Saturday, October 12, 2013

ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး

ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး


ကောင်းကင်၏ လေစီးကြောင်း ရောင်စုံ၊ အပြောင်းအလဲ ရောင်စုံ၊ အခက်အခဲရောင်စုံများကြားတွင် ငှက်ကလေးသည် ကျွန်တော်နှင့် အတူပျံသန်းခဲ့ပါသည်။ တိတ်ဆိတ်သော အမှောင်ည၏ အေးစိမ့်မှု၊ ယသော၊အယသော ဂီတရှည်၏ အီ လာမှု၊ လဘော၊ အလဘော သံဝေဂရတု၏ ပျစ်ချွဲလာမှု၊ ပျော်ရွှင်ခြင်းများ၏ အစိုးမရမှု၊ မိတ်ဆွေများ၏ သစ္စာဖောက်မှု၊ အိပ်မက်များ၏ ခြောက်ခမ်းလွယ်မှု ....၊ ထိုရသမြောက်သော ၂၅ နှစ်တာကြာရှည်သော ခရီးများတစ်လျှောက် ငှက်ကလေးသည် ကျွန်တော်နှင့်အတူပျံသန်းခဲ့ပါသည်။

သူသည် အစားပုတ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ စံပယ်ပန်းကြိုက်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ သစ်ပင်စိုက်သော ငှက်ကလေးတစ်ကောင်လည်းဖြစ်သည်။ ကျွန်တော်သည် သူစိုက်ပျိုးသော သစ်ပင်တစ်ပင်ဖြစ်ပါသည်။

ငှက်ကလေးသည် ခွေးချစ်သူဖြစ်ပါသည်။ မြွေမုန်းသူလည်းဖြစ်သည်။ ဘဝတူငှက်ကလေးများအတွက် နေအိမ်တည်ဆောက်ပေးသူလည်းဖြစ်ပါသည်။ စိမ်းလန်းမှုများကို ခြောက်သွေ့မှုများဆီမှ ခြစ်ထုတ်ယူနိုင်သော ငှက်ထူးငှက်ဆန်းလေးလည်းဖြစ်သည်။

ငှက်ကလေးနှင့် ကျွန်တော် မနက်ခင်းပေါင်းများစွာ ကော်ဖီအတူသောက်ခဲ့ကြပါသည်။ သူစီမံပေးသော အစားအသောက်များကို ကြေးများရသည်မှာလည်း အမှတ်တရဖြစ်ရသည်။ ငှက်ကလေးသည် တစ်ခါတစ်ခါ အင်္ဂလိပ်သီချင်းများ၏ သံပြိုင်အပိုဒ်ကို ဆိုနေတတ်သည်။ ငှက်ကလေးသည် လောက၏အကြောင်းကို နားလည်သူမဟုတ်ပါ။ မိသားစုကို ချစ်ခြင်းတရားဖြင့် ထိန်းမတ်ပေးသူသာဖြစ်သည်။

ငှက်ကလေးသည် အစားအသောက်ကြေးများသူမဟုတ်ပါ။ ကောင်းကင်၏ ဘာသာစကားကို နားလည်သူမဟုတ်ပါ။ မပွင့်သေးသော ပန်းပွင့်များကို ရေတွက်နေသူသာဖြစ်သည်။ နူးညံ့သော လက်ဖဝါးများဖြင့်ပင် ဆင်းရဲတွင်း အတန်အသင့်နက်ခဲ့သူဖြစ်သည်။ ၁၀ နှစ်ကြာစစ်ပွဲ၏ ခေါင်းဆောင်ဗိုလ်ချုပ်အဖြစ် ရှေ့တန်းသို့ထွက်ခဲ့သည်။ တောင်ကုန်းများကို သိမ်းပိုက်ခဲ့သည်။ စစ်ပွဲငြိမ်းချိန်တွင် ပျော်တတ်သော၊ ချစ်တတ်သော စိတ်အထာဖြင့် နေထိုင်ခဲ့သည်။ ငါးကလေးများကို အစာကျွေးရင်း၊ ငှက်ကလေးများကိုအစာကျွေးရင်း ငြိမ်းချမ်းစွာနေခဲ့သည်။

ငှက်ကလေးနှင့် ကျွန်တော် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး၊ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ခဲ့ကြသည်။ သူ့တောင်ပံ ဒဏ်ရာရစဉ်က ကျွန်တော်ပြစုခဲ့သည်။သူသည် လောကဓံကို သိပ်မတုန်လှုပ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။

သူ့ထံမှ နှိမ့်ချမှုကို ကျွန်တော် အမွေမရခဲ့ပါ။ ဖြောင့်စင်းနူးညံ့သော ဆံပင်များကို အမွေမရခဲ့ပါ။ မျက်ရစ်မပါသော မျက်လုံးနှစ်လုံးသာ အမွေရခဲ့သည်။ ပန်းအလှပြင်ခြင်းကို အမွေမရခဲ့သော်လည်း အမှိုက်ဖွခြင်း၊ အဝတ်အစားမခေါက်တတ်ခြင်းတို့ကို အမွေရခဲ့သည်။ ငှက်ကလေးသည် အလွန်အားနာတတ်သူဖြစ်သော်လည်း ကျွန်တော်ကတော့ တစ်ကိုယ်ကောင်းဆန်စွာ အားမနာတတ်သူဖြစ်လာခဲ့သည်။ ထို့အတွက် ငှက်ကလေးက မည်သို့မျှ အပြစ်မဆိုပါ။

ငှက်ကလေးတွင် မျှော်လင့်ချက် သေးသေးလေးများရှိပါသည်။
ငှက်ကလေးသည် ကြီးကြီးမားမား မျှော်လင့်သူလည်းမဟုတ်ပါ။

ဆောင်းရာသီသည် အခါခပ်သိမ်းလှပ သည်တော့မဟုတ်ပါ။ တစ်ခုသော ဆောင်းရာသီတွင် ငှက်ကလေးသည် အဝေးသို့ပျံရတော့မည်ဟုဆိုပါသည်။ထိုနေ့သည် အသက်ရှူအားကူစက်ဖြင့် ဆက်လက်ရှူနေရန် ပျင်းရိလွန်းလာသောတစ်နေ့တွင်ဖြစ်သည်။ ရွှေအိုရောင် တောင်ပံများဖြင့် ပျံထွက်သွားရန် အသင့်ဖြစ်နေပြီထင်သည်။ ငှက်ကလေးအတွက် ပျော်ရွှင်ဖွယ် ခရီးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ရွှေအိုရောင်တောင်ပံများသည် ငြိမ်းချမ်းစွာလှပနေသလို၊ သန်စွမ်းစွာဖျတ်လတ်နေသည်။

ငှက်ကလေးမရှိတော့သော ကမ္ဘာပျက်ထဲတွင် ကျွန်တော် ကျန်ရစ်ခဲ့သည်။ အချိန်ကာလသည် တစ်ခါတစ်ရံတွင် သမားတော်မဟုတ်ပါ။ ရမ်းကုတစ်ယောက်သာဖြစ်ပါသည်။ အချိန်ရမ်းကုကြောင့် တစ်ခါတစ်ခါ ရောဂါပိုဆိုးသွားတတ်ပါသေးသည်။

ငှက်ကလေးတွင် အမည်တစ်ခုရှိပါသည်။ သူ့ကို Teresa ဟု ကျွန်တော်ခေါ်သည်။
ယခု ကျွန်တော် ငှက်ကလေးကို လွမ်းနေသည်။           ။

With Peace,
Zephyr

R.I.P mom.
It had been 5 yrs u flied away.





Peace B with U.

Saturday, October 5, 2013

ထင်ယောင်မိမှား အမှန်တရား

ထင်ယောင်မိမှား အမှန်တရား

နေ့ရက်များကို ရေတွက်ပါ။

ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်နေသော ဂဏန်းတစ်ကောင်၏ စကားသံဖြစ်သည်။ တော်လဲသံများကို သီရရီချိတ်ဆွဲရန် တောင်စွယ်များ အချွန်အတတ်ဖြစ်နေရန်လိုသည်ဟုထင်သော ဆည်းဆာနေရောင်ခြည်အောက်တွင် ရွှေဆေးဖြင့်ချယ်သထားသော သဲပြင်လွလွရှိနေသေးသည်။ နေဝင်ချိန်သည် ခမ်းနားလွန်းနေသည်။

Be kind, for everyone you meet is fighting a hard battle. (Philo of Alexendria) ဘဝတိုက်ပွဲကြမ်းကိုရင်ဆိုင်နေရသောလူတိုင်းအတွက် ကြင်နာစေလိုသူတစ်ယောက်ရှိခဲ့ဖူးသည်ဟု သိလိုက်ရသည်။ ထို့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့်တိုင် အချိန်များ ပါးရှားလာမှုနှင့်ထပ်တူ၊ အလျင်စလိုဖြတ်သန်းသွားလိုက်ရသဖြင့် တိတိကျကျ၊ဆုံးဆုံးဖြတ်ဖြတ် သိသိသာသာ ခံစားလိုက်မိခြင်းတော့မရှိလိုက်ပါ။

မင်းသားလေး၏ နှင်းဆီပင်မှာ စကြာဝဠာတစ်ခွင်လုံး သူနှင့်မျိုးတူမရှိဟု ညာခဲ့ဖူးသည်။ ဥယျာဉ်တစ်ခုထဲတွင် နှင်းဆီပန်းပင် ငါးထောင်ကိုတွေ့မှ မင်းသားလေးသည် ညာတတ်သော နှင်းဆီကို တွေးမိခဲ့သည်။ အချိန်လွန်မှသိရှိခဲ့သော လိမ်ညာမှုများအတွက် မည်သူမှ သက်သောင့်သက်သာမဖြစ်ခဲ့ပါ။

"ငါအခုလုပ်နေတာဟာ ငါ့ကိုယ်ငါ ဝေဒနာကနေ ခွာထုတ်နေတာ။" ဟု မော်ရီဆိုသော သေဆုံးခါနီး ပါမောက္ခအိုကြီးကဆိုလေသည်။ ဝေဒနာကို ပညာသတိဖြင့်ပယ်သတ်ရသည်မှာလည်း သဘာဝတရား၏ဆိုဆုံးမသံတစ်စဖြစ်လိမ့်မည်ထင်သည်။

စိုးစဉ်းမျှ မသိသာသော ထွက်ခွာမှုမျိုးဖြင့် အတိတ်သည် မှတ်သိစိတ်ထဲမှ ထွက်ခွာသွားခဲ့လေပြီ။ ထင်သလောက်မလွယ်ကူသော မိမိ၏ဝိဉာဉ်အစိတ်အပိုင်းများကို တစ်စစီခွဲချေကြည့်နေရာမှ နာကျင်မှုများထုံသွားခဲ့လေသည်။ ဟာသတစ်ပုဒ်အတွက် တန်ရာတန်ကြေးအဖြစ် လေချွန်သံရှည်တစ်ခုသာလိုအပ်တော့သည်။ မနက်ဖြန်များကို တစ်ယောက်တည်းဆက်လျှောက်တတ်စေရန် ကျွန်တော်သင်ယူတတ်မြောက်ခဲ့ပါပြီ။

J.D. Mc Clatchy ၏ ကဗျာတစ်ပုဒ်ဖြစ်သော Resignation အစတွင်၊ Willa  Cather ၏ quotes တစ်ခုကို ဤသို့သုံးစွဲထားသည်ကိုတွေ့ရသည်။ " I like trees because they seem more resigned to the way they have to live than other thigs do." အမေရိကန်စာရေးဆရာမ Willa Cather တွေ့မြင်ခဲ့သော သစ်ပင်များအနက်မှ တစ်ပင်မှာ ကျွန်တော်ဖြစ်သည်။

အမြဲတမ်းတစ်ယောက်လိုဆိုတဲ့ ကဗျာမှာ နေမျိုးကြီးက "အမြဲတမ်းတစ်ယောက်လိုဟာ အစကတည်းက မရှိဘူးတဲ့" လို့ ဘာလို့ထည့်ရေးတာလဲဆိုတာကို အခုတော့ နားလည်ခဲ့ပြီဖြစ်သည်။

တစ်စက္ကန့်မျှရှင်သန်မြင့်မားနိုင်စိမ့်ငှာ လေထဲတွင် ဖြတ်ခနဲသေပစ်လိုက်သည့် မီးပန်းများကိုသာ ငေးကြည့်နေမိတော့သည်။ ထိုအရာသည် ရှင်သန်ခြင်း၏ ဒုတိယပုံစံငယ်ဟုဆိုရလိမ့်မည်။ ထိုဘဝကို အင်မတန်နှစ်သက်လိုလားနေမိသည်။

ဇေယျာလင်း၏ ကဗျာစာအုပ်များဝယ်ထားသည်။ မဖတ်ဖြစ်။ နှစ်ထောင်ချင်းအတူတူ ဦးလှိုင်ထက် စာလုံးရေများသည်ဆိုပြီး ဈေးတွက်တွက်ပြီးဝယ်ထားခြင်းဖြစ်သည်။ သူသေပြီး နာမည်ကြီးပြီဆိုလျှင် ဖတ်ရင်ဖတ်မည်စိတ်ကူးသည်။  သို့မဟုတ် သူ့အနုပညာကို သေမတတ်မြတ်နိုးသည်ဆိုသည့်သူများကို လက်ဆောင်ပေးပစ်မည်ဟု စိတ်ကူးမိသည်။

ဦးလှိုင်၏ ဆိပ်ကမ်းတွင်တော့ အမုန်းမရှိ စစ်ပွဲမရှိ တရားရပြီးမှ ထပ်မံငြင်းခုံစရာ တရားမရှိ ဟုဆိုသည်။ ဆိပ်ကမ်းတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်လောက်ရှိလျှင် သာ၍ကောင်းမည်ထင်သည်။

အနဝဇ္ဖာနိ ကမ္မာနိ အရတော့ ကိုယ့်ဟာကိုယ် အကုသိုလ်ကင်းကင်းပျော်စရာကောင်းတာတစ်ခုလုပ်နေတာဟာ မင်္ဂလာပါပဲ။ အသောကံ ဝိရဇံ ခေမံ ဆိုတာကတော့ သောကမရှိဘူး။ ဝမ်းနည်းခြင်း၊ပူဆွေးခြင်းမရှိဘူး။ ကိလေသာအညစ်အကြေးမရှိဘူးဆိုတာဟာလည်း မင်္ဂလာပါပဲ။ မင်္ဂလာရှိအောင်နေကြဖို့လည်းလိုနေသေးသည်။

Pslam 118 တွင်တော့ O GIVE thanks unto the LORD: for he is good ဟုဆိုသည်။ ထိုစာသားသည် သီချင်းတစ်ပုဒ်ဖြစ်သွားခဲ့သည်။ ကာလများရွေ့လျောလာသောအခါ မေ့လျော့ခံ ဂီတတစ်ခုလည်းဖြစ်သွားခဲ့သည်။ ဒါဝိဒ်သည် သိုးကျောင်းသော တောသားလေးမျှသာဖြစ်သည်။ သို့သော်ဘုရင်ဖြစ်လာသောအခါ သီချင်းထရေးပြီး ဗျပ်စောင်းတီးလိုက်ရာမှ တစ်ခွေတည်းပေါက်သွားခဲ့ဟန်တူသည်။ ကြိုးစားသော တောသားများကို နောက်နောင် အားပေးအားမြှောက်ပြုမည်ဟုစိတ်ကူးနေသည်။

လှိုင်းများရိုက်ခတ်နေသော ကမ်းခြေတစ်လျှောက် ပြေးလွှားနေသော ဂဏန်းငယ်တစ်ကောင်အတွက် အထွေအထူးရည်ရွယ်ချက်မရှိလှပါ။ သေဆုံးနေခြင်းမဟုတ်ကြောင်း သူ့ကိုယ်သူ ရိပ်မိရန်အတွက် ရှင်သန်လှုပ်ရှားမှုပုံရိပ်တစ်ခုအနေဖြင့်သာ ပြေးလွှားနေခြင်းဖြစ်သည်။

နေဝင်ဆည်းဆာသည် မရပ်မနားပြေးလွှားနေသော ဂဏန်းတစ်ကောင်၏ အခွံမာအောက်မှ နှလုံးခုန်သံမဲ့ခြင်း၏ ဒိဌဓမ္မကို အံ့အားသင့်နေရာမှ နေဝင်ချိန်အမီ နေလုံးကြီးအား ထိန်ပင်ပေါက်ရာ ပင်လယ်ထဲသို့ အစောတလျှင် နှစ်မြုပ်ပစ်လိုက်ရသည်။

နိဂုံးသည် ရှေ့ချုပ်ပြီးစိတ်ကိုမမှတ်မိတော့သော နောက်စိတ်၏ ဥပေက္ခာသက်သက် အရှုခံနှင့် အရှုဉာဏ်၏ ထိခတ်မိသံမျှသာ ဖြစ်ခဲ့လေသည်။           ။

Zephyr

Ref:
၁Holy Bible : King James Version
၂။သုခမိန်လှိုင်။ပုစွန်တွေဖတ်ဖို့ကဗျာ
၃။ဆရာတော်ဦးဇောတိက။မင်္ဂလာတရားတော်
၎။ဇေယျာလင်း ကဗျာဆိုတာပြုလုပ်ခြင်း
၅။နေမျိုး။ မြွေကြီးပါခင်ဗျာ။
၆။The Best American Poetry 2008
၇။ Mitch Albom။Tuesdays with Morrie
၈။Antoine de Saint-Exupery။ The Little Prince
၉။Rjonda Byrne။ The Magic




Peace B with U.

Monday, August 19, 2013

သုဘအနုပညာ

သုဘအနုပညာ

ထိုစဉ်က စံပယ်ပန်းများမပွင့်သေးပါ။
စံပယ်ပန်းများသည် စံပယ်ပင်အနီးသို့ပင် ရောက်မလာခဲ့သေးပါ။ အမှန်စင်စစ် ညတာရှည်သောကြောင့် အိမ်မက်များခဲ့သည်ထင်ပါသည်။ တိမ်များသည် မိမိတို့၏အရောင်လှမလှ သိမသွားကြပါ။ ဖြစ်မှု၊ပျက်မှုများဖြင့် အစီအစဉ်တကျ ပရမ်းပတာဖြစ်နေမှု၏ သံဝေဂရဖွယ် (သို့တည်းမဟုတ်) ငေးငိုင်ဆင်ခြင်ဖွယ် စုတ်ချက်ကြမ်းတစ်ခုမျှဖြတ်သန်းသွားခြင်းဖြစ်ဟန်တူပါသည်။

ကျေးငှက်များသည် လွယ်ကူဟန်ပြုထားသော ခက်ခဲမှုများဖြစ်ပါသည်။ စနစ်တကျပျံသန်းနေသော ငှက်ကလေးတစ်ကောင်၏ အစာအိမ်ပြဿနာကို သင်နားလည်နိုင်မည်မဟုတ်ပါ။ မိုးရေစိုစွတ်နေသော တောင်ပံတစ်ချောင်းသည် သဘာဝ၏ အေးစက်စက်ရက်စက်မှုများအကြောင်းကို အနီးကပ်သင်ယူခဲ့ပြီးဖြစ်ပါလိမ့်မည်။ မုန်တိုင်းထန်သော နေ့တစ်နေ့သည် စောစောထသော ငှက်တစ်ကောင်အတွက် ကိုယ့်ဒုက္ခကိုယ်ရှာရင်း ကံကုန်တော်မူသွားရန်သာ အသုံးဝင်ခဲ့လိမ့်မည်။ ကြိုတင်ကြံစည်ထားသောကြောင့် သင်ရော အတောင် ဘယ်လောက် ကျွတ်ခဲ့ပါလိမ့်။

ကင်ဆာအကြိတ် ဟုတ်၊မဟုတ်ပြဿနာမှာ လူနာများအတွက်တော့ သေလုနီးပါး အရေးကြီးပါသည်။ ကင်ဆာကို ကုနိုင်သူများအတွက်ဖြစ်စေ၊ မကုနိုင်သူများအတွက်ဖြစ်စေ၊ သေခြင်းတရား၏ ရက်သတ်မှတ်မှုသည် အင်မတန်အရေးကြီးလေသည်။ တောင်ပံများသည်ပျံဝဲဖို့မဟုတ်ကြောင်း နှစ်အတန်ကြာ အလေလိုက်ပြီးမှ သဘောပေါက်လာသော စင်ရော်တစ်ကောင်နှင့် အတောင်ကျိုးနေသော ခိုအိုတစ်ကောင်တွေ့ဆုံခန်းသည် သမူဟအသွင်ဆောင်လိမ့်မည်ထင်သည်။ ဆရာဝန်၏ အပြုံးသည် ဖော်ရွေမှုနှင့်သောကကို ဆတူလောက်ရောထားပုံရသည်။ သူ့ဒုက္ခသူရှာချင်၍ ဆရာဝန်လုပ်ဟန်တူသည်။ လူနာများသေသွားခြင်းမှာ သူ့အပူဟု ခံယူပုံရသည်။ ဒီအတိုင်းသွားလျှင် ဆရာဝန်သာ နှလုံးရောဂါနှင့် စောစောထွက်ခွာသွားရမည့်ပုံရှိသည်။ အေးဆေးပေါ့ဗျာ။ ကင်ဆာဟာ ကျန်းမာတဲ့ဆဲလ်တစ်ခုမဟုတ်လား။ သူကျန်းမာဖို့ ကျုပ်သေဖို့လိုတော့လည်း သေတာပေါ့။

စန္ဒရားဆရာ၏ပြဿနာမှာ ညာလက်လေဖြန်းသွားခြင်းဖြစ်သည်။ ခြေထောက်နဲ့တီးပေါ့ဗျာဟု မိတ်ဆွေများက အားပေးသည်။ ဘယ်လက်သည် ညာလက်ကိုတွေတွေကြီးကြည့်နေသည်။ တစ်ခြမ်းပဲ့အနုပညာသည် ဂီတအဖြစ်ပေါင်းစီးရန်ခက်နေသည်။ စန္ဒရားဆရာသည် သူ့ဝင်လေကို သူသိသည်။ ဂီတသည် နှလုံးအိမ်သို့ ဖြတ်၍ တိုက်ခတ်သွားသော လေနုအေးဖြစ်သည်ဟု ဘာဝနာပါပါပြောဟန် ပြုံးနေလေသည်။ အဟောင်းဈေးဖြင့် ရောင်းချရန် အသင့်ဖြစ်နေသော  စန္ဒရားကို သူကြည့်သည်။ သည်မျှပေါ့ဟု နှလုံးသွင်းသည်။ စန္ဒရားအဖုံးကို ဖြည်းဖြည်းချင်းပိတ်သည်။ သူ့အတွက် အရေးမကြီးတော့ပါ။ သူ့ဘဝတွင် နာရီပေါင်းမြောက်မြားစွာ လေ့ကျင့်ခဲ့ပြီးပြီ။ နာရီပေါင်းမြောက်မြားစွာ ဖျော်ဖြေခဲ့ပြီးပြီ။ နာရီပေါင်းမြောက်များစွာ ခံစားချက်များသွန်ချခဲ့ပြီးပြီ။ စန္ဒရားသည် သူ့အတွက် ခန္ဓာကိုယ်အပြင်ဘက်ရောက်နေသော ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့သည်မှာကြာပြီ။ ထိုညက အိမ်မက်ထဲတွင် သူ့ညာလက်သည် စန္ဒရားနှင့်တွယ်ဆက်နေသည်ဟုမက်ခဲ့သည်။

ခင်ဗျား တီးနေတာ ကျုပ်ဘာမှမကြားဘူးဟု percussionist တစ်ယောက်ကိုပြောတော့ သူပြုံးနေသည်။ ခင်ဗျားကြားအောင်တီးတာမှမဟုတ်ဘဲဟု ဘုကျကျဖြေသည်။ မကြားရတာတွေတီးနေတော့ ဂီတဖြစ်သလားဟု ကျနော်မေးတော့ ဒါတော့ မသိဘူးလေကွာဟုဆိုသည်။ မင်းအစားငါ ပိုက်ဆံတွေနှမြောတယ်ကွာ ဟု သူ့အဖေက သူ့ကိုပြောသည်။ လေးနှစ်စာရှာထားသောပိုက်ဆံများကို ဗုံသေးသေးလေးများဝယ်ပြီး မြန်မာပြည်ပြန်လာသော သားတော်မောင်ကို ပယောဂပူးနေပြီဟု သူ့အဖေကထင်သည်မှာလည်းမဆန်း။ နှစ်အတန်ကြာ သူတီးနေသည်။ နှစ်အတန်ကြာကျနော်မကြားခဲ့။ နောက်တော့ သူ အိမ်ရာထူထောင်သည်။ သူ့ဇနီးကိုကြည့်တော့ ဖြူဖြူလုံးလုံးနှင့် သူတီးနေကျ ဗုံတစ်လုံးနှင့်ဆင်နေသည်။ သူ့အမျိုးသမီးကို နင့်ယောကျာ်း percussion တီးတာကို နင်ဘယ်လိုမြင်လဲဟုမေးကြည့်တော့ "တီးတော့ တီးနေတယ် သိပ်မကြားရဘူး" ဟုဖြေသည်။ ကျနော်တို့အားလုံးတော့ သူ့ကို "တားမကြီး" (တီးမကြား၊တီးသော်လည်းမကြား) ဟုခေါ်လိုက်ကြသည်။ သံရုံးများတွင် မကြာမကြာ ဖိတ်ခေါ်ခြင်းခံလာရသည့်တိုင် "တားမကြီး" သည် ကျနော်တို့၏ နာမည်ဖျက်မှုမှ မလွတ်မြောက်။ ခုနစ်နစ်ကြာတော့ သူ့သမီးလေးမွေးသည်။ သွားကြည့်မိတော့ ဗုံသေးသေးလေးနှင့်တူနေသည်။ ကျနော့်သူငယ်ချင်းကြီး "တားမကြီး"သည် မကြားရအောင်တီးနေခြင်းတော့ဟုတ်ဟန်မတူပါ။ သူ့သမီးလေးကိုတော့ လူကြားအောင်တီးတာတစ်ခုခုသင်ပေးစမ်းပါဟု ကျနော်ပြောတော့ သူရယ်နေခဲ့သည်။

လူနာစောင့်ရင်း ဖဲရိုက်ကြတော့ ငယ်သူငယ်ချင်း ငထက်က သူကူရိုက်ပေးမည်ဟုဆိုသည်။ မြန်မာတစ်ပြည်လုံး သြဇာလွှမ်းခဲ့သော ရှေ့နေကြီး၏ မြေးမှာ ဖဲလိမ်ရိုက်သူတစ်ဦးဖြစ်လာမည်ဟု မည်သူမှမထင်ခဲ့ပါ။ သူ့လက်ညှိုးကို ကော်ပတ်နှင့်စားထားသည်ဟုဆိုသည်။ နှစ်ကြိမ်မြောက်ဝေအပြီးတွင် ဖဲချပ်အားလုံးကို သူ marking လုပ်ထားပြီးသားဖြစ်နေသည်။ သူရှုံးချင်သည့်အခါ သူရှုံးပြီး၊ သူနိုင်ချင်သည့်အခါ သူနိုင်အောင်လုပ်နိုင်သည်။ တတ်ခဲမှပညာဆိုသော စကားပုံအရဆိုရင် ဖဲလိမ်ရိုက်ခြင်းသည် ပညာဖြစ်မည်လားဟုစဉ်းစားမိသည်။ သူ့ကို သင်ပေးသော ထောင်ထွက်ဖဲသမားကြီးမှာ အလုံမြို့နယ်တစ်ခွင် အောင်ပွဲဝင်ခဲ့သူဟုဆိုသည်။ တပည့်ကျော်၏ အစွမ်းအရပင် ဆရာ၏ အစွမ်းကိုမြင်သာပေသည်။ ကင်ဆာဖြင့်သေသွားသော အသုဘကို မည်သူမျှမရှုကြပါ။ သုဘသည်သာ ရှုစရာဖြစ်သည်။ အသုဘသည် ရှုစရာဖြစ်သည့်တိုင် လစ်လျူရှုစရာသာဖြစ်သည်။ ငထက်ဖဲလိမ်ရိုက်ပေးသော အမြတ်တစ်ဝက်ကို အကောက်ပန်းကန်ထဲထည့်ပြီး ကျန်တစ်ဝက်ကို ခေါက်ဆွဲကြော်ဝယ်စားဖြစ်သည်။ လောကကြီးသည် ဇာတ်လမ်းများထက်ဆန်းကြယ်သည်ဟု ပိုမို လက်ခံလာမိသည်။

စန္ဒရားဆရာသည် သေချင်ပြီဟုဆိုသည်။ စန္ဒရားရောင်း၍ရသော ပိုက်ဆံဖြင့် ပဌာန်းကျမ်းအစုံလိုက်ဝယ်လာသည်ကိုတွေ့ရသည်။ ဒီဂီတကတော့ လက်တစ်ဖက်မပါလည်းဖြစ်တယ်ဟုဆိုလေသည်။ မည်သူမျှ နားမလည်ကြ။

ငှက်တစ်ကောင်၏ ပြဿနာမှာ ပျံသန်းနေရခြင်းဖြစ်သည်။

အတောင်ပံများသည် အပိုဖြစ်ကြောင်း သိလာသည့်နေ့အထိတော့ ငှက်သည် ပျံနေဦးမည်ဖြစ်သည်။

"တားမကြီး" သမီးလေးအတွက် ဝယ်ထားသည့် YAS-62 Professional Alto Saxophone ကို လူကြုံသွားပေးရင်း အပြန်လမ်းတွင် စန္ဒရားဆရာ၏ ညာဘက်လက်နှင့်တွေ့သည်။

ထိုအချိန်တွင် ညာဘက်လက်သည် ဝိုင်ဖြူခွက်ကို ခိုင်မြဲစွာကိုင်လျှက်သားဖြစ်နေသည်ကိုတော့ မည်သို့မျှ နားမလည်တတ်တော့။           ။

Zephyr



Peace B with U.

Saturday, August 3, 2013

စာမြည်း

စာမြည်း


စာမြည်းဆိုတာ book review ကိုမြန်မာမှုပြုတာလို့ထင်တယ်။ နည်းနည်းမြည်းကြည့်ရုံလောက်ပဲ။
How Starbucks Saved My Life
A Son of Privilege Learns to Live Like Everyone Else (Michael Gates Gill) ဆိုတဲ့ စာအုပ်ကို ဖတ်ဖြစ်တယ်။ Memoir လို့စာရင်းသွင်းတယ်။ မြန်မာလိုဆို ကိုယ်တွေ့ဝတ္ထုဆန်ဆန်တွေက ဒီအမျိုးအစားထဲရောက်လောက်မယ်။ စဖတ်တုန်းကတော့ ခရီးသွားရင်း အပျင်းပြေဖတ်ဖို့သယ်သွားရာက အတည်ပေါက်ကြီးရေးတာဖြစ်နေတယ်။

စာရေးဆရာက ကြော်ငြာကုမ်ပနီမှာ တစ်နှစ်ကို ဒေါ်လာသိန်းချီရတဲ့သူ၊ မိဘတွေကလည်းချမ်းသာလွန်းလို့၊ အိမ်ခန်း ၃၅ ခန်းပါတဲ့ အိမ်ကြီးရခိုင်နဲ့နေခဲ့တဲ့သူ၊ အက်ဇရာပေါင်းကို ငယ်တုန်းက ပန်းသီးနဲ့ပေါက်တဲ့သူ၊ ရောဘတ်ဖရော့စ်ထ်နဲ့အရက်အတူသောက်ခဲ့တဲ့ကျောင်းသား။ ဆမ်းမားဆက်မောမ်အကြံပေးတာနဲ့ နွားရိုင်းပွဲဝင်ပြေးလို့ပြေး၊ ငယ်တုန်းက ကြွယ်ဝခဲ့တယ်။ကြီးလာတော့ ကော်ပိုရိတ်မှာ ၂၅ နှစ် လက်ကြောတင်းတင်းလုပ်ခဲ့ရာက အလုပ်ပြုတ်၊ ကလေး လေးယောက်အဖေ၊ အလုပ်ပြုတ်စိတ်လေပြီး ကလေးမရနိုင်တဲ့ရောဂါရှိတဲ့ ဆရာဝန်မနဲ့ အိပ်ပြီး၊ မည်သို့မည်ပုံမသိ၊ ဟိုက ကလေးရသွား။ အဲဒီမှာ မယားကြီးနဲ့ကွဲ၊ အိမ်ကြီးကိုပေးလိုက်။ သူ့ကိုယ်ပိုင်လုပ်ငန်းမအောင်မြင်။ နောက်ဆုံး စတားဘက်စ်မှာ အလုပ်ဝင်လုပ်တဲ့အကြောင်း။  ဒီစာအုပ်က သိပ်နက်နေတယ်။ အချိန်ရမယ်ဆိုရင် ဖတ်ကြည့်ကြပါ။ တန်ဖိုးအပြည့်ပါတဲ့စာအုပ်ကောင်းတစ်အုပ်ပဲ။ လူဖြူတစ်ယောက် လူမည်းအမျိုးသမီး လက်အောက်မှာ အလုပ်လုပ်တဲ့အကြောင်းလည်းဖြစ်တယ်။ နောက်တော့သူ့အရင်အလုပ်နဲ့အခုအလုပ်ကို တစ်ချက်တစ်ချက် နှိုင်းယှဉ်ပြသွားတာ သိပ်မိုက်တယ်။ သန့်ရှင်းရေးလုပ်ရတာလေးတွေကအစ အသေးစိတ်ရေးတာ။ ဘဲကြီးက Yale က ကျောင်းပြီးတာ။ တကယ့် ဒိတ်ဒိတ်ကြဲကျောင်းကထွက်ပြီး ထိပ်သီးဖြစ်ခဲ့တာ။ ဘဝရဲ့အတက်အကျနဲ့ငွေကြေးမစီမံတတ်ရင် ဘဝပျက်တတ်တာတွေကို လေ့လာနိုင်မယ်ထင်တယ်။

ရယ်စရာတွေလည်းပါတယ်။ လူအိုဘဝအကြောင်းလည်းပါတယ်။ ငိုချင်စရာကောင်းတာတွေလည်းပါတယ်။ Memoir တွေရဲ့ထုံးစံအတိုင်း ဖတ်ပြီး တစိမ့်စိမ့်အရသာခံရတယ်။ သူပြောချင်တဲ့ ဘဝအားမာန်လေးတွေကိုလည်း တစ်ချက်တစ်ချက်တွေ့တယ်။

လူဆိုတာ အမှားလေးတစ်ချက်နဲ့ ဘဝအလှည့်အပြောင်းဖြစ်သွားနိုင်တယ်။ စာရေးဆရာရဲ့ဘဝမှာလည်း စီးပွားပျက်တာကိုစိတ်လေပြီး တခြားတစ်ယောက်နဲ့ငြိပြီးကလေးရသွားတော့ လက်ရှိမိသားစုဘဝပျက်စီးပြိုကွဲသွားတယ်။ ဆင်ခြင်သတိဟာ အင်မတန်မှအရေးကြီးတယ်။

အဲဒီမှာပါတဲ့အဖြစ်အပျက်လေးတစ်ခု ၁၆ နှစ်အရွယ် ကောင်မလေးနှစ်ယောက် ရည်းစားကိစ္စနဲ့ပတ်သက်ပြီး ဓားနဲ့ခြိမ်းခြောက်ရာက တစ်ယောက်ကအော်လို့ ခြိမ်းခြောက်တဲ့တစ်ယောက်က ဓားနဲ့ထိုးလိုက်တာ သေပါလေရော။ လူသတ်မှုနဲ့တစ်ယောက်ထောင်ထဲရောက်ပြီး တစ်ယောက်က သေသွားတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဘဝပျက်သွားတယ်။ အဲဒါလေးတွေကို သတိထားစေချင်တယ်။

တစ်ချို့အမှားသေးသေးလေးတွေက ဘဝကိုလမ်းကြောင်းပြောင်းစေတာတွေ့ရတယ်။ ကျန်တာတွေကတော့ သူ့အရေးအသားနောက်လိုက်ဖတ်ရင်း လူတစ်ယောက်ရဲ့ဘဝကို သူ့ကိုယ်စောင့်နတ်မြင်ရသလို မြင်ရတာပေါ့။ စာဖတ်တဲ့ ရသဟာ အဲဒီလို သိမ်သိမ်မွေ့မွေ့ကိစ္စပဲမဟုတ်လား။ ကိုယ်တိုင်ဖတ်ပြီးခံစားကြည့်တာဟာ စာမြည်းဖတ်တာထက်ကောင်းတာပေါ့။ စာမြည်းဆိုတာတော့ ဒီလိုအပေါ်ယံလောက်ပဲပြောတာပေါ့။

စာဖတ်ခြင်းဟာ တခြားဟာတွေကိုတော့ ဘာအထောက်အကူပြုသလဲသေချာမသိနိုင်ပေမယ့် စိတ်ချမ်းသာဖို့တော့ တော်တော်လေးအထောက်အကူဖြစ်စေတယ်။ ဒီစာအုပ်ကိုလည်း ဖတ်ဖို့အားရင်ဖတ်ကြည့်ကြပါ။ ကိုယ့်အတွက် တစ်ခုခုရစေမယ့်စာအုပ်မျိုးလို့ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူလို့ ဖတ်ပြီးမကြိုက်ခဲ့သည်ရှိသော် ... ကျွန်တော့်ကို ခွင့်မလွှတ်လိုက်ပါနဲ့။

Regards,
The Gardener




Peace B with U.