ဖတ်ဖြစ်တဲ့ ဟိုက္ကုလေးတစ်ပုဒ် ... နည်းနည်း ဝေမျှလိုက်ပါတယ်။
ကဗျာမရေးဖြစ်တဲ့အချိန်မှာ ကဗျာအကြောင်းတွေနဲ့ တခြားကဗျာဆရာတွေရေးထားတဲ့ကဗျာတွေကို ဖတ်ဖြစ်ပါတယ် ....။ ဟိုက္ကုလေးတွေကို သဘောကျနေပါတယ်။
ဒီတစ်ပုဒ်ကိုလည်း အတူဖတ်ကြည့်ရအောင်ပါ .....။
ကဗျာထဲမှာ ပါတဲ့ ဒဿနလေးကို တိုတိုကျဉ်းကျဉ်းပြောကြရအောင် ....။
သုံးကြောင်းထဲ ဆိုတော့ .. မြန်ပါတယ် ...။
ပထမအကြောင်းက
A dragonfly
Dragonfly ဆိုတာ ပုစဉ်းကိုပြောတာပါ။... ပုစဉ်းတစ်ကောင်တဲ့ ....။ ပုစဉ်းတွေအကြောင်းကို စိတ်ကရောက်တယ် ...။ ငယ်တုန်းက ပုစဉ်းတွေ ဖမ်းဖူးတယ် ...။ ဒုက္ခပေးဖူးတယ် ...။ ပုစဉ်းအသေးလေးတွေကို ဖမ်းရင် စစ်ပုစဉ်းလိုအကောင်ကြီးက ၀င်ကယ်သွားတတ်သေးတယ် ....။ ကဗျာထဲမှာတော့ ပုစဉ်းအကြောင်း မရေးဖူးသေးဘူး ...။ ဒီကဗျာဆရာကတော့ ပုစဉ်းတစ်ကောင်လို့ စလိုက်ပြီ .......။ ဘယ်လို ပုစဉ်းပါလိမ့် .....။
struggles to grip
struggles ဆိုတာ ရုန်းကန်ရတာ ..ကြိုးပမ်းရတာ ... grip ဆိုတာက ဆုပ်ကိုင်မိဖို့ ... ပုစဉ်းက ဆုပ်ကိုင်မိဖို့ ကြိုးစားနေတယ် .. ရုန်းကန်နေရရှာတယ် ....။ ဒီနေရာမှာတော့ ရရှိဖို့ ကြိုးပမ်းရတဲ့ ဒုက္ခကို ဖွဲ့တယ်လို့ ခံစားရပါတယ် ....။ တန်ဖိုးရှိမယ်ထင်တဲ့ဟာတွေအတွက် ဆုပ်ကိုင်နိုင်ဖို့ .. ခြေကုပ်မြဲဖို့ ကျွန်တော်တို့လည်း ကြိုးစားကြတယ် ...။ သေဖို့မအားသေးဘူးတောင် ပြောကြတာ ကြားဖူးတယ် ....။ မအားလဲ သေမယ်ဆိုတာကို မေ့နေတာ တော်တော်လေးကြာပြီ ....။ ရရှိဖို့ ကြိုးပမ်းတယ် ...။ အာဏာ၊ စည်းစိမ် ၊ အောင်မြင်မှု၊ လူသိများမှု၊ အထင်ကြီးခံလိုမှု၊ .... တစ်ခုခုအတွက် ကြိုးပမ်းတယ် ...။ လွယ်လွယ်လေးကြိုးပမ်းရတာမဟုတ်ဘူး ..။ဘေးမှာပါတဲ့သူတွေကို ကန်ချထားရတယ် ....။ အရှေ့မှာရှိတဲ့သူကို အင်္ကျီ လှမ်းဆွဲရတယ် ...။ မလှမ်းမကမ်းကလူကို ခြေထိုးရတယ် ....။ ကိုယ့်ထက်ဝါရင့်ရင် body ခုရတယ် ...။ နောက်လူကို ကာထားရတယ် ...။ နေရာတစ်ခုကို မရမက ကာကွယ်ဖို့ ကြိုးပမ်းကြတယ် ...။ မရသေးတာအတွက် ကြိုးပမ်းရသလို၊ ရထားတာတွေကို ထိန်းသိမ်းဖို့လည်းကြိုးပမ်းကြတယ် .... ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားကြရတယ် ...။ တတိယအကြောင်း ကဘာပါလိမ့် ....။ ဆက်ဖတ်ကြည့်ရအောင်။
A grass blade
ပုစဉ်း ခြေကုပ်မြဲဖို့ကြိုးစားနေတာ မြက်ပင်လေးရဲ့အရွက်တစ်ခုပဲ ....။ မြက်ရွက်လေးကို ခြေကုပ်မြဲဖို့ကြိုးစားနေတာ ...။ ဘ၀ဆိုတဲ့ ရေပွက်ထဲမှာ ... ရေတစ်ပွက်စာ အချိန်ထဲမှာ .. ကျွန်တော်တို့ ခြေကုပ်မြဲချင်နေတာ ...။ ရလာတာကလည်း မြက်ကလေး တစ်ပင်မှာ ခြေကုပ်မြဲမှု ...။ တစ်သက်လုံး ဆုပ်ကိုင်ဖို့ကြိုးစားနေတာ မြက်ပင်လေးလို တန်ဖိုးမဲ့တဲ့ ရုပ်ဝတ္တုပစ္စည်းတွေပဲ ......။ ရယ်စရာကောင်းတဲ့ ရှင်သန်မှုပဲ .....။ စိတ်နာစရာလည်းကောင်းတယ် .....။ ဆုပ်ကိုင်မိဖို့ကို ဘယ်လောက် အားထုတ်နေရသလဲ .... အားလုံးသိမှာပါ ....။ တကယ်တော့ ကျွန်တော်တို့တွေဟာ ... တန်ရာ တန်ကြေးမရလိုက်တဲ့ ပုစဉ်းတွေပဲလို့ ခံစားရတယ် ဗျာ .....။ ခင်ဗျားတို့ရော ဘယ်လိုခံစားရသလဲ .... ကျွန်တော်သိချင်ပါတယ် ......။
ခင်မင်စွာဖြင့်
Zephyr
Notes:
Basho ရဲ့ ကဗျာလေးပါ ...။ Basho ရဲ့ ကဗျာတွေကို သိပ်သဘောကျပါတယ်။ သူ့ကဗျာလိုနက်ရှိုင်းတဲ့ ကဗျာမျိုးတွေ ဖတ်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ် ....။ ရှေ့တစ်ပါတ် ကြာသပတေးကနေ တနင်္လာနေ့အထိ ဆက်တိုက် ခွင့်တွေယူထားပါတယ် ....။ ဖတ်ဖြစ်ပြီး မရေးဖြစ်သေးတာလေးတွေရေးပြီးတင်ပေးဖို့ စိတ်ကုးထားပါတယ်။