Showing posts with label Resource Trap. Show all posts
Showing posts with label Resource Trap. Show all posts

Friday, January 24, 2014

နွားကလေးနက်ချော (Resource Trap နှင့်စပ်လျဉ်း၍)

နွားကလေးနက်ချော၊
မိဘကျေးဇူးဆပ်၊
အဲဒီတရားခဏခဏနာဖူးတယ်။
နွားတွေဟာ တရားတော်တွေထဲမှာ ဇာတ်လိုက်ဖြစ်တာများတယ်။

နက်ချောဆိုရင်လည်း နွားလားဥဿဘပေါ့။ သူက မွေးထားတဲ့ ဘွားဒေါ်ကြီးကို ကျေးဇူးဆပ်ဖို့ အမြဲတွေးသတဲ့။ ဘွားဒေါ်ကြီးကလည်း နွားကို ခိုင်းတောင်မခိုင်းဘူး။ Pet အနေနဲ့မွေးထားတာ။ မြက်တောင်မကျွေးဘူးထင်တယ်။ ဖြစ်နိုင်ရင် ကွေကာအုတ်ကို နွားနို့နဲ့ကြိုတိုက်မယ့်သဘောရှိတယ်။ ရေချိုးပေးရင် နွားရှမ်ပူသုံးပြီးချိုးပေးလိမ့်မယ်လို့ ယူဆတယ်။ ဦးချိုမှာတောင် Revlon အနီတောက်တောက်ကို ပန်းပွင့်ပုံဖော်ပြီး ဒီဇိုင်းထင်ထားမယ်ထင်တယ်။ ရှမ်ပူနံ့သင်းနေတဲ့ နွားကို နွားဟဲကုတ်တစ်မျိုးမျိုးနဲ့ သထားလောက်တယ်။ တင်ပါးမှာဆိုရင်လည်း 2PAC ကို သဘောကျတဲ့ ဘွားဒေါ်ကြီးဟာ THUG LIFE လို့ တက်တူးထိုးထားပေးနိုင်တယ်။ အမြီးမှာဆိုရင်လည်း winnie the pooh ထဲက donkey Eeyoreလို ဖဲပြားချည်ရင် ချည်ထားနိုင်တယ်။ ရင်ဘတ်မှာတော့ ရွှေဆွဲကြိုးအရှည်ကနေတွဲလောင်းကျနေတဲ့ ရွှေခလောက်နဲ့ဖြစ်မယ်။ ခလောက်အတွက်ရွှေကလည်း ၉၉၉.၉၉ ရွှေ။ သခင်ဘွားဒေါ်ကြီးက လေဒီဂါဂါကို မကြိုက်လို့သာ နွားရဲ့ နို့သီးခေါင်းတွေမှာ မီးတိပ်အမည်းတွေပါမလာတာလို့ ထင်ရတယ်။ ဝိုင်းစက်ညီညာတဲ့ နွားရဲ့မျက်လုံးကို စမုတ်ခီအိုင်းလုပ်ထားလိမ့်ဦးမယ်။ သူကိုယ်တိုင်မလုပ်ရင်တောင် ဒီဇင်ဘာနှင်းနဲ့အပ်ထားတော့ ဒီဇင်ဘာနှင်းက အလှဆင်လိမ့်မယ်။ နွားရဲ့သံခွာအတွက်တောင် သံနဲ့ရိုက်တဲ့ခွာမျိုးမဟုတ်ဘူး LV က ပရိုတွေကိုယ်တိုင် နက်ချောခြေထောက်နဲ့အညီလုပ်ထားတဲ့ သားရေခွာကို ကော်အကောင်းစားနဲ့ကပ်ထားပြီး လယ်သာပြန်အုပ်ထားတဲ့ ခွာမျိုး။ ဒီခွာကလည်း တစ်လတစ်ခါ အရောင်ပြောင်းပြီးဆင်သရတယ်။

အဲဒီနွားချောကြီးဟာ ကလေးတွေနဲ့ကစားနေတုန်း၊ ကုန်သည်လှည်တန်းက နွံအိုင်မှာနစ်သတဲ့။ လှည်းငါးရာနစ်သတဲ့။ လှည်းငါးရာဆိုရင် နွားတစ်ထောင်၊ နွားတစ်ထောင်ဆိုရင် မြင်ကောင်ရေဘယ်လောက်ရှိမလဲတော့ မတွက်ကြည့်မိဘူး။ လှည်းတွေ နွံထဲနစ်သတဲ့။ အဲဒါနဲ့အနီးအနားရှာကြည့်တော့ ကလေးတွေနဲ့ဆော့နေတဲ့ နွားချောပေါကြီးကိုတွေ့ပြီး အကူအညီတောင်းသတဲ့။ ဒီကောင်ကြီးကြည့်ရတာ သန်မာလိုက်တာ။ သူသာကူဆွဲရင် နွားလှည်းတွေ နွံအိုင်က လွတ်လောက်တယ်လို့တွေးသတဲ့။ အဲဒါနဲ့နက်ချောနဲ့ဈေးညှိသတဲ့။ အသပြာ ၁၀၀၀ ပေးမယ်လို့ညှိသတဲ့။ နက်ချောဟာ နွားဘဝမှာတင် စီးပွားရေး မာစတာဘွဲ့နဲ့ MBA ပူးတွဲရခဲ့တာဆိုတော့ ဒီဈေးဟာ ဈေးကွက်ပေါက်ဈေးထက် ရှစ်ဆယ့်တစ်ဆမြင့်တယ်ဆိုတာသိသတဲ့။

ဒီပိုက်ဆံနဲ့ဆိုရင် နွားမ ခုနှစ်ဆယ့်ရှစ်ကောင်နဲ့ ဥရောပတစ်ပတ် ပတ်လို့ရပြီလို့တွေးသတဲ့။ အဲဒါနဲ့ ဟိုဘက်ရွာမှာရှိတဲ့ လယ်ထွန်စက်ပြေးခေါ်တော့မယ့် ကလေးကို မျက်ရိပ်ပြပြီး ငြိမ်ခိုင်းလိုက်သတဲ့။

နောက်တော့ နက်ချော နွားအကောင်တစ်ထောင်နဲ့လှည်းတွေကို ဆွဲ။ တကယ်က သူဆွဲတာမဟုတ်ဘူး။ လှည်းကနွားတွေက တမင်ပျင်းလို့ ရွံ့ထဲနားနေတာ။ နက်ချောက အဲဒါကိုချော့မော့ပြောပြီး ဆက်သွားခိုင်းလိုက်တာပဲ။ ကုန်သည်ဦးစီးချုပ်ဟာ ဘုရင့်ဘဏ္ဍာရှာဖွေရေးက အမတ်ကြီးပဲတဲ့။ လှည်းတွေအပေါ်ရောက်တော့ ငါးရာပဲပေးမယ်ဆိုပြီးညစ်သတဲ့။ လမ်းဘေးမှာဆော့နေတဲ့ကလေးတွေက ငါးရာတော့မလုပ်နဲ့၊ မင်းတို့ မတရားဘူး။ ပထမပြောတော့ ၁၀၀၀ ဆို စသဖြင့်အော်ကြဟစ်ကြသတဲ့။ နက်ချောကတော့ နွားလှည်းတွေရှေ့ပိတ်ရပ်ပြီး ဒဲ့ မိုက်ကြေးခွဲသတဲ့။ အဲဒီတော့မှ ကုန်သည်ဦးစီးက ၁၀၀၀ ပေးသတဲ့။ နွားအမ်ဘီအေကို ဒီလို လှည့်စားလို့မရပါလားလို့ အသိတရားရသွားသတဲ့။

နက်ချောဟာ သခင်ဘွားဒေါ်ကြီးကို ၁၀ ပေးခဲ့ပြီး ဥရောပကို နွားမ ခုနစ်ဆယ့်ရှစ်ကောင်နဲ့ လစ်သွားသတဲ့။
ဇာတ်ပေါင်းသော် ဘွားဒေါ်ကြီးသည် မြန်မာနိုင်ငံကြီးဖြစ်လာမည့် အလောင်းအလျာဖြစ်သတည်း။ နက်ချောသည် ပြည်တွင်းတွင် မခိုင်းစားရက်၊ မသုံးရက်ထားနေရသော သယံဇာတများဖြစ်သတည်း။ (တရုတ်ပြည်သွားလိုက်၊ ဥရောပသွားလိုက်လုပ်နေတုန်းပဲ) ။ကုန်သည်ဦးစီးချုပ်သည် ဦးပိုင် အလောင်းအလျာတည်း။ နွားအုပ်စုသည် ၂၅ ရာခိုင်နှုန်းတည်း။ ဟောင်ဖွာဟောင်ဖွာ ကလေးများသည် လယ်သိမ်းခံပြည်သူများနှင့် နိုင်ငံရေး စီးပွားဖြစ်လုပ်ကိုင်သူများတည်း။ နက်ချော ကျေးဇူးဆပ်သွားသော ၁၀ သည် ဆီးဂိမ်းမှ မီးပန်းများဖြစ်လာသတည်း။

ကဲကဲ တရားသိမ်းမယ် .....။
အ လို့ ခံရတာ ဝမ်းမနည်းကြပါနဲ့။
ဒီအတိုင်းကြိုးစားသွားလိုက်ရင် နောက်ဆို နေသားကျသွားကြမှာပါ။

 Zephyr



Peace B with U.