Showing posts with label Mini Fiction. Show all posts
Showing posts with label Mini Fiction. Show all posts

Sunday, March 14, 2010

ခရမ်းရောင် အက္ခရာ နှင့် ၀ိမုတ္တိနှင်း (အပိုင်း ၃)




သူမအတန်ငယ် တိတ်ဆိတ်သွားသည်။
သူ့ဘယ်ဘက်မျက်ဝန်းမှ စီးကျလာသော မျက်ရည်စီးကြောင်းသည် ပါးပြင် အလယ်ခေါင်တည့်တည့်တွင် ရပ်တန့်နေသည်။ သူမအသက်ပြင်းပြင်းတစ်ချက်ရှူရင်း .. မျက်ရည်စီးကြောင်းကို တစ်ရှူးစတစ်ခုဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ အရာအားလုံးသည် တိကျသော ကျိန်စာတစ်ခုအောက်မှာ ဖြစ်တည်ပျက်နေရသလို ဖြစ်နေသည်။ သူမအဆင်ပြေရဲ့လား ကျွန်တော်စောင့်ကြည့်နေမိသည်။ လက်ကောက်ဝတ်မှုသွေးတိုးသံပြန်လည်ကြားနေရလောက်အောင် တိတ်ဆိတ်နေသည်ဟု ခံစားရသည်။ သူမရော ဘယ်လို ခံစားနေရသလဲ ....။ တိတ်ဆိတ်ခြင်းဟာ ငိုနေတဲ့သူတစ်ယောက်ရဲ့ရှေ့မှာ ပိုပြီးကြာမြင့်တတ်သလား ....။

တိတ်ဆိတ်ခြင်းကို တွန်းတိုက်ထွက်ပေါ်လာတဲ့သူမစကားလုံးတွေကို ကျွန်တော်အာရုံစိုက်ပြီးနားထောင်လိုက်မိသည်။ ...

အရူးဟာ ကောက်ရိုးနဲ့ နှလုံးသားတစ်ခု လုပ်ထားနိုင်ခဲ့လား ...........။
ဒါဟာ သူ့အတွက် ကျိန်စာလား .....။

သူမ အသံတိုးဖျော့နာကျင်နေသည်။ ..
အဲဒီမေးခွန်းကို ကျွန်တော်ဖြေရမှာလား။ ဖြေဆိုချိန်ကရောဘယ်နှမိနစ်ခန့်လဲ။ ....အရူး ...... အဲဒီအရူးကို စိတ်ထဲမှာမြင်လာရတယ် ....။ အရူးဟာ ခံစားတတ်တဲ့စိတ်နဲ့ ... အာရုံတွေကို စုစည်းသိမ်းဆည်းတယ်။ အရူးဟာ ပန်းပွင့်လေးတွေကို လေပြင်းတိုက်မှာစိုးလို့ ... သိမ်းဆည်းထားတတ်တယ်။ အရူးဟာ ... ကန့်လန့်ကာနောက်ကွယ်မှာနေပြီး ... ဒဏ်ရာတွေကို အကုန်စုသိမ်းထားတယ်။ အရူးဟာ ...ဖြစ်နိုင်ရင် သောကတွေကိုတောင် ဥယျာဉ်တစ်ခု စိုက်ပျိုးလိုက်ချင်ခဲ့တာ .........။ အရူးဟာ .. အမြဲတမ်းပြုံးနေပြီး ... သူချစ်တာတွေအတွက် ... အမြဲတမ်း ဂုဏ်ယူနေတတ်တာ ....။အရူးဟာ ......။

တစ်ခါတစ်လေ ပန်းဝင်မှရလိုက်တဲ့ ကျိန်စာကို မင်းသိပါတယ် ....။ သိပ်လိုချင်ခဲ့တာတွေရသွားတဲ့အခါ ပျော်ရွှင်ရမယ်လို့ မင်းထင်သလို ငါလည်းထင်ခဲ့တယ်။ အရူးလည်းထင်ခဲ့တယ်။ ... ကိုယ့်အမှားအတွက် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရတဲ့အခါ ဈေးမဆစ်ကြေးပေါ့..... ငါယုံကြည်တာတော့ အရူးလည်း သူ့ရဲ့ စိတ်ကို သူသိမှာပါ ...။သူ့ဒဏ်ရာကို သူသိပါတယ် ....။ သူနေပြန်ကောင်းလာတဲ့အချိန်မှာ ... နှလုံးသားမလိုအပ်တော့တဲ့ခေတ်ရောက်နေမှာပါ ....။ မင်းဒါကို နားလည်ပါလိမ့်မယ်။

ဒုတိယမြောက်အကြိမ်စီးဆင်းလာသာ မျက်ရည်စီးကြောင်းတစ်ခု ...........။ သူမပါးပြင်အလယ်မှာရပ်တန့်မနေတော့ဘဲ နှုတ်ခမ်းဘေးမှတစ်ဆင့် မေးစေ့ဖျားဆီသို့ ဆက်လက်စီးဆင်းလာသည်။ သူမကို ကြည့်နေရသည်မှာ ချက်ချင်းသွေးဆုတ်ဖြူရော်သွားသော လူမမာတစ်ယောက်နှင့်တူနေသည်။ ... .... ဒီတစ်ခါတော့ သူမ မျက်ရည်များကို ခပ်ကြမ်းကြမ်းမသုတ်ပစ်တော့ပါ။ ကြေကွဲနာကျင်နေသော မျက်လုံးများ ... တဖျပ်ဖျပ် စိုလက်နေသည်။ မျက်ရည်များဖြင့်တောက်ပသော ကြယ်နှစ်စင်းသည် အတိတ်မှ အလင်းပြန်မှုများအတွက် ခါးသက်နေသည်။

ရှင် အရူးနဲ့တွေ့ခဲ့တယ်မလား .......။

နောက်စာမျက်နှာတွေဆက်ဖတ်ကြည့်လိုက်ပါ ...။ တစ်ချို့မေးခွန်းတွေကို ငါမဖြေချင်ဘူး။


ကြယ်တစ်စင်းသည် သင့်ကို သတိရနေပါလိမ့်မည်။
ထိုစကားသည် အရူးစကားဖြစ်၍ မှန်ကန်နိုင်ပါသည်။
သင်သည် ခရီးသွားနေသောကြောင့် ကောင်းကင်ကိုကြည့်ပါသည် ...
အမှောင်ထုများကြားမှ အနက်ရောင်ကြယ်တစ်စင်း ကို သင်တွေ့နိုင်မည်မဟုတ်ပါ။
သင်မော့ကြည့်လိုက်သည်ကို သိရုံမျှဖြင့် ကြယ်တစ်စင်းသည် လက်ခနဲကြွေရန် အသင့်ဖြစ်နေခဲ့သည်။

အရူး ။ ။ သူငယ်လေး ဘာလို့ပြုံးတာလဲ။ လောကကြီးဟာ ရယ်စရာမကောင်းဘူးကွ။
သူငယ်လေး ။ ။ သောကတွေ တယုတယမွေးမြူပြီး ကြီးပြင်းလာတဲ့သောကတွေနဲ့ ရူးနေတဲ့လူတွေကို မြင်တိုင်း ပြုံးမိတယ် ....။
အရူး ။ ။ အလေ့ကျပေါက်ရောက်တဲ့သောကတွေပါ ....။
သူငယ်လေး ။ ။ ဒီလိုအလေ့ကျပေါက်ရောက်ဖို့ ဘယ်သူက ရင်ဘတ်ထဲက စိုက်ခင်းကို သော့ဖွင့်ပေးခဲ့တာလဲ .....။

နေမင်း။ ။ မင်းက ဘာလို့ရူးနေတာလဲ။
အရူး။ ။ တစ်မျိုးစီမကလောင်ကျွမ်းနေတာပါ ... မရူးပါဘူး။
နေမင်း။ ။ မရူးဘူးဆိုတာ သေချာရဲ့လား။
အရူး။ ။ သေချာတယ်ဆိုတာ ဘာလဲ ....။ ဘယ်သူတွေက သေချာခဲ့ကြဖူးလဲ ....။

အရူး။ ။ ပျော်ရွှင်မှု ... သင်ဟာ ဘာလဲ။
ပျော်ရွှင်မှု။ ။ ငါဟာမရှိခြင်းပဲ။
အရူး။ ။ ဘယ်လိုမရှိခြင်းလဲ။
ပျော်ရွှင်မှု။ ။ ခံစားချက်တွေ မရှိခြင်းပဲ။ ခံစားချက်တွေ လက်ခံမထားတဲ့အခါ ခံစားချက်လက်ကျန်မရှိတဲ့ အခိုက်အတန့်ဟာ ပျော်ရွှင်မှုပဲ။

အမှောင်။ ။ မင်းစိတ်ထဲက အမှောင်တွေကိုတွေ့လား။
အရူး။ ။ အမှောင်ဆိုတာမရှိဘူး။
အမှောင်။ ။ စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့အပိုင်းဟာ အမှောင်ပဲ။
အရူး။ ။ မဟုတ်ဘူး။ ဖုံးကွယ်ထားတာမဟုတ်ဘူး။ သစ်စေ့တစ်ခုကို စိုက်ပျိုးဖို့မြေထဲမြုပ်လိုက်တဲ့စိုက်ပျိုးခြင်းပါ။
အမှောင်။ ။ သစ်သီးတွေ သီးပွင့်လာတဲ့အခါမှ ... ဆုံးဖြတ်ကြသေးတာပေါ့။

ကြယ်တစ်စင်းသည် သင့်ကို သတိရနေပါလိမ့်မည်။
ထိုစကားသည် အရူးစကားဖြစ်၍ မှန်ကန်နိုင်ပါသည်။
သင်သည် ခရီးသွားနေသောကြောင့် ကောင်းကင်ကိုကြည့်ပါသည် ...
အမှောင်ထုများကြားမှ အနက်ရောင်ကြယ်တစ်စင်း ကို သင်တွေ့နိုင်မည်မဟုတ်ပါ။
သင်မော့ကြည့်လိုက်သည်ကို သိရုံမျှဖြင့် ကြယ်တစ်စင်းသည် လက်ခနဲကြွေရန် အသင့်ဖြစ်နေခဲ့သည်။

ထိုစကားများသည် ကြယ်တစ်စင်း၏စကားများဖြစ်သောကြောင့် ကောင်းကင်ဘာသာဗေဓ တတ်မြောက်သောနှလုံးသားတစ်ခုမှ တစ်ဆင့်သာ ကြားနိုင်ပါလိမ့်မည်။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Monday, February 1, 2010

ခရမ်းရောင် အက္ခရာ နှင့် ၀ိမုတ္တိနှင်း (အပိုင်း ၂)

စာမျက်နှာအဆုံးအထိဖတ်ပြီး သူမ ကျွန်တော့်ကိုလှမ်းအကဲခတ်လိုက်သည်။ တိတ်ဆိတ်နေသည့် ကော်ဖီဆိုင် တစ်ခုမှာ ... သက်တူရွယ်တူ လူငယ်နှစ်ယောက်။ စာရွက်တစ်ချို့ပြန့်ကြဲနေတဲ့စားပွဲဝိုင်းတစ်ခု၊ သောက်လက်စ ကော်ဖီခါးခါး နှစ်ခွက် နှင့်.... အသံမဲ့တိတ်ဆိတ်မှု။

တိတ်ဆိတ်မှုကို သူမအသံတိုးတိုးလေးနဲ့ ဖောက်ခွဲလိုက်မှ ... စိတ်ထဲလျှောက်သွားနေတဲ့ စိတ်က အာရုံမဲ့သိစိတ်က ပြန်လည်နိုးကြားလာပြီး အသံကို အဓိပ္ပာယ်ကို ဖွင့်မိသွားသည်။

"ရှင်ဆိုလိုချင်တာက ကြယ်တစ်စင်း အောက်မှာ အရူးတစ်ယောက်ခရီးသွားနေတာကိုမဟုတ်ဘူး။ ရှင် ဆိုလိုချင်တာ အဓိပ္ပာယ်မဲ့နေတဲ့ အမှောင်အလင်းတွေနဲ့ ... အရူးတွေလက်ထဲက ပန်းပွင့်တွေလား .... ရှင် ဘာဖြစ်လို့ ပုံအနောက်က အနူမြူ ပေါက်ကွဲမှုကို ထည့်မရေးတာလဲ .........."။

သူမ၏ အကင်းပါးမှုအတွက် အသိအမှတ်ပြုသော အပြုံးလား၊ ထွင်းဖောက်သိမြင်တတ်တဲ့စိတ်ကို ကြောက်ရွံ့ပြီး အလန့်တကြားပြုံးမိတာလားမသိတဲ့ အပြုံးတစ်ခု ကျွန်တော်ပြုံးမိလိုက်သည်။ သူမကတော့ အေးအေးဆေးဆေးပင်၊..... စာရွက်ကို တစ်ချက်ပြန်ဖတ်ပြီး
"လိမ်ညာနေတဲ့ ကုတ်အင်္ကျီကို ယုံကြည်မိတဲ့ အရုးဟာ အရူးဆုံးပဲမဟုတ်လား"

ထိုမေးခွန်းအတွက် ကျွန်တော် အံ့သြမင်သက်ချိန် အလုံအလောက်မရခဲ့ပါ။ ပဟေဠိဖြေဆိုတိုင်း ဆုတံဆိပ်များစွာ ရရှိခဲ့ဖူးကြောင်း သူမပြောပြစဉ်က ကျွန်တော် သိပ်အထင်မကြီးခဲ့သည်ကို အကြီးအကျပ်နောင်တရမိသွားသည်။

"နွေးထွေးမှုဟာ သက်ရှိတွေရဲ့ လိုအပ်မှုတစ်ခုပါပဲဟာ။"
"အတုတွေကို ရှင်ယုံကြည်လို့လား။ ရှင်မှတ်မိတယ်မဟုတ်လား .... English စာသင်တန်းမှာ ဖတ်ခဲ့ရတဲ့ သိပ္ပံတွေ့ရှိချက်လေ ... မိဘမဲ့မျောက်လေးကို အမေအရုပ် နှစ်ခုနဲ့စမ်းသပ်တဲ့အခန်းလေ ..."
"မှတ်မိပါတယ်။ နွေးထွေးမှုအတုဟာ သူ့အတွက် အစစ်ပဲလေ။"
"ရှင်က ပိုရူးတယ် .. ပုံပြင်ထဲက အရူးတောင် ဒီလောက်မရူးဘူး "
"အင်း ဟုတ်တယ်။ ရေမဆာတဲ့ သမင်တစ်ကောင်အတွက် တံလျှပ်အစစ်တွေဟာ ရေအတုတွေထက် ကျန်းမာရေးနဲ့ ပိုညီညွတ်လိမ့်မယ်။"
"သေချာပါတယ် .... ပုံပြင်ထဲက အရူးက ရှင်မဟုတ်ဘူး ...။ ရှင်က ပုံပြင်ထဲက အရူးလိုအရူးတွေအများကြီးပေါင်းပြီးကျိုထားတဲ့သူမျိုး ။"

ကျွန်တော်ရယ်နေမိသည်။ သူကတော့ပြောရခက်တဲ့ ကျွန်တော့်ကို ပြောလည်းမထူးပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ကော်ဖီကို မည်းပြီးသောက်နေပြန်သည်။

"နောက်တစ်ခုက ဘာကို ဆက်ရေးလိုက်လဲ။"
"သူက The Empress ကို ဆက်ရေးစေချင်တယ်။"
"ဘယ်သူကလဲ ရှင်က လူတစ်ယောက်ရဲ့ ဆိုဆုံးမမှုနဲ့ နေထိုင်တဲ့သူမဟုတ်ဘူး။"
"အေး ... အရင်ကတော့ဟုတ်တယ်။"
"အခုတေှာ့ရှင်က လူစကားနားလည်ပြီး နားထောင်တတ်ပြီ ဆိုပါတော့ ...။"
"သူ့ကို လူလို့တော့ပြောဖို့ခက်တယ် ...။ သူက အသက်မရှူတဲ့ သက်ရှိတစ်ခု။"
"'အင်း အသက်မရှူတဲ့ သက်ရှိ .. ရှင်တစ်ခါပြောဖူးတယ် ... ရှင့် တားရော့တ်က ရေးခိုင်းတယ်ပေါ့"
"Sure"





ကြယ်တစ်စင်းသည် သင့်ကို သတိရနေပါလိမ့်မည်။
ထိုစကားသည် အရူးစကားဖြစ်၍ မှန်ကန်နိုင်ပါသည်။
တိတ်ဆိတ်သော ကောင်းကင်၊
တိတ်ဆိတ်သော မြေပြင်၊
တိတ်ဆိတ်သော လေထု
တိတ်ဆိတ်သော အစရှိသဖြင့် ...


အနက်ရောင် ကြယ်တစ်စင်း ... အမှောင်တန်းများ ... ခရီးသွား၊ ရူးသွယ်မှု ... ပန်းပွင့်များ၊ ရုပ်ကြွင်းနှင့် ကုတ်အင်ကျီ ဟု စာလုံးပေါင်းသော အပေါ်ယံခြုံလွှာတစ်မျိုးပါပါသည်။


အလဲအလှယ်
အရူး ။ ။ လောင်ကျွမ်းခံရမှုဟာ မီးကိုတွေ့ရှိဖို့ တန်ရာတန်ကြေးတွေလား။
TITANIA ။ ။ မီးကို စနစ်တကျ သုံးစွဲတတ်ဖို့လောင်ကျွမ်းမှုလိုတယ်လေ။
အရူး။ ။ အကန့်အသတ်နဲ့ရတဲ့ ဘ၀တိုတိုလေးမှာ မီးလောင်တာထက်ဆိုးတာရှိသေးလား။
TITANIA ။ ။ မီးတစ်ခါလောင်တာကို မငြိမ်းတော့ဘူးထင်နေတဲ့စိတ်နဲ့ ငြိမ်းသွားတဲ့မီးကို ဆက်ပြီးသိမ်းထားချင်တဲ့စိတ် ... အဲဒီနှစ်ခုက ပိုဆိုးတယ်။


ဖန်ဆင်းရှင်နဲ့တာဝန်
အရူး။ ။ ဖန်ဆင်းတစ်ချို့ဟာ ကမ္ဘာကို ဖန်ဆင်းပြီး အပြင်ကနေ ပြန်အုပ်ချုပ်တယ်။ အဒေါ်ကြီးကတော့ ဘာလို့ ကိုယ့်ကိုယ်ကို ကမ္ဘာပြန်လုပ်ထားရတာလဲ။
TITANIA ။ ။ ကိုယ်စိုက်ပျိုးတာ ရိတ်သိမ်းဖို့မဟုတ်ခဲ့ဘူး။ ဒါကို မင်းသိမှာပါ။

သေမင်း but Gender is Female (သေမင်းမ)။
အရူး။ ။ကျွန်တော့်ကို သေမင်းလုပ်ရတဲ့အခါ လာခေါ်မှာလား။
TITANIA ။ ။ လာခေါ်ရမှာပေါ့။
အရူး။ ။ အဲဒီအခါကြရင်တော့ လုံလုံခြုံခြုံလေးဝတ်ပြီး ... ကောက်ရိတ်တံလှလှလေးနဲ့လာခဲ့ပါနော်။
TITANIA။ ။မင်းလည်း ကောက်ရိုးနဲ့ နှလုံးသားတစ်ခု သေချာလုပ်ထားလိုက်ပါဦး။

မိခင်
အရူး။ ။ သစ်သီးတွေရှိပြီး ... စားချင်စိတ်မရှိဘူး။ စားချင်တဲ့စိတ်ရှိတဲ့အခါ သစ်သီးမရှိဘူး။ အလင်း
ရောင်လိုအပ်တဲ့အချိန်မှာ အလင်းမရှိဘူး။ အမြှောင်ထုကို လိုနေမှ အရုဏ်ကျင်းတယ်။ ချစ်ခင်သူတွေနဲ့တွေ့မှ လမ်းခွဲတွေရောက်လာပြီး၊ ဘရူးတပ်စ်တွေနဲ့လမ်းခွဲဖို့ ကြမှ တစ်လမ်းမောင်းဖြစ်နေတယ်။
TITANIA။ ။ တစ်ခုခုရမှ ပြည့်စုံတာလား။ တစ်ခုခုမလိုချင်တာက ပြည့်စုံနေတာလား။

တတိယမြောက်နောင်တ

TITANIA။ ။ မပြည့်စုံမှုနဲ့ပြည့်စုံမှုကို ရှာတာထက်။ ပြည့်စုံမှုက ပြည့်စုံမှုဆီကိုသွားတာ ပိုလွယ်လိမ့်မယ်။
အရူး။ ။ ပြည့်စုံမှုရဲ့ တစ်ဖက်ကမ်းမှာရော ဘာတွေဆက်ရှိနေသေးလဲ။
TITANI။ ။ ခရီးအဆုံးကိုရောက်တဲ့သူဟာ ဆက်မသွားတော့ဘူး။
အရူး။ ။ တကယ့်ခရီးအဆုံးဆိုရင်တော့ .....................................။


.... ဒီလိုနဲ့ အရူးတစ်ယောက် .. အနက်ရောင်ကြယ်တစ်စင်းရဲ့ အမှောင်တွေအောက်မှာ ကြက်ခြေခတ်တွေကောက်ရခဲ့ပြန်တယ်။

ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Wednesday, January 20, 2010

ခရမ်းရောင် အက္ခရာ နှင့် ၀ိမုတ္တိနှင်း (အပိုင်း ၁)


ခရမ်းရောင် အက္ခရာ နှင့် ၀ိမုတ္တိနှင်း






(၁)အရုးတစ်ယောက်ရဲ့ ခရီးစဉ် .....


အနက်ရောင် ကြယ်တစ်စင်းကပဲ စလိုက်ကြရအောင်။
ကြယ်တစ်စင်း၏ အိမ်မက်တွင် ..... "ဟိုးရှေှးရှေးတုန်းက .... " ဆိုတဲ့ သာယာညွတ်နူးဖွယ် အဖွင့်စကားနှင့် မစခဲ့တဲ့ ပုံပြင်လေးတစ်ခု ... ခရမ်းရောင် နှင်းများ စိုစွတ်နေသည်။

သက်တံများ ပြန်ဖြောင့်ရန်၊ သိမ်ငယ်ရိုကျိုးနေသော ထိကရုန်းပင်လေးကို အားပေးနှစ်သိမ့်ရန် ....၊ တိမ်တိုက်ဖြူလွလွလေးကို ပွေ့ဖက်ရန် .. ထိုအရာများသည် ကြယ်တစ်စင်း၏ အလုပ်များမဟုတ်ခဲ့ပါ။

ကြယ်တစ်စင်းသည် လောင်ကျွမ်းရန်၊ လင်းပရန်၊ ပေါက်ကွဲရန် ... တစ်ခါတစ်ရံ စိတ်ခံစားချက်များကို ပြန်လည်အေးခဲပစ်ရန် ... မတတ်သာသည့် အခါ အတွင်းသို့ပြန်လည် တိုးဝင်ပြီး ကြောက်မက်ဖွယ် Black Hole တစ်ခု ဖန်ဆင်းရန် ....၊ အေးချမ်းမြင့်မြတ်သည့်ကာလရောက်မှ ရင်ဘတ်ကိုပြန်ဖွင့်ပြီး Big Bang တစ်ခု ကို ပန်းလို ပွင့်ပစ်လိုက်ရန် စသည့် အလုပ်များကိုသာ တာဝန်အရ လုပ်ကိုင်သည်။

ကြယ်တစ်စင်းသည် အပ်ဖျားတစ်ထောက်စာ အလွမ်းတစ်ခုကြောင့် မီးလောင်ပျက်သုန်းသွားနိုင်သော အရည်ခွံပါးပါး စိတ်တစ်ခုနှင့် သံသရာဘတ်(စ်)ကားအိုပေါ်မှ ခရီးသွားမဟုတ်ပါ။ ... ကြယ်တစ်စင်းသည် မိမိရင်ဘတ်ထဲမှ နံရိုးတစ်ချောင်း ဘုရားသခင် မထုတ်ခဲ့ကြောင်း အခိုင်အမာ နားလည်ထားသော၊ အစွန်းရောက် သည့်တိုင် ချွန်မြခဲ့သော လှံသွားတစ်ခုဖြစ်နိုင်ပါသည်။ ကြယ်တစ်စင်းသည် မျက်ရည်အလွယ်တကူ ကျတတ်သော သဘာဝမရှိခဲ့ ...။ မျက်ရည်များ၏ အပူနဲ့ဖိအားကြောင့် လမ်းကြောင်းပြောင်း၍ လည်ပတ်ပေးလိုက်သော သမိုင်းကြောင်းမရှိခဲ့ပါ။ ကြယ်တစ်စင်းသည် အားနာပါးနား တလက်လက် လင်းပြလိုက်ရန် စိတ်ပျက်ညည်းငွေ့ရမှ အစပြု၍ အဖြူရောင်အလင်းတန်းကို အနက်ရောင် အဖြစ်သို့ ပြောင်းလဲလိုက်သည်ဟု ဆိုကြသည်။ တစ်ချို့ကလည်း ကြယ်တစ်စင်းသည် အရွယ်အစားအရ ... ဂငယ်ကွေ့ရန် မဖြစ်နိုင်ရာမှ အစပြု၍ အနက်ရောင် ကသိုဏ်းအ၀န်းအ၀ိုင်းကို စူးစိုက်လေ့လာရာမှ အနက်ရောင်ပြောင်းလာသည်ဟုဆိုကြသည်။ .... ကြယ်တစ်စင်းသည် ....။

အနက်ရောင်ကြယ်တစ်စင်းသည် ...
သင့်ဦးခေါင်းတည့်တည့်အရပ်မှနေ၍ သင့်ကို ငုံ့ကြည့်နေသည်။

တစ်ခါတစ်ရံ သင့်အိမ်မက်များကို သူခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ သင့် စိတ်ခံစားချက်များကို သူခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ သင့် မျက်ရည်များကို သူခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ ..... ကြယ်တစ်စင်းသည် .....သင့်အပြုံးများကို ခိုးဝှက်သွားသည်။
တစ်ခါတစ်ရံ ... ကြယ်တစ်စင်းသည် သင့် သက်ပြင်းတစ်ခု၏ လေးလံမှုကိုချိန်တွယ်နေတတ်သည်။
တစ်ခါတစ်ရံ ... ကြယ်တစ်စင်းသည် ...သင့်ကို အမှောင်တန်းများဖြင့် ခြုံလွှမ်းထားသည်။
ကြယ်တစ်စင်းသည် သင့်ကို .....။


...... ကြယ်တစ်စင်းသည် ကမ်းပါးစွန်းမှ ခြေတစ်ဖက်ချော်ထားပြီးသား အရူးတစ်ယောက်၏ ခရီးစဉ်ကို နားလည်သည်အထိ သူ့သက်တမ်းကို ဆွဲဆန့်ထားပစ်လိုက်သည်။ အာယုကပ်တစ်ခုကို လက်ထဲမှာ ခပ်ဖွဖွ ဆုပ်ကိုင်ထားရင်း ကြယ်တစ်စင်းသည် .. သင့်ကို .....။


(၁.၁) ခရီးအစ ...

အရူး။ ။ကျွန်တော့်ကို ပွဲလန့်တုန်းခင်းတဲ့ ဖျာတစ်ချပ်ရောင်းပါ။
ဆိုင်ရှင် ။ ။ဖျာတွေက အလကားပေးတာပါ။ တစ်ခုပဲရှိတယ် ....၊ စိတ်ထဲမှာ အံဝှက်လုပ်ထားတဲ့လူတွေကဦးသွားပြီ။
အရူး။ ။ဒါဆို နောက်သံသရာ တစ်ပတ်မှ ကျွန်တော်ပြန်လာမယ်။
ဆိုင်ရှင်။ ။ ဖျာတစ်ချပ်အတွက်လား။
အရူး။ ။ ဟင့်အင်း။ အံဝှက်တွေအတွက်ပါ .....။


(၁.၂)ရုပ်ကြွင်းနှင့်တွေ့ဆုံခြင်း

ရုပ်ကြွင်း။ ။ လမ်းကြုံလိုက်ချင်လို့ ရင်ဘတ်တစ်ခုငှားပါ။
အရူး ။ ။ ရတယ်လေ။ နှလုံးသားကို မထိစေနဲ့ ....။ ကျန်တာတွေ စားပစ်လိုက်။
ရုပ်ကြွင်း။ ။မင်းမှာ နှလုံးသားမရှိတော့ဘူးလေ။
အရူး။ ။အမ်။ လဲပစ်လိုက်ပြီထင်တယ်။ ဒီမှာ သူပေးသွားတဲ့ပန်းပွင့်တွေလေ။


(၁.၃)သုည

အရူး။ ။ မင်းက အရင်ကတည်းက တန်ဖိုးမရှိတာလား။ တစ်ယောက်ယောက်ကို တန်ဖိုးတွေပေးလိုက်လို့ သုညဖြစ်ကျန်ခဲ့တာလား။
သုည။ ။မင်းကရော စိတ်ခံစားချက်ကနေထွက်ပြေးတာလား၊ စိတ်ခံစားချက်ဆီကို ပြေးဝင်တာလား။
အရူး။ ။သုညထဲမှာဘာရှိလဲ။
သုည။ ။မေးခွန်းမှားနေပြီ ... ဘာထဲမှာ သုညရှိလဲ။

(၁.၄) ကုတ်အင်္ကျီ ၀တ်ဆင်ဖြစ်ခြင်း

အရူး။ ။ မင်းက ငါ့ကို ကာကွယ်ပေးချင်တာလား။ ငါ့ဆီက အနွေးဓာတ်ကို ခဏလောက် ကူးစက်ခံစားချင်တာလား။
ကုတ်အင်္ကျီ ။ ။ ဟင့်အင်း။ ငါက လမ်းကြုံလိုက်ချင်တာ။ မင်း ၀ိမုတ္တိဆီသွားမယ်လို့ကြားမိလို့။
အရူး။ ။ ငါ့ကို မင်းက ချုပ်ချယ်မှာလား။
ကုတ်အင်္ကျီ။ ။ ဟင့်အင်း။ ငါ့အိပ်ကပ်ထဲမှာ မင်းလက်တွေနွေးနေရင်ပြီးတာပါပဲ။

.... ဒီလိုနဲ့ အရူးတစ်ယောက် .. အနက်ရောင်ကြယ်တစ်စင်းရဲ့ အမှောင်တွေနဲ့ ခရီးတစ်ခုကို စတင်ခဲ့တယ်။

Notes:

။ အခန်းဆက်ရေးပါမယ်။ စုစုပေါင်း အပိုင်း (၇)ခု ရှိမယ်ထင်ပါတယ်။
ပုံတွေကိုတော့ Vertigo Tarots က ပုံတွေကို တင်လိုက်ပါတယ်။

Dedicated to my mom, thanks for the cards.



Peace B with U.