Saturday, January 4, 2025

 ဖုန်းနံပတ်မှတ်နည်း




အချိန်ကာလဟာ လူတွေကိုပြောင်းလဲစေတယ်။ 


ဘဝဟာ ပြောင်းလဲနေတယ်။ ကျနော်တို့ဟာ ပြောင်းလဲနေကြတယ်။


လူငယ်တစ်ယောက်ကနေ လူလတ် တစ်ယောက်ဖြစ်လာပြီး၊ အခု လူကြီးတစ်ယောက်ဖြစ်လာခဲ့ပြီ။


ဘယ်အရာတွေကို ထားခဲ့မလဲ၊ ဘယ်အရာတွေကို ဆက်လက်သယ်ဆောင်သွားမလဲ။


ကျနော်စဉ်းစားမိတယ်။


ကျနော် စတင်ခဲ့တယ်။


ကျနော် အဆုံးသတ်ခဲ့တယ်။


ချစ်ခြင်းတရားကိုလည်း နားလည်လာခဲ့သလို၊


သားပေါက်စလေးလည်း အခု ရှစ်နှစ်ပြည့်သွားခဲ့ပြီ။


သားက ကျောင်းမှာ သူငယ်ချင်း ဖုန်းနံပတ်မှတ်ဖို့ ဖုန်းမပါသွားလို့ မမှတ်ခဲ့ရဘူးလို့ပြောတယ်။


ဖုန်းနံပတ်ကို စာအုပ်မှာ ချရေးထားလို့ရမှန်း သူမသိသေးဘူး။


ကျောင်းမှာ ဒုတိယတန်း စတက်တယ်။


ကျောင်းမှာ ပူပြီး အခန်းက ဖုန်စော်နည်းနည်းနံနေတယ်လို့ပြောတယ်။


ကမ္ဘာကြီးကို သူ ဘယ်လိုမြင်လာလဲ မသိသေးဘူး။


ကျနော်တို့ထွက်ခွာသွားမယ့် ကမ္ဘာကြီးနဲ့ သူဝင်ရောက်သွားရမယ့် ကမ္ဘာကြီးဟာ အတူတူပဲ။


ကျနော်တို့ဟာ ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ဖို့ တတ်နိုင်သလောက် ကြိုးစားခဲ့ကြတယ်။ ရက်စက်တဲ့ ကမ္ဘာကြိးထဲ သိမ်မွေ့တဲ့ သစ်သီးကို သယ်ဆောင်လာခဲ့မိတယ်။


ဘယ်လိုခရီးလဲ။


ပြိုပျက်နေတဲ့ တိုင်းပြည်ကို ပြန်တည်ဆောက်ရဦးမယ်။


မိသားစုအတွက် ကြိုး ပမ်းခဲ့သလို တနေ့ တိုင်းပြည်အတွက်လည်း အချိန်ပေးရဦးမယ်။


ဒီနေ့တော့ သားရေကူးတာ သွားစောင့်ရင်း သူကြီးပြင်းလာပုံကို တွေးနေမိတယ်။


မြန်မာပြည်အကြောင်းသိပ်မသိတဲ့ ကလေးတစ်ယောက်၊ မြန်မာလိုလည်း မပြောတော့တဲ့ ကလေးတစ်ယောက်အမြင်ကတော့ မြန်မာပြည်မှာအမှိုက်ပုံတွေနဲ့ခြင်ရှိတယ်။ မီးပျက်တယ်။ ရွှေတိဂုံဘုရားရှိတယ် ဆိုတာထက်မပိုဘူး။


မြန်မာပြည်ပြန်သွားတဲ့အခါ သူ့အတွက် ခက်မလား စဉ်းစားမိတယ်။


ဒါပေမယ့် ဒီတိုင်းပြည်အကျိုးအပဲ့လေးက သားတို့ပြန်ဆက်ရမယ့် ဂျစ်ဆောတစ်ခုပဲ။ နိုင်ငံချစ်စိတ်လေးတစ်ခုကိုတော့ သူ့ကို အမွေပေးချင်တယ်။


သိပ်ခက်တာတော့မဟုတ်ပေမယ့် ... သိပ်မလွယ်တဲ့ဘဝတွေအကြောင်း သူ့ကိုပြောပြရတယ်။


မီးပျက်နေတဲ့ညတွေမှာ ဖယောင်းတိုင်နဲ့ စာကျက်ရတဲ့ ကလေးတွေအကြောင်း။


အခြေခံပညာရေးအတွက် ၂ နာရီ လမ်းလျှောက်ပြီး ကျောင်းတက်နေရတဲ့ကလေးတွေအကြောင်း။


ဒါတွေဟာ သူ့အတွက်တော့ ထူးဆန်းနေမှာပဲ။


ချမ်းသာတဲ့နိုင်ငံတွေသွားပြီး ကိုယ်တစ်ယောက်တည်း ချမ်းသာဖို့ကြိုးစားရတာကတော့ မခက်ပါဘူး။


သားကြီးလာတဲ့အခါ မြန်မာလိုကောင်းကောင်းပြောတတ်စေချင်တယ်။ နိုင်ငံချစ်စိတ်လေးလည်း ရှိစေချင်တယ်။ ကိုယ့်လောက် အကျိုးပေးမကောင်းတဲ့ လူတွေအတွက် ကူညီချင်စိတ်လေးလည်းရှိစေချင်တယ်။


ဒါပေမယ့် သူ့ရဲ့ ရွေးချယ်မှုကိုလည်း လေးစားရမှာပါပဲ။


သူတိုးဝင်နေတဲ့လောကက ငါတို့ထွက်သွားရမယ့်လောကပဲ။


ဒါကိုလည်း ပြင်ဆင်ရတယ်။


သူ့ဘဝကို သူတစ်ယောက်တည်း ကောင်းစွာနေထိုင်တတ်တဲ့အထိ ကျန်းကျန်းမာမာနေသွားဖို့ ပြင်ဆင်နေတယ်။ 


အချိန်တွေ အကုန်မြန်တယ်။


မနှစ်က ဘယ်လိုကုန်သွားလဲမသိလိုက်ဘူး။


၂၀၂၅ မှာတော့အချိန်နည်းနည်းပိုယူပြီး ကျန်းမာအောင်နေမယ်။


AI stocks  မှာ ဒေါ်လာ ၂သိန်းထည့်ထားပြီး ငါးနှစ်အကြာ ၅ ဆပွားပြီး ၁ သန်းရအောင်ကြံနေပြီ။


ဒါကြောင့် ဒီ ငါးနှစ်ကို အမြန်ဆုံးကုန်သွားစေချင်တယ်။


အပြောင်းအလဲများတဲ့ ၂၀၂၅။ ၄ နဲ့စားရင်မပြတ်တဲ့နှစ်တွေဟာ  ဘာလုပ်လုပ် သတိထားလုပ်ရတယ်။


မစွန့်စားနဲ့၊ ဖြည်းဖြည်းပဲလျှောက်။ ရောက်သွားလိမ့်မယ်။


ခရီးက မဝေးဘူး။ လမ်းတည့်တည့်လျှောက်သွားဖို့ပဲလိုတယ်။










Peace B with U.

Sunday, June 20, 2021

ဆပ်ပရိုက်၊ ဆပ်ပရိုက်၊ ဒက်ဘယ် ဆပ်ပရိုက်။

 ဆပ်ပရိုက်၊ ဆပ်ပရိုက်၊ ဒက်ဘယ် ဆပ်ပရိုက်။


ဇနီးသည်က အဖေများနေ့အတွက် စပရိုက်လုပ်ဖို့ တီရှပ်တစ်ထည် မှာထားတယ်။ မိမိလည်းမသိဘူး။ ဖက်ဒတ်စ်ကနေ လာပို့တော့ ယူထားလိုက်တယ်။ ဒီလောက် အိတ်အပါးလေး သားအတွက်များဝယ်တာလားဆိုပြီးထုတ်ကြည့်လိုက်တော့မှ တီရှပ်မှန်းသိတယ်။ အော် ငါ့ကို စပရိုက်လုပ်ဖို့ကိုးဆိုတာသိတော့ မိမိကလည်း တတ်သည့်ပညာမနေသာဆိုသလို အိတ်ကိုသေချာလေးဖွင့်၊ အိမ်မှာရှိတဲ့ အတွင်းခံအသစ်အပိုတစ်ခုကို သေချာပြန်ထည့်၊ တီရှပ်ကိုတော့ ထုတ်ထားလိုက်တယ်။ ပြီးတော့ ဟန်မပျက်ပြန်ထားလိုက်တယ်။


သူပြန်လာတော့မှ ဘာလဲမသိဘူး ရောက်တယ်ဆိုပြီးပြော။ သူ့ဟာသူဖွင့်ကြည့်။ အတွင်းခံတစ်ထည်ဖြစ်နေ။ သူ့နာမည်ကြီးနဲ့။ အမျိုးသားဝတ်အတွင်းခံကြီးဆိုတော့ ရှုပ်ထွေး။ သူမမှာပါဘူးပြော။ မသိချင်ယောင်ဆောင်နေရင်း ရယ်ချင်။ အထုတ်များမှားသလား။ ဆက်ကြည့်ဦးလေပြော။ ပုံမှန်အားဖြင့် ကျနော်က အထုပ်ဖောက်ရင် အလယ်ကနေ ဆွဲဖြဲလိုက်တာဆိုတော့ အခုလို သေသေသပ်သပ်အထုတ်လေးကို ကျနော် ပြန်ပိတ်ထားတာလို့ နည်းနည်းမှ မရိပ်မိရှာဘူး။ ကျွတ်ကျွတ်ကျွတ်။


ခဏလေးကြာမှ၊ အွန်လိုင်းကမှာထားတာပြစရာရှိသေးတယ်ဆိုပြီး သူဝယ်ထားတဲ့ တီရှပ်နဲ့ တာ့ဒါဆိုပြီးထွက်လာ။ ချိုမြိန်လိုက်တာ။


Z



Peace B with U.

How to train a monkey

တော်လှန်ရေးနဲ့တော့မဆိုင်ပါဘူး။ ကလေးထိန်းတစ်ယောက်က တခြားမိဘတွေကို ဝေငှတာပါ။ အခု သားကို မြန်မာလို စာစသင်တယ်။ ပျော်စရာ ကစားနည်းအသွင်ပါပဲ။ စာလုံးတွေကို သူ့အမေက ရေးတယ်။ သူက ဒီစာလုံ၊ အက္ခရာ တစ်လုံးစီကို သူသိတဲ့ နာမ်တွေ၊ကြိယာတွေနဲ့ ဆက်စပ်ကြည့်တယ်။ မထင်မှတ်ထားပေမယ့် သူ့ရဲ့ ဘာသာစကားစွမ်းရည်ကို သိရတယ်။ သူနားထောင်တဲ့မြန်မာသီချင်းတွေကနေ သူဟာ sense ရတယ်။ ဒါကို language လေ့လာတဲ့နေရာမှာတော့ မသင်ဘဲ တတ်ရမယ့် အရာလို့ခေါ်တယ်။ ဒ ဆိုပါတော့သား ဒ ဒွေးနဲ့ပတ်သက်ပြီး ဘာသိလဲဆိုတော့ လေးဖြူသီချင်း ဒါ အချစ်လားက ဒါ က ဒ လို့ပြောတယ်။ ဒီလိုပဲ တဝမ်းပူနဲ့ဆိုရင် တံတား၊ ဂုံးကျော်က ဂငယ်နဲ့ပေါင်းတာ စသဖြင့်တွေကို သူရိပ်မိပြီး နားလည်နေတာတွေ့ရတယ်။ ဝ ဆို ဝင်ကစွပ် barnacle ကို သူသိတယ်။ စကားလုံးတွေဟာ အသံနဲ့တည်ဆောက်တာကို သူရိပ်မိတယ်။ စ နဲ့ ဆ၊ တ နဲ့ ထမှာတော့ တစ်ချို့အသံတွေ သူနည်းနည်းရောနေတာလည်း သိလိုက်ရတယ်။ နောက်တော့သူ့ကို မြန်မာ ကာတွန်းလည်း ဖတ်ပြတယ်။ နိုးနိုးနဲ့ရုက္ခစိုး။ ဒါပေမယ့် ဒီကာတွန်းကတော့ ကလေးပေါက်စလေးတွေအတွက်မဟုတ်သေးဘူး။ သူ့ကို ပုံတွေကြည့်ပြီးခန့်မှန်းခိုင်းရတယ်။ ဥပမာ၊ အံ့သြ၊ ဒေါသထွက်နေရင် ဘယ်လိုပုံမျိုးလဲဆိုတာမျိုး သူမှန်းဆနိုင်လာတာတွေ့တယ်။ အင်္ဂလိပ်စာအုပ်တွေတော့ series တွေရှိတယ်။ တစ်ချို့စာအုပ်တွေက ရည်ရွယ်ချက်သေးသေးလေးတွေပါတယ်။ ဥပမာ သားနဲ့ ညတိုင်းဖတ်တဲ့ ထင်မီနဲ့ သွားစောင့်နတ်သမီး ဆိုရင် သွားတိုက်တဲ့အကြောင်းပဲ။ ဒါပေမယ့် သူနဲ့ ဘာတွေလုပ်လဲဆိုရင် စာအုပ်ထဲမှာပါတဲ့ ပုံတွေကိုကြည့်တယ်။ အရောင်တွေလေ့လာတယ်။ ပုံလေးတွေကြည့်ပြီး ခံစားချက်တွေလေ့လာတယ်။ နောက်တော့ ဒီစာအုပ်ထဲမှာပါတဲ့ သွားထဲက ပိုးမွှားလေးတွေ count ကြတယ်။ နောက် ဒီထက် အဆင့်မြင့်လာတော့ ဒီစာအုပ်ထဲမှာပါတဲ့ပုံနဲ့ နောက်အလားတူ စာအုပ်မှာပါတဲ့ တူတဲ့မြင်ကွင်းတွေ ကာတွန်းဆရာက ပုံအတူတူပဲသုံးတာမျိုးတွေ လိုက်ရှာတယ်။ အခုနပြောတဲ့ သွားစောင့်နတ်သမီးဆိုရင် ရှေ့ပုံမှာက သွားတိုက်ဆေးကုန်နေပြီး နောက်ပုံမှာ သွားတိုက်ဆေးပါနေတာမျိုးဆိုရင် ယုတ္တိမကျတာမျိုးလေးတွေ သင်ပေးတယ်။ ပြီးတော့ သွားတိုက်ရင် သီချင်းဆိုတဲ့အကြောင်းကနေ ဆက်စပ်ပြီး ဒက်ဒီတို့သွားတိုက်ရင် ဘာသီချင်းဆိုမလဲဆိုတာ ရွေးကြတယ်။ နောက်ဆုံး musical chairs ဆော့တဲ့ ဒူတူတူ့ ဆိုတဲ့သီချင်းနဲ့ big bag ရဲ့ နွေဦး ဆိုရင်း တိုက်မယ်ဖြစ်သွားတယ်။ နောက်တော့ ညတိုင်း သွားတိုက်ဖြစ်သွားတယ်။ စာဖတ်ရင်း bonding ရသလို၊ ဆက်ပြီး သင်ပေးလို့ရတယ်။ ကောင်းတာတွေ အများကြီးသင်ပေးလို့ရတယ်။ နောက်တစ်ခုက behaviour matters ဆိုတဲ့ စာစဉ်လေးတွေ။ ဥပမာ ရှက်တတ်တဲ့လိပ်မလေးအကြောင်း၊ သူ့ကို ဘယ်လိုအားပေးလဲ၊ သူ့မှာ ဘာကောင်းတာတွေရှိလဲ။ သူငယ်ချင်းတွေကို နှစ်သိမ့်တတ်တာကောင်းတယ်။ ဒါဆိုရင် သားရော ကျောင်းမှာ သူငယ်ချင်းတွေ ချော်လဲရင် It's OK, don't cry, you are strong ဘာညာသာရကာတွေတွေပြောပြီး feel better ဖြစ်အောင် ပြောလားဆိုတော့ သူပြောတယ်လို့ပြောတယ်။ ဘယ်သူငိုတုန်းက ပြောတာလဲမေးကြည့်တယ်။ ဒီလိုအားပေးတာ ကောင်းတယ်ဆိုတာ သင်ပေးလို့ရတယ်။ positive reinforcement သဘောမျိုး။ သူ့ဟာသူကောင်းတဲ့စိတ်လေးပါလာရင် အဲဒါကို အားပေးရတယ်။ kind ဖြစ်တာ ဘယ်လိုလဲ။ မေးကြည့်ရတယ်။ ဘာလို့မေးတာလဲဆိုတော့ လူတွေက အမျိုးမျိုးရှိတယ်။ တစ်ချိုက ကိုယ့်ရှိတာ မမျှချင်ဘူး။ သူငယ်ချင်းကို မုန့်ခွဲပေးချင်လားမေးကြည့်ရတယ်။ သူ့ခဲတံကျိုးရင် သားခဲတံအပိုရှိရင် မျှမလားမေးရတယ်။ ဒီလိုပြောဆိုဆွေးနွေးတာကနေ သူတို့ဟာ အကျင့်ကောင်း၊ စရိုက်ကောင်းလေးတွေ စတင်ရိပ်မိလာတယ်။ သေးသေးဖွဲဖွဲတွေပဲ တကယ်က အရေးကြီးတာ။ ငယ်ကတည်းက စသင်ပေးရင် ကောင်းတယ်။ အိမ်မှာတော့ ကိုးဗစ်ကြောင့် တစ်လလုံးအိမ်ကပဲ အလုပ်လုပ်နေတာဆိုတော့ မနက်ကတည်းက အတူတူရှိနေတော့ နေ့လည် ခဏနားချိန်မှာသင်ပေးတယ်။ ညပိုင်းစာဖတ်တယ်။ မိဘနှစ်ပါးလုံး အလှည့်ကျသင်ပေးတာ ကောင်းတယ်။ မိမိ ငယ်တုန်းကလည်း မိမိ အမေက စာအုပ်တွေဖတ်ပြခဲ့တယ်။ အခုအထိလည်း မှတ်မိတယ်။ The selfish giant ဆိုတာ။ တော်တော်ကောင်းတဲ့ ကလေးစာအုပ်တွေ။ နောက်ထပ် စာအုပ်အမျိုးအစားကတော့ အသံတွေကိုလေ့လာတာ၊ Meat တွေ၊ Eat တွေ၊ Rhymes တွေ fly နေ၊ ဒေါ်ကြည်ကျုပ်အဒေါ်က ဘော်လီထုတ်လျှော်တာလို အသံရဲ့အသွားအလာတွေကို သင်ပေးတာပေါ့။ တစ်နည်းအားဖြင့် အသံထွက်ပုံစံနစ်ကို အခြေပြုပြီး ရေးထားတဲ့ ပုံပြင်လေးတွေ၊Reading with Phonics စာစဉ်မျိုးတွေပေါ့လေ။ ဆိတ်လေးသုံးကောင် စာအုပ်မှာဆို Sid က ကဗျာရွတ်တာပေါ့၊ Beef or Pork or Lamb to roast, Goat is what I love the most ဆိုတာလေးတွေ၊ ဆိတ်လေးခွာသံ Trip trap Trip ဆိုတာလေးတွေ၊ ရထားစာအုပ်မှာဆို twisty track နဲ့ clickety-clack ဆိုတာလေးတွေပေါ့။ ဒီအသံတွေကို ကျကျနနဖတ်ပြမယ်ဆိုရင် ကလေးတွေဟာ Phonics ကို ပိုနားလည်လာတယ်။ တခါတလေတွေ့မှာပေါ့၊ အင်တာဗျူးတွေ၊ ဆွေးနွေးစကားဝိုင်းတွေမှာ နိုင်ငံခေါင်းဆောင်တွေ ဘယ်တိုင်းပြည်က လူဖြစ်ဖြစ် မေးလိုက်ရင် အသံတွေ ဘယ်လောက်ဝဲဝဲ ဘာမှ အခက်အခဲမရှိဘဲ သေချာနားလည်တာ phonics ပိုင်လို့ပဲ။ စာဖတ်တာ စာဖတ်ပါးဝနေတဲ့သူဟာ စာတစ်ပုဒ်ကို ဖတ်ရင် scan လုပ်လိုက်တာ။ အကုန်ဖတ်တာမဟုတ်ဘူး။ စာဖတ်တာ အရမ်းမြန်တယ်။ လိုရင်းတွေအားလုံးလည်း ခြုံပြီးနားလည်တယ်။ ဒီလိုပဲ phonics ပိုင်နိုင်တဲ့သူကြတော့ကြားလိုက်တာတွေအားလုံးကို သေချာ နားလည်တယ်။ အကုန်နားထောင်စရာမလိုဘူး။ စကားလုံးတွေကို ချုံ့ပြီး ပြောတဲ့ မြန်မြန်ပြောတဲ့ သူတွေနဲ့တွေ့တွေ့၊ အသံရှည်ဆွဲဆွဲ၊ ဒေသ အက်ဆန့်ထည့်ထည့်သူ့နားမှာ သေချာကြားတယ်။ အခုန စာဖတ်ပါးဝတဲ့သူ စာဖတ်သလိုမျိုးပေါ့လေ။ ဒါတွေကို သေချာမသင်ရရင် စာသားတွေကို စကားပြောထဲ ထည့်ပြောတာတို့၊ စကားပြောနေတဲ့ရမ်သမ်မရှိဘဲ ပြတ်တောင်းတောင်းပြောတာတို့ဖြစ်လာတယ်။ ကလေးစာပေတွေထဲမှာ ဒါလေးတွေလိုတယ်လို့ မြန်မာပြည်က အမျိုးသားစာပေဆုရ ကဗျာဆရာမကြီးနဲ့လည်း လက်ဖက်ရည်သောက်ရင်း ခဏတော့ပြောဖြစ်သေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကထင်တယ်။ သားကိုဒါတွေဖတ်ပြတော့ သူဟာ စာကို ပိုစိတ်ဝင်စားလာတာတွေ့ရတယ်။ စာကြောင်းတွေကို ဖတ်ရင် လက်ထောက်ပြီး ဖြည်းဖြည်ဖတ်ပြတာ ကလေးတွေကို သူ့အလိုလို စာဖတ်ခိုင်းသလိုဖြစ်တယ်။ သူ့ကိုလက်ထောက်ခိုင်းပြီး ဖတ်ပြတာလည်း ကောင်းတယ်။ အခုတော့ အဲဒီလိုဖတ်တယ်။ သူ့ကိုသင်ပေးရင်း သူဘာသာစကားကို ဘယ်လိုချဉ်းကပ်သလဲဆိုတာလည်း ပြန်လေ့လာတယ်။ Tone ဘာသာစကားမှာတော့ တရုတ်စာသင်ရတဲ့ကလေးတွေက ကိုယ့်ထက် tone ပိုနားလည်တာအမှန်ပဲ။ အိမ်မှာနေရင်း ကလေးတွေအတွက် အတန်းကျောင်းကိစ္စတွေ ပူပန်နေရတဲ့ မိဘတွေကိုလည်း အိမ်မှာလည်း သင်လို့ရပါတယ်။ ကြွားပြောတာမဟုတ်ပါဘူး။ သူတို့ကိုသင်တဲ့ ဆရာ၊ဆရာမတွေလောက် သင်နိုင်တဲ့ မိဘတွေ အများကြီးရှိမှာပါ။ စိတ်ရှည်ရှည်နဲ့ ကစားရင်း သင်ပေးတဲ့ ပျော်စရာ စာသင်ခန်းလေးတွေလုပ်ကြပါ။ အတန်းပညာထက်အရေးကြီးတာက ဘာသာရပ်တစ်ခုခုမှာ သူတို့ ဘယ်လောက် အခြေခံကျေညက်ခဲ့လဲဆိုတာပဲ။ စာတင်မကပါဘူး။ အခုနပြောခဲ့တဲ့ လူတစ်ယောက်လို ဘယ်လိုယဉ်ကျေးရလဲဆိုတာတွေ အသေးစိတ်သင်ပေးလို့ရတယ်။ အခုခေတ်မှာ ပညာတတ်ဖို့ ဒီလောက်မခက်ဘူး။ လူလိုသိဖို့ ကိုယ်ချင်းစာတရားရှိဖို့ခက်တာ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စာနာတတ်တဲ့ လူကောင်းလေးတစ်ယောက်ဖြစ်လာဖို့ မိဘတိုင်း မျှော်လင့်ကြတာပဲလေ။ ပျိုးထောင်ကြပါ။ ကလေးတွေက ကိုယ်ထင်ထားတာထက် အများကြီး ပိုသိပါတယ်။ ပိုနားလည်ပါတယ်။ တခါတလေ တကယ်ပြင်ဖို့လိုနေတာ ကိုယ်တိုင်ပါ။ မိဘက ပုံသက်သေကောင်းဖြစ်ဖို့လိုတယ်။ စကားလုံးတွေကို သူတို့ကြားပဲကြားပါတယ်။ မိဘရဲ့ စိတ်နေစိတ်ထားကိုတော့ သူတို့က copy ကူးတာပဲ။ ကလေးက ဘယ်လိုကလေးလဲဆိုတာ မိဘက ဘယ်လိုမိဘလဲဆိုတာနဲ့ သိပ်မကွာတဲ့အဖြေပဲ။ အခုတော့ အိပ်နေတယ်။ ညနေစက်ဘီးထွက်စီးမယ်ထင်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အထိ ကလေးထိန်းရင်း ဘဝကိုဖြတ်သန်းရလိမ့်မယ်လို့မထင်ထားမိဘူး။ မကျွမ်းကျင်တဲ့ဘာသာရပ်ဖြစ်တဲ့အတွက် ကြိုးစားရပါတယ်။ ပုံသေနည်းမရှိတဲ့ပုစ္ဆာဖြစ်နေလို့ အားထုတ်ရတဲ့သဘောပါပဲ။ မအလမသေသေးလို့ ပျော်စရာမကောင်းတဲ့ နေ့ရက်တွေမှန်းတော့ ရိပ်မိပါတယ်။ ကလေးရှိရင်တော့ ဒီအချိန်တွေကို မိသားစုအတူနေရချိန်ဆိုပြီး တန်ဖိုးထားပြီး ကောင်းမွန်တဲ့အကျင့်တွေ သင်ပေးပါ။ စာက ဘယ်အချိန်သင်သင်တတ်ပါတယ်။ အကျင့်ကောင်းက မိဘဆီက အဓိကရတာ။ ကလေးတွေက တခါတခါ တမင်လုပ်နေတာ။ ဘာလို့လဲဆိုတော့ ဒီလိုအတွေ့အကြုံမျိုးကို မိဘက ဘယ်လိုတုန့်ပြန်သလဲ လေ့လာနေတာ။ ဒေါသထွက်ပြီး ရိုက်တယ်ဆိုရင် သူလည်း ဒီလိုပဲလုပ်မှာပဲ။ ဒါက သူ့သင်ယူမှုကနေရလာတဲ့အဖြေပဲ။ မိဘမကောင်းရင် ဘယ်လိုကလေးတွေ မွေးလာလဲဆိုတာ မအလ တစ်ယောက်တည်းနဲ့တင် ကျနော်တို့လုံလောက်ပါပြီ။ မိဘတစ်ယောက်ရဲ့တာဝန်ပျက်ကွက်မှုဟာ တစ်တိုင်းပြည်လုံး ဒုက္ခပေးနိုင်ရုံမက အိမ်နီးနားချင်း နိုင်ငံတွေပါ အာရုံနောက်ကုန်တယ်။ ကျနော်တို့ သားသမီးတွေကိုတော့ ကိုယ်ချင်းစာတတ်တဲ့ ကလေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့လိုတယ်။ လူသားတွေအပေါ်မှာ တန်းတူ သဘောထားတတ်တဲ့လူကြီးလူကောင်း ပေါက်စလေးတွေဖြစ်အောင် ကြိုးစားရမှာပေါ့ဗျာ။



Peace B with U.

Saturday, June 19, 2021

မိဘဆရာ အစည်းအဝေး

 မိဘဆရာ အစည်းအဝေး


အခုသားက Nurseryဘယ်လောက်လည်းမသိဘူးရောက်ပြီ။ တစ်ကျောင်းတစ်ကျောင်းသတ်မှတ်တာ နည်းနည်းလေးကွာတော့ မိမိလည်း မမှတ်ထားမိဘူး။ ဗျစ်သသျှကောင်စီမှာလည်း တစ်မျိုးခေါ်သေးတယ်။ ထားပါတော့ ကလေးကိစ္စ ကလေးအမေပိုသိတယ်။ ဒီနေ့တော့ ဆရာမတွေနဲ့တွေ့ရင်း ကျောင်းမှာဘယ်လိုလဲမေးရတာပေါ့။ စာကိုတော့ စိတ်မပူဘူး။ စိတ်မပူဘူးဆိုတာ မိမိအမြင်က ကလေးဟာ ဆော့ရမယ်။ သူငယ်ချင်းတွေနဲ့ပြောနေရမယ်။ ကျန်တာတွေက သူလုပ်နိုင်သလောက် လုပ်လိမ့်မယ်။ အဲဒီလိုယူဆတော့ စာပိုင်းမှာ မလိုက်နိုင်မှာတွေ ဘာတွေ မေးလေ့မရှိဘူး။ ဆော့လား၊ စားလား၊ စကားပြောလားပဲမေးတယ်။

ပထမ အင်္ဂလိပ်စာဆရာမပြောတယ်။ အတန်းရှေ့မှာ ပြောရတာမျိုးတွေတော့ စပြီးလေ့ကျင့်ပေးနေပြီပေါ့။ သူငယ်ချင်းတွေ၊ ဆရာ၊ဆရာမတွေနဲ့ပြောတာတွေမှာတော့ အားကောင်းလာပြီ။ စာလုံးတွေ အင်မတန်မှတ်မိတယ်။ နောက်တော့ စကားလုံးတွေ၊ စကားဆက်တွေပါ သူဖတ်တတ်နေပြီလို့ပြောတယ်။ သူ့အသက်အရွယ်အရ ဒါတွေ မသိလည်းရသေးတယ်။ သူက ညပိုင်း အိမ်မှာ မိဘတွေက စာဖတ်ပြတော့ စကားလုံးတွေ အများကြီးသိတယ်။ အိမ်မှာစာဖတ်ပြတဲ့အကြောင်းတော့ နည်းနည်းပြောပြလိုက်တယ်။ ရှေ့အတန်းကြရင် စာရေးတာ ပိုဦးစားပေးတော့မှာလို့ပြောတယ်။ မိမိကတော့  စာရေး၊စာဖတ်တာတွေက အချိန်တန်ရင် တတ်လာမှာပဲလို့ ယူဆသူဆိုတော့ ဆရာမတွေ သင်တာ အဆင်ပြေရင်ပြီးတာပဲ။ ကလေးကို မလောဖို့ရယ်၊ ဖိအားမပေးဖို့ရယ်ပဲ သတိထားတယ်။

ပြီးတော့ သားရဲ့ အတန်းပိုင် တရုတ်ဆရာမပြောတယ်။ သားက တရုတ်အရေးအသားတွေကို စိတ်ဝင်စားတယ်လို့သိရတယ်။ သူက stroke တွေကို သေချာသိတယ်လို့ပြောတယ်။ တရုတ်လိုမေးရင် နားလည်တယ်။ အင်္ဂလိပ်ပဲ ပြန်ဖြေတယ်လို့ပြောတယ်။ များသောအားဖြင့် postive feedback ရတော့ ဝမ်းသာရပါတယ်။ အခုဆိုပိုပြီး open ဖြစ်လာတယ်။ သူ့ကို တစ်ယောက်ယောက်က ရိုက်လိုက်တာဆိုရင် ဆရာမတွေကို ပြန်ပြောတတ်လာပြီ။ အရင်ဆိုရင် အဲဒီလို မပြောတတ်ဘူး။ သားက တရုတ်ဆရာမကို ချစ်တော့ တရုတ်လို အများကြီး လေ့လာတယ်။ စာလုံးလေးတွေ၊သီချင်းလေးတွေပါသိလာတာ သတိထားမိတယ်။ အမူအယာတွေကအစ တရုတ်ဆရာမဆီကရတယ်။ စာသင်တဲ့ပုံစံ၊ စာသင်နေတာ နားမထောင်ရင် စိတ်ဆိုးတဲ့ပုံစံတွေကအစ လုပ်ပြတတ်တယ်။ သားကို မိဘနှစ်ပါးလုံးက မိမိအတ္တတွေ အစာကျွေးတဲ့အနေနဲ့ ဖိအားပေးတာမျိုးမလုပ်ဘူး။ ဒါပေမယ့် သူသိချင် တတ်ချင်တာတွေ သိအောင်တတ်အောင်တော့ ဖြည့်ဆည်းပေးတယ်။ သူ့အတွက် လေ့လာလို့ရမယ့် ပတ်ဝန်းကျင်ပဲ ဖန်တီးပေးတယ်။ သားရဲ့သင်ယူမှုဟာ သူ့ရဲ့ ပျော်ရွှင်မှုနဲ့ အတူ လက်ချင်းတွဲသွားတာမျိုးပဲ ဖြစ်စေချင်တယ်။


ကျောင်းကနေလည်း ကောင်းတဲ့ အမူအကျင့်တွေ အများကြီးရလာတယ်။ ဒါဟာ ဝမ်းသာစရာပါပဲ။ သားကျောင်းမှာပျော်တယ်ဆိုတာဟာ ကျနော်တို့အတွက်တော့ အောင်မြင်မှုတစ်ခုပါပဲ။ နှစ်နှစ်မပြည့်ခင်ကတည်းက ကျောင်းကို စသွားခဲ့တဲ့ ကလေးပေါက်စလေးတစ်ယောက် အခုလို ကျောင်းမှာ သူငယ်ချင်းရလာ၊ ပျော်လာတာဟာ ဘာနဲ့မှမလဲနိုင်ဘူး။ မိဘတစ်ယောက်ရဲ့ပီတိဟာ အကြီးအကျယ်အောင်မြင်မှုတွေမဟုတ်ပါဘူး။ သားလေး ကျောင်းမှာပျော်တယ်၊ အဆင်ပြေတယ်ဆိုရင်ကိုပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ သူငယ်ချင်းတွေရလာတော့ သူ့ရဲ့ လောကလေး ကျယ်ပြန့်လာတာ ဝမ်းသာစရာကောင်းတယ်။ မိဘတွေဟာ ပြီးပြည့်စုံသူတွေ မဟုတ်တဲ့အတွက် မိမိတို့သိမှုအကန့်အသတ်ထဲကနေ အကောင်းဆုံးကြိုးစားပျိုးထောင်ကြတာကိုကပဲ အနုပညာဆန်တယ်လို့ထင်မိတယ်။




















Peace B with U.