Showing posts with label Yangon. Show all posts
Showing posts with label Yangon. Show all posts

Monday, January 14, 2013

ရန်ကုန်သွား တောလား အပိုင်း(၂)။

ရန်ကုန်သွား တောလား အပိုင်း(၂)။

ရန်ကုန်မှာ ခဏလေးပဲနေဖြစ်တယ်။

အပြောင်းအလဲတွေကို မြင်သလောက်ပြောချင်တယ်။ တစ်ချို့ကိစ္စတွေကို အလေးအနက်နဲ့ကျယ်ကျယ်ပြန့်ပြန့် သိအောင်ပြောချင်တယ်။ လူနည်းစုတစ်စုလောက်သိတာထက်ပိုအောင် ပြောချင်တယ်။ အထူးသဖြင့် ပညာရေးနဲ့ပတ်သက်တာတွေ ကြားရတာ စိတ်မချမ်းသာဘူး။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း စကားစမြည်ပြောဖြစ်တယ်။ ရာထူးကြီးကြီးယူထားတဲ့ အသိမိတ်ဆွေနဲ့လည်း စကားပြောဖြစ်တယ်။ ခရီးသွားတောလားမှာတော့ အကြမ်းဖျင်းလောက်ပဲပြောနိုင်မယ်ထင်တယ်။ တောလားဆိုတာကလည်း ခရီးသွားရင်း လမ်းတစ်လျှောက်မြင်သလောက်ကိုဖွဲ့ကြတာမဟုတ်လား။

ရန်ကုန်မှာ ကားတွေပေါလာသဗျ။
ကားသစ်တွေပေါလာတာ ကောင်းတယ်။ မြင်မြင်သမျှ ကားတွေကြည့်ရင် မုဒိတာပွားမိပါရဲ့။ Taxi ဈေးတွေ အဆမတန် သက်သာသွားတာတွေ့ရတယ်။ မနှစ်ကပြန်တုန်းကနဲ့ယှဉ်ရင် တစ်ထောင်လောက် သက်သာသွားတယ်လို့ဆိုနိုင်တယ်။ အရင် သုံးထောင်ဆို အခု ၂၀၀၀ လောက်ပဲ။ စင်ကာပူငွေ ၁.၅ လောက်သက်သာတာလည်းမဆိုးဘူးမဟုတ်လား။ Taxi တွေထဲမှာမှ အသစ်လည်းအသစ်၊ လှလည်းလှတဲ့ကားတွေပဲ ရွေးစီးခဲ့တယ်။ မောင်းတဲ့သူတွေနဲ့လည်း စကားစမြည်ပြောဖြစ်တယ်။

ဈေးကွက်အနေနဲ့ကတော့ သိန်း ခုနစ်ဆယ်လောက်ကနေ သိန်း ၁၅၀ ကြားလောက်က ကားတွေ အဝယ်ရှိတယ်ပေါ့။ တစ်ချို့တွေလည်း အဝယ်နည်းလာတာကို အရစ်ကျပေးတဲ့စနစ်နဲ့ကာမိအောင် ရောင်းကြတယ်။ ကား showrooms တွေက ကွမ်းယာဆိုင်ထက်များတယ်လို့ ဒီဇင်ဘာလမှာတစ်လပြန်သွားတဲ့ ရဲရဲနီက ပြောသွားပါတယ်။ ဘုရားဝင်းကိုတောင်မှာ showroom လုပ်ဖို့ကြံတယ်လို့ The Voice မှာလည်း ဖတ်လိုက်ရပါသေးတယ်။ ဘနဖူးသိုက်တူးတာထက်တောင်သာကုန်ကြပြီ။

အရစ်ကျပေးချေမှုအနေနဲ့ကောင်းတာရော ဆိုးတာပါရှိပါတယ်။ အကောင်းကတော့ သိန်း ငါးဆယ်လောက်နဲ့ Van တစ်စီးလောက်ဝယ်နိုင်တာပေါ့။ အဆိုးအနေနဲ့ကတော့ ကိုယ် ၁၅၀ နဲ့ဝယ်ထားတဲ့ကားတန်ဖိုးဟာ သုံးလေးလအတွင်း သိန်း ၁၂၀ ဝန်းကျင်ဖြစ်သွားတဲ့အခါ သိန်း ၃၀ ပိုပေးပြီး ဝယ်ရသလိုဖြစ်သွားပါတယ်။ ရောင်းချင်သူများလာရင် ဈေးကျလာမှာပါပဲ။ ဈေးကွက်ရဲ့ အီကွေလီဗရမ်ကို နားလည်ရင် ဒါတွေကို သဘောပေါက်ဖို့လွယ်မယ်ထင်ပါတယ်။ မလိုချင်တော့တဲ့စိတ်ဟာ ဈေးကွက်ကို မှောက်ခုံလှန်နိုင်တယ်ဆိုတာ တကယ်လည်း ဟုတ်ပါတယ်။ ဘယ်သူမှ မလိုချင်တော့ရင်  ဘယ်သူ့ကိုရောင်းမှာလဲ။

နောက်ထပ်တွေ့ခဲ့တာတစ်မျိုးကတော့ ကားဟောင်းတွေမောင်းတဲ့ Taxi အမောင်းသမားပါ။ အဝင်အထွက် အင်မတန်ရဲပါတယ်။ ဘာလို့လဲဆိုပြီးမေးကြည့်တော့၊ ကားသစ်လဲဖို့ ပိုက်ဆံစုနေတာ၊ သူ့ကားကိုတိုက်ရင် သုံးသိန်းလောက် အလျှော်တောင်းမယ်စိတ်ကူးတယ်လို့ပြောပါတယ်။ စီးမိတာတောင် အနည်းငယ်လန့်သွားမိတယ်။ အဲဒီလို အုပ်စုက တစ်စုသပ်သပ်ကိုရှိတယ်။ ကားသစ်မောင်းနေတဲ့သူတွေ သတိထားရမယ်ထင်တယ်။ ကိုယ့်ရှေ့ကဖြတ်ဝင်လို့ တိုက်မိရင်လည်း ယာဉ်စည်းကမ်းဥပဒေတွေရဲ့ဟာကွက်တွေအရ နောက်ကားအမှားဖြစ်ဖို့ အခွင့်အလမ်းများသလားမသိဘူး။ ယာဉ်မှုစစ်လည်း ခေါ်ကြတာရှားတယ်။ ကားမောင်းသူတွေအနေနဲ့တော့ ဒီလိုဖြတ်ဝင်တဲ့ကားတွေကို ပိုသတိထားရမယ်ထင်တယ်။

ယာဉ်ကြောပိတ်ဆို့မှုများပါတယ်။ ဒါကိုလည်း လက်ခံနိုင်ပါတယ်။ လောလောဆယ်အချိန်မှာ ဒီလိုပြဿနာရှိတာဟာကောင်းပါတယ်။ အကုန်လုံးကို အကောင်းဆုံးဖြစ်စေချင်ပေမယ့် ဖြတ်သန်းသွားရမယ့်အဆင့်တွေကို သည်းခံနိုင်တာဟာလည်း မင်္ဂလာတစ်ပါးပါပဲ။ လမ်းတွေကိုချဲ့ရမယ်၊ လမ်းဘေးဈေးသည်တွေကို လမ်းပေါ်တက် ဈေးရောင်းတာတွေကို အဆင်ပြေအောင် လုပ်ပေးရမယ်။ ကားတွေရပ်စရာနေရာမရှိလို့ လမ်းမပေါ်ထိုးရပ်ထားတာတွေကို ဖြေရှင်းရမယ်။ မြို့ထဲကို လိုင်းကားတွေ ဝင်စရာမလိုအောင် လိုင်းတွေကို ပြန်စီစစ်ရမယ်။ မီးပွိုင့်တစ်ခုနဲ့တစ်ခုကြား အကွာအဝေးနဲ့ မီးပွိုင့်တစ်ခုစီရဲ့ကြာချိန်နဲ့ ယာဉ်စီးရေကို ပြန်တွက်ချက်ရမယ်။ overhead bridge တွေဆောက်ရမယ်။ သတ်မှတ်မိုင်နှုန်းနဲ့မောင်းကြရမယ်။ သိပ်နှေးနေလို့လည်းမဖြစ်ဘူး။ လမ်းပြင်ဆင်တာတွေကို ညဆိုင်းနဲ့လုပ်ကြရမယ်။ ညပိုင်းလမ်းခင်းပြီး မနက်မှာ အသင့်ဖြစ်နေရင် အဆင်ပြေတာပေါ့။ လိုင်းကားအသေးတွေကို လျှော့ရမယ်။ အကြီးတွေနဲ့အစားထိုးရမယ်။ မြို့ပတ်ရထားကို ပိုကောင်းအောင်လုပ်ရမယ်။ အဲဒါတွေအတွက်လည်း အခု လွှတ်တော်ကနေ အဖွဲ့တစ်ဖွဲ့ဖွဲ့ပေးထားပါတယ်။ ရန်ကုန်မြို့တော်မှာ ကား ဆယ်သိန်းကျော်သွားပြီဆိုတာကနေ စပြီး သူတို့ အဖြေရှာကြရမယ်ထင်ပါတယ်။ စင်ကာပူမှာလည်း ၁၀ သိန်းဝန်းကျင်ဆိုတော့ ကားပိတ်တဲ့အခါပိတ်တာပါပဲ။ ဒါတွေကိုကြုံတွေ့ရတာဟာ မြို့ပြရဲ့သဘာဝတစ်ခုပါပဲ။ public transport တွေကောင်းလာရင်တော့ ကားအသုံးပြုမှု နည်းနည်းလျော့သွားမယ်ထင်တယ်။

ကားတွေများလာတော့ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ ကားပစ္စည်းတွေ၊ workshop တွေအဆင်ပြေလာတာပေါ့။ အနှေးယာဉ်တွေတော့ အခက်တွေ့ဖို့ရှိတယ်။ ပြောင်းလဲမှုတိုင်းမှာ စတေးလိုက်ရတာတွေရှိစမြဲမဟုတ်လား။

လမ်းတွေပြင်နေတာကိုတော့မတွေ့ခဲ့ဘူး။ အကြီးစားပြင်ဆင်မှုကိုဆိုလိုတာပါ။ ဟိုအပေါက်ဖာ၊ ဒီအပေါက်ဖာတာလောက်တော့တွေ့တယ်။ ကောင်းတဲ့လမ်းတွေလည်းတွေ့တယ်။ ဆိုးတဲ့လမ်းတွေလည်းတွေ့တယ်။ လမ်းတွေကိုဖာနေတာဟာ ရေရှည်မှာ အလုပ်ပိုတာသက်သက်ပဲလို့ထင်တယ်။ တစ်ခါတည်း အကောင်းဆုံးဖြစ်အောင်လုပ်ထားရင် ပျက်ဖို့လည်းမလွယ်တော့ဘူးပေါ့။ အထူးသဖြင့် လမ်းပေါ် ရေမတင်အောင် ဂရုစိုက်လုပ်ကြရမယ်ထင်တယ်။ သိပ်ပြီး တန်ချိန်များတဲ့ကားတွေကို မြို့ထဲအထိ အဝင်မခံသင့်ဘူး။ ဒါတွေကို ဖြည်းဖြည်းချင်း လုပ်သွားနိုင်ရင် ပိုအဆင်ပြေလာမယ်ထင်ပါတယ်။

အဝေးပြေးကားတွေလည်း သိပ်ကောင်းတာတွေရှိလာပြီ။ ဒါဟာ ဝမ်းသာစရာပဲ။ စိန်စီတဲ့မင်္ဂလာပွဲတွေများလာတာထက်၊ လူလတ်တန်းစားတွေ ပိုအဆင်ပြေလာတာက ပိုပြီး မုဒိတာပွားရလွယ်တယ်ထင်မိတယ်။ ရန်ကုန် ရောက်ပြီး နောက်တစ်ရက် မနက်မှာ သူငယ်ချင်းတွေနဲ့ခဏလောက်ဆုံတယ်။ တာမွေက Moon Bakery မှာ သူငယ်ချင်းတွေနဲ့စားရင်းသောက်ရင်း စကားလက်ဆုံကျတယ်။ သူငယ်ချင်းတွေက အသက်တွေသာကြီးလာတယ်။ အားလုံးဟာ အရင်လိုပဲ ချစ်ချစ်ခင်ခင်၊ နောက်နောက်ပြောင်ပြောင်တွေဆိုတော့ ပျော်စရာကောင်းတယ်။ D form သွားလုပ်တယ်။ ဆယ်မိနစ် မိနစ်၂၀ နဲ့ရတယ်။ ဒါလည်းကောင်းတာပဲ။ စာပေလောကရောက်တယ်။ စာအုပ်အထားအသိုက ရှာရခက်စေတယ်ထင်တယ်။ ကိုငြိမ်းရဲ့ ညှို့ငင်တောင်ဝယ်ဖို့သွားတာ၊ မရှိဘူးဆိုတာနဲ့ ဆရာတော်ဦးဇောတိကရဲ့ စာအုပ်နှစ်အုပ် ပူဇော်ခဲ့တယ်။ မောင်သာနိုးရဲ့ တွမ်ဆင်ဘာဆိုလား ကဗျာအကြောင်းစာအုပ်တစ်အုပ်ဝယ်ခဲ့တယ်။ ဈေးကြီးတာတွေမဝယ်နိုင်ဘူး။ ကဗျာစာအုပ်တွေ ငုံ့ကြည့်နေတုန်း အပေါ်က ကဗျာစာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျလာတယ်။ ကောက်ပေးဖို့ ငုံ့လိုက်တော့ အနောက်ဘက်က စင်ကို တင်ပါးနဲ့တိုးသလိုဖြစ်ပြီး စင်တစ်စင်ပြုတ်ကျသွားတယ်။ (တင်ပါးအသားပေးဖော်ပြတယ်မမှတ်စေချင်ဘူး။ စာအုပ်စင်တွေ ကပ်နေတာကို မြင်သာဖို့ဖော်ပြတယ်လို့မှတ်ယူပါ။)

အိမ်မှာခဏနားတုန်း သတင်းစာတွေ၊ ဂျာနယ်တွေဖတ်လိုက်တယ်။ တော်တော် နားလည်သွားတယ်။ မြန်မာပြည်မှာ လူတွေ တော်တော်အားတယ်။ သတင်းစာဆိုတာ မနက်ခင်းလောက် ဖတ်ဖို့မဟုတ်တော့ဘူး။ တစ်နေကုန်ဖတ်တဲ့သူတွေလည်းရှိတယ်။ ရုပ်မြင်သံကြားကိုလည်း အကြာကြီးကြည့်ကြတယ်။ အဲဒါ အချိန်ကုန်တယ်လို့ မသတ်မှတ်ကြဘူးထင်တယ်။ လူကြီးတွေကြည့်တာ ကိစ္စမရှိဘူး။ လူငယ်တွေ အချိန်ကုန်သွားရင် နှမြောစရာ။ (ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ရင်း ဘူဇွာဆန်နေမလားတွေးတယ်။ ၁၉၉၀ နှစ်များတုန်းက ကိုတာတစ်ယောက် လက်ဖက်ရည်ဆိုင်က လူငယ်တွေကို ပါဂျဲရိုးပေါ်က သနားသလိုဖြစ်နေတာလည်းမကောင်းဘူးထင်တယ်။) အနာဂတ်ကို ကြိုမတွေးရင်တော့ ဘာမှ ဖြစ်မလာတာလည်း မဆန်းဘူးထင်မိတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ပတ်သက်တာတွေကို လေ့လာနေမှ အခွင့်အရေးတစ်ချက်ရရင် ကိုယ့်တက်လမ်း ကိုယ်ရှာနိုင်မယ်ထင်တယ်။ ဝီရိယ ဆိုတဲ့ ရဲရဲရင့်ရင့် စိတ်ထက်ထက်သန်သန် ကြိုးစားမှုနည်းသွားကြသလားတွေးမိတယ်။

ရန်ကုန်မှာ ကားသစ်တွေများလာတယ်။ ဖုန်းသစ်တွေများလာတယ်။ အိုင်ဖုန်း ၅ ကို ၁၆ GB မှ ၆ သိန်း ၃ သောင်းပဲပေးရတာတွေ့တယ်။ နာနိုဆင်းမ်ဖြစ်အောင် ဆင်းမ်ကဒ်ကို ဖြတ်တောက်ကြတယ်။ အစပိုင်းမှာဆိုရင် ဓားသွေးကျောက်နဲ့ပါသွေးရတယ်ပြောတယ်။ တော်တော်လေး အံ့သြလေးစားမိသွားတယ်။

ညနေကားနဲ့ ကျိုက်ထီးရိုးတက်သွားတယ်။

ကားပေါ်မှာထုံးစံအတိုင်း အိပ်မပျော်ဘူး။
ဟိုဒီငေးတယ်။ အမှောင်ထဲမှာ ဖွင့်ထားတဲ့ ဗစ်ဒယို အညံ့တွေကြည့်၊ တစ်ချက်တစ်ချက် လက်နေတဲ့ ကြယ်ကလေးတွေကြည့်နဲ့ ပျော်စရာကောင်းပါတယ်။

ကျိုက်ထီးရိုးကို တတိယအကြိမ်သွားတာ။ အရင်နှစ်ခေါက်တုန်းက သူငယ်ချင်းတွေပါတယ်။ မြန်မာပြည်မှာ ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့အတူတူ ကျိုက်ထီးရိုးမသွားဖူးတဲ့သူ ရှိပါ့မလား။ မရှိသလောက်ရှားမယ်ထင်တယ်။ လူငယ်ဘဝကိုပြန်တွေးကြည့်တယ်။ အဲဒီအချိန်တွေ ပြန်မရတော့ဘူး။ ဒါပေမယ့် အဲဒီတုန်းက ပျော်ရွှင်မှုဟာ ကျန်သေးတယ်။ လူငယ်ဘဝမှာ ပိုက်ဆံသိပ်မလိုဘူး။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတော့လိုတယ်။ ကိုယ်ပျော်ရွှင်တာကို မျှဝေခံစားဖို့၊ ကိုယ်နာကျင်တာကို နားလည်ဖို့ သူငယ်ချင်းကောင်းတွေရှိခဲ့တယ်။ ရှိနေတုန်းပဲ။ တက္ကသိုလ်ဆိုတာ မိတ်ဆွေကောင်းတွေရှာဖို့နဲ့ ပညာရေးကို စိတ်ဝင်စားဖို့လောက်ပဲ အသုံးဝင်တဲ့နေရာဖြစ်မယ်ထင်တယ်။

ကားလမ်းတွေကောင်းလာတော့ ပိုပြီးမြန်မြန်ရောက်တယ်။ ညနေ ငါးနာရီကထွက်လာတာ မနက် ၂ နာရီလောက်မှာ(ည ၁၀ နာရီမှာ) ကျိုက်ထီးရိုးတောင်ခြေရောက်တယ်။ တစ်လမ်းလုံးသာသာယာယာ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။

ကော်ဖီသောက်ရင်း ... ညမှာ ကြယ်တွေစုံနေတာကို ကြည့်တယ်။
ကြယ်တွေစုံတာကို မမြင်ရတာကြာပြီ။

မှောင်မိုက်ပြီး
ကြယ်ရောင်မလင်းတဲ့နှစ်တွေ
ကြာနေပြီ။

ဟိုး တစ်ချိန်က
ကြယ်တွေကိုမော့ကြည့်ရင်း
တစ်ယောက်ယောက်ကို
သတိရနေခဲ့ဖူးတယ်။

အခု
ကြယ်တွေကိုကြည့်ရင်း
ကြယ်တွေနဲ့ကွယ်နေတဲ့
ကြယ်အသစ်တစ်လုံးကို
ကြည့်နေတယ်။

ကောင်းကင်ဟာ
ဟိုးအရင်တုန်းကကောင်းကင်ဆိုတာ
သေချာမယ်ဆိုရင်
ကြယ်ပျောက်ရှာနေတဲ့ မျက်လုံးတွေဟာလည်း
အရင်ကမျက်လုံးတွေဆိုတာ
သေချာလိမ့်မယ်ထင်ပါရဲ့။  

ရန်ကုန်သွားတောလား ဒုတိယပိုင်း ရန်ကုန်-ကျိုက်ထို(ကင်မွန်းစခန်း) ခရီးစဉ် နိတ္ထိတံ။

Regards,
Z



Peace B with U.

Sunday, January 13, 2013

ရန်ကုန်သွား တောလား အပိုင်း(၁)။

ရန်ကုန်သွားတောလား အပိုင်း(၁)။

ချမ်းသာခြင်း၊ဆင်းရဲခြင်းကင်းရာ နိဗ်ဗာန်သို့ မရောက်မီ ဘိုအင်းအဟောင်း စီးစိမ့်သောငှာ စင်ကပေါအဲလိုင်းစ် လက်မှတ်ကို ဝယ်လေသည်။ ဈေးသက်သာသည်ဟု အနည်းငယ်ဆိုနိုင်လေသည်။ လူသုံးရာကျော်ခန့်ဆန့်သည်ဟုဆိုသည်။ လူတစ်ရာလောက်နှင့်အတူသေရခြင်းထက် သုံးရာနှင့်အတူသေရသော် ပိုသိုင်းဝိုင်းမသွားပေဘူးလားဟုတွေး၏။

ဇနီးသည်မူကား ၁၃ရက်သွားမည့်ခရီးကို ၃၁ ရက်စာအဝတ်များထည့်ချေသော် ခက်ကပြီ။ သို့သော် လေသံဖွဖွနှင့်သာပြောဝံ့သည်။ ဒီဘက် Luggage လည်းအချောင်ကြီးရှိသေးတာ ထည့်ပါ။ အတို့ကျွန်(ဝါ) အကျွန်ုပ်သည် အင်မတန် သိမ်မွေ့သော ယောက်ကျားကောင်းဖြစ်ရန် ဆုကြီးပန်သူမဟုတ်တုံလော။ သူပျော်သော် အကျွန်ုပ်လည်းကုသိုလ်မရလော။

လေယာဉ်သည်ကြီး၏။ ဘစ်ဇနက်ကလပ်စ် စီးနိုင်သူတို့သည် အရင်တက်ကြလေသည်။ လူမွဲသည်ဘယ်သောဘယ်အခါမျှ နေရာပေးခံရခြင်းမရှိ။ ဤ​သည်မှာ နိယာမ တရားတည်း။

လေယာဉ်သည် ခုံကိုးတန်း အတန်းလိုက်စီထားသော ဘတ်စ်ကားနှင့်တူချေသည်။ လေယာဉ်စပယ်ယာမလေးများသည် အအေးကို အကန့်အသတ်မရှိတိုက်ချေသည်။ ကောင်းလေစွ။
တီဗီပေါက်စ တစ်လုံးစီပါ၏။ ကားသစ်များကိုယ့်ဟာကိုယ်ရွေးကြည့်နိုင်၏။ အစားအသောက်များလည်း မဆိုးလှ။

အိမ်သာသည် သန့်၏။ ကျယ်ပြော၏။ သာယာ၏။ ရေပါ၏။ ခလုတ်သည် ထင်ရှား၏။ ပွတ်ရှ်(push)ဟူ၍ သေချာရေးထား၏။ အတက်အဆင်းညင်သာ၏။ အကောင်ကြီး၍ တက်ရန်စက္ကန့်လေးဆယ်ကျော်ပြင်ဆင်လျှောက်လှမ်းရ၏။ လေပေါ်တွင် ငြိမ်၏။ တိမ်ကင်းသောကြောင့်ဖြစ်ချေမည်။

အဆင်းသည်လည်းသိမ်မွေ့၏။ သက်ကြီးရွယ်အိုများနှင့်သင့်တော်၏။ သုံးဆယ်ကျော် အဘ ဘဂျမ်းအတွက်တော့ အင်မတန် အရေးပါ၏။ သုံးဆယ့် တစ်ဆိုသည်မှာ လေးဆယ်ထဲဝင်သွားပြီဟု မှတ်ယူရာ၏။

ဒုတိယမြို့တော်တွင် အအေးဓာတ်သည် စောင့်ကြိုလျက်ရှိသည်။ အမိနိုင်ငံတော်တွင် ဆောင်းရာသီရှိသောကြောင့် ပျော်မွေ့ဖွယ်ကောင်း၏။ လေဆိပ်သည် အရင်လိုပင်ဖြစ်သည်။ စောင့်ရသည်။ ကြာသည်။ မပြောင်းမလဲတည်နေသော တစ်ခုတည်းသော အရာမှာ ပြောင်းလဲခြင်းတရားဖြစ်သည်ဟု ဆိုသွားသော ဗုဒ်ဓသည်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မမြင်ဖူး၍သာဖြစ်မည်ဟု ကျွန်ုပ်တွေးဆမိသည်။

ဘယ်မှာလဲ ဒမော့ကရေစီဟု ကျွန်ုပ်ရှာပါသည်။

နိုင်ငံတွင်းတွင် လာဘ်ပေးလာဘ်ယူမှုများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နေပြီဖြစ်သည်။

ထို့ကြောင့် အင်မီဂရေးရှင်း ကောင်တာတွင် အလှူငွေ မထည့်ခဲ့ပါ။ တောင်းလည်းမတောင်းတော့ပါ။ နှစ်သစ်ကူးလက်ဆောင်လေးမပေးတော့ဘူးလား ညီလေးဟုသာဆိုရှာသည်။ ဆောရီးဗျာ ဘာမှ မဝယ်လာမိလို့ အစ်ကိုကြီးဟု တုံ့ပြန်သော်၊ ပြုံးရွှင်မပျက်ဘဲ၊ ရတယ် ညီလေး အေးဆေး၊ ဒီ ဖောင်းမ်လေးလုပ်သွားဖို့မမေ့နဲ့နော်ဟု ဆိုလေသည်။

ဒမော့ကရေစီ၏ အစွန်းထွက်သည် စင်ကာပူ ငါးကျပ်၊ တစ်ဆယ်တန်ချေသည်။

ထိုအရာကို ပေါ့ပေါ့လေးပြောသည်ဟု မမှတ်စေလို။

ဗျည်းနွဲ့လက်ရာ အမာရွတ်ကို ဟီရူဒွိုက်ဆေးလူး၍ ပျောက်ကင်းသွားသလို အလှူခံကောင်တာရှေ့မှာ အလကားဖြတ်သန်းခွင့်ရတာဟာ ဘာနဲ့မှမတူအောင်အရသာရှိပေတာပဲ။ သူတို့ အရင်လို မဟုတ်ကြတော့ဘူးဆိုတဲ့ အသိဟာ ကြည်နူးစရာသိပ်ကောင်း။

စင်ကာပူ-မြန်မာ ခရီးစဉ် ပထမပိုင်း နိတ္ထိတံ။

Regards,



Peace B with U.

Saturday, December 29, 2012

ရန်ကုန်သားနဲ့ရန်ကုန်သူ၊ ရန်ကုန်ပြန်သည်။

ရန်ကုန်သားနဲ့ရန်ကုန်သူ၊ ရန်ကုန်ပြန်သည်။

အိမ်ပြန်သွားတာ အသိတွေပေးဖို့ ချောကလက် ငါးပိဿာခန့်ပါသွားတယ်။
အဝတ်အဟောင်းတွေ လှူဖို့ တစ်ထုပ်သယ်သွားတယ်။

သူငယ်ချင်းတစ်ယောက်ကို မွေးနေ့လက်ဆောင်ပေးဖို့ အိုင်ဖုန်း ၅ အသစ်တစ်လုံးယူသွားတယ်။ အလကားတော့မပေးနိုင်ဘူး။ စင်ကာပူ ၅၀၀ ပြန်တောင်းလိုက်တယ်။ ကျန်တာကိုတော့ မွေးနေ့လက်ဆောင်ပေးလိုက်တယ်။ လင်မယားနှစ်ယောက်စလုံးရဲ့သူငယ်ချင်းဆိုတော့ အမှတ်တရလက်ဆောင်ပေးရတယ်။ သူငယ်ချင်းတွေကို တော်တော်ခင်ခဲ့ဖူးတယ်။ အခုတော့ သာမန်ပဲ။ မေးထူးခေါ်ပြောလောက်ဖြစ်ကုန်ပြီ။ အသက်ကြီးလာတော့ သူစိမ်းဆန်ကုန်ကြပြီထင်တယ်။ အရင်တုန်းကတော့ ကျောင်းပိတ်ရင်တောင် လွမ်းလို့ တစ်ယောက်အိမ် တစ်ယောက်သွားပြီး စကားသွားပြောကြတာနဲ့၊ စုပြီး မုန့်ထွက်စားကြရတာနဲ့၊ ခရီးစုသွားရတာနဲ့ တော်တော်ချစ်ချစ်ခင်ခင်ရှိခဲ့ကြတယ်။

မရီးလောင်းအတွက်တော့ ပိုက်ဆံအိတ်အသစ်တစ်လုံးပေးမယ် စိတ်ကူးတယ်။ မရီးအစစ်တွေအတွက်တော့ သူတို့ညီမက အက်ဒီးဒတ်စ် အိတ်တွေဝယ်သွားတယ်။ ယောက်ခမအတွက်တော့ သူ့သမီးဝယ်တယ်။ ပါတိတ်ဝယ်တယ်ထင်တယ်။ နယ်က အမျိုးတွေအတွက်လည်း ကျားဘမ်းပရုတ်ဆီ၊ Toblerone ချောကလက်၊ အစ်ကိုအရင်းအတွက်တော့ လေဆိပ်က ဆေးလိပ်ဗူးနဲ့ ချောကလက်ကောင်းကောင်းတစ်ထုပ်။ သူလည်း ဒီကို လိုက်လာမယ်ဆိုတော့ ဘာမှ သယ်မသွားတော့ဘူး။  တူတွေ၊တူမတွေအတွက်ကတော့ ဟိုတစ်ခါ အဝတ်အစားတွေထည့်ပေးလိုက်တယ်။ ဒီတစ်ခါတော့ ရေဗူးတွေ၊ထမင်းဗူးတွေဝယ်သွားတယ်။

အဝတ်ဟောင်းတွေကတော့ စင်ကာပူမှာ ပေးစရာရှားတယ်ထင်တယ်။ အိမ်မှာ အလှူလာလာခံတာကိုတော့ ပေးဖြစ်တယ်။ တီရှပ်တွေကိုတော့ သုံးလေးလတစ်ခါ စွန့်တယ်။ အဝတ်အစားနဲ့ပတ်သက်ရင် ကြေးမများဘူး။ ငယ်တုန်းက အဖေဝယ်ပေးတာဝတ်တယ်။ ကြီးလာတော့ အစ်ကိုဝယ်ပေးတာဝတ်တယ်။ နောက်တော့ မိန်းမဝယ်ပေးတာဝတ်တယ်။ ကိုယ့်ဘာသာ ဝယ်ဝတ်တာ ဆယ်ထည်မပြည့်သေးဘူးထင်တယ်။ သင်္ကန်းလှူတဲ့အကျိုးဖြစ်မယ်။ စီးပွားရေးမကောင်းတဲ့အချိန်တွေမှာတောင် ဝတ်စရာအသစ်တော့ အမြဲရှိတယ်။ စားစရာသာ သိပ်မလုံလောက်ဖူးဖြစ်ခဲ့ဖူးတယ်။ ဝတ်စရာကတော့ အမြဲရှိတယ်။ ငယ်တုန်းကတော့ ခရစ်စမတ်ကာလဆိုရင်တစ်နှစ်လုံး အဝတ်ဟောင်းတွေစုပြီး နွမ်းပါးတဲ့သူတွေကို ပေးတယ်။ အခုနောက်ပိုင်း စိန့်ဗင်းဆင့်ဒီပေါလ်အသင်းက ဒါတွေဆက်လုပ်နေတယ်ထင်တယ်။ မသိတော့ဘူး။ ဘာသာရေးတွေ၊ လူမှုရေးတွေနဲ့ဝေးသွားပြီ။ ကိုယ့်စိတ်ကိုယ်ချမ်းသာအောင်ထားတယ်။ ကူနိုင်တာကူတယ်။ မကူနိုင်တာကိုလည်း စိတ်မကောင်းမဖြစ်တော့ဘူး။ အရေထူလာတဲ့သဘောရှိတယ်။ စိတ်ပုတ်လာတဲ့သဘောလည်းရှိတယ်။

ရန်ကုန်က ပစ္စည်းအဟောင်းတွေအားလုံးပေးပစ်ဖို့ အစ်ကို့ကိုမှာတယ်။ သေချာကိုမှာတယ်။ bro ရေ၊ အမျိုးတွေကလွဲရင် ကျန်တဲ့သူ ဘယ်သူ့ပေးပေး သိပ်ကောင်းတယ်လို့ပြောလိုက်တယ်။ အမျိုးဆိုတာတွေကိုတော့ ဝေးလေကောင်းလေပဲ ထင်တယ်။ အခုဆို အမေနဲ့ အဘွားလည်းမရှိတော့ဘူးဆိုတော့ အမေ့ဘက်က အမျိုးတွေ မေ့လိုက်လို့ရပြီ။ အဖေ့ဘက်က အမျိုးတွေကိုတော့ အရင်ကတည်းက ရပ်ပစ်ရှစ်ပါးထဲထည့်ထားတယ်။ ပြန်တော့ လက်ဆောင်ဝယ်ပါလားဆိုပြီး မိန်းမကပြောတယ်။ မဝယ်ပါဘူး၊ ဒီကိုလာတုန်းကလည်း သူတို့ ဘာမှ ထည့်ပေးလိုက်တာမှမဟုတ်တာလို့တောင်ပြောလိုက်သေးတယ်။ အမျိုးတွေကို ထောက်ပံ့မယ့်အစားတော့ ဆင်မ်ဆမ်ကာတွန်းထဲကလို ဒေါ်လာတစ်ရာမီးရှို့ပြီး ဆေးပြင်းလိပ် မီးညှိတာကမှ ပိုအရသာရှိဦးမယ်ထင်နေမိတော့တာပဲ။

သထေးတွေကိုလည်း ဘာမှမဝယ်ပေးဘူး။ ပြည့်စုံပြီးသား။ ကိုယ့်ဟာကိုယ်ဝယ်သုံးနိုင်တယ်။ အပိုတွေသွားပေးရင် အပိုဖြစ်တာပဲအဖက်တင်တယ်။ ခရစ်စမတ်ကဒ်တွေပို့လိုက်တယ်။ ရကြောင်းတောင် သတင်းမပို့ဘူး။ ရပြီလားဆိုတော့မှ ရတယ်ပြောတယ်။ လေကိုချွေတာတဲ့သဘောဖြစ်မယ်။

အဖေကတော့ လိမ်မာရှာတယ်။ ဘာပို့ပို့ သူ့တစ်မျိုးလုံး ပတ်ပတ်ကြွားနေတယ်။ ဝယ်ပို့လိုက်တဲ့ပစ္စည်းထက်တောင် ဖုန်းဆက်ကြွားတဲ့စရိတ်က ပိုများနေမယ်ထင်တယ်။ လူကြီးတွေ အသက်ကြီးလာရင် အီမိုချင်လာတယ်။ ဘာဝနာများများဖက်ဖို့ပြောရမယ်။ အမေဆုံးသွားတာ သူအခုအထိ စိတ်မကောင်းဖြစ်နေတယ်။ ကျနော်လည်းစိတ်မကောင်းဘူး။ ဒါပေမယ့် ဆုံးသွားပြီဆိုတာကို ခဏခဏ ဝမ်းနည်းနေစရာမလိုဘူးထင်တယ်။ ဆုံးပြီ၊ တစ်ခါဝမ်းနည်းပြီးပြီ။ တော်ပြီပေါ့။ ခဏခဏ ဝမ်းနည်းနေတော့ရော သေသွားပြီးတဲ့သူက သဘောကျမယ်မထင်ဘူး။ အမေရော၊ အဘွားရော ကချင်အစစ်တွေပဲ။ ကချင်အစစ်တွေမှာ စိတ်ထားရှင်းတယ်။ အပိုလည်းမလုပ်ဘူး။ အပိုလည်း မပွားဘူး။ အဲဒါကောင်းတယ်။ ခံစားချက်ဟောင်းကို အနာဖေးခွာတဲ့အလုပ်ကို အမေနဲ့ အဘွားလည်း ကြိုက်မယ်မထင်ဘူး။ သူတို့အတွက် ရည်စူးပြီး ကုသိုလ်တွေဆက်လုပ်တယ်။ အမျှအတန်းပေးတယ်။ သူတို့လှူချင်တာတွေ ဆက်လှူပေးတယ်။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေတယ်။ ပျော်အောင်ထားတယ်။ အဲဒါကမှ သေသူတွေရဲ့ဆန္ဒလို့ထင်တယ်။ သို့သော်လည်း အဖေဆိုတော့ ပြောရင် စကားများဖို့ရှိတယ်။ အချိုးသိပ်မပြေတဲ့သားဆီလည်း သူဖုန်းမဆက်တော့ဘူး။ ချွေးမဆီပဲဆက်တယ်။ တစ်ချက်တစ်ချက် သားတွေမလိမ်မာတဲ့အကြောင်း၊ ငယ်ငယ်က ပေတေတဲ့အကြောင်းတွေ အတင်းတုပ်တယ်။ တော်တော်ချစ်စရာကောင်းတဲ့အဖေလို့တောင်ထင်ရတယ်။ ဒါနဲ့ပဲ ချွေးမမွေးနေ့ကို သတိမပေးဘဲထားလိုက်တယ်။ သူမှတ်ထားပေမယ့် အလုပ်ရှုပ်နေတော့ သတိမရဘူး။ နောက်တော့ သတိမပေးတာကို သူဒေါပွနေတယ်။ မသိချင်ယောင်ဆောင်နေလိုက်တယ်။ အားဆေးတွေပို့ထားတာတွေ သောက်တယ်လို့တော့ပြောတယ်။ နေကတော့ မဟားတရားကောင်းတယ်။ အသက်ခြောက်ဆယ်ကျော်မှာ တစ်နှစ်တစ်ခါတောင်မဖျားဘူး။ မျိုးရိုးကတော့ ချူချာတဲ့မျိုးရိုးဟုတ်ပုံမရဘူး။ သူ့အဖေနဲ့အမေလည်း ရှစ်ဆယ်တော်တော်ကျော်မှသွားတာဆိုတော့ အသက်ရှည်မယ့်သဘောရှိတယ်။

အခုတလော ကျနော်လည်း သံယောဇဉ်ကတော့ နည်းတယ်။ ကိုယ့်ကိုယ်ကိုတော့ပိုချစ်လာတယ်။ ညတိုင်း၊ ပျားရည်သံပုရာသောက်တယ်။ အသက်ရှည်အောင် ကံ၊စိတ်၊ဥတု၊ အဟာရ မျှအောင်နေတယ်။ တစ်ပါတ် နှစ်ခါ ငါးစားတယ်။ အရွက်များများစားတယ်။ ပဲပင်ပေါက် တစ်ပတ်နှစ်ခါစားတယ်။ အနီရောင်အသားတွေကို တစ်လ နှစ်ခါလောက်စားတယ်။ အပြုတ်၊အသုတ်တွေဘက်ကို စိတ်ဝင်စားအောင်ကြိုးစားတယ်။ အိပ်ချိန်ကို ရှစ်နာရီနဲ့အထက်မှာ အမြဲရှိနေအောင်ထားတယ်။ ဆီး၊ဝမ်းမှန်ဖို့ ဂရုစိုက်တယ်။ BMI ကိုလည်း ထိန်းထားတယ်။ အခုအထိတော့ အားလုံးအိုကေတယ်။ နေမကောင်းတာလည်းမရှိသလောက်ပဲ။ ရာသီဥတုပြောင်းရင် ပိုသတိထားပြီးနေတယ်။ ခြေထောက်မအေးအောင် အိမ်နေရင်းလည်း ဖိနပ်စီးတယ်။ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတဲ့ တရားကို မကြာမကြာနာတယ်။ မိန်းမကတော့ အဲဒီတရားမနာရင်လည်း ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ သိပ်သိသာပါတယ်လို့ပြောတယ်။

မရီးအကြီးရော၊ မရီးအငယ်ပါ နေပူတော်ရောက်နေတော့ ဟင်းကို မိန်းမချက်ရဖို့ရှိတယ်။ နေပူတော်လိုက်သွားပြီး မရီးအကြီးကို ဟင်းချက်ခိုင်းရင် ကောင်းမယ်စိတ်ကူးနေတယ်။ မရီးအငယ်ကတော့ ဆေးရုံတက်ပြီး အကြိတ်ခွဲမယ်ပြောတယ်။ အဲဒါလည်း တွေ့ဆုံ အားပေးစကားပြောရဦးမယ်။ မိန်းမဘက်က အမျိုးတွေကိုတော့ ချီးမြှင့်တဲ့သဘောအနေနဲ့ ခရီးသွားတုန်း တစ်ရက်တစ်လေ ဝင်တွေ့မယ်။ မော်လမြိုင်ကအမျိုးတွေဆီလည်းဝင်မယ်။ အညာက အမျိုးတွေဆီလည်းသွားမယ်။

အဆင်ပြေသလိုပဲနေမယ်။ အဆင်ပြေသလိုလေးသွားမယ်။ အဆင်ပြေမယ်ထင်တဲ့သူတွေနဲ့ပဲတွေ့မယ်။ အဆင်မပြေဘူး၊ မအားဘူးဆိုတဲ့သူတွေဆီ ခြေဦးတောင်မသမ်းဘူး။ အားတဲ့သူတွေဆီပဲသွားမယ်။ စားမယ်။သောက်မယ်။ ပျော်မယ်၊ ပါးမယ်။ အပင်ဝယ်မယ်။ ရွှေသင်္ကန်းကပ်မယ်။ သံဃာ့ဆေးရုံကို နည်းနည်းလှူမယ်။ ရန်ကင်းစင်န်တာက Game City မှာ အမှတ်တရခဏလောက်သွားဆော့မယ်။ မြကျွန်းသာကိုလည်း ခဏလောက်သွားမယ်။ ဆရာမဖြစ်နေတဲ့သူငယ်ချင်းတွေကိုလည်း မုန့်လိုက်ကျွေးခိုင်းရမယ်။ ၁၂လုံးတန်းက ကျနော်တို့နဲ့ခင်တဲ့ ဝက်သားတုတ်ထိုးသည်ကြီး ဆိုင်ပိတ်သွားတာ သေချာအောင် တစ်ခါထပ်သွားကြည့်မယ်။ တိုနီထွန်းထွန်းမှာ မိန်းမရဲ့ မျက်နှာကို ပေါင်းတင်ပေးရမယ်။ စင်ကာပူကိုဝယ်ဝယ်လာပြီး လွှင့်လွှင့်ပစ်ဖို့ ဆေးကလည်း တစ်နှစ်တစ်ခါဝယ်ရဦးမယ်။ ဒီနှစ်မှာတော့ နေကောင်းနေတော့ ဘာဆေးမှမသောက်ရတော့ဘူး။ ဗိုက်တောင်မအောင့်တာကြာပြီ။ ခေါင်းလည်းမကိုက်။

ရန်ကင်းကြေးအိုးမှာစားမယ်။ ဖီးလ်မှာစားမယ်။ လမ်းဘေးဆိုင်တွေမှာ နည်းနည်းလောက်စားမယ်။ ဒါမှ နောက်အပြီးပြန်သွားလည်း လမ်းဘေးစာတွေ ကောင်းကောင်းစားနိုင်မှာ။ လက်ဖက်ရည်ကို တစ်နေ့ သုံးခွက်သောက်မယ်။ ပန်းဆိုးတန်းမှာ ကြံရည်သောက်မယ်။ ဗိုလ်တစ်ထောင်ဘုရားမှာ အပေါ့သွားမယ်။ ငယ်တုန်းကလုပ်ခဲ့တာတွေကို နောက်တစ်ကျော့ပြန်လုပ်ကြည့်ရမယ်။ စိန့်မေရီမှာ ရေဝင်သောက်မယ်။ အင်တာနက်မသုံးဘူး။ လက်ပ်တော့လည်းသယ်မသွားဘူး။ ဓာတ်ပုံလည်းမရိုက်ဘူး။ ဖုန်းလည်းမပြောဘူး။ စာအုပ်တစ်အုပ်တစ်လေဖတ်မယ်။ ရန်ကုန်က လက်ကျန် အုပ်သုံးရာလောက်ကို လက်ဂေ့ခ်ျနှစ်ခုနဲ့သယ်မယ်။ ပိုတဲ့ကီလိုတွေကို မြန်မာငွေနဲ့ဖြေရှင်းကြည့်ရမယ်။

ကျိုက်ထီးရိုးမှာ ယုန်သားစားမယ်။ အဲဒီယုန်ကသေပြီးသားဆိုတော့ ပံ့သကူဖြစ်တယ်။ ရင်ပြင်တော်မှာ ပက်လက်လှန်အိပ်ပြီး ကြယ်တွေကြည့်မယ်။ အောင်မြေကို နင်းမိအောင် ရင်ပြင်တော်ပေါ်မှာ ပတ်လျှောက်ကြည့်ရမယ်။

ရွှေတိဂုံကို မနက်တစ်ခေါက် ညတစ်ခေါက်သွားပြီး ဖယောင်းတိုင်လေးဘာလေးထွန်းရမယ်။ ကျေးဇူးရှင်ပေါင်မုခ်ခဆီလည်းသွားရမယ်။ အိမ်ခန်းဝယ်ဖို့သွားကြည့်ရမယ်။ မြေကွက်ဈေးမေးရမယ်။ ဘယ်ဘက်တွေ ဘာတွေဖြစ်လာမလဲ စနည်းနာရမယ်။ ကလေးမွေးရင် ဘယ်သူလာထိန်းမလဲဆိုတာလည်း အစ်တန်အစ်ရမယ်။ မိန်းမရဲ့အသိ ဗေဒင်ဆရာကြီးဆီသွားပြီ ပြန်လာတဲ့အခါ ဟောတတ်ဖို့ သုံးလပြတ်သင်ပေးဖို့ အပူကပ်ရမယ်။

ဝက်သားနဲ့ကြာဆံကြော်စားရမယ်။ မုန့်ဟင်းခါးများများစားရမယ်။ စာအုပ်ဆိုင်တွေဘက်ကိုလျှောက်ပြီး တစ်အုပ်မှမဝယ်နိုင်လို့ပြန်လာခဲ့ရဦးမယ်။ နက်ရှင်းနယ် စီဒီကိုသွားပြီး တိုက်ပင်ကျူတာတစ်ချပ်ဝယ်ရမယ်။

ရေလည်အကြည် ဆိုပြီး ဗလူရေးကို မြန်မာလို ဘာသာပြန်ထားတဲ့ ဇာတ်ကားတွေဝယ်ရမယ်။ ပြီးရင်လည်းကြည့်ဖြစ်တာတော့မဟုတ်ဘူး။ နောင်လာနောက်သားတွေပြဖို့လို့ပြောရအောင်လည်း ကလေးတွေ ဘာတွေမရှိဘူး။ စီမံကိန်းလည်း မရှိဘူး။ ဟိုကိုယ်တော်ကြီးတောင် ရာဟုလာ ဆိုပြီး သားသမီးကို နာမည်ဆိုးဆိုးပေးပြီး တောထွက်သွားလို့ စိတ်ချမ်းသာရာရတယ်လို့ တစ်ချက်တစ်ချက် အတွေးဝင်တယ်။ မဟုတ်ရင်လည်း ကလေးထိန်းနေတဲ့ စကြဝတေးမင်းလောက်နဲ့ပွဲသိမ်းသွားဖို့ရှိတယ်။

အန်ကယ်ငြိမ်းစာအုပ်နှစ်အုပ်ဝယ်မယ်။ ရင်းနှီးမြုပ်နှံမှုအကြောင်း ဘယ်သူတွေ ဘာတွေရေးသလဲသွားကြည့်ရမယ်။ စာပေလောကကို ခဏလောက်သွားမယ်။ ပြီးရင်ကျောက်မြောင်းမှာ လက်ညှစ်မုန့်တီသွားစားမယ်။ ပုစွန်ကွက်ကြော်ကလည်းသိပ်မကောင်းတော့ဘူး။ ပဲပြားအစာသွပ်နည်းနည်းလောက်စားမယ်။ ကြံရည်ရရင် ကြံရည်နည်းနည်းလောက်သောက်မယ်။ စစ်တုရင်သမားတွေနဲ့တွေ့ရင် တစ်ပွဲလောက် အမြန်ထိုးမယ်။ အော်ကွေ့ကြည်စားမယ်။

အကြော်စုံစားမယ်။ အချဉ်ရည်မစားဘူး။ ရေမုန့်စားမယ်။ ကောက်ညှင်းကျည်တောက်စားမယ်။ မုန့်လင်မယားတစ်ယောက်တည်း အခု ၂၀ လောက်စားမယ်။ ဝက်သားတုတ်ထိုးတော့မစားဘူး။ ဒံပေါက်မစားဘူး။ ထောပတ်ထမင်းမစားဘူး။ ကြာဆံချက် တစ်ပွဲလောက်ကို အချဉ်များများနဲ့စားရမယ်။

ရှေ့သွားတစ်ချောင်းနှုတ်ရမယ်။ နှစ်ထပ်ပေါက်နေတာကို အနှစ်သုံးဆယ် သည်းခံခဲ့ပြီးပြီ။ အခုတော့ နှုတ်လိုက်တော့မယ်။ ပါးစပ်ထဲမှာ အလကားနေ လေးနေတယ်ထင်လာပြီ။ အဝေးမှုန်နေတာကြာပြီ။  မျက်မှန်ပြန်တပ်တော့မယ်။ ရွှေဘုံသာလမ်းက အသိဆိုင်မှာလုပ်မယ်။ ဈေးပေါပေါနဲ့။

စိန်ရောင်းတဲ့ဆိုင်သွားပြီး GIA တွေရှိလားမေးမယ်။ ရှိရင် သိမ်းထားလိုက်ပါလို့ပြောမယ်။ ဝယ်တော့မဝယ်နိုင်သေးဘူး။ ထီပေါက်တဲ့အခါ မိန်းမကို ဝယ်ပေးရင်ကောင်းမလား လာကြည့်တာပါလို့ပြောရမယ်။

သတင်းစာ ၁၀ မိနစ်လောက်ဖတ်ကြည့်ရမယ်။ တီဗွီ လုံးလုံးမကြည့်ဘူး။ မိန်းမအလစ်မှာ လိုချင်တာတွေဝယ်ရမယ်။ ရေစက်ကရားတစ်ခုလည်းဝယ်ရမယ်။ ရွှေတိဂုံမှာရောင်းတယ်။ ဖုန်းလည်းမပြောဘူး။ ကိုင်လည်းမကိုင်ဘူး။ ပြောလည်းမပြောဘူး။ ဒစ်ဂျစ်တယ်ရော၊ အနယ်လော့ခ်ကိုပါ ဆန့်ကျင်ပြီး သဘာဝကျကျနေရမယ်။ ဖေ့စ်ဘွတ်ခ်လည်း မသုံးတော့ဘူးလို့စိတ်ကူးတယ်။ အခုလည်း ထွက်စို့ခေါ်ထားတယ်။ ပြန်လည်း မလာဖြစ်ဖို့များသွားပြီ။ Blog လည်း ပျော်သလောက်ရေးပြီးပြီ။ ပိုက်ဆံများများရှာရမယ့် အရွယ်ရောက်ပြီ။

နာရေးကူညီမှုအသင်းကိုလည်း နည်းနည်းလှူရမယ်။ သူတို့ခမျာဆွယ်တာထိုးတတ်တာမဟုတ်ဘူး။

ကျန်တာတွေကိုတော့ မီးစင်ကြည့်ကရမှာပဲ။ အဲဒါကို အင်းဂလစ်ခ်ျလို fire stage look dance ရမှာပဲလို့ပြန်ရင် ဘဝသစ် ဦးအောင်ကျော်ခမျာ ရင်ထုမနာတော်တဲ့ တပည့်ကောင်းကို အချစ်ပိုတော့မှာပဲ။

တော်သေးပြီ။

Regards,
Z

Notes
ရန်ကုန်သားဖြစ်ရတာကို ကျနော် သေမတတ် ဂုဏ်ယူမိတယ်။



Peace B with U.