပြီးသွားတဲ့အခါ မညီညွတ်နိုင်တာတွေဖြစ်ပါတယ်။ လက်မောင်းသွေးတွေသောက်တာဟာလည်း လွန်လေပြီးသော အတိတ်ကာလက ဆော့တာလိုလိုဘာလိုလို လုပ်ပစ်လိုက်တဲ့လူတွေလည်းတွေ့ဖူးမှာပါ။ သမိုင်းတွင်သွားတဲ့ လူဆိုးတွေဟာ မျိုးနဲ့ရိုးနဲ့နာမည်ပျက်ပါတယ်။ သမိုင်းစာမျက်နှာတွေဟာ ကလေးတွေရေးထားတဲ့ ၀လုံးစာအုပ်လေးမဟုတ်တဲ့အတွက် ကျောက်စာမှာရေးလိုက်တဲ့စာလုံးလို တစ်ချိန်မှာ ဘယ်သူက ဘယ်လိုဆိုတာဟာ ငြင်းလို့မရတော့ပါဘူး။ သမိုင်းစာမျက်နှာမှာတင် ငြင်းလို့မရတာမျိုးမဟုတ်ပါဘူး။ ကိုယ့်အကုသိုလ်ကိုလည်း ကိုယ်ငြင်းလို့မရပါဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတာကလည်း စနောက်ပြီးရေးထားတဲ့စကားတွေမဟုတ်ပါဘူး။ လူတွေကောင်းဖို့ တကယ်လုပ်တဲ့ အဖွဲ့အစည်းဟာ တစ်ချိန်မှာ လူတွေက စေတနာကို နားလည်လာမှာပါ။ တကယ်မလုပ်ဘဲ နာမည်ကောင်းယုချင်တဲ့အဖွဲ့အစည်းကိုလည်းလူတွေက ကြာလာရင်သိသွားမှာပါ။ ဆယ်တန်းဖြေပြီးစမှာ မြို့ထဲက TOP မှာ အင်္ဂလိပ်စာ သင်တန်းတက်ပါတယ်။ အဲဒီတုန်းက ကျက်ခဲ့တဲ့ Lincon နဲ့ Quotes လေးတစ်ခုကို အခုအထိမှတ်မိပါသေးတယ်။ အလွတ်ကျက်တဲ့ စနစ်ကို ကျွန်တော် ဒီတစ်ခါမှာတော့ တော်တော်လေးသဘောကျမိပါတယ်။

You can fool some of the people all the time, and all of the people some of the time, but you cannot fool all of the people all the time.

အားလုံးကို အရူးလုပ်နိုင်မယ်ထင်နေတာကတော့ ကိုယ့်ကိုယ်ကို သိပ်ယုံကြည်လွန်းတဲ့ အရူးတွေရဲ့ ဘ၀င်မြင့်မှုသက်သက်ဆိုတာထက်မပိုပါဘူး။


ခင်မင်စွာဖြင့်

Zephyr


Notes:

နိုင်ငံရေးကင်းရှင်းသော အမြင်ဖြင့် သုံးသပ်ထားသော ဆောင်းပါးသာဖြစ်ကြောင်း။

မတော်တဆတိုက်ဆိုင်သူတစ်ဦးတစ်ယောက်အကြောင်းဟု သင်ယူဆလျှင်လည်း ထိုသူမျိုးမနည်းလှကြောင်း ၀န်ခံမည်မဟုတ်ပါကြောင်း။

နိုင်ငံရေးတွင်လည်းကောင်း ၀မ်းသွားတတ်ခြင်းတွင်လည်းကောင်း မျိုးရိုးမလိုက်ကြောင်း။

လူထုအော်သံလောက်သာ ထိုင်ဖတ်နေသော သာမန် အရပ်သား၊အသည်သား အခွန်ထမ်းပြည်သူတစ်ယောက်၏ အမြင်သာဖြစ်ကြောင်း (ခွေးလေခွေးလွင့်များ အချိန်မီဖယ်ရှာပေးပါရန်၊အမှိုက်ပုံ ရှိ အမိန့်အရ ဆိုင်းဘုတ်ကိုပင် မမြင်ရလောက်အောင် အမှိုက်များပြည့်နှက်နေကြောင်း၊ မီးပျက်၍ စောစောအိပ်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း....)

Similar Posts:




Peace B with U.

Monday, March 22, 2010

ဟာသနှင့် ဆန့်ထွက် တွေးခြင်း (၃)

ရေတစ်ဝက်ထည့်ထားတဲ့ဖန်ခွက် နှင့် rationalist
..
ကျွန်တော်ဖန်ခွက်လေးအကြောင်းပြန်ပြောချင်ပါတယ်။
ရေထည့်ထားတဲ့ခွက်ကလေးပါ။ တစ်ချို့တွေကလည်း နွားနို့ထည့်ထားတယ်လို့ပြောပါတယ်။

ခွက်က တစ်ဝက်ပြည့်နေတယ် ...။
အဲဒါက အကောင်းမြင်ပြောတာပါ။
ခွက်က တစ်ဝက် လွတ်နေတယ် ...။
အဲဒါက အဆိုးမြင်ပြောတာပါ။

အဲဒီအထိတော့ အရင်ကလည်းကြားဖူးပါတယ်။ ဒီနေ့တော့ rationalist တစ်ယောက်ရဲ့ အမြင်ကိုပါ ဖတ်လိုက်ရပါတယ်။

"ခွက်က ကြီးသင့်တာထက် နှစ်ဆကြီးနေတယ်။" တဲ့ ...။

Rationalist ရဲ့ အဖြေကို ပိုသဘောကျတယ်။ ရယ်လည်းရယ်မိတယ်။
တစ်ဝက်လွတ်တာတွေ ပြည့်တာတွေကို သူမမြင်ဘဲ ခွက်က ကြီးနေတာကိုပဲပြောသွားတယ်။ ဒီလောက်ရေအတွက် ဒီလောက်ခွက်ပဲ လိုတယ်ဆိုတဲ့ အမြင်မျိုးပါ ....။ Rationalist တွေက reason ကို knowledge အနေနဲ့ ယူဆပါတယ်။ အဲဒါကြောင့် သူ့ရှုထောင့်က တစ်မျိုးဖြစ်သွားတာပါ။

ဘုရားသခင်နှင့်ကျောက်တုံး

နောက်တစ်ခုက ဘုရားသခင် အကြောင်းပါ။
ဘာသာပြန်ထားတဲ့ ၀တ္ထုတစ်ပုဒ်မှာ ဖတ်လိုက်ရတာပါ။ ဘုရားသခင်က အားလုံးကို တတ်နိုင်မယ်ဆိုရင် သူ မမ နိုင်တဲ့  ကျောက်တုံးကို ဖန်ဆင်းနိုင်မှာပဲ။ သူမမနိုင်တဲ့ကျောက်တုံးကို ဖန်ဆင်းပြီးပြီဆိုပါတော့ ... သူ မနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဘုရားသခင်ဟာ အားလုံးကို မတတ်နိုင်ဘူး။
အဲဒါက logic သမားတွေပြောလေ့ရှိတဲ့ ဥပမာတစ်ခုပါပဲ။ ပြုံးစရာကောင်းပါတယ်။

ဘုရားသခင်၏ အခန်းကဏ္ဍ

နောက်ထပ်ဟာသတစ်ခုလည်းရယ်စရာကောင်းပါတယ်။ အခြေခံအချက်လေးတွေပြောထားမှ ပိုရယ်ရမှာပါ။
ခရစ်ဝင်ကျမ်းတွေမှာ Jesus ဆေးကြောခြင်းခံတဲ့အချိန်မှာ ကောင်းကင်ကနေ ထာဝရဘုရားက ထောက်ခံစကားပြောကြားပါတယ်။ အခုဟာသက အဲဒါလေးကို ပြင်ထားတာပါ။

ရာဘိုင် လေးယောက် ဘာသာရေးနဲ့ပတ်သက်ပြီးငြင်းခုန်နေကြတယ်။
တစ်ယောက်ကတစ်ဖက် ကျန်တဲ့သုံးယောက်က တစ်ဖက် ငြင်းပါတယ်။
တစ်ယောက်တည်းသမား ရာဘိုင်က ဘုရားကိုတိုင်တည်ပါတယ်။
"ဘုရားသခင် တပည့်တော်မှန်ကန်ကြောင်းသက်သေပြပေးပါ"
မြေငလျင် တစ်ချက် လှုပ်သွားပါတယ်။
ကျန်တဲ့ သုံးယောက်က "ငလျင်လှုပ်သွားတာပါကွာ ... မှားတာက မှားတာပဲ" တဲ့။
တစ်ယောက်တည်းသမားက ထပ်ပြီး တိုင်တည်တယ်။
"ဘုရားသခင် သိသိသာသာလေး သက်သေပြပါ"
မုန်တိုင်းကျမလိုတွေဖြစ်လာတယ်။ လေပြင်းတွေတဟူးဟူး တိုက်ခတ်လာတယ်။
"ကျန်တဲ့သူတွေက မုန်တိုင်းပါကွာ ... မှားနေတာက မှားနေတာပဲ ..." လို့ငြင်းတယ်။
တစ်ယောက်တည်းသမားက ထပ်ပြီး တိုင်တယ်တယ်။
"ဘုရားသခင် တပည့်တော်မှန်ကန်ကြောင်း သက်သေပြပေးပါ"
ကောင်းကင်က အသံကြားရတယ် ..."HEEEEEEEEEEEE'S RIGHT"
ဘုရားကိုယ်တိုင်က သူမှန်ကြောင်းထောက်ခံတယ်ဆိုတော့ တစ်ယောက်တည်းသမားက ပြုံးသွားတယ်။ ကဲတွေ့ပြီမဟုတ်လားဆိုတဲ့ စတိုင်နဲ့ပေါ့။
ကျန်တဲ့သုံးယောက်ကပြောတယ်။
"ဘာပဲဖြစ်ဖြစ် အခုတော့ နှစ်မဲ သုံးမဲနဲ့ မင်းမှားနေသေးတာပါပဲ" တဲ့။

အဲဒီဟာသလေးကို သဘောကျတယ်။ ဘုရားက ၀င်ထောက်ခံရင်တောင် သုံးမဲနှစ်မဲပဲရှိသေးတယ်ဆိုတာ တော်တော်လေးကို ဟာသမြောက်တဲ့ ဒဿနပါပဲ။

....ဒီဟာသ သုံးခုကိုပြောပြရတာ သင်ခန်းစာသုံးခုအတွက်ပါ ...။
  • နှစ်ခုလောက်သိပြီး အကုန်သိတယ်မပြောဖို့ရယ်။
  • ဘုရားသခင်ရဲ့ မမနိုင်တဲ့ကျောက်တုံးကို သွားမကြည့်ဖို့ မကြိုးစားဖို့ရယ်။
  • အရာရာတိုင်း မဲခွဲဆုံးဖြတ်လို့မရဘူးဆိုတာရယ်ပါပဲ။

စိတ်ချမ်းသာအောင်နေချင်တဲ့သူတစ်ယောက်ဟာ ကိုယ်အားလုံးသိတယ်လို့ ယူဆပြီး မငြင်းရပါဘူး။ တစ်ချို့မပြုပြင်နိုင်တဲ့ (မပြုပြင်နိုင်သေးတဲ့) ကိစ္စတွေကို တနုံ့နုံ့ဖြစ်မနေရပါဘူး။ လုပ်သင့်တာကို လုပ်ရင်း ဖြစ်သင့်တာ ဖြစ်လာမယ်ဆိုတဲ့စိတ်နဲ့ပဲနေရပါမယ်။ တစ်ခုခုကို ကိုယ်တိုင်သိဖို့ကြိုးစားရင်း သိနားလည်သွားရင် အများရဲ့ ထောက်ခံချက်ရဖို့ မလိုအပ်ဘဲ ကြိုးစားမနေပါနဲ့။ ကောင်းတာဟာ လှည့်ပတ်ပြောတတ်တဲ့သူနဲ့တွေ့ရင် မကောင်းသလိုလိုဖြစ်သွားတတ်ပါတယ်။ အဲဒါကို လိုက်ပြီး ငြင်းခုန်နေရင် ဘယ်တော့မှ မပြီးပါဘူး။ စိတ်ချမ်းသာမှုကို ဘယ်လို အချိန်မှာဖြစ်ဖြစ် ... ဘယ်လို အနေအထားမှာဖြစ်ဖြစ် မစွန့်လွှတ်တဲ့သူဟာ စိတ်ချမ်းသာခြင်းနဲ့ထိုက်တန်တဲ့သူဖြစ်ပါတယ်။ နေရာတစ်နေရာကို မထိုက်တန်ဘဲယူထားတဲ့သူတွေဟာ တစ်သက်လုံး ကျီးလန့်စာစားဖြစ်ပါတယ်။ အလုပ်တစ်ခုခုကို လုပ်တိုင်း စိတ်ချမ်းသာမှုမပျက်စီးဖို့နဲ့ အချိန်တွေ အလဟဿကုန်မသွားဖို့ အရင်တွေးမိရင် ... ဒီဟာသ သုံးခုကို သင်တကယ်နားလည်သွားပြီလို့ယူဆလိုက်ပါ။


ခင်မင်စွာဖြင့်
Zephyr

Notes:

အခုတလောဖတ်ဖြစ်တာတွေနဲ့ ငယ်တုန်းက ဖတ်ထားတာတွေပေါင်းရေးလိုက်တာပါ။
ကျမ်းပြုနေတာမဟုတ်လို့ ဘယ်တုန်းက နှာ(စာမျက်နှာ) ဘယ်လောက်က ဘယ်အပိုဒ်ကို ရည်ညွှန်းတယ်လို့
မထည့်လိုက်တော့ပါဘူး။ ဟာသတွေမှာ အခြေခံ ဒဿနတွေကို သွေဖယ်ထားတာတွေကို လေ့လာဖြစ်ပါတယ်။ ဘယ်ဒဿနကို လှောင်ထားတာလဲဆိုတာနဲ့ အဲဒီ ဒဿနရဲ့ အားနည်းချက်တွေကိုပါဖတ်ရတဲ့အခါ ပျော်စရာကောင်းပါတယ်။

ဒီ post တွေရေးနေတဲ့အချိန်မှာ အကုသိုလ်ဖြစ်မနေဘဲ စိတ်ကလည်း ချမ်းသာနေတဲ့အတွက် ကုသိုလ်လို့ပဲ ယူဆပါတယ်။ စာရေးရင်းကုသိုလ်ရနေတာကို ကျေနပ်ပါတယ်။ မနက်မိုးလင်းလာတာနဲ့ လူတွေဟာ ပထမဆုံး စိတ်ဆင်းရဲစရာတွေခေါင်းထဲရောက်လာတတ်ပါတယ်။ အဲဒါကလည်း သဘာဝပါပဲ။ အဲဒီလို စိတ်ဆင်းရဲစရာကြီးကိုဝမ်းသာအားရ လက်ခံလိုက်ရင် အဲဒီ စိတ်ဆင်းရဲစရာကြီးက ကိုယ့်ကို သိပ်ချစ်ပြီး တွယ်ကပ်နေတာနဲ့ တစ်နေ့လုံးစိတ်ဆင်းရဲနေရတော့မှာပါပဲ။ အဲဒီတော့ စိတ်ချမ်းသာစရာတွေများများလုပ်ဖို့လိုပါတယ်။ ရယ်စရာပဲဖြစ်ဖြစ် ပျော်စရာပဲ ဖြစ်ဖြစ် တစ်ခုခု တွေးလိုက်၊ ဖတ်လိုက်ရင် လောလောဆယ် စိတ်က ပိတ်မိနေတဲ့ အတွေးတွေထဲက လွတ်သွားပါတယ်။ စိတ်ဖိစီးနေတာကနေ ခဏလွတ်သွားရင် စိတ်က ပြန်အေးသွားပြီး အားပိုရှိလာပါတယ်။

အားလုံးမှာ စိတ်ညစ်စရာအလုံအလောက်ရှိနေကြတဲ့ Age of Anxiety , Age of Depression, Age of Material Wealth, Age of Nonsense ကြီးထဲမှာ ခဏလောက်ဖြစ်ဖြစ် စိတ်ချမ်းသာကြစေချင်ပါတယ်။ ဒီစိတ်ကို ဂရုမစိုက်ရင် ပိုပြီး သောကများတဲ့သူတွေဖြစ်လာပါလိမ့်မယ်။ ပျော်စရာကောင်းတာတွေကိုပဲ အပြင်မှာရှာနေကြမယ်ဆိုရင် အပြင်မှာ ပျော်စရာမရှိတဲ့နေ့ဟာ စိတ်ညစ်စရာကောင်းတဲ့နေ့ဖြစ်နေမှာပါ။ အလိုလိုနေရင်း ပျော်နေတဲ့သူတွေရှိပါတယ်။ သူတို့တွေဟာ အပြင်မှာပျော်စရာမရှိပေမယ့် ပျော်နေကြတာပါပဲ။ စိတ်ချမ်းသာနေကြတာပါပဲ။ တစ်နေ့တစ်နေ့ စိတ်ချမ်းသာအောင် ဘယ်လိုနေသွားမလဲဆိုတာက အခုခေတ်ရဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ .... တစ်ကယ်စိတ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တဲ့သူတွေဖြစ်လာကြမယ်ဆိုရင် ... ပိုပြီး နေပျော်တဲ့ လူ့အသိုင်းအ၀န်းဖြစ်လာမှာပါ။

ဒီနေ့လည်း စိတ်ချမ်းသာအောင်နေပါ။
နောက်နေ့လည်းစိတ်ချမ်းသာအောင်နေပါ။
ကိုယ့်စိတ်ကိုကိုယ် ဒုက္ခမပေးပါနဲ့။

အခုတွေ့ကြုံနေကြသူတွေဟာ မကြာခင် ခွဲခွာသွားရမယ့်သူတွေလည်း ဖြစ်နိုင်သေးလို့ ... အတူတူရှိနေသေးတဲ့ အချိန်တွေကို တန်ဖိုးထားပါ။ ရရှိနေတာတွေကို တန်ဖိုးထားတဲ့သူတွေဟာ စိတ်ချမ်းသာခြင်းနဲ့ထိုက်တန်တဲ့သူတွေဖြစ်ပါတယ်။ ရဖို့ချည်းပဲမကြိုးစားနေပဲ ရဖို့ ထိုက်တန်တဲ့ အရည်အချင်းနဲ့ပြည့်စုံအောင် ဖြည့်ဆည်းတာဟာ ပိုပြီး သင့်တော်မှန်ကန်တဲ့ အားထုတ်မှုဖြစ်ပါလိမ့်မယ်။

........... May U B Happy, Joyous and Peaceful ...




Similar Posts:



Peace B with U.

Monday, March 15, 2010

ဟာသ နှင့် ဆန့်ထွက်တွေးခြင်း (၂)

အခုတလော အတော်လေးအားနေတာနဲ့ Englishစာ လေ့လာနေပါတယ်။ ESL podcast တွေဖြစ်ပါတယ်။ ရုံးက Divinity ဆိုတဲ့သူ ပေးတဲ့ အကြံအတိုင်း အလကားရတဲ့ သင်ခန်းစာတွေကို itunes ကနေ download လုပ်ပြီးနားထောင်နေပါတယ်။ အင်္ဂလိပ်စာက အခြေခံရော၊ အဆင်မြင့်ရော အလယ်အလတ်ပါ သုံးမျိုးစလုံးအားနည်းပါတယ်။ ဘ၀တူတွေရှိရင်လည်း ကြီးမှ လက်ပေးသင်တယ်ပဲပြောပြော ... ဦးကျည်ပွေ့ ဘွန်ဇိုင်းစိုက်တယ်ပြောပြော ...လေ့လာကြဖို့ တိုက်တွန်းပါတယ်။ Websites ရဲ့ http://www.eslpod.com/eslpod_blog/listen-with-itunes/ ကနေ itunes မှာဘယ်လို သုံးလို့ရတယ်ဆိုတာလေးဖတ်ပြီး လုပ်ကြည့်လို့ရပါတယ်။

တစ်နေ့တစ်နေ့ ပျင်းပျင်းရှိတာနဲ့ စာထိုင်ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းပိုပျင်းလာတာကို မခံစားနိုင်လို့ ပျော်စရာကောင်းတာလေးတွေပဲရှာဖတ်ပါတယ်။ EI (Ecological Intelligence) ရှေ့ဆုံး chapter တစ်ခန်းဖတ်တုန်းကတော့ အိပ်ပျော်မလိုဖြစ်သွားပါတယ်။ စာရေးသူက သူ့မြေးလေးအတွက ဒေါ်လာ ၉၉ ပြားတန် ကားလေးဝယ်လာပြီး လေ့လာကြည့်တော့ ခဲတွေပါနေလို့ ကလေးတွေ ပါးစပ်ထဲထည့်မိရင် မသင့်တော်ဘူးဆိုတာက အစ .. ကျွန်တော်တို့ ၀ယ်ယူရောင်းချနေတဲ့ပစ္စည်းတွေက ပစ္စည်းစိမ်းကြီးတွေ (Green products ကို ခပ်ကြမ်းကြမ်းဘာသာပြန်ပစ်လိုက်ခြင်းဖြစ်သည်။) ဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ပြောပြတာပါ။ ပတ်ဝန်းကျင်ကို ထိခိုက်တာတွေ မလုပ်ဖို့ အားလုံးက သိနားလည်ရင် ပိုပျော်စရာကမ္ဘာကြီးဖြစ်လာမယ်လို့ပြောတာပါ။ တော်တော်ကြီးကို ကလေးချစ်တဲ့ အဘိုးတစ်ယောက်ဖြစ်မယ်ထင်ပါတယ်။ ...လူကြီးတွေအနေနဲ့ ဒီလိုစာမျိုးရေးပေးတာကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်တော်တို့တွေဟာ ရသမျှဟာတွေက အလကားရနေလို့ တာဝန်ယူချင်စိတ်နည်းသွားတယ်ထင်ပါတယ်။ တစ်ခါတစ်လေ ဒီကမ္ဘာကြီးဟာ နောက်ထပ် ကလေးတွေအများကြီး ဆက်လက်နေထိုင်သွားရမယ့် အိမ်အိုကြီးဆိုတာကိုမေ့မေ့နေပါတယ်။ တဖြည်းဖြည်း ပိုပိုပြီး ပျက်စီးလာတဲ့ အိမ်ကြီးကို ထပ်ပြီး မသိမသာ ဖျက်ဆီးမိတာမျိုးမဖြစ်အောင် အားလုံးမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိဥာဏ်ပိုမြင့်လာဖို့လိုပါမယ်။ မဟုတ်ရင် ခပ်တုံးတုံးကဗျာဆရာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သေးဖွဲတဲ့ကိစ္စလိုထည့်ရေးတာမျိုးတွေ အော့အန်ဖွယ်ရာတွေ့နေရပါဦးမယ်။

ငယ်တုန်းကဖတ်ဖူးတဲ့ဟာသလေးတစ်ခုရှိပါတယ်။
ပြန်ပြီးပြောပြချင်ပါတယ်။

လူနာ ။ ။ ဆရာ ... ကျွန်မ ကော်ဖီသောက်တိုင်း မျက်လုံးအောင့်တယ်။
ဆရာဝန်။ ။ ဇွန်းကို ဖယ်ပြီးသောက်ပါ။

.... ဟာသက တိုတိုလေးပဲ ...။ ဒါပေမယ့် အရှည်ကြီးတွေးမိတယ်။ ဇွန်းမဖယ်ဘဲသောက်ခဲ့တဲ့ကော်ဖီခွက်တွေနဲ့ တူတဲ့ တခြားအရာတွေ။ ... အဲဒီတုန်းက ဒီဟာသကို တစ်သက်လုံးမှတ်မိနေမယ်လို့မသိခဲ့သေးဘူး။ ဒါပေမယ့် ဒီဟာသရဲ့လွှမ်းမှိုးမှုက တော်တော်လေးရှိခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်လည်း ဒီဟာသကို အရမ်းကြိုက်ပါတယ်။ သူ စိတ်ညစ်စရာမဟုတ်တာကိုစိတ်ညစ်နေတဲ့အခါတိုင်းမှာ "ဇွန်းဖယ်လိုက်ပါ" လို့ပြောပြီး သတိပေးလေ့ရှိပါတယ်။ .... ဒီဟာသလေးဟာ တကယ်ပဲ အသုံးဝင်ခဲ့ပါတယ်။ ... ဒီနေ့လည်း ဟာသလေးတစ်ပုဒ်ဖတ်လိုက်ရပါတယ်။

ကုန်စုံဆိုင်ဖွင့်ဖူးတဲ့ ဆရာဝန်ကြီးတစ်ယောက်ဟာ အံ့မခန်းကုသမှုတွေကြောင့် နာမည်ကြီးနေတယ်။
အဘွားအိုတစ်ယောက် တောင်ဝှေးကို ကိုင်ပြီး တုန်ချိတုန်ချိနဲ့ ကုသခန်းထဲဝင်သွားတယ်။ မကြာဘူး မတ်မတ်ကြီး ပြန်လျှောက်ပြီးထွက်လာတယ်။ ကုသခံဖို့ထိုင်စောင့်နေတဲ့သူတွေက ၀ိုင်းမေးတယ်။
ဆရာကြီးက အဘွားကိုဘယ်လိုကုပေးလိုက်တာလဲ ။
"အော် တောင်ဝှေးပိုရှည်တာ လဲပေးလိုက်တယ်လေ"

အဲဒါလေးဖတ်ပြီး တော်တော်သဘောကျနေပါတယ်။ တစ်ခါတစ်ခါ ထင်ထားတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက ကိုယ့်ရဲ့ တောင်ဝှေးအပုလေးပဲ။ အဲဒီ တောင်ဝှေးအပုလေးကြောင့် ခါးကိုင်းနေတာမျိုးဖြစ်နေတတ်တယ်။ စိတ်ထဲမှာ ကိုင်ထားတဲ့ တန်ဖိုးထားမှုတွေဟာ အဘွားအိုကိုင်ထားခဲ့တဲ့ တောင်ဝှေးပုလေးတွေဖြစ်နေတတ်တယ်။ ကိုယ့်ဒုက္ခကိုယ်ရှာထားသလိုမျိုး တန်ဖိုးထားမှု အလွဲတွေကြောင့် ကိုယ်ပဲပင်ပန်းတယ်။

ဒီနေ့ရော သင်စိတ်ချမ်းသာရဲ့လား။ တောင်ဝှေး ပိုရှည်တာလဲကြည့်ပါလား။

ခင်မင်စွာဖြင့်
Zephyr

Wish for you ...
ဒီနေ့ပျော်အောင်နေနိုင်ပါစေ ....။





Peace B with U.

Saturday, January 30, 2010

ဟာသနှင့်ဆန့်ထွက်တွေးခြင်း (မူရင်းရေးသူကိုရှာမတွေ့သေးပါ)


အခုတလော အဆိုအမိန့်တွေ ကို ကျွန်တော် သိပ်သဘောကျတယ်ဗျာ .....။
သူ့တို့ရဲ့ အဆိုအမိန့်တွေက ကျွန်တော့်ကို homesick ဖြစ်စေတယ်။

သူတို့ပြောတာလေးတွေနည်းနည်း
စဉ်းစားကြည့်ရအောင်။ အဲဒီ စဉ်းစားကြည့်ရအောင်ဆိုတဲ့ စကားလုံးက တစ်ချို့လူတွေအတွက် ကျန်းမာရေးထိခိုက်နိုင်တယ်လို့ သိရပါတယ်။ အဲဒီလိုလူတွေက ဒီတစ်ပိုဒ်ကို ကျော်ဖတ်လိုက်ပါ။
ဘယ်လိုမဲပေးကြသလဲဆိုတာ အရေးမကြီးဘူး။ မဲတွေ ဘယ်လို ရေတွက်သလဲ ဆိုတာကပဲ အရေးကြီးတယ်။ (စတာလင်)
မှန်လိုက်တာ နော် ... စတာလင်လို ဉာဏ်ကြီးရှင်နေရာအတွက် ပါရမီလောင်းစစ်စစ်များကို သတိရမိပါတယ်။
လူရှိတယ်နော် ၊ ပြဿနာရှိတယ်။ လူမရှိဘူးနော် ၊ ပြဿနာမရှိတော့ဘူး (စတာလင်)
ဟိုက်ရှားဘား စတာလင် ...။ မင်းမသိတာက လူတွေကို တစ်နေရာမှာ စုထားလိုက်ပြီး ပိတ်ထားလိုက်လည်း ပြဿနာမရှိဘူး။ 
ကတိတည်ချင်ရင် ကတိမပေးနဲ့ (နပိုလီယံ)
ဟုတ်လိုက်လေ လို့တောင် ပစ်ပျက်ထောက်ခံမိသွားတယ်။ .... ကတိပေးထားတာတွေကို မေ့သွားရင် ပြောစရာဖြစ်မယ်။ ကျွန်တော်က ၂၅ ရာခိုင်နှုန်းပဲယူမယ်။ မီးလာစေရမယ်၊ အဲဒီလိုကတိမပေးတော့ဘူးလို့ စဉ်းစားမိတယ်။ တချိန်ကြရင် ဒါက ရယ်စရာဖြစ်မယ်။
ဘုရင်တွေနဲ့ ချိုပေါက်နေတဲ့ယောကျာ်းတွေဟာ သူတို့ကို ၀ိုင်းပြီး ရယ်သွမ်းသွေးတယ် ဆိုတာကို နောက်အကျဆုံးသိရတဲ့သူတွေ။ (နပိုလီယံ)
ဒါကတော့သိပ်မသိဘူး။ မင်းတရားကြီးနဲ့တွေ့မှ လျှောက်မေးရမယ့်စကားမျိုး။
"မုန်းချင်မုန်းပါစေ ကြောက်ရင်ပြီးရော"(ကာလီဂူလာ-ရောမဘုရင်)
နောက်ဘ၀များရှိခဲ့ရင် ဆန္ဒအတိုင်း ရုပ်ကလည်း ကြောက်စရာကောင်းလောက်အောင်ဆိုးပြီး လူမုန်းများတဲ့ကောင်ကြီး ဖြစ်ဦးမယ်ဆိုတာ တွေးမိပါတယ်။ အခုအချိန်များ ကာလီဂူလာသာ လူဝင်စားဖြစ်တယ်ဆိုပါတော့ ... တခြားလူမဖြစ်နိုင်ဘူးလို့ ကျွန်တော်တွေးမိပါတယ်။ ဘာလို့ ခင်များကလည်း အဲဒီလူပဲလို့ တစ်ထစ်ချယုံကြည်ရတာလဲ....။ ဒါပေမယ့် ခင်များထင်တာမှန်တယ်ဗျ ....။
ရုရှမှာ ဘာတွေလုပ်နေကြသလဲဆိုတဲ့မေးခွန်းကို ခိုးနေကြတယ်လို့ တစ်ခွန်းတည်းဖြေလိုက်မယ်။ (နီကိုလိုင် ကာရမ်ဇင် ၁၇၆၆-၁၈၂၆ စာရေးဆရာ၊ သမိုင်းပညာရှင်)
နီကိုလိုင်ရေ .. ခင်များမသိသေးတာက ရုရှမှာ အဲဒီလို လုပ်ငန်းကျွမ်းကျင်မှုရှိတယ်ကြားလို့ အခုပဲ ပညာတော်သင်တွေလွှတ်နေပါတယ်။ ... နောက်ကျရင် ကျွန်တော်လည်း ခင်ဗျားလို တစ်ခွန်းတည်းဖြေနိုင်မှာပါ ...။
ကမ္ဘာ့တံခါးကို သတင်းစာနဲ့ပိတ်လို့ရတယ်။(လက်စ်)
ဘုရားကိုစေတီကွယ်သလို .. အမှန်တရားကို ကွယ်တဲ့သတင်းစာတွေ .... 
စာရင်းဇယားတွေ မလိမ်ဘူး။ ဒါပေမယ့် စာရင်းဇယားတွေ အကူအညီနဲ့ လွယ်လွယ်လေးလိမ်လို့ရတယ်။ (ဇဗွန်နာရော့- သတင်းစာဆရာ)
ဟုတ်မယ်ထင်တယ် ဆရာရေ.... ကွက်လပ် ကွက်လပ် လက်ထက် အတွင်း တည်ဆောက်ခဲ့သာ မြစ်ကူးတံတား အရေအတွက်မှာ ..... ၊ စာသင်ကျောင်းထောက်ပံ့မှု အတွက် မြေဖြူအချောင်းရေ မည်မျှ၊ သံဃာတော်များ အေးအေးချမ်းချမ်းစာသင်ကြားနိုင်စေရန် စာသင်တိုက်များကို ဟိမ၀ိန္တာသို့ရွှေ့ရန် သာသနာရေးအဖွဲ့မှအကြံပေးချက်နှင့်အညီ ဆောက်လုပ်နေသော ငါးထပ်ကျောင်းဆောင်မည်မျှ၊

ကျွန်တော်ရဲ့ဆန္ဒက သေးသေးဖွဲဖွဲလေးပါ။ နိုင်ငံတော် ခေါင်းဆောင်ရဲ့ ရုပ်ပုံကို တံဆိပ်ခေါင်းထက် ပိုမကြီးစေချင်တာတစ်ခုပါပဲ။
(နာဘာကော့၊ ၁၈၉၉-၁၉၇၇ စာရေးဆရာ)

နာဘောကော့ရေ ... အဲဒါကို ကျွန်တော် ရုရှက လူထု အော်သံမှာထည့်လိုက်တော့ ... နောက်နေ့မှာပါတာက ခွေးလေခွေးလွင့်များ နှိမ်နင်းပြီးဖြစ်... တဲ့။ ကျွန်တော့်အတွက် ပြန်ကြားချက်ပေးတာလားဟင်။ အဲဒါလေးမေးပေးပါ။ 
အင်မတန်ကောင်းတဲ့လူနဲ့ အင်မတန်ချမ်းသာတဲ့လူ တစ်ချိန်တည်းမဖြစ်နိုင်ဘူး(ပလေတို)
ဟုတ်ပါ့ ပလေတိုရေ ...။ ဒင်းက အင်မတန်ချမ်းသာတာကလား။ 

ဥပဒေရေးဆွဲပြဌာန်းဖို့ လူတွေ ရာနဲ့ချီပြီးစဉ်းစားကြရတယ်။
အဲဒီဥပဒေတွေကို ဘယ်လိုရှောင်ရမလဲ ဆိုတာကြတော့ လူတွေ သန်းနဲ့ချီပြီး စဉ်းစားကြတာကလား။ (ရှရှားသမ္မတ ပူတင်)

ပူတင်-လိုက်ဖက်ညီတဲ့ အဆိုအမိန့်နဲ့လူ။ ဥပဒေအထက်မှာ ဘယ်လူမှမရှိဘူး။ ရှိနေတာတွေကလည်း လူမဟုတ်ဘူးလို့ သဘောပေါက်မိပါတယ်။ 
ဒီမိုကရေစီခေတ်မှာ လူညံ့လူဖျင်းတွေဟာ မဲပေးခွင့်ပဲရတော့တယ်။
အာဏာရှင်ခေတ်မှာတော့ အုပ်စိုးပိုင်ခွင့်အထိရနိုင်တယ်။ (ဘာထရန်ရပ်ဆဲလ်)

ဟဲဟဲ ...ဟုတ်မယ်ဗျနော်။
လူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရတယ်။ ထောင်ကျနေတဲ့လူနဲ့ ထောင်ကျသင့်တဲ့သူ။ (မာစယ် အရှား-၁၈၉၉-၁၉၇၄ ပြင်သစ် စာရေးဆရာ)
အော်အရှားရယ် .. ခင်များ ပြင်သစ်မှာမွေးတာဟုတ်ရဲ့လားဗျာ ....

ကျွှန်တော်က ဘာမှ မပြောတတ်လို့ လူများပြောတာတွေကို စဉ်းစားတာပါ။ နောက်ဆုံး အဆို အမိန့် သုံးခုပဲပြောချင်ပါတယ်။ ....
"မြစ်တွေနဲ့ အစိုးရတွေမှာ အပေါ့ဆုံးတွေ အပေါ်ကို တက်လာကြလေ့ရှိတယ်။" (ဘင်ဂျမင် ဖရန်ကလင်)
ဝေဖန်ရေးသမားဟာ မော်တော်ကားနဲ့တူတယ်။ ညံ့လေ အသံထွက်လေပဲ။ (တူဝင်- ပိုလန်ကဗျာဆရာ)
ကျွန်တော်လည်း အသံသိပ်ထွက်တဲ့ မော်တော်ကားမဖြစ်ချင်ဘူးဗျာ ... (Zephyr)

ခင်မင်စွာဖြင့်။
/zefa/ 



Peace B with U.