Showing posts with label Daily life. Show all posts
Showing posts with label Daily life. Show all posts

Wednesday, December 7, 2011

ရှုပ်ထွေးသော၊မွန်းကြပ်သော၊ဆာလောင်သော၊တိတ်ဆိတ်သော၊ အေးရိပ်။

ရှုပ်ထွေးသော၊မွန်းကြပ်သော၊ဆာလောင်သော၊တိတ်ဆိတ်သော၊ အေးရိပ်။


ဘယ်ဘက်ထောင့်ကပ်ပြီးလမ်းလျှောက်သူတစ်ယောက်အနေနှင့်၊ နေရာတကာမှာတော့ အလယ်အလတ်မကျခဲ့မိပါ။ရပ်ကြည့်ပြုံးပြန်ဇာတ်လမ်းများ မရေးဖွဲ့ခဲ့ဖူးသည့် စာအုပ်တစ်အုပ်လို၊ သူ့ကိုယ်သူ သိမ်သိမ်မွေ့မွေ့ အပိတ်ခံထားရလည်း သာသာယာယာရှိခဲ့ပါသည်။ ပြန်လည်ဆန်းသစ်ခြင်းခေတ်နှင့်တေ့လွဲလွဲသွားသော ရီနေဆွန့် နောက်ပိုင်းခေတ်မှ သမားရိုးကျတစ်ယောက်အနေဖြင့် လောကနှင့်ရော မိမိဇနီးသည်နှင့်ပါ အငြင်းအခုံလုပ်လေ့မရှိခဲ့ပါ။ ဆော့ခရေတ္တိ ဈေးသွားသည်မှာ စကားစမြည်ပြောရန်ဖြစ်ပါသည်။ ကျွန်တော်ဈေးသွားလျှင်တော့ ကြက်သားသည်မှ ရင်ပုံနှစ်ခုကို အရေခွံဆုတ်ပြီး နုပ်နုပ်စင်းပေးလိုက်ပါသည်။ ၀က်သားသည်မှလည်း ၀ယ်နေကျအတိုင်း နုပ်နုပ်စင်းထားသော ၀က်သား ကီလိုဝက်၊ ၀က်နံရိုး ကီလိုဝက်ကို အပိုများများထည့်ပေးလိုက်ပါသည်။ ကျွန်တော်သည် သမားရိုးကျ အပြောင်းအလဲကင်းနေသည်ကို မကျေမနပ်မဖြစ်တတ်သောလူအမျိုးအစားဖြစ်ပါသည်။

ဈေးဝယ်ရသည်ကို နှစ်သက်သော ယောကျာ်း အမျိုးအစားတစ်မျိုးသပ်သပ်ရှိသည်လားမသိပါ။ wet market ထဲတွင် ကျွန်တော်နှင့်မျိုးတူများကို တွေ့ရပါသည်။ ခေါင်းထဲတွင် ဈေးစာရင်းတစ်ခုပါကြောင်း မြွေမြွေချင်းခြေမြင်နေကြပါသည်။ ယောကျာ်းများဈေးဝယ်ထွက်ကြသည်မှာ အင်မတန်မှ မော်ဒန်ဆန်ပါသည်။ ရှေးခေတ်မှ အမျိုးသားဇာတ်ကောင် အိမ်ဦးနတ်ကြီးများအနေဖြင့် ဤရသကို ခံစားလိုက်ရမည်မဟုတ်ဟု မိမိဘာသာတွေး၍ ပြုံးမိပါသေးသည်။

ငါးမစားသောကြောင့် ငါးမကြိုက်သော အမျိုးသမီးကို ရှာဖွေ၍ ယူထားခြင်းမဟုတ်ပါဘဲလျက် ရှေးရေစက်ကြောင့် ငါးမကြိုက်သူများဖြစ်နေကြသည်ကိုလည်း အံ့သြမိသည်။ ဟင်းခတ်အမွှေးအကြိုင် အစုံရသော ကုလားဆိုင်မှ သူတို့ကိုယ်တိုင်ပြုလုပ်သော ငရုပ်ကောင်း လတ်လတ်ဆတ်ဆတ်ဝယ်ရသည်မှာလည်း ပျော်စရာကောင်းသည်။ အရောင်တင် ငရုပ်သီးများအနေဖြင့် မြန်မာ့ရိုးရာ ငရုပ်သီးများကဲ့သို့ မစပ်လှဘဲ အရောင်ထွက်လွန်းသောကြောင့် နောက်တစ်ကြိမ် မ၀ယ်ဖြစ်တော့သည်ကိုလည်း အမှတ်ရသည်။ ထိုဆိုင်မှပင် ထောပတ်ထမင်းအတွက် ghee ထောပတ်ဝယ်ခဲ့ဖူးသေးသည်။ မြန်မာဆန်သော ဟင်းခတ် အမွှေးအကြိုင်တော်တော်များများကို အိန္ဒိယကုန်စုံဆိုင်များတွင်ရလေ့ရှိသည်။

ပုစွန်များကိုတွေ့တော့ ပုစွန်ခွာခြင်းကို ဝေရာမဏိ လုပ်ပါမည်ဟု ပြီးခဲ့သည့်နှစ်ပတ်ကတည်းက သိက္ခာပုဒ်တစ်ခုပမာ စောင့်ထိန်းရန် ဆုံးဖြတ်ခဲ့သည့်အကြောင်းကို ပြန်တွေးမိသည်။ ပုစွန်များကို ခွာရာတွင် ကျွန်တော့်အတွက်တော့ အဆင့်လေးဆင့်ရှိပါသည်။ ပထမအဆင့်မှာ အင်မတန်ထက်သော ကတ်ကြေးဖြင့် ဦးခေါင်းနှင့် အမြီးကို ညပ်ပါသည်။ ကျောနှင့်ရင်ကို ခွဲပါသည်။ အထဲမှ အနက်ရောင် အမျှင်များကို အနုကြည့်မှန်ပြောင်းပမာ စေ့စပ်သော မျက်လုံးများဖြင့်စေ့စပ်စွာကြည်ရင်း ဆွဲထုတ်ပါသည်။ ထို့နောက် ညှီစော်နံသွားသော လက်ကို ဆပ်ပြာနှင့် မကြာမကြာဆေးပါသည်။ (ပုစွန် သုံးကောင်ကို လက်တစ်ခါဆေးသည်။) ထိုသို့ အသေးစိတ်ရာမှ ပုစွန်ခွာခြင်းတစ်ခုတည်းဖြင့် တစ်နာရီမျှ ကြာခဲ့ဖူးသည်။ ကံကောင်းထောက်မပြီး ပုစွန်ခွာရသော အလုပ်ဖြင့် အသက်မမွေးခဲ့မိသည်ကိုတော့ ၀မ်းသာမဆုံးဖြစ်ရသည်။

ဇနီးသည်သည် ကင်းမွန်(ပြည်ကြီးငါး) အလွန်ကြိုက်သူဖြစ်သည်။ ကျွန်တော်ကတော့ လုံးဝမကြိုက်ချေ။ ဗိုက်ထဲတွင် ပလတ်စတစ်အိတ်ပါသောအကောင်မျိုးနှင့် မပတ်သက်ချင်ပါ။ ၀ယ်ခဲ့ပါဆိုလျှင်တောင် မေ့ချင်ယောင်ဆောင်ထားလိုက်သည်။

အသီးအရွက် များများစားရမည်ဟု မိခင်ကြီးကလည်းမှာသည်။ ယောက္ခမနှင့် မရီးများကလည်းမှာသည်။ ထို့ကြောင့် အရွက်မျိုးစုံဝယ်သည်။ တစ်ပတ်လုံး တစ်မျိုးမဟုတ် တစ်မျိုး ဟင်းရည်ချက်သောက်လေ့ရှိသည်။ ဟင်းရည်သောက်ရာတွင်လည်း ဟင်းရည်ချည်းသပ်သပ်သာ သောက်သုံးလေ့ရှိသည့်အတွက် ဟင်းရည်ထဲမှ အဖတ်များသာ စားလေ့ရှိသော ဇနီးသည်နှင့် အသုဘနှင့် ကွာစေ့ပမာ လိုက်ဖက်ညီချေတော့သည်။

နွားနို့နှင့်သောက်ရေ၊လိမ္မော်ရည်များ ကုန်နေသည့်အခါ NTUC fair price သို့ဝင်ရသည်။NTUC fair price (fair price မှာနာမည်နှင့်တော့ သိပ်မကိုက်ညီလှ) မှပစ္စည်းများကို ကြွပ်ကြွပ်အိတ်မယူဘဲ မိမိ၏ဈေးခြင်းတောင်းတွန်းလှည်းနှင့် ထည့်လျှင် ပြားနှစ်ဆယ်လျှော့ပေးပါသည်။ ဆိုင်မှလူများကလည်း အင်မတန်ယုံသည်။ သောက်ရေ သုံးဘူး ၁.၃၅ တန် ခြောက်ဘူးဝယ်လျှင် တစ်ဗူးသာပြရန်လိုသည်။ ကျန်တာတွေ ခြင်းထဲမှာထည့်ထားပြီး ခြောက်ဘူးဆိုလျှင် သူ့ဘာသာသူတွက်သည်။ ခြင်းထဲထည့်ထားသော ဗူးအားလုံးထုတ်ပြရန်မလိုပါ။ နွားနို့ကို Meiji low fat သောက်ရသည်။ အင်မတန်ဝသော ဇနီးသည်၏အကြိုက်အရဖြစ်သည်။ ကျွန်တော်ကတော့ ရိုးရိုးနွားနို့ပဲကြိုက်သည်။ ဒန်နီးယလ် ဂိုးမန်း၏ Ecology Intelligence စာအုပ် အရတော့ Trans Fat မပါလို့ စာတမ်းကပ်လိုက်လျှင် ပိုရောင်းရခဲ့သည်ဟုဆိုသည်။ မာဂျရင်းများမှ Trans fat ပြန်ဖယ်လိုက်ခြင်းဖြင့် တစ်နှစ်တစ်နှစ် အမေရိကန်ထောင်ဂဏန်းလောက် အသက်ချမ်းသာရာရသည်ဟုလည်းဆိုသည်။ Trans fat ကြောင့်ဒုက္ခရောက်ရအောင် မိမိသည် အမေရိကန်နိုင်ငံသားမဟုတ်ပါဟု ဆင်ခြင်မိလေသည်။

လိမ္မော်ရည်မှာ sunkist ပလတ်စတစ်ဘူး ဖြစ်သည်။ စင်ကာပူတွင် ရွေးချယ်စရာအလွန်နည်းသည်။ မနက်စောစောစီးစီး သွားတိုက်ပြီး sunkist သောက်ကြည့်လျှင် အင်မတန် အရသာဆိုးကြောင်း သင်လည်း ခံစားမိလိမ့်မည်။ ကျန်းမာရေးအရ ကော်ဖီ မသောက်ရသည့်အတွက် sunkist ကို အောင့်ခါနမ်းရသည်မှာ အတော်အောင့်နေချေပြီ။

ဈေးခြင်းတွန်းလှည်းကိုကြည့်ပြီး လူတစ်ယောက်၏စိတ်နေစိတ်ထားကို ခန့်မှန်း၍ရမည်ဟု သင်ထားပါသလား။ တစ်ချို့လူများသည် ဈေးခြင်းတောင်းကို ရပ်ကွက် အမှိုက်ပုံလို စုပြုံပစ်ထည့်သည်။ တစ်ချို့လူများက အင်မတန်စနစ်ကျသည်။ ပိုက်ဆံပေါသူများက စတီးကိုင်းနှင့် ဈေးခြင်းတွန်းလှည်းလှလှလေးဝယ်သည်။ များများဝယ်တတ်သူများက ဆိုဒ်ကြီးသော ဈေးခြင်းတွန်းလှည်းကိုတွန်းသည်။ တွန်းသည့်ပုံစံလည်းကွာသည်။ တစ်ချို့က စိတ်မပါလက်မပါတွန်းသည်။ တစ်ချို့က ပြောင်းပြန်ထားပြီး ဆွဲလာသည်။ တစ်ချို့ကလည်း ဘေးဘီမကြည့် စွတ်တွန်းသည်။ တစ်ချို့ကြတော့လည်း အထဲတွင်ကွဲတတ်သော အရာပါသည့်ပမာဖြည်းဖြည်းညင်သာတွန်းသည်။ လူတို့သည် မည်သည့်နေရာတွင်မဆို မိမိ personality ကို ဖော်ပြတတ်သည်ကို ဈေးထဲတွင် သင်လေ့လာကြည့်နိုင်သည်။

ဈေးဝယ်သော ဖက်ရှင်များကိုလည်း သင်လေ့လာနိုင်သည်။ ဆင်းရဲသော နိုင်ငံများမှ လာသူများသည် ဈေးထဲသို့လာလျှင် တပတ်နွမ်း၊နှစ်ပတ်နွမ်းများဖြင့်လာသည်။ တီရှပ်အသစ်နှင့်လာလျှင် စင်ကာပူရိရန်ဖြစ်နိုင်သည်။ ပုဆိုးနှင့်လာလျှင် ဘင်္ဂလားကုလားဖြစ်မည်။ အတော်လေးနွမ်းသော အ၀တ်နှင့်ဆိုလျှင် အင်ဒိုမိတ်ဖြစ်သည်။ စကားဗလွတ်ရွတ်တနှင့်ဈေးဝယ်နေလျှင် ဖိလစ်ပင်းမဖြစ်သည်။ ဘေးနားက ယောကျာ်းကို လိုအပ်သည်များမှာကြားနေလျှင် မြန်မာဇနီးမောင်နှံဖြစ်သည်။ အုန်းသီး ခြစ်သည်၊ ညှစ်သည်နားတွင် ၀ိုင်းအုံနေလျှင် အိန္ဒိယကုလားနှင့် အင်ဒိုကုလားများဖြစ်သည်။ အင်မတန်ထူးခြားသောသူများလည်းရှိသည်။ ထိုအန်တီကြီးကိုဈေးထဲတွင်မကြာမကြာတွေ့သည်။ တွေ့လိုက်တိုင်း ရှိုးကျလျက်။ အင်္ကျီအပြာ၊ ဘောင်းဘီရှည်အပြာ၊ ပန်းအပြာ(ပန်းကအတုတွေ)၊ မျက်လုံးအပြာ၊ လက်သည်။အပြာ စသည်ဖြင့်။ အ၀ါဝတ်ရင်လည်း တစ်စုံလုံး အ၀ါ။ သူ့သာနှင့်သူတော့ fashion ကျနေသည်။ ဈေးသွားဝယ်လျှင် သင်သည် Wet Market culture ကို ပိုမိုသိလာနိုင်သည်။

ဈေးကအပြန်တွင် ကိတ်မုန့်လေးဘာလေးဝယ်ဖြစ်သည်။ များသောအားဖြင့် မပြောင်းမလဲ swiss roll ဖြစ်သည်။

အစားအသာက်နှင့်ပတ်သက်လျှင် အင်မတန်မှ မငြီးမငွေ့စားနိုင်သည်။ မွေးသမိခင်ကြီးမှာ တစ်ထိုင်တည်း ကြေးအိုး ပွဲကြီး နှစ်ပွဲခွဲစားနိုင်သည်ကို အားကျသောကြောင့်  မိမိသည်လည်း တစ်ခါတစ်ခါ အစားများများ ကြိုးစားစားလေ့ရှိသည်။ (ယခုအထိတော့ ပွဲကြီးတစ်ပွဲခွဲကျော်ကျော်သာစားနိုင်သေးသည်။) ငယ်စဉ်က သူငယ်ချင်းတစ်ယောက်နှင့် ကြာဆံချက် ပြိုင်စားခဲ့ဖူးပြီး တစ်ထိုင်ထဲ ၆ ပွဲစားသွားသော သူငယ်ချင်းကို တစ်ထိုင်တည်း ၇ ပွဲခွဲဖြင့် အနိုင်ယူခဲ့ကြောင်း ဇနီးသည်ကိုပြောပြတော့ နောက်နေသည်ထင်ပုံရသည်။ သူ အိမ်တွင် ကြာဆံချက် ချက်သည့်အခါ ၈ ပွဲစားလိုက်တော့မှ စူစကာပုဏ္ဏားဘက်မှ တိုက်ရိုက်ဆင်းသက်လာသော အနွယ်တော်များ ကျန်နေပေသေးတကားဟု zနီးသည် ဆာတိုရီရသွားခဲ့သည်။

အသီးဆိုင်မှလည်း သစ်သီးဝယ်လေ့ရှိသည်။ ပန်းသီးအစိမ်း၊ဂရိတ်ဖရု၊ရှောက်ချိုသီး၊ နာနတ်သီး၊သင်္ဘောသီး၊ ဖရဲသီး၊ သခွားမွှေး၊ စပျစ်သီး၊စတော်ဘယ်ရီ၊ သစ်တော်သီးများဝယ်ပြီး စားတန်စား၊ ပျင်းတန်ဖျော်ရည်ဖျော်သောက်သည်။ တစ်ခွက် 3SGD တန်ဖျော်ရည်နှစ်ခွက်၏ မူရင်တန်ဖိုးမှာ 2 SGD မျှသာဖြစ်သည်။ မိမိဘာသာဖျော်လျှင် fruit juice ကို smoothe
ဖြစ်အောင်လုပ်သည့်အခါ စိတ်ကြိုက်အနေအထားရသည်။ အရောင်ကို လည်း မိမိကြိုက်သည့်အနေအထားရောက်သည်အထိ ရေထည့်လျှင်ထည့် နွားနို့ထည့်လျှင်ထည့်လုပ်၍ရသည်။ ဆိုင်များမှ တစ်နေ့သုံးခါမျှမဆေးသော blender၊၊juicers များဖြင့် စီမံသော ဒုတိတန်းစား ဖျော်ရည်များမှာ မိမိလက်ရာနှင့်ယှဉ်လျှင် အတော်ညံ့သည်ဟုထင်မိသည်။ (ထိုအရာသည် ဘ၀င်အစိတ်သားပါသော မာနဖြစ်သည်ဟု ဇနီးသည်မှထောက်ပြသည်။ တိန်။) စင်ကာပူနိုင်ငံမှဆိုင်များသည် သံပုရာရည်ပင်ဖြောင့်အောင် မဖျော်တတ်ကြပါလားဟု မကြာမကြာညည်းတွားမိသည့်အတွက် လူမြင်ကတ်ခြင်းခံရသည်။ သစ်သီး ဖျော်ရည်သောက်သုံးသူ အမျိုးမျိုးရှိနိုင်သည်။ သို့သော် မိမိ၏ရည်ရွယ်ချက်မှာ လတ်ဆတ်၍ သဘာဝကျသော အရသာ သုံးဆောင်လို၍ဖြစ်သည်။ သကြားရည်များထည့်၍ဖျော်ပေးသော သစ်သီးဖျော်ရည်များမှာ သစ်သီးဖျော်ရည်သောက်သုံးခြင်း အဘိဓမ္မာကို အင်မတန်သွေဖည်သည်ဟုထင်သည်။ ပုံမှန်အားဖြင့် အန်တီအောက်ဆီးဒင့် များများပါသည့်လတ်ဆတ်သောသစ်သီးများသည် ဖရီး ရာဒီကယ်တွေကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံး လက်နက်များဟုပင်ပြောနိုင်သည်။ (Detox စာအုပ်တွေမှာတော့ ဒီလိုရေးတာတွေ့ဖူးသည်။ သိပ်လတ်ဆတ်တဲ့ပဒိုင်းသီးတို့ဘာတို့တော့ မပါဘူးပေါ့ဗျာ။)သကြားရည်သောက်ချင်လျှင် ကိုကာကိုလာသောက်နိုင်သည်။ သစ်သီးဖျော်ရည်သောက်ပြီး ကျန်းမာရေးအတွက်ပါ ဆင်ခြင်လိုက်လျှင် ကျွဲကူးရင်း ရေရော ကန်းစွန်းရွက်ပါ ပါလာသလိုဖြစ်နိုင်သည်။ ထို့ကြောင့် သစ်သီးဖျော်ရည်များကို သဘာဝအတိုင်း အရသာရှိစွာ သောက်သုံးချင်လျှင် အချိန်အနည်းငယ်ပေး၍ ပြင်ဆင်ဖို့လိုအပ်သည်။မိမိစိတ်ကြိုက်ဖျော်ရည်တစ်ခွက်ကို မိမိဘာသာ ပြင်ဆင်ရသည်မှာ အနုပညာ မြောက်သော လုပ်ဆောင်ချက်တစ်ရပ်ဟု ခံစားရသည်။

အကယ်၍ သင့်ဘ၀တွင် တစ်ကိုယ်တော် ဈေးဝယ်ထွက်ခြင်း အတွေ့အကြုံမရှိသးပါက လာမည့် ၀ိကန်းဒ်စ်(weekends) တွင် စတင်၍ အကျင့်လုပ်ကြည့်စေချင်သည်။ သို့မဟုတ်ပါက အစားအသောက် ဈေးဝယ်ထွက်ခြင်းသည် ပျော်စရာကောင်းသော အပန်းဖြေလုပ်ငန်းတစ်ခုဖြစ်သည်ဟုဆိုလျှင် သင်နားလည်နိုင်မည်မဟုတ်ပါ။

ခေါင်းစဉ်သည် ပို့စ်နှင့်လားလားမျှမဆိုင်ပါ။ ထိုသို့မဆိုင်ရခြင်းမှာ ကျွန်ုပ်သည် ကွန်တမ်ပရာရီဆန်နေအောင် တမင်အားထုတ်ခြင်းလည်းမဟုတ်ရပါ။ ဈေးဝယ်ခြင်းမှ ရနိုင်သော ရသများကို အရင်းအတိုင်း တင်ပြလိုက်ခြင်းသာဖြစ်ပေသည်။

Regards,
The Gardener, တနင်္ဂနွေနေ့ဈေးသွားပေးနေသည့် househusband
(အင်မတန်မှ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် နှုတ်ခမ်းတွန့်ပြုံး၊ သွားမှ တွင်န်ခနဲ အရောင်လက်သွားသည်ဟု မှတ်ယူလိုက်ရန်)

Notes:
ဈေးသွားပေးနေသည့် ဖြစ်ပါသည်။
မိမိသဘောဖြင့် ဈေးသွားပေးနေရသည့် ဆိုပြီး ရကောက်တစ်လုံး ဖြည့်မဖတ်ပါနှင့်။




Peace B with U.

Wednesday, August 10, 2011

The Cathay's customer service

The Cathay's customer service


ရုပ်ရှင်ရုံမှာ မြင်ကွင်းကျယ်ကျယ်၊ အသံကောင်းကောင်းနဲ့ ကြည့်ရတာကို သဘောကျတဲ့အတွက် မကြာမကြာ ရုပ်ရှင်သွားကြည့်ဖြစ်တယ်။ Cathay မှာပဲကြည့်ဖြစ်တယ်။ မိန်းမက ရုပ်ရှင်လုံးဝနီးပါး မကြည့်ချင်တဲ့အတွက် အခုနောက်ပိုင်းတော့ အရင်ကလောက် သွားမကြည့်ဖြစ်ဘူး။ တစ်ခါတစ်လေတော့ surprise လုပ်တာဆိုပြီး ticket ကို book လုပ်ထားလိုက်ပြီး ရုပ်ရှင်ရုံခေါ်သွားလိုက်တယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ရုပ်ရှင်သွားကြည့်ကြမယ်ဆိုပြီး book လုပ်ဖို့ကြည့်တော့ ညပိုင်း ၉ နာရီ ၂၀ အချိန်မှာ ထိုင်ခုံတွေက screen ရှေ့နားပဲကျန်တယ်။ အဲဒါနဲ့ စနေနေ့ ၉ နာရီ ၂၀ ကို book လုပ်ခဲ့တယ်။ ရုံးကနေ မြန်မြန် မြန်မြန် Book လိုက်တာဆိုတော့ နေ့တွေ အချိန်တွေတောင် သေချာမကြည့်လိုက်ဘူး။ Notification email လာမှ Date က Sunday ဆိုတာသိတယ်။

Sunday 7 နာရီ ခွဲလောက်မှာ အိမ်ကနေထွက်သွားလိုက်တယ်။ Dhoby Ghaut မှာ တန်းအရှည်ဆုံး အင်ဒိုဆိုင်က အရမ်ပညက်စားတယ်။ (အင်ဒိုတွေကတော့ အာရမ်ပိညက်ဆိုလားပြောတယ်။ မမှတ်မိတော့ဘူး) အုန်းနို့မဆမ်းဖို့ အတော်လေး သတိပေးထားတာတောင် ဆမ်းလိုက်မလို တစ်ချက်လုပ်လိုက်သေးတယ်။ ဒါပေမယ့် အတိတ်ဘ၀ရဲ့ ကုသိုလ်ကံကြောင့် မှာတဲ့အတိုင်းရလိုက်ပါတယ်။ သတိမေ့သွားပြီး ကော်ပီတီယျံ ကဒ်မသုံးမိတာနဲ့ ၁၀ % နာသွားတယ်။ (Married ဖြစ်ပြီးကတည်းက ပိုပြီးချွေတာနေမိတယ်။ Believe it or not !)

Dhoby Ghaut Kopitiam မှာ ထိုင်ရင်း လက်မှတ်ကို တစ်ခါထုတ်ကြည့်တော့ အချိန်က ၉ နာရီ ၂၀ book လုပ်ထားတာမဟုတ်ဘဲ ၆နာရီ ၄၅ မှာ book လုပ်မိတာ ဖြစ်နေတယ်။ ကာတွန်းကားထဲမှာဆိုရင်တော့ ၂၃ ကျပ် အတောင်ပံလေးနဲ့ပျံသွားတဲ့ ပုံလေးနဲ့ပေါ့။ စနေနဲ့တနင်္ဂနွေ မှားခဲ့ရုံတင် မဟုတ်ဘူး။ book တဲ့အချိန်မှာ မှားပါပကောလား။ ဒီနေရာမှာ ရည်းစားဆိုရင်သာ စိတ်ကောက်တဲ့အခန်းပေါ့။ လင်မယားဆိုတော့ ကောက်မနေတော့ဘူးလို့ ဆုံးဖြတ်ချက်ရော သက်ပြင်းကိုပါ ဒုံးခနဲချလိုက်သံကြားတယ်။ ပါးစပ်ကတော့ အဲလက်စ်ရဲ့ (ငါ မင်းကို သတ်ချင်တယ်) သီချင်းကို တိုးတိုးလေးဆိုနေသံကြားတယ်။) ။ Cathay ကလည်း ဖုန်းဆက်မှာကြောက်လို့ထင်တယ် ဖုန်းနံပါတ်ကို ထင်ထင်ရှားရှားပေးထားတာမတွေ့ဘူး။ Cancel ချင်ရင် နှစ်နာရီကြိုပြီး လူကိုယ်တိုင် လာတွေ့ရမယ်ဆိုတဲ့ စည်းကမ်းချက်ကိုတော့ ရေးထားတယ်။ ရုပ်ရှင်ထဲမှာဆိုရင်တော့ ရုတ်တရုတ် မိုးညို့လာသလို တီးကွက်တွေ ဒီနေရာမှာထည့်မယ်။ saxophone နဲ့ piano နဲ့တွဲပြီး ဖြစ်မှဖြစ်ရလေကွာဆိုတဲ့ ရသထွက်အောင်တီးပေးသင့်တယ်။

အခုဟာက နှစ်နာရီတော့ နှစ်နာရီ၊ ရုပ်ရှင်ပြပြီးလို့ နှစ်နာရီလောက်ဖြစ်နေပြီဆိုတော့ နောက်ကျသွားပြီ။ ဘာပဲဖြစ်ဖြစ် သွားပြီး ပြောကြည့်ကြတာပေါ့ကွာဆိုပြီး အနီးအနားက Cathay ကို သွားတယ်။ ၅ ထပ်မှာ သွားပြောရမယ်လို့ မြေညီထပ်က လက်မှတ်ရောင်းတဲ့သူကပြောတယ်။ ဒီနေရာမှာ ရုပ်ရှင်ထဲမှာတော့ ပီယာနိုကို ဖြည်းဖြည်းချင်းတီးတာပေါ့။ သဘောပေါက်လာတဲ့ အနေအထား၊ ကောက်ရိုးမျှင် ၀ါးဝါးလေးကို လက်ပါးပါးလေးနဲ့ ဆွဲတဲ့ အသံမျိုးပေါ့။

အပေါ်ထပ်ရောက်တော့ ကုလားမလေးနဲ့တွေ့တယ်။ သူက Yes ကို ခေါင်းလေးခါပြီးပြောတော့ မြန်မာပီပီ ကျွန်တော်က နားမလည်ဘုး။ ကျွန်တော်တို့လူမျိုးတွေက No လို့ပြောမှ ခေါင်းခါတာဆိုတော့ ခေါင်းခါပြီး Yes လို့ပြောရင် နားမလည်တော့ဘူး။ ဦးနှောက်ထဲမှာ နည်းနည်းရှုပ်ထွေးသွားတယ်။ ခေါင်းခါတာကို neglect လုပ်ပြီး ပါးစပ်က ထွက်လာတဲ့ အသံကိုပဲ အတည်ပြုဖို့ အချိန် နည်းနည်းယူပြီးကြိုးစားရတယ်။

ဒီနေရာမှာတောု့မုသားဖြူဆိုတာကို နည်းနည်းသုံးလိုက်တယ်။ ငါ အချိန်မှားပြီး Book လုပ်မိလို့ ဆိုပြီးပြောလိုက်ရတယ်။ ။ ပြောပြီးတော့ မုသာဝါဒါ ဝေရာမဏိသိက္ခာပဏံ သမာဓိယာမိ ပြန်လုပ်နေတော့ ကုလားမလေးက သူ့ကို ပါဠိလိုပြောတယ်ထင်သွားတယ်။ အဲဒီတော့ သူလည်း ပါဠိလို နားမလည်ဘူး။ နားလည်တဲ့ အော့ဖ်ဖစ်ဆာကို ခေါ်ပေးမယ်ဆိုပြီး ပိုပြီး အသားမည်းတဲ့ ဟိန္ဒူ အမျိုးသမီးကြီးကို မြန်မာအခေါ် ဝေါ့ကီတော်ကီကြီးနဲ့ လှမ်းခေါ်တယ်။ မကြာခင် အော့ဖ်ဖစ်ဆာ အပြေး တစ်ပိုင်းခွဲခန့်နဲ့ရောက်လာတယ်။ ခေါင်းလေးလှုပ်ပြီး hi လို့ပြောတယ်။ ခေါင်းပြန်လှုပ်ပြဖို့ ကျွန်တော်ကြိုးစားကြည့်တယ်။ ဇက်တောင် မျက်သလိုဖြစ်သွားတယ်။ ဒါနဲ့ပဲ ရိုးရိုးပဲ hi လုပ်လိုက်ရတယ်။ မချိသွားဖြဲဆိုတာမျိုးလည်းမဖြစ်အောင်၊ ၂၃ ကျပ်ကို အင်မတိ အင်မတန် နှမြောတဲ့ရုပ်လည်းမပေါက်အောင်သတိထားပြီး၊ The Cathay ကို စဉ်ဆက်မပြတ်အားပေးလာရာက ဒီတစ်ကြိမ်မှာတော့ booking လုပ်လိုက်တာ လွဲသွားတယ်ဆိုတဲ့အကြောင်း၊ အိန္ဒိယ ချပါတီကို အင်မတန်နှစ်သက်သူဖြစ်ကြောင်း၊ ရှရွတ်ခန်း၏ နှာခေါင်းဖြင့် မိုးပျံပူဖောင်းများ ဖောက်ကြည့်ချင်ခဲ့ကြောင်း၊ အမီတာဘဂျန်း နှင့်တူသော နွားနို့ကုလားထံမှသာ နွားနို့ဝယ်ခဲ့ကြောင်း စတာတွေ အလျဉ်းသင့်သလိုပြောရင်း ဖြစ်နိုင်လျှင် လက်မှတ်ကို နောက်တစ်နေ့လက်မှတ်နဲ့ လဲချင်ကြောင်းပြောတယ်။

အော့ဖ်ဖစ်ဆာကလည်း တိုက်ရိုက်ကြီးတော့ပြန်မပြောဘူး။ သီချင်းနှစ်ပုဒ်ဆိုတယ်။ (ဂီတနက်သန်) ကိုစောညိန်းမရှိလို့တော်သေးတယ်။ ဒီလူက အဲဒီလို မလိုဘဲ သီချင်းထထဆိုတာကို မုန်းတယ်။(ဂီတလုလင်ကြီး ဦးကိုကို) မောင်ကိုကိုကတော့ ဆိုချင်ဆို လိုက်ဖက်တာကို ဆိုလို့ပြောတယ်။ အော့ဖ်ဖစ်ဆာကတော့ ဘာတွေဆိုနေမှန်းမသိတော့ မောင်ကိုကို့ အဆို မှန်လားမှန်လား အကဲမဖြတ်နိုင်ဘူးဖြစ်သွားတယ်။ သီချင်းဆိုအပြီးမှာ အဝေးကို မျှော်ကြည့်တယ်။ စကော လောက်ရှိတဲ့ မျက်လုံးကို ဘယ်ကနေ ညာဘက်ကို တရွေ့ရွေ့ အကြည့် ရွှေ့တယ်။ ဆံပင်ကို ဟန်ပါပါသပ်တင်လိုက်တာ အရှိန်များပြီး ပါးပါ ရွဲ့သလိုဖြစ်သွားတယ်။ အဲဒါကို ကျွန်တော်ရိပ်မိသွားမှန်းသိတော့ ကျန်တဲ့လက်တစ်ဖက်နဲ့ ရွဲ့သွားတဲ့ပါးကို ပြန်တည့်တယ်။

ပြီးမှ လျှာတိုတိုလေးနဲ့ စကားအရှည်ကြီးပြောတယ်။ တကယ်တော့ ဒီထိုင်ခုံနေရာတွေကို reserved လုပ်ထားရတာဖြစ်ကြောင်း၊ သူမတို့ ရုပ်ရှင်ရုံအနေဖြင့် မရောင်းလိုက်ရသလိုဖြစ်ကြောင်း၊ ပြန်လဲပေးလျှင် အရှုံးပေါ်ကြောင်း၊ အီန္ဒိယ ချပါတီကို သူမလည်းနှစ်သက်ကြောင်း၊ ဒီတစ်ကြိမ်တော့ လဲပေးလိုက်မည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထပ်မမှားစေချင်ကြောင်း ပြောရင်း သူမနှင့်အတူ လေးယောက်သား ကလိုက်ကြရအောင်ဟု စကားခေါ်လေသည်။

ဇနီးသည်ကို အကဲခတ်ကြည့်တော့ ကရန် ဟန်ပြင်နေသည်ကို တွေ့ရလေသည်။ လက်မှတ်ရောင်းသော အိန္ဒိယမလေးကလည်း ခေါင်းလေးပင်လှုပ်နေလေပြီ။ ထို့ကြောင့် ကျွန်တော်က မကတော့ပါဟု ငြင်းဆန် ပြောဆိုလိုက်သည်။ Starter ခတ်ပြီးမှ လင်းခွင့်မရသည့် မီးချောင်းများလို ဇနီးသည်နှင့် လက်မှတ်ရောင်းသူတို့၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။ အော့ဖ်ဖစ်ဆာဆိုလျှင် ငိုမလိုပင်ဖြစ်သွားသည်။
ဘယ်ဘက်ထောင့်ဆုံးမှကောင်လေးကို လက်ညှိုးထိုးရင်း ဟေ့ကောင် သူတို့ကို လက်မှတ်လေး နှစ်ပေါက်လောက် ထည့်ပေးလိုက်ပါ (အသက်လေးဆယ် mtv မှ ထွန်းထွန်း အထာနှင့်) ပြောရင်း ခေါင်းငိုက်စိုက်နှင့် အတွင်းခန်းသို့ပြန်ဝင်သွားလေသည်။

လက်မှတ်ကို ကိုင်ပြီး The Cathay မှ အူကို လေပင့် မျက်နှာပွင့်ပြီး ပြန်လာကြသော ကျွန်တော်တို့ ဇနီးမောင်နှံ၏ မျက်နှာအပွင့်ကြီးကို တစ်ချို့ကလည်း အံ့အားသင့်နေကြသေးသည်။

စကားချပ်။ ။
တကယ်တမ်း သွားကြည့်တော့လည်း ရုပ်ရှင်ရုံကို နာရီဝက်ခန့် နောက်ကျမှ ရောက်သွားသေးကြောင်းကို ကျွန်တော် တမင် ထိန်ချန်ထားခဲ့လိုက်ပါတော့မည်။


Regards,
The Gardener

Notes: ဒီပို့စ်လေးက အပျော်ပါ။ (ချစ်ကောင်းအသံနဲ့ဆိုရင်တော့ အဖျော်ပါ။)။ အမြဲတမ်းလွဲချော်ခြင်းတွေ နဲ့ အသားကျနေပေမယ့် အဲဒါကို ကျွန်တော် သဘောကျပါတယ်။



Peace B with U.