Showing posts with label Myanmar Status. Show all posts
Showing posts with label Myanmar Status. Show all posts

Monday, December 10, 2012

အိုဘာမားလာတယ်။ ပြန်သွားတယ်။ အပိုင်း (၇)


အိုဘာမားလာတယ်။ ပြန်သွားတယ်။ အပိုင်း (၇)

What kind of country do we wanna  be?
What kind of country do we wanna leave to our kids


ဒီမေးခွန်းကို အိုဘားမားက သူ့ရဲ့ မိန့်ခွန်းတစ်ခုမှာပြောခဲ့ပါတယ်။ အခွန်တွေ ဆက်လျှော့ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီးပြောတဲ့ မိန့်ခွန်းပါ။ သူပြောတာတွေထဲမှာ ဒီတစ်ခုက ရင်ကို ထိမှန်တယ်လို့ပြောရမယ်ထင်ပါတယ်။ ကိုယ့်နိုင်ငံကိုဘယ်လို နိုင်ငံဖြစ်စေချင်လဲ။ ကိုယ့်ကလေးတွေအတွက် ဘယ်လို နိုင်ငံမျိုးဖြစ်အောင် ကြိုးစားပေးသွားကြမလဲ ဆိုတာ အင်မတန် သင့်လျော်တဲ့ မေးခွန်းဖြစ်တယ်လို့ ခံစားရပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ အတက်အကျတွေရှိမှာပါပဲ။ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေ၊ သဘာဝဘေးတွေ နဲ့ မမျှော်လင့်ထားတဲ့တွင်းထွက်သယံဇာတတွေ၊ ဒါတွေကိုကြုံတွေ့ရ၊ ခံစား/စံစားရမှာပါပဲ။ အဲဒီအချိန်တွေမှာ တိုင်းသူပြည်သားရော၊ အုပ်ချုပ်သူတွေပါ အတူတူကြုံကြရမှာ။ အဲဒါကို ကျနော်တို့သတိထားရလိမ့်မယ်ထင်တယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ semi-government လုပ်ငန်းတွေနဲ့ပတ်သက်ပြီး facebook မှာနည်းနည်းရေးဖြစ်တယ်။ အန်ကယ်ငြိမ်း (ငြိမ်းအေးအိမ်)ရဲ့ status တစ်ခုကိုဖတ်ရင်း ဦးပိုင် ရဲ့လုပ်ရပ်တွေအကြောင်းနည်းနည်းသုံးသပ်ဖြစ်ပါတယ်။ ကျနော့်အမြင်အရတော့ ဦးပိုင်စီးပွားရေးလုပ်တာဟာ အာရှနိုင်ငံတွေမှာတော့ ထူးမခြားနား ပြဇာတ်တစ်ခုလို့ပဲထင်ပါတယ်။ အခုလို လူမုန်းပိုများလာတာကတော့ ပြည်သူတွေ အဆင်မပြေချိန်မှာ၊ သိသိသာသာကြီး ကိုယ်ကျိုးရှာနေတာကြောင့်လို့ပဲထင်တယ်။ semi-government လုပ်ငန်းတွေနဲ့ အစိုးရနဲ့ဟာ ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီပါပဲ။ စီးပွားရေးအရ ပူပေါင်းပြီး လုပ်တာဟာ သိပ်ပြောစရာမဖြစ်ဘူး။ စီးပွားဖက်ကနေ အာဏာဖက်ဖြစ်လာတဲ့အခါမှာ လူမုန်းများသွားတတ်တယ်။ အစိုးရရုံးတွေလို လူများများကို အလုပ်သိပ်မရှိဘဲ ခန့်ထားတာမျိုးမှာ ကောင်းတာရော ဆိုးတာပါရှိတဲ့အတွက်၊ semi-government တွေက အစိုးရရဲ့ ဝန်ထုပ်တစ်ချို့ကို ကူသယ်ပေးနိုင်ရင် နှစ်ဦးနှစ်ဖက် အကျိုးများတာပါပဲ။
ကွေ့ရှောင်ပြီးသွားလို့မရတဲ့ပြဿနာကို တည့်တည့်ရင်ဆိုင်နိုင်ဖို့လိုတယ်လို့ထင်တယ်။ အကောင်းဆုံးတွေကို မျှော်လင့်ပြီး တစ်ခုမှ ဖြစ်မလာရင် ပိုခံစားရလိမ့်မယ်။ ဘီလူးကို ပူးသတ်တာမျိုးကြတော့လည်း မသင့်တော်ဘူးလို့မြင်တယ်။


Bottom Billion စာအုပ်မှာ Trade Policy နဲ့ပတ်သက်ပြီးတစ်ခန်းပါတယ်။ ကျနော်ရေးရမှာပျင်းပြီး ဆက်မရေးဖြစ်လိုက်ပေမယ့် အဲဒီတစ်ခုက တော်တော်လေးကောင်းတယ်။ အာဖရိက နိုင်ငံတွေ မွဲရခြင်းအကြောင်းများဟာ ကျနော်တို့နဲ့သိပ်ဆင်တူတယ်လို့ပြောနိုင်တယ်။ ဦးပိုင် ကိစ္စကနေ semi-government တွေဆီကို ရောက်သွားရာကနေ အာဖရိကဘက်ကိုပါ နည်းနည်းပတ်ပြီးကြည့်လိုက်ကြတာပေါ့။  ဘာမှမဆိုင်ဘူးလို့မပြောကြပါနဲ့။ ဆိုင်တာတွေရှိတယ်။ အခုလို ဦးပိုင်လို ကမ်ပနီတွေ အောင်မြင်နေတာဟာ ပြိုင်ဘက်မရှိလို့ဆိုတဲ့အချက်ပါတယ်။ အစိုးရအုပ်ချုပ်မှု ဖျင်းတဲ့နိုင်ငံတွေမှာ အကုန်လုံးဒီလိုပဲ။ Trade policy က မမျှတဘူး။ ကိုယ့်လူကို ကာကွယ်လွန်းတယ်။ ပြိုင်ဖက်ကင်းဖြစ်အောင် မထားတယ်။ အမျိုးသားအကျိုးစီးပွားကို ကာကွယ်သလိုလိုနဲ့ ကိုယ့်အတွင်းစည်းကလူနဲ့ ကိုယ့်ကို ပူဇော်ပသတဲ့သူကိုပဲ ကာကွယ်ပေးတယ်။ ပြိုင်ဖက်မရှိတိုးတက်အောင်ဖေးမတယ်။ စောင့်ရှောက်တယ်။ စောင်မတယ်။ မှိုင်းမကူညီတော်မူတယ်။ အဲဒီကိစ္စတွေကို မြန်မာပြည်က ပညာတတ်များလည်း သိကြပါတယ်။ ဒေါ်စုကိုယ်တိုင်လည်း အပြင်ထွက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ပြောတုန်းက Democracy-friendly ဖြစ်တာတွေလုပ်ဖို့ အပြင်ကလူတွေကိုတော့ ဆုံးမတော်မူခဲ့ပါသေးတယ်။ အတွင်းကလူတွေကိုတော့ တရားဦးမဟောရသေးဘူးနဲ့တူပါရဲ့။ ဒါကြောင့် ကျွတ်တမ်းမဝင်သေးဟန်တူတယ်လို့ ကျနော်ထင်မိတယ်။

အဲဒီ ကူးသန်းရောင်းဝယ်ရေး မူဝါဒတွေကို မကြပ်မတ်နိုင်ရင်တော့ ခရိုနီ၊ခရိုပြာ၊ခရိုစိမ်းတွေ အောင်မြင်ကြတာပဲ။ အဲဒီကိစ္စတွေကို မသိဘဲ ဝင်ဝင်ပါတဲ့ အန်ဂျီအိုတွေနဲ့ ချယ်ရတီတွေကိုကြတော့ useful idiots campaign လုပ်ကြတယ်ဆိုပြီးဖြစ်ပြန်ရော။ useful idiots ဆိုတာတော့ ကောင်းတယ်ထင်တာကို ဆော်သြသော်လည်း သူတို့ကိုယ်တိုင် ကောင်းတယ်ထင်သာထင်တယ်၊ တကယ်ရော ကောင်းရဲ့လား၊ လက်တွေ့ကျရဲ့လား မသေချာတဲ့လူစုကိုခေါ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်တယ်။ ကျနော်လည်း အဲဒီထဲမှာပါလောက်တယ်။ ကောင်းမယ်ထင်သော်လည်း လက်တွေ့မကျတာတွေ ခဏခဏရေးဖြစ်တယ်ထင်တယ်။

(Bottom Billion အပိုင်း ၁ ကနေ ၅ ကိုတော့ ဒီမှာသွားဖတ်နိုင်ပါတယ်။
1.http://www.z-thegardener.com/2009/12/bottom-billion.html
2.http://www.z-thegardener.com/2009/12/bottom-billion_29.html
3.http://www.z-thegardener.com/2010/01/bottom-billion.html
4.http://www.z-thegardener.com/2010/02/bottom-billion.html
5.http://www.z-thegardener.com/2010/03/bottom-billion.html)


EI (Emotional Intelligence) ဆိုတဲ့ Daniel Goleman ရဲ့ စာအုပ်အစမှာ ဒေါသထွက်ပုံထွက်နည်းနဲ့ပတ်သက်ပြီး အရစ္စတိုတယ်ရဲ့ ဆောင်ပုဒ်လေးတစ်ခုရေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ စိတ်ကြီး၊ကောက်ရိုးမီး မျိုးချစ်စိတ် တစ်ချက်တစ်ချက် ထထတောက်တတ်တဲ့ လူမျိုးတွေများတဲ့နိုင်ငံတစ်ခုအတွက်တော့ အသုံးဝင်နိုင်တယ်။

Anybody can become angry - that is easy, but to be angry with the right person and to the right degree and at the right time and for the right purpose, and in the right way - that is not within everybody's power and is not easy.Aristotle

မှန်ပါပေ့လို့တောင် ရေရွတ်မိတယ်။ ဒီမိုကရေစီထွန်းကားမယ့်နေရာတွေမှာက ဒီလို ပညာရှင်တွေ လမ်းခင်းသွားပြီး၊ အဲဒီလမ်းအတိုင်းလျှောက်သွားခဲ့ကြတာပဲ။
လူတိုင်း လမ်းလျှောက်ထွက်နိုင်တယ်။ ဒါက သိပ်လွယ်တယ်။ ဘယ်သူ့ကို ရည်ရွယ်ပြီးလျှောက်မှာလဲ။ ဘယ်လောက်လျှောက်မှာလဲ။ ဘယ်အချိန်လျှောက်ပြီး၊ ဘာရည်ရွယ်ချက်ထားမှာလဲဆိုတာက ခက်တယ်။ လူတိုင်းတတ်နိုင်မှာမဟုတ်ဘူး။ ဒါကမလွယ်ဘူး လို့ နည်းနည်းလေး ရွှေ့တွေးကြည့်နိုင်တယ်။

ဒေါသကြောင့်ဖြစ်ဖြစ်၊ ဆန္ဒကြောင့်ဖြစ်ဖြစ် အကောင်အထည်ဖော်လိုက်တဲ့ အပြုအမူဟာ သတိပါဖို့၊ ဥာဏ်ပါဖို့ ခက်တယ်လို့ အကြမ်းဖျင်းနားလည်မိတယ်။ ကိုယ်ထမင်းမငတ်ဖူးလို့၊ ငတ်တဲ့သူတွေကို မစာနာတာမျိုးမဟုတ်ဘူး။ ပိုငတ်သွားမှာ စိုးရိမ်တဲ့သဘောပဲ။ ပိုဒုက္ခရောက်သွားမှာစိုးရိမ်တယ်။ ဥပေက္ခာလည်းမထားနိုင်သေးဘူး။ ဒါတွေက ကိုယ့်အမျိုးတွေ။ ကိုယ့်အမျိုးတွေ ကြီးပွားစေချင်တယ်။ အနှိမ်ခံ၊ အနှိပ်စက်ခံ၊ အနိုင်ကျင့်ခံဘဝက လွတ်စေချင်တယ်။ ၁၉၄၈ မှာ လွတ်လပ်ရေးရတယ်။ အခုအထိ ကျွန် ဆက်ဖြစ်နေသေးရင်တော့ ဟန်မကျဘူး။ အဖိနှိပ်ခံဘဝဟာ ကျွန်ဘဝပဲ။ မကြောက်တရားတွေဟောသော်လည်း မွဲနေရင်တော့ သား၊သမီးနောင်ရေးအတွက် ကြောက်ရတာပဲ။ ကျန်းမာရေးအတွက် ကြောက်ရတာပဲ။ အနာဂတ်ရဲ့သွားစွယ်ကြီးကိုကြောက်ရတာပဲ။ အခြေခံစားဝတ်နေရေးပြေလည်လာရင် အကြောက်တရား နည်းနည်းလျော့သွားမယ်။ ပညာတတ်လာရင် မဆီလျော်တဲ့၊ယုတ္တိမတန်တဲ့ကိစ္စတွေကို အကြောက်ပိုနည်းသွားမယ်။ ရှင်ဘုရင်လည်းကြောက်၊ ဖော်လံဖားလည်းကြောက်ရတဲ့ဘဝ၊ မြင်ထိန်းလည်းကြောက်ရ၊ ဆင်ချေးကျုံးလည်းကြောက်ရ ဘဝက လွတ်မယ်။ အကြောက်တရားက အမျိုးသုံးထောင်ကျော်တော့ နည်းနည်းချင်းပဲ လျော့လိမ့်မယ်။ တခါတည်း မကြောက်တော့ဖို့တော့မလွယ်ဘူး။ ကိလေသာရှိတဲ့သူတိုင်း တစ်ခုမဟုတ် တစ်ခုကိုကြောက်တယ်။ ဒီဂရီပဲကွာတယ်။ နည်းနည်းကြောက်နဲ့ များများကြောက်ပဲ။

အခြေခံပညာရေးကောင်းဖို့နဲ့ စားဝတ်နေရေး ပြည့်စုံဖို့ကို သေချာလုပ်ရမယ်။ ဆင်းရဲတဲ့သူတွေမှာ ကလေးတွေ အများကြီး မမွေးဖို့၊ နည်းနည်းမွေးပြီး ကောင်းကောင်းစောင့်ရှောက်တတ်ဖို့တွေ လုပ်ရဦးမယ်။ အသက် ၇၀၊၈၀တွေကို နားနားနေနေနေနိုင်ဖို့၊ အသိုင်းအဝိုင်းက ပြန်စောင့်ရှောက်ဖို့တွေလည်း လုပ်ရဦးမယ်။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ပြန်ကြည့်တတ်တဲ့ လူငယ်တွေဖြစ်အောင် လေ့ကျင့်ပေးရဦးမယ်။ ဟီရိနဲ့သြတ္တပ္ပ နဲ့နေခဲ့ကြတဲ့ ရှေးက ဘိုးဘေးတွေရဲ့ အကျင့်သိက္ခာနဲ့ ဂုဏ်အသရေကို ပြန်လည် တည်ဆောက်ရမယ်။ ငါတို့ အမျိုးတွေဟာ မကောင်းမှုကို ရှက်ကြောက်၊ မတရားမှုကို ရှက်ကြောက်တဲ့လူမျိုး၊ မြေနိမ့်ကို လှံမစိုက်တဲ့သူမျိုး၊ မတရားသဖြင့်ရတဲ့ အခွင့်အရေးကို ယူရမှာရှက်တဲ့သူ၊ကြောက်တဲ့သူမျိုး ဆိုတာတွေကို ပြန်သင်ပေးရမယ်။ အခုက အဲဒီတန်ဖိုးတွေပါပျောက်သွားတာ။ အချောင်သမားများလာတယ်။ မသိတာကို သိဟန်ဆောင်တဲ့သူ သိပ်များလာတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့သူသိပ်များလာတယ်။ နှိမ့်ချတဲ့စိတ်နဲ့ ရိုးဂုဏ်ကို တန်ဖိုးမထားကြတော့ဘူး။ လည်သလို လုပ်စားရတဲ့သူ များလာတယ်။ လူများစု မကောင်းရင်တော့ စနစ်ပြန်ကောင်းလာဖို့ သိပ်ခက်တယ်။ အခုမကောင်းသေးသော်လည်း ကောင်းချင်စိတ်ရှိသေးရင်တော့ အောင်မြင်နိုင်တယ်။ ကောင်းချင်စိတ်၊ပြုပြင်ချင်စိတ် မရှိတော့တဲ့သူများလာရင်တော့ ဒုက္ခများတော့တာပဲ။

နိုင်ငံတစ်နိုင်ငံကြီးပွားလာဖို့မှာ ရှိနေတဲ့ လူသားရင်းမြစ်ကို ပြည့်ပြည့်ဝဝ အသုံးပြုနိုင်ဖို့က သိပ်အရေးကြီးတယ်လို့ထင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းနည်းအောင် စနစ်တကျပိတ်ဆို့ထားတဲ့ ကိုယ့်လည်ပင်းကိုယ်ညှစ်တဲ့ ပေါ်လစီတွေကို မပြင်သေးဘဲ sanction တွေကိုလက်ညှိုးထိုးနေရာက sanction လျှော့လာတဲ့အခါမှာ လက်ညျိုးထိုးစရာပျောက်သွားပြီး ဒုက္ခရောက်လာတော့ လူမျိုးရေးပြဿနာ၊ပြည်တွင်းစစ်လေးတွေနဲ့ ကုလားဖန်ထိုးနေတယ်လို့ပဲ တစ်ခါတစ်ခါထင်တယ်။ နောက်ကခိုင်းတဲ့သူကတော့ မသေဘူး။ သူတို့မိသားစုက တစ်သက်လုံးဇိမ်နဲ့နေရပေမယ့်၊ ရှေ့တန်းထွက်ရတဲ့မိသားစုကတော့ ရင်တမမပဲ။ စစ်ဆိုတာ ဖြစ်ရင် အသေအပျောက်ရှိမှာပဲ။ သူ့ဆန်စားပြီးရဲရတယ်ဆိုပေမယ့်၊ ဆန်ကလည်း ခိုးထားတဲ့ဆန်ဖြစ်တယ်။ ပိုင်ရှင်အစစ်ကိုလည်း ဆန်သူခိုးက ပြန်သတ်ခိုင်းနေတာလည်းရှိမယ်။ ဆန်သူခိုးရဲ့ဆန်ကို စားနေရသော်လည်း ဦးနှောက်ကိုသုံးခွင့်ရရင်ကောင်းတယ်။ လူဖြစ်ပြီး ဆင်ခြင်ဥာဏ်ကိုမသုံးရဘူးဆိုရင် လူ့အဖြစ်ရဲ့ မြင့်မြတ်မှုကို ပယ်စွန့်လိုက်တာပဲ။

မီးလောင်တဲ့အခါမှာ တန်ဖိုးရှိတာလေးယူပြီး လွတ်ရာကျွတ်ရာကို တရှိန်ထိုးပြေးရသလိုပဲ၊ တိုင်းပြည်ကြီးပွားဖို့ကြိုးစားတဲ့အခါမှာ အဓိကနဲ့သာမညကိုခွဲပြီး မီးလောင်နေတဲ့ အခြေအနေကို စွန့်ခွာနိုင်ဖို့ကိစ္စကို အရင်ဆုံးကြိုးစားရမယ်။ မီးလောင်နေတဲ့တိုက်ထဲက အရင်မလွတ်သေးခင်၊ စကားများ၊ခိုက်ရန်ဖြစ်နေရင် နှစ်ယောက်စလုံး မီးထဲမှာပဲသေဖို့ရှိတယ်။ နိုင်ငံက မွဲနေတာ။ ဖွံဖြိုးဆဲမဟုတ်ဘူး။ နောက်ကျနေတာ။ အောက်ကျ နောက်ကျဖြစ်နေတာ။ ချွတ်ခြုံကျနေတာ။ မီးလောင်နေတာ။ မီးလောင်နေတဲ့အထဲ မီးလောင်ဗုံးပစ်နေတော့ရော ဘာထူးသွားသလဲ။ သေသွားမှာလည်း အမျိုးတွေပဲ။ အိမ်ကြက်ချင်း၊ ယူနီဖောင်းလဲပြီးခွပ်တော့ သင်္ကန်းလည်းမီးလောင်၊ ယူနီဖောင်းလည်း ကျက်သရေယုတ်၊ အမုန်းတွေကို ထပ်ရှို့နေလို့ နိုင်ငံက တိုးတက်လာစရာမရှိဘူး။ အမုန်းတွေကို ခဏရပ်ပြီး မီးလောင်နေတဲ့ နုံချာမွဲတေမှုကနေ လွတ်အောင် အရင်အားထုတ်ပြီး ပြေးဖို့ပဲကြိုးစားသင့်တယ်။ စွန့်ခွာတယ်ဆိုရာမှာလည်း မီးလွတ်လောက်တဲ့နေရာကိုရောက်မှ နားသင့်တယ်။ မီးကူးနိုင်သေးရင် မနားအပ်သေးဘူး။ မီးဘေးဒုက္ခသည်အချင်းချင်း ခွက်စောင်းခုတ်နေလို့လည်း အပိုပဲ။ နှစ်ယောက်စလုံးနာပြီး၊ နှစ်ယောက်စလုံး မီးထဲသေဖို့ပဲရှိမယ်။ မီးလောင်နေတဲ့ ပကတိအခြေအနေကို သတိပြုမိနိုင်ကြပါစေ။ မီးလောင်တဲ့ဘေးကနေ လွတ်ဖို့ ဖြောင့်ဖြောင့်ပြေးနိုင်ကြပါစေလို့ပဲ ဆန္ဒပြုမိတယ်။

(ဆက်ရန်)

Regards,
Zephyr

(တစ်ခါက ကြက်ဥပမာ ဟာသရေးဖူးတယ်ထင်တယ်။ ကြက်မွေးမြူရေးသမားက ကြက်တွေသေကုန်လို့ တိမွေးကုဆရာဝန်ဆီသွားတယ်။ ဆရာက နည်းပေးတယ်။ အဲဒီနည်းအတိုင်းလုပ်လိုက်တာ ကြက်အကောင် ငါးဆယ် ထပ်သေသွားတယ်။ ဒါနဲ့ နောက်နေ့ဆရာဝန်ဆီထပ်သွားပြီး အကျိုးအကြောင်းပြောတယ်။ ဆရာဝန်က နောက်တစ်နည်းပေးလိုက်တယ်။ ဒီတစ်ခါတော့ အကောင် ၁၀၀ ထပ်သေသွားတယ်။ အဲဒါနဲ့မွေးမြူရေးသမားကပြောတယ်။ ဆရာရေ အကောင် ၁၀၀ တောင်ထပ်သေသွားပြီနော်။ ဆရာ့နည်းက ဟုတ်ရဲ့လား။ ဒါနဲ့ ဆရာဝန်က နောက်တစ်နည်းထပ်ပေးတယ်။ အကောင် ၂၀၀ ထပ်သေသွားတယ်။ အဲဒီတော့ မွေးမြူရေးသမားက မေးခွန်းထုတ်တယ်။ ဆရာ့နည်းတွေက ဟုတ်ရဲ့လား။ တစ်နည်းနဲ့ ၅၀ သေတယ်။ တစ်နည်းပြောင်းတော့ ၁၀၀ သေတယ်။ နောက်တစ်နည်းပြောင်းတော့ ၂၀၀ သေတယ်။ အဲဒီတော့ ဆရာဝန်ကပြောတယ်။ ခင်ဗျားမှာ ကြက်တွေကျန်သေးတယ်မဟုတ်လား၊ ကျနော့်မှာလည်း ကုထုံးတွေကျန်သေးတယ်။ ဘာပူစရာရှိလဲဗျာ ဆိုပဲ။

အဲဒီလိုပါပဲ ခင်ဗျားတို့မှာ အချိန်ရှိသေးရင်တော့ ကျနော့်မှာလည်း အိုဘာမားလာတယ်။ ပြန်သွားတယ်။ တွေရှိနေပါသေးတယ်။ )

Notes:

တစ်ချို့တွေလည်း ကျနော့်ရဲ့ အိုဘာမားတစ်ထောင့်တစ်ညကို စိတ်လေကြကုန်တယ်တူပြီထင့်။ သို့သော်လည်း Robert Frost ရဲ့ Miles to go before I sleep ဆိုတဲ့ ကဗျာစာသားလေးလို၊ လုပ်စရာရှိတာလုပ်၊ ရေးစရာရှိတာလေးကိုတော့ ရေးဦးမှလို့တွေးမိပါတယ်။ ကိုယ့်နိုင်ငံအပေါ်မှာထားတဲ့စေတနာအတိုင်းပဲ ရေးလိုက်ပါတယ်။ ငါသိ၊ငါတတ် လုပ်တာများလည်းမပါပါဘူး။ လူငယ်လူရွယ်တွေ၊ တန်ဖိုးရှိတဲ့အရွယ်မှာ တန်ဖိုးရှိတာတွေ လုပ်ချင်တဲ့သူတွေ ဆင်ခြင်ပွားများဖို့ပဲရည်ရွယ်ပါတယ်။ အုပ်ချုပ်ရေးကိစ္စတွေကို လွယ်လွယ်လေးမထင်စေချင်ဘူး။ သူ့သဘာဝနဲ့သူ ခက်တာတွေလည်းရှိလိမ့်မယ်။ ကျနော်တော့ အုပ်ချုပ်ရေးကိစ္စတွေကို နည်းနည်းမှ စိတ်မဝင်စားမိဘူး။ သို့သော်လည်း လွယ်တယ်၊ခက်တယ်လို့ မှတ်ချက်လည်းမပေးလိုဘူး။


အခုကျနော့်အသက် ၃၁ ပြည့်ဖို့ လအနည်းငယ်ပဲလိုတော့တယ်။ ဘဝမှာ တခြားသူတွေအတွက် တန်ဖိုးရှိတာ ဘာမှမလုပ်ရသေးဘူး။ အဲဒီအတွက်လည်း တစ်ခါတစ်လေ guilt နည်းနည်းရှိတယ်။ အဲဒါကြောင့် စာရေးဖြစ်တယ်လို့ထင်တယ်။ မမြင်ဖူး၊ မသိဖူးတဲ့တစ်ယောက်ယောက်အတွက် ခေတ္တခဏပျော်ရွှင်စရာ၊ စဉ်းစားစရာ၊ ငြိမ်းချမ်းစရာ အတိုအစတွေကို ကျနော် လက်ဆောင်ပေးလိုက်တယ်။ ဒါကို တစ်ချို့လည်း သဘောကျလိမ့်မယ်။ တစ်ချို့လည်း ကြိုက်ချင်မှကြိုက်မယ်။ ကြိုက်တာကိုယူ၊ မကြိုက်တာကို ပယ်ကြတာဟာ စာဖတ်သူတစ်ယောက်ရဲ့ အခြေခံလွတ်လပ်ခွင့်ပဲ။ ကျနော်ကိုယ်တိုင်လည်း ကြိုက်တာပဲဖတ်တယ်။ မကြိုက်တာဖတ်ကိုမဖတ်ဘူး။

စာရေးတဲ့အတွက် မိတ်ဆွေကောင်းတွေရလာတယ်။ စာပေကိုချစ်တဲ့သူတစ်ချို့နဲ့ ကျနော်ခင်မင်လာတယ်။ ပျင်းရိခြောက်သွေ့နေတဲ့ ကျွန်းကလေးမှာ လေးနှစ်ခွဲရှိပြီ။ ကျနော်ပိတ်မိနေတယ်။ ကမ္ဘာကြီးကို ကျနော် ဒီနေရာကနေ ဆက်သွယ်နေတယ်။ ရေးလိုက်တဲ့စာတွေဟာ ကျွန်းပေါ်မှာ သင်္ဘောပျက်ပြီးရောက်နေသူတစ်ယောက်ရဲ့ လက်ပြအော်ဟစ်သံတွေနဲ့လည်းတူနေခဲ့မယ်။ မီးဖိုနိုင်တဲ့နေ့တွေမှာ မီးခိုးနဲ့ အချက်ပြပြီး ကယ်ဆယ်ရေးသင်္ဘောကို ဆက်သွယ်ခဲ့တာတွေနဲ့လည်း တူကောင်းတူနေမယ်။ ရှိတဲ့ အနုပညာနဲ့ဧကစာရီ ဆောက်တည်နေတာတွေလည်း ပါကောင်းပါမယ်။ သုတပဲရေးရေး၊ ရသပဲရေးရေး၊ အနုပညာပါတာတွေကိုပဲ ရေးချင်တယ်။ ကျနော်သိတဲ့ အနုပညာ၊ရသခံစားချက်ပေါ်မူတည်ပြီး ပို့စ်တွေဖြစ်လာခဲ့တယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ဘဝဟာ သိပ်မကြမ်းဘူး။ သိပ်မဖြောင့်ဖြူးပေမယ့်၊ ခက်ခဲကြမ်းတမ်းတဲ့ဘဝမဟုတ်ဘူး။ အဲဒီတော့ ကျနော်ပျော်တတ်ပါတယ်။ ကျနော် ထမင်းမငတ်ဖူးဘူး။ ဆာလောင်ခြင်းရဲ့ဒဏ်ကို သိဖို့ ဥပုသ်စောင့်ကြည့်ရပါတယ်။ ကျနော့်ဘဝမှာ ချို့တဲ့တာတွေကို သိဖို့ တခြားသူတွေရေးတာတွေကိုဖတ်ကြည့်ပါတယ်။ အဆင်မပြေတဲ့သူတွေ အများကြီးရှိတာကိုတွေ့တယ်။ ကိုယ်သိထားတဲ့ အမြင်အတိုင်း လောကကြီးအကြောင်းကို လူတွေ ထင်ဟပ်ကြပါတယ်။ အနုပညာသမားတွေဟာ ပိုပြီး ပြည့်ပြည့်စုံစုံပြောတတ်တယ်ထင်ပါတယ်။ ကျနော်တို့ မဖြတ်သန်းလိုက်ရလို့ ချို့တဲ့နေတဲ့ အသိတရားကို ပြန်ပြောပြတဲ့သူတွေဆီကသိရပါတယ်။ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီကြတာ မင်္ဂလာတရားတော်နဲ့ညီတယ်လို့ခံယူပါတယ်။

ကမ္ဘာသားတစ်ယောက်အနေနဲ့တော့ ကမ္ဘာကြီးကိုချစ်ပါတယ်။ ကျနော်ရဲ့ မနက်ခင်းတိုင်းကို ကျနော်ချစ်ပါတယ်။ မနက်နိုးလာတာကို ချစ်သလို၊ အေးအေးချမ်းချမ်း အိပ်စက်ခွင့်ရတာကို ကျနော်ချစ်ပါတယ်။ အပူအပင်နည်းတဲ့ဘဝကို ကျနော်တန်ဖိုးပါတယ်။ ကမ္ဘာမှာ ကိုယ့်လောက် ကံမကောင်းသူတွေ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးပါတယ်။ အေးချမ်းတဲ့ ဘဝ၊ အေးချမ်းတဲ့အသက်တာကို ကျနော်တည်ဆောက်ပါတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့လူတစ်ယောက်ဖြစ်ရင်ကို ကျနော် ကျနော့်ကိုယ်ကျနော် ကျေနပ်မိမယ်ထင်တယ်။

မနက်ခင်းမှာ ကျနော်စိုက်ထားတဲ့ပန်းပင်တွေကို မြင်ရတာကိုလည်း ကျနော်ပျော်ပါတယ်။ မြင်နေခွင့်ရတာတွေကို ကျနော်တန်ဖိုးထားပါတယ်။ အချိန်ရတဲ့အခါ စိုက်ထားတဲ့အပင်လေးတွေကို တစ်ပင်ချင်းကြည့်ပြီး ဘာလိုနေသလဲ စစ်ဆေးရတာကို ကျနော်ပျော်ပါတယ်။ ကမ္ဘာကြီးဟာ လူသားတွေပဲနေဖို့မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ သစ်ပင်တွေနဲ့ တိရစ္ဆာန်ကလေးတွေလည်း နေဖို့ပဲလို့ ကျနော်ယူဆပါတယ်။ ခိုတွေ၊ ဆက်ရက်တွေကိုလည်း ကျနော်ချစ်ပါတယ်။ ကြောင်တွေ၊ ခွေးတွေကိုလည်း ကျနော်ချစ်တယ်။

ဆရာတော်ဦးဇောတိကက လူတိုင်းမှာလည်း ရီနေဆွန်း ရှိတယ်လို့ပြောပါတယ်။ ကျနော်ဘဝရဲ့ ရီနေဆွန်းကတော့ သုံးလေးငါးနှစ်တစ်ခါပြောင်းလဲနေတာပါပဲ။ အပြောင်းအလဲဖြစ်သွားတဲ့စိတ်ဟာ အသစ်တစ်ခုလိုပါပဲ။ စိတ်အဟောင်းနဲ့ ကျနော်မနေထိုင်နိုင်ဘူး။ စိတ်အသစ်ဟာ အတွေးအသစ်၊ အမြင်အသစ်၊ လိုအပ်ချက်အသစ်ဖြစ်နေတတ်တယ်။ ကျနော့်ကိုယ်ကျနော် နားလည်ဖို့ကို အထူးကြိုးစားပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကို နားလည်ဖို့ကြိုးစားရတာ အင်မတန်ပျော်စရာကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဘာကြိုက်တတ်သလဲသိဖို့ ကျနော် ဟင်းချက်သင်ပါတယ်။ ကိုယ်တိုင်ချက်ပြီး စားကြည့်ပါတယ်။ ဒီလိုနဲ့ အမှားတွေကိုပြင်ရင်း တစ်ချိန်မှာ ကျနော်ကြိုက်တာ ဘာလဲဆိုတာကို ဖြည်းဖြည်းချင်းသိလာပါတယ်။ ကြက်သွန်ကို ဟင်းအိုးချခါနီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်မှာ ထည့်ချက်တာမျိုးကို ကျနော်ကြိုက်မှန်း ကျနော်သိလာပါတယ်။ ဘဝမှာ ကိုယ်ကြိုက်တာ၊ ကိုယ်လိုအပ်တာ ဘာလဲဆိုတာကို သိဖို့ အချိန်ရှိတာကို ကျနော် သဘောကျပါတယ်။ အလောတကြီးဘာမှမလုပ်တာကို သဘောကျပါတယ်။ မရေရာတဲ့ အနာဂတ်ကို မပူပင်ချင်ဘူး။ ယောနိသောမနသီကာရကို များများကျင့်သုံးနိုင်ဖို့ ကျနော်ကြိုးစားပါတယ်။ အစုရှိရင် အမှုရှိတယ်ဆိုတဲ့စကားကို ငယ်ကတည်းက ကြိုက်လို့ အစုအဝေးနဲ့နေထိုင်ခြင်းကို ကျနော်ရှောင်ကြဉ်ပါတယ်။ အဲဒါကြောင့် ကျနော် ဘယ်အဖွဲ့မှာမှ အဖွဲ့ဝင်ဖြစ်မလာခဲ့ဘူး။ အဖွဲ့အစည်းရဲ့ဒဏ်ကို ကျနော်မခံနိုင်ဘူး။ သီးခြားဖြစ်တည်ရတာကိုပဲကြိုက်တယ်။ ချစ်တဲ့သူ အနည်းငယ်ရှိပြီး အဲဒီ့အနည်းငယ်ကိုပဲ တစ်သက်လုံး တန်ဖိုးထားချစ်ခင်ချင်တဲ့ လူအမျိုးအစားလည်းဖြစ်တယ်။ ချမ်းသာသူလည်းမဟုတ်ဘူး။ ဆင်းရဲသူလည်းမဟုတ်ဘူး။ ကပ်စေးနည်း တွန့်တိုသူလည်းမဟုတ်ဘူး။ ပိုက်ဆံချေးသူလည်းမဟုတ်ဘူး။ ဟန်ဆောင်ဖော်ရွေသူလည်းမဟုတ်ဘူး။ သိပ်ပြီးသည်းခံတတ်သူလည်းမဟုတ်ဘူး။ ကျနော့်အတိုင်းအတာတွေကို ကျနော်သိဖို့ အချိန်များများပေးပါတယ်။ တစ်ခါတစ်ခါ ကိုယ့်ဟာကိုယ် ဘယ်လိုလူလည်းဆိုတာ သိဖို့ တော်တော်သတိထားရပါတယ်။

ကျနော့်ဘဝမှာ အများကြီးလည်း မလိုချင်ခဲ့ဘူး။ ရတာတွေကိုလည်း ကျေနပ်မိတယ်။ နောက်ထပ်ကျန်နေသေးတဲ့ (သက်တမ်းဝက်-၁)မှာ တန်ဖိုးရှိတာတွေ ပိုလုပ်ဖြစ်ဖို့၊ quality of life မြင့်မားအောင်နေတတ်ဖို့ကြိုးစားရင်း၊ စာတွေရေးရင်း ၊ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းသွားနိုင်တဲ့သူတစ်ယောက် ဖြစ်ဖို့ပဲ ရည်ရွယ်ထားတယ်။

ကိုယ့်ကိုယ်ကို တကယ်သိဖို့ ................... အချိန်တွေလိုသေးတယ်။ ဒီဘဝမှာ မပြီးသေးတာတွေ ဆက်လုပ်နိုင်မယ့် ဘဝ၊ လားရာကတိကို ဆက်သွားဖို့ ပြင်ဆင်စရာတွေလိုသေးတယ်။ ....... ဒါတွေကိုလည်း ကိုယ့်ကိုယ်ကို သတိပေးရင်း အားလုံးကိုလည်း တခါတည်း သတိပေးလိုက်ပါတယ်။ ကိုယ့်လက်ရှိဘဝနဲ့ ဆက်သွားရမယ့် ဘဝ (သံသရာ)အတွက် ပြင်ဆင်ဖြည့်ဆည်းနိုင်သူတွေ ဖြစ်နိုင်ကြပါစေကုန်သော်ဝ်။        ။




Peace B with U.

Tuesday, December 4, 2012

အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၆)


အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၆)


D-mo or E-mo?

ခံစားချက်အသားပေးသူများအနေဖြင့် D-mo ကိုမကြိုက်ကြောင်း ခံစားချက်အရ လမ်းလျှောက်လျှောက်ရသော Emoကရေစီကိုသာ၍ သဘောကျကြောင်း ထုတ်ဖော်လာကြပါသည်။

သောင်းပြောင်ထွေလာပြွမ်းနေသော အံ့သြဖွယ် အစဉ်အလာအရ စုံစမ်းရေးကော်မရှင်ကိုပင်ဖွဲ့လုနီးနီးဖြစ်နေပြန်ပါသည်။ အံ့သြကုန်နိုင်ဖွယ်မရှိချေတကား။ ဆိုက်ကားဘီးပေါက်သွားသည်ကို မသိသော ဆိုက်ကားဆရာကိုပင် အတော်ေ-ာက်သုံးမကျဟုဆိုအပ်သည်ရှိသော်၊ လက်အောက်မှလူတစ်ယောက် ဘာခိုင်းလိုက်မှန်းသိရန် ပြန်လည်စုံစမ်းရသော သမ်မတကြီးအားလည်း ဥပေက္ခာ ဧတဒဂ်ဘွဲ့အပ်နှင်းရန် အရိမေတ္တေယျမြတ်စွာဘုရားအား နတ်ပြည်မှ ခဏလောက်ဆင်းလာစေချင်မိသည်။

မျန်မာ့နိုင်ငံရေးလောကသည်ကား ရသကိုးပါးပေါင်းစုံပါဝင်သော စွယ်စုံ ဇာတ်လမ်းကြီးဖြစ်ချေတော့သည်။ ကလေးငယ်များကို ဆန္ဒပြခိုင်းသည်မှာ ကလေးစစ်သားများကို အသုံးပြုသည်နှင့်ပင်မခြားမဟုတ်ပါလော။

သမ်မတဖြစ်ရသည်မှာလည်းမလွယ်။ နိုင်ငံရေးနတ်ဘုရားမကြီးဖြစ်ရသည်မှာလည်းမလွယ်၊ အချစ်၊အမုန်းမြန်သော အီမိုကရေစီအင်အားစုများ၏ စိတ်ကို နတ်မပင် မလိုက်နိုင်။ (သာမန်အားဖြင့် လူ့အလိုကို နတ်မ များလိုက်နိုင်သေးသည်။) ခက်သည်။ အခက်ကြီးခက်ချေတော့သည်။ မီဒီယာသတင်းများသည်လည်း စိတ်ဒုံးဒုံးချ ယုံကြည်လို့မရ။ ကိုယ့်အာဘော်လေးထည့်ထည့်ရေးကြသည်။ သတင်းအရေးအသားသည်ဆောင်းပါးမဟုတ်။ အရှိကို အရှိအတိုင်းသာမြင်စေချင်သည်ဆိုသော သီချင်းကိုများများနားထောင်ပေးသင့်သည်။

သီချင်းလေးနားထောင်ရင်း၊ ရုပ်ရှင်လေးကြည့်ရင်း ခေါင်းဆောင်ကြီးများကို လိုအပ်လျှင် လိုအပ်သလို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့်မှာကြားနေသော နိုင်ငံရေးသုခမိန်ကြီးများ၏ အဆုံးအမများသည် အားရစဖွယ်ဖြစ်ချေတော့သည်။ ခေါင်းဆောင်များအနေဖြင့် ဘုရားရှင်၏သားတော် ရာဟုလာပမာ လက်တစ်ဆုပ်စာသဲပွင့်ပမာဏမျှ အဆုံးအမကို ရလိုလျှင် ဖေ့စ်ဘွတ်ခ်သာ သုံးတော်မူကြပါလေ။ ဤနည်းဖြင့် အကြံပေးများကို လစာမဲ့ခွင့်ပေးလိုက်နိုင်ပြီဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သည် မျန်မာ့သုခမိန်များမွေးထုတ်ပေးရာ ကျောင်းတော်မဟာကြီးဖြစ်ချေသည်တမုံ့။

ရှေ့ကိုသွားနေကြပါသည်ဆိုသော်လည်း စက်ဝိုင်းပတ်ပြေးလမ်းကြီးတွင် ဘယ်တော့များ ပန်းဝင်ကြပါ့မလဲရယ်လို့ တွေးတော မျှော်မြင်နေသူတွေလည်းမနည်း။ ၂၀၁၅ ကြလျှင် အမေစု သမ်မတဖြစ်မည်ဟုထင်သူများလည်းမနည်း။ နိုင်ငံခြားသားယူထားလျှင် သမ်မတဖြစ်နိုင်ကုန်သလောဟူသော ခြင်းရာနှစ်သွယ်ကို ပြန်လည် ဆင်ခြင်ရှူမှတ်ပွားများဖတ်ရှူလေ့လာလျှင်  သုံးမိနစ်အတွင်း နိုင်ငံရေး ခန္ဓာဥာဏ်ရောက်လာနိုင်မည်ဧကန်။ မျန်မာ့ပြဿနာများကို အလွယ်ဆုံးနှင့် အထိရောက် အမြန်ဆန်ဆုံးဖြေရှင်းပေးနိုင်မည့်အရာမှာ ခေါင်းဆောင်ကောင်းများမဟုတ်၊ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များဖြင့် တိုက်ခိုက်သော တတိယ ကမ္ဘာစစ်ကြီးသာ ဖြစ်ချေတော့သည်။ အို အသင်လောက၊ အသင်လောကဟူ၍ ခုန်ပေါက် ပြေးနေဖို့သာကောင်းလေသည်။

ကြည်ညိုကရေစီမှ အီမိုကရေစီဖြစ်လာခဲ့ပြီးသည့်နောက်တွင် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လိုအပ်ချက်များကိုဖော်ထုတ်လာကြသည်ကိုတွေ့ရသည်။ လမ်းထွက်လျှောက်ရုံဖြင့် အားလုံးအဆင်ပြေလျှင် အင်မတန်ကောင်းမွန်ပါပေသည်ဟု ချီးမွမ်းရန်သာရှိချေသည်။ သို့သော် ဒိုင်ရော ထိုးသားပါ ပူဇော်ကော်ရော်လာသောအခါ ပူဇော်ခံနတ်လည်း လုပ်ရကြပ်လေတော့သည်ဟူသော ပုံပမာ အတိုင်းပင် အလှည့်ကျ ကံကောင်းခြင်းတည်းဟူသော ဒုံရင်းဘူတာသို့ ပြန်၍ တကျော့ပြန် အလည်ရောက်တော့သည်။ သမိုင်းသည် လည်ကောင်း၊ ရဟတ်ချားသည် လည်ကောင်း တစ်ပတ်လည်လေသည်။ ဝတ်ထားသောပုဆိုးပင်လျှင် မနက်နိုးလာလျှင် တစ်ပတ်လည်နေတတ်သော ခေတ်ကြီးထဲတွင် သံသရာအသေးစားတည်းဟူသော ဖြစ်ရပ်နှင့်ဖြစ်ပျက်များသည် တစ်ပတ်လည်လေတော့သည်။ ဘုရားပွင့်လာလျှင်ပင် လူတိုင်းကိုးကွယ်ကြသည်မဟုတ်။ နိုင်ငံရေးသမားများဆိုလျှင်သာတောင် အဖက်မလုပ်ကြသည့်လောကီလူ့ဘုံကြီးတွင် ငါစွဲငါမာန်တင်း၍ တင်းတင်းညှစ်ပေါက်လျှင်ပင် လေလည်သံသည် ယူဇနာရှစ်သောင်းသို့ မပြန့် နှံ့နိုင်ချေသည်တကား။  ၂၆၁၂၂၈ တစ်ခါတစ်ရံ ၂၆၁၂၂၇ ဧရိယာစတုရန်းမိုင်တွင် မီတင်းနေထိုင်ကြသော သန်းခြောက်ဆယ်၏ တစ်ယောက်နှစ်မျိုးနှုန်းဖြင့် တောင်းဆိုသော အဆိုပေါင်း သန်း ၁၂၀ ကို နေ့ချင်းညချင်း တစ်ခုစီမန်းမှုတ် ဖန်ဆင်းပေးနိုင်လျှင်ပင် အစိုးရအဖွဲ့အနေဖြင့် လိပ်ခေါင်းရောဂါဖြစ်သွားနိုင်သည်။ ဒါလေးကိုလည်း သတိပြုကြစေချင်ပါသည် ခညာလို့ ညောင်နာနာပြောသော်လည်း ကြားသူမရှိကြ။ လူတို့သည် ပြောနေစဉ်တွင်မကြား၊ ကြားနေစဉ်တွင်မပြောနိုင်၊ တစ်လှည့်စီ အ ၍ တစ်လှည့်စီ ဆွံ့ကြသူများသာ။ မည်သူမှား၊ မည်သူမှန် လေကန်နေရုံဖြင့်တော့ မည်သို့မျှထူးခြားတော်မမူနိုင်။

ဟိုလူ ဟိုလိုလုပ်၊ သည်လူ သည်လိုပြင် ညွှန်ကြားသူများသည်လည်း စေတနာကို အကြောင်းခံလျှင် သင့်ချေ၏။ ဗုဒ္ဓဘုရားမဖြစ်မီပင် ဘုရားဟုဆိုသော ဆရာကြီးခြောက်ဦးရှိသည်ကို ဆင်ခြင်သော် အတုနှင့်အစစ်သည် ၁:၆ဟု အကြမ်းဖျင်းမှတ်ယူအပ်သည်။ ကိုယ်တိုင်ပင် အမတ်ဖြစ်သော်လည်း လက်တိုလက်တောင်းပမာ လုပ်နေရရှာသော အမတ်လက်တိုများကိုလည်း စုတ်တသပ်သပ် သနားမိသည်။  ငယ်စဉ်ဘဝက ကြက်မဝပ်သော ဥမှပေါက်လာရှာသော လင်းယုန်ငှက်ပမာ ကြက်ကလေးများကဲ့သို့ အသည်းငယ်၍ သိမ်းစွန်လာတော့ ပုန်းနေရှာသလို အစွမ်းအစမှန်ကို မဖော်ထုတ်နိုင်သော အမတ်တို့သည် တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်နေသူများသာ။ လွှတ်တော်မီ၍ ကြံစုပ်သူများထက်မပို။ လွှတ်တော်ကြီးထဲတွင် ကော့မှုးအမတ်တစ်ယောက်သာ အမတ်ဖြစ်သည်မဟုတ်ဟု နည်းနည်းပါးပါး ရှက်ကြောက်စိတ်၊ မဟုတ်မခံစိတ်လေးဖြင့် လူထုအကျိုးသယ်ပိုးသော် မသင့်သလော။

စကားပြောသင်တန်း

ရဲသားများရိုင်းသည်။ ရိုင်းသူများ ရဲဖြစ်သည်။ အုတ်ကြားမြက်ပေါက်ဟု ခေါ်ဆိုအပ်သူတို့သာ ဖြစ်နိုင်၊ရောက်နိုင်၊ မျက်မှောက်ပြုနိုင်သော အဖွဲ့အစည်းကို သင်မည်သို့မျှော်လင့်ထားသနည်း။ မီးသတ်သမားများလို ၁ဝယောက်ခန့် သေဆုံး မီးငြှိမ်းပြီးမှ နာမည်ပျက်လေး နည်းနည်း ပြန်ကောင်းလာသည်ကို အားကျလျှင် ထိုနည်းတူ အနစ်နာခံ စတေးသော လုပ်ရပ်များကို လုပ်ဆောင်ပါလေ။ ဘုန်းကြီးများကို မီးရှို့ခြင်းဖြင့် အဖတ်ဆည်သည်မှာတော့ အလွဲကြီးလွဲချေတော့သည်။ ပြည်သူကျွေးတာစား၊ ပြည့်တန်ဆာဖမ်း၊ နှစ်လုံးထီသမားများကို အခွန်ကောက်၊ ရဲမှုခင်း ကင်းရှင်းကြောင်းစာထုတ်ပေး၊ ဓာတ်ဆီခိုးရောင်းသူများထံမှ ခေါင်းပုံဖြတ်၊ ထိုအရာမှအပ ရဲသားများ ဘာလုပ်ကြပါသေးသနည်း။ ကျွန်ုပ်၏ ဦးခေါင်းတွင်းမှ ရဲဆိုသည်မှာ ထိုအလုပ် ၅ ခုကို လုပ်ကိုင်သဖြင့် ပုလိပ် (police)၊ ရဲသားဟု ဖွင့်ဆိုသည်ဟု မှတ်ယူမိချေသည်။ အောက်တန်းကျသော အလုပ်ဖြစ်သည်။ မလေးရှားမှရဲများသည်လည်း ထိုနည်းလည်းကောင်း။ လခနည်းနည်း မဝရေစာလေးဖြင့် ရှင်သန်နေရလျှင် အဆင့်အတန်းနိမ့်ကျသော စိတ်ထားပိုင်ရှင်များမှာ လွယ်လွယ်ကူကူ ပျက်စီးသွားသည်မှာ ဓမ္မတာတည်း။ ပြည်သူကျွေးတာစား၍ ပြည်သူကို နှိပ်စက်လျှင် မသင့်ချေ။ လားရာကတိ အင်မတန်မှ ညံ့သောသူများဖြစ်သည်ဟုထင်သည်။ စကားပင်လျှင် လူစကားမပြောတတ်။ သနားဖွယ်အတိကောင်းလွန်းပေ၏။

လူလို စကားမပြောတတ်သူများကို အစိုးရ အမှုထမ်းအဖြစ် ခန့်အပ်ခြင်းမပြုရန် အကျွန်ုပ် Zephyr မှ သမ်မတဂျီးကို တိုက်ရိုက် တောင်းဆိုလိုပါသည်။ လိုအပ်လျှင် ရဲစခန်းမှ ထောက်ခံစာဖြင့် စီတန်းလမ်းလျှောက်ပါဦးမည်။ ဖေ့စ်ဘွတ်ခ်အခြေစိုက် မြန်မာပြည်သူလူထုကြီးအနေဖြင့် တို့သမ်မတဂျီးဟု မပြောကြတော့သည်ကို သမ်မတဂျီး အနေဖြင့် သတိပြုမိကောင်းပြုမိမည်ဖြစ်သော်လည်း အကျွန်ုပ်မှာမူ စိုသောလက် မခြောက်စေရေးမူဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် အမျိုးသမီး ရင်ကြားဖွင့်ဖော်ရေးကို တစိုက်မတ်မတ် အားပေးလာသည်နှင့်အညီ သမ်မတဂျီးကို အရင်လို ဆက်လက်ကြည်ညို ရိုသေမြဲဖြစ်ပါသည်။ လက်ရှိ လူစကားနားမလည်၊ လူလိုမပြောတတ်သော ရဲသားများကို လူစကား သင်ပေးရန်အတွက် ကော်မရှင်တစ်ရပ် အချိန်မီဖွဲ့စည်းသင့်ပါသည် သမ်မတဂျီးခင်ဗျား။


Demonstration မှသည် Democracy ဆီသို့

အတော်ညောင်းအောင် လျှောက်ရဦးမည်ဟု အကျွန်ုပ်ထင်သည်။
naturalism အရတော့ ရန်ကုန်မှ နျူယော့ခ်သို့ သွားရန် အကောင်းဆုံးနှင့် အဖြစ်သင့်ဆုံးနည်းလမ်းမှာ သဘာဝကျကျ လမ်းလျှောက်သွားရန်ဖြစ်သည်။ သို့သော် လေယာဉ်ပျံများပေါ်ပေါက်လာသောအခါ ယခင်ကပြောခဲ့သော ဘုရားသခင်ဟာ တို့တတွေကိုပျံစေချင်ရင် စကတည်းက အတောင်တွေ တပ်ပေးခဲ့မှာပေါ့ ဆိုသည့် ဆိုရိုးစကားကနေ ဘုရားသခင်ဟာ တို့တတွေကိုပျံစေချင်ရင် အတောင်ပံတွေပေးရင်ပေး၊ မပေးရန် လေယာဉ်မယ်ချောချောလေးတွေပေးခဲ့မှာ ဆိုသည့်စကားပုံသို့ပြောင်းလဲသွားသည့်အားလျော်စွာ၊ ခေတ်နှင့်ဆီလျော်သော နည်းနာများပြောင်းလဲကျင့်သုံးသွားလျှင် naturalism fallacy ထဲလည်း မကျ၊ ဒီမိုကရေစီလည်းရဖြစ်ပြီး သားရွှေအိုးထမ်းလာတုန်း ရွှေဈေးတက်နှင့်ကြုံသလိုဖြစ်ချေတော့မည်။ ထိုသို့မျှမဟုတ်ဘဲ၊ တစ်ခါလာလည်းလမ်းလျှောက်၊ တစ်ခါလာလည်း လမ်းလျှောက်ဆိုလျှင်တော့၊ catwalk ဒီမိုကရေစီသာရမည်ဟု ထင်မိပါကြောင်း၊ သာမန်လူ၊ အပြိန်းသက်သက်၊ လမ်းပေါ်ကလူ၏ ယျေဘူယျထင်မြင်ချက် နှစ်ပြားကို ထည့်ဝင်မိလေတော့သည်တကား။           ။


(ဆက်ရန်ပါတဲ့ခင်ဗျာ)

Regards,
ရိုးရာနတ်ရော နတ်နိုင်ငံရေးနတ်ဘုရားများပါ ကိုးကွယ်ယုံကြည်ရန် ရိုးရိုးသားသား ပျင်းရိသူတစ်ဦး။



Peace B with U.

Saturday, December 1, 2012

အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၅)


အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၅)

အခါတပါးက ရဟန်းတစ်ပါးဟာ ဗုဒ္ဓရဲ့ သပိတ်ကို သယ်ပေးရင်း ခရီးတစ်ခုနှင်တယ်။
သာယာတဲ့တောအုပ်တစ်ခုရောက်တော့ အရှင်ဘုရား တပည့်တော် ဒီမှာ တရားအားထုတ်ပါရစေဆိုပြီး ခွင့်တောင်းတယ်။

ဘုရားက မသင့်သေးဘူးဆိုတာကို သိတော့ တားတယ်။
တားတော့ ရဟန်းက တော်တော်လေး နားထောင်ရှာတယ်။
ရော့ အင့် အရှင်ဘုရား သပိတ် .... ယူပြီးသာ ကြွတော်မူပါ။ တပည့်တော်ကတော့ ဒီမှာပဲ တရားအားထုတ်ပြီးနေရစ်မယ်ဆိုပြီး နေရစ်တယ်။
တရားမရဘူး။ အာရုံတွေမှာ ကိလေသာထူထပ်နေတယ်။ (အရင်ဘဝက အဲဒီတောအုပ်နေရာမှာ ဘုရင်ဖြစ်ခဲ့ပြီး ကာမဂုဏ် ချမ်းသာတွေခံစားခဲ့တဲ့အတွက် အရိပ်အယောင်တွေက ပြန်နှောက်ယှက်တဲ့သဘော)
အဲဒီတော့မှ ဘုရားဆီပြန်လိုက်သွားတယ်။

ရဟန်းတွေဟာ တခါတခါ အင်မတန်ရိုးတယ်။ သိတဲ့သူပြောရင် တစ်ခါတစ်ခါ လက်ခံဖို့ခက်တယ်။
ညာချင်တဲ့သူတွေက ရဟန်းတွေကို ညာကြတာပဲ။
ရဟန်းတွေရဲ့ စေတနာကို ညာကြတာပဲ။
မြှောက်ပေးတဲ့သူတွေကတော့ ဘယ်တော့မှ မသေဘူး။
ရဟန်းတွေကို အသုံးချပြီး နိုင်ငံရေးလုပ်တာ နည်းနည်းမှမကောင်းဘူး။

တစ်ချို့နိုင်ငံရေးသမားတွေက ရဟန်းတွေကို ဝန်းရံကာကွယ်ကြဖို့ စိတ်ကူးပြီးလုပ်တာမဟုတ်ဘူး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဒီတော်လှန်ရေးကြောင့် အရိုးတွေတောင်လိုပုံမယ်ဆိုရင် ဘုန်းကြီးတို့အရိုးတွေ အောက်ဆုံးမှာရှိနေစေရမယ်ဆိုပြီး ပြောတာကြားဖူးတယ်။ လူလည်တွေကတော့ ဘုန်းကြီးတွေရဲ့ အရိုးငှားပြီး တောင်လိုပုံအောင်လုပ်တယ်လို့ထင်တယ်။ စေတနာမှန်တဲ့သူတွေရဲ့ ရိုးသားတဲ့ ဒီမိုကရေစီပဲမြင်ချင်တယ်။ လူလည်ကြီးတွေရဲ့ အသုံးချလွန်းတဲ့ ဒီမိုကရေစီမမြင်ချင်ဘူး။

ဘုန်းကြီးတွေ သတ်တဲ့နိုင်ငံဖြစ်ရတာ ဘယ်လောက်ရှက်စရာကောင်းသလဲဆိုတာ လူတိုင်းသိနိုင်တယ်။ ခွေးမြီးကောက်ကတော့ ဘယ်တော့မှ မဖြောင့်ဘူး။ လေသံပြောင်းသွားသော်လည်း စိတ်ဓာတ်နဲ့လုပ်ရပ်က အရင်နဲ့ထူးမခြားနားဘဲ။ ဒီလိုလူတွေကို လူ့အသိုင်းအဝိုင်းက ပစ်ပယ်သင့်တယ်။ ရဲတွေ၊ စစ်သားတွေထဲမှာ ကောင်းတဲ့၊ လူစိတ်ရှိသေးတဲ့သူတွေက ဒီလို အကြမ်းဖက်တာတွေကို ကန့်ကွက်သင့်တယ်။ အုတ်ရောရော၊ ကျောက်ရောရောထဲ အပါမခံသင့်ဘူး။ မကောင်းတဲ့သူတွေကို ဖဲကြဉ်ထားရမယ်။ လက်နက်နဲ့ညှင်းပမ်းတဲ့ အောက်တန်းကျတဲ့အကျင့်ကို မဖျောက်နိုင်ရင် နောက်ကြောင်းပြန်မလှည့်တော့ဘူးဆိုတဲ့ စကားဟာ အင်မတန်ပေါတဲ့စကား ဖြစ်နေတော့မှာပါပဲ။

စစ်သားတွေ၊ ရဲတွေ စားနေတဲ့ ထမင်းတွေဟာ လူထုဆီက ရလာတဲ့ အခွန်၊ လူထုဆီက စီးဆင်းလာတဲ့ ဝင်ငွေနဲ့ ပြန်ပေးထားတဲ့ လစာပဲ။ ဒါကို အစိုးရပေးတယ်လို့ မထင်ပါနဲ့။ အဲဒီလို ထင်တဲ့သူတွေပဲ ခွေးစိတ်မပျောက်ဖြစ်နေတာပါ။ လူစိတ်ရှိတဲ့သူက ကိုယ့်နိုင်ငံသား၊ ကိုယ့်ကျေးဇူးရှင်တွေကို စကားနဲ့တောင်မစော်ကားသင့်ဘူး။ လူစုခွဲတာကို မှန်တယ်မှားတယ်မပြောလိုပါဘူး။ ကျိုးကြောင်းဆီလျော်တဲ့ အဖြေဆိုရင် နှစ်ဘက်စလုံးက လက်ခံနိုင်မှာပါပဲ။ အနိုင်အထက်တွေကို မုန်းတီးလို့ ဆန့်ကျင်တိုက်ထုတ်ခဲ့ကြပါပြီ။ တစ်တိုင်းပြည်လုံးလည်း ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍအသီးအသီး ချွတ်ခြုံကျခဲ့ပြီးပါပြီ။ ဒါမျိုးထပ်ဖြစ်ချင်စေတဲ့သူတွေများ ရှိနေသလား သံသယဝင်မိတယ်။

အခုလုပ်ရပ်ဟာ အာဏာဟာ ရှိသင့်သူ လက်ထဲမှာ တကယ်ရှိရဲ့လား၊ အရင်လိုပဲ နိုင်ထက်စီးနင်း မင်းမဲ့စရိုက်တွေ ထွန်းကားနေတုန်းပဲလားဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ရဟန်းတွေရဲ့ပုံတွေဟာ အတုတွေလို့ဆိုမှာလား။ အရင်လို အင်တာနက်မရှိခင်ကတည်းက သတင်းပျံ့နှံ့နှုန်းမြန်ခဲ့တာ၊ အခုလိုခေတ်ကြီးထဲမှာ ဆင်သေကောင်ကို  ဘာနဲ့ဖုံးဖုံး မလုံတော့ဘူးဆိုတာ သိနေကြမှာပါပဲ။ အလိမ်တစ်ခုဟာ ဆက်လိမ်နေရင် မပြီးတော့ပါဘူး။ လိမ်ညာသူဟာ နာမည်ပျက်ရတာပါပဲ။ အစိုးရလက်အောက်က လက်နက်ကိုင် အင်အားစုတွေကို ခွေးရူးတွေလို ပရမ်းပတာ ဖြစ်အောင်လုပ်နေရင် ဘယ်တော့မှ မငြိမ်းချမ်းပါဘူး။ ထစ်ခနဲရှိ လက်နက်နဲ့ ဖြေရှင်းပစ်လိုက်မယ်ဆိုတာ အင်မတန်အောက်တန်းကျတဲ့ နည်းလမ်းပါပဲ။

လူရှိရင် ပြဿနာရှိတယ်။ လူမရှိရင် ပြဿနာမရှိဘူးဆိုတဲ့ အာဏာရှင်တွေရဲ့ အတိုက်အခံကို အစဖျောက်နည်းကို ဆက်လက်ကိုင်စွဲနေတာ အင်မတန်မှ မှားယွင်းပါတယ်။ လက်နက်မဲ့ပြည်သူတွေကို ကြောက်စေချင်တာလား။ ပြည်သူလူထုရဲ့ အင်အားကို တကယ်မယုံကြည်တဲ့သဘောလား။ ခိုင်းတိုင်းလုပ်ရအောင် အသိဥာဏ်ရှိတဲ့လူတွေမဟုတ်ဘူးလား။ အကုသိုလ်အလုပ်နဲ့ အသတ်မွေးရတာထက် ငတ်သေတာ သာပြီးမြတ်တယ်ဆိုတဲ့ မဟာပုရိသတို့ရဲ့ ထုံးနဲ့ မနေရဲကြတဲ့ အင်မတန် အောက်တန်းကျတဲ့ ယောကျာ်းညံ့ ယောကျာ်းဖျင်းတွေသာ ဒီလိုအလုပ်မျိုး ဆက်လုပ်သင့်တယ်။

သတိနဲ့ပညာ စေတသိက်တွေဟာ ယှဉ်ပြီးဖြစ်တယ်။ သတိမပါရင် ပညာမဖြစ်ဘူး။ ရှေ့ကိုသွားမှာလား၊ ရှေ့ဆက်တိုးရမှာကို ကြောက်နေမှာလား။ နိုင်ငံထဲက လူတစ်စုကတော့ အပြောင်းအလဲကို ကြောက်နေတယ်။ တစ်ချိန်ကရှိခဲ့တဲ့ အာဏာလေးကို ယစ်မူးနေတယ်။ နိုင်ထားရတာလေးကို ကြိုက်နေသေးတယ်။ တန်းတူဆက်ဆံဖို့ကို သိပ်ကြောက်နေတယ်။ အမှားတွေဆက်တိုက်လုပ်ထားတော့ တစ်ခုခုပေါ်သွားမှာကြောက်တယ်။ ကြောက်တဲ့သူဟာ အန်မတန် အန္တရာယ်များတယ်။ သူ့ကိုယ်သူ ကာကွယ်ဖို့  သူတတ်နိုင်သမျှနည်းနဲ့ လုပ်တော့မှာပဲ။ လက်နက်မဲ့ဘုန်းကြီးကို မီးလောင်ဗုံးပစ်တဲ့သူဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအချင်းချင်း ပြေလည်ချင်ပါတယ်ဆိုတာကတော့ အင်မတန်ယုံရခက်ကြီးပါပဲ။ နိုင်ငံထဲ ခိုးဝင်လာတဲ့သူတွေကိုတောင် ဒီလောက် ပြင်းပြင်းထန်ထန်မဆက်ဆံဘဲ အခုမှ ဒီလို ထလုပ်တာကို သေချာစဉ်းစားကြည့်သင့်တယ်။ ဦးပိုင်ကို အထိမခံနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးများအကျိုးစီးပွားကို မြန်မာအစိုးရအစဉ်အဆက်ဟာ သိပ်ကို ကာကွယ်ခဲ့ကြတာလည်း အမှန်ပဲ။

လက်နက်ကိုင်တွေအပေါ် သြဇာညောင်းသူတွေအနေနဲ့လည်း သဘောထားမကြီးနိုင်မယ့်အတူတော့ ၂၀၁၅  မတိုင်ခင် အာဏာပြန်သိမ်းဖို့ကြိုးစားသင့်တယ်။ လူတွေကို နှိပ်စက်ဖိနှိပ်ပြီး ကိုယ်ကျိုးရှာရတာက ဒီမိုကရေစီထက်တော့ ပိုက်ဆံပိုရမှာ အမှန်ပဲ။ တစ်လမှာ ဒေါ်လာ ၂၀၀လောက် လုပ်ခရဖို့ တောင်းဆိုတာကိုတောင် လောဘကြီးတယ်မှတ်နေတဲ့သူတွေအနေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့မတန်ဘူး။ ဒေါ်စုကို ရှိခိုးရုံနဲ့ ဒီမိုကရေစီရမယ်ထင်နေတဲ့သူတွေနဲ့လည်း ဒီမိုကရေစီဟာ မတန်ဘူး။ တိုင်းပြည်ခေါင်းဆောင်ဖြစ်နိုင်တဲ့ လူတော်တွေ ပါဝင်ခွင့်မရတဲ့ အစိုးရအဖွဲ့ကို ဆက်လက်ယုံကြည်နေစရာ ဘာအကြောင်းမှမရှိဘူး။ လိမ်ညာဖြီးဖြန်းနေတဲ့ ခြင်္သေ့မင်းဟာ သတ်သတ်လွတ်စားမယ်ဆိုတာ ဗိုက်မဆာခင်အချိန်လေးကို ဆိုလိုတာလို့ လူတိုင်းနားလည်သင့်ပါပြီ။

နောက်ဆုံးတော့လည်း တန်ရာ တန်ရာဆိုတာနဲ့ပဲ ဇာတ်သိမ်းကြရမယ့်ပုံရှိတယ်။ ဆရာဇော်ဂျီက သူ့သမီးလေးအကြောင်းရေးတဲ့အထဲမှာ လွတ်လပ်တဲ့ခေတ်မှာ သခင်အဖြစ်မွေးလာတယ်ဆိုတာလေးကို တမြတ်တနိုးရေးတာဖတ်ဖူးတယ်။ သူတို့ခေတ်၊ သူ့အဖေခေတ် ကိုလိုနီဘဝမှာ ကျွန်လူမျိုးတွေလို အနှိမ်ခံစိတ်နဲ့ ရှင်သန်ခဲ့ရတာမျိုးမရှိတော့တဲ့ သခင်အစစ်တွေဆိုပြီး သူကြည်နူးနေတာ။ အဲဒါလေးကို ကျွန်တော်သိပ်ကြိုက်တယ်။ ကျနော်တို့တတွေဟာ လွတ်လပ်တဲ့နိုင်ငံတော်မှာမွေးလာတဲ့ မျိုးဆက်တွေ၊ အတွေးအခေါ်ရော အသိဥာဏ်ပါ ပြည့်ဝတဲ့မျိုးဆက်တွေ၊ လွတ်လပ်ခြင်းနဲ့ မျှတခြင်းကို အသွေးအသားထဲက မြတ်နိုးလေးစားတဲ့ မျိုးဆက်တွေ၊ ဒီလိုခေတ်မှာမှ ဒီလို ယုတ်မာနိမ့်ကျတဲ့ လက်နက်ကိုင်အကြမ်းဖက်ချင်သူတွေကို မဖယ်ရှားနိုင်ရင် နောက်လာမယ့် ကျနော်တို့သားမြေးတွေတွေအတွက် တာဝန်မကျေတဲ့မျိုးဆက်ဖြစ်နေမှာပဲ။ တတ်နိုင်တဲ့နည်းနဲ့ဆန့်ကျင်ရမယ်။ အကြမ်းဖက်မှုကို အောက်တန်းကျတယ်ဆိုတာကို လက်ခံတဲ့လူတိုင်းဟာ စိတ်ထဲက စကားကို ထုတ်ပြောရမယ်။ လွတ်လပ်စွာပြောဆိုခွင့်ဟာ လွတ်လပ်တဲ့နိုင်ငံတိုင်းမှာရှိတယ်။ ကောက်ရိုးမီးတွေလို ဝုန်းခနဲတက်၊ ဝုန်းခနဲကျတတ်တဲ့ ဓလေ့ဆိုးတွေကိုပြင်ပြီး၊ တရားမျှတမှုကို တစ်သက်လုံး သတိရှိရှိ ကျင့်သုံးရပ်တည်ကြရမယ်။ အခုလိုရေးနေတာဟာ ကျနော့်ရဲ့ လက်နက်ကိုင်အကြမ်းဖက်မှုကို စက်ဆုပ်ရွံရှာတယ်ဆိုပြီး ကြေငြာတာပါပဲ။ စာပဲရေးတတ်တဲ့အတွက် စာပေနဲ့ အားဖြည့်ပြီး ဆန့်ကျင်တဲ့သဘောပဲ။ လူတွေကိ အမြဲညာလို့မရဘူး။ ဒါကို တစ်ခါရေးဖူးတယ်။ အေဗရာဟင်လင်ကွန်းကပြောတယ်။ လူနည်းနည်းကို အမြဲလိမ်ထားလို့ရတယ်။ လူအများကြီးကို ခဏလောက် လိမ်ထားလို့ရတယ်။ ဒါပေမယ့် လူအများကြီးကို အကြာကြီးလိမ်ထားလို့မရဘူးတဲ့။ နိုင်ငံတစ်နိုင်ငံမှာ သန်း ၆၀ ဝန်းကျင်ကို ဘယ်လောက်ကြာကြာ လိမ်ညာနိုင်မယ် ထင်နေလဲတော့မသိဘူး။

ရှေ့ပိုင်းမှာ အကျိုးစီးပွား သိပ်မထိခိုက်စေတာတွေမှာ စီတန်းချင်စီတန်း၊ လမ်းလျှောက်ချင်လမ်းလျှောက်ဆိုပြီး ဒီမိုကရေစီရဲ့တန်ဖိုးတွေကို ပေးထားခဲ့ပေမယ့် အခုလို ကိုယ့်စီးပွားလာဖျက်တာမျိုးကိုတော့ သည်းမခံတဲ့သဘောဟာ လူယုတ်တွေရဲ့ သဘောအမှန်ပါပဲ။ ဥပဒေကြောင်းအရ ဒီလို မဆင်မခြင်နှိမ်နင်းခိုင်းတဲ့သူကို သေဒဏ်ပေးလို့ရနိုင်မလား။ မရနိုင်သေးရင် အဲဒီ ဒီမိုကရေစီဟာ တယ်မဟန်ဘူး။ အပြစ်လုပ်သူ၊ ကောက်ကျစ်သူ၊ စိတ်ထားမမှန်သူတွေ လွတ်နေသေးတယ်။ ငရဲခွေးတွေကို အိမ်မွေးသတ္တဝါတွေလို မသွန်သင်နိုင်ဘူး။ ဥပဒေအထက်မှာ သူတို့ရှိနေသေးတာအမှန်ပဲ။ ဒါကို ဝေ့လည်ကြောင်ပတ်တွေ ပြောနေသေးရင် ပညာတတ်တွေရဲ့ရှေ့မှာ သာတောင် အရုပ်ဆိုးတော့မှာပါပဲ။

ကျွန်တော်တို့ဘာလိုချင်တယ်ဆိုတာ ကျွန်တော်တို့သိကြရမယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းအောင် ပြည်သူလူထုရော အစိုးရပါ ခြေလှမ်းညီညီသွားတဲ့ စနစ်ပဲလိုအပ်တယ်။ ပြည်သူလူထုကို ဂုပ်ခွစီးမယ့်သူတွေမလိုဘူး။ လက်နက်ပြ ပေါ်တာဆွဲမယ့်သူတွေမလိုဘူး။ အဲဒီလူတွေဟာ ပြည်သူတွေကျွေးတာစားပြီး ပြည်သူတွေတစ်လှည့် ဘုန်းကြီးတွေ တစ်လှည့်သတ်ဖို့လောက် အာရုံကျတဲ့သူတွေ။

ရင်းမြစ်ပြည့်စုံတဲ့ နိုင်ငံတစ်နိုင်ငံ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ နိုင်ငံတကာအကူအညီတောင်မှ သိပ်အများကြီးမလိုဘူး။ စတင်ချိန်မှာ နိုင်ငံသားတိုင်း လုံလောက်တဲ့ တစ်ဦးချင်းဝင်ငွေရဖို့အဆင့်အထိလောက်ပဲ နိုင်ငံတကာ အကူညီနဲ့ လာရောက်မြုပ်နှံမယ့်သူတွေ လိုအပ်တယ်။ စက်ဘီးစီးသင်သလို ပထမမှာ အထိန်းအကွပ်အနေနဲ့ လိုက်တွန်းပေးမယ့်လူလိုတယ်။ တစ်သက်လုံးလိုနေမှာတော့ မဟုတ်ဘူး။

ကြားပွဲစားနေရာကို ယူထားသူတွေရဲ့ အန္တရာယ်ကို မီးလောင်ဗုံးက လှစ်ဟပြလိုက်ပါပြီ။ လာရောက်မြုပ်နှံတဲ့ကုမ္ပဏီက ပေးသင့်ပေးထိုက်တာတွေ ပေးပြီးတာကို ကြားက ဖြတ်ခုတ်ထားလို့မကျေနပ်တာလားဆိုတဲ့ ကိစ္စတွေကိုလည်း ရှင်းရှင်းလင်းလင်း သိရတော့မယ်လို့ ထင်မိပါတယ်။ အရင်လို အာဏာကို လိုတရသုံးနေပြီး အလွဲသုံးစားလုပ်နေတာတွေဟာ အခုအချိန်မှာ မဆီလျော်တော့ဘူးဆိုတာ သူတို့တွေသိနိုင်မှဖြစ်မယ်။

ခေါင်းဆောင်တွေရဲ့ အယူအဆကတော့ အမြင်၊ အတွေးအခေါ်မတူညီတဲ့ဘက်နှစ်ဘက် ညှိနှိုင်းပြီး လမ်းကြောင်းမှန်ကို ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်တပ်အပ်အားဆိုတဲ့ အင်အားတစ်ရပ်ရှိပြီး တစ်ဖက်မှာက ပြည်သူ့အင်အားဆိုတဲ့ အင်အားတစ်ရပ်ရှိပါတယ်။ ဒီအင်အားနှစ်ရပ်ကို ချိန်ခွင်လျှာညှိနိုင်မှ တိုင်းပြည်လည်း တိုးတက်မယ့် လမ်းကြောင်းကို ဖြောင့်ဖြောင့်သွားနိုင်မှာပါ။ အခုအချိန်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ဒီ Transition မှာ သိပ်လောကြီးလို့မရဘူးဆိုတာကိုလည်း လက်ခံပါတယ်။ အမြစ်စွဲနေတဲ့ အနာတစ်ခုကို ချက်ချင်းပျောက်စေလုပ်လို့မဖြစ်နိုင်မှန်း ကျွန်တော်တို့ လက်ခံရပါမယ်။ ၂၀၁၅ မှာလည်း အရပ်သားစစ်စစ် အစိုးရသမ္မတဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ သမ္မတဘယ်သူဆိုတာထက် သူဘယ်လို compromise လုပ်ပြီး ဆက်သွားမလဲဆိုတာကို ပိုပြီးကြည့်သင့်တယ်။ အင်အားနှစ်ရပ်ကို ချိန်ညှိခြင်းဟာ အနုပညာတစ်ရပ်ပါပဲ။ ကာကွယ်ရေးအင်အားစုရဲ့တန်ဖိုးကို အုပ်ချုပ်ရေးရဲ့ ကဏ္ဍတွေမှာ စနစ်တကျ ထည့်သွင်းနိုင်ဖို့ကိုလည်း အဖြေရှာရမယ်လို့ထင်ပါတယ်။ အားလုံးက ဒီမိုကရေစီသွားမယ်။ စစ်တပ်က စစ်တန်းလျားပြန်ဆိုပြီး တစ်ခါတည်း လုပ်လိုက်လို့ရမယ်လို့မထင်ပါဘူး။ အဲဒါဆိုရင် စစ်တပ်က လက်ရှိ အင်အားကို အသုံးပြုပြီး ရလဒ်ကို ငြင်းဆန်ဖို့ကြိုးပမ်းတော့မှာပါပဲ။ ၈၈မှာ ဒါမျိုးခပ်ဆင်ဆင်တစ်ခုကြုံပြီးပါပြီ။ တစ်နိုင်ငံလုံး မဲနိုင်သော်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီနည်းလမ်းက မှန်တယ်၊ မှားတယ်ဆိုတာတွေကိုတော့ အကျယ်အကျယ် မငြိမ်းဖွယ်မပြောလိုပါဘူး။ reconciliation ရဲ့ကောင်းချက်တစ်ခုကတော့ အင်အားကြီးအဖွဲ့အစည်းက overthrow ပြန်မလုပ်အောင် အနုနည်းနဲ့ဖော်ဆောင်နိုင်ခြင်းလို့မြင်တယ်။ တကယ်လို့ reconciliation အောင်မြင်အောင်လုပ်မယ်ဆိုရင် ပြည်သူလူထုအနေနဲ့ mature ဖြစ်ဖို့လိုပါတယ်။ discipline ရှိရပါမယ်။ တစ်ဖက်ကလည်း စစ်တပ်ကို သြဇာတကယ်ညောင်းတဲ့သူတစ်ယောက်လိုပါတယ်။ ဒီလိုနဲ့ ၁၀ နှစ် ၁၅ နှစ်ကြာလာတဲ့အခါ စစ်တပ်ရဲ့တာဝန်၊ အမတ်ရဲ့တာဝန်ဆိုပြီး သတ်သတ်မှတ်မှတ်ဖြစ်လာတဲ့အခါကြရင် overthrow ဖြစ်နိုင်တာနည်းသွားမယ်လို့ယူဆကြတယ်။

ရွှေထီးဆောင်းခဲ့ချိန်က နိုင်လိုမင်းထက် အပြုအမူတွေ ဆက်လုပ်နေတဲ့သူတွေရဲ့ အခန်းကဏ္ဍကတော့ မှေးမှိန်ပျောက်ကွယ်သွားရမှာပါ။ အခုလို ဖြစ်ရပ်တွေဟာ အင်မတန် ဝမ်းနည်းစရာကောင်းသလို နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လာရင် ကြုံရမယ့် အဖျက်အမှောက်တွေထဲက မလွဲမသွေကြုံရမယ့် ဆန့်ကျင်မှုတစ်ရပ်လည်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ရဟန်းတွေရဲ့ အသက်နဲ့ရင်းပြီးဖော်ထုတ်လိုက်နိုင်တဲ့ ဝိသမလောဘသမား အာဏာအလွဲသုံးစား လက်ကျန်အင်အားစုရဲ့ အန္တရာယ်လို့လည်းဆိုနိုင်တယ်။ ဒီမိုကရေစီလမ်းကြောင်းကတော့ အင်မတန်ရှင်းတယ်။ တစ်ဖက်က လက်ဆွဲနှုတ်ဆက်နေရင် လက်သီးဆုပ်ကြီးနဲ့တုံ့ပြန်လို့မရဘူး။ လက်သီးဆုပ်ကိုဖြေချရမယ်။ မဖြေနိုင်သေးရင် ဒီလမ်းကြောင်းက ဆက်သွားလို့မရဘူး။ အကြမ်းဖက်တာဟာ မယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုး၊ အခု ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာတော့ အကြမ်းဖက်မှုဟာ တန်ဖိုးမဟုတ်တော့ဘူး။ ပယ်ရမယ့် တရားဖြစ်သွားပြီ။ ဒါကို ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံသားတွေ၊ ရဟန်းရှင်လူတွေက ငြိမ်းချမ်းစွာ ဆန့်ကျင်ပါလိမ့်မယ်။ အမှားတွေ ထပ်မမှားဖို့လိုပါတယ်။ ဆရာစိုင်းခိုင်းလိတ်ရဲ့ အမှားဟောင်းဆက်မမှားဖို့ဆိုတာလေးက ဒီနေရာမှာ သိပ်တာသွားတဲ့ စကားလုံးပါပဲ။ reinvent the wheel ဖြစ်နေရင် အချိန်ကြာမယ်။ နှောင့်နှေးကုန်မယ်။ နိုင်ငံက သိပ်ချမ်းသာနေတာမဟုတ်ဘူး။ မွဲနေတာ။ တိုင်းပြည်က လူတွေရသင့်တဲ့ အကျိုးအမြတ်တွေ၊ အခွင့်အလမ်းတွေပွင့်လန်းလာဖို့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းလိုတယ်။ ငြိမ်းချမ်းမှ ယုံကြည်မှုကို တည်ဆောက်နိုင်မယ်။ မဟုတ်ရင် အဆိုးသံသရာ vicious cycle ထဲမှာ တဝဲလည်လည်ဖြစ်နေမယ်။

တစ်ချို့တွေ တရုတ် company ကိုမုန်းကြတာတွေ့တယ်။ တစ်ကယ်မုန်းသင့်တာကတော့ သမာသမတ်မကျတဲ့ စနစ်တွေ၊ နိုင်ငံအတွက် အကျိုးမရှိတဲ့ စာချုပ်တွေကိုလို့ ကျွန်တော်ထင်တယ်။ ဘယ်နိုင်ငံနဲ့ပဲလုပ်လုပ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို အကျိုးရှိစေတာမျိုးပဲဖြစ်စေချင်တယ်။ တစ်ဖက်က အသားချည်းပဲစားပြီး ကိုယ့်နိုင်ငံက အရိုးလောက်ကိုက်ရမယ့် ဘယ် ပရောဂျတ်မှ မလုပ်ဖို့၊ လုပ်ပြီးသားတွေကို စာချုပ်သက်တမ်းဆက်မတိုးဖို့ လုပ်ရမယ်လို့ထင်တယ်။ နည်းပညာအကူအညီလောက်ယူပြီး ပြည်တွင်းကလုပ်ငန်းရှင်တွေ ထုတ်နိုင်ရင်လည်း ပိုပြီးကောင်းမယ်လို့လည်းတွေးကြည့်မိတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာရင် အားလုံးအတွက် အကျိုးရှိတာပါပဲ။ မျှတတဲ့ အတွေးအခေါ်နဲ့ လာပြီး မြုပ်နှံချင်တဲ့သူတွေများများလိုတယ်။

ဒီpost မှာတော့ အကြောင်းအရာတွေ နည်းနည်းထွေပြားနေတဲ့အတွက် အနှစ်ချုပ်အနေနဲ့ ကျွန်တော် သုံးခုပြန်ပြောချင်ပါတယ်။
၁။ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့ လူ့အဖွဲ့အစည်းဖော်ဆောင်ဖို့
၂။စည်းကမ်းပြည့်ဝပြီး ရင့်ကျက်တဲ့ ပြည်သူလူထုဖြစ်လာဖို့
၃။တိုင်းပြည်အကျိုးမရှိတဲ့ ပရောဂျတ်တွေကို ရပ်ပြီး၊ တိုင်းပြည်အကျိုးရှိမယ့် ပရောဂျတ်တွေဖော်ဆောင်ဖို့
ဒီသုံးခုကို ကျွန်တော်တို့မျှော်လင့်ပါတယ်။

(ဆက်ရန်)

Regards,
Zephyr




Peace B with U.

Friday, November 30, 2012

အိုဘာမားလာတယ်။ ပြန်သွားတယ်။ အပိုင်း (၄)

အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း (၄)

ကျည်တောက်မှ ပြန်ထွက်လာသည့် နူးညံ့ပျော့ပြောင်း လှပကျော့ရှင်းသော ပရီမီယံ ခွေးမြီးကောက်

တပ်မတော်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူးလို့ သွားလေသူ ရွှေစင်ဆုများပိုင်ရှင် ကျောင်းသားသတ်မင်း ကိုကိုနေ (ဦးနေဝင်း) (14 May 1911 or 10 July 1910 – 5 December 2002)
ကပြောသွားခဲ့ဖူးပါတယ်။ ချစ်စရာ ပြုံးအလှပိုင်ရှင်လည်းဖြစ်၊ မြန်မာပြည်ရဲ့ ကျေးဇူးရှင်လည်းဖြစ်တဲ့ သူ့စကားကို ကျောင်းသားများရင်ဝယ်မှာ မြတ်မြတ်နိုးနိုး အော့နှလုံးနာနာနဲ့ မှတ်မိနေတော့တာပါပဲ။ တက္ကသိုလ်စာကြည့်တိုက်ကို ဗုံးခွဲလိုက်တဲ့ဇာတ်ကားနဲ့ သူ ရွှေစင်ရုပ်တုကြီး သိမ်းပိုက်ခဲ့တာပါပဲ။ မွေးရာပါ အရည်အချင်းလည်းရှိသလို ရည်မှန်းချက်ကလည်း ကျောင်းသားတွေ သတ်ဖို့ဆိုပြီး တစိုက်မတ်မတ်ကြိုးစားခဲ့တာဆိုတော့ အကယ်ဒမီပေးပွဲမှာ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ အကြိုက်ဖြစ်ခဲ့ပါတယ်။ လက်မရွံ့သတ်ဖြတ်ရဲတဲ့ ရှေးမြန်မာဘုရင်တွေ ဝင်စားတာလို့တောင်ယူဆကြပါတယ်။

သူဟာဆိုရင်ဖြင့် ဒီမိုကရေစီကို အိတ်ထဲက စိုက်ပြီးပေးမယ်လို့တောင် ပြောခဲ့ပါသေးတယ်။ အင်မတန် ကျေးဇူးများတဲ့ ခေါင်းဆောင်ကြီးပါပဲ။ စောစောသေသွားလို့သာ တော်တော့တယ်။ မဟုတ်ရင် ကျေးဇူးကြွေးတွေ ဘယ်နည်းပါ့မလဲ။ သူရှိနေလို့ ဘုန်းကြီးတွေအခုထိ အသက်ရှင်ကျန်နေသေးတာလို့ဆိုရမယ်။

နောက်တော့ ဘုန်းကြီးသတ်မင်း (2 February 1933 - 5 Dec 2012)တက်လာတာပေါ့။ ကြားထဲမှာတော့ စိန်လွင်ခြောက်တန်းတဇောက်ကန်းတို့၊ ဦးမောင်မောင် ရူးကြောင်ကြောင်တို့၊ စောမောင်တောကြောင်တို့ ကြော်ငြာဝင်သလိုလေး တဖျပ်ဖျပ်မျက်နှာပြသွားသေးတယ်။ ဘုန်းကြီးသတ်မင်းလောက်တော့ သြဇာမကြီးပေဘူး။ ဘုန်းကြီးသတ်မင်းကတော့ ရုပ်ခံကအစ တင့်တယ်တယ်။ ဘုရားရှင်ခေတ်က ရဟန်းတွေရဲ့ကုဋီမှာ ဘုန်းကြီးသတ်မင်း အလောင်းတော်ဟာ အိမ်မြှောင်ဖြစ်ခဲ့တယ်လို့ဆိုတယ်။ ရဟန်းတွေ အပေါ့၊အလေးသွားတိုင်း နံခဲ့တာဆိုတော့ ဖြစ်လေရာဘဝမှာ ရဟန်းတွေကို သတ်ရလိုပါ၏လို့ ကုဋီထဲကနေသစ္စာဆိုလိုက်တာ ဟော အခုလို ဘုန်းကြီးသတ်မင်းဖြစ်လာတဲ့ဘဝမှာတော့ ဆန္ဒနဲ့ဘဝထပ်တူကျတော့တာပါပဲ။ ဘုန်းကြီးသတ်မင်းဆိုပြီး တစ်ခါတည်းတန်းဖြစ်လာတာမဟုတ်ဘူး။ ကြားထဲမှာ အရပ်သားလေးတွေ သတ်ခဲ့ရသေးတယ်။

ဘုန်းကြီးသတ်မင်းဟာ အင်မတန်ဘုန်းကြီးတယ်။ ဆင်ဖြူရတနာတွေဘာတွေဟာ ဘုန်းကြီးသတ်မင်း လက်ထက်မှာမှ ပေါ်ပေါက်လာတာ။ သဘာဝဓာတ်ငွေ့တွေဘာတွေဆိုတာလည်း စကြာရတနာတွေလိုပေါ်ပေါက်လာတာ။ မယိုင်ကြားကြီးရတနာတို့ မွေးကတည်းက စိန်စီပြီးမွေးလာတဲ့ သမီးတော် မယ်ရုပ်ဆိုးတို့ဟာ ထူးခြား ထင်ရှားတဲ့ ဥပမာတွေပဲ။ ထူးခြား အံ့မခန်းတဲ့ အီလက်ထရောနစ်ဥပဒေတို့ဘာတို့ဆိုတာ မင်းတြားကြီး ထွင်ခဲ့တာပဲ။ မြန်မာပြည်က အတိုက်အခံအမတ်တွေကိုလည်း မင်းတြားကြီး ဖန်ဆင်းတော်မူခဲ့တာ။ ပုံမှန်ဆို ဟစ်ဟော့ပ်ဆိုတဲ့ ကောင်လေးတစ်ယောက် ဘယ်နှယ့် အမတ်ဖြစ်နိုင်မလဲ။ ဘွားတော်ကို စာဖတ်ဖြစ်အောင် အိမ်မှာနားခိုင်းထားတာ နည်းတဲ့စေတနာဒွေလား။ (ကဲကြည့် .. အခုဆို ဘုန်းကြီးသတ်မင်းရဲ့စေတနာမှန်ကို သိလို့ ယူနီဖောင်းကိုလည်းချစ်ပါတယ်လို့ပြောသွားပေတာပဲ။)

ဘုန်းကြီးသတ်မင်းဟာ နေပြည်တော်ကို တည်ထောင်တော်မူခဲ့ပါသေးတယ်။ အင်မတန် လေးစားကြည်ညို ရိုသေထိုက်သူတစ်ဦးပါပဲ။ အသားမည်းသလောက် သဘောဖြူအူစင်းရှာသူလေးပါပဲ။ နာမည်က မိန်းမနာမည်ဖြစ်ပေသော်ငြားလည်း သေခါနီးအထိ မာစေးဒီးစ်တံခါးခြောက်ပေါက်ကို အမိုးဖွင့်ပြီး တယ်ရီယာများ ခေါင်းပြူသလိုမျိုး စန့်စန့်ကြီးနဲ့ ဗိုလ်ရှုသဘင်မှာ လေးစားကော်ရော်မှုကို ခံယူတော်မူခဲ့သူကြီးပါ။ သေမလို သေမလိုနဲ့ ၂၀၁၂ ဒီဇင်ဘာအထိ အသက်ကို ဆွဲဆန့်ခဲ့ရှာသူလေးဆိုလည်း မမှားပါဘူး။ ရွှေဝါရောင်ကို ကိုက်တဲ့ခွေးရူးဆိုတဲ့ ဇာတ်ကားမှာ ဗီလိန်ဆု၊ ဇာတ်ညွှန်းဆု၊ မီးအလင်းအမှောင်ဆု၊ ဓာတ်ပုံပညာဆု၊ ဒါရိုက်တာဆု၊ ထုတ်လုပ်သူဆု စသဖြင့် အကယ်ဒမီတွေကို သိမ်းကြုံးယူငင်သွားသူကြီးလည်းဖြစ်ပါတယ်။ တပ်မတော်ဆိုတာ ပစ်ရင် ဆံပင်ပါတဲ့သူ မပစ်ဘူးဆိုတဲ့ စကားကို ကျည်ဆံတွေနဲ့ပြောသွားခဲ့သူတစ်ဦးပါ။ စွမ်းအားရှင်အသင်း၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို တည်ထောင်၊ ခင်ရီ၊ကျော်ဆန်း၊သိန်းစိန် တြိဂံကိုဖော်ညွှန်း၊ အင်အားကြီးလာတဲ့ မောင်ခင်ညွှန့်ကိုနှိမ်နင်း၊ စီးပွားချမ်းသာလာတဲ့ ဦးအေးကို အရက်သမားအဖြစ်မှာ အခြေချစေ၊ မတဲ့သူတွေ စာအိတ်ဗုံးပို့၊ သေစရာရှိသူတွေကို သေစေခဲ့တဲ့ ဘက်စုံရ မင်းသားကြီးတစ်လက်ပါပဲ။ သေနင်္ဂမှာ ထိပ်တန်းကပါ ဆိုတာလည်း သူ့ကိုဂုဏ်ပြုခဲ့တာပဲ။ ဘုန်းတော်ကြီးမားလွန်းလို့ ဘုန်းတော်ကြီးမား သဗ္ဗေညုမြတ်စွာဘုရားရဲ့ဆင်းတုတော်တွေကိုတောင် ဘုန်းကြီးသတ်မင်းရဲ့ ရွှေမျက်နှာတော်အသွင်ယူ ထုလုပ်ပူဇော်မှုတွေ ပြုတော်မူရတဲ့အထိ ဖြစ်ခဲ့တာပါပဲ။

နောက်ဆုံး ဒီမိုကရေစီ ယုတ်မဂ်အထိကို သူဖော်ဆောင်ထားခဲ့တာပါပဲ။ ယုတ်မဂ်ဆိုတာကတော့ ဗျစ်တသျှလို roadmap ကို မျန်မာမှုပြုတယ်ပြောကြပါတယ်။ ခေါင်းဆောင်ကြီးရဲ့စေတနာတွေပါ။ သူ့မတိုင်ခင်က မြန်မာပြည်မှာ နီယွန်မီးဆိုတာမရှိခဲ့ပါဘူး။ ထရိတ်ဒါးဆိုတာမျိုး၊ မြရိပ်ညို၊ ဆီဒိုးနားဆိုတာမျိုးတွေလည်းမရှိခဲ့ပါဘူး။ ခေါင်းဆောင်ကြီးရဲ့ အကွက်ကျကျစီမံမှုအောက်မှာမှ ဖြစ်ထွန်းလာခဲ့တာတွေပါ။ ဗိုင်အိုဖျူဝယ်အတွက် ကြက်ဆူဆီစိုက်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးဟာ ကမ္ဘာကပါ အောချလောက်တဲ့ ပညာရှင်အဆင့် ရှေ့ရေးမျှော်မြင်နိုင်မှုတစ်ခုပါပဲ။ အမြော်အမြင်နဲ့ပြည့်စုံတဲ့ခေါင်းဆောင်ကောင်းကြီး ကင်ဂျုံအီတို့လို တစ်တိုင်းပြည်လုံး ငိုကြွေးရတဲ့ မသာချဖို့ကောင်းလောက်အောင်ကြီးမြတ်သူကြီးရယ်ပါ။ တစ်သက်လုံး ဆိုးညစ်ယုတ်ပတ်ခဲ့သမျှကို ခဝါချပြီး တရားဘာဝနာနဲ့ ဆက်လက်ဖြတ်သန်းနေကြပုံကတော့ ကျောင်းသားသတ်မင်းရဲ့ လမ်းစဉ်နဲ့မခြားပါဘဲ။ နိဗ္ဗာန်ကို သူတို့နှစ်ယောက် မြန်မာပြည်သူလူထုထက် အရင်စောရောက်မယ်ဆိုတာ သိပ်ကို သေချာနေတော့တာပါပဲ။

ဘုန်းကြီးသတ်မင်းဟာ တပည့်တွေကို ကောင်းနိုးရာရာနေရာလေးတွေပေးပြီး၊ ငါ၏ချစ်သား တပည့်များတို့ ... သင်တို့၏ဆရာ ငါအရှင် ဘုန်းကြီးသတ်မင်းသည် ဦးပြေးပြောင်သူတို့အား ရက်စက်ညှာတာမရှိ သတ်သည့်အားလျှော်စွာ၊ သင်တို့သည်လည်း ငါ၏ ကျေးဇူးတော်ကို အောင်းမေ့တော်မူသည့်အခါ မကြာမကြာ ဘုန်းကြီးများကို သတ်ရင်း မင်းစည်းစိမ်ကို ခံစားကြလော့။ ဒီမိုကရေစီတည်းဟူသော စကားလုံးကို မကြာမကြာပြောကြလော့။ သင်တို့သည် နိုင်ငံတကာမှ ဆုများကို ရကြလတ္တံ့။ ဆန်ရှင်များလည်း ရုတ်သိမ်းလတ္တံ့။ နိုင်ငံတကာတွင်လည်း ဝင်ဆန့်လတ္တံ့။ သို့ရာတွင် အသင်ချစ်သား ငါ၏တပည့်များတို့၊ သင်တို့၏ အဖေအရင်းဟု ခေါ်ဆိုအပ်သော ငါအရှင် ဘုန်းကြီးသတ်မင်း၏ မဟာကျေးဇူးတော်ကို ဖောက်ပြန်စော်ကားခြင်း တစ်ရံတစ်ခါမျှမပြုကြလင့်။ ငါ့အား မကောင်းပြောလျှင် သင်တို့၏ ဘုန်းစည်းစိမ် လက်ရုံးများ ပြုတ်ပြုတ်ပြုန်း၍  ပျောက်ပျက်လတ္တံ့။ ဘုန်းကြီးများသည် သတ်ကောင်းသည်ဟု ဂနာဟိ မှတ်ယူကြလော့။ ............ဆိုတဲ့ နောက်ဆုံးတရားလေးဟောကြားရင်း ဇလုံမှာလက်ရေဆေးပြီး သိုင်းလောက ကနေ အနားယူတော်မူသွားတယ်။ သွေးကြွေးဆပ်ချင်သူတွေလည်း အမေစုကို လွှတ်ပေးလိုက်တဲ့ ကျေးဇူးနဲ့ကျေအေးသွားကြတယ်။ တံတွေးနဲ့တောင် မျက်နှာတော်ကို ဘယ်သူမှ ထွေးတော်မမူလိုက်ရဘူး။ တစ်စစီခုတ်ပြီး ခွေးကျွေးလိုက်ဖို့ကောင်းတဲ့ ရာဇဝတ်သားလို့တောင် ဘယ်သူမှ မှတ်မထားတော့ဘူး။ ဘုရားလောင်းနိုင်ငံရေးသမ၊ နိုင်ငံရေး သမားတွေရဲ့ မဟာကရုဏာတော် တရားနဲ့ စိတ်နှလုံးတွေ ပျော့ပြောင်းကုန်တော်မူကြပြီ။ ဘုန်းကြီးသတ်မင်းဟာ သူ့နောက်ဆုံးနေ့ရက်တွေကို သာသာယာယာလေးဖြတ်သန်းရင်း ဝမ်ဦးပိုင်ပေါင် တို့ရဲ့ လုပ်ငန်းခွင်မှာ ဘုန်းကြီးတွေကို အရှင်လတ်လတ် မီးကင်နေတဲ့ ဖေ့စ်ဘွတ်ခ်က ပုံလေးတွေကို လိုက်ခ်လုပ်ရင်း .... ငါ၏ ချစ်သားများသည် ဘုန်းကြီးသတ်မင်းတည်းဟူသော ငါ၏ အမွေကို ဆက်ခံနိုင်ကြပါပေတယ်။ ငါ၏ ဘုန်းကြီးသတ် သာသနာ၊ ဘုန်းကြီးသတ်မင်းဆက်တို့သည် ရှည်လျား ကြာညောင်းစွာ ထာဝစဉ်တည်နေပေလိမ့်မည်ဟု ဥဒါန်းရင့်ကျူး၊ လက်ပမ်းပေါက်ခတ်၊ ဝမ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု ဟူ၍ ရင့်ကျူးခြင်း အမှုကို ပြုတော်မူတော့သည်တကား ..............................။

Regards,
Zephyr
ဘုန်းကြီးသတ်မင်းခေတ်မှရုပ်ရှင်ကြည့်သူတစ်ဦး




Peace B with U.

Wednesday, November 28, 2012

အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း(၃)

အိုဘာမားလာတယ်၊ ပြန်သွားတယ်။ အပိုင်း(၃)

စကားပြောတတ်သူများနှင့် စကားမပြောတတ်သူများ။

ပုံမှန်စဉ်းစားကြည့်ရင် စကားပြောတတ်တာကောင်းတယ်လို့ပဲပြောရမယ်ထင်တယ်။ မွေးရာပါ ချို့တဲ့လို့ ဆွံ့အတာကိုပြောတာမဟုတ်ပါဘူး။ အပြောကောင်းတာမျိုး၊ ကျလောက်အောင်ပြောတတ်တာမျိုးနဲ့ စကားကို လည်လည်ဝယ်ဝယ်တောင်မပြောတတ်တာမျိုးကိုဆိုလိုတာပါ။

နိုင်ငံရေးသမားတွေ စကားပြောတတ်လား။ ဒီမေခွန်းကိုသေချာနားလည်ဖို့ကြိုးစားသင့်တယ်။ မလှည့်မလိမ်ဘဲပြောတာမျိုးကတော့ တခြားသူတွေလောက်ပါပဲ။ အဓိပ္ပာယ်နှစ်ခွတွေ၊ ဝေဝါးအောင်ပြောတာမျိုးတွေမှာတော့ လူလိမ်တွေထက်သာအောင်ပြောနိုင်ပါတယ်။ အဲဒါကို သဘောပေါက်ဖို့သိပ်အရေးကြီးတယ်။ နိုင်ငံရေးသမားအန္တရာယ်ဟာ သဘာဝဘေးအန္တရာယ်နဲ့ထပ်တူအရေးကြီးတယ်။

အိုဘားမားတို့နိုင်ငံမှာတော့ စကားစစ်ထိုးပွဲတွေရှိတယ်။ တစ်ချို့ကိစ္စတွေက ဒဲ့ဒိုးကြီးပြောလို့မရဘူး။ ခေါင်းဆောင်တွေပဲသိတဲ့ အတွင်းကြိတ်ကိစ္စတွေကို လျှောက်ဖော်ရင်လည်း အပေါ်ပိုင်းက လူတွေရဲ့ရာဇမာန်ရှခံရမယ်။ လူကြိုက်နည်းသွားမယ်။ ကောင်းသော်လည်း အလုပ်မဖြစ်တာတွေလျှောက်ပြောနေရင် ဘယ်သူမှ မယုံတော့ဘဲဖြစ်မယ်။ အဲဒီလို ဘောင်အတွင်းက အကြောင်းအရာကို ပါးပါးနပ်နပ်လေးပြောကြရတယ်။ ချေပရတယ်။ အဲဒီလိုမှ မပြောမဆိုတတ်သေးရင် ခေါင်းဆောင်မဖြစ်ထိုက်ဘူးလို့ယူဆကြတယ်။ ပင်ကိုယ်အသိဥာဏ်လေးတော့ရှိရမယ်။ စကားပြောကောင်းရမယ်။ အဲဒါဟာ အခြေခံလိုအပ်ချက်ပဲ။

ဗုဒ္ဓဘုရားရှင်မှာရှိတဲ့ သုဂတောဆိုတဲ့ဂုဏ်နဲ့တော့ကွာတယ်။ ဘုရားက ကိုယ်ကျိုးအတွက် ဝေသွားအောင် ဝါးသွားအောင် တစ်ခွန်းမှမပြောဘူး။ နိုင်ငံရေးသမားကတော့ ဘာသာရေးသမားဟုတ်ချင်မှဟုတ်မယ်။ ဟုတ်ချင်ယောင်ဆောင်နေရင်လည်း မကောင်းဘူး။ ပြောတဲ့စကားတွေက တစ်နေ့မှာ သက်သေဖြစ်လာတာပါပဲ။

ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းကြီးတွေ အသက်ဆုံးသွားစေတာလည်း စကားတွေကို ဝေဝါးအောင်လုပ်တတ်သူတွေကြောင့်လို့ဆိုနိုင်တယ်။ ဆန္ဒပြဖို့ လူစုနေတဲ့ ရဟန်းတွေက ဆန္ဒပြဖို့လာ ခေါ်တာမလိုက်တဲ့ ဘုန်းကြီးကျောင်းကို ရေသန့်ဗူးနဲ့ပေါက်လိုက်တာ ပြတင်းပေါက်မှန်ကွဲတယ်။ အဲဒီမှာ သတင်းစာကနေရေးတယ်။ သံဃာ့ပစ္စည်းတစ်မတ်ဖိုးအထက်ဖျက်ဆီးရင် အလိုလို အော်တိုမစ်တစ် ရဟန်းမဟုတ်တော့ပါဘူးဆိုပြီးပါလာတယ်။ ရဟန်းမဟုတ်တော့ဘူးဆိုရင် ဒိုင်းညှောင့်လို့ရပြီလို့ စကားပြောတတ်သူတွေက ဘာသာပြန်ပေးလိုက်တယ်။ အဲဒီလိုမျိုးကိစ္စတွေမှာ စကားပရိယာယ်က သိပ်ကို အန္တရာယ်များစေတယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံရေးမှာ သတိကြီးကြီးထားတတ်တဲ့ ပညာတတ် ပြည်သူလူထုကိုပဲမြင်ချင်ပါတယ်။ စကားတစ်ခွန်းကြောင့် နစ်နာမယ့် လူတွေ ဘယ်လောက်ရှိသလဲဆိုတာကို နိုင်ငံရေးသမားဆိုတဲ့သူတွေ စဉ်းစားမယ်လို့ မယုံကြည်နိုင်ပါဘူး။ ဘယ်နိုင်ငံမှာမဆို နိုင်ငံရေးသမားအစစ်ဟာ ထူးမခြားနားပါပဲ။ ပုဂ္ဂိုလ်စွဲနဲ့ဇွတ်မှိတ်ယုံကြည်တာဟာ အင်မတန် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ယုံကြည်မှုပုံစံတစ်ရပ်ပါပဲ။ ဗုဒ္ဓက တရားနဲ့ပတ်သက်ပြီး စကားတစ်ခွန်းပြောခဲ့ဖူးပါတယ်။ ဧဟိပဿိကော ၊ လာကြည့်လှည့်၊ စမ်းကြည့်လှည့်ပါဆိုတဲ့စကားပါ။ အဲဒါလေးကို တရားမှာတင်မဟုတ်ဘူး အရာရာမှာ ဆင်ခြင်သင့်တယ်။ အစမ်းသပ်မခံနိုင်တဲ့အရာကို ပယ်ရဲတဲ့သတ္တိရှိဖို့လိုတယ်။ ပြည်သူလူထုဆိုတာ ကိုယ်ဘာခံစားနေရတယ်ဆိုတာ ကိုယ်တိုင်သိနေတဲ့သူတွေ။ နိုင်ငံရေးသမားဟာ တစ်ဆင့်သိနဲ့သူတွေ။ ဘယ်သူက ကိုယ့်အကြောင်းကိုယ် ပိုနားလည်မယ်လို့ထင်လဲ။

ငယ်တုန်းက နောက်ကျရင် အပြောခံရတတ်တဲ့စကားလေးတစ်ခုရှိတယ်။ စားနောက်နောက်၊ သွားနောက်နောက်၊ သေတော့အရင် တဲ့။ လူကြီးတွေကတော့ နောက်ကျလို့ ဆူပူတဲ့သဘောပါ။ မြန်မာပြည်သူလူထုလည်း ဒီလိုဖြစ်နေတယ်။ ရှေ့မှာ လူကြီးတွေစားသွားတော့လည်း နောက်ကျကျန်ခဲ့တယ်။ ဘာမှမစားလိုက်ရဘူး။ ဒို့ပြေဒို့မြေသာဆိုနေတယ်။ ဒို့ပြေကို ဒို့အဖေဆိုသူတွေရောင်းနေတာ ကြည့်နေလိုက်ရတယ်။ ဘာမှဝင်မပါလိုက်ရဘူး။ သစ်တောဆို ထိုင်းကိုပေးခုတ်လိုက်တာ လက်မောင်းလုံးလောက် ကျွန်းပင်တောင်မကျန်ဘူးဖြစ်သွားတယ်။ မိဘသဖွယ်တွေ စီမံလိုက်တာ ဒီလိုဖြစ်သွားခဲ့ပြီးပြီ။ သွားနောက်နောက်ကတော့ ထိပ်ပိုင်းကလူတွေ နိုင်ငံတကာမှာ ခိုးရာပါပစ္စည်းလေးတွေ သွားမြုပ်နှံပြီးတဲ့ အချိန်မှာ ပြည်သူလူထုဟာ ဒုံရင်းပဲ။ အိမ်မပိုင်တဲ့သူက ချွတ်ခြုံကျမြဲ၊ လယ်မပိုင်တဲ့သူက သူရင်းငှားဖြစ်မြဲ၊ ဘတ်စ်ကားမစီးနိုင်တဲ့သူက ရထားတိုးစီးရမြဲ။ ကိုယ့်နိုင်ငံလေး ကိုယ်ကာကွယ်မယ်ဆိုပြိး ထလုပ်တော့ ထောင်ထဲပို့ရတာနဲ့၊ နှိပ်စက်ရတာနဲ့၊ သေတော့ အရင် ဖြစ်ကုန်တယ်။ ခဏလောက် နေပါဦး။ ခဏလောက်စဉ်းစားပါဦး။ ကိုယ့်နိုင်ငံက သဘာဝသယံဇာတကို ကိုယ်မသိဘဲ ရောင်းထားတာကို သိတော့မှ ဆန့်ကျင်တာ အောက်တန်းကျတယ်လို့ထင်စရာလား။ ဒါဟာ မပေးထားတဲ့ကတိကို ဖျက်တာပါလို့ double-talk တွေလာမပြောပါနဲ့တော့။ နိုင်ငံရေးသမားတွေ ကြုံတဲ့ချောင်မှာသာ ကိုယ့်ကိုယ်ကို သတ်သေလိုက်ကြဖို့ကောင်းပါတယ်။ မပေးထားတဲ့ကတိကို ဖျက်တယ်ဆိုတာမရှိဘူး။ ခိုးရောင်းထားတဲ့သူတွေ သိက္ခာကျတာကို ဝင်ဆယ်စရာအကြောင်းလည်းမရှိဘူး။

Transparancy ရှိလိုက်မရှိလိုက်ဖြစ်နေတာဟာ သီလတစ်ပါးကျိုးနေသလိုပါပဲ။ တစ်ပါးကျိုးရင် သီလလုံသူမဖြစ်နိုင်ဘူး။ Transparancy တစ်ချို့နေရာတွေမှာမရှိသေးရင် Transparancy ရှိပါတယ်လို့ မပြောအပ်ဘူး။

အန္တရာယ်ရှိတဲ့အကောင်တစ်ကောင်ကို လူတစ်ယောက်ဟာ တုတ်တစ်ချောင်းကိုင်ပြီး တိုက်ခိုက်တယ်။ အန္တရာယ်ကောင်လည်းသေ၊ တုတ်လည်းကျိုးသွားတဲ့အချိန်မှာ လူတစ်ယောက်ဟာ အောင်ပွဲရတယ်။ ကျိုးကြေသွားမယ့် အသုံးချခံတုတ်မှာတော့ အောင်ပွဲမရှိဘူး။ ဒဏ်ရာပဲရှိတယ်။ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ လူတစ်ယောက်ဟာ နိုင်ငံရေးသမားဆိုရင် ပြည်သူလူထုဟာ တုတ်ချောင်းပဲ။ အန္တရာယ်ကောင်နဲ့တိုက်ခိုက်နေတုန်းကလည်း အနာခံရ၊ အောင်ပွဲအချိန်မှာလည်း ကျိုးကြေစွန့်ပစ်ခံရ ဖြစ်ကြရတယ်။

တခါတခါ စကားပြောကောင်းပြီး ပရိယာယ်ဝေ၀ုစ်များတဲ့သူတွေရဲ့ အန္တရာယ်ဟာ သာပြီးကြောက်စရာကောင်းတယ်။

(ဆက်ရန်)

Notes: အလေးအနက်သတိထားစရာ အကြောင်းအရာဖြစ်လို့ သူ့ချည်းပဲ တစ်ပိုင်း လုပ်လိုက်ပါတယ်။ နောက်ပိုင်း ဆက်ရေးတာတွေမှာ အိုဘားမား အပါနည်းသွားပေမယ့် စထားတဲ့ခေါင်းစဉ်အတိုင်း ဆက်သွားလိုက်ပါတယ်။






Peace B with U.

Monday, November 26, 2012

အိုဘားမားလာတယ်၊ပြန်သွားတယ်။ အပိုင်း(၂)

အိုဘားမားလာတယ်၊ပြန်သွားတယ်။ အပိုင်း (၂)

မြန်မာလူမျိုးတွေဟာ အင်မတန်မှ သဘောထားကြီးသလို ခွင့်လွှတ်မြန်ကြတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ရရာရကြောင်းမှာဆိုရင်တော့ အင်မတန်ကောင်းတယ်။ နိုင်ငံရေးမှာဆိုရင်တော့ နည်းနည်းပြောစရာဖြစ်မယ်။ နိုင်ငံရေးမှာ ဝင်ပါမိလို့ ဘဝဆုံးသွားတဲ့သူ၊ အသက်ဆုံးသွားတဲ့သူ၊ ဘဝပျက်သွားတဲ့ မိသားစု၊ ငတ်သေသွားတဲ့မိသားစု၊ ထောင်ကျတဲ့သားစိတ်နဲ့ဆုံးသွားတဲ့မိခင်၊ ဆယ်တန်းအောင်တဲ့အထိ နိုင်ငံရေးသမား အဖေကို မမြင်ဖူးတဲ့ကလေး၊ သူတို့အတွက်လည်း ကြည့်ရမယ်လို့ထင်တယ်။ ဟိုလူကြီးလုပ်သွားတာပါဆိုပြီး ထားလို့မရဘူး။ ဘယ်သူမှ မထိခိုက်မနစ်နာပါဘူးဆိုပြီး မေ့လိုက်လို့မရဘူး။ စနစ်ဆိုးတစ်ခုဟာ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကို မေ့ကိုမမေ့အပ်ဘူး။ အဲဒါတွေကို မေ့ပါလို့ပြောတဲ့သူဆိုရင်လည်း ကြပ်မပြည့်ဘူးလို့ပဲထင်တယ်။

အိုဘားမားဟာ စကားပြောကောင်းပေမယ့် အမေရိကန်အထာတွေကို ဆက်ပြီးသယ်ဆောင်ထားတယ်။ ကိုယ့်နိုင်ငံမှာ မက္ကဆီကိုက ကျော်ဝင်တာတွေတောင် မနည်းလုပ်နေရတာကို ရခိုင်ကို ဒီလိုမနေနဲ့ဒီလိုနေလို့ပြောတာဟာ အင်မတန်မှ အမေရိကန်ဆန်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံတကယ်လေးစားရင် ကိုယ်သိပ်မသိတာကို သိပ်ပြီး မစွက်ဖက်သင့်ဘူး။ ဒီပြဿနာက အစကတည်းက အခြေတည်နေတာ။ ကင်ဆာလိုပဲ။ အစောပိုင်းအခြေအနေတွေမှာ သတိမထားမိဘူး။ သတိထားမိတော့ သေခါနီးဖြစ်နေတာမျိုးပဲ။ မြန်မာလူမျိုးတွေဟာ ရန်လိုသူတွေမဟုတ်ဘူး။ အမေရိကားမှာ လူမည်းတွေ ဘတ်စ်ကားစီးရင် ထိုင်ခုံမထိုင်ရတဲ့ခေတ်လည်းရှိတယ်။ နောက်ဖေးပေါက်ကဝင်ရတဲ့ခေတ်လည်းရှိတယ်။ ဒါတောင် ခိုးဝင်လာတဲ့လူမည်းမဟုတ်ဘူး။ အမေရိကားမှာမွေး၊ အမေရိကားမှာကြီး၊ အမေရိကားမှာပညာတတ်လာတဲ့ လူမည်းဘိုးတော်ကြီးတွေ၊ ဘွားတော်ကြီးတွေ။ တိုဖယ်လ်တတ်တုန်းက အမေရိကန်သမိုင်း အကျဉ်းဖတ်ဖူးတယ်။ သူတို့မှာလည်း တဖြည်းဖြည်းကြိုးစားယူခဲ့ရတာ။ မြန်မာသမ္မတက အဲဒီသွားပြီး၊ ငမည်းတွေကို နေရာပေးပါ။ မတူညီမှုကို တန်ဖိုးထားပါ။ သွားဖြူရင်လူဖြူလို့သတ်မှတ်ပါလို့ သွားပြောလို့ ပြုပြင်ခဲ့တာမဟုတ်ဘူး။ ကိုယ့်နိုင်ငံကိုယ် တဖြည်းဖြည်းချင်းတည်ဆောက်ခဲ့ကြတာ။ ပြည်တွင်းစစ်ဆိုတာလည်း ရှိခဲ့သေးတာပဲ။ အေဗရာဟင်လင်ကွန်းဆိုရင်လည်း တော်ပေမယ့် သူ့သမ္မတသက်တမ်းမှာ ပြည်တွင်းစစ်အတွက် အတော်လေး အချိန်ကုန်သွားရတာပဲ။

ဟာသတစ်ပုဒ်အကြောင်းတစ်ခါရေးဖူးတယ်။ အမေရိကားဟာ တစ်ချိန်လုံး ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ပြဿနာရှိတယ်တဲ့။ ကာတွန်းပုံလေးနဲ့။ ပြောတဲ့သူက ရက်အင်ဒီယန်းကြီး။ ဟုတ်တယ်။ အမေရိကားမှာ မူလလူမျိုးက ရက်အင်ဒီယန်းတွေပဲ။ ကိုလံဘတ်စ်အိန္ဒိယသွားတာ လမ်းမှားပြီး အမေရိကတိုက်ရောက်သွားတာက အစပြုပြီး နောက်ပိုင်းမှာ ပြောင်းရွှေ့နေထိုင်သူများလာတာပဲ။ မူရင်း ဒေသခံကို လေးစားကြသေးရဲ့လားတောင်မသိဘူး။ ဗစ်ဒယိုတွေထဲမှာတော့ werewolf တွေအဖြစ်သရုပ်ဆောင်ကြတာပေါ့။ ယဉ်ကျေးမှုအရ အတူယှဉ်တွဲနေထိုင်လို့ရရင် သင့်တော်တာပါပဲ။ မောင်းထုတ်ရမယ်၊ သတ်ပစ်ရမယ်မဆိုလိုပါဘူး။ နည်းမှန်လမ်းမှန်နဲ့ အဖြေရှာနိုင်ရင်ကောင်းတယ်။ အချိန်ယူမယ့်ကိစ္စကို ပြီးစလွယ်လာပြောရင် အင်မတန်ေ-ာက်ညင်ကတ်တယ်။

စိတ်ထဲမှာပဲထား၊ ဘာမှဟိုဒင်းမဖြစ်နဲ့ဆိုတဲ့သူမျိုးတွေကတော့ ဆန်ကုန်မြေလေးတွေ။ အဲဒီလိုအတွေးအခေါ်ရှိတဲ့သူတွေကို နည်းနည်းမှ နေရာမပေးသင့်ဘူး။ နောက်တစ်ခါ ရွေးကောက်ပွဲကြရင် အမတ်တွေရဲ့ အရည်အသွေးကို အခုထက် အဆ ၁၀၀ ပိုပြီးစီစစ်သင့်တယ်။ နိုင်ငံတိုင်းမှာ ပြဿနာကိုယ်စီရှိတယ်။ ကိုယ့်နိုင်ငံက တခြားနိုင်ငံက အကူအညီ မလိုဘဲ ရပ်တည်နိုင်ရင် ကြီးပွားဖို့လွယ်တယ်။ စီးပွားပျက်ကပ်ဆိုက်ရင် အစားအသောက်ရှိတဲ့နိုင်ငံက ချမ်းသာလာနိုင်တာပဲ။ စစ်ဖြစ်တဲ့အခါလည်း လက်နက်ရောင်းနိုင်ရင် ကြွယ်ဝတာပဲ။ အကျိုးလိုလို့ပူးပေါင်းတဲ့သူတွေ ခွာသွားရင် သာတောင်ကောင်းသေးတယ်။ စိတ်ထားမှန်တဲ့နိုင်ငံတွေနဲ့ အလုပ်များများလုပ်သင့်တယ်။ လူကြီးလူကောင်းတွေနဲ့ပဲအလုပ်လုပ်ပါ။ သူခိုးသူဝှက်တွေနဲ့ အလုပ်လုပ်ရင်တော့ ကိုယ့်ဆီက ပါးပါးလှီးဖို့လောက် ချောင်းနေတဲ့သူတွေနဲ့ပဲကြုံရမှပါပဲ။

ကုန်သွားနိုင်တဲ့ရင်းမြစ်တွေကို သိပ်အားကိုးတာမကောင်းဘူး။ ဘေးနားက နိုင်ငံတွေမှာ တိုးရစ်ဇင်လုပ်ငန်းတွေ ဒီလောက်ဖွင့်ဖြိုးနေတာကိုလည်း အားကျရကောင်းမှန်းမသိဘူး။ လိုက်လုပ်ကြတော့လည်း တလွဲများတယ်။ အင်မတန်ဈေးကြီးတဲ့ package တွေထက် လူလတ်တန်းစားကို ပစ်မှတ်ထားတဲ့ ဈေးကွက်ဖော်ဆောင်မှုမျိုးတွေ ပိုလုပ်သင့်တယ်။ အလွယ်ဆုံးနည်းကတော့ အဲဒီလုပ်ငန်းတွေကို အခွန်လျှော့နိုင်သလောက်လျှော့ပေး။ ဗီဇာလွယ်အောင်လုပ်ပေး၊ ဆိုက်ရောက်ဗီဇာဖြစ်နိုင်ရင်ကောင်းတယ်။ သွားချင်တဲ့ခရီးတွေ တစ်ဆက်တည်းသွားနိုင်အောင်၊ လုံခြုံစိတ်ချရအောင်လုပ်နိုင်ရင်သိပ်ကောင်းမှာပဲ။ မလေးရှားက လက်ဖက်စိုက်ခင်းကို ပိုက်ဆံပေးပြီးသွားကြည့်ဖူးတယ်။ မြန်မာပြည်မှာလည်းရှိတယ်။ သွားရလာရတာ မလွယ်ဘူး။ ပိုက်ဆံရနိုင်တာတွေရှိတယ်။ နိုင်ငံရဲ့ အဓိကလုပ်ငန်းတစ်ခုအနေနဲ့ မလုပ်ကြဘူး။ အဲဒါတွေ နှမြောစရာကောင်းတယ်။ တိုးရစ်ဇင်ဖွံ့ဖြိုးလာရင် ပညာတတ်လေးတွေ အလုပ်ပိုပေါလာနိုင်မယ်ထင်တယ်။
မီးခိုးတိတ်စက်ရုံတွေလိုနေတယ်။ တိုးရစ်ဇင်ဖွံ့ဖြိုးရင် အားလုံး အဆင်ပြေမှာပဲ။ ထိုင်းနိုင်ငံမှာ တိုးရစ်ဇင်က နိုင်ငံရဲ့ အဓိက ငွေရပေါက်ရလမ်းပဲ။ မြန်မာနိုင်ငံရဲ့ ကမ်းခြေတွေဟာ ထိုင်းနိုင်ငံနဲ့ မယှဉ်နိုင်စရာမရှိပါဘူး။ ပိုပြီးတောင် သဘာဝဆန်ပြီး၊ ပိုတောင် သန့်ရှင်းနေသေးတယ်။

မြန်မာနိုင်ငံရဲ့ကောင်းခြင်းတွေထဲမှာ သမိုင်းကြောင်းလည်းရှိတာပါတယ်။ တစ်ချို့နိုင်ငံတွေ စာပေယဉ်ကျေးမှုနည်းတာဟာ သမိုင်းကြောင်းမကောင်းလို့ဖြစ်တယ်။ မြန်မာတွေ စာပေယဉ်ကျေးမှုနဲ့ကြီးပွားနေတဲ့အချိန်၊ အဆင့်အတန်းမြင့်နေချိန်မှာ စင်ကာပူရ တံငါရွာကလူတွေ ငါးဖမ်းနေတုန်းပဲရှိသေးတယ်။ မီဂျီခေတ်တုန်းက မြန်မာက ဂျပန်ထက် နည်းနည်းလေးသာတယ်။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးခဲ့တာမှာ မြန်မာက ကမ္ဘာမှာ တော်တော်လေးစောတယ်။ အမေရိကားမှာ အမျိုးသမီးသမ္မတအခုအထိမရှိသေးဘူး။မြန်မာပြည်မှာတော့ ဘုရင်မကြီး ရှင်စောပုဆိုတာရှိခဲ့တယ်။

ကမ္ဘာမှာ စာပေယဉ်ကျေးမှုအားနည်းတဲ့ အရိုင်းအစိုင်းတွေ ကြီးပွားလာတော့ အရိုင်းအစိုင်းအကျင့်မပျောက်ဘူး။ အဲဒါကို သတိထားကြည့်ပါ။ စိတ်ဓာတ်နိမ့်ကျတဲ့သဘော၊ အချောင်လိုချင်တဲ့သဘော၊ နိုင်ထက်စီးနင်းလုပ်ချင်တဲ့သဘော များများတွေ့ရတဲ့လူမျိုးတွေကို လေ့လာကြည့်တဲ့အခါ အခြေခံယဉ်ကျေးမှု သိပ်နိမ့်တာတွေ့ရလိမ့်မယ်။ စာပေ၊ အနုပညာ အားနည်းပြီး၊ အတွေးအခေါ် နိမ့်ကျတဲ့လူမျိုး ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ၊ အဆင့်နိမ့်တဲ့စိတ်ထား ရင့်ကျက်မလာဘူး။ မြန်မာလူမျိုးတွေ ဆင်းရဲတာများတယ်။ သိပ်ဆင်းရဲတာမကောင်းဘူး။ သိပ်ဆင်းရဲလွန်းရင် စားဝတ်နေရေးအတွက် ရုန်းကန်နေရတာနဲ့ အသိပညာအတွက် အချိန်မရှိတော့ဘူး။ အသိပညာအားနည်းတဲ့ မိဘတွေက ကလေးများများမွေးလိုက်ရင်တော့ အဲဒီနိုင်ငံဒုက္ခရောက်တာပါပဲ။ ထိုနည်းလည်းကောင်းပါပဲ၊ အသိပညာသိပ်ရှိနေတဲ့သူတွေ ကလေးမယူဖို့ စဉ်းစားနေတာကလည်း အလားတူ ပြဿနာကိုဖြစ်စေတာပါပဲ။ လူတော်တစ်ယောက်ရှိရင် လူတစ်သောင်းလောက် အကျိုးရှိတယ်။ လူမိုက်တစ်ယောက်ရှိရင်တော့ တစ်နိုင်ငံလုံး နှစ် ၂၀ လောက် ဒုက္ခရောက်သွားတယ်။ ဦးနှောက်မရှိတဲ့သူကြိုးစားရင် ကမ္ဘာပျက်တယ်ဆိုတာ သိပ်မှန်တယ်။ ခေတ်မီအေးချမ်းသာယာပြီး စည်ပင်ဖွံ့ဖြိုးအောင်စွမ်းစွမ်းတမံလုပ်လိုက်တာ ရှိသမျှကုန်သွားတယ်။ နိုင်ငံလည်းမွဲ၊ လူတွေလည်းငတ်ဖြစ်သွားတယ်။ တလွဲဆံပင်ကောင်းချင်တော့ နေပြည်တော်ကိုတည်ထောင်သော မင်းတြားကြီးအဖြစ် အချိန်အတန်ကြာ စိုးစံတော်မူလိုက်သေးတယ်။ ကြိုးစားတာကို အရင်က သိပ်အကောင်းထင်ခဲ့သေးတယ်။ ဒီလို လူမိုက်ကြီး ကြိုးစားတာကြတော့လည်း သိပ်ကို ကြိုးစားတာပဲလို့ ချီးကျူးဖို့ခက်တယ်ဗျာ။

ရန်ကုန်တက္ကသိုလ်လာတုန်း အိုဘားမားကို မဲဆွယ်စရိတ် ဘယ်လောက်ပေးရလဲမေးကြည့်လိုက်ကြရင် သိပ်ကောင်းမယ်။ ရှေ့နှစ်က အိုဘားမားကို ထောက်ပံ့တဲ့သူကြွယ်ကြီးဟာ အရင် ကလင်တန်တို့ကိုထောက်ပံ့ခဲ့တဲ့သူပဲ။ အိုဘားမားဘက်ရောက်လာတော့ သူက ကလင်တန်နှစ်ယောက်စလုံးကို ဒီလိုပြောတယ်။ နိုင်ငံရေးသမားတွေအားလုံးက လိမ်တာတော့ လိမ်ကြတာပါပဲ။ ဒီကလင်တန်နှစ်ယောက် (Bill နဲ့ Hillary) ကတော့ လိမ်ရတာ သိပ်ကို သွက်လွန်းနေတယ်။ အဲဒါက ပြဿနာပဲလို့ ပြောဖူးတယ်။ အဲဒီတော့ ဟိုဘက်ကလည်းပြန်ပက်တယ်။ အဲဒီလိုပြန်ပက်တော့ နောက်တစ်ယောက်က နောက်တယ်။ အရင်က ဒီသူကြွယ်ကြီး ပိုက်ပိုက်တွေထုတ်ပြီး ကလင်တန်ကိုထောက်ပံ့တုန်းကတော့ အထူး၊ဧည့်သည်အဖြစ် အိမ်ဖြူတော်ကိုတောင် လာလည်ဖို့ဖိတ်ခံရတယ်။ အခု အိုဘားမားကိုထောက်ခံတော့မှ ဒီသူကြွယ်ဟာ ပြဿနာဖြစ်တော့တယ်ဆိုပြီးပြောတယ်။ အမေရိကန်မှာလည်း သူ့သဘောသူဆောင်ရတာတွေရှိတယ်။ romney တစ်ယောက် အမေရိကန်ရဲ့ လက်ရှိ အသုံးကြမ်းတဲ့ အစိုးရအဖွဲ့ကြီးကို အဖွဲ့သေးဖြစ်အောင်လုပ်မယ်ပြောတဲ့အပြောကို အပေါ်ကလူတွေ တစ်ယောက်မှ ကြိုက်ပုံမပေါ်ဘူး။ မြန်မာပြည်မှာလည်း ဒါကိုစဉ်းစားသင့်တယ်။ ညီလာခံမှမလုပ်ရင် ဒီလောက်လူအများကြီး တစ်စုတစ်ဝေးတည်း ဘယ်အိပ်နိုင်ပါ့မလဲ။ အော်ပရေးရှင်းကော့စ်ဆိုတာကတော့ ရှိကိုရှိရမှာပဲ။ အိုဘားမားနိုင်တာကိုက ဒီအချက်ကြောင့်လည်း တော်တော်လေးပါတယ်။ ပညာရေးကိုလည်း romney ကချုံ့ချင်တယ်။ အိုဘာမားက ချဲ့ချင်တယ်။ အဲဒီလိုလေးတွေဖြစ်တယ်။ သူတို့နှစ်ယောက်ပြောတာဆိုတာတွေကိုလည်း အချိန်ရရင် ယူထုဘ်ကနေ နားဆင်ကြည့်သင့်တယ်။

အပြိုင်အဆိုင်ကတော့ နေရာတိုင်းကောင်းတာပါပဲ။ အမေရိကန်နဲ့အပြိုင်ပိုပြီး သဘောကောင်းနိုင်တဲ့ နိုင်ငံတွေနဲ့လည်း လက်တွဲသွားရင် သင့်တာပါပဲ။ တရုတ်ပြည်ကလည်း နယူးကလီယားရီအက်တာ ၁၅ လုံးကနေ အလုံး ၂၀၊ ၂၀၁၅ အမီပြီးမှာဖြစ်တဲ့အတွက် မြန်မာပြည်က လျှပ်စစ်လိုအပ်တာ နည်းဖို့ရှိပါတယ်။ မြန်မာပြည်မှာလည်း အင်မတန်မှ အဖိုးနှုန်းချိုသာတဲ့ဈေးနဲ့ အားလုံးကို ထုတ်ရောင်းတဲ့အကျင့်ဆိုးကိုပြင်ပြီး၊ တန်ရာတန်ကြေးရမှ ရောင်းတဲ့အကျင့်ကို အထူးသတိပြုမွေးမြူဖို့ကောင်းပါပြီ။ မြန်မာစကားလုံးမှာ ဗိုက်နာလို့ရောင်းတယ်ဆိုတာရှိပါတယ်။ မအောင့်နိုင်တော့ဘူး၊ ငွေပြတ်နေပြီဆိုတဲ့သဘောပါပဲ။ ဗိုက်နာလို့ရောင်းတာတွေများရင် အကုန်ရှုံးကုန်တော့တာပါပဲ။ ကုန်ကြမ်းရောင်းတယ်ဆိုတာ ဗိုက်နာတုန်းကတော့ မသိသာပေမယ့်၊ အခုလိုအချိန်မှာတော့ အင်မတန်ရှုံးတာကို ရိပ်မိဖို့ကောင်းပါပြီ။

မြန်မာပြည်မှာ ငမိုးရိပ် မိချောင်းမွေးမြူရေးကန်ဆိုတာရှိပါတယ်။ မြန်မာပြည်မှာ မိချောင်းသားရေ အိတ်ထုတ်တယ်ဆိုတာကြားတောင်မကြားဖူးဘူး။ ကိုယ်ရောင်းလိုက်တဲ့ မိချောင်းတစ်ကောင်စာတန်ဖိုးဟာ ဟိုဘက်က ပြန်ဝင်လာတဲ့ မိချောင်းသားရေ ပိုက်ဆံအိတ်သေးသေးလေးတစ်အိတ်စာတောင် ရချင်မှရမယ်ထင်တယ်။ ဓာတ်ငွေ့အိုးတွေလည်း ထိုနည်းလည်းကောင်းပဲ။ ကုန်ကြမ်းရောင်းတယ်ဆိုတာ မိအေးတစ်ယောက် လူကုန်ကူးခံရပြီး commercial sex worker ဖြစ်သွားတာနဲ့ မခြားပါဘူး။ (အခါခါနာဖို့ဖြစ်လာတော့တာပဲဟု ဆိုလိုသည်။ ဤကား စကားချပ်တည်း)။

အိတ်စ်ပို့ထ်လုပ်ငန်းတွေမှာ ပြည်တွင်းမှာပိုလို့ရောင်းတာကို သိပ်ကောင်းတယ်လို့လက်ခံပေမယ့်၊ မပိုပဲရောင်းရင်တော့ ဝုတ်ဝုတ်ဖြစ်ရတာပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပဲဆီ၊နှမ်းဆီတွေ အိတ်စ်ပို့ထ်လုပ်ပြီး၊ မလေးရှားက စားအုန်းဆီတွေကို ဦးပိုင်စေတနာနဲ့သွင်းလာလိုက်တာ ဆယ်နှစ်အတွင်း၊ ဆီမသန့်လို့ဖြစ်တဲ့ရောဂါတွေ ခုန်ပျံကျော်လွှားတိုးတက်ခဲ့ပြီးပါပြီ။ နောင်တလေးဘာလေးရကြဖို့ အချိန်ကောင်းပါပဲ။ တိုင်းပြည်ကို တစ်ယောက်တစ်လက်နဲ့ ညီညီညာညာလေးဖျက်ခဲ့တာ အခုဆို အတော်လေးကို ပျက်ပြီးသွားပါပြီ။

စစ်ကိုင်းက ပြတ်ရွေ့ကလည်း သဲနဲ့ဆောက်တဲ့ အိမ်တွေအတွက် မျက်စပစ်ပစ်ပြနေတုန်းပါပဲ။ ငါလာရင် မင်းတို့သေမယ်လို့ ပြောနေသလိုပဲ။ ငလျင်ကလူကိုမသတ်ပါဘူး။ အိမ်ပြိုပြီးသေ၊ မီးလောင်ပြီးသေနဲ့ အကုန်သေတာမှာပါပဲ။ ဒီနှုန်းနဲ့သွားရင် သေမယ်လို့ သဘာဝက အသံပြုနေပြီ။ ဒါကို နားမထောင်ဘဲ အဖျင်းစားတိုက်တွေဆောက်ရင် ကိုယ်မသေ၊ ကိုယ့်သားသေမယ်။ ကိုယ့်သားမသေ၊ ကိုယ့်မြေးသေမယ်။ တခြားသူတွေသေမှာမဟုတ်ဘူး။ ကိုယ့်နိုင်ငံသားတွေသေမှာပဲ။ ဒီအသံလေးတွေကိုလည်း နားစွင့်ဖို့လိုတယ်။ သိပ်အတ္တကြီးလွန်းရင် မမြင်နိုင်၊ မကြားနိုင်တော့ဘူး။ ငါဖို့သမားတွေများလာရင် နိုင်ငံမှာ သိပ်ဒုက္ခများတယ်။ နိုင်ငံသားကောင်းစိတ်ဓာတ်ဆိုတာ သိပ်ကို အခြေခံကျတယ်။ ကိုယ့်နိုင်ငံသားတွေထိခိုက်မှာ၊ နစ်နာမှာမလုပ်ဘူးဆိုတာလောက်ပဲ။ ဒါပေမယ့် အဲဒီအခြေခံလေးမရှိရင်အားလုံး ကိုယ်ကျိုးနည်းရမှာပါပဲ။

(ဆက်ရန်)


Notes: အခုတလော စာသိပ်မရေးဖြစ်ပါဘူး။ ဒါကို ရေးနေတာကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က မဏ္ဍပ်တိုင်တက်တဲ့သဘောမဟုတ်ပါဘူး။ နှမ်းတစ်လုံးနဲ့ဆီမဖြစ်သော်ငြားလည်း သွားကြားကြပ်နေတဲ့နှမ်းစေ့လေးကို ကိုက်မိတာ သိပ်အရသာရှိဘိသကဲ့သို့ပေါ့ခင်ဗျာ၊ ဥာဏ်ကြီးသူများ ဆင်ခြင်ကြည့်ဖို့မဟုတ်သော်ငြားလည်း ရယ်ရွှန်းပတ်ရွှန်းလောက်ဖြစ်ရင်ကို ဝမ်းသာမဆုံးပါဘူး။

Regards,
Zephyr (1982-2082)



Peace B with U.

Tuesday, November 20, 2012

အိုဘားမားလာတယ်၊ပြန်သွားတယ်။

အိုဘားမားလာတယ်၊ပြန်သွားတယ်။

မြန်မာပြည်ဟာ မှောက်ထားတဲ့ဖဲချပ်လေးလိုပဲ။ ဘယ်လိုအပွင့်တွေသိမ်းထားမှန်းမသိပေမယ့် ရင်ခုန်စရာ တွေသိမ်းထားတယ်။ ဒါကို နည်းနည်းလောက်ရေးချင်တယ်။

ကျနော်တို့တွေ ဘာလို့ ကိုယ့်နိုင်ငံမှာ ကိုယ်မနေနိုင်ကြတာလဲ။ ဒီမေးခွန်းလေးကိုလည်း နည်းနည်းလောက်မေးဖို့လိုတယ်။

 ဖြစ်တန်စွမ်းဆိုတာကို ကျနော်တို့သင်ဖူးခဲ့တယ်။ အခြေခံသင်္ချာသဘောတရားအရဖြစ်တန်စွမ်းတွေ ဘယ်လောက်ရှိရှိ၊ အားလုံးပေါင်းရင် ၁ ပဲ။ ဒီထက်ပိုချင်လို့မရဘူး။ ၁၂၀ ရာခိုင်နှုန်းဆိုတာ ရယ်စရာဖြစ်သွားခဲ့ဖူးပြီ။ အပြောင်းအလဲကို အပြင်က လူနဲ့မဖြစ်ဘူး။ အထဲကလူတွေနဲ့ အပြင်ကလူတွေပေါင်းပြီး ကြိုးစားခဲ့ကြလို့ တဖြည်းဖြည်း အရာသေးသေးလေးထင်လာခဲ့ပြီ။ အလားအလာကောင်းတာနဲ့ တကယ်ဖြစ်လာတာနဲ့က တခြားစီပဲ။ ဖြစ်နိုင်တယ်ဆိုရင် ကြိုးစားဖို့လိုတယ်။ အခြေအနေကို ပြောင်းနိုင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍက စကားပြောသွားလိမ့်မယ်။ ဖြစ်တန်စွမ်းအရအခြေအနေကောင်းနေတယ်။ အလားအလာရှိနေတယ်။ မျှော်မှန်းထားသလို တကယ်ဖြစ်မှာလားဆိုတာကို အားလုံးက သိချင်နေကြတယ်။

အိမ်နီးချင်းနိုင်ငံတွေကလည်း စောင့်ကြည့်နေတယ်။ စင်ကာပူနိုင်ငံက မနာလိုတဲ့ တရုတ်တစ်ချို့ကတော့ အဖျားရှူးသွားမယ်ဆိုတဲ့အထင်နဲ့စောင့်ကြည့်နေတယ်။ ဒီမိုကရေစီ အစစ်ဆိုတာ ဘယ်လိုလည်းဆိုတာ မသိတဲ့၊ အစဉ်အလာရော၊ သမိုင်းကြောင်းပါ မကောင်းတဲ့ နိုင်ငံနဲ့လူမျိုးတစ်ချို့ကတော့ အရှေ့တောင်အာရှမှာ ဘယ်ကြောင်မှ ကျားမဖြစ်လာစေချင်ဘူး။

တကယ့်အချိန်တွေမှာ အကူအညီမပေးခဲ့တဲ့သူတွေက ဘူးပင်စိုက်တော့မယ်ကြားမှ အရီးခေါ်ဖို့ စကားပြောသင်တန်းတက်နေကြတယ်။ အရီးနဲ့ ရီး မကွဲတဲ့သူတွေကလည်း ဓာတ်ငွေ့ကို အစိုးရပိုင်ထင်နေကြသေးတယ်။ ရသလောက် ပေါင်းစားမယ်ဆိုတဲ့သူတွေလည်းရှိနေသေးတယ်။ ပညာရေးကောင်းဖို့လုပ်တာတောင်မှ ကဖျက်ကယက် လုပ်တဲ့ ပညာရှင်ကြီးများရှိသေးတာ အော့နှလုံးနာစရာတွေ့ရသေးတယ်။

ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်ကြတာ မင်္ဂလာတစ်ပါးပါ။ ကိုယ့်နိုင်ငံအတွက် လိုတဲ့နေရာတွေမှာ လှူနိုင်တာလှူ၊ကူနိုင်တာကူ နေကြတာဟာလည်း မင်္ဂလာတစ်ပါးပါပဲ။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ တစ်ဦးက ကောင်းတာလုပ်နေတုန်း တစ်ဦးက မဆန့်ကျင်ရင် မင်္ဂလာရှိတာပါပဲ။

ကိုယ်စီးနေတဲ့ယောက်မဟာ အထီးလားအမလား မသိတဲ့ နိုင်ငံရေးသုခမိန်တွေ နည်းလေ၊ကောင်းလေလို့ထင်မိတယ်။ ကိုယ်ယုံတာကို ပြောတာမှာ ဘယ်သူ့ကိုမှမထိခိုက်ဘဲ စေတနာပါပါ ပြောနိုင်ရင် သိပ်ကောင်းတယ်။ ပညာရေးအဆင့်မြင့်ရင် နိုင်ငံအတွက် သိပ်ကောင်းတယ်။ ကမ္ဘာ့ အဆင့်မီ ပညာရေးစနစ်ရှိရင် ခဏလေးနဲ့ တိုးတက်သွားမှာပဲ။ အခြေခံတွေကနေ စသင့်တယ်။ အလှမ်းကျယ်၊ အလယ်လပ်ပီး လေဟပ်သွားမှာကို စိုးရိမ်တယ်။

ကိုယ်လုပ်နိုင်တဲ့ဘက်က နိုင်ရာဝန်ထမ်းတာသိပ်ကို ကျက်သရေရှိတယ်ထင်တယ်။ လူကောင်းတွေကို နေရာများများပေးတာကောင်းတယ်။ အခုအထိ ကိုမင်းကိုနိုင်တို့ကို တွေ့သင့်တွေ့ထိုက်တဲ့ နေရာမှာမတွေ့ရသေးဘူးလို့ထင်တယ်။ စစ်တုရင်ကစားရင် အားကြီးတဲ့ အရုပ်ကို ကျယ်ပြန့်တဲ့ နေရာမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားစေရတယ်။ ကွင်းန်ကို ပွန်းတွေနဲ့ ပိတ်ထားရင် အဲဒီကွင်းန်ဟာ အလကားပဲ။ သူ့ရဲ့ စွမ်းရည်ပြုန်းတီးတယ်။ နောက်ဆုံးမှာ တက်ပြီးတိုက်ခိုက်ရပေမယ့် မလိုအပ်တဲ့အချိန်မှာ ဘုရင်ကို လုံလုံခြုံခြုံထားရတယ်။ အဲဒီနှစ်ခုကို ကွဲပြားဖို့လိုတယ်။ အခုလိုအပ်နေတာ ဘယ်လို အနေအထားမျိုးလဲ။ နိုင်ငံကောင်းအောင်လုပ်ဖို့ လူတိုင်းလုပ်နိုင်တယ်ဆိုပေမယ့်၊ သူ့ရဲ့ပါဝါက စကားပြောတယ်။ လုပ်ပိုင်ခွင့်က စကားပြောတယ်။ ပွန်းဟာ ရှေ့ကိုတစ်ကွက်စီတက်နေရတုန်းမှာ ရထားဟာ အဝေးကို တစ်ချက်တည်းပြေးနိုင်တယ်။ လူကောင်းတွေကို နေရာများများပေးပါ။ ဘာနကန်းတစ်လုံးမှ မသိတဲ့သူတွေ နှစ်နှစ်ဆယ် အုပ်ချုပ်ခဲ့တာတောင် လက်ခံခဲ့ရသေးတာ၊ လူကောင်းတွေ၊ ပညာတတ်တွေကို ၁၀ နှစ်လောက်တော့ အချိန်ပေးကြည့်ဖို့ကောင်းတယ်။

ဒေါ်ပုရဲ့မုန့်ဟင်းခါးဆိုင်ဟာ ရပ်ကွက် ထဲမှာ တစ်ဆိုင်တည်းရှိတုန်းကတော့ အဟုတ်ပဲ။ အရသာညံ့လည်း စားစရာဒါပဲရှိခဲ့တယ်။ ဒေါ်ပုဟာ ဒီအနေအထားကို ရပိုင်ခွင့်လို့ထင်တယ်။ ထာဝရမြဲသော တရားလို့ထင်တယ်။ တစ်ချိန်မှာ မယ်မြရဲ့ ထိပ်တန်းလက်ရာ ငါးခူမုန့်ဟင်းခါးထွက်လာတော့ ဒေါ်ပုဆိုင်မှာ လူမရှိတော့ဘူး။ ဒေါ်ပုက မယ်မြကြောင့် သူဘဝပျက်ရတာလို့ပြောချင်လည်းပြောမယ်။ မယ်မြရဲ့ဆိုင် လူမလာအောင် ယတြာချေရင်လည်းချေမယ်။ မယ်မြဟာ အနောက်ရပ်ကွက်မှာဆိုင်ဖွင့်သင့်တယ်လို့ နှစ်ပြားတန်အကြံတွေပေးချင်လည်းပေးမယ်။ ဒေါ်ပုဟာ သူ့မုန့်ဟင်းခါးကောင်းအောင်ရောင်းဖို့အာရုံမစိုက်ဘူး။ အဲဒါ ဒေါ်ပု ပျက်စီးခန်းပဲ။ အရှေ့တောင်အာရှရဲ့ ဒေါ်ပုတွေ အရင်းပြုတ်ဖို့ အလားအလာရှိတယ်လို့ နာနာကြီးမှတ်ထားကြပါ။

တိုင်းရင်းသားအကျိုးစီးပွားကို ကာကွယ်ဖို့က သိပ်အရေးကြီးတယ်။ နိုင်ငံက တစ်ချိန်လုံးကြီးပွားခဲ့ပါတယ်။ တစ်ချို့နှစ်တွေမှာ အုပ်ချုပ်သူတွေဆီကို နိုင်ငံ့ဘဏ္ဍာတွေ လမ်းကြောင်းမှားစီးဆင်းသွားတယ်။ တစ်ချို့နှစ်တွေမှာ ခရိုနီတွေဆီရောက်တယ်။ နှစ်နှစ်ဆယ်လုံး သစ်တောတွေကုန်သွားတယ်။ တိုင်းပြည်မွဲလေ အုပ်ချုပ်သူချမ်းသာလေပဲ။ စိန်မမတို့ ရွှေအိမ်သာခွက်တို့ဟာ ဆင်းရဲသားလည်ပင်းတွေနဲ့ တံတွေးမြိုချနေတဲ့ ပြိတ္တာတွေလောက်ပဲ။ ဗုဒ္ဓဘုရားဖြစ်တော့ ယောက်ဖတော် အရှင်ဒေဝဒတ်က ခရိုနီပီပီရပိုင်ခွင့်ရမလားရယ်လို့ သင်္ကန်းစီးတယ်။ ဘုရားကမျက်နှာသာမပေးတော့ လုပ်ကြံတဲ့အထိ အမုန်းထားတယ်။ ခရိုနီဟာ ဒီလိုပဲ။ မီဒီယာသမားတွေကို စားပြီနားမလည်လို့ပြောမယ်။ ဝန်းကြီးများရုံးကို ဟိုတယ်ဖွင့်ဖို့ပြောမယ်။ ကန်တော်ကြီးကို မောင်ပိုင်စီးမယ်။ ဒေါ်လာ ၁၅၀၀ တန် အမ်ဘီအေဝယ်မယ်။ လယ်သမားဆီက လယ်လုမယ်။ ဒါတွေကို လုပ်နေတာဟာ ဆင်းရဲသားဖိနှိပ်မှုပဲ။ သမိုင်းမှာ ရုရှမှာ ဒီလိုလုပ်လို့ ဆင်းရဲသားတွေ အုံကြွပြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးရော၊ လည်ချောင်းသွေးပါထွက်ခဲ့ပြီးပြီ။ ဒါတွေကို အတုမယူရင် ဒီလိုပဲဖြစ်မယ်။ လောကမှာ ဓမ္မနဲ့အဓမ္မဟာ ဒီလိုပဲ အားပြိုင်နေမယ်။ နိုင်ငံအတွက်၊လူမျိုးအတွက်ကြည့်ပြီး အလုပ်လုပ်တဲ့သူတွေ အောင်မြင်မယ်။ ကန်ချလို့မလဲဘူး။ စေတနာမှန်ရင် ဖြိုလို့ကို မပြိုဘူး။

တိုင်းရင်းသားအကျိုးစီးပွားဆိုတာကိုပြောဖို့ဆိုရင် လုပ်ထုံးလုပ်နည်းဘက်ကို နည်းနည်းအရင်ပြောရမယ်။ လယ်သမားက ချေးငွေထုတ်ချေးရင် ဆိုင်ကယ်ဝယ်စီးတယ်။ စပါးပိုစိုက်တာမဟုတ်ဘူး။ အပြိုင်မရှိတုန်းတော့ ဟုတ်တယ်။ တချိန်မှာ နိုင်ငံတကာ company တွေဝင်လာပြီး စိုက်ပျိုးရေးကို ဖိဖိစီးစီးလုပ်ရင် ရှိသမျှ ပေါ့ပေါ့လျော့လျော့ လယ်သမားတွေ လယ်ကူလီလောက်ဖြစ်ကုန်မယ်။ အပြောင်းအလဲဆိုတိုင်း ကောင်းတယ်မမှတ်စေချင်ဘူး။ အခန့်မသင့်ရင် အပြောင်းအလဲကြောင့် ထမင်းငတ်သွားနိုင်တယ်။ အပြောင်းအလဲကြောင့် အလုပ်ပြုတ်သွားနိုင်တယ်။ အပြောင်းအလဲကြောင့် ကုန်းကောက်စရာမရှိအောင်ဖြစ်သွားနိုင်တယ်။ အစိုးရက အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတာ အခြေခံစည်းမျဉ်းတွေလောက်ပဲ ချမှတ်နိုင်တယ်။ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး လုပ်နေတဲ့ လုပ်ငန်းတွေမှာ ရှေးရိုးနည်းနဲ့ယှဉ်ပြိုင်ရင် ဦးနာအောက်ရဲ့ ပုဝါတွေကို မျက်ရည်သုတ်ဖို့ များများသာမှာထားစေချင်တယ်။

၁၉၉၄ မှာ  အမေ့ကို ရုံးကနေ နယ်သာလန်ကို ကျေးလက်ဖွံ့ဖြိုးရေးအတွက် လွှတ်တယ်။ ဘာတွေ သင်ရသလဲဆိုရင် ကျေးရွာတွေမှာ ဆင်းရဲနေတဲ့သူတွေကို ငွေကြေးနည်းနည်းထောက်ပံ့ပြီး သူ့ခြေထောက်ပေါ်သူရပ်နိုင်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သင်ရတယ်။ ဥပမာ၊ တစ်ယောက်ကို ပိုက်ဆံ ၁၀၀၀၊ ၂၀၀၀ ပေးတာက အလကားပဲ။ သူတို့ကို ဝက်ပေါက်လေးတွေပေးမယ်။ ဝက်မွေးဖို့သင်ပေးမယ်။ တစ်နှစ်မှာ သူတို့ ဘယ်လောက် အမြတ်ရအောင်လုပ်နိုင်သလဲဆိုတာကိုကြည့်မယ်။ လိုတာတွေဖြည့်ဆည်းမယ်။ အဲဒီလို အကူအညီနည်းနည်းနဲ့ဖွံ့ဖြိုးအောင် လုပ်တာတွေကို သင်ပေးတယ်။ ပြီးတော့ ရန်ကုန်မှာပဲထားတယ်။ ဘာမှမလုပ်ခိုင်းဘူး။ မင်္ဂလာဈေးထဲက တရုတ်တွေလို ဘွဲ့အတွက် ဆရာဝန်၊အင်ဂျင်နီယာဖြစ်အောင်လုပ်တယ်၊ပြီးတော့ ဈေးပဲရောင်းကြတယ်။ ဦးနှောက်ယိုစီးမှုပြဿနာတင်မဟုတ်ဘူး၊ မြန်မာပြည်မှာ ဦးနှောက်ချောင်ထိုးမှုပြဿနာလည်း တော်တော်ကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ ရုံးတိုင်းမှာဖြစ်နေတာ။ နောက်ပိုင်းဆို mix နဲ့ miss တောင် ကွဲအောင်မပြောနိုင်တဲ့ ပညာတော်သင်တွေလွှတ်လာတာကို တွေ့ရတယ်။

NGO တွေမှာ လစာကောင်းတယ်လို့ပြောတိုင်း ကျနော်ဝမ်းနည်းမိတယ်။ လစာကောင်းချင်ရင် တခြားအလုပ်လုပ်သင့်တယ်။ စေတနာ့လုပ်ငန်းတွေလုပ်ပြီး လစာကောင်းတယ်ဆိုတာကိုဂုဏ်မယူစေချင်ဘူး။ ၂၀၀၂-၂၀၀၃ လောက်က ကျနော် ရခိုင်က ရွှေရချိုင်ဆိုတဲ့ရွာလေးကို ခဏသွားတယ်။ အဲဒီမှာ သူငယ်ချင်းရဲ့အဘွားက အုန်းပင်တွေအများကြီးပိုင်တယ်။ အဲဒီမှာ ကောင်လေးနှစ်ယောက် အုန်းသီးခူးပြီးပြန်လာတော့ အဘွားကမေးတယ်။ ဟဲ့ ဘယ်ကအုန်းသီးလဲ။ ကောင်လေးကဖြေတယ်။ သူ ကောက်လာတာတဲ့။ အဘွားက  ပြောတယ်။ နင်တို့လည်း အုန်းပင်သာတစ်ပင်မှမရှိတယ် အုန်းသီးတော့ နေ့တိုင်းကောက်ရတယ်တဲ့။ ကျနော်ရယ်မိတယ်။ ခိုးလာတယ်ဆိုတာကို အုန်းသီးကြည့်လိုက်တာနဲ့ အဘွားကသိတာပေါ့။ ဒီလောက် အစိမ်းကြီးကြွေမကျဘူးဆိုတာ သူမပြောနဲ့ ကျနော်တို့တောင်သိတယ်။ အုန်းပင်မစိုက်ဘဲ အုန်းသီးတွေကောက်ရနေတယ်ဆိုတာ NGO မှာလုပ်ပြီး လစာကောင်းနေတယ်ဆိုတာနဲ့ သိပ်မကွာဘူးလို့ ကျနော်ထင်တယ်။ အစိုးရဝန်ထမ်းလုပ်ပြီး သထိန်းဖြစ်တယ်ဆိုတာလည်း ထိုနည်းလည်းကောင်းပေါ့ခင်ဗျာ။

အခုအိုဘားမားလာတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ကောင်းတယ်။ ပညာရေးကဏ္ဍမှာ အမေရိကားရဲ့ အကူအညီရနိုင်ရင်ကောင်းတာပဲ။ ပညာတော်သင် များများ လွှတ်နိုင်ရင်လည်း သိပ်ကိုကောင်းတာပဲ။ ရှက်စရာကောင်းတာကတော့ အိုဘားမားလာမှ ကိုယ့်နိုင်ငံရဲ့ အထင်ကရ နယ်မြေကြီးကို တက်သုတ်ရိုက်၊ခါတော်မီပြင်ဆင်ကြတဲ့သူတွေပဲ။ သမိုင်းမှာ သိပ်ပြီး ထိပ်ထိပ်ကြဲဖြစ်တဲ့ အထင်ကရ ကျောင်းတော်ကြီးကို မေ့သွားအောင်လုပ်ထားခဲ့ကြတာ အတော့်ကို အောက်တန်းကျပါတယ်။ ပညာရေးစနစ်ကို ဒိုင်ဗင်ထိုးဆင်းသွားအောင်လုပ်ခဲ့တဲ့သူတွေသိပါလိမ့်မယ်။ အခုလည်း ဝန်ကြီးက ဘယ်နှစ်ရာခိုင်နှုန်းအောင်စေချင်လို့ အောင်မှတ်ကို ဘယ်လောက်ထားပေးမယ်ဆိုတဲ့စနစ်ရှိနေတုန်းပါပဲ။ ကျနော်တို့တွေက အဲဒီလို ပညာရေးစနစ်တွေနဲ့ အင်မတန်မှ ရင်းနှီးခဲ့သူများပါပဲ။ အင်မတန်ကို အဆင့်နိမ့်တဲ့ ပညာရေးယန္တရားထဲက ကျွတ်ထွက်လာတဲ့ မူလီတွေဖြစ်မယ်။

စီးပွားရေးကို အိုဘားမားကို အားကိုးရင်တော့ အဆင်ပြေပါ့မလား စိုးရိမ်မိတယ်။ မက်ဒေါ်နယ်၊ ကေအက်ဖ်စီတွေ ရောက်လာရုံနဲ့တော့ ဘာမှမထူးပါဘူး။ သူကိုယ်တိုင် ဘုရှ်အကြွေးတွေ မကျေသေးလို့ ခက်နေရကြားထဲ ရှေ့နှစ် ရီဆက်ရှင်းပြဿနာ အရိပ်အမြွက်တွေနဲ့ ဆံပင်တွေပိုဖြူလာတဲ့ သမ်မတကို ပညာရေးအတွက်လောက်ပဲ အားကိုးချင်မိတယ်။

မြန်မာပြည်မှာ စိုက်တာပျိုးတာတွေက အရင်လို အထွက်မကောင်းတော့တာတွေ၊ ပိုးသတ်ဆေးကို အရင်က ရုပ်မြင်သံကြားမှာ ပြပြနေတဲ့ တမာပိုးသတ်ဆေးဘယ်သူမှ မသုံးတော့တာတွေ၊ ဆည်ဖောက်လို့ရေလျှံတာတွေကိုလည်း ဖြေရှင်းသင့်တယ်။ အောက်ကလူတွေ အဆင်ပြေဖို့ လိုတဲ့အလုပ်မျိုးတွေ အများကြီးလိုတယ်။ စီးပွားရေးကို စနစ်မဲ့ ပရမ်းပတာဖြစ်လွန်းတာတွေကို ပြင်ဆင်ဖို့လိုတယ်။ လူတိုင်း အခြေခံလိုအပ်ချက်ပြည့်မီအောင်ကြိုးစားသင့်တယ်။ အိန္ဒိယမှာ သရုပ်ဆောင်ဖြစ်ရင် ဆင်းရဲတွင်းကလွတ်နိုင်တယ်။ ကိုးရီးယားမှာ အဆိုတော်၊သရုပ်ဆောင်၊ ဘောလုံးသမား တစ်ခုခုဖြစ်ရင် ဆင်းရဲတွင်းကလွတ်နိုင်တယ်။ ထိုင်းမှာ ကစ်ဘောက်ဆင် ကောင်းကောင်းတတ်ရင် ဆင်းရဲတွင်းကလွတ်နိုင်တယ်။ ဘရာဇီးမှာ ဘောလုံးကျွမ်းရင်ချမ်းသာနိုင်တယ်။ မျှော်လင့်ချက်ရှိတဲ့ ဘဝတွေဖြစ်ဖို့ လိုအပ်တယ်။ ပညာတတ်လို့ ဘာမှမဖြစ်လာဘူးဆိုတဲ့ အတွေးအခေါ်ဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဘယ်နိုင်ငံမှာမဆို ပညာတတ်ဖို့ လိုပါတယ်။ ကျကျနန တတ်မြောက်မှုဟာ ဘွဲ့ရဖို့ထက် ပိုအရေးကြီးပါတယ်။

(ဆက်ရန်)




Peace B with U.